Chapter 95
Viewers 18k

🤒အခန်း.၉၅




"မင်း မနေ့ညက ဘယ်အချိန် အိမ်ပြန်ရောက်တာလဲ"


ရှောင်မင် ခဏစဉ်းစားလိုက်သည်။


 "ည ၁၁ နာရီလောက်လေ။ ဘာဖြစ်လို့လဲ"


ကျူးထုန်: "ဒီနေ့ညရော မင်း အဲဒီကို ပြန်သွားရမှာလား"


"အင်း" 

ရှောက်မင် ကျူးထုန်ဘက်သို့ ကိုယ်ကိုကိုင်းလိုက်ကာဖြင့် ပြောလိုက်၏။


 "ဘာလို့လဲ။ မင်း သည်းမခံနိုင်တော့ဘူးလား"


"....."


"မဟုတ်ပါဘူး" 


ကျူးထုန် မသိစိတ်အရ ငြင်းဆိုလိုက်သည်။


သူက ဘာလို့ ရှောက်မင် သူ့မိသားစုကို တွေ့ဖို့ပြန်သွားတာကို ခွင့်မပြုနိုင်ရမှာလဲ...။


သို့သော် သူ...အမှန်တကယ် ထိုကဲ့သို့ခံစားနေရပေ၏။


ကျူးထုန် ခေါင်းကိုစောင်းကာ ရှောက်မင်ကို ကြည့်လိုက်သည်။

 "ဒီနေ့ မင်း အိမ်ပြန်ရောက်ရင် ငါ့ကို စာပို့ပေးလို့ရမလား"


ရှောက်မင် အနည်းငယ် အံ့သြသွားကာ မေးလာသည်။


 "ဘာလို့လဲ"


ဘာလို့လဲ...။

ကျူးထုန် အချိန်အတော်ကြာသည်အထိ မတုန့်ပြန်နိုင်ခဲ့ပေ။ သူ အိမ်ပြန်ရောက်ကြောင်း သူ့အား သတင်းပို့ပေးရန် ရှောက်မင်တွင် တာဝန်မရှိပေ။


သူ ခဏမျှ အံသြသွားပြီး စကားမပြောနိုင်တော့ပေ။ ထို့နောက် ရှောက်မင်က သူ့ဆီသို့ ချဉ်းကပ်လာပြီး မေးလာ၏ ။


"မင်း ကိုယ့်ကို စိတ်ပူနေတာလား"


"....."


စိတ်ပူတာလား...။


ဖြစ်နိုင်လား...။


ချိုးရှောက်ဖျင် ပေါ်လာပြီးကတည်းက ရှောက်မင်၏ အခြေအနေက အတော်လေးကို စိုးရိမ်စရာဖြစ်နေခဲွသည်။


ကျူးထုန် ရှောက်မင်၏အမေးကြောင့် အနည်းငယ် ထိတ်လန့်သွားပြီးနောက် သူ နားလည်သွားပေ၏။ ရှောက်မင်ကို စိတ်ပူတာကြောင့် သူ မနေ့ညက အိပ်မပျော်ခဲ့တာလား...။


ကျူးထုန် အိပ်မပျော်သည့် အကြောင်းနှင့်ပတ်သက်ပြီး တစ်ခွန်းမျှမပြောခဲ့ပေ။ သူ ခေါင်းညိတ်ပြီး "နည်းနည်း" ဟု ပြောလိုက်သည်။


ရှောက်မင် : "မင်း စိတ်ပူရင် ဘာလို့ ကိုယ့်ကို ဖုန်းမခေါ်တာလဲ"


ကျူးထုန် :"မင်း ဒေါ်လေးနဲ့ စကားပြောနေတာကို အနှောင့်အယှက်ဖြစ်မှာ စိုးလို့"


ရှောက်မင်: "....."


သူက တကယ်ကို ဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းပေ၏။


ရှောက်မင် ပြုံးလိုက်သည်။


 "ဒါဆို ကိုယ် မင်းကို ဘာလို့စာမပို့တာလဲဆိုတာ သိလား"


ကျူးထုန်: "ဘာလို့လဲ"


"ဘာလို့လဲဆိုတော့ ကိုယ် မင်းကို လွမ်းမှာကြောက်လို့"


"....."


ကျူးထုန် ရှောက်မင်ကို ရှုပ်ထွေးသောအမူအရာဖြင့် ကြည့်လိုက်သည်။


'ဒီလူက ငါ့ကို ဘယ်လိုလုပ်ပြီး ဒီလိုမျိုးပရောပရည်ကျတဲ့ စကားလုံးတွေ သာမန်အတိုင်း ပြောနိုင်ရတာလဲ' 


ဒါကရော ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့ပုံစံတစ်ခုပဲလား...။


သူ့စိတ်ထဲမှာ ဖြစ်နေတဲ့ကိစ္စတွေကို လူတွေ မသိစေချင်လို့လား...။


ကျူးထုန် ကူကယ်ရာမဲ့ပြီး ဝမ်းနည်းသွားသလို ခံစားလိုက်ရသည်။


ကျူးထုန် လမ်းမကြီးအား ကြည့်မနေသည်ကို မြင်ပြီး ရှောက်မင်က ထပ်ဖြည့်ပြောလိုက်သည်။ 


"ကောင်းပြီ။ အဲဒါ ကိုယ့်အမှားပါ။ မင်းကို စိတ်ပူအောင်လုပ်မိတယ်။ စိတ်မပူပါနဲ့။ နောက်ကို ထပ်ဖြစ်မှာ မဟုတ်ပါဘူး"


"....."


"နောက်ထပ် ဖြစ်မှာ မဟုတ်ဘူး" ဟူသည့် အဓိပ္ပာယ်ကို ကျူးထုန် တွေးတောဖို့ အချိန်မရသေးခင်မှာပင် သူ့ခန္ဓာကိုယ်က တစ်စုံတစ်ယောက်၏ ဆွဲလှည့်ခြင်းကို ခံလိုက်ရသည်။


"ကျောင်းသွားဖို့ အချိန်ရောက်ပါပြီ။ ရှေ့ကို သေချာကြည့်သွားပါ၊ သခင်လေး"


ကျူးထုန်: "....."


¤¤¤¤¤


မနက်ပိုင်း စာသင်ချိန်နီးလာသည်နှင့်အမျှ ကျောင်းတံခါးဝရှိ လူအုပ်ကြီးမှာ များပြားလာပေသည်။ ကျူးထုန် သူမေးချင်သည့်ကိစ္စများကို ခဏတာ မြိုချပစ်လိုက်ရန်သာ တတ်နိုင်တော့၏။


ထို့နောက် သူ ထိုအကြောင်းကို ထပ်ပြောရန် အခွင့်အရေးတစ်ခုလေးပင် ရှာမတွေ့ခဲ့ပေ။


အတန်းထဲတွင် ရက်အနည်းငယ်ကြာ သံပြိုင်သီဆိုခြင်းအား လေ့ကျင့်ပြီးနောက် တရားဝင် အစမ်းလေ့ကျင့်မှုကို စတင်ခဲ့သည်။ မူလက ဖရိုဖရဲဖြစ်နေသည့် နတ်ဆိုးအော်သံက ညီညာသော နတ်ဆိုးအော်သံအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ၏နားစည်များ ပျက်စီးမှုနှုန်းသည်လည်း အဆမတန် မြင့်တက်လာခဲ့သည်။ နောက်ဆုံး၌ ကျူးထုန် အရင်က ရှောက်မင် ပေးခဲ့သော ဝါးဂွမ်းလုံးများကို နားအားပိတ်ဆို့ရန် အသုံးပြုလိုက်သည်။


နောက်ထပ်တစ်ရက် ကုန်ဆုံးသွားခဲ့သည်။ ရှောက်မင်က အငှားအိမ်သို့ ညဘက်တွင် ပြန်မလာခဲ့သလို နောက်နေ့ နေ့လယ်အချိန်၌ပင် ပြန်မလာခဲ့ပေ။


ထွက်မသွားမီ သူနှင့်အတူ နေ့လည်စာသာ မစားဖြစ်ခဲ့လျှင် သူ အငြင်းခံခဲ့ရခြင်းလားဟုပင် ကျူးထုန် တွေးမိပေလိမ့်မည်။


သူ ဘာလို့ "အငြင်းခံရတယ်" ဆိုတဲ့ စကားလုံးကို သုံးရတာလဲ...။


အငှားအိမ်နှင့် ဆန့်ကျင်ဘက်ရှိ စားသောက်ဆိုင်ငယ်လေးတစ်ခုတွင် ကျူးထုန် ထမင်းစားနေခြင်းကို အပြီးသတ်လိုက်ပြီး ဟင်းချိုကို နည်းနည်းချင်းစီ သောက်နေလိုက်သည်။


လော့ရှို့က သူ့ရှေ့တွင်ထိုင်ကာ အခုလေးတင် ရှောက်မင် ထွက်သွားသည့် ဦးတည်ရာကိုကြည့်ကာ သိချင်စိတ်ဖြင့် မေးလိုက်သည်။ 


"မင်ကော ဘာတွေ လုပ်နေတာလဲ"


ကျူးထုန် ခေါင်းခါလိုက်၏။


"ငါ မသိဘူး"


လော့ရှိုး: "....."


ဒါဆို သူ ဘာလို့ အရမ်းအေးဆေးနေရတာလဲ...။


သူ ခဏမျှရပ်ကာ မေးလိုက်သည်။


 "အဲဒီလူ... သူ ဒီနှစ်ရက်လုံး ဘာတွေလုပ်နေလဲ"


ကျူးထုန် ဟင်းချိုသောက်နေရင်း တုံ့ဆိုင်းသွား၏။ ဟင်းချိုကို မျိုချလိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။ 


"သူ့ဒဏ်ရာတွေကို ပြန်ပြီးကုသနေတုန်းပဲ။ á€žá€°á€ˇá€”လရိုးက ကျိုးသွားတဲ့အတွက် အချိန်တိုအတွင်း ဆေးရုံက ထွက်လာနိုင်မှာ မဟုတ်သေးဘူး"


လော့ရှိုး စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။


နို့လက်ဖက်ရည်ဆိုင်မှ ပြန်လာပြီး လွန်ခဲ့သောနှစ်ရက်အတွင်း သူတို့ ရှောင်မင်ရှေ့တွင် ထိုကိစ္စကို နားလည်မှုရှိစွာ မပြောခဲ့ကြသော်လည်း သူတို့အားလုံး၏စိတ်ထဲတွင် မှတ်မိနေခဲ့ကြပေသည်။


လော့ရှိုးက ခဏမျှ နှုတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။


 "ဒီအခြေအနေမှာ ချိုးရှောက်ဖျင်က နောက်ထပ် ဘယ်လှုပ်ရှားမှုကိုမှ မလုပ်ဘူးဆိုရင် သူ့ကို ထောင်ထဲ ပြန်ပို့ဖို့ ခက်လိမ့်မယ်လို့ ငါ့ဦးလေးက ပြောတယ်"


"....."


ကျူးထုန် ၎င်းကို သိပေ၏။


ဥပဒေအရ ပြစ်မှုကျူးလွန်သူသည် ထောင်မှလွတ်မြောက်လာပြီးနောက် ငါးနှစ်အတွင်း နစ်နာသူကို ပြန်လည်လက်တုံ့ပြန်ပါက ရာဇသတ်ကြီးဥပဒေအရ ထပ်ခါတလဲလဲပြစ်မှုကျူးလွန်ခြင်းဖြစ်ပြီး ပြင်းထန်သောပြစ်ဒဏ်ကို ချမှတ်ခံရမည်ဖြစ်၏။


သို့သော်လည်း တရားဥပဒေအရ သတ်မှတ်ထားသော "လက်တုံ့ပြန်ခြင်း" က မည်သည့်အတိုင်းအတာထိ ပါဝင်သည်ဆိုတာကို ပြောရခက်လှသည်။


နှုတ်ဖြင့် အစွန်းရောက်ပြောဆိုခြင်းက မည်သည့်အတိုင်းအတာအထိ လက်တုံ့ပြန်ခြင်းတွင် ပါဝင်နေသနည်း။


အကယ်၍ ထိုသူသာ ဖမ်းဆီးမခံပါက ရဲတပ်ဖွဲ့၏ "အကာအကွယ်" က မည်မျှကြာနိုင်မည်နည်း။


ပန်းကန်လုံးထဲရှိ အရသာရှိလှသည့် ငါးဟင်းချိုက ရုတ်တရက် အရသာမရှိတော့ပေ။ ကျူးထုန်၏မျက်လုံးများ မှောင်မိုက်သွားပြီး ခပ်တိုးတိုး ပြောလိုက်သည်။


 "သူ့ကို ထောင်ထဲပြန်ပို့ဖို့က ခက်တယ်။ ဒါပေမယ့် သူ့ကို ဆေးရုံပို့ရတာကတော့ မခက်ဘူး၊ ဟုတ်တယ်မလား"


လော့ရှိုး ကြောင်အသွားရသည်။


 "ဘာပြောတယ်"


ကျူးထုန် မော့ကြည့်လိုက်သည်။


 "ငါ သူ့ကို ဆေးရုံပေါ်မှာ ထားလိုက်ပြီး ဆေးဖိုးတွေကို အချိန်မီပေးနေရင် တစ်နေ့ သူ သည်းမခံနိုင်တော့ဘဲ သူ့ဘာသာသူ ထွက်သွားလိမ့်မယ်လို့ မင်း ထင်လား"


လော့ရှိုးမှာ သူ၏ပြောစကားများကြောင့် ဆွံ့အသွားရ၏။ သူ့ပါးစပ်ဟသွားသော်လည်း စကားတစ်ခွန်းမှ မပြောနိုင်ခဲ့ပေ။


လော့ရှိုးက သာမန်အထက်တန်းကျောင်းသားတစ်ဦးမျှသာဖြစ်၏။ ရှောက်မင်နှင့် ပတ်သတ်ပြီး အများကြီးသိထားခဲ့သော်လည်း ဤကဲ့သို့လုပ်ငန်းစဉ်တစ်ခုက ဖြစ်နိုင်ခြေရှိလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့မိပေ။


သူ့ကို ဆေးရုံမှာ တစ်ချိန်လုံး ထားဖို့လား...။ အဲဒါကို ဘယ်လိုလုပ်ရမလဲ...။


ယွမ်ရှောက်ကျိုးနဲ့ ဖြေရှင်းတုန်းကလိုမျိုး သူ ဆေးရုံက ဆင်းလာတဲ့အချိန်ကျရင် သူ့ကို ဆက်ပြီးရိုက်နှက်နေရမှာလား...။ ဘယ်အတိုင်းအတာအထိလဲ...။


ဤလူငယ်လေးက သိမ့်မွေ့ပုံပေါ်သော်လည်း အမှန်တကယ် ကရုဏာတရားရှိသူ မဟုတ်ကြောင်း လော့ရှိုး ရုတ်တရက် သိလိုက်ရသည်။


ကျူးထုန်မှာ သူ့အတွေးနှင့်သူ နှစ်မြုပ်နေခဲ့သည်။


ရုတ်တရက် သူ့ဖုန်းမြည်လာသည်။ ကျူးထုန် ဖုန်းကို ထုတ်ကြည့်လိုက်ပြီး ပြန်ဖြေသည့်ခလုတ်ကို နှိပ်လိုက်သည်။


"ဦးလေးလျို"


"သခင်လေး၊ အခု ဘယ်မှာလဲ"


ကျူးထုန် စားသောက်ဆိုင်၏ မှန်ပြတင်းပေါက်မှတဆင့် ဆန့်ကျင်ဘက်အရပ်ရှိ တိုကိခန်းကို လှမ်းကြည့်ကာ ဖြေလိုက်သည်။


 "ကျွန်တော် စားသောက်ဆိုင်မှာ စားနေတုန်း၊ ခဏနေရင် ပြန်လာခဲ့မယ်"


ဖုန်းထဲတွင် ဦးလေးလျိုက သိသိသာသာ စိတ်သက်သာရာရသွားသော်လည်း သူ့အသံက အနည်းငယ် အလေးအနက် ဖြစ်နေဆဲပင်။ 


"သခင်လေး၊ မြန်မြန်ပြန်လာတာ ပိုကောင်းမယ်။ ဆေးရုံက အခုလေးတင် ဖုန်းဆက်လာတယ်။ သခင်လေး ဦးလေးကို စောင့်ကြည့်ခိုင်းထားတဲ့လူက ပျောက်သွားပြီတဲ့။ သူ တစ်နည်းနည်းနဲ့ လူတိုင်းရဲ့စောင့်ကြည့်မှုအောက်ကနေ လွတ်သွားခဲ့တာ။ သူ ထွက်ပြေးသွားပြီ။ ဘယ်ကို ထွက်သွားတယ်ဆိုတာ ဦးလေးတို့လည်း မသိဘူး"


ကျူးထုန်၏အမူအရာက ရုတ်တရက် ပြောင်းလဲသွား၏။


လော့ရှိုးလည်း စိတ်ပူလာသည်။


"ဘာလို့လဲ။ ဘာဖြစ်တာလဲ"


ကျူးထုန် : "ချိုးရှောက်ဖျင် ထွက်ပြေးသွားပြီ။"


"ဘယ်လိုလုပ်..."


သူ့နံရိုးက ကျိုးနေသေးတုန်းပဲ မဟုတ်ဘူးလား...။ သူက ဘယ်လိုလုပ် ထွက်ပြေးသွားတာလဲ...။


နံရိုးတွေ ကျိုးနေတာတောင် သူက ဒီလိုဆုံးဖြတ်ချက်ချတယ်လား...။


လော့ရှိုး၏မျက်လုံးများ ပြူးကျယ်သွားရသည်။


 "မင်ကောက အခုလေးတင် ထွက်သွားတာ... သူ ဘာမှမဖြစ်လောက်ဘူးမလား"


သူ့စကားမဆုံးခင်မှာပင် ကျူးထုန် မတ်တပ်ထရပ်လိုက်၏။


 "ဦးလေးလျို၊ ဦးလေး ကျွန်တော့်ဖုန်းကို ခြေရာခံပြီး ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ"


"ခဏနေပါဦး သခင်လေး အခု ဘယ်သွားမလို့လဲ"


ဖုန်းထဲရှိ စိတ်အနှောင့်အယှက် ဖြစ်နေသောအသံက ပြတ်တောက်သွားလေသည်။


ကျူးထုန် သူ့ဦးနှောက်ထဲရှိ စနစ်ကို ပြောလိုက်သည်။ 

'အခု ရှောင်မင် ဘယ်နေရာမှာရှိလဲ သိလား'


စနစ်က လရောင်ဖြူလေး၏ တည်နေရာအား ဖော်ပြထားသောမြေပုံကို တိုက်ရိုက်ပြသလာခဲ့သည်။


ကျူးထုန် တည်နေရာကို တစ်ချက်ကြည့်လိုက်ပြီး လှည့်ထွက်သွား၏။


"ဟေး ငါ့ကိုစောင့်အုံးလေ..."


လော့ရှိုးက ပိုက်ဆံရှင်းရန် QR ကုဒ်ကို စကန်ဖတ်ရင်း အလုပ်ရှုပ်နေပေသည်။ သူ စားသောက်ဆိုင်မှ ထွက်လာချိန်တွင် ကျူးထုန်မှာ အတော်ခပ်ဝေးဝေးသို့ ရောက်သွားပြီဖြစ်သောကြောင့် သူ့နောက်ကို အလျင်အမြန် လိုက်သွားခဲ့သည်။


ကျူးထုန်က စနစ်မှညွှန်ပြပေးသော အတိုဆုံးလမ်းကြောင်းအတိုင်း လျှောက်သွားခဲ့သည်။


လွန်ခဲ့သော နှစ်ရက်အတွင်း ရှောက်မင် မည်မျှပုံမှန်မဟုတ်သည်ကို စဉ်းစားရန် သူ့တွင် အချိန်မရှိပေ။ ရှောက်မင်က ယနေ့မွန်းလွဲပိုင်းတွင် မည်သည်ကိုမှမပြောဘဲ တစ်ယောက်တည်း ထွက်သွားခဲ့သည်။ သို့သော်လည်း ချိုးရှောက်ဖျင်က ဆေးရုံပေါ်တွင် ရှိနေဆဲဖြစ်သောကြောင့် ကျူးထုန် သိပ်အာရုံမစိုက်ခဲ့ပေ။


သို့သော် ချိုးရှောက်ဖျင် ဆေးရုံက ခိုးထွက်သည့်အချိန်တွင် အဘယ်ကြောင့် ထိုကိစ္စက ဖြစ်ပျက်ခဲ့ရသနည်း။


သူ့ဒဏ်ရာတွေရနေတောင် သောက်ကျိုးနည်း သူ ဘာတွေလုပ်ချင်နေတာလဲ... ။သူ ပြန်ပြီးမသက်သာသေးပေမဲ့ တကယ်ကြီး ထွက်ပြေးသွားတာလား...။


ဘာလို့ ရှောက်မင်က တစ်ယောက်တည်း အပြင်ထွက်သွားတာလဲ...။


ဘယ်လိုလုပ် ဒီလောက် တိုက်ဆိုင်နေရတာလဲ...။


***


ရှင်းရှင်းပလာဇာနှင့် ဆန့်ကျင်ဘက်ရှိ ကော်ဖီဆိုင်ငယ်လေးတစ်ခု၏ အဝင်ဝ၌ အနောက်တိုင်းဝတ်စုံအပြည့်နှင့် သားရေရှူးဖိနပ်ကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးက လက်ဆွဲအိတ်ကို ကိုင်ထားရင်း လူငယ်တစ်ဦး၏ မျက်နှာချင်းဆိုင်တွင် ရပ်နေသည်။ သူ့မျက်နှာပေါ်တွင် ချုပ်ထိန်းထားသော မနှစ်မြို့စိတ် အနည်းငယ်ဖြင့် သူ့ဘေးနားရှိ ကော်ဖီဆိုင်လေးကို ကြည့်နေခဲ့သည်။


ကျူးထုန် ထိုနေရာသို့ ရောက်သွားချိန်တွင် ရှောက်မင်က အထက်တန်းစားကျသော ထိုလူနှင့် စကားပြောနေသည်။ သူ သက်ပြင်းချလိုက်မိသော်လည်း ကော်ဖီဆိုင်ဘေးရှိ မြင့်မားသော ဖီရှို့ရုပ်တု၏နောက်ကွယ်မှ လူတစ်ဦး ရုတ်ချည်း ထွက်ပေါ်လာသည်ကို သူတွေ့လိုက်ရသည်။ ထိုသူမှာ အရိုးများကျိုးခြင်းကို ပြုပြင်ရန် ရင်ဘတ်ကြိုးသိုင်းတစ်ခုကို ဝတ်ဆင်ထားသည်။


အနှီသူမှာ ခက်ထန်သည့်မျက်နှာ၊ မှုန်ကုပ်ကုပ် အကြည့်နှင့်အတူ သူ့လက်ထဲတွင် သစ်သီးလှီးသည့် ဓားတစ်ချောင်းကို ကိုင်ထား၏။


ရုတ်တရက် တိုက်ခိုက်မှုတစ်ခုအတွက် အသံမပေးသင့်သည့်အချက်ကို ထိုသူက ကောင်းစွာ သိရှိနားလည်ထားပေသည်။ သူက သစ်သီးလှီးဓားကို ရှောက်မင်၏ကျောဘက် အောက်ပိုင်းသို့ တည့်တည့်ထိုးလိုက်သည်။


ကျူးထုန်၏သူငယ်အိမ်များမှာ ကျုံ့ဝင်သွား၏။ သူ့ခွန်အားများ ဘယ်ကရောက်လာမှန်း မသိသော်လည်း ရှောက်မင်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးသွားလိုက်သည်။


ရှောက်မင်က တစ်စုံတစ်ခုကို သတိပြုမိသွားပုံရပြီး တိုက်ခိုက်မှုကို ရှောင်ရှားရန် လှည့်ကြည့်သော်လည်း တစ်စုံတစ်ယောက်၏ ဝင်တိုက်ခြင်းကို ခံခဲ့ရသည်။


ထိုသက်ရောက်မှုကြောင့် သူ့ရှေ့ကလူကို ဆွဲယူပြီး တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်ရှိလူကို ကန်ဖို့ရန်အတွက်သာ အချိန်ရခဲ့သည်။


သူ့ဆီသို့ တည့်တည့်လာနေသော သစ်သီးလှီးဓားက ၎င်း၏လမ်းကြောင်းမှ ကန်ထုတ်ခံလိုက်ရသည်။ သို့သော် ဓားကိုကိုင်ထားသူမှာ စိတ်ပိုင်းဖြတ်ထားပုံရသည်။ ထိုသူက ဓားကို နောက်သို့ ပြန်ဆွဲယူလိုက်ပြီး ရှောက်မင်အရှေ့ရှိ လူ၏နောက်ကျောကို ကန့်လန့်ဖြတ် အားဖြင့်ခုတ်ချလိုက်သောကြောင့် လေထဲတွင် သွေးစီးကြောင်းတစ်ခု ကျန်ရစ်ခဲ့လေသည်။


"သခင်လေး!"


နောက်ကျမှရောက်လာသော ဦးလေးလျိုက ထိုမြင်ကွင်းကို မျက်ဝါးထင်ထင် မြင်ခဲ့ရသည်။ ချက်ချင်းဆိုသလိုပင် သူ့မျက်လုံးများက နီရဲကာပြူးထွက်လာသည်။


ဓားဖြင့် လူမှား ခုတ်မိသည်ကို ချိုးရှောက်ဖျင် တွေ့လိုက်ရသည်။ ရင်ဘတ်မှ နာကျင်နေသည်ကိုပင် ဂရုမစိုက်ဘဲ နီရဲသောမျက်လုံးများနှင့်အတူ နောက်တစ်ကြိမ် ခုန်အုပ်ကာ တိုက်ခိုက်ချင်သော်လည်း နောက်ဆုံးရောက်လာသည့် ဦးလေးလျိုက သူ့ကို သုံးမီတာအကွာအထိ ကန်ထုတ်လိုက်သည်။


သူ့နောက်ကျောမှ ပူနွေးသောအရည်များ စိမ့်ထွက်လာသည်ကို ကျူးထုန် ခံစားလိုက်ရသည်။ နာကျင်မှုကို စတင်ခံစားလိုက်ရချိန်တွင် မအော်မိရန် သူ့ကိုယ်သူ နှုတ်ခမ်းများကို တင်းတင်းကျပ်ကျပ် ကိုက်ထားလိုက်ရသည်။


ရှောက်မင် လူငယ်လေးကို သူ့ရင်ခွင်ထဲတွင် ပွေ့ဖက်ကာထိန်းထားလိုက်သည်။ သူ့ခြေလက်များမှာ တောင့်တင်းပြီး အေးစက်သွားသလို ခံစားလိုက်ရ

သည်။


သူ့မျက်စိရှေ့တွင် သွေးစီးကြောင်းတစ်ခု ဖြတ်သွားသည့် အခိုက်အတန့်တွင် သူအမြဲတမ်း ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားခဲ့သော မမြင်နိုင်သော စည်းတစ်ခုက အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားတော့သည်။ 

သူ့လက်နှစ်ဖက်နှင့် ထိတွေ့ထားသည့် လူငယ်လေးက ထိုစည်းကို ချိုးဖျက်ခဲ့သူပင်။



🤒