Chapter 93
Viewers 18k

🤒အခန်း ၉၃

အိပ်မပျော်ခြင်း




ပြာလောင်ခတ်နေပြီးနောက် နှစ်ယောက်သား အပြင်ထွက်ရန် ထုပ်ပိုးပြင်ဆင်ခဲ့ကြသော်လည်း နောက်ကျနေဆဲပင်။


အပြင်ဘက်တွင် မိုးရွာနေသောကြောင့် သူတို့ စက်ဘီစီး၍မရတော့ပေ။ ထီးတစ်ချောင်းနှင့် လူငယ်လေးနှစ်ဦး စာသင်ခန်းထဲသို့ လျှောက်လာချိန်တွင် နံနက်ပိုင်း ကိုယ်ပိုင်စာကြည့်ချိန်က ပြီးဆုံးခါနီးပေပြီ။


ရှစ်ဝမ်ရှူက စာသင်ခန်းအပြင်ဘက်တွင် စောင့်ဆိုင်းစေခဲ့ပြီး မနက်ပိုင်းကိုယ်ပိုင်စာကြည့်ချိန်ကို တက်ရောက်ခွင့် မပေးခဲ့ပေ။ မနက်ပိုင်း ကိုယ်ပိုင်စာကြည့်ချိန် ပြီးသည့်အချိန်အထိ ရှစ်ဝမ်ရှူက သူတို့နှစ်ယောက်ကို သူ့ရုံးခန်းထဲသို့ ခေါ်ကာဆူခဲ့သည်။ အလုအယက် အလျှင်အမြန်စာသုံးရသော မနက်စာစားသောက်တန်း ဖွင့်သည့်အချိန်မှသာ ရှစ်ဝမ်ရှူ သူတို့ကို ရုံးခန်းမှ လွှတ်ပေးခဲ့သည်။


တစ်ခါမျှ ဆူပူကြိမ်းမောင်းခြင်း မခံရဖူးသော သခင်ငယ်လေးကျူးမှာ ရုံးခန်းမှထွက်လာပြီးနောက် ချက်ချင်းပင် သူ့ဘဝကို သံသယဝင်လာမိသည်။ 


"ဒါက ငါ့ဘဝမှာ ပထမဆုံးအကြိမ် သုံးသပ်စာတစ်စောင်ရေးဖို့ အပြစ်ပေးခံရဖူးတာပဲ..."


ရှောက်မင် ပြုံးလိုက်သည်။

 "အင်း... ဒါက ကိုယ့်အတွက် ဂုဏ်ယူစရာပဲ"


ကျူးထုန်: "???"


သူက ရယ်တောင်ရယ်လိုက်သေးတယ်ပေါ့။


သုံးသပ်စာတစ်စောင် ရေးရတာက ဂုဏ်ယူစရာကောင်းတဲ့ ကိစ္စတစ်ခုလား...။


သို့သော်လည်း အနည်းဆုံးတော့ ရှောင်မင်ကို ကြည့်ရသည်မှာ ယမန်နေ့ကထက် ပိုအဆင်ပြေနေသည်။


ယမန်နေ့ညက ရင်ပြင်ဈေးတွင် တစ်စုံတစ်ယောက်ကို ရက်ရက်စက်စက် ကန်ကြောက်နေခဲ့သော ဆယ်ကျော်သက်လေးက အိမ်ပြန်ရောက်ချိန်တွင် ဖော်ပြလို့မရနိုင်သည့် အားနည်းခြင်း ခံစားချက်ကို ဖော်ပြလာခဲ့သည်။


မနေ့ညက ကြည့်ရှုနေသူ မည်သူကမျှ ရှောက်မင်ကို "အားနည်းချက်" ဟူသော စကားလုံးဖြင့် ဆက်စပ်နိုင်လိမ့်မည် မဟုတ်သော်လည်း ကျူးထုန်က ထိုကဲ့သို့သာ ခံစားမိသည်။


ကျူးထုန် ထိုခံစားချက်ကို သဘောမကျပေ။ ထိုသို့သောအခြေအနေမျိုးနှင့် ရှောက်မင်ကို သူ ဘယ်သောအခါမှ နောက်တစ်ကြိမ် ထပ်မတွေ့ချင်တော့ပေ။


သူ ယမန်နေ့ညက အဖြစ်အပျက်ကို ထပ်မပြောခဲ့ပေ။ နှစ်ယောက်သား စာသင်ခန်းထဲသို့ လျှောက်လာချိန်တွင် ကျောင်းသားအများစုက စားသောက်တန်းသို့ သွားကြပြီဖြစ်၏။ လော့ရှိုးက သူ့ထိုင်ခုံကနေ သူတို့ကို လက်ဝှေ့ယမ်းပြလာသည်။


 "မင်ကော၊ ငါ မနက်စာအတွက် ဂဏန်းဥအစာသွပ် ဖက်ထုပ်တွေနဲ့ ပြောင်းဆန်ပြုတ်ကို မှာထားတယ်။ နောက်ပြီးကျရင် ကျောင်းတံခါးဝမှာ သွားယူပေးမယ်"


ရှောက်မင်က သူ့ကို ထုံးစံအတိုင်း ခေါင်းညိတ်ပြလိုက်သည်။


သူ့ထိုင်ခုံကို ပြန်ရောက်ချိန်တွင် ကျူးထုန်က ဘောပင်နှင့်စာရွက်ကို ထုတ်ကာ သူ၏သုံးသပ်ချက် စာစီစာကုံးကို စတင်ရေးသားရန် ပြင်ဆင်လိုက်သည်။ သူ စာရေးတော့မည့်ဆဲဆဲ ရုတ်တရက် ရပ်လိုက်ပြီး ရှောင်မင်ကို လှည့်ကြည့်ကာ ဦးလေးလျိုထံ တိတ်တဆိတ် စာတစ်စောင် ပို့လိုက်သည်။


တစ်ချိန်တည်းမှာပင် ရှောက်မင်၏ မိုဘိုင်းဖုန်းမှာလည်း ရင်းနှီးနေသည့် အမည်မသိ နံပါတ်တစ်ခုထံမှ စာတိုတစ်စောင်ကို လက်ခံရရှိခဲ့သည်။


[နောက်ဆုံးမှာ မင်းက ကျောင်းသားတစ်ယောက်သာသာပဲလို့ ငါ ဟိုးအရင်ကတည်းက ပြောခဲ့သားပဲ။]


[ကုန်းရွှေစီရင်စုကို လာဖို့ ငါ လူတစ်ယောက် လွှတ်လိုက်မယ်။ အဲဒီမှာ တွေ့ကြရအောင်။]


ရှောက်မင်၏အမူအရာက မည်းမှောင်သွား၏။


ထိုသူက အခွင့်အခါကောင်းများကို ရှာဖွေရာတွင် အတော်လေး ကျွမ်းကျင်လှပေသည်။


ပို၍အေးစက်သော အပြုံးတစ်ပွင့်ကို သူ၏နှုတ်ခမ်းများပေါ်တွင် ချိတ်ဆွဲလိုက်သည်။ သူ ထိုနံပါတ်ကို ချက်ချင်း အမည်ပျက်မသွင်းသေးဘဲ[block] ပြန်ဖြေလိုက်၏။ 


[ကောင်းပြီ။]


......


ကျောင်း၏ သီချင်းသံပြိုင်သီဆိုပွဲအတွက် စနစ်တကျ ပြင်ဆင်မှုများ ပြုလုပ်နေကြဆဲပင်။ ညနေပိုင်း ကိုယ်ပိုင်စာကြည့်ချိန်အတွင်း သင်ကြားရေးကျောင်း အဆောက်အအုံ၏ နေရာတိုင်းလိုလို၌ ညီညာလှသည့် သီချင်းဆိုသံကို ကြားနေရပေ၏။ မှန်ပေ၏... ။ထိုအသံက နားထောင်ကောင်းခြင်း၊ မကောင်းခြင်းမှာတော့ လုံးဝမသက်ဆိုင်သည့် အခြားကိစ္စတစ်ခုပင်။


"အခန်း ၂ က အရှေ့တောင်အာရှရဲ့ ပုလဲရတနာဆိုတဲ့ သီချင်းကို သီဆိုမယ်တဲ့။ သူတို့က အရမ်းကိုစိတ်ခံစားလွယ်ကြတာပဲ။ သူတို့ရဲ့အတန်းပိုင်ဆရာက ဘာလို့ ဒီလိုနူးညံ့သိမ်မွေ့တဲ့ သီချင်းကိုရွေးရတာလဲ။ ငါတို့ရဲ့လောင်ပန်က ဘာဖြစ်နေတာလဲ။ သူလည်း နူးညံ့သိမ်မွေ့တဲ့သူပဲလေ။ အဲဒါတောင် ငါတို့ကို စစ်သီချင်းဆိုခိုင်းနေတယ်။ သူ အဆင်ပြေရောရဲ့လား။ သူက အခန်း ၂ ရဲ့ အတန်းပိုင်ဆရာနဲ့ စိတ်ဝိညာဉ်ချင်း လဲလိုက်တာလား။ ဒါမှမဟုတ် တစ်ခုခုဖြစ်နေတာလား"


"မင်း ဒါကို နားမလည်ပါဘူး။ ဒီပြိုင်ပွဲမှာ အတန်းတိုင်းက ဆုရဖို့အတွက် သူတို့ ကောင်းကောင်း လုပ်နိုင်တဲ့အရာတွေကို ချပြကြမှာ။ အခန်း ၂ က ခေတ်ရေစီးကြောင်းကို ဆန့်ကျင်ပြီးသွားနေတာ ဖြစ်နိုင်တယ်"


"အခန်း ၂ က ပြိုင်ပွဲအတွက် အတန်းယူနီဖောင်းအသစ်တွေ ဝယ်နေတယ်လို့လည်း ကောလဟာလတွေ ကြားနေရတယ်။ ငါတို့ အတန်းက ဘာလို့ ဘာမှမလုပ်ကြသေးတာလဲ"


"အတန်းခေါင်းဆောင်ရော... ငါတို့အတန်းမှာရော ယူနီဖောင်းအသစ်တွေ ရှိမှာလား"


ထျန်နွမ် ရုတ်တရက် သတိထားပေးခံလိုက်ရပြီး အေးအေးလူလူ ပြန်ဖြေလိုက်သည်။ 


"ငါတို့က အတန်းယူနီဖောင်းဝတ်စုံတွေ လိုအပ်လို့လား။ ငါတို့ရဲ့ တလက်လက်တောက်ပနေတဲ့ ကြော်ငြာကုန်ပစ္စည်းနှစ်ခုကို စင်ပေါ်တင်လိုက်ရုံနဲ့တင် တခြားအတန်းတွေထက် ၃ မှတ် ပိုရလိမ့်မယ်"


"....."


သူမစကားပြောပြီးသည်နှင့် စာသင်ခန်းအတွင်းရှိ လူများက သူမနောက်ရှိ "တလက်လက်တောက်ပနေတဲ့ ကြော်ငြာကုန်ပစ္စည်း" နှစ်ခုကို တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။ သူတို့ထဲမှ တစ်ယောက်က ကြိုးကြိုးစားစား စာလေ့လာနေပြီး ကျန်တစ်ယောက်က သူ့လက်ကိုင်ဖုန်းနှင့် ကစားနေလေသည်။


ယမန်နေ့ညက တစ်စုံတစ်ယောက်က စိတ်အားထက်သန်စွာ အင်တာနက်ကို ညဉ့်နက်သည်အထိ အသုံးပြုကာ ကြည့်ရှုရှာဖွေနေခဲ့ချိန်တွင် နို့လက်ဖက်ရည်ဆိုင် အကြောင်းနှင့်ပတ်သက်ပြီး သတင်းတစ်ချို့ကို မတော်တဆ တွေ့လိုက်ရသည်။ ထို့အပြင် ရှောက်မင်နှင့် အခြားသူများ၏ မနက်ပိုင်းကိုယ်ပိုင်စာကြည့်ချိန်ကို နောက်ကျမှ ရောက်ရှိလာခြင်းကြောင့် စာသင်ခန်းထဲတွင် ဆွေးနွေးမှုအချို့ ဖြစ်ပွားလာခဲ့သည်။


သို့သော် စာသင်ခန်းသို့ ပြန်လာပြီးနောက် ရှောက်မင်၏ ပုံမှန်အမူအရာကိုမြင်လိုက်ရပြီးနောက် သူတို့ အွန်လိုင်းပေါ်တွင် မြင်တွေ့ခဲ့ရသည့် လူအိုကြီးကို ကန်ကြောက်နေသော "အရူး" နှင့် ဆက်စက်ကြည့်ရန် နည်းလမ်းမရှိပေ။


စာသင်ခန်းက တခဏမျှ ထူးထူးခြားခြား တိတ်ဆိတ်ငြိမ်သက်သွား၏။


ကျူးထုန် ရုတ်တရက် ခေါင်းမော့ကာ သူ့အတန်းဖော်များကို ကြည့်လိုက်သည်။


ချက်ချင်းဆိုသလိုပင် တစ်စုံတစ်ယောက်က အသိစိတ် ပြန်ဝင်လာပြီး ပြောလိုက်သည်။


"အဲဒါက အဓိပ္ပာယ်ရှိတယ်။ ငါတို့ အတန်းထဲမှာ အနုပညာရှင်ကြယ်ပွင့်တွေ တန်းစီရှိနေတာပဲလေ၊ အာ!"


လုကျစ်ယွီက တေးသီချင်း စီစဉ်ညွှန်ကြားသူအဖြစ် ဆောင်ရွက်နေစဉ် စာလေ့လာရေး နတ်ဘုရားနှင့် သခင်ငယ်လေးတို့က ရွတ်ဆိုရာ၌ ပါဝင်အားဖြည့်ခဲ့ကြသည်။ သူတို့ သုံးယောက်မှာ မတူညီသော ကိုယ်ဟန်အနေအထားဖြင့် အရှေ့တွင် ရပ်နေကြပြီး သူတို့နည်းသူတို့ဟန်ဖြင့် တစ်ယောက်ချင်းစီ ကြည့်ကောင်းနေကြသည်။


တကယ်လက်တွေ့တွင် သံပြိုင်သီဆို ဖျော်ဖြေနေစဉ်အတွင်း လုကျစ်ယွီက ပရိသတ်များထံ နောက်ကျောခိုင်းထားပေလိမ့်မည်။


"ဒါပေမယ့် ငါတို့အတန်းအတွက် တကယ်ကြီး ယူနီဖောင်းအသစ်မရှိဘူးလား။ ငါ ရှာတွေ့ထားတဲ့ ဒီချစ်စရာကောင်းတဲ့ ကျောင်းစကတ်လေးကို ကြည့်လိုက်စမ်း။ အဲဒါက ငါတို့နဲ့ဆို ကြည့်မကောင်းလောက်ဘူးလား"


"အနုပညာကော်မတီဝင်က ဘယ်မှာလဲ။ သူ့ကို လောင်ပန်ဆီ မေးခိုင်းရအောင်"


စာသင်ခန်းက တစ်ဖန်ပြန်လည် အသက်ဝင်လာခဲ့၏။


ထိုအချိန်တွင် ကျူးထုန်မှာ "မြေအောက်စစ်ဆင်ရေး" သီချင်းကြောင့် ဦးနှောက်ဆေးခြင်း ခံလိုက်ရသည်။ နောက်ဆုံးတွင် သူ စိတ်တည်ငြိမ်သွားပြီး အိမ်စာများ အချိန်ခဏမျှ လုပ်ခဲ့သော်လည်း ကျူးထုန် ရုတ်တရက် စာဆက်မရေးနိုင်တော့ပေ။


ကျူးထုန် ရှောက်မင်အနားသို့ တိုးကပ်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။ 


"ငါတို့သီချင်းဆိုတဲ့အချိန်ကျ ငါတို့နှစ်ယောက် ရွတ်ဆိုပြီးသွားရင် အခြားဘာမှ လုပ်စရာမရှိတော့ဘူးလား"


"ဟမ်" 

ရှောက်မင် ဖုန်းစခရင်ကို ကြည့်နေရာမှ မော့ကြည့်လိုက်သည်။

 "မင်းက နောက်ထပ် ဘာလုပ်ချင်သေးလို့လဲ"


"....."


သူ ဘာမှမလုပ်ချင်ဘဲ ထွက်ပြေးချင်နေပေ၏။


ကျူးထုန်ကဆိုသည်။


 "ရွတ်ဆိုပြီးသွားရင် ငါတို့ စင်ပေါ်က ဆင်းသွားလို့ရလား"


"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" 


ရှောက်မင် စကားမပြောခင်မှာပင် ထိုစကားကို ကြားလိုက်သော ထျန်နွမ်က ခေါင်းလှည့်လာ၏။


 "သံပြိုင်သီပွဲက တစ်တန်းလုံးရဲ့ စုပေါင်းအားထုတ်မှုပဲ။ နင့်ရဲ့ရွတ်ဆိုရတဲ့အပိုင်းက အပိုင်းသေးသေးလေး တစ်ခုသာ သာလောက်ပဲ။ နင့်ကို သီချင်းမဆိုခိုင်းတာက နင့်အတွက် ပစိဖိတ်သမုဒ္ဒရာလောက် ကြီးမားပြီး ခွင့်ပြုပေးနိုင်တဲ့ အခွင့်အရေး အတိုင်းအတာပဲ။ ဒါပေမဲ့ သံပြိုင်သီချင်းဆိုပွဲပြီးတဲ့အထိ နင် စင်ပေါ်မှာ ဆက်နေရမယ်"


သူမ ထိုသို့ပြောရင်း ရှောက်မင်ကို တစ်ဖန် ပြန်ကြည့်လိုက်သည်။


 "ဒါတွေအားလုံးက အတန်းထဲမှာ တရားမျှတမှုမရှိတဲ့ နင့်အပြစ်တွေပဲ။ ကြည့်အုံး၊ ကျူးထုန်က နင့်ကြောင့် ပျက်စီးနေပြီ"


ကျူးထုန်: "....."


ရိုးရိုးသားသားပြောရလျှင် ကျူးထုန်က ရှောင်မင်အတွက် တရားမမျှတသလို ခံစားလိုက်ရသည်။ သူက စင်ပေါ်တွင် မတ်တပ်မရပ်ချင်ရုံသာဖြစ်ပြီး ရှောက်မင်နှင့် ဘာမှမသက်ဆိုင်ပေ။


ရှက်ရွံ့သလိုလို... ခံစားရရုံပင်။


ဘာမှလုပ်စရာမရှိသကဲ့သို့ သူ့မျက်နှာပေါ်တွင် ပြီးပြည့်စုံသည့် အပြုံးလေးတစ်ခုနှင့်အတူ ပရိသတ်ကို ကြည့်ပေးဖို့ရောလိုသေးလား...


သေချင်လောက်အောင် ရှက်စရာကောင်းလှသည် မဟုတ်ပါလား...။


ရှောက်မင်က သူ့အမှားကို ခပ်မြန်မြန် ဝန်ခံလိုက်သည်။


 "အင်း၊ ငါ့အပြစ်ပါ"


ရှောက်မင် အနည်းငယ် ထူးဆန်းနေကြောင်း ကျူးထုန် ခံစားမိသည်။


သူ အလွန်တည်ငြိမ်နေပေ၏။


ကျူးထုန် မနက်ခင်းပိုင်း သူ၏သုံးသပ်စာ စာစီစာကုံးကို ရေးသားနေချိန်တွင် ဆေးရုံရှိ ချိုးရှောက်ဖျင်ကို ပြုစုစောင့်ရှောက်ပေးဖို့ တစ်စုံတစ်ယောက်ကို ရှာပေးရန် ဦးလေးလျိုကို တောင်းဆိုခဲ့သည်။ ချိုးရှောက်ဖျင်က ဒဏ်ရာအပြင်းအထန်ရသောကြောင့် အချိန်ခဏကြာသည်အထိ ဆေးရုံမှ ထွက်ခွာနိုင်လိမ့်မည် မဟုတ်ပေ။


မည်သို့ပင်ဆိုစေကာမူ ထိုလူက လျှို့ဝှက်ထားသော အန္တရာယ်တစ်ခုလည်းဖြစ်၏။ ရှောက်မင် ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အေးအေးဆေးဆေး တည်ငြိမ်နိုင်ရတာလဲ...။


နောက်ဆုံးတွင် သူတို့နှစ်ဦး ရွတ်ဆိုသည့်အချိန်မှ သံပြိုင်သီဆိုဖျော်ဖြေမှု ပြီးဆုံးသည့်အချိန်အထိ စင်ပေါ်တွင်နေရန် သတ်မှတ်လိုက်ကြသည်။


ရှက်ကြောက်မှုမဖြစ်စေရန် ရှောက်မင်က "shared stage" အစီအစဉ်ကို သတ်မှတ်ရန် စီစဉ်နိုင်ခဲ့သည်။


(shared stage ဆိုတာ လူအများကြီးနဲ့အတူတူရောပြီး တင်ဆက်ဖျော်ဖြေရတာပါ။ အစက လုကျစ်ယွီရယ် ရှောက်မင်ရယ် ကျူးထုန်ရယ် သုံးယောက်ပဲ ရှေ့ထွက်ရပ်နေရပြီး ကျန်တဲ့ကျောင်းသားတွေက အတူတူ သံပြိုင်သီဆိုမှာပါ။ အခုက လုကျစ်ယွီတစ်ယောက်တည်း ရှေ့မှာကျန်ခဲ့ပြီး ရှောက်မင်နဲ့ကျူးထုန်က အခြားကျောင်းသားတွေနဲ့ အတူတူမတ်တပ်ရပ်ပြီး ရွတ်ဆိုရမှာပါ။)


မူလက လူနှစ်ဦးမှာ သံပြိုင်တေးဂီတအဖွဲ့၏ မျက်နှာချင်းဆိုင် ဆန့်ကျင်ဘက်တွင် ရပ်နေသော်လည်း ယခုအခါ တစ်ဖက်တည်းတွင် မတ်တပ်ရပ်ရန် ပြောင်းလဲခဲ့ကြသည်။


ကျူးထုန် ဤအဆိုပြုချက်ကို လက်ခံခဲ့သည်။ ရှောက်မင် သူ့ဘေး၌ရှိနေလျှင် ပိုလုံခြုံကာ မရှက်ကြောက်သလို ခံစားရသည်။


တစ်နေကုန် ရွာနေသည့်မိုးမှာ စဲသွားပြီးဖြစ်သော်လည်း အပြင်ဘက်ရှိမြေပြင်မှာ စိုစွတ်နေဆဲပင်။


ကစားကွင်းတွင် ကျူးထုန်က ဗွက်အိုင်များမရှိသည့်နေရာများကို ဖြတ်လျှောက်ရန် ကြိုးစားရင်း တည့်တည့်သွားရမည့်အစား ကွေ့ကောက်သောလမ်းကို ဖန်တီးကာ လျှောက်သွားခဲ့သည်။


ရှောက်မင်က ပြုံးပြီး ကျူးထုန်အား အနောက်မှ ကြည့်နေခဲ့ကာ သူ လျှောက်ခဲ့သည့်လမ်းကြောင်းအတိုင်း လျှောက်လာလေသည်။


ကျူးထုန် ကျောင်း၏ကစားကွင်းရှိ မညီမညာသော ရွှံ့ဗွက်အိုင်များကို သဘောမကျသလိုရှောင်ကွင်းပြီး ခေါင်းကိုငုံ့ကာ လမ်းလျှောက်နေသောကြောင့် သူ့နောက်ကွယ်ရှိ ထူးထူးခြားခြား တစ်စုံတစ်ရာကို သတိမမူမိပေ။ ကျောင်းတံခါးအပြင်ဘက်တွင် သူ့အား စောင့်နေသည့်သူကိုလည်း သတိမထားမိခဲ့ပေ။


"သခင်လေး"


ကျောင်းတံခါးအပြင်သို့ လျှောက်သွားရင်း တစ်စုံတစ်ယောက်က သူ့ပခုံးကို ပေါ့ပေါ့ပါးပါး ပုတ်တော့မည့်ဆဲဆဲတွင် ကျူးထုန် မော့ကြည့်လိုက်သည်။


ကျူးထုန် အသံကိုကြားလိုက်သောကြောင့် ခေါင်းကိုလှည့်လိုက်သည်။


 "ဦးလေးလျို၊ ဘာလို့ ဒီကိုရောက်နေတာလဲ"


ဦးလေးလျိုက သူ့နောက်ကလူကို ကြည့်လိုက်သည်။


ရှောက်မင်မှ ပြောလာ၏။


 "မင်းကို လာကြိုဖို့ ဦးလေးလျိုကို တောင်းဆိုလိုက်တာ"


ကျူးထုန်: "?"


ရှောက်မင်က အပြင်ပိုင်းမှာ ဂရုမစိုက်ပြီး အေးဆေးတည်ငြိမ်တဲ့ပုံပေါ်ပေမဲ့ စိတ်ထဲမှာ အရမ်းကြောက်နေတာများလား...။


ထိုအတွေးက မှန်နိုင်သည်။ မည်သို့ပင်ဆိုစေကာမူ ရှောက်မင်သည်လည်း အထက်တန်း ကျောင်းသားတစ်ယောက်မျှသာ ဖြစ်နေဆဲပင်။ ထိုကဲ့သို့အရူးတစ်ယောက်၏ ပစ်မှတ်ထားခြင်းကို ခံရချိန်တွင် ကြောက်ရွံ့မည်မှာ သာမာန်ကိစ္စပင်ဖြစ်၏။


ကျူးထုန် အများကြီး စဉ်းစားမနေဘဲ ခေါင်းညိတ်လိုက်၏။


 "ဒါဆို ငါတို့…"


"မင်း ဦးလေးလျိုနဲ့ ပြန်သွားလိုက်၊ ကိုယ် ဒီနေ့ ပြန်သွားရမှာ"


ကျူးထုန်: "!"


ပြန်သွားမယ်... ဘယ်ကိုပြန်ရမှာလဲ...။


သူ့မျက်လုံးထဲတွင် အံ့အားသင့်နေသည်ကို မြင်လိုက်ရပြီး ရှောက်မင်က ပြုံးကာ ပြောလာသည်။ 


"ကိုယ် မနေ့က အလျင်စလိုနဲ့ ထွက်လာခဲ့တာ။ ဒီနေ့ ပြန်ပြီး အမေနဲ့ တွေ့ရမယ်"


ကျူးထုန်: "....."


မနေ့က ကြီးကြီးမားမား တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့သော်လည်း ရှောက်မင်၏အမေက အမှန်တကယ် ကြောက်နေပုံရသလို၊ မကြောက်နေသည့်ပုံလည်း ပေါ်ပြန်သည်။ ရှောက်မင် ပြန်သွားပြီး စစ်ဆေးမှသာ သင့်တော်ပေလိမ့်မည်။


တစ်ခုခုဖြစ်လျှင် လိုအပ်လာပေလိမ့်မည်။


သို့သော် ရှောက်မင်သာ ယနေ့ ပြန်သွားလျှင် ဗလာကျင်းနေသည့် သီးသန့်ခန်းထဲတွင် သူတစ်ယောက်တည်း မနေချင်ပေ...။ ယင်းက မည်သို့သော ထပ်တူညီမှုမျိုးပါလဲ။


အချိန်ခဏမျှ အနည်းငယ် အဆင်မပြေဖြစ်သွား၏။ ယခင်က ကျူးထုန် ဟိုတယ်များတွင် တစ်ယောက်တည်း နေခဲ့ဖူးသည့်အပြင် သူနှင့်ရှောက်မင်ကလည်း အခန်းတစ်ခန်းကို မျှသုံးနေခြင်း မဟုတ်ပေ။


သူ အမှန်ပင် ရှောက်မင်၏ဖျက်ဆီးခြင်းကို ခံခဲ့ရပေ၏။


ကျူးထုန် ခဏမျှ အံ့အားသင့်သွားပြီးနောက် လျင်မြန်စွာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ သူ ခေါင်းညိတ်ပြလိုက်၏။


 "မင်း ပြန်သွားပြီး ကြည့်သင့်တယ်။ မင်းရဲ့အိမ်က... ဝေးလား။ ဦးလေးလျိုနဲ့ငါ မင်းကို အဲဒီနေရာ ခေါ်သွားပေးရမလား"


"ရတယ်။ မလိုဘူး။ ကိုယ် တက္ကစီ စီးသွားလိုက်မယ်။ မင်း ပြန်ပြီး စောစောအနားယူတော့"


"....."


ကျူးထုန် ပြန်မဖြေသည်ကို မြင်ပြီး ရှောက်မင် ထပ်ဖြည့်ပြောလိုက်သည်။ 


"မနက်ဖြန် မနက်အတွက် အိပ်ရာနှိုးတဲ့ ဝန်ဆောင်မှုတော့ ရှိမှာမဟုတ်ဘူး၊ အဲဒါကြောင့် နောက်မကျစေနဲ့"


ကျူးထုန် မပြုံးဘဲမနေနိုင်ပေ။ 


"မင်းရဲ့ အိပ်ရာနှိုးတဲ့ ဝန်ဆောင်မှုက အသုံးမဝင်ဘူး"


သက်သေ: သူ ဤနေ့ သုံးသပ်စာ စာစီစာကုံးကို ရေးနေရဆဲပင်။


ရှောက်မင်၏မျက်လုံးများမှာ နူးညံ့သွား၏။ 


"ဒါဆို မနက်ဖြန်ကျရင် မင်းကို နှိုးဖို့ အစောကြီး ဖုန်းခေါ်လိုက်မယ်"


ဒီလိုဝန်ဆောင်မှုမျိုး ရှိလို့လား...။


ကျူးထုန်၏ မျက်လုံးများ တောက်ပသွားရသည်။ 


"တကယ်လား"


ရှောက်မင်၏ နှုတ်ခမ်းထောင့်များ မြင့်တက်သွားကာဖြင့် ပြန်ဖြေလာ၏။


 "တကယ်"


တကယ်တမ်း၌ ကျူးထုန် သူ့ကို အိပ်ရာနှိုးရန် ရှောက်မင်ကို မလိုအပ်ပေ။ သူ ဧည့်ခန်းသို့ ထွက်လာချိန်တွင် အခန်းထဲ၌ သူ့ဖုန်းကို မေ့ကျန်ခဲ့ပြီး နှိုးစက်နာရီသံကို မကြားရသောကြောင့် မနက်ပိုင်းတွင် နောက်ကျနေခြင်း ဖြစ်သည်။


သို့သော် ရှောက်မင်က သူ့ကို အိပ်ရာနှိုးရန် ဖုန်းခေါ်ပေးနိုင်ကြောင်း ပြောလာချိန်တွင် ကျူးထုန် အမှန်တကယ်ပင် ပျော်ရွှင်သွားခဲ့သည်။


အများအားဖြင့် သူတို့ ကျောင်းမှ အိမ်သို့ပြန်လာပြီးနောက် သူ၏စာလေ့လာမှုတွင် လမ်းညွှန်မှုအချို့ လိုအပ်နေချိန်မှလွဲ၍ သူတို့၏အခန်းများတွင် ကိုယ့်အလုပ်ကိုယ် လုပ်ကြပေလိမ့်မည်။ မည်သို့ဆိုစေကာမူ ည ၁၀ နာရီ ကျောင်းဆင်းပြီးနောက် သူတို့ အိမ်ပြန်ကြပြီး အထက်တန်း ကျောင်းသားများအနေဖြင့် ဖြုန်းစရာအချိန်ဟူ၍ အမှန်တကယ် ရှိမနေပေ...။


သို့သော် ထိုသို့ဆိုလျှင်တောင်မှ သူ အိပ်ပျော်နေချိန်တွင် သူ့ဘေး၌ တစ်ယောက်တစ်ယောက် ရှိနေသည်ကို ကျူးထုန် သိပေသည်။ သူ မည်သည့်အသံမှ မကြားရလျှင်တောင် သူတစ်ယောက်တည်း မဟုတ်ဘူးဆိုသည့်အကြောင်းကို သူ သိပေ၏။


ရှောက်မင်က သူ့ကို ဖုန်းခေါ်မည်ဟု ပြောလာချိန်တွင် ဆုံးရှုံးသွားသည့် လူတစ်ယောက် ရုတ်တရက် တစ်စုံတစ်ခုကို ရှာတွေ့သွားသည်နှင့် ဆင်တူလှ၏။ ရှောင်မင်က သူနှင့်အတူ တိုက်ခန်းတွင် ရှိနေသကဲ့သို့ပင်။


သူ့မျက်နှာပေါ်တွင် စိတ်တည်ငြိမ်သွားသော အပြုံးတစ်ခု ပေါ်ထွက်လာ၏။


ရှောက်မင် ထိုနေရာမှာပင် မတ်တပ်ရပ်ကာ ထိုအပြုံးကို ကြည့်နေရင်း သူ့နှလုံးခုန်သံများ ပြင်းပြင်းထန်ထန် ခုန်လှုပ်လာသည်ကို ခံစားလိုက်ရသည်။


ထိုအချိန်တွင် ဘေးနားမှ ဖြတ်သွားသည့် အခြားကျောင်းသားများ: "....."


ဒီနှစ်ယောက်က ကျောင်းတံခါးဝမှာ ဘာတွေများ ပရောပရီလုပ်နေကြတာလဲ...။


သူတို့ကို စောင့်နေခဲ့သော ဦးလေးလျို: "....."


သူ မှတ်မိတာသာ မှန်မယ်ဆိုရင် သူ့သခင်ငယ်လေးရဲ့ မနက်ပိုင်းအတန်းတွေက မနက် ၆ နာရီမှာ ရှိတာဟုတ်တယ်မလား...။


သူတို့ နာရီအနည်းငယ်လောက်လေးပဲ ခွဲကြရမှာ မဟုတ်ဘူးလား...။


တစ်ရေးတစ်မော အိပ်ပြီးတာတောင်မှ နည်းနည်းလောက် ပိုအိပ်လိုက်လည်း ရတာပဲလေ ဟုတ်တယ်မလာ

း...။


သူတို့ မနက်ဖြန်မနက်မှာ တစ်ယောက်နဲ့တစ်ယောက် တွေ့လို့ရသေးတယ်လေ။ ဘာလို့ ဒီလိုမျိုး နှုတ်ဆက်နေကြသေးတာလဲ...။


ဦးလေးလျို သက်ပြင်းချလိုက်ကာဖြင့်

 "သခင်လေး၊ သွားကြရအောင်ပါ"


***

စာရေးသူမှာ ပြောစရာရှိပါတယ်။


စိတ်ရှည်ကြပါ၊ နှစ်သက်မှုဘားတန်းက မြင့်တက်လာခါနီးပါပြီ!


🤒