Chapter 97
Viewers 18k

🤒အခန်း ၉၇




ရှောက်မင်၏ လက်ရှိအမူအရာကို ကျူးထုန် ဖော်ပြရလျှင် သူ့အသွင်အပြင်က ကြည့်ကောင်းနေသည် မဟုတ်သလို ရုပ်ဆိုးနေသည်လည်း မဟုတ်ပေ။ သို့သော် အသက်မရှူနိုင်အောင် မွန်းကြပ်သည့်ခံစားချက်ကဲ့သို့ လေးလံသောခံစားမှုကို ပေးစွမ်းနိုင်ပေသည်။


ကျူးထုန် နှစ်သက်မှုဘားတန်းကို တစ်ချက်ကြည့်လိုက်ပြန်သည်။


နှစ်သက်မှုအဆင့်က အမှန်တကယ် တိုးလာသော်လည်း ရှောက်မင်၏မျက်နှာမှတစ်ဆင့် မည်သည်ကိုမှ လုံးဝ မပြောနိုင်ပေ။


ဘယ်အချိန်တုန်းက ဒီလူငယ်လေးက သူ့ကိုယ်သူ အရမ်းရိုးသားသွားရတာလဲ...။


သူ့ခံစားချက်တွေက ဘာလို့ ထူးဆန်းနေတာလဲ...။


ကျူးထုန် သူ့မျက်လုံးများနှင့် ဆုံသွားချိန်တွင် နားလည်ရခက်စွာဖြင့် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားခဲ့သည်။ သူစကားပြောခါနီးဆဲဆဲတွင် ရှောက်မင်က နောက်တစ်ကြိမ် အကြည့်လွှဲလိုက်သည်။


"....."


'စနစ်မှာ တစ်ခုခုချို့ယွင်းနေတာပဲ ဖြစ်ရမယ်'


'နှစ်သက်မှုအဆင့်က တစ်ဝက်ကျော်သွားတာ မဟုတ်ဘူးမလား'


မေးခွန်းထုတ်နေစဉ်မှာပင် သူ့ပခုံးပေါ်မှ ဆုပ်ကိုင်ထားသော လက်က ရုတ်တရက် ပြေလျော့သွားခဲ့သည်။


လက်ဖဝါး၏နွေးထွေးမှုက ရုတ်ချည်း ပျောက်ကွယ်သွားပြီး ကျူးထုန် သူ့ပခုံးပေါ်တွင် အေးစက်သည့်ခံစားချက်ကို လျင်မြန်စွာ ခံစားလိုက်ရသည်။ သူ့ကိုယ်သူ အဝတ်ဖြင့်မဖုံးနိုင်ခင်မှာပင် အင်္ကျီတစ်ထည်က ရုတ်တရက် သူ့အပေါ်ကို လျော့ရဲစွာ ဖုံးအုပ်လာပြီး သူ့ခန္ဓာကိုယ်အပေါ်ပိုင်းကို ရစ်ပတ်ကာ ပတ်တီးစည်းထားသည့်နေရာလေးကိုသာ မရစ်ပတ်ဘဲ ချန်ထားခဲ့သည်။


ကျူးထုန်၏ခန္ဓာကိုယ်ပေါ်ရှိ အနည်းငယ်ကြီးနေသော ဂျပန်စတိုင် ကော်လာဂျာကင် အင်္ကျီတစ်ထည်က သူ့အား ရုတ်တရက် ရင်းနှီးသောရနံ့တစ်ခုဖြင့် လွှမ်းခြုံသွား၏။ အနှောင့်အယှက်မရှိဘဲ သူ့ခန္ဓာကိုယ်ကို နွေးထွေးပြီးသက်သောင့်သက်သာရှိစွာ ကွက်တိကျနေပေသည်။ ကျူးထုန် ခဏမျှ ထိတ်လန့်သွား၏။


သူက ထိုင်ခုံပေါ်တွင် ထိုင်နေဆဲပင်။


ရှောက်မင် သူ့ကို ငုံ့ကြည့်ကာ မေးလိုက်သည်။ 


"မတ်တပ်ရပ်နိုင်လား"


ကျူးထုန် ခေါင်းညိတ်ပြလိုက်သည်။


အနည်းဆုံးအနေဖြင့် သူ့ခြေထောက်များက ဒဏ်ရာမရခဲ့ပေ။


ကျူးထုန် ရုပ်သေးရုပ်တစ်ရုပ်လို ထိုနေရာတွင် မတ်တပ်ရပ်နေပြီး ရှောက်မင်က အင်္ကျီကို သူ့ပုခုံးပေါ်သို့ တင်လာသည်ကို ခွင့်ပြုပေးထားလိုက်သည်။


အကျီထံမှ ရှောက်မင်၏ ခန္ဓာကိုယ်အပူချိန် ပေါ်ထွက်လာသည်။


ရှောက်မင်၏ ခန္ဓာကိုယ်ပေါ်တွင် အစင်းကြောင်းများပါရှိသော ရှပ်အင်္ကျီပါးပါးတစ်ထည်သာ ကျန်ရှိတော့သည်ကို မြင်လိုက်ရပြီး ကျူးထုန်ဆိုလိုက်သည်။


 "မင်း မအေးဘူးလား"


"....."


ရှောက်မင် ခေတ္တခဏမျှ ရပ်တန့်သွားပြီး သူ့မေးခွန်းအား ပြန်မဖြေဘဲ သူ့အကျီကြယ်သီးကို ဂရုတစိုက် တပ်ပေးလာသည်။


ကျူးထုန် သူ့ကို အလွန်နီးကပ်သော အကွာအဝေးမှ ကြည့်နေသည်။ နီးလွန်းသောကြောင့် ရှောက်မင်၏ တုန်လှုပ်နေသော မျက်တောင်များကိုပင် ရေတွက်၍ရနိုင်ပေသည်။


သို့သော် ရှောက်မင်က မျက်လွှာချထားဆဲပင်။ ခဏမျှ ကျူးထုန်၏ရှပ်အင်္ကျီပေါ်ရှိ နောက်ဆုံးကြယ်သီးကို တိတ်ဆိတ်စွာ တပ်ပြီးနောက် မေးလာသည်။ 


"နာနေလား"


ကျူးထုန် ဒဏ်ရာကို ခံစားမိသည်။ 


"ဒဏ်ရာပေါ်မှာ လိမ်းထားတဲ့ဆေးက နာကျင်တာကို သက်သာစေတဲ့ အာနိသင်ရှိတယ်။ အဲဒါကြောင့် သိပ်ပြီးမနာတော့ဘူး"


သူ့ပတ်ပတ်လည်တွင် ပတ်ထားသည့် ပါးလွှာသည့်ပိတ်စက ထူးဆန်းသည့် ထိတွေ့ခံစားမှုကို ပေးစွမ်းနေရုံပင်။


ရှောက်မင်က သူ့လက်ကို ထပ်မြှောက်လိုက်ပြီး ကျူးထုန်၏ရှုတ်ထွေးနေသည့် ပွန်းပဲ့ရာများကို လှမ်းကိုင်လိုက်သည်။


"မင်း..." 

သူ့အသံက ကြမ်းတမ်းအက်ရှနေ၏။ 

"ကိုယ် အဲဒီနေရာမှာ ရှိနေတာကို မင်း ဘယ်လိုလုပ်ပြီးသိတာလဲ"


အဘယ်ကြောင့် ကျူးထုန် ထိုနေရာတွင် ရှိနေခဲ့သနည်းဟု ရှောက်မင် မမေးခဲ့ပေ။


သူ့နောက်ကို လိုက်လာခဲ့တာလား...။ ထိုသို့မဟုတ်ပေ။


ကျူးထုန်က အရှိန်အဟုန်ဖြင့် ပြေးဝင်လာပြီး တွေးတောစဉ်းစားခြင်းမရှိဘဲ သူ့ဆီသို့ ခုန်ဝင်လာခြင်းပင်။


ချိုးရှောက်ဖျင်၏ လက်ထဲက ဓားကို သူ မြင်လိုက်သေးလား...။


သူ့ခန္ဓာကိုယ်ကို ဓားနှင့်အထိုးခံရရင် ဘာဖြစ်မယ်ဆိုတာကိုရော သူ သိရဲ့လား...။


ရှောက်မင်၏ အသက်ရှူသံများက အနည်းငယ် ခက်ခက်ခဲခဲ အသက်ရှူနေရသကဲ့သို့ပင်ဖြစ်နေပြီး သူ့အဆုတ်အတွင်း လေရှူသွင်းခြင်းကပင် ထူးဆန်းစွာ ခက်ခဲပင်ပန်းလာသည်။


ရှောက်မင်၏စိတ်ထဲတွင် ဓားတစ်ချောင်းကို ကိုင်ထားသော ထိုအရူးက ကျူးထုန်၏နောက်ကျောကို ခုတ်ချလိုက်သည့် ပုံရိပ်များဖြင့်သာ ပြည့်နှက်နေ၏။ သူ... သေချာပေါက် ကျူးထုန်ကို ဝင်မပါစေချင်ပေ။


စနစ်က ပေးလာသော တည်နေရာကြောင့် ရှောက်မင် ကော်ဖီဆိုင်တွင် ရှိနေကြောင်းကို ကျူးထုန် သိ၏။


သို့သော် ထိုအကြောင်းကို ရှောက်မင်အား မည်ကဲ့သို့ ပြောပြရမည်နည်း။


ကျူးထုန်၏မျက်လုံးများက မတည်မငြိမ်ဖြစ်နေ၏။ ထို့နောက် မျက်လွှာချလိုက်၏။


 "ငါ... ငါ တစ်ယောက်ယောက်ကို ရှာပြီး အဲဒီလူကို ဆေးရုံမှာ စောင့်ကြည့်ဖို့ အန်ကယ်လျိုဆီ တောင်းဆိုလိုက်တာ"


ရှောက်မင် အနည်းငယ် အံ့အားသင့်သွား၏။


ဆေးရုံမှာ ချိုးရှောက်ဖျင်ကို စောင့်ကြည့်နေတာလား...။


"မင်း ထပ်ပြီး..."


"ငါ အခြားဘာမှ မလုပ်ပါဘူး" 


ရှောက်မင် စကားမပြောရသေးခင်မှာပင် ကျူးထုန်က ရှင်းပြလာသည်။ 


"တစ်ယောက်ယောက်ကို ရှာပြီး သူ့ကို စောင့်ကြည့်ချင်ရုံပါပဲ။ သူ တစ်ခုခုကို လုပ်ချင်ရင်တောင် ငါတို့ ပြင်ဆင်ထားလို့ရတယ်လေ။ သူ ထွက်ပြေးသွားမယ်လို့ ငါ မမျှော်လင့်ထားဘူး"


"....."


ရှောက်မင် လေသံလျှော့လိုက်သည်။


 "မင်း ကိုယ့်ကိုရှာဖို့ ချိုးရှောက်ဖျင်နောက်ကို လိုက်ခဲ့တယ်ပေါ့"


ကျူးထုန် မဝံ့မရဲဖြင့် ခေါင်းညိတ်ပြ၏။


 "အင်း"


ရှောက်မင် သူ့ကို တည်ငြိမ်စွာ ကြည့်နေသော်လည်း သူ့စိတ်ထဲ၌ တွေးလိုက်မိသည်။ 


'သူ လိမ်နေတာ'


သူက ချိုးရှောက်ဖျင်နောက်ကို လိုက်နိုင်မည့် နည်းလမ်းမရှိပေ။ ဦးလေးလျိုက ချိုးရှောက်ဖျင်၏ တည်နေရာအကြောင်းကို ကျူးထုန်အား လုံးဝ ပြောပြလိမ့်မည် မဟုတ်သည့်အပြင် ကျူးထုန်ကို အန္တရာယ်ဖြစ်စေမည်လည်း မဟုတ်ပေ။


သူတို့သာ ချိုးရှောက်ဖျင် မည်သည့်နေရာတွင် ရှိနေကြောင်း သိခဲ့လျှင် ချိုးရှောက်ဖျင်ကို လုံးဝ ဆေးရုံကနေ ထွက်ပြေးလွတ်မြောက်ခွင့် ပေးလိမ့်မည် မဟုတ်ပေ။


ထိုပဋိပက္ခဖြစ်ပွားချိန်တွင် အဘယ်ကြောင့် ကျူးထုန်က အရင်ဆုံး ပြေးထွက်လာခဲ့သနည်း။


သူ သံသယဖြစ်မိ၏။


ထိုအချိန်တွင် ကျူးထုန် ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိသွားသည်။ သူ မျက်လုံးများကို ပင့်ကြည့်လိုက်သည်။


"ဘာလို့... ဘာလို့ ချိုးရှောက်ဖျင်က မင်းရဲ့တည်နေရာကို အတိအကျ သိနေတာလဲ"


ချိုးရှောက်ဖျင်က ထောင်မှ လွတ်လာခါစဖြစ်ပြီး ရှောက်မင်နောက်ကို လိုက်ရန် လုံးဝ နည်းလမ်းမရှိသည်မှာ သေချာ၏။ သူ ဆေးရုံက ထွက်ပြေးလာချိန်တွင် ရှောက်မင်၏အိမ်ကို မသွားခဲ့သလို ကျောင်းကိုလည်း မသွားခဲ့သည့်အပြင် နို့လက်ဖက်ရည်ဆိုင်ကိုပင် မသွားခဲ့ပေ... ။အဘယ်ကြောင့် သူက လေဟာပြင်ဈေးကို ဖြတ်ပြီး မြန်မြန်ဆန်ဆန် တိတိကျကျ ပေါ်လာခဲ့သည်နည်း။


ထိုအချိန်က ရှောက်မင်နှင့်အတူ ရပ်နေသည့် အခြားလူတစ်ယောက် ရှိနေသည်ကို ရုတ်တရက် သတိရသွားသည်။


ကျူးထုန် တစ်စုံတစ်ခုကို နားလည်သွား၏။ သူ ရှောက်မင်ကို စူးစူးရဲရဲကြည့်ကာ မေးလိုက်သည်။ 


"မင်း... သူ့ကို တမင်တကာ လမ်းပြောပြလိုက်တာလား"


ဒါပေမဲ့ ဘာလို့လဲ။


ကျူးထုန်၏နှလုံးသား အနည်းငယ် တင်းကျပ်သွားရသည်။

 "မင်း ဘာလုပ်ခဲ့တာလဲ"


ရှောက်မင်၏ မျက်လုံးများက တည်ငြိမ်နေပြီး ငြင်းဆိုခြင်းမရှိခဲ့ပေ။


ထိုအချိန်တွင် ကျူးထုန်၏စိတ်မှာ အတက်အကျမြန်နေပြီး မြန်မြန်ဆန်ဆန်ပင် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။


 "မင်း သူ့ကို ထောင်ထဲ ထပ်ပို့ချင်နေတာ ဟုတ်တယ်မလား"


ရှောက်မင်က အလွန်တည်ငြိမ်နေသောကြောင့် အနည်းငယ် ကြောက်စရာကောင်းနေ၏။


သူ့နှလုံးသားထဲတွင် နာကျင်မှုတစ်ခုကို ကျူးထုန် ခံစားလိုက်ရသည်။


ချိုးရှောက်ဖျင်ကို ထောင်ထဲပြန်ပို့ရန်အတွက် ရှောက်မင်က ထိုလူကို နောက်ထပ်ပြစ်မှုတစ်ခု ကျူးလွန်ရန် လှုံ့ဆော်ခဲ့ကာ မကာကွယ်နိုင်ဘဲ ပြန်လည်ပြုပြင်၍ မရနိုင်သည့်တစ်စုံတစ်ခုကို ပြုလုပ်စေခဲ့သည်။


ရှောက်မင်က သူ့ကိုယ်သူ ငါးစာအဖြစ် အသုံးပြုနေခဲ့ခြင်းပင်။


ကျောက်ရုပ်တု၏နောက်ကွယ်မှ အမြန်ပြေးထွက်လာစဉ် ချိုးရှောက်ဖျင်၏ ရူးသွပ်မှုနှင့် စိတ်ပိုင်းဖြတ်မှုတို့ကို စဉ်းစားကြည့်လျှင် သူ လုံးဝ စိတ်လွတ်သွားသည်အထိ လှုံ့ဆော်ခံလိုက်ရသည်မှာ ထင်ရှားပေ၏။


ဒါဆို ဒါက ရှောက်မင် ဒီနှစ်ရက်အတွင်း အိမ်ပြန်ချင်တဲ့ အကြောင်းအရင်းလား...။


သူ ချိုးရှောက်ဖျင်ကို ဘယ်လိုဆက်သွယ်ခဲ့တာလဲ... ။နောက်ပြီး သူ့ကို ဘယ်လိုခေါ်ထုတ်ခဲ့တာလဲ...။


ပြီးတော့ ကော်ဖီဆိုင်အပြင်ဘက်မှာ သူနဲ့စကားပြောနေတဲ့သူက ဘယ်သူလဲ...။


သူ ဒီနေ့ အလျင်စလို ပြေးမသွားရင် ရှောက်မင်က ဘာဆက်လုပ်မှာလဲ...။


ချိုးရှောက်ဖျင်က သူ၏ကျွမ်းကျင်မှုဖြင့် ရှောက်မင်ကို အမှန်တကယ် ထိခိုက်စေလိမ့်နိုင်မည်ဟု သူ မထင်ထားခဲ့ပေ။ "လက်နက်" အထောက်အထား အပြည့်အစုံကို ပြသရန်အတွက် သူ့(SM)ကို တိုက်ခိုက်လာစေရန် ချိုးရှောက်ဖျင်ကို လှုံ့ဆော်ပေးချင်ရုံသာပင်။


ယနေ့ ကော်ဖီဆိုင်အပြင်တွင် သူ့(QSP)ကို ရင်ဆိုင်ရန် အပြေးအလွှားသွားခြင်းက မလိုအပ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပေ၏။ သို့သော် ထိုသို့သာ မဟုတ်ခဲ့လျှင်...


တစ်စုံတစ်ရာ ဆိုးဆိုးရွားရွား မှားယွင်းသွားပါက မည်သို့ဆက်ဖြစ်မည်နည်း။


ကျူးထုန် ရုတ်တရက် အနည်းငယ် ဒေါသထွက်သွားသည်။ သူ့ကိုယ်ဟန်အနေအထားကို မတ်မတ်ပြင်လိုက်သည်။


 "မင်း ရူးနေပြီလား။ အဲဒီအရူးကို ရန်သွားစတာက ဘယ်လောက် အန္တရာယ်ကြီးလဲဆိုတာကို မင်း သိလား... အို့၊ အို့..."


သူ၏လှုပ်ရှားမှုကြောင့် ကျောပေါ်ရှိ ဒဏ်ရာကို ဆွဲဖြဲလိုက်သလိုဖြစ်သွားပြီး နာကျင်ကာ မောပန်းလာပေသည်။


ရှောက်မင်က ကျူးထုန်ကို အလျှင်အမြန် ထိန်းပေးလိုက်သည်။ ထို့နောက် သူက တိုးညင်းစွာ ပြောလာသည်။


 "မင်းကျတော့ရော"


ကျူးထုန်: "....."


ဘာကိုလဲ...။


"ဒါက အန္တရာယ်ရှိမှန်း သိနေတာတောင် မင်းက အလောသုံးဆယ် ပြေးလာနေတုန်းပဲလေ။ ဒီဓားက မင်းကို တကယ်ထိုးမိသွားရင် မင်း..."


အဆုံးထိမပြောရသေးသည့် စကားလုံးများက ပြန်မျိုချခြင်း ခံလိုက်ရသည်။


လူငယ်လေးနှစ်ဦးမှာ တိတ်ဆိတ်သွားကြ၏။


မေးစရာရှိသေးလို့လား...။


ဘယ်ဟာက မရှင်းလို့လဲ...။


သူ့ပခုံးပေါ်ရှိ ရှောက်မင်၏လက်က ရုတ်တရက် သူ့ခေါင်း၏နောက်ဘက်သို့ ရွေ့သွားပြီး သူ့နောက်ကျောမှ ဒဏ်ရာကို ရှောင်ကာ သူ့အား ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။


သူ့နှလုံးခုန်သံက မငြိမ်သက်သေးဘဲ တစ်ချက်ပြီးတစ်ချက် ပြင်းပြင်းထန်ထန် သိသိသာသာ ခုန်နေခဲ့သည်။


သူ့ဘေးတွင် တွဲလောင်းချထားသော ကျူးထုန်၏လက်များက အနည်းငယ် တောင့်တင်းနေပြီး ဤအခြေအနေတွင် မည်ကဲ့သို့ လှုပ်ရှားရမည်ကို သေချာမသိပေ။ ကျူးထုန်က ရှောက်မင်၏လေသံအတိုင်း တိုးတိုးလေး ပြန်မေးလိုက်သည်။ 


"မင်း...ကြောက်နေလား"


ရှောက်မင်က "အင်း၊ ကိုယ် သေလောက်အောင် ကြောက်တယ်"


သူ ထိုစကားကို ဟာသတစ်ခုကဲ့သို့ ပြောလိုက်ခြင်း ဖြစ်နိုင်သော်လည်း သူ့လေသံက အခြားအဓိပ္ပာယ်ကို သက်ရောက်စေသည်။


ကျူးထုန် မည်သည်ကို ဆက်ပြောရမည်မှန်း မသိတော့ပေ။


အမှန်တွင် သူလည်း အနည်းငယ်မျှ ကြောက်ရွံ့မိ၏။ သူ့အရေပြားကို သစ်သီးလှီးဓားက ခုတ်လိုက်ချိန်တွင် သူ သေသွားလိမ့်မည်လို့ တွေးမိသည်။


သို့သော် ၎င်းက သူ သေအံ့ဆဲဆဲဖြစ်ဖူးသည့် ပထမဆုံးအကြိမ် မဟုတ်တော့သည့်အတွက် သူ့စိတ်အခြေအနေက မြန်မြန်ဆန်ဆန် ပြန်ကောင်းလာပေ၏။


သို့သော် ရှောက်မင်ကို မည်သို့နှစ်သိမ့်ရမည်ကို သူ မသိပေ။


သူ သက်သောင့်သက်သာရှိစွာဖြင့် ရှောက်မင်၏ရင်ခွင်ထံ မှီထားလိုက်ပြီး အရပ်ပိုမြင့်သည့် လူငယ်လေး၏ပုခုံးစွန်းပေါ်၌ သူ့မေးစေ့ကို မှီထားလိုက်သည်။


ရှောက်မင်က ကျူးထုန်ကို ဖက်ထားချိန်တွင် အားမသုံးခဲ့ပေ။ လက်တစ်ဖက်ကို ကျူးထုန်၏ လည်ပင်းနောက်ဘက်တွင် ထားလိုက်ပြီး အခြားတစ်ဖက်နှင့် ခေါင်းကို ညင်သာစွာ ဖိထားလိုက်သည်။


ဂရုတစိုက်ရှိလှသော်လည်း ခံစားချက်များကို နက်ရှိုင်းစေသည့် ပွေ့ဖက်မှုတစ်ခုပင်။


ကျူးထုန် ရှောက်မင်၏ ထူးခြားသည့်ရနံ့ကို ရှူရှိုက်နိုင်ပေသည်။ ၎င်းအနံ့ကို သူ မည်ကဲ့သို့ဖော်ပြရမည်မှန်း မသိသော်လည်း အနံ့မှာ အလွန်ကောင်းမွန်သောကြောင့် သူ့ရင်ထဲတွင် အနည်းငယ် ရင်တလှပ်လှပ် ဖြစ်သွားစေသည်။


ရှောက်မင်က ကျူးထုန်၏ခေါင်းကို ဖိထားသည့် သူ့လက်ကို ရွှေ့လိုက်ပြီး အရပ်ပုပု လူငယ်လေး၏ဆံပင်မှ နူးညံ့သည့်အထိအတွေ့က သူ့လက်ချောင်းများတစ်လျှောက် ဖြတ်သန်းစီးဆင်းသွားပေသည်။ သူ့နားရွက်နားရှိ ကျူးထုန်၏အသက်ရှုသံက တည်ငြိမ်နေပြီး သူ့လည်ပင်းပေါ်မှ အသက်ရှုသံများက နွေးထွေးလှပေ၏... ။လူကောင်သေးသေး လူငယ်လေးက သူ့ရင်ခွင်ထဲတွင် လုံလုံခြုံခြုံ ရှိနေပေ၏။


ရှောက်မင် အနည်းငယ် သက်သာရာရသွားသည်။ လူငယ်လေး၏ အေးစက်နေသော နားရွက်ကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး ခပ်တိုးတိုး ပြောလာ၏။ 


"တောင်းပန်ပါတယ်"


ကျူးထုန် လန့်သွားကာ ပြန်ပြောလိုက်သည်။ 


"တောင်းပန်ပါတယ်အစား ကျေးဇူးတင်ပါတယ်လို့ ပြောသင့်တယ်"


ရှောက်မင်က သူ့ကို ကိုယ်စားဓားထိုးခံပေးရန် ဘယ်တုန်းကမှ မပြောခဲ့ပေ။ အားလုံးက သူ၏ကိုယ်တိုင် ကြိုးစားမှုဖြစ်သောကြောင့် ရှောက်မင်က တောင်းပန်ရန် မလိုအပ်ပေ။


ရှောက်မင် : "ကိုယ် မင်းကို ကျေးဇူးတင်မှာ မဟုတ်ဘူး"


ကျူးထုန်: "ဘာလို့လဲ"


သူရဲ့ကိုယ်ကျိုးမဖက်တဲ့ လုပ်ရပ်က အသိအမှတ်ပြု ချီးကျူးခံရဖို့ မထိုက်တန်ဘူးလား...။ကျေးဇူးတင်ပါတယ်လို့တောင် မပြောဘူးလား...။


ရှောင်မင် : "မင်း ကိုယ်ကို စိတ်ပူပြီးဝမ်းနည်းရအောင် လုပ်ခဲ့တာကို ဘာလို့ ကျေးဇူးတင်ရမှာလဲ"


ကျူးထုန်: "....."


အဲဒါက ဘာလို့ သူ့အပြစ်ဖြစ်ရမှာလဲ...။ သူ တောင်းပန်ရမှာလား...။


ချိုးရှောက်ဖျင်က ဆေးရုံမှ ထွက်ပြေးသွားခဲ့ပြီး ကော်ဖီဆိုင်အပြင်ဘက်တွင် ပေါ်လာကာ ရှောက်မင်ကို လက်နက်ဖြင့်ပင် တိုက်ခိုက်ခဲ့သည်။ ထို့အပြင် ထိုကိစ္စအားလုံးက ရှောက်မင်၏အစီအစဉ် တစ်စိတ်တစ်ပိုင်း ဖြစ်မည်ဆိုလျှင် သူ၏စိတ်အားထက်သန်မှုက မလိုအပ်သည့်ပုံပင်။


ထို့ကြောင့် သူ လုပ်ခဲ့သမျှ အရာအားလုံးက ရှောက်မင်ကို စိတ်ပူစေခြင်းသာပင်။ မည်သည့်အရာကမျှ မှားယွင်းနေသည့်ပုံမပေါ်ပေ။


ဒါဆို သူ တကယ် တောင်းပန်သင့်လား...။


သူ စကားမပြောရသေးခင်မှာပင် သူ့နားထဲ၌ အနည်းငယ် ယားယံမှုကို ခံစားလိုက်ရသည်။ ရှောက်မင်က သူ့ခေါင်းကို လှည့်ကာ နှာခေါင်းနှင့် မျက်နှာကို ပွတ်သပ်လိုက်သည်။


"မင်း ဘာလုပ်နေတာလဲ..."


"မလှုပ်နဲ့။ ကိုယ် မင်းကို ခဏလောက် ဖက်ထားပါရစေ"


"....."


'ဖက်ထားရုံပဲလေ။ မင်းက ဘာအတွက် ပွတ်သပ်နေရတာလဲ'


'ရှောက်မင်က တကယ်ကို ထူးဆန်းနေတယ်။ အရမ်း အရမ်းကို ထူးဆန်းနေတယ်'


သူ့နားရွက်ကို ပွတ်သပ်နေရင်း ချစ်သူများကြားရှိ ရင်းနှီးသည့်အထိအတွေ့တစ်ခုကဲ့သို့ ခံစားလိုက်ရသည်။


ထိုအတွေး စိတ်ကူးထဲ၌ ပေါ်လာချိန်တွင် ကျူးထုန်၏နှလုံးသားက တစ်ဖန်တုန်ရီလာပြန်သည်။ သူ့စိတ်ဆန္ဒနှင့် ဆန့်ကျင်စွာ နားရွက်များက နီရဲလာ၏။


သူ ဘာတွေ တွေးနေတာလဲ...။


ကံကောင်းထောက်မစွာပင် ရှောက်မင်က အချိန်အကြာကြီး ပွတ်သပ်မနေသောကြောင့် နီမြန်းနေသော နားရွက်များကို သတိမထားမိခဲ့ပေ။


ရှောက်မင်က သူ့ကို လက်မလွှတ်ခဲ့သလို သူဖက်ထားသည်ကိုလည်း ကျူးထုန်က မရုန်းခဲ့ပေ။


ပထမတွင် ဒဏ်ရာကို ထိမိပြီးနာသွားမည်ကို သူ ကြောက်ပေသည်။ ဒုတိယအနေဖြင့် သူ မည်သို့မျှ မရုန်းကန်ချင်ပေ။ အဆုံးတွင် ကျူးထုန်က ရှောင်မင်၏ရင်ခွင်ထဲတွင် မှီထားလိုက်သည်။ အတော်လေး နွေးထွေးလှပေ၏။


ဒါပေမယ့် သူ့အဝတ်အစားတွေကို ပြန်သွားယူတဲ့ ဦးလေးလျိုက ဘာလို့ ပြန်မလာသေးတာလဲ...။


အရမ်းဝေးတာကြောင့် ဖြစ်နိုင်လောက်လား...။ ဒါပေမဲ့ အဲဒါဆိုရင် လော့ရှိုးကရော ဘာလို့ ပြန်မလာသေးတာလဲ...။


ဆေးကို မြန်မြန် ယူလာသင့်တယ် မဟုတ်ဘူးလား...။


ထိုအချိန်တွင် တံခါးအပြင်ဘက်၌ လော့ရှိုးက သူ့လက်ထဲတွင် ဆေးများကို သယ်လာခဲ့သော်လည်း အခန်းထဲသို့ မဝင်ခဲ့သလို ဝင်လည်းမဝင်ချင်ပေ။


တစ်စုံတစ်ယောက်က သူတို့ရဲ့အဝတ်အစားအချို့ကို တခြားတစ်ယောက်ကို ပေးဝတ်တာက နားလည်နိုင်ပေမဲ့ ဘာလို့ သူတို့က တစ်ယောက်နဲ့တစ်ယောက် ဒီလို ပွေ့ဖက်ထားရတာလဲ...။


ဘယ်လို အဖွင့်စကားကို သုံးပြီး သူအထဲကို ဝင်သွားသင့်လဲ...။


သူ အလွန်ပင် စိတ်ကသိကအောက်ဖြစ်မိ၏။


နောက်ဆုံးတွင် ဦးလေးလျိုရောက်လာပြီး မန်ဒရင်းဘဲစုံတွဲကို တစ်ကောင်ပြီးတစ်ကောင် မောင်းထုတ်လိုက်နိုင်ခဲ့သည်။


ချိုးရှောက်ဖျင်ကို ဆေးရုံသို့ ပြန်ပို့လိုက်၏။ သို့သော် ဤတစ်ကြိမ်၌ သူ့လက်တွင် လက်ထိပ်တစ်ခု ပိုလာခဲ့ပြီး ကုတင်၏ခေါင်းရင်းတိုင်နှင့် တွဲချိတ်ထားပေသည်။


အမြဲတမ်း ခြေတစ်လှမ်း နောက်ကျသော ရဲများက ဆေးရုံမှ ထွက်လာသော "နစ်နာသူ" ကို တွေ့ဆုံပြီး သူတို့၏တောင်းပန်မှုနှင့် ဝမ်းနည်းကြောင်းကို ဖော်ပြလာခဲ့သည်။



🤒