Chapter 98
Viewers 18k

🤒အခန်း ၉၈




မူလက ရှောက်မင်သည် ကျူးထုန်ကို အငှားအိမ်သို့ ပြန်ချီခေါ်သွားချင်ခဲ့သော်လည်း ကျူးထုန်ကိုယ်တိုင်၏ ပြင်းပြသော တောင်းဆိုမှုကြောင့် သူတို့လေးဦး ဖြည်းဖြည်းချင်း ခြေလျင်ပြန်ခဲ့ကြသည်။


အပြန်လမ်းက ဆေးရုံသွားသည့် အချိန်ကကဲ့သို့ တိတ်ဆိတ်နေပေ၏။


လော့ရှိုး ဘာပြောရမှန်းမသိဘဲ ပဲငံပြာရည် ဝယ်နေသည့် ကောင်လေးတစ်ယောက်ကဲ့သို့ပင် ခံစားလာရသည်။


(ဘာမှမသက်ဆိုင်သည့် ဖြတ်သွားဖြတ်လာ လူတစ်ယောက်လိုပဲလို့ပြောတာပါ။)


ဦးလေးလျိုက လူအုပ်စုငယ်လေး၏ အဆုံးမှ လမ်းလျှောက်လိုက်လာပြီး သူ၏သခင်ငယ်လေးကို ကူတွဲပေးထားသည့် ကောင်လေးကို ကြည့်နေသည်။


ကျူးထုန် ဖြေရှင်းနိုင်သည့် ကိစ္စကို ရှောက်မင်လည်း နားလည်နိုင်သည်မှာ သေချာပေ၏။


ဆယ့်ခုနစ်နှစ်၊ ဆယ့်ရှစ်နှစ်သာရှိသေးသော ဆယ်ကျော်သက်တစ်ဦးက အကြံအစည်၊ ရဲစွမ်းသတ္တိတို့ဖြင့် မကြာသေးမီကမှ ထောင်ကလွတ်မြောက်လာသော အရူးတစ်ယောက်ကို ရင်ဆိုင်ခဲ့ပုံမှာ လေးစားဖွယ်ကောင်းသော်လည်း ကြောက်ရွံ့ထိတ်လန့်စရာလည်း ကောင်းပေ၏။


ထိုလူငယ်က သူ့အတွေးထဲတွင် အတော်လေး စေ့စပ်သေချာလှပေ၏။ ယုတ္တိကျကျဆိုရလျှင် သူ သူ၏သခင်လေးကို ထိုလူငယ်နှင့် တတ်နိုင်သမျှ ခပ်ဝေးဝေးတွင်ထားသင့်သည်။ သို့သော် သူ၏သခင်လေးက ထိုသူနှင့် ထူးခြားသည့်ဆက်ဆံရေး ရှိပုံရသည်။


သူက အလျင်စလို ပြေးထွက်သွားပြီး ဓါးပင် အထိုးခံခဲ့သည်။ သူ ရှောက်မင်ကို အဲဒီလောက်တောင် သဘောကျနေတာလား...။


ဦးလေးလျို၏နှလုံးသားထဲတွင် ခံစားချက်များ ရောထွေးနေ၏။


သူ့အပေါ် ကျူးထုန်၏ "သဘောကျခြင်း" နှင့်ပတ်သက်ပြီး အစစ်အမှန် သဘောတရားကို ရှောက်မင်ကိုယ်တိုင်လည်း မသိပေ။


အတိအကျ မသိသောကြောင့် ယနေ့မတိုင်ခင်အထိ သူ့ကိုယ်သူ ထိန်းချုပ်ထားခဲ့ပေသည်။


၎င်းက ထိုကဲ့သို့သော သဘောကျခြင်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူ့စိတ်ထဲတွင် မည်သည့်မျှော်လင့်ချက် တစ်စုံတစ်ရာမှ မရှိပေ။


သူ အလွန်နီးစပ်နိုင်သော်လည်း အထဲတွင် ပိတ်မိနေ၍မရပေ။


မည်သို့ပင်ဆိုစေကာမူ သူက တစ်ကိုယ်ကောင်းဆန်သည့် လူတစ်ယောက်ပင်။


သူက အမြဲတမ်း ကျိုးကြောင်းဆင်ခြင်နိုင်ပြီး ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆတွက်ချက်တတ်၏။


သူ ကျူးထုန်အတွက် ခံစားချက်များ ဖြစ်ပေါ်လာခဲ့လျှင်တောင် ထိုခံစားချက်များကို ကျိုးကြောင်းဆီလျော်စွာ ခွဲထုတ်နိုင်သည်ဟု သူ ခံစားမိသည်။


တစ်စုံတစ်ဦးကို သဘောကျခြင်းက စိတ်ခံစားမှုဖြစ်ပြီး စိတ်ခံစားမှုကို ထိန်းချုပ်ခြင်းက ဆင်ခြင်တုံတရားပင်ဖြစ်၏။


ကျူးထုန်က သူ့ဘဝ၏ တစ်နေရာရာမှ ထွက်ပေါ်လာသည့် အံ့အားသင့်စရာတစ်ခုနှင့် တူလှသည်။ အံ့အားသင့်စရာများက မတည်မြဲတတ်ပေ။ ထို့အပြင် အချိန်မည်မျှ ကြာကြာခံမည်ဆိုတာလည်း သူ မသိသောကြောင့် ရှေ့ဆက်ရန် တုံ့ဆိုင်းနေခဲ့သည်။


သို့သော် ထိုကော်ဖီဆိုင်ရှေ့တွင် ကျူးထုန်က အခိုင်အမာ ဆုံးဖြတ်ထားသကဲ့သို့ တုံ့ဆိုင်းခြင်းမရှိ ရှေ့သို့ပြေးထွက်လာပြီး သူ့ထံသို့ ခုန်ဝင်လာခဲ့သည်။


ကျူးထုန်နှင့်ယှဉ်လျှင် သူက သူလိုချင်သည့်အရာကို ရှာဖွေရန် ကြောက်ရွံ့နေသော သူရဲဘောကြောင်သည့် လူတစ်ယောက်သာသာပင်။


အံ့အားသင့်စရာများက မည်သည့်နေရာကမှ ထွက်ပေါ်လာခြင်းမဟုတ်ပေ။ သို့သော် အံ့အားသင့်စရာများက သူ့ဘဝ၏ ပုံသေအစိတ်အပိုင်းတစ်ခု ဖြစ်မလာနိုင်ဘူးဟု မည်သူက ပြောခဲ့သနည်း။


သူ မကြိုးစားကြည့်ရသေးလျှင် အလုပ်မဖြစ်ဘူးဆိုတာ ဘယ်လိုလုပ် သိနိုင်မည်နည်း။


ထို့အပြင် နောင်တရမည်ကို သိသော်လည်း လုပ်ကိုလုပ်ရမည့်အရာအချို့လည်း ရှိသေး၏။


ထိုအခိန်တွင် အငှားအိမ်၏ဘေးရှိ လမ်းဆုံတစ်ခု၌ လူတစ်ယောက်က ခြံဝင်းထဲသို့ လမ်းလျှောက်ဝင်သွားသည့် လူလေးယောက်အုပ်စုကို လှမ်းကြည့်နေသည်။ သစ်ပင်ကြီးတစ်ပင်အောက်၌ သူဖုန်းဆက်လိုက်၏။


"...သူ အဆင်ပြေပါတယ်။ သူက သေချာပေါက် ကျူးမိသားစုရဲ့ သခင်ငယ်လေးပဲ။ သူတို့နှစ်ယောက်က ရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်။ နောက်ပြီး... လျိုကျန်းဖေလည်း အဲဒီမှာရှိတယ်"


ထိုလူ၏အမူအရာက လေးနက်ပြီး လေသံမှာ ခက်ထန်နေ၏။


ဖုန်းတစ်ဖက်မှ နားမလည်နိုင်သည့် တုံ့ပြန်မှုတစ်ခုကို ရလိုက်ပြီးနောက် ထိုလူက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ 


"နားလည်ပါပြီ သူဌေး"


****


ကျူးထုန်မှာ နေမကောင်းဖြစ်နေသည်ဟုအကြောင်းပြကာ နောက်ထပ် ခွင့်တစ်ခုတင်လိုက်ရပြန်သည်။


ကုန်းရွှေစီရင်စု၏ရာသီဥတုမှာ လွန်ခဲ့သောနှစ်ရက်က ပိုဆိုးလာခဲ့သည်။ အပူချိန်မမှန်ရုံသာမက ခန့်မှန်းရလည်းခက်လာလေ၏။ မွန်းတည့်တွင် ကောင်းကင်ရှိတိမ်တို့က တကွဲတပြားစီဖြစ်နေခဲ့သော်လည်း မွန်းလွဲချိန်တွင်မူ မိုးတိမ်မည်းတို့က ကောင်းကင်ထက်ဝယ် သိပ်သည်းစွာဖြင့် စုဝေးလာကြတော့သည်။


ရာသီဥတုအခြေအနေကြောင့်ဖြစ်မည်။ တန်းခွဲသုံး၏ စိတ်အခြေအနေမှာ အနည်းငယ်မတည်ငြိမ်ဖြစ်နေခဲ့လေသည်။


"နင်တို့ကြားမိကြလား၊ ဒီနေ့ ရှင်းရှင်းပလာဇာ တဖက်ခြမ်းကကော်ဖီဆိုင်အပြင်မှာ မတော်တဆမှု အကြီးစားဖြစ်ခဲ့တယ်၊ လူတစ်ယောက်က အခြားတစ်ယောက်ကို ဓားနဲ့ဝင်ထိုးလို့တဲ့..."


"ငါ့အဒေါ်နဲ့သူ့မိသားစုက အဲဒီမှာနေကြတာ၊ ရဲတွေကသံသယရှိသူကို လက်ထိတ်နဲ့ခေါ်သွားကြတာကိုတွေ့လိုက်ကြတယ်နဲ့တူတယ်၊ ညီအစ်မတို့ရေ ငါနေလာခဲ့တာဒီလောက်ကြာပြီ၊ ငါတို့မြို့လေးမှာ ရဲတွေကသံသယရှိသူကိုဖမ်းသွားတာမျိုးတစ်ခါမှမကြုံဖူးဘူး.."


"ဟုတ်တယ်၊ ဟုတ်တယ်၊ ကြောက်စရာကြီးပဲနော်.."


"နင့်မှာဓာတ်ပုံရှိလား၊ ငါနောက်ပြီးအိမ်ပြန်ရင် အဲဒီလမ်းကပြန်ရမှာ၊ ငါလည်းအဲဒီလိုမဖြစ်ဖို့တော့မျှော်လင့်ပါတယ်..."


"ထူးဆန်းတယ်၊ တစ်ယောက်က အဲဒီဓာတ်ပုံကိုရိုက်ထားလိုက်ပေမဲ့ မျက်စိတမှိတ်အတွင်းပျောက်သွားတယ်လေ၊ ရဲတွေက မပေါက်ကြားစေချင်လို့ထင်တယ်၊ အကုန်လုံးကိုလျို့ဝှက်ခိုင်းထားတာ.."


"....."


တိုက်ရိုက်သက်သေမရှိဘဲ လေလှိုင်းသတင်းများမှာ ကျောင်းသားများအကြားတွင် ပျံ့သွားမည်မဟုတ်ပေ။


မကြာမီ သူတို့က တစ်နေ့လည်ခင်းလုံး လွတ်နေခဲ့သောထိုင်ခုံကိုသတိထားမိလိုက်ပြီး ပျက်ကွက်ကျောင်းသား၏ထိုင်ခုံဖော်မှာလည်း နောက်တကြိမ်တစ်ယောက်တည်းဖြစ်နေသည်ကို သတိထားမိသွားကြလေသည်။


"ကျူးထုန်က မကြာသေးခင်ကမှကျောင်းပျက်ထားတာထင်တယ်၊ ကျောင်းစာနတ်ဘုရားကြီးကလည်း အရမ်းစိုးရိမ်နေပုံရတယ်၊ သူ့ကိုကြည့်ရတာလည်း အားမရှိသလိုပဲ၊ နင်တို့ရော အဲဒီလိုမထင်မိဘူးလား.."


"ဘာကိုအားမရှိရမှာလဲ၊ အားလုံးအဆင်ပြေနေတာပဲမဟုတ်ဘူးလား.."


"ဘယ်က 'အားလုံးအဆင်ပြေရမှာလဲ'၊ အရင်ကဆို ကျောင်းစာနတ်ဘုရားကြီးက လက်ထဲမှဖုန်းအမြဲကိုင်ထားတတ်တာ၊ ကစားရင်ကစား မဟုတ်ရင် ဖုန်းကို မှန်လိုကြည့်နေတာလေ၊ အိုး..နေပါဦး၊ မှန်ပဲဟာကို အဲဒါကအရေးမကြီးဘူး၊ အရေးကြီးတာက သူဒီလောက်စာအသည်းအသန်လုပ်နေတာမျိုးကို နင်မြင်ဖူးလို့လား..."


"ထင်ရတာပဲ၊ ဒါပေမဲ့ ကျူးထုန်ကဘာဖြစ်တာလဲ၊ နေ့လည်ခင်းလည်းမလာဘူး..."


"မသိဘူးလေ၊ ဒီရက်ပိုင်း ရာသီဥတုကမကောင်းတော့ အအေးမိနေတာဖြစ်မှာပေါ့၊ သူက ချူချာနေတဲ့အလှလေးပဲဟာ၊ ပုံမှန်ပဲမဟုတ်ဘူးလား၊ ဟား...ဟား..."


နေ့လည်အတန်းချိန်အပြီး နေ့လည်စာစားချိန်တွင် ရှောက်မင်က ထမင်းသွားမစားပေ။ အတန်းထဲတွင်နေရင်း တစ်ခုခုကိုရေးနေခဲ့သည်။


လော့ရှိုးနှင့်လုကျစ်ယွီတို့က ကန်တင်းသွားပြီးပြန်လာကြသည်။ သူတို့က ပြတင်းပေါက်ဘေးရှိ အတန်း၏ထောင့်ဘက်သို့တန်းသွားကာ ရှေ့သို့ကိုင်းလိုက်ရင်း ရှောက်မင်လုပ်နေသမျှကိုကြည့်လိုက်ကြ၏။ လော့ရှိုးကရှော့ခ်ရသွားလေသည်။ 


"မင်းက..အတန်းရဲ့မှတ်စုတွေကူးနေတယ်၊ အရင်ကတစ်ခါမှလည်းမလုပ်ဖူးပဲဘဲနဲ့..."


ရှောက်မင်က ခေါင်းပင်မမော့ဘဲပြန်ဖြေသည်။ 


"ငါသူ့အတွက် ကူးလာပေးမယ်လို့ကတိပေးထားလို့..."


လော့ရှိုး: "....."


သူ့ဘေးမှအသံက ခဏကြာသည်အထိတိတ်နေပြီးနောက် သူက ရှောက်မင်၏ အလင်းရောင်ကိုပိတ်ဆို့လိုက်သည်။ ခဏကြာသည်အထိရေးနေပြီးနောက် ရှောက်မင်လည်း ဆက်မရေးနိုင်တော့ချေ။ သူမော့ကြည့်ပြီးမေးလိုက်သည်။ 


"ဘာဖြစ်လို့လဲ..."


နောက်ဆုံး တဖက်က သူ၏အာရုံစိုက်မှုကိုမျှဝေပေးရန်သဘောတူလိုက်ပြီဖြစ်ကြောင်း မြင်သွားမှ လော့ရှိုးမှာ ကျူးထုန်၏ခုံကိုဆွဲကာ ထိုင်ချရန်ပြင်လိုက်သည်။ ရုတ်ချည်းပင် ထူးဆန်းနေသည့်အရာတစ်ခုကိုအာရုံရလိုက်ပြီး တစုံတယောက်၏ မဖော်ရွေတော့သောအကြည့်ဖြင့် ဆုံတွေ့သွားလေတော့၏။


"....."


'သူ့ထိုင်ခုံကတောင် အရမ်းအဖိုးတန်နေတာလား'


လော့ရှိုးမှာ ပြောစရာစကားပင်ရှာမတွေ့ဖြစ်နေလေသည်။ သူ့မှာ ခုံကိုပြန်ဆွဲပြီး အရှေ့မှအတန်းခေါင်းဆောင်ခုံတွင်ဝင်ထိုင်ရုံသာတတ်နိုင်တော့သည်။


သူက အတန်းတံခါးဝကိုလှည့်ကြည့်ကာ အတန်းခေါင်းဆောင်က အတန်ကြာသည်အထိ ပြန်လာဦးမည်မဟုတ်သေးကြောင်းအတည်ပြုလိုက်သည်။ ထို့နောက် သူကအသံကိုနှိမ့်ကာ မေးလိုက်၏။ 


"မင်းနဲ့ကျူးထုန်ကြားမှာ..ဘာတွေဖြစ်နေတာလဲ..."


ရှောက်မင်က အတန်းမှတ်စုများကိုသာ ဆက်လက်ကူးနေလေ၏။ 


"ဘာဖြစ်နေလို့လဲ.."


လော့ရှိုးက အကျယ်တဝင့်ရှင်းပြလာလေသည်။ 


"ငါ..နေ့လည်က ဆေးရုံက ဆေးစစ်ခန်းထဲမှာဖြစ်နေတာကိုမြင်လိုက်တယ်.."


"......"


ရှောက်မင်က တုံ့ဆိုင်းသွားကာပြန်ဖြေလေသည်။ 


"မင်းမြင်လိုက်တဲ့အတိုင်းပဲ.."


လော့ရှိုး: "....."


မင်းမြင်လိုက်တဲ့အတိုင်းပဲတဲ့လား။ သူဘာကိုမြင်လိုက်လို့လဲ။

သူကဘာလို့အရမ်းတည်ငြိမ်နေတာလဲ။


လော့ရှိုးကသူ့အား တဒင်္ဂခန့်အလန့်တကြားကြည့်နေပြီးမှ မေးလိုက်၏။ 


"အခုတော့ မင်းသူ့ကိုသံသယမဝင်တော့ဘူးပေါ့.."


ရှောက်မင်ကသူ့အား စကားမဆိုဘဲကြည့်လာခဲ့သည်။


လော့ရှိုးက ဆက်ပြောလိုက်သည်။


"အင်း၊ သူကအဲဒီဘက်နဲ့တော့ မဆိုင်တာသေချာပါတယ်၊ ဒါပေမဲ့ သူ့မိသားစုက A မြို့ကလေ၊ သူ့မိသားစုကတော့ အဲဒီဘက်နဲ့ဆက်နွယ်မှုရှိမှာပဲ၊ မင်း...မင်းနောက်ပိုင်းကိစ္စတွေကိုတွေးကြည့်ပြီးပြီလား၊ သူကမင်းလိုမျိုး သက်ညှာပေးဖို့ဆိုတာ နည်းနည်းတောင်စိတ်ဝင်စားမှာမဟုတ်ဘူး၊ သူသာ မင်းနဲ့ကျူးထုန်က ပတ်သက်မှုရှိတယ်ဆိုတာသာသိသွားရင် သူ..."


ရှောက်မင်က တိတ်ဆိတ်နေဆဲ။


လော့ရှိုးက အံကြိတ်လိုက်သော်လည်း မေးနေသေးသည်။ 


"နေ့လည်က ကဖေးဆိုင်အဝင်ဝကလူက A မြို့ကမလား.."


ချိုးရှောက်ဖျင်နှင့်ပတ်သက်နေသူများကို ကူညီပြီးဖြေရှင်းပေးမည်ဟုပြောထားခဲ့သူက ချိုးရှောက်ဖျင်ပေါ်လာချိန်တွင် မတုံ့ပြန်တော့ပုံကိုစဥ်းစားကြည့်ပြီး နောက်ဆုံးတော့ ရှောက်မင်မျက်လုံးထဲ၌ ခံစားချက်အချို့ပေါ်လာခဲ့၏။ သူက ခပ်ညစ်ညစ်ပြုံးကာဖြေလိုက်သည်။ 


"ဟုတ်တယ်..."


အဲဒီလူကဘာလို့အေးတိအေးစက်ဖြစ်နေတာလဲဆိုတော့ သူအကူအညီတောင်းလာမယ့်အချိန်ကိုစောင့်နေလို့ပဲလေ။


ဒါမှမဟုတ် အကူအညီမပေးခင် သူဒဏ်ရာရတဲ့အထိစောင့်နေတာလည်းဖြစ်နိုင်တာပဲ။


ဒါမှမဟုတ် ညှိနှိုင်းမရတော့ သူသေသွားရင်လည်း အဲဒီလူကမတုံ့ပြန်တာမျိုးပေါ့။


လော့ရှိုးနှင့်ရှောက်မင်တို့က ခြောက်နှစ်ကြာသူငယ်ချင်းဖြစ်ခဲ့ကြခြင်းဖြစ်သည်။ သူက တဖက်လူ၏ ရှုပ်ထွေးနေသောခံစားချက်တို့ကို နားလည်ပေးနိုင်ပါသည်။ လေသံပြတ်ပြတ်နှင့်ပင် လော့ရှိုးကမေးလိုက်သည်။


 "မင်း A မြို့ကိုပြန်မှာလား.."


ရှောက်မင်က မျက်ခုံးပင့်ကာပြန်မေးလေ၏။ 


"ပြန်မှာလား ပေါ့လေ.."


လော့ရှိုးက ချက်ချင်းပင် မေးခွန်းပြောင်းလိုက်သည်။ 


"သွားလည်မှာလားလို့ပြောတာ.."


ရှောက်မင်: "အနှေးနဲ့အမြန်ပေါ့.."


လော့ရှိုး: "......"


လော့ရှိုး စကားဆက်မပြောတော့ချေ။


အနှေးနဲ့အမြန်ဆိုတော့...အရမ်း စောပြီးသွားမှာတော့မဟုတ်ဘူးမလား။


ကျူးထုန် ဒီကျောင်းမှာ ဘယ်လောက်ကြာအောင်နေမယ်ဆိုတာဘယ်သူကသိမှာလဲ။


အတန်ကြာအောင်တိတ်ဆိတ်သွားပြီးနောက် လော့ရှိုးက သူ၏စိတ်ရှုပ်ထွေးမှုတို့ကို နောက်တကြိမ်ဖော်ပြလာခဲ့သည်။


 "ဒါပေမဲ့ ကျူးထုန်မှာဘယ်လိုလုပ် ဒီလောက်အင်အားကောင်းတဲ့မိသားစုမျိုးရှိနေရတာလဲ၊ သူ့မှာ ပြဿနာတွေအများကြီးရှိနေတာကို သူကဘယ်လိုလုပ်မွေးစား..."


"ပြဿနာတွေအများကြီးရှိနေတယ် ဟုတ်လား.." 


ရှောက်မင်က သိမ်မွေ့စွာဖြင့် ကြားဖြတ်ပြောလိုက်သည်။


လော့ရှိုးက တွန့်ဆုတ်နေ၏။


 "ငါကမှပြဿနာတွေအများကြီးရှိနေတဲ့သူပါကွာ၊ ဟုတ်ပြီ အဲဒီကိစ္စကို ဘေးဖယ်ထားလိုက်ရအောင်.."


သူ့ရဲ့သားပေါက်လေးတွေကိုကာကွယ်နေတဲ့ ကြက်အမေအိုကြီးလိုမျိုး ငါတောင်မပြောတတ်တော့ဘူး။


အကြောင်းမရှိဘဲနဲ့ကို ကာကွယ်ပေးနေတာ။


ခဏငြိမ်နေပြီးမှ လော့ရှိုးက ထပ်ဖြည့်ပြောလိုက်သည်။


 "ငါကသူ့ကိုဆိုးတဲ့အကြောင်း တစ်လုံးမှမပြောပါဘူး၊ တကယ်တော့ ငါသူ့ကိုတကယ်လေးစားပါတယ်၊ ကျန်းမာရေးမကောင်းတာကလွဲရင် သူကအရမ်းစာကြိုးစားတယ်၊ ချမ်းသာတဲ့မိသားစုနောက်ခံကလွဲရင် သူက အတော်လေးလျှိုပြီးနေခဲ့တယ်၊ ငါ့မိသားစုကသာ ချမ်းသာရင် ငါဆို နိုင်ငံခြားထွက်ပြီးပျော်နေလောက်ရောပေါ့၊ ဒီလို တောကကျောင်းမှာ ကုပ်ကပ်ပြီးလာတက်နေမှာမဟုတ်ဘူး၊ ဒီတော့ သူကဘာလို့ဒီလို ရေနောက်တွေနဲ့ကျောင်းမှာ လာတက်တာလဲဆိုပြီး ငါအမြဲတွေးရခက်ခဲတယ်.."


ရှောက်မင်၏စိတ်ကလည်း ဗလာသက်သက်ဖြစ်နေခဲ့သည်။ သို့ထိတိုင် ရုတ်တရက်ပင် သူပြုံးလိုက်ပါ၏။ 


"သူက ငါ့ကြောင့်မလို့ ဒီကိုလာတာနေမှာပေါ့.."


လော့ရှိုး: "....."


အတ္တပေမဝါဒီဆိုသည်မှာ ကုသရန်လိုအပ်သည့်ရောဂါပင်။


'သူကျောင်းပြောင်းလာတုန်းက မင်းကိုဘယ်သူမှန်းတောင်မသိသေးဘူးကွ၊ နားလည်လား' 

လော့ရှိုးမှာ စိတ်ထဲမှသာကျိတ်ကာပေါက်ကွဲရတော့သည်။


တဖက်လူက ထင်ယောင်ထင်မှားစဖြစ်နေသည်အား တွေ့လိုက်ရသည်နှင့် လော့ရှိုးမှာ အသာခေါင်းယမ်းကာ ထိုသူကိုအသိဝင်အောင်လှုပ်နှိုးလိုက်ရတော့သည်။ 


"မင်းအခုလေးတင်..သူ့ကိုကျန်းမာရေးစစ်ဆေးပေးဖို့ ပြန်သွားတာမဟုတ်ဘူးလား.."


ရှောက်မင်က အသိပြန်ကပ်သွားလေသည်။ 


"မဟုတ်ဘူး၊ ဦးလေးလျိုက သူ့ကိုလိုက်စောင့်ပေးနေတယ်လေ.."


'ဦးလေးလျို...' 

ထိုသူအပေါ် လော့ရှိုး၏အမြင်မှာ လက်တွေ့ကျပြီး ဆန်းကြယ်သော ဘော့စ်တစ်ယောက်ပင်။


ရုတ်ချည်းပင် သူတစ်ခုခုကိုတွေးမိသွားကာ အဓိပ္ပါယ်ပါပါဖြင့်ပြုံးလိုက်လေသည်။ 


"မင်းတို့နှစ်ယောက်ကဘာလဲ၊ နွားကျောင်းသားနဲ့ရက်ကန်းသည်မလေးလား၊ မစ်ကီးဝေးကြီးကခွဲထားလို့ တစ်ယောက်နဲ့တစ်ယောက်ထပ်မတွေ့ရတော့ဘူးလား.."


ရှောက်မင်ကသူ့ကိုလှည့်ကြည့်ပြီးပြုံးပြလာ၏။ 


"ဒါပေါ့၊ မင်းကပဲငါတို့ကိုဆက်သွယ်ပေးဖို့ ခိုတံတားလေးလုပ်ပေးပါ့လား.."


"......"


လော့ရှိုး: "မင်ကော၊ ငါမှားသွားပါတယ်ကွာ.."


"တကယ်တော့ သူအိမ်မှာတယောက်တည်းကျန်နေခဲ့ရင် ပျင်းနေတော့မယ်လို့ ငါထင်ခဲ့တာ၊ သူက ဂိမ်းဆော့ရတာလည်းကြိုက်တာမဟုတ်ဘူးလေ၊ ကျောမှာလည်းဒဏ်ရာနဲ့ဆိုတော့ လှုပ်ရှားလို့ကလည်းမရဘူး၊ ကျစ်..သူ့နေရာမှာငါသာဆိုရင် ပျင်းလို့သေမှာပဲ.."


ရှောက်မင်က တုံ့ဆိုင်းသွားကာ မေးလိုက်လေ၏။ 


"သူဂိမ်းဆော့ရတာမကြိုက်ဘူးလို့ မင်းကိုဘယ်သူကပြောလိုက်တာလဲ.."


လော့ရှိုး: "အရင်တခေါက် နို့လက်ဖက်ရည်ဆိုင်လာတုန်းက မေးလိုက်တာ..."


"......"


ရှောက်မင်က နောက်တကြိမ်တိတ်ဆိတ်သွားရပြန်ပြီး မှတ်စုစာအုပ်ကိုပိတ်ကာ ထရပ်လိုက်၏။


လော့ရှိုးက အံ့အားသင့်သွားခဲ့သည်။


"မင်ကော၊ ဘာလုပ်တာလဲ.."


"မင်းပြောတာက အဓိပ္ပါယ်ရှိတယ်လို့တွေးမိလို့.." 

ရှောက်မင်ကပြောလိုက်သည်။ 

"ပြန်သွားပြီး ခိုတံတားလေးလုပ်ထားလိုက်၊ ငါ့အတွက် ခွင့်လည်းတင်ပေးထားဦး.."


လော့ရှိုး: "......"


ကော်ရစ်တာသို့ဦးတည်သွားသော ပုံရိပ်ကိုကြည့်ရင်း လော့ရှိုး ခေါင်းကိုခါယမ်းလိုက်မိလေ၏။


သူလည်းထရပ်လိုက်ကာ ထိုင်ခုံသို့ပြန်သွားလိုက်ပြီး ဖြတ်သွားရင်း လုကျစ်ယွီပုခုံးကိုပုတ်လိုက်သည်။ 


"လောင်အာ့၊ ဒီလမှာကြိုးစားထား၊ နောက်လကျရင် မင်းအဆင့်တစ်ရလိမ့်မယ်.."


လုကျစ်ယွီ: "......"


ရှောက်မင်က ငှားနေသည့်အိမ်သို့ပြန်သွားလိုက်ပြီး ဦးလေးလျိုသည်လည်း သူတို့အား နွားကျောင်းသားနှင့်ရက်ကန်းသည်မလေးလို မခွဲထားခဲ့ပေ။ ၎င်းအပြင် ရှောက်မင်က ဤအိမ်၏အိမ်ငှားတစ်ယောက်ဖြစ်နေသေးသည်။


ခြံထဲဝင်လိုက်သည့်အခါ ဦးလေးလျိုက သူနေသည့်အခန်းထဲမှ ထွက်လာလေသည်။ ရှောက်မင်ကိုတွေ့သော်လည်း ဘာကိုမှမမေးမြန်းလာပေ။ ဖုန်းခေါ်ရမည့်လူရှိနေသလိုမျိုး လက်ထဲတွင် ဖုန်းကိုင်ထားခဲ့သည်။


ရှောက်မင်ကသူ့အား ခေါင်းညိတ်ပြလာ၏။ ဦးလေးလျိုက သူနေသောအခန်းကိုပင်တိုက်ရိုက်ပြန်သွားခဲ့ပြီး ရှောက်မင်ကလည်း သူ့အခန်းသူပြန်သွားခဲ့သည်။


သူဗြုန်းစားကြီးပြန်လာရခြင်းမှာ လော့ရှိုးက ကျူးထုန်မှာဂိမ်းကစားခြင်းကိုမနှစ်သက်ကြောင်းပြောခဲ့၍မဟုတ်ပေ။ ဂိမ်းမကစားလျှင်ပင် အချိန်ကုန်စရာအခြားနည်းလမ်းရှိပါက ပျင်းရမည်မဟုတ်ပေ။


သူစိုးရိမ်နေသည်မှာ ကျူးထုန်၏ စရိုက်ကိုသာ။


နောက်ဆုံးတကြိမ် သူ့ခြေထောက်တွင်ဒဏ်ရာရသွားစဥ်က သွားလာရာတွင်အခက်အခဲရှိခဲ့သည်။ ထိုသူကိုလိုအပ်လာလျှင် သူ့ကိုခေါ်နိုင်ကြောင်းလည်း ရှင်းရှင်းလင်းလင်းပြောခဲ့သည်။ ချမ်းသာကြွယ်ဝသောမိသားစုမှဆင်းသက်လာသော်လည်းထိုသူက အမိန့်ပေးရကောင်းမှန်းမသိ၍ထင်သည်။ ညအိပ်ရာဝင်ချိန်တွင်ပင် မခေါ်ခဲ့ပေ။


သူက အခြားသူများအား အနှောင့်အယှက်ပေးရခြင်းကို မနှစ်သက်ပုံရသည်။


ယခု သူ့ကျောတွင်ဒဏ်ရာရခဲ့ပြီး အကူအညီပေးမည့်သူကိုလည်းမခေါ်ချင်ခဲ့ဘဲ သူ့ကိုယ်တိုင်လုပ်နေခဲ့ပုံရသည်။


ဒဏ်ရာကိုပိုးဝင်သွားရင်ဘယ်လိုလုပ်မလဲ။


သို့သော် သူအခန်းထဲဝင်လိုက်ချိန်တွင် အံ့အားသင့်စရာကောင်းစွာဖြင့် လူငယ်လေးက တည်ငြိမ်နေခဲ့သည်။


အခန်းတံခါးကိုလည်းမပိတ်ထားဘဲ အသာလေးဟထားလေသည်။


ကျူးထုန်က အိပ်ရာပေါ်တွင်လှဲနေပြီး သူ့အရှေ့တွင်မူ ဖက်လုံးတစ်လုံးရှိနေသည်။ ခေါင်းကို ၎င်းအပေါ်တွင်တင်ထားပြီး အိပ်ပျော်နေလေသည်။



🤒