Chapter 92
Viewers 18k

🤒အခန်း.၉၂




ရှောက်မင် သူ့အခန်းကိုသော့ခတ်ကာ လသာဆောင်ဆီသို့ လျှောက်သွားနေစဉ် သူ့ဖုန်းကို ကောက်ကိုင်လိုက်သည်။ ထို့နောက် သူ ဖုန်းပြန်ဖြေလိုက်၏။


ဖုန်းတစ်ဖက်မှ အမျိုးသမီးတစ်ယောက်၏ ဒေါသူပုန်ထနေသည့်အသံက ပေါ်ထွက်လာပေသည်။


 "ရှောက်မင်! မျိုးမစစ်ကောင်! မင်းရဲ့ညီလေးကို လမ်းမပေါ်မှာ ခြိမ်းခြောက်ဖို့ တစ်စုံတစ်ယောက်ကိုတောင် လွှတ်လိုက်တယ်ပေါ့။ မင်း လူရောဟုတ်သေးရဲ့လား။ သူက အသက် ၁၄ နှစ်ပဲ ရှိသေးတယ်လေ"


စာတိုလက်ခံရရှိပြီးနောက် နို့လက်ဖက်ရည်ဆိုင်သို့ သွားသည့်လမ်းတစ်လျှောက်တွင် ရှောင်မင် ဖုန်းဆက်ကာ စုံစမ်းမေးမြန်းခဲ့သည်။ ချိုးရှောက်ဖျင်က ယမန်နေ့က လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။


ချိုးရှောက်ဖျင် ထောင်ကျနေသည်မှာ ၅ နှစ်ကျော်ရှိပြီဖြစ်ကာ အသစ်တည်ဆောက်ထားသည့် လေဟာပြင်ဈေးများနှင့် အသစ်စက်စက် ဖွင့်လှစ်ထားသည့် နို့လက်ဖက်ရည်ဆိုင်များဖြင့် ပြည့်နှက်နေသည့် အစဉ်အမြဲ ပြောင်းလဲနေသော ဤကဲ့သို့မြို့ပြနေရာတွင် ချိုးရှောက်ဖျင်က ရှန့်မင်နို့လက်ဖက်ရည်ဆိုင်ကို ဘယ်လိုနည်းနှင့် မြန်မြန်ဆန်ဆန် တိတိကျကျ ရှာတွေ့ခဲ့သလဲဆိုသည့် မေးခွန်းတစ်ခု စိတ်ထဲတွင် ပေါ်လာခဲ့သည်။


လွန်ခဲ့သော ၅ နှစ်အတွင်း တစ်ကြိမ်တစ်ခါမှ ပြောင်းရွေ့မသွားဖူးသလို နို့လက်ဖက်ရည်ဆိုင်၏ တည်နေရာကို အတိအကျသိကာ ချိုးရှောက်ဖျင် ရှာတွေ့နိုင်သည့် တစ်ဦးတည်းသောသူမှာ ရှောက်ယွီဟန်ပင်ဖြစ်၏။


ထောင်ကလွတ်လာပြီးနောက် ချိုးရှောက်ဖျင် လုပ်မည့်အရာများကို ကောင်းကောင်းသိထားသော "ဆွေမျိုးများ" ဟု ခေါ်ဆိုနိုင်သည့်သူများက ကြိုတင်သတိပေးရန် စာတိုလေးတစ်စောင်ပင် မပို့ခဲ့ကြပေ။


ချိုးရှောက်ဖျင် ထောင်ကလွတ်လာသည်ကို မြင်ပြီး သူ့အဒေါ်မည်ကဲ့သို့ တွေးနေလောက်မည်နည်း။


ရှောက်မင် သူ လုပ်ခဲ့သည့်အရာများကို မငြင်းဆိုခဲ့ပေ။ သူ ရယ်မောလိုက်၏။


 "ဘာလဲ။ ကျွန်တော့် ဝမ်းကွဲညီလေးက ငိုသွားခဲ့တာလား"


ရှောက်ယွီဟန် : "မင်း....."


"စိတ်မပူပါနဲ့၊ ခင်များတူလေး ကျွန်တော်က ဘာမှမလုပ်ရသေးပါဘူး"


ရှောက်ယွီဟန်၏အသံက တုန်လှုပ်နေသည်။


 "ရှောက်မင်၊ မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ။ ငါက မင်းအမေရဲ့အစ်မပါ။ မင်း..."


"ဟုတ်လား" 

ရှောက်မင်က ပြောလိုက်သည်။


 "ညီအစ်မတွေက ခက်ခဲတဲ့အချိန်တွေမှာဆို တစ်ယောက်ဘေးမှာ တစ်ယောက် ရပ်တည်သင့်တယ်လေ။ ဟုတ်တယ်မလား... ဒါမှမဟုတ် ဒေါ်လေးက ဒီသဘောထားကို မကြိုက်ဘူးလား။ ပိုပြီးတိုက်ရိုက်ကျတဲ့ နည်းလမ်းကို ပိုကြိုက်တာလား။ နို့လက်ဖက်ရည်ဆိုင်နဲ့ ပတ်သက်တဲ့သတင်းကို မြင်ပြီးပြီလား။ ပိုပြီးတိုက်ရိုက်ကျတဲ့ အပြုအမူကို ဒေါ်လေး စမ်းကြည့်ချင်လား။ ဒါမှမဟုတ် ကျွန်တော့်ဝမ်းကွဲညီလေးကို စမ်းကြည့်ခိုင်းလိုက်ရမလား"


ကျွယ်ယွီနန်၏ ပါဝင်ပတ်သက်မှုကြောင့် ရှန့်မင်နို့လက်ဖက်ရည်ဆိုင်၏ ပုံရိပ်အဆင့်အတန်းက မြင့်မားလာပြီး အင်တာနက်ပေါ်တွင် နာမည်ကြီးသည့်ဆိုင်တစ်ဆိုင် ဖြစ်လာခဲ့သည်။ နို့လက်ဖက်ရည်ဆိုင် အပြင်ဘက်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်၏သတင်းက သေချာပေါက် မြန်မြန်ဆန်ဆန်ပင် ပျံ့နှံ့သွားခဲ့သည်။


သူတို့၏ "အဆုံးသတ်" ကို မြင်တွေ့ရရန် အရမ်းမျှော်လင့်နေသည့် သူ့အဒေါ်က ချိုးရှောက်ဖျင်၏ အကြီးအကျယ် ဒုက္ခရောက်နေသော အခြေအနေကို ကြည့်ပြီးပေလိမ့်မည်။


'သူက အမေနဲ့ငါ့ကို အေးအေးဆေးဆေး လွှတ်ထားပေးတာ မမြင်ချင်ဘူးဆိုတော့လည်း သေချာပေါက် သူတို့နဲ့ကောင်းကောင်း ပျော်ပေးရတာပေါ့'


ရှောက်မင် အေးစက်စွာ တွေးလိုက်မိသည်။


"နို့လက်ဖက်ရည်ဆိုင်" အကြောင်း ပြောလာသည်ကို ရှောက်ယွီဟန် ကြားလိုက်ရချိန်တွင် သူမ၏အပြုအမူများက သူ့ကို ဒေါသထွက်သွားစေခဲ့ကြောင်း သူမ သိလိုက်ပေသည်။ သူမ ရုတ်တရတ် အေးစက်မှုကို ခံစားလိုက်ရပြီး အသံကိုတိုးကာ ပြောလိုက်သည်။ 


"ရှောက်မင် မင်း ဒီလိုလုပ်လို့မရဘူးလေ။ ချိုးရှောက်ဖျင်က ငါ့ကိုလာရှာတော့ ဒေါ်လေးမှာလည်း ရွေးချယ်စရာမရှိဘူး။ မင်းရဲ့ညီလေးကို ချမ်းသာပေးလို့မရဘူးလား။ သူက မင်းရဲ့ဝမ်းကွဲညီလေး‌လေ။ ဟင်... ရှောက်မင်"


"....."


"....."


'ဝမ်းကွဲညီလေးတဲ့လား'


ရှောက်မင် တစ်ခုခုကို တွေးမိသွားပြီး ပြက်ရယ်ပြုကာ ရယ်မောလိုက်သည်။


ဖုန်းထဲက အမျိုးသမီးအသံက အသနားခံ တောင်းပန်နေသေးသော်လည်း ရှောက်မင်မှာ စကားဆက်မပြောတော့ဘဲ ဖုန်း၏အခြားတစ်ဖက်ရှိ တစ်ဖက်လူအပေါ် မမြင်နိုင်သည့် အကြောက်တရားများ လွှမ်းခြုံသွားစေရန် ဖုန်းချလိုက်သည်။


ထို့နောက် လော့ရှိုး၏ဦးလေးထံသို့ ဖုန်းဆက်လိုက်သည်။


ရဲစခန်းမှရဲများက ထိုလူကို ဆေးရုံသို့ ပို့ဆောင်ပြီးနောက် ချက်ချင်းပင် ထောင်စောင့်အား ဆက်သွယ်လိုက်ပြီး ချိုးရှောက်ဖျင်နှင့် ၎င်း၏ပြစ်မှုမှတ်တမ်း အထောက်အထားများကို အတည်ပြုစစ်ဆေးခဲ့သည်။


"ဒါပေမယ့် သူ ထောင်ကထွက်လာပြီးတော့ နို့လက်ဖက်ရည်ဆိုင်ကို သွားထိုင်ရုံလောက်ပဲ။ သူ ပြောခဲ့တဲ့စကားတွေက ရာဇ၀တ်မှု မမြောက်ဘူး။ ဒါကြောင့် အခုလောလောဆယ်တော့ သူက ရဲတွေရဲ့ အနီးကပ် စောင့်ကြည့်မှုအောက်မှာပဲ ရှိသေးတယ်။ သူ့ကို ဖမ်းဖို့ အထောက်အထားမရှိဘူး"


ပြန်မဖြေခင် ရှောက်မင် ခဏမျှ တိတ်ဆိတ်သွားသည်။


 "တကယ်လား"


"သူ ဒဏ်ရာအပြင်းအထန်ရပြီး ဆေးရုံမှာ ဆေးကုသမှုခံယူနေရတော့ မင်းကို ခြိမ်းခြောက်နိုင်အုံးမှာ မဟုတ်ဘူး။ ဆေးရုံက ဆင်းလာတဲ့အခါကျရင်လည်း ရဲတွေက မင်းကို ကာကွယ်ဖို့ အကောင်းဆုံး ကြိုးစားသွားလိမ့်မယ်"


"....."


ရဲများက ဥပဒေစည်းကမ်းနှင့်အညီ အမှုအခင်းများကို အမြဲတမ်း ကိုင်တွယ်ဖြေရှင်းနေသော်လည်း ဆေးရုံက ထိုလူမှာ စည်းကမ်းဥပဒေများကို ဘယ်သောအခါကမှ မလိုက်နာခဲ့ပေ။


အမျိုးသမီးတစ်ဦး၏ ကြောက်လန့်တကြားအော်သံကို သူ ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။ ထိုအသံမှာ သေးငယ်တိုးလျနေပြီး အမျိုးသမီး၏မျက်နှာမှာ စက္ကန့်နှင့်အမျှ ဖြူဖျော့နေကာ မျက်နှာသုတ်ပုဝါစိုစိုတစ်ထည်က သူမ၏အသက်ရှူခြင်းကို နှောင့်နှေးစေပြီး အသက်မရှူနိုင်အောင် ဖြစ်နေပေသည်။


ချည်နှောင်ခံထားရသည့် သူ့ခြေလက်များ၏ နာကျင်မှုများကို သူ မှတ်မိနေသေးသည်။ သူ့အဆစ်များက ထပ်ခါထပ်ခါ အချိုးခံရပြီး ပြန်ကောင်းသွားကာ တစ်ကြိမ်ပြီးတစ်ကြိမ် ထိုသို့ဆက်ဖြစ်နေခဲ့သည်။


အချို့နေ့များတွင် ရိုက်နှက်မှုများကြောင့် ဒဏ်ရာရသွားစေလိမ့်မည်။ ထို့နောက် ရက်အတော်ကြာ "ပြန်လည်ထူထောင်ရေးအတွက် အကျဉ်းချခံထားရခြင်း" ကို အမြဲလိုက်နာ လုပ်ဆောင်ရမည်ဖြစ်သည်။


သူ မည်သည့်အချိန်ကစပြီး ဆန့်ကျင်ခုခံခဲ့တာလဲ...။ အသက်ခြောက်နှစ် အရွယ်တုန်းကလား...။၊ဒါမှမဟုတ် ခုနစ်နှစ်အရွယ်ကလား... ။ သူ မမှတ်မိတော့ပေ။


ကလေးတစ်ယောက်၏ ခုခံနိုင်စွမ်းက အမြဲတမ်း အလွန်အားနည်းပြီး အကာအကွယ်ကင်းမဲ့လှ၏။ ထို့အပြင် ကလေးငယ်တစ်ယောက်၏ ဖော်ထုတ်ပြသသော မည်သည့်စိတ်ခံစားချက်မဆို လူကြီးများအတွက် နားလည်ရန် အလွန်ရိုးရှင်းလွယ်ကူလှပေ၏။ ထို့‌ကြောင့် ထိုအပြုအမူမှာ လူကြီးများအတွက် အစီအစဉ်အသစ်တစ်ခု ပြုလုပ်ရန် အချက်ပြမှုတစ်ခုဖြစ်သလို၊ သတိပေးချက်တစ်ခုလည်း ဖြစ်ပေသည်။ ဤအစီအစဉ်အသစ်က ရဲစွမ်းသတ္တိကို ပြိုကွဲသွားစေပြီး သုညအခြေအနေသို့ ပြန်လည်ရောက်ရှိသွားစေရန် အမြဲစီမံထားပေသည်။


အောင်အောင်မြင်မြင် အကူအညီတောင်းရန် အခွင့်အရေးမှာလည်း အလွန်နည်းလှပေ၏။ ကိုယ်နှင့်မသိသည့် သူစိမ်းလူကြီးများက ကလေးငယ်များ ပြောသည့်စကားကို ယုံကြည်ခဲပြီး အချို့ကိစ္စများ၌ သူတို့ ယုံကြည်လျှင်တောင် ကြားဝင်စွက်ဖက်လိုစိတ်မရှိပေ။


သူ အခြားသူများကို အားကိုး၍မရနိုင်သောကြောင့် သူ့ကိုယ်သူ တိုးတက်လာအောင် လုပ်ခဲ့ရသည်။


အသက် ၁၂ နှစ်အရွယ်တွင် သူ ထိုလူကို ထောင်ထဲပို့နိုင်လျှင် အသက် ၁၇ နှစ်အရွယ်တွင်လည်း ထိုသို့တူညီသည့်အတိုင်း ပြုလုပ်နိုင်ပေသည်။


ရှောက်မင် ဖုန်းထဲရှိလူကို "ကောင်းပါပြီ" ဟု ပြောကာ ခေါင်းကိုမော့ပြီး ကုတင်ပေါ်သို့ လှဲချလိုက်သည်။


ထိုညတွင် ရှောက်မင် သူ့အခန်းထဲမှ ထွက်မလာခဲ့ပေ။ ထို့ကြောင့် အိပ်ခန်းထဲသို့ပြန်သွားသည့် တစ်စုံတစ်ယောက်က မှောင်မည်းနေသော ဧည့်ခန်းထဲသို့ ထပ်မံခိုးဝင်လာသည်ကို သူ မသိလိုက်ပေ။


ကျူးထုန်က စိုးရိမ်နေဆဲဖြစ်ပြီး ဧည့်ခန်းတွင်နေခြင်းက အခန်းထဲရှိလူများ၏ လှုပ်ရှားမှုများကို အရင်ဆုံးသိရှိရန်အတွက်လည်း အဆင်ပြေပေသည်။


ညသန်းခေါင် နောက်ပိုင်းအချိန်တွင် မိုးများ ရွာသွန်းလာခဲ့သည်။ မိုးမှာ အတော်လေးသည်းနေပြီး လေထုကို တဖြည်းဖြည်း အေးလာစေသည်။ ကျူးထုန် ခေါက်ထားသော စောင်တစ်ထည်ကို ဆွဲယူလိုက်ပြီး သူ့ကိုယ်ပေါ်သို့ လွှမ်းခြုံလိုက်သည်။ သူ့ကိုယ်သူ ရစ်ပတ်ထုပ်ပိုးပြီးနောက် စတင်ငိုက်မြည်းလာတော့သည်။


သူ အခန်းတံခါးကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်သော်လည်း မည်သည့်အလင်းရောင်မှ ထွက်ပေါ်မလာခဲ့ပေ။ အမှောင်ထဲတွင် သူ၏မျက်ခွံများကို ပိတ်ကျမသွားစေရန် စတင်ကြိုးစားတိုက်ခိုက်ခဲ့ပြီးနောက် သူ့ခန္ဓာကိုယ်ကပင် သူ၏စိတ်ဆုံးဖြတ်ချက်ကို သစ္စာဖောက်သွားခဲ့လေသည်။ သူ့ခေါင်းကို ဆိုဖာ၏လက်ရန်းပေါ်သို့ တင်ကာ အနားယူလိုက်ချိန်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။


နောက်တစ်နေ့မနက်၌ ရှောက်မင် ဧည့်ခန်းရှိမီးများကို ဖွင့်လိုက်ချိန်တွင် ဆိုဖာပေါ်တွင် အိပ်ပျော်နေသော သခင်ငယ်လေးကို တွေ့လိုက်ရသည်။


"....."


ဧည့်ခန်းထဲရှိ မီးအလင်းရောင်က ဆိုဖာနှင့် မျက်နှာမူချင်းဆိုင်တည့်တည့်တွင် တည်ရှိသည်။ ထို့ကြောင့် ရုတ်တရက် ဖွင့်လိုက်ချိန်တွင် သခင်ငယ်လေး၏ ပိတ်ထားသော မျက်ခွံများကို ထိုးဖောက်ဝင်ရောက်သွားသည်။ ထို့နောက် မျက်ခွံများ လှုပ်ရှားသွားပေသည်။


သို့သော် ကျူးထုန် နိုးမလာခဲ့ပေ။


ယမန်နေ့ညက အလွန်နောက်ကျမှသာ သူ အိပ်ရာဝင်ခဲ့ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲပင်။ သူ အနည်းငယ် မျက်မှောင်ကြုတ်ကာ ခေါင်းကိုစောင်းလိုက်ပြီး စူးရှသော မီးရောင်များကြားမှ အိပ်ပျော်သွားခဲ့သည်။


သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် တင်းတင်းကျပ်ကျပ် ပတ်ထားသည့်စောင်ကို ကြည့်ခြင်းအားဖြင့် အအေးဒဏ်ကို အလွန်ကြောက်ရွံ့သည့်ပုံပင်။ အစိမ်းနုရောင်စောင်က သူ့ကို ပိုးကောင်ငယ်လေးနှင့် တူသွားစေသည်။


လမ်းလျှောက်လာချိန်တွင် သူ့ထံတွင် မည်ကဲ့သို့ စိတ်ခံစားချက်မျိုးရှိနေမှန်း ရှောက်မင် မသိပေ။


သူ့ခြေလှမ်းများက ပေါ့ပါးနေသော်လည်း သူ့နှလုံးခုန်သံက မြန်နေပေ၏။


လက်ရန်းကိုမှီကာ ဆိုဖာပေါ်တွင် လဲလျောင်းနေသော လူငယ်လေးက မြေကြီးပေါ်တွင် ခြေထောက်နှစ်ချောင်းကို တွဲလောင်းချထားပြီး အလွန်သက်သောင့်သက်သာမဖြစ်သည့် အနေအထားဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပေ၏။


'သူ ဘယ်အချိန်တုန်းက ထွက်လာတာလဲ။ တစ်ညလုံး ဆိုဖာပေါ်မှာ အိပ်နေတာလား'


ရှောက်မင်၏နှလုံးသားမှာ အနည်းငယ် တုန်လှုပ်သွားသည်။


လွန်ခဲ့သောငါးနှစ်ခန့် ချိုးရှောက်ဖျင်ထံမှ သူတို့ လွတ်မြောက်လာခဲ့သည့် ပထမဆုံးမနက်ခင်း၌ ရှောက်မင် ထိုနည်းတူစွာပင် သူ့အခန်းထဲမှ ထွက်လာခဲ့သည်။ ထိုအချိန်ကလည်း ဧည့်ခန်းထဲတွင် တစ်စုံတစ်ယောက်ရှိနေခဲ့သည်။


ဆယ်စုနှစ်တစ်ခုကျော်ကြာ သူ့ကို ပြုစုစောင့်ရှောက်ခဲ့သည့်သူက မြေပြင်ပေါ်ရှိ သွေးများနှင့် မှန်ကွဲစများကို စိတ်ရှည်လက်ရှည် သန့်ရှင်းနေခဲ့သည်။ သူမကိုကြည့်ရသည်မှာ ပင်ပန်းနေပုံရပြီး တစ်ညလုံး မအိပ်ခဲ့ပုံရပင်။


ရှောက်မင် မှတ်မိနေသေး၏ ။ သူ တံခါးဖွင့်လိုက်သည်နှင့် ရှောက်ယွီကျယ်က သူ့ကို လှည့်ကြည့်လာပေသည်။ ထိုအကြည့်က ချိုးရှောက်ဖျင် နောက်တစ်ယောက်ကို တွေ့လိုက်ရသကဲ့ပင်။


တကယ်တမ်း၌ သူမက ချိုးရှောက်ဖျင်နှင့် ရင်ဆိုင်နေရသည့် အချိန်ကထက်ပင် ပိုကြောက်နေပုံရသည်။


ချိုးရှောက်ဖျင် သူမထံ ယူဆောင်လာသည့် အကြောက်တရားက မျှော်လင့်ချက် ပျက်သုဉ်းခြင်းနှင့် ထုံထိုင်းနာကျင်ခြင်းသာ ဖြစ်သော်လည်း ရှောက်ယွီကျယ် သူ့(ရှောက်မင်)ကို ကြည့်လာသည့်အချိန်တွင် သူမက မကောင်းဆိုးဝါးတစ်ကောင်ကို ကြည့်နေရသကဲ့သို့ပင်။


အသက် ၁၂ နှစ်အရွယ် မကောင်းဆိုးဝါးတစ်ကောင်။


ထို့အပြင် လူတိုင်းက မကောင်းဆိုးဝါးများကို ကြောက်ကြပေသည်။


ထို့ကြောင့် မနေ့ညက ကျူးထုန် သူ့ကို မကြောက်ကြောင်းပြောလာချိန်တွင် ရှောက်မင် အမှန်ပင် မယုံကြည်ခဲ့ပေ။


ကျူးထုန် သေသေချာချာ မတွေ့ဖူးသေးခြင်း ဖြစ်နိုင်သည်။ သို့မဟုတ် ကျူးထုန်က အရမ်းနောက်ကျသည့်အချိန်မှ ရောက်လာခဲ့ပြီး သူ အမှန်တကယ် လုပ်ခဲ့သည့်အရာများကို မသိခြင်းလည်းဖြစ်နိုင်သည်။


သို့တည်းမဟုတ် သူ့ကို နှစ်သိမ့်ပေးရန် ထိုစကားများကို ပြောခဲ့ရုံသာဖြစ်ပြီး တကယ်တမ်း သူနှင့်မျက်နှာချင်းဆိုင်နေချိန်တွင် တည်ငြိမ်ဟန်ဆောင်နေခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။


ဤကိစ္စပြီးဆုံးသွားလျှင် ကျူးထုန်လည်း သူ့ကို ကြောက်သွားပေလိမ့်မည်။


သို့သော် လက်တွေ့တွင်မူ အလွန်ထူးခြားလှသော ထိုလူငယ်လေးက သူ့ကို စိုးရိမ်နေသောကြောင့် ဧည့်ခန်းထဲတွင် အိပ်နေပေ၏။


တစ်ညလုံး စွဲကျန်ရှိနေသော စိတ်ဓါတ်ကျနေသည့် ခံစားချက်များမှ တစ်မဟုတ်ချင်း လွတ်မြောက်သွားပုံရသည်။


ရှောက်မင် ဆိုဖာဘေးတွင် ရပ်ကာ အိပ်ပျော်နေသော လူငယ်လေး၏ ဦးခေါင်းထက်တွင် တောက်ပနေသော အလင်းရောင်ကို ကာပေးထားလိုက်သည်။ ကောင်လေး၏ မျက်မှောင်ကြုတ်ထားသော မျက်ခုံးများက တဖြည်းဖြည်း ပြေလျော့သွားသော်လည်း နိုးမလာသေးပေ။


ရှောက်မင် ဆိုဖာဘေးတွင် ငုတ်တုတ်ထိုင်ချလိုက်ပြီး အနည်းငယ်ဟနေသော ကောင်လေး၏ နှုတ်ခမ်းများကိုကြည့်ကာ ငြိမ်သက်အေးချမ်းပြီး နွေးထွေးလှသည့် အသက်ရှုသံများကို နားထောင်နေလိုက်သည်။


ပြတင်းပေါက် အပြင်ဘက်ရှိ မိုးသံများက ရပ်တန့်မသွားသေးပေ။ တဖြောက်ဖြောက်အသံများက အိပ်ငွေ့ချနေသကဲ့ပင်။ သို့ရာတွင် ထိုအသံက သူ့နှလုံးသားကို နူးညံ့စွာ ရိုက်ခတ်နေပြီး ယားယံသလို ခံစားလိုက်ရသည်။


ရှောက်မင် လက်ဆန့်ထုတ်ပြီး ကောင်လေး၏ နူးညံ့လှသောနှုတ်ခမ်းများကို လှမ်းထိလိုက်သည်။


သူ့မျက်လုံးများက အနည်းငယ် မည်းမှောင်သွားသော်လည်း ထိုအခြေအနေကို အခွင့်ကောင်းမယူခဲ့ပေ။


သူ စောင့်ဆိုင်းရပေမည်။


ရှောက်မင် ကိုယ်ကိုကိုင်းကာ ခေါင်းငုံ့လိုက်ပြီး လူငယ်လေးကို ဆိုဖာပေါ်မှ မ,ချီလိုက်ချင်သည်။ သို့သော် ကောင်လေး၏ လည်ပင်းနောက်သို့ သူ့လက်ကိုထားလိုက်ချိန်မှာပင် အိပ်ပျော်နေသည့် လူငယ်လေးက ရုတ်တရက် ညည်းညူကာ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပေ၏။


အပြည့်အ၀ မနိုးသေးသောကြောင့် လူငယ်လေး၏မျက်လုံးများမှာ ဝေဝါးနေပေသည်။ နောက်ပြန်ဆုတ်ရန် ကြံရွယ်ထားသော ရှောက်မင်၏မျက်နှာက လူငယ်လေးရှေ့တွင် ရုတ်တရက် အေးခဲသွား၏။


"....."


ကျူးထုန် သူ၏လေးလံလှသော မျက်ခွံများကို မှိတ်လိုက်ပြီးနောက် သူ့လည်ပင်းပေါ်တွင် ထူးဆန်းသည့် နာကျင်ခြင်းကို ခံစားလိုက်ရသည်။ သေသေချာချာ ကြည့်ရန် သူ့ခေါင်းကို စောင်းလိုက်သည်။


"ကိုယ့်ကြောင့် မင်း နိုးသွားပြီလား" 


ရှောက်မင် တိုးတိုးလေး ပြောလိုက်သည်။


ကျူးထုန် ဆွံအသွားရသည်။

 "မင်း..."


သူ့လည်ပင်းနောက်ကို ဒီကောင် ဘာလုပ်လိုက်တာလဲ...။


ရှောက်မင်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

 "မင်းကို တိတ်တိတ်လေး နမ်းမလို့လေ"


"....."


ကျူးထုန် အေးခဲသွား၏။


အကယ်၍ ရှောက်မင်သာ ဤကဲ့သို့ဆက်ပြီး နောက်ပြောင်နေမည်ဆိုလျှင် နောင်တစ်ချိန်ကျ သူ အတည်ယူမိပေလိမ့်မည်။


ရှောက်မင် မတ်တပ်ထရပ်ပြီး တစ်ချိန်တည်းမှာပင် လူငယ်လေးကို ကောက်ချီလိုက်သည်။ ထို့နောက် ပေါ့ပေါ့ပါးပါး အမူအရာဖြင့် ပြောလာသည်။ 


"ဒီလိုဆိုဖာသေးသေးလေးပေါ်မှာ ဘယ်လိုလုပ် အိပ်နိုင်တာလဲ။ အိပ်ရာပေါ်ကိုသွားအိပ်"


"ငါ့ဘာသာသွားလို့ရတယ်" 


ကျူးထုန် ထိုသို့ပြောလိုက်ပြီး အားလပ်ရက်များအတွင် ဖြစ်ပေါ်လာသည့် အလေ့အထအရ ရှောက်မင်၏ပခုံးပေါ်သို့ သူ့လက်ကို တင်လိုက်ပြီးဖြစ်၏။ သူ၏အားနေသော လက်တစ်ဖက်ဖြင့် သူ့မျက်လုံးကို ပွတ်ကာ မေးလိုက်သည်။


 "ဘယ်အချိန်ရှိပြီလဲ"


ရှောက်မင် : "စောသေးတယ်။ မင်း ဆက်အိပ်လို့ရတယ်"


ကျူးထုန်က အလွန်အိပ်ချင်နေပြီဖြစ်သောကြောင့် စိတ်သက်သာရာရသွားသည်။ သူ့ပါးစပ်ကို လက်ဖြင့်အုပ်ကာ သမ်းလိုက်၏။ သူ တစ်စုံတစ်ခုကို သတိရသွားချိန်တွင် အပြည့်အဝ နိုးကြားသွားပြီး ဆက်ခနဲလှုပ်ရှားသွားသည်။ 


"ဘာလို့ အစောကြီးနိုးနေတာလဲ"


ရှောက်မင် : "....."


ကျူးထုန်၏စိတ်ထဲတွင် ရှောက်မင်က ဖြစ်နိုင်ချေရှိသော အန္တရာယ်ကို မည်သို့တားဆီးနိုင်ခဲ့သည်ဟူသော အတွေးများဖြင့် ပြည့်နှက်နေသည်။ ကျူးထုန် ရှောက်မင်ကို စိုးရိမ်တကြီး ကြည့်ကာ မေးလိုက်သည်။ 


"မင်း... အိပ်ရတာ အဆင်မပြေဘူးလား။ တစ်ခုခုက မင်းကို စိတ်အနှောင့်အယှက် ဖြစ်စေလို့လား"


"....."


ရှောက်မင် တစ်ညလုံး အိပ်မပျော်ခဲ့သော်လည်း ယခုအခါ အနည်းငယ် ကသိကအောက် ဖြစ်သွားမိသည်။


ကျူးထုန် တီဗွီစင်အထက်ရှိ တိုင်ကပ်နာရီကို လှည့်ကြည့်ကာ အံ့အားသင့်သွားခဲ့သည်။


အချိန်သည်ကား ၆:၁၀ ပင် ရှိပြီဖြစ်၏။


သူတို့၏မနက်ပိုင်း ကိုယ်ပိုင်စာကြည့်ချိန်က ၆ နာရီ ၄၀ မိနစ် တွင်ဖြစ်သည်။ ဤနေရာမှ သူတို့အတန်းရှိရာဆီသို့ သွားရန် မိနစ် ၂၀ ခန့်ကြာမြင့်သောကြောင့် အနည်းဆုံး သူတို့ ၆:၂၀ တွင် အိမ်မှထွက်ရပေမည်။


ကျူးထုန် ရှောက်မင်ကို ပြန်လှည့်ကြည့်ကာ တစ်စက္ကန့်၊ နှစ်စက္ကန့်မျှ ရပ်တန့်သွားပြီးနောက် ကဏန်းတစ်ကောင်ကဲ့သို့ ရှောက်မင်ပေါ် ခုန်တက်လိုက်သည်။


ရေချိုးခန်းထဲတွင် ကျူးထုန်က သွားတိုက်ရင်း မကျေမနပ်ဖြင့် ပြောဆိုလိုက်သည်။


 "ငါတို့ နောက်ကျတော့မယ်ဆိုတာကို မင်းဘာလို့ သတိမပေးတာလဲ။ အရမ်းနောက်ကျနေပြီ!"


ရှောက်မင်က ကျူးထုန်အား သူ့အခန်းသို့ ပြန်သွားအိပ်ခွင့်ပြုရန်ပင် စီစဉ်ခဲ့ပေ၏။


ရှောက်မင် သူ့သွားများကို အေးအေးဆေးဆေး တိုက်ကာ နှစ်သိမ့်ပေးလိုက်သည်။ 


"စိတ်ပူစရာ မလိုပါဘူး။ ကိုယ်တို့ မနက်ပိုင်း ကိုယ်ပိုင်စာကြည့်ချိန်အတွက် ခွင့်တိုင်လိုက်လို့ရတယ်လေ"


"အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" 

ကျူးထုန်က ဆိုသည်။

 "မနေ့ညက အတန်းပျက်တာနဲ့တင် ကျောင်းစည်းကမ်းကို ဖောက်ဖျက်နေပြီ။ မနက်ပိုင်း ကိုယ်ပိုင်စာကြည့်ချိန်ကိုသာ နောက်ထပ် ဆက်ပျက်မယ်ဆိုရင်... ဘာပဲဖြစ်ဖြစ် ငါတို့ နောက်ကျလို့ မရဘူး။ မြန်မြန်လုပ်"


ရှောက်မင်က ကျူးထုန်၏ အလျင်စလိုလုပ်ရပ်များကြောင့် ရယ်မောမိသွားပြီး အဆိုးမြင်နေသည့် စိတ်ခံစားချက်များအားလုံး သုတ်သင်ရှင်းလင်းခံလိုက်ရလေသည်။



🤒