Chapter 91
Viewers 18k

🤒အခန်း ၉၁

နှစ်သိမ့်မှု




တစ်စုံတစ်ဦးက အကူအညီလိုအပ်သောကြောင့် တောင်းခံနေချိန်တွင် တစ်ဖက်သားအား ကူညီပေးခြင်းက နှစ်သက်ဖွယ်ကောင်းသော်လည်း အကူအညီမတောင်းချိန်တွင် လျစ်လျူရှုထားခြင်းကလည်း တာဝန်တစ်ရပ်ပင်ဖြစ်၏။ လော့ရှိုးထံတွင် ရှောက်မင်ကိုယ်စား ပြောပိုင်ခွင့်မရှိပေ။


ညအမှောင်ထဲ၌ လော့ရှိုး သက်ပြင်းတစ်ချက်ချလိုက်သည်။ 


"အဲဒီအကြောင်းကို တော်လိုက်ရအောင်။ ငါ အရင်ဆုံး ကျောင်းပြန်သွားလိုက်အုံးမယ်။ မင်း... မင်း နောက်မှပြန်လာလည်းရတယ်"


ကျူးထုန် ရှောက်မင်ကို တစ်ယောက်တည်း ထားခဲ့ခြင်းအတွက် စိတ်မပူသောကြောင့် ခေါင်းညိတ်လိုက်သည်။


ကျူးထုန် တိုက်ခန်းသို့ ပြန်လာချိန်တွင် သူ ထိုအကြောင်းကို မနေနိင်ဘဲ တွေးနေမိသည်။ 


'ရှောက်မင်ရဲ့ပထွေးက လူယုတ်မာပဲ။ သူ့အဖေအရင်းရဲ့ အကြောင်းကရော'


အငြင်းပွားချိန်တွင် ကျူးထုန်က လူအုပ်ကြီး၏အပြင်၌ရှိနေချိန် ချိုးရှောက်ဖျင်ပြောသော "သူဌေးမယားဖြစ်ဖို့ အိပ်မက်မက်နေတာ" ဟူသော ထိုစကားများကို သူ ကြားလိုက်ရသည်။ ဒါဆို သူက ရှောက်မင်ရဲ့ အဖေအရင်းက ဘယ်သူလဲဆိုတာ သိတယ်ပေါ့... ။ ရှောက်မင်ရော သိနေတာလား...။


သူ ဘာလို့ သူ့အဖေကို သွားမရှာတာလဲ...။ သူ့အဖေအရင်းက ဘာလို့ ရှောက်မင်ကို ဂရုမစိုက်တာလဲ...။


ကျူးထုန် လမ်းလျှောက်ရင်း အာရုံပျံ့နေသောကြောင့် တံခါးဝကို ဘယ်လိုဝင်ရမည်မှန်းပင် မသိတော့ပေ။ ကျူးထုန် သတိဝင်လာချိန်တွင် သူ ရှောက်မင်၏တံခါးအပြင်ဘက်တွင် ရပ်နေပြီးဖြစ်သည်။


ရှောက်မင်မှာ ဧည့်ခန်းထဲတွင် မရှိပေ။


'သူ့အခန်းထဲမှာ ဘာလုပ်နေတာလဲ။ သူ အခု ဘာတွေတွေးနေတာလဲ'


ကျူးထုန် ၎င်းကို စဉ်းစားနေရင်း သူ့လက်ကို မြှောက်ကာ သူ့ရှေ့တွင် ပိတ်ထားသည့်တံခါးကို ခေါက်လိုက်သည်။


တံခါးက အမြန်ပွင့်လာပြီး ခံစားချက် အစစ်အမှန်များကို မမြင်ရအောင် ဖုံးကွယ်ထားသည့် တည်ငြိမ်အေးဆေးသော မျက်နှာဖုံးတစ်ခုနှင့်အတူ ရှောက်မင်၏မျက်နှာ ပေါ်ထွက်လာပေသည်။


"မင်း ပြန်လာပြီလား"


"...အမ်း"


ရှောက်မင် နူးညံ့စွာ ပြောလာသည်။ 


"မင်း သူ့ကို လိုက်ပို့တာ အရမ်းကြာတာပဲ"


"....."


မူလက ကျူးထုန် အကြောင်းပြချက်တစ်ခုကို ပေးချင်ခဲ့သော်လည်း မတွေ့ခဲ့ပေ။


Ti Amo:

တစ်ဖက်လူ ကောင်းကောင်းသိပြီးသား အကြောင်းအရာနှင့် ပတ်သက်ပြီး တမင်လိမ်ညာနေရန် မလိုအပ်ပေ။


သို့သော် သူ အမှန်အတိုင်းလည်း ပြောမပြချင်ပေ။


စိတ်ထဲမှသိခြင်းနှင့် ပါးစပ်မှ ဖွင့်ပြောခြင်းကြားတွင် ခြားနားချက်ရှိပေသည်။ ကျူးထုန် ရှောက်မင်၏ဆိုးရွားလှသော အမှတ်တရများကို ရည်ညွှန်းကာ မပြောဆိုချင်ပေ။


ကျူးထုန် စကားမပြောသည်ကို မြင်ပြီး ရှောက်မင် နောက်ထပ်မေးခွန်းများကို ဆက်မမေးခဲ့ပေ။ ရှောက်မင် သူ့အား ခဏမျှငုံ့ကြည့်နေပြီး ရုတ်တရက် မေးလာသည်။ 


"ရင်ပြင်ဈေးမှာ ကိုယ် အဲဒီလူကို ရိုက်နေတာကို မင်း တွေ့ခဲ့တယ်မလား"


ကျူးထုန် : "....."


သေချာပေါက် သူ မြင်ခဲ့ပေသည်။


ကွင်းပြင်ရှိ လူတော်တော်များများလည်း ထိုအဖြစ်အပျက်ကို မြင်ခဲ့ပေလိမ့်မည်။


ကျူးထုန် ခေါင်းညိတ်လိုက်၏။


ရှောက်မင်၏မျက်လုံးများက မည်းမှောင်သွားသည်။ 


"မင်း ကြောက်သွားလား"


ကျူးထုန် ခဏမျှစဉ်းစားလိုက်ပြီး ရိုးရိုးသားသား ပြောလိုက်သည်။


 "နည်းနည်းပေါ့"


ထိုအချိန်က ရှောက်မင်မှာ စိတ်ခံစားချက်မရှိသော ကန်ကြောက်နေသည့် စက်တစ်ခုလိုဖြစ်နေပြီး မြေပြင်ပေါ်တွင် သွေးများဖြင့် ဖုံးလွှမ်းနေခဲ့သည်။ အနီးနားမှ ကြည့်ရှုသူများ၏ မျက်နှာပေါ်တွင်လည်း ထိတ်လန့်ကြောက်ရွံ့သည့် အမူအရာများရှိနေသည်။


ကျူးထုန် အမြန်ပြေးထွက်လာချိန်တွင် ရှောက်မင်ကို ရပ်တန့်သွားအောင် မစည်းရုံးနိုင်တော့မည်ကို သူ စိုးရိမ်မိသည်။


သူ ထိုအကြောင်းကို တွေးနေစဉ် သူ့ရှေ့ရှိအလင်းရောင်က ရုတ်တရက် မှိန်သွားသည်။ ကျူးထုန်၏ပခုံးများက အနည်းငယ် နစ်ဝင်သွားပြီး သူ့ခါးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသလို ခံစားလိုက်ရသည်။ သူ ရှေ့သို့ ကိုင်းညွတ်ပြီး သူ့ရှေ့ရှိလူငယ်လေး၏ ရင်ခွင်ထဲတွင် ပစ်ဝင်လိုက်လေသည်။


ရှောက်မင်က သူ့ကို ပွေ့ဖက်ထားပြီး ခေါင်းကို နားရွက်နားသို့ကပ်ကာ ဆိုလိုက်၏။


"ကိုယ့်ကို မကြောက်ပါနဲ့"


ကိုယ့်ကို မကြောက်ပါနဲ့...


သိသာထင်ရှားသည့် စိတ်ခံစားချက်မပါရှိဘဲ အသံတိုးတိုးလေးဖြင့် ပြောလာသော်လည်း ရှောက်မင်၏ပွေ့ဖက်မှုက အတော်လေး သတိထားစရာဖြစ်နေသည်။


ကျူးထုန် သူ့ခေါင်းကို အနည်းငယ် စောင်းလိုက်ချိန်တွင် သူ၏နားရွက်နားတစ်ဝိုက်၌ လွင့်ပျံနေသော ဆံပင်များက အချင်းချင်း ပွတ်သပ်ကျီစယ်နေကြပြီး သူ့မျက်နှာကို ယားယံလာစေသည်။ ကျူးထုန် တွန်းထုတ်ရန် သူ့လက်ကို မြှောက်လိုက်ချင်သော်လည်း ထိုသို့မလုပ်နိုင်ခင်မှာပင် သူ့ကို ပွေ့ဖက်ထားသော လူငယ်လေးက ရုတ်တရက် တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်သည်။


"....."


အဆုံးမှာ တကယ်ကြောက်နေသူက မည်သူနည်း။


ကျူးထုန်၏နှလုံးသားမှာ နာကျင်ခြင်းမရှိသော်လည်း ဟောင်းလောင်းပေါက်ဖြစ်သွားသလို ခံစားလိုက်မိသည်။ စကားဖြင့် မဖော်ပြနိုင်လောက်အောင် အဆင်မပြေဖြစ်နေ၏။


ရှောက်မင်က သူ ဘာတွေတွေးနေလဲ၊ သူဘာတွေစိတ်ဝင်စားနေလဲ ဆိုသည်ကို မည်သူမျှ နားမလည်နိုင်တော့သည်အထိ အပြုံးမျက်နှာဖုံးကို ဆင်မြန်းထားဆဲပင်။ သူက စိတ်ခံစားချက်များကို မဖော်ပြဘဲ ထိန်းသိမ်းထားဆဲဖြစ်ပြီး သိသာထင်ရှားသည့် အဖြစ်အပျက်များပင်လျှင် သူ့မျက်နှာပေါ်ရှိ စိတ်မရှည်မှုအရိပ်အယောင်များကို လှုံ့ဆော်ပေးနိုင်လိမ့်မည် မဟုတ်ပေ။


ယနေ့ ရှောက်မင် ချိုးရှောက်ဖျင်နှင့် တွေ့ချိန်တွင် စိတ်မရှည်ဖြစ်နေခြင်း မဟုတ်သလို စိတ်အနှောင့်အယှက် ဖြစ်နေခြင်းလည်း မဟုတ်ပေ။ သူ၏ပြင်းထန်လှသော ကန်ချက်များနှင့် ယှဉ်လိုက်လျှင် သူ့မျက်နှာပေါ်ရှိ အမူအရာက တည်ငြိမ်နေသည်ဟု ဆိုနိုင်ပေ၏။


ထိုလူကို ကန်ကြောက်ပြီးနောက် ရှောက်မင်က တစ်စုံတစ်ယောက်ကို သေလုနီးပါး ရိုက်နှက်ပြီး နောက်ဆက်တွဲ "အေးစက်မှုကို ဖြိုခွင်းရန်" စကားတစ်ခွန်းလေးပင် မပြောခဲ့ပေ။ တကယ်တမ်း၌ ယွမ်ရှောင်ကျိုးကို ရိုက်နှက်သည့်အချိန်ကကဲ့သို့ပင် ရိုးရှင်းပေသည်။ အိမ်အပြန်လမ်းတွင် ရှောက်မင်ထံ၌ စနောက်ကျီစယ်ချင်စိတ်များရှိနေဆဲဖြစ်ပြီး ဆေးလိမ်းနေချိန်တွင် သူ့မျက်နှာပေါ်ရှိ အမူအရာမှာ သက်သောင့်သက်သာ ဖြစ်နေပေ၏။


သို့သော် ယခုမူ ရှောက်မင်က ကျူးထုန်၏နှလုံးသားလေးကို လေးလံသွားစေခဲ့သည်။


နောက်ဆုံး၌ ရှောက်မင်က သူ့တွင်ရှိသမျှ ခွန်အားအလုံးစုံကို ပစ်ချပြီး သူ့ခန္ဓာကိုယ်အလေးချိန်တစ်ခုလုံးကို ကျူးထုန်ပေါ်သို့ ပစ်တင်လိုက်သကဲ့သို့ပင်။


ငါက အားနည်းတဲ့သူဆိုတာရော ဒီလူ အမှတ်ရသေးရဲ့လား...။


သူ့ရဲ့ခန္ဓာကိုယ် သေးသေးလေးက အလေးချိန် ၁၇၅ပေါင်ကို ခံနိုင်မယ်လို့ စဉ်းစားနေတာလား...။


သို့သော် ရှောက်မင်က တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားသောကြောင့် ကျူးထုန် သူ့ကို တွန်းမထုတ်နိုင်ခဲ့ပေ။


ကျူးထုန် သက်ပြင်းဖွဖွချကာ နောက်ဆုံးတွင် ပြန်ဖြေလိုက်သည်။ 


"ငါ မင်းကို မကြောက်ပါဘူး"


"....."


"မင်း သူ့ကို ရိုက်ဖို့ဆုံးဖြတ်ရတဲ့ အကြောင်းပြချက်ကိုလည်း မကြောက်ဘူး။ မင်း သူ့ကို အလွန်အကျွံ လုပ်လိုက်ရင် မင်း တာဝန်ယူရမှာကိုပဲ ငါက စိုးရိမ်တာ။ အဲဒီလူက မင်းကို သူနဲ့အတူ ဆွဲချချင်နေတယ်ဆိုတာ အသေအချာပဲ..."


ခဏမျှ စကားပြောပြီးနောက် သူ၏ နှစ်သိမ့်စကားများက အလွန်ပင်ညံ့ဖျင်းကြောင်း ကျူးထုန် ခံစားလိုက်ရသည်။


ချိုးရှောက်ဖျင်က ရှောက်မင်ကို အရူးတစ်ယောက်ကဲ့သို့ ဒေါသထွက်နေခဲ့ပြီး သူ့ရည်ရွယ်ချက်မှာ လုံးဝကို သိသာထင်ရှားပေ၏။


ထိုလူက ရှောက်မင်ကို သူနှင့်အတူ ငရဲသို့ဆွဲချချင်နေခြင်းပင်။


သို့သော် ချိုးရှောက်ဖျင်ကဲ့သို့ တစ်စုံတစ်ယောက်နှင့် မျက်နှာချင်းဆိုင် ဖြေရှင်းရချိန်၌ တစ်ယောက်ယောက်ကသာ သူ့ကို ပါးစပ်ပိတ်သွားအောင် မလုပ်နိုင်လျှင် သူတို့ အခြားဘာကိုများ ဆက်လုပ်နိုင်မည်နည်း။


ကျူးထုန် တခဏမျှ တုံ့ဆိုင်းသွားပြီး ရှောက်မင်၏ ကျောပြင်ပေါ်သို့ လက်တင်ကာ ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။ 


"ငါ မင်းကို မကြောက်ဘူး"


ရိုးစင်းသော်လည်း အခိုင်အမာ ပြောဆိုနေသော သူ့စကားလုံးများက သူ့မျက်နှာပေါ်သို့ ရုတ်တရက် နူးညံ့စွာ တိုက်ခတ်လာသော လေညင်းလေးများကဲ့သို့ပင် သူ့နှလုံးသား၏ နက်ရှိုင်းလှသည့်နေရာများအထိ ပိတ်ဆို့နေခဲ့သော မြူအလွှာများကို အဝေးသို့ လွင့်စင်ပျောက်ကွယ်သွားစေသည်။


အတန်ကြာ မလှုပ်ရှားဘဲရပ်ပြီးနောက် ရှောက်မင် တိုးဖွစွာ ရယ်လိုက်သည်။


 "ဒါဆို မင်းက တော်တော်သတ္တိရှိတာပဲ"


ကျူးထုန်: "....."


ထိုစကားလုံးများကို သူ့လည်ပင်းနားသို့ တိုးကပ်ကာပြောလာပြီး အသက်ရှုသံက သူ၏အာရုံခံစားနိုင်သော လည်ဂုပ်နေရာကို ပက်ဖြန်းရိုက်ခတ်လာသောကြောင့် ဇက်ကလေးမှာ သူ့အလိုလို ကျုံ့သွားပေသည်။


ရှောက်မင်က ရုတ်တရက် သူ့နာမည်ကို ခေါ်လိုက်သည်။ 


"ကျူးထုန်"


'သူ့နာမည်အပြည့်အစုံကို အခေါ်ခံရရန်' မပြင်ဆင်ထားသောကြောင့် ကျူးထုန် အံ့အားသင့်သွားသည်။ 


"ဟမ်"


ရှောက်မင်ကဆိုသည်။


 "ကိုယ် ဒီနေ့ လူတစ်ယောက်ကို တကယ် သတ်လိုက်ရင် မင်း ဘာလုပ်မှာလဲ"


ဤဖြစ်နိုင်ချေကို စဉ်းစားရင်း ကျူးထုန် အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြန်ဖြေလိုက်သည်။ 


"မင်း အဲလိုလုပ်မှာ မဟုတ်ဘူး"


ရှောက်မင် ဆက်မေးလိုက်ပြန်သည်။


 "ဘာလို့လဲ"


"....."


ဘာလို့လဲဆိုတော့ မူရင်းဝတ္ထုထဲမှာ မင်းက နောက်ဆုံးအချိန်အထိ အဆင်ပြေနေလို့လေ။


သို့သော် သူသိထားသည့် နောက်ဆုံးရလဒ်ကို ဘေးဖယ်ထားပြီး ရှောက်မင်နှင့်အတူ ကုန်ဆုံးခဲ့သည့်အချိန်နှင့် သူသိသည့် ရှောက်မင်၏ အကြောင်းအရာများကို ကြည့်ခြင်းဖြင့်လည်း ကျူးထုန် ၎င်းကို အကဲဖြတ်နိုင်ပေသည်။ ရှောက်မင်က အမှိုက်တစ်စကြောင့် သူကိုယ်တိုင် အမှန်တကယ် စိတ်လွတ်သွားမည့်သူတစ်ယောက် မဟုတ်ကြောင်းကိုလည်း ကျူးထုန် ကောက်ချက်ချနိုင်ပေသည်။


ကျူးထုန် : "တိကျတဲ့အကြောင်းပြချက်တော့ မရှိဘူး။ ဒါပေမဲ့ မင်း လုပ်မှာမဟုတ်ဘူးလို့ ငါယုံတယ်"


ရှောက်မင် : "....."


အမှန်တကယ် မကျိုးပဲ့နိုင်သော ယုံကြည်မှု ပုံစံတစ်ခုပင်။


သို့သော် ဤသခင်ငယ်လေး ထင်သည်မှာ မှားပေ၏။ အကယ်၍ ထိုအချိန်က ကျူးထုန်သာ ပေါ်မလာခဲ့လျှင် သူ ထိုလူကို သေအောင် ကန်သတ်ပစ်ချင်နေခဲ့သည်။


ရုတ်တရက် ပြေးထွက်လာပြီး ပိန်သွယ်သွယ် လက်မောင်းလေးနှစ်ဖက်ဖြင့် သူ့ကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည့် လူငယ်လေးက ကြောင်းကျိုးဆင်ခြင်နိုင်သည့် သံကြိုးလေးတစ်ခုကဲ့သို့ပင် သူ့ကို ဟန့်တားပေးနိုင်ခဲ့သည်။ မှောင်မိုက်နေသော ချောက်နက်ထဲ နစ်မြုပ်သွားခြင်းမှ သူ့ကို ပြန်ဆွဲထုတ်ပေးခဲ့သည်။


အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် တစ်ဖက်လူငယ်လေး၏ သူ့အပေါ်ထားရှိသည့် အကောင်းမြင်ယုံကြည်မှုကို ရှောက်မင် သဘောမကျမိပေ။ သူ ခေါင်းမာစွာ ဆက်မေးမိသည်။


 "တကယ်လို့ သတ်လိုက်ရင်ရော"


ကျူးထုန် ခဏမျှစဉ်းစားလိုက်သည်။


 "တကယ်လို့ မင်း သူ့ကို သေတဲ့အထိ ရိုက်နှက်ခဲ့မယ်ဆိုရင် မင်းရဲ့အမှုကို တရားရုံးမှာ ခုခံကာကွယ်ပေးဖို့ ရှေ့နေကို ငါ တောင်းဆိုလိုက်မယ်။ မင်းမှာ ခိုင်လုံတဲ့အကြောင်းပြချက်ရှိတယ်။ နောက်ပြီး မင်းက အရွယ်မရောက်သေးတဲ့အတွက် မင်းရဲ့ပြစ်ဒဏ်က အရမ်းကြီး မပြင်းထန်လောက်ဘူး။ တကယ်လို့ မင်း ထောင်ထဲသွားရရင် မင်း ထွက်လာမှာကို ငါ စောင့်နေမယ်။ မင်းရဲ့အဆင့်တွေနဲ့ဆို..."


သူ ထောင်ထဲသို့ ရောက်သွားခဲ့လျှင်တောင် အဆင့်များကောင်းနေဆဲ ဖြစ်သောကြောင့် ရှောက်မင် လွတ်လာသည့်အချိန်တွင် အလုပ်ကောင်းကောင်း ရနိုင်သည်ဟု ကျူးထုန် ပြောချင်ပေသည်။ သို့သော် သူ့စကားမဆုံးခင်မှာပင် သူ့ခါးပေါ်ရှိလက်က ရုတ်တရက် ပိုမိုတင်းကြပ်သွားပြီး နဂိုကတည်းက မြုပ်နေသော သူ့မျက်နှာက ရုတ်တရက် ပို၍နစ်ဝင်သွားလေသည်။


သခင်ငယ်လေးကျူးမှာ ပြောနေသည့်စကားများ ရပ်သွားရသည်။


ရှောက်မင်၏အသံက အနည်းငယ် တင်းကျပ်ကာ ထိန်းချုပ်ထားရပုံပေါ်ပေသည်။ 


"မင်း ပြောတာက... ကိုယ် ထွက်လာမဲ့အချိန်အထိ မင်းက ကိုယ့်ကို စောင့်နေမယ်ပေါ့"


ကျူးထုန် : "....."


၎င်းက တစ်စုံတစ်ယောက်၏ အရင်းနှီးဆုံးလူတွေသာလျှင် ပြောကြသည့်စကား ဖြစ်ပုံရ၏။


အရင်းနှီးဆုံးလူများဟုဆိုရပါက နို့လက်ဖက်ရည်ဆိုင်အပြင်ဘက်၌ ရှောက်မင်၏အမေ အလိုအလျောက် နောက်သို့ ခြေတစ်လှမ်းဆုတ်သွားသည့် အမူအရာကို ကျူးထုန် ရုတ်တရက် တွေးမိသွားသည်။ သူ့နှလုံးသားက အနည်းငယ် နစ်မြုပ်သွားသော်လည်း သက်သောင့်သက်သာ ဖြစ်သွားသလို ဟန်ဆောင်နေဆဲပင်။ 


"ဘာပဲဖြစ်ဖြစ် မင်းကို စောင့်နေပါ့မယ်လို့ ပြောပေးမဲ့ ချစ်သူမိန်းကလေးလောက် ရိုမန့်တစ်မဆန်ပေမယ့် မင်း... အ!"


သူ့လည်ပင်း၌ ထူးဆန်းသည့် အထိအတွေ့တစ်ခုကို ခံစားလိုက်ရသည်။ ကျူးထုန် ထိတ်လန့်သွားပြီး သူ့ထက်အရပ်မြင့်သည့် တစ်ဖက်လူငယ်လေးကို အားဖြင့် တွန်းထုတ်လိုက်သည်။ ထိုတွန်းအားက အံ့သြစရာကောင်းလောင်အောင် အလွယ်တကူ အလုပ်ဖြစ်သွား၏။ ကျူးထုန် သူ့လည်ပင်းကို အုပ်ထားရင်း စူးစူးရဲရဲကြည့်ကာ မေးလိုက်သည်။ 


"ဘာလို့ ငါ့ကို ကိုက်တာလဲ"


အကိုက်ခံရခြင်းက မနာကျင်သကဲ့သို့ ပြင်းလည်းမပြင်းထန်သော်လည်း ကျူးထုန် လန့်သွားပေသည်။


ရှောင်မင်၏မျက်လုံးများက နက်ရှိုင်းသွားပြီး အံ့သြမှုကြောင့် အနည်းငယ် ဟသွားသည့်နှုတ်ခမ်းများကို ကြည့်လိုက်ကာ 'ကိုက်ချင်ရုံတင်မကဘူး၊ နမ်းလည်းနမ်းချင်တယ်' ဟု စိတ်ထဲတွင် တွေးနေမိသည်။


ရှောက်မင် ခပ်ဩဩအသံဖြင့် ပြန်ပြောလိုက်သည်။ 


"ကိုယ့်ကိုစောင့်ဖို့ ကောင်မလေး မလိုဘူး"


ကျူးထုန် : "....."


'မင်း မလိုဘူးဆိုရင်လည်း မလိုဘူးပေါ့။ ဘာအတွက် ငါ့ကို လာကိုက်နေရတာလဲ'


သူက ကုသဖို့လိုအပ်နေတဲ့ ဒဏ်ရာရနေသူတစ်ယောက်ကို စေတနာနဲ့ ကြင်ကြင်နာနာ နှစ်သိမ့်ပေးနေတာ မဟုတ်ဘူးလား...။


ရှောက်မင် ရိုးသားမှုမရှိဘဲ ပြောလိုက်သည်။ 


"တောင်းပန်ပါတယ်၊ ကိုယ် ခဏလောက် မထိန်းနိုင်ဘဲဖြစ်သွားတယ်"


'ခဏလောက် မထိန်းနိုင်ဘဲ ဖြစ်သွားတာလား'


ကျူးထုန် စိုက်ကြည့်ကာ ဒေါသတကြီး ပြောလိုက်သည်။ 


"မင်း စိတ်အခြေအနေ မကောင်းဘူးဆိုတာ ငါသိတယ်။ ဒါပေမယ့် မင်း လူတွေကို ကိုက်လို့မရဘူးလေ"


အကယ်၍ အတိတ်တုန်းကသာ ဖြစ်ခဲ့မည်ဆိုလျှင် ဤကိုက်ရာက သူ့လည်ပင်းကို သွေးထွက်လာစေလိမ့်မည်။


အတိတ်က မတော်တဆ ရရှိခဲ့သောဒဏ်ရာများ၏ သွေးထွက်သံယို မြင်ကွင်းများကို ကျူးထုန် ပြန်အမှတ်ရမိသည်။ ယခုအချိန်တွင် သူ၏ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက အများကြီး တိုးတက်ကောင်းမွန်လာခြင်းအတွက် ကျူးထုန် ကျေးဇူးတင်မိစဉ်မှာပင် သူ့လည်ပင်း၌ ကိုက်ရာများကျန်နေခဲ့မည်ကိုလည်း စိုးရိမ်မိပြန်သည်။


ကျူးထုန်က ရှောက်မင်ပြောလိုက်သော စကားလုံးများ၏ နောက်ကွယ်မှ အဓိပ္ပါယ်ကို ချက်ချင်း လုံးဝ နားမလည်ခဲ့ပေ။


ရှောက်မင် : "....."


ရှောက်မင် သက်ပြင်းချလိုက်ပြီး ကျူးထုန်၏လက်ကို တွန်းဖယ်ရန် ရှေ့သို့တိုးလာခဲ့သည်။ 


"နာသွားလား။ ကြည့်ကြည့်ရအောင်"


 "ရတယ်။ မနာဘူး"


ရှောက်မင်က ကျူးထုန်၏လက်ကို တွန်းဖယ်လိုက်ပြီးဖြစ်ကာ ဆွဲထားခြင်းခံရသော အင်္ကျီကော်လာ၏ ကျေးဇူးကြောင့် ပေါ်ထွက်လာသော ဖြူဖွေးသွယ်သွယ် လည်ပင်းလေးကို ကြည့်လိုက်သည်။ ကျူးထုန်၏အသားအရေက နူးညံ့ပြီး နို့နှစ်ရောင်သန်းနေ၏။ လည်ပင်းသွေးကြောများကလည်း မသဲမကွဲ အားနည်းစွာ ခုန်လှုပ်နေသည်။ ရှောက်မင် ၎င်းတို့ကို ဖုံးအုပ်ရန် သူ့လက်ကိုဆန့်လိုက်သည်။


လည်ပင်းသွေးလွှတ်ကြော၏ သွေးခုန်နှုန်းနှင့် နှလုံးခုန်နှုန်းတို့မှာ စည်းချက်ညီနေပေ၏။


ရှောက်မင်၏ လက်ချောင်းများကို ၎င်းပေါ်သို့ ပေါ်တင်လိုက်ချိန်တွင် ကျူးထုန်၏ နှလုံးခုန်နှုန်းက အရင်ကထက် အနည်းငယ်ပိုမြန်လာပုံရသည်။


ကျူးထုန် အနည်းငယ် ကြောက်ရွံ့သွားရ၏။


 "မင်း... စိတ်အခြေအနေ ပြန်ကောင်းလာပြီလား"


အရပ်ပိုပုသော လူငယ်လေး၏ ကြောက်ရွံ့မှုကို ခံစားလိုက်မိသဖြင့် ရှောက်မင် သူ့နှုတ်ခမ်းများကို အနည်းငယ်ကွေးလိုက်သည်။


 "အင်း၊ ပိုကောင်းလာပြီ"


"....."


ရှောက်မင်၏ အမှတ်အသားဖြစ်သော ယဉ်ကျေးဖော်ရွေသည့် အပြုံးပင်။


ရှောက်မင်ကို မေးရန်အတွက်မူ သူ သေဆုံးသွားနိုင်သည်ဟု ကျူးထုန် တွေးမိသည်။ အဘယ်ကြောင့်ဆိုသော် သူ မေးလျှင်တောင် ရှောက်မင်က အမှန်အတိုင်းပြောပြလိမ့်မည် မဟုတ်ပေ။


ကျူးထုန် ရှောက်မင်၏အခန်းကို တစ်ချက်ကြည့်လိုက်ပြီး တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်။


"ငါ..."

'ခဏလောက် မင်းနဲ့အတူ နေပေးရမလား'


သို့သော် ကျူးထုန် ထိုစကားကို မပြောလိုက်နိုင်ခင်မှာပင် ရှောက်မင်က စကားဖြတ်ပြောလာသည်။ 


"နောက်ကျနေပြီ။ မင်းအခန်းကို ပြန်ပြီး အနားယူတော့"


ကျူးထုန် : "?"


'နောက်ကျနေပြီလား။ အခုက စောသေးတယ်လေ။ ညနေပိုင်း ကိုယ်ပိုင်စာကြည့်ချိန်တောင် မပြီးသေးဘူး'


'ဒါပေမယ့် ရှောက်မင်က ဒီလိုပြောလာတဲ့အတွက် ဒါက သူ ခဏလောက် တစ်ယောက်တည်းနေချင်တယ်လို့ ဆိုလိုတာ ဟုတ်တယ်မလား'


အကြောင်းတစ်ခုခုကြောင့် ကျူးထုန် အနည်းငယ် ဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။ သူ ခေါင်းညိတ်ပြလိုက်သည်။


"အင်း မင်း တစ်ခုခုပြောချင်တာရှိရင် ငါ့ကိုခေါ်လိုက်"


ရှောက်မင်: "ကောင်းပြီ"


ရှောက်မင်က မလုံလောက်သေးသကဲ့သို့ ကျူးထုန်၏လည်ပင်းပေါ်တွင် ဖိထားသော သူ့လက်ကို မလွှတ်ချင်လွှတ်ချင်ဖြင့် လွှတ်ပေးလိုက်သည်။


တစ်ချိန်တည်းမှာပင် ကျူးထုန်က သူ့လက်ကို မြှောက်ကာ သူ့လည်ပင်းကို ဖုံးအုပ်ဆုပ်ကိုင်လိုက်သည်။ ရှောက်မင် ထိလိုက်သည့်နေရာက ထုံသွားသကဲ့သို့ ခံစားလိုက်ရသည်။


ကျူးထုန် နောက်လှည့်ကာ သူ့အခန်းသို့ ပြန်မသွားမီ ရှောင်မင်ကို နောက်တစ်ကြိမ် လှည့်ကြည့်လိုက်သည်။


တစ်ဖက်ရှိတံခါး ပိတ်သွားချိန်တွင် ရှောက်မင် ခေါင်းကို အနည်းငယ်ငုံ့ထားလိုက်သည်။ သူ့လက်ချောင်းထိပ်များကို ပွတ်သပ်ရင်း အခုလောလောဆယ် သူခံစားလိုက်ရသည့် သိသိသာသာ မြင့်တက်လာသော နှလုံးခုန်နှုန်းကို ပြန်လည်စဉ်းစားမိပြီး သူ့ဘာသာသူ တွေးနေမိသည်။ 


'ဒါက လုံးဝ မျှော်လင့်ချက်မဲ့နေတာ မဟုတ်ဘူးမလား'


ရှောက်မင် အလျင်အမြန် အသိပြန်ဝင်လာပြီး အခန်းတွင်းရှိ အသံပိတ်ထားသောဖုန်းကို ကြည့်လိုက်သည်။ ယခုအချိန်တွင် ထိုဖုန်းမှာ တိတ်ဆိတ်နေပေသည်။ အေးစက်သည့် အရိပ်အယောင်က သူ့မျက်လုံးထဲတွင် တဖြည်းဖြည်း ပေါ်ထွက်

လာသည်။ ရှောက်မင်က တစ်ဖက်ရှိ ပိတ်ထားသောတံခါးကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ကူကယ်ရာမဲ့ကာ ပျော်ရွှင်ကြည်နူးသွားသလို ခံစားမိပြန်သည်။


ကျူးထုန်က သူ့အား လူကောင်းတစ်ယောက်အဖြစ် နားလည်မှုလွဲနေသည်ကို ရှောက်မင် မလိုချင်သော်လည်း တစ်ချိန်တည်းမှာပင် သူ၏အဆိုးဘက်ခြမ်းကိုလည်း သူ့အား မမြင်စေချင်ပေ။



🤒