Chapter 90
Viewers 18k

🤒အခန်း.၉၀




"မင်း ခွေးကိုက်ခံရရင် ခွေးရူးပြန်ရောဂါ မဖြစ်အောင် စစ်ဆေးဖို့လိုတယ်။ အဲဒီအရူး ကိုက်တာခံရရင်လည်း ဒဏ်ရာက အဆင်ပြေနေရင်တောင်မှ ပိုးသတ်ဖို့ အရေးကြီးတယ်"


ကျူးထုန် သူ့ကို ပြင်းထန်စွာ စကားဖြတ်ပြောဆိုလိုက်သည်။


ကျူးထုန်၏ပုံစံမှာ လုံးဝ တင်းမာပြီး ရက်စက်သည့်ပုံစံ မပေါ်ပေ။ ကျူးထုန် သူ့ကို ဆူပူကြိမ်းမောင်းနေချိန်တွင် မည်သည့်တွန်းအားမှ မပါရှိဘဲ ကြည့်နေရုံဖြင့်သာ အဆုံးသတ်သွားပေသည်။ အတော်လေးကို ချစ်ဖို့ကောင်းလှပေသည်။ရှောက်မင် ရုတ်တရက် ပြုံးလိုက်ပြီး ပြောသည်။


"အရင်ဆုံး ကိုယ့်ကို ရေချိုးခန်းထဲ သွားခွင့်ပြုပါလား"


ကျူးထုန်: "....."


ကျူးထုန် ရှောက်မင်၏လက်ကို ငုံ့ကြည့်သည်။ အရူးတစ်ယောက်၏ ကိုက်ခြင်းကို ခံထားရသည့်အတွက် အရင်ဆုံး ဆေးကြောလိုက်ခြင်းက ပိုကောင်းပေသည်။


ကျူးထုန် ခေါင်းညိတ်လိုက်၏။


 "ငါ မင်းနဲ့လိုက်ခဲ့မယ်"


ရှောက်မင် မငြင်းဆိုခဲ့ပေ။


နှစ်ယောက်သား လှည့်ကာ ဆိုင်ထဲသို့ ဝင်သွားကြသည်။


ရှောက်ယွီကျယ်က နို့လက်ဖက်ရည်ဆိုင်၏ တံခါးဝတွင် ရပ်နေဆဲပင်။ သူမ ရှောက်မင်၏ဒဏ်ရာကို စိတ်ပူနေပုံရသော်လည်း တုံ့ဆိုင်းနေခဲ့သည်။


ရှောက်မင် သူမဆီသို့ လျှောက်သွားကာ သူမကို ကြည့်လိုက်ပြီး တစ်စုံတစ်ရာကို ပြောချင်ပုံရပေသည်။ သို့သော် ရှောက်ယွီကျယ်က ရှောက်မင်နှင့် အကြည့်ချင်းဆုံသွားသည့် အခိုက်အတန့်တွင် သူမ တုန်လှုပ်သွားပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်သွားခဲ့သည်။


၎င်းမှာ ပြီးပြည့်စုံသော မသိစိတ်၏ လုပ်ဆောင်ချက်တစ်ခုပင်။ ရှောက်မင် သူပြောချင်သည့် စကားများကို မျိုချလိုက်ပြီး သူ ပြုံးကာ ဆိုင်တံခါးကို တွန်းဖွင့်ပြီး အထဲသို့ဝင်သွားလိုက်သည်။


ကျူးထုန် ရှောက်ယွီကျယ်ကို တစ်ချက်ကြည့်လိုက်ပြီး ရှောက်မင်နောက်သို့ အလျင်အမြန် လိုက်သွားခဲ့သည်။


ဆိုင်ထဲသို့ဝင်ပြီးနောက် နောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။


'အန်တီက... ကြောက်နေတာလား' 


'သူမက သူမသားအရင်းကို ကြောက်နေတာလား။ ဘာလို့လဲ' 


ခဏမျှ နောက်လှည့်ကြည့်ပြီးနောက် ရှောက်မင်က ရေချိုးခန်းတံခါးဝသို့ ရောက်နေပြီဖြစ်သောကြောင့် ကျူးထုန် သူ့ကို အမီလိုက်ရန် ခြေလှမ်းပြင်လိုက်သည်။


ဘေစင်ရှေ့တွင် ရှောက်မင်က သူ့လက်များကို လုံးဝ တိတ်တဆိတ် ဆေးကြောနေသည်။ ချိုးရှောက်ဖျင်နှင့် သူကိုယ်တိုင်၏သွေးများ ရောနှောနေသော သွေးစက်များကို ဆေးကြောသန့်စင်ပစ်လိုက်သည်။ သွေးကို သေသေချာချာ ဆေးကြောပြီးနောက် တစ်ရှူးတစ်ရွက်နှင့် ခဏမျှဖိထားပြီး လွှတ်လိုက်ချိန်တွင် ခရမ်းပုပ်ရောင် အမှတ်ကြီးတစ်ခု ကျန်နေခဲ့လေသည်။


ကျူးထုန် သူ့နှလုံးသားထဲတွင် နာကျင်မှုကို ခံစားလိုက်ရသည်။ သူ ရှေ့သို့လျှောက်သွားကာ မေးလိုက်သည်။ 


"နာလား"


ရှောက်မင်က လေသံဖြင့်သာ ပြန်ဖြေလိုက်သည်။ 


"မနာပါဘူး။ ကြည့်လိုက်လေ၊ သွေးတွေက ခဲနေပြီ"


"....."


ကျူးထုန် မယုံကြည်ပေ။ ထိုကဲ့သို့ပြင်းထန်သော ကိုက်ပုံမျိုးနှင့် ဒဏ်ရာကို ကြည့်ရုံနှင့်ပင် စိတ်ထဲမှ နာကျင်လာသလို ခံစားရပေသည်။


ကျူးထုန် ငေးကြည့်ကာ စကားတစ်ခွန်းမှ မပြောနိုင်ခဲ့ပေ။


ရှောက်မင် နောက်ထပ်တစ်ရှူးတစ်ရွက်ကို ဆွဲထုတ်ကာ သူ့လက်ကို ခြောက်အောင်သုတ်လိုက်သည်။ ရှောက်မင် ဒဏ်ရာကို ကျူးထုန်၏မမြင်ကွက်ရာသို့ သဲလွန်စမရှိအောင် ဖုံးကွယ်လိုက်ပြီးနောက် တိုးတိုးလေး ပြောလိုက်သည်။


 "တောင်းပန်ပါတယ်။ မင်း ကိုယ့်ကို ကြောက်သွားလား"


ကျူးထုန် သူ့ခေါင်းကို မော့လိုက်သည်။


ရှောက်မင်က သူ့မျက်နှာပေါ်တွင် ရင်းနှီးသော ထိုအပြုံးကို တစ်ဖန် ဆင်မြန်းထားသည်။ ၎င်းမှာ အလေ့အထတစ်ခု ဖြစ်လာခဲ့သော် ယခု ထိုအပြုံးကို ကြည့်လိုက်ပြီး ထူးထူးခြားခြား မွန်းကြပ်သွားသလို ခံစားလိုက်ရသည်။


ကျူးထုန် စကားအများကြီး မပြောခဲ့ပေ။ သူ ရှောက်မင်ကို ဖမ်းဆွဲကာ ပြောလိုက်သည်။ 


"ဆေးရုံကို... သွားရအောင်"


"ကိုယ် တကယ် သွားစရာမလိုဘူး" 

ရှောက်မင်က ထပ်ဖြည့်ကာပြောလိုက်သည်။

 "ဒဏ်ရာက သက်သာနေပြီ"


"အဲဒါက..."


"မင်းကိုယ်တိုင် မလုပ်ချင်တဲ့အရာကို တခြားသူတွေအပေါ်လည်း နားပူနားဆာလုပ်ပြီး လိုက်မလုပ်ခိုင်းပါနဲ့ သခင်လေး"


"....."


ရှောက်မင်က သူ ခြေထောက်ဒဏ်ရာရသည့် အချိန်ကအကြောင်းကို ပြောနေခြင်းပင်။ ကျူးထုန်မှာ ပြောစရာစကား ပျောက်ဆုံးသွားရ၏။


 "ဒါဆို တိုက်ခန်းဆီ ပြန်ကြရအောင်။ ဘာပဲဖြစ်ဖြစ် ပိုးသတ်ဖို့တော့ လိုတယ်လေ" 


ရှောက်မင် ပေါ့ပေါ့ပါးပါး ပြုံးကာဆိုလာသည်။

 "ကောင်းပြီလေ"


သူတို့ ရေချိုးခန်းထဲမှ ထွက်လာချိန်တွင် ရှောက်ယွီကျယ်က နို့လက်ဖက်ရည်ဆိုင်ထဲသို့ ရောက်နေပြီဖြစ်၏။ တောက်ပသော မီးရောင်များအောက်တွင် သူမ၏မျက်နှာက ဖြူဖျော့နေသေးသော်လည်း စကားပြောလာခဲ့သည်။


"မင်းရဲ့ဒဏ်ရာက..."


သူမ ညွှန်ပြလိုက်သည်နှင့် တပြိုင်နက် ရှောက်မင် သူမကို စကားဖြတ်ပြောလိုက်သည်။


 "အဆင်ပြေပါတယ်၊ စိတ်မပူပါနဲ့"


"....."


"ကျွန်တော် အရင်ပြန်တော့မယ်။ အမေလည်း ဆိုင်ပိတ်ပြီး ပြန်တော့လေ။ နောက်နှစ်ရက်လောက်အထိ ဆိုင်မဖွင့်နဲ့အုံး"


ရှောက်ယွီကျယ်: "...."


ရှောက်မင် စကားပြောပြီးနောက် သူမ ပြန်ဖြေသည်ကို မစောင့်ဘဲ တံခါးကိုဖွင့်ကာထွက်သွားလေသည်။


ကျူးထုန်လည်း ယဉ်ယဉ်ကျေးကျေးဖြင့် နှုတ်ဆက်လိုက်သည်။ 


"နှုတ်ဆက်ပါတယ် ဒေါ်လေး"


သူတို့ ရင်ပြင်ဈေးမှ ထွက်လာချိန်တွင် သုံးယောက်လုံး စကားတစ်ခွန်းမျှ မပြောဖြစ်ခဲ့ပေ။


လော့ရှိုးက ရှောက်မင်နှင့် အချိန်အကြာကြီး ပေါင်းသင်းဆက်ဆံခဲ့ဖူးသူဖြစ်သောကြောင့် ယခုအချိန်တွင် ရှောက်မင်နှင့် စကားမပြောခြင်းက အကောင်းဆုံးဖြစ်သည်ဆိုတာကို သူသိပေသည်။


ကျူးထုန်ကမူ ဘာပြောရမှန်းမသိသောကြောင့်ပင်။


ရင်ပြင်ဈေး၏ထွက်ပေါက်ဆီသို့ လျှောက်လာရင်း ရှောက်မင် ရုတ်တရက် ရပ်တန့်သွားသည်။


ကျူးထုန်လည်း ရပ်လိုက်ပြီး မေးလိုက်သည်။ 


"ဘာဖြစ်လို့လဲ"


ရှောက်မင် ငှားထားသည့်တိုက်ခန်းရှိရာ လမ်းဆီ တစ်ချက်ကြည့်လိုက်သည်။ လမ်းပေါ်ရှိ ဆိုင်များအားလုံးက မီးထွန်းထားပြီး သူတို့ပြန်ရမည့်လမ်းမှာ လင်းထိန်နေပေသည်။


မူလက ရှောက်မင် စိတ်မသက်မသာဖြစ်နေသည်ဟု ကျူးထုန် ထင်ခဲ့မိသည်။ သို့သော် ရှောက်မင်က ပျင်းရိပျင်းတွဲဖြင့် ပြောလာသည်။ 


"စက်ဘီးယူမလာမိတာ ကံဆိုးတာပဲ။ သခင်လေး မင်း ကိုယ့်ကို ချီပို့ပေးစေချင်လား"


မကြာသေးမီက စိတ်မချမ်းမြေ့ဖွယ် အဖြစ်အပျက်ဖြစ်ပြီးနောက် ရှောက်မင်၏လေသံက အလွန်ပေါ့ပေါ့ပါးပါးဖြစ်နေကာ ဤအခြေအနေမျိုးတွင် သိသိသာသာ ထူးဆန်းသည့်ပုံပေါက်နေသည်။


လော့ရှိုး အနည်းငယ် စိုးရိမ်လာ၏။


သို့သော် ကျူးထုန်က အလိုက်အထိုက် ပြောလိုက်သည်။ 


"ငါ့မှာ ခြေတွေ၊ လက်တွေရှိတာပဲကို၊ ချီပို့ပေးစရာ မလိုပါဘူး။ မြန်မြန်သွားရအောင်"


ရှောက်မင် နောက်တစ်ကြိမ် ပြုံးပြီး ရှေ့သို့ဆက်လျှောက်သွားသည်။


မိနစ်အနည်းငယ်ကြာ လမ်းလျှောက်ပြီးနောက် ၁၀ မိနစ်အကြာတွင် သူတို့၏လိုရာခရီးသို့ ရောက်ရှိသွားခဲ့သည်။ သူတို့ ခြံဝန်းထဲသို့ ဝင်လိုက်ချိန်တွင် လုံးဝမှောင်နေပြီဖြစ်၏။


သုံးယောက်သား ငှားထားသည့်အခန်းထဲသို့ တိတ်တိတ်ဆိတ်ဆိတ်ပင် ဝင်သွားခဲ့သည်။


ရှောက်မင် တီဗွီခုံအောက်မှ ဆေးအိတ်ကို သတိထားကာ ထုတ်ယူလိုက်သည်။ ထို့နောက် သူ့ဒဏ်ရာကို ကျွမ်းကျင်စွာ ပိုးသတ်ပြီး ဆေးလိမ်းလိုက်သည်။


ကျူးထုန် အကြိမ်ပေါင်းများစွာ ကူညီပေးချင်သော်လည်း မည်ကဲ့သို့ စကားစရမည်မှန်းမသိပေ။ သူလုပ်နိုင်သမျှအရာအားလုံးက လော့ရှိုးနှင့်အတူ ဒဏ်ရာကို ငေးကြည့်နေရုံမျှသာပင်။


ဆေးလိမ်းပြီးနောက် ရှောက်မင် ခေါင်းကိုမော့ပြီး နောက်ပြောင်ပြောဆိုလိုက်သည်။ 


"မင်းတို့ ဘာလို့ ဒီလိုကြည့်နေကြတာလဲ။ သွေးတွေ ရုတ်တရက် ပန်းထွက်လာမှာကိုကြောက်လို့လား"


"....."


"....."


လော့ရှိုးက တုံ့ဆိုင်းစွာဖြင့်ဆိုသည်။


 "မင်ကော... မင်း အဆင်ပြေရဲ့လား"


ရှောက်မင် : "ငါက ဘာဖြစ်နေလို့လဲ"


လော့ရှိုး ပြန်အဖြေမပေးနိုင်ခဲ့ပေ။


ရှောက်မင်က ဆက်ပြောလိုက်သည်။ 


"ရပြီ... အခု မင်းတို့နှစ်ယောက် ကျောင်းကို ပြန်သွားတော့။ ညနေပိုင်း ကိုယ်ပိုင်စာကြည့်ချိန်ကို ပြေးချင်တာနဲ့ ငါ့ကို အကြောင်းပြချက်အနေနဲ့ မသုံးနဲ့"


လော့ရှိုး ရှောက်မင်ကို ကြည့်ပြီး သူ့နှလုံးသားမှာ ရှုပ်ထွေးပွေလီသည့် စိတ်ခံစားချက်များနှင့် ပြည့်နှက်သွားခဲ့သည်။ ခဏအကြာတွင် သူ သက်ပြင်းချလိုက်၏။


"ဟုတ်ပြီ... ငါ ပြန်သွားပြီး အရင်ဆုံး ခွင့်တိုင်လိုက်မယ်"


လော့ရှိုးနှင့် ရှောက်မင်နှစ်ဦးစလုံး အလျင်စလို ထွက်လာခဲ့သောကြောင့် သူတို့နှစ်ဦးစလုံး အမှန်တကယ် ကျောင်းပျက်ခွင့်များမတိုင်ခဲ့ပေ။


ကျူးထုန်အတွက်မူ သူ အချိန်မီရောက်လာသည်ကို ကြည့်ခြင်းဖြင့် သူလည်း ထိုနေရာကို ခွင့်မတိုင်ဘဲ‌ရောက်လာခြင်းဖြစ်ကြောင်း အလွယ်တကူ ကောက်ချက်ချနိုင်ပေသည်။


***


သက်ကြီးပိုင်းဆရာတစ်ဦး စာသင်ခန်းထဲသို့ဝင်လာပြီး ကျောင်းသားသုံးဦး ပျောက်ဆုံးနေကြောင်း တွေ့လိုက်ရသည်။ သူက ကျောင်းသားတစ်ယောက်ယောက်မှ ဖုန်းဆက်လာလိမ့်မည်ဟု တွက်ချက်မိလိုက်သည်။ ထို့အပြင် နောက်ဆုံး၌ အတန်းပြေးသွားသော ကျောင်းသားသုံးဦးအနက်မှ အနည်းဆုံးတစ်ဦးက ပြန်လာကာ ခွင့်တောင်းပေလိမ့်မည်။


မှန်ပေ၏။ ၎င်းမှာ ပုံမှန်လုပ်ရိုးလုပ်စဉ်ပင်။ အရင်အတန်းပြေးပြီးနောက်မှသာ ခွင့်တိုင်ကြပေသည်။


***


လော့ရှိုး ဆိုဖာပေါ်မှထရပ်ပြီးနောက် ကျူးထုန်လည်း အလိုလိုထရပ်လိုက်သည်။


 "ငါ သူ့ကို လိုက်ပို့လိုက်အုံးမယ်"


ရှောက်မင် ဆေးအိတ်ကို သပ်သပ်ရပ်ရပ် ပြန်လည်ထုပ်ပိုးနေစဉ် ကျူးထုန်၏စကားများကြောင့် ခေတ္တမျှရပ်တန့်သွားပြီး ဘာမှမဖြစ်သလို မော့ကြည့်လိုက်သည်။


 "အင်း... သွားပြီးမြန်မြန်ပြန်လာခဲ့"


ကျူးထုန်: "....."


သူ ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သွားသည်။


ထိုသို့သောအခြေအနေမျိုး၌ အိမ်ရှင်မိသားစုဝင်များသာ ဧည့်သည်များပြန်သွားချိန်တွင် သူတို့ကို ပြန်လည်လိုက်ပို့ရန် လိုအပ်ပေသည်။ ကျူးထုန်မှာမူ အိမ်ရှင်မဟုတ်ဘဲ ရှောက်မင်နှင့်အတူ ဤနေရာတွင် ယာယီနေထိုင်သူသာ ဖြစ်ပေသည်။


"သူတို့နှစ်ယောက်၏ဆက်ဆံရေး" အကြောင်းနှင့်ပတ်သက်ပြီး ရှောက်မင် ပြောလာသောစကားများကို စဉ်းစားမိကာ ကျူးထုန် အနည်းငယ် ရှက်သွားသည်။


သို့သော် ကျူးထုန် ထိုအတွေးများကို ဖယ်ရှားကာ ခေါင်းညိတ်လိုက်သည်။


လော့ရှိုး သူ့ကို တစ်ချက်ကြည့်သော်လည်း လိုက်ပို့စရာမလိုကြောင်း မပြောခဲ့ပေ။


အဝင်တံခါးပေါက် ညင်သာစွာ ပိတ်သွားပြီးနောက် ရှောက်မင်၏တည်ငြိမ်ပြီး သဘာဝအတိုင်း လှုပ်ရှားမှုများက တဖြည်းဖြည်း ရပ်တန့်သွားသည်။


ရှောက်မင် အိုင်အိုဒင်းပုလင်းကို ဆေးအိတ်အတွင်းသို့ ဖွင့်လျက်အတိုင်း ထည့်ထားလိုက်သည်။ ထို့နောက် လက်ကိုမြှောက်ပြီး နဖူးကို ပွတ်သပ်လိုက်မိသည်။


တိုက်ခန်းအပြင်ဘက်တွင် သူ့ကို တံခါးဆီ လိုက်ပို့ပေးသော်လည်း ထွက်သွားရန် ရည်ရွယ်ချက်မရှိသော ကျူးထုန်ကို ကြည့်လိုက်ပြီး လော့ရှိုး တည့်တိုးဆန်စွာပင် ပြောလိုက်သည်။


 "မင်း မေးချင်တာမေးလို့ရတယ်။ ဒါပေမဲ့ ရှင်းအောင်ပြောထားမယ်။ ငါလည်း ငါပြောနိုင်သလောက်ပဲ ပြောမယ်။ ဒါပေမဲ့ ငါ မပြောနိုင်တဲ့ အကြောင်းအရာရှိရင် မင်း မေးရင်တောင်မှ ငါ ပြောပြမှာမဟုတ်ဘူး"


ကျူးထုန်: "....."


လော့ရှိုးအား လိုက်ပို့ပေးရသည်ကို ကျူးထုန် ရုတ်တရက် နောင်တရလာခဲ့သည်။


သူ၏ ရုတ်တရက် "လိုက်ပို့ပေးမှု" ၏နောက်ကွယ်မှ ရည်ရွယ်ချက်ကို လော့ရှိုးပင် သိသည်။ ရှောက်မင်လည်း သိနေမည်မှာ သေချာသလောက်ပင်။


သို့သော် ယနေ့ ဖြစ်ပျက်ခဲ့သည့်ကိစ္စများနှင့် ပတ်သက်ပြီး ရှောက်မင်ကို မေးမြန်းခြင်းထက် လော့ရှိုးကို မေးရသည်က ပိုလွယ်ကူပေ၏။


ကျူးထုန် ချုံပုတ်တစ်ဝိုက်ကို ရိုက်ပုတ်မနေတော့ပေ။ (‌ကွေ့ဝိုက်မနေဘဲ တိုက်ရိုက်မေးလိုက်တာပါ။) ခဏမျှရပ်တန့်သွားပြီးနောက် သူ လော့ရှိုးကို မေးလိုက်သည်။ 


"ဒီနေ့ နို့လက်ဖက်ရည်ဆိုင်ကို ရောက်လာတဲ့သူက တကယ်ပဲ ရှောက်မင်ရဲ့ပထွေးလား"


လော့ရှိုး ခဏမျှ နှုတ်ဆိတ်သွားပြီး မပီမသအသံဖြင့် အတည်ပြုလိုက်သည်။


ကျူးထုန် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။


ထိုအချိန်က မီးရောင်များမှာ ခပ်မှိန်မှိန်လင်းနေသော်လည်း ကျူးထုန် ထိုလူ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရပေ။ သူ့အသွင်အပြင်ကို မဝေဖန်လျှင်တောင် ထိုအချိန်က ထိုလူ၏မျက်နှာအသွင်အပြင်မှာ ရှုံ့တွကာ ကြောက်စရာကောင်းလှပြီး ရွံရှာဖွယ်ကောင်းပေ၏။ ထိုမျက်နှာအမူအရာတစ်ခုတည်းကို ကြည့်ပြီး ဆုံးဖြတ်လျှင်ပင် အနှီလူမှာ လူကောင်းတစ်ယောက်မဟုတ်ကြောင်း ထင်ရှားပေသည်။


"အဲဒီအချိန်တုန်းက ဒေါ်လေးက ဘာလို့အဲ့ဒီလူကို လက်ထပ်ခဲ့တာလဲ"


ရှောက်ယွီကျယ်၏ အခြေအနေအကြောင်းအရာများကြောင့် သူမ လက်မထပ်ရသေးဘဲ ကိုယ်ဝန်ရှိနေခဲ့လျှင်တောင်မှ ထိုကဲ့သို့သည်းမခံနိုင်စရာ လူတစ်ယောက်ကို သူမ ရွေးချယ်လိမ့်မည် မဟုတ်ပေ။


လော့ရှိုး ကျူးထုန်ကို ဤမျှလောက် ဗြောင်ကျကျ မေးလိမ့်မည်ဟု မမျှော်လင့်ထားပေ။


သာမာန်လူများက သူတို့၏ အတွေးများကို ဖော်ထုတ်ခံရပြီးလျှင် လိမ္မာပါးနပ်စွာ ဖုံးကွယ်ထားရန် ကြိုးစားသင့်သည် မဟုတ်ပေဘူးလား။


လော့ရှိုး ခေတ္တရပ်တန့်သွားပြီး ယနေ့မြင်လိုက်ရသော ချိုးရှောက်ဖျင်၏အသွင်အပြင်ကို ပြန်စဉ်းစားမိရင်း မျက်မှောင်ကြုတ်လိုက်သည်။ 


"ငါတို့က ဆယ်စုနှစ်တစ်ခုကျော်ကြာပြီးမှ အခုလက်ရှိ အဲဒီလူရဲ့ပုံစံကိုပဲ တွေ့ခဲ့ရတာ။ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က သူဘယ်လိုပုံစံလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ"


"....."


ကျူးထုန်က မေးလိုက်သည်။ 


"မင်း ဘာကိုဆိုလိုတာလဲ"


လော့ရှိုးက "တစ်စုံတစ်ယောက်ရဲ့မျက်နှာကို မင်း သိနိုင်ပေမယ့် သူတို့ရဲ့နှလုံးသားကိုတော့ မင်း မမြင်နိုင်ဘူး"


လွန်ခဲ့သော ဆယ်နှစ်ကျော်က ချိုးရှောက်ဖျင်မှာ သူ့ကိုယ်ပိုင် ဘားတစ်ခုကိုဖွင့်ခဲ့ပြီး ခရိုင်အတွင်း အလွန်နာမည်ကြီးခဲ့သည်။


ထိုအချိန်က ချိုးရှောက်ဖျင်မှာ အသက်လေးဆယ်မပြည့်သေးဘဲ ခန့်ငြားကာကြည့်ကောင်းပေသည်။ လက်ထပ်ထိမ်းမြားရေး စကားကြောင်းလမ်းရန် သူ့ကိုစောင့်ကြည့်နေကြသော မြို့ရှိလူများမှာ အနည်းဆုံးအကန့်အသတ်ကို ကျော်သွားခဲ့သည့်ဟုဆိုလျှင်ပင် မမှားနိုင်ပေ။ ထိုနှစ်များအတွင်း သူ အိမ်ထောင်မပြုရသည့် အကြောင်းရင်းက ရှုပ်ထွေးနေပြီး ထုတ်ဖော်မပြနိုင်သည့် အကြောင်းရင်းတစ်ရပ်လည်း ရှိနေပေသည်။


ထို့ကြောင့်ပင် ချိုးရှောက်ဖျင်က ဘယ်သောအခါကမှ ထိုအကြောင်းအရာကို ထုတ်ဖော်မပြောခဲ့ပေ။


သူ အခြားသူများရှေ့တွင် ခေတ်မီကာ လူကြိုက်များလှပြီး ကိုယ့်ကျင့်သိက္ခာကောင်းမွန်သော အသွင်အပြင်ရှိသော်လည်း စာအုပ်ကို မျက်နှာဖုံးဖြင့် အကဲဖြတ်မဆုံးဖြတ်နိုင်ဟူသည့် ဆိုရိုးစကားရှိပေသည်။ ချိုးရှောက်ဖျင်က လူအများရှေ့တွင် ဂုဏ်သရေရှိ လူကြီးလူကောင်းတစ်ယောက်ကဲ့သို့ ထင်ရသော်လည်း တံခါးနောက်ကွယ်တွင်ဖြင့် လုံးဝ ပြီးပြည့်စုံသော မကောင်းဆိုးဝါးတစ်ကောင်သာဖြစ်သည်။


ရှောက်ယွီကျယ်က ချိုးရှောက်ဖျင်၏ဘားတွင် စားပွဲထိုးအလုပ် လာလျှောက်ချိန်တွင် ထိုသူနှင့် တွေ့ဆုံခဲ့သည်။ ထိုအချိန်တွင် ချိုးရှောက်ဖျင်က သူမအပေါ် အလွန်ကြင်နာလှ၏။ ရှောက်ယွီကျယ်က အခြားသူ၏ကလေးကို ကိုယ်ဝန်ဆောင်ထားရမှန်း သူ သိသော်လည်း သူမအား ကြင်ကြင်နာနာ ဆက်ဆံပေးရန် ဆန္ဒရှိနေဆဲဖြစ်ပြီး သူမကို ပြုစုစောင့်ရှောက်ရန်နှင့် လက်ထပ်ခွင့်ပင် ကမ်းလှမ်းခဲ့သေးသည်။


ထိုကဲ့သို့နူးညံ့သိမ်မွေ့လှသည့် ထောင်ချောက်မျိုးကို ခုခံရန်မှာ အမြဲတမ်း ခက်ခဲပေ၏။ ရှောက်ယွီကျယ်က သူငယ်ချင်းများနှင့် မိသားစုထံမှ စွန့်ပစ်ခံရချိန်တွင် သူမအား ဒုက္ခပင်လယ်ထဲမှ ကယ်တင်ပေးခဲ့သည့်သူက သူမကို စောင့်ရှောက်ပေးမည်ဟု ဆိုခဲ့ပြီး သူ၏ရုပ်ပိုင်းဆိုင်ရာ အပြစ်အနာအဆာများကိုပင် စတင်ဝန်ခံလာခဲ့သည်။


ချိုးရှောက်ဖျင်က ပွင့်လင်းကာ ရိုးသားသောကြောင့် သူနှင့်ချိန်းတွေ့ကာ လက်ထပ်ဖို့ သဘောတူရန် ရှောက်ယွီကျယ်အတွက် အချိန်ကြာကြာမယူလိုက်ရပေ။


သို့သော် လှပသည့်အရာဝတ္ထုများက အမြဲတစေပင် နူးညံ့ကာ ကျိုးပဲ့ပျက်စီးလွယ်လှပေသည်။


လက်ထပ်ပြီးနောက် ချိုးရှောက်ဖျင်မှာ လုံးဝပြောင်းလဲသွားခဲ့သည်။ သူက သဝန်တိုစိတ်ဆတ်လာပြီး အလွန်အမင်း သတိထားတတ်လာကာ သံသယများနှင့် ပြည့်နှက်လာပေသည်။ ရှောက်ယွီကျယ်က သူ့ဘားရှိလူများနှင့် စကားပြောဆိုခြင်းက သူမ သူ့အပေါ် သစ္စာဖောက်နေသည်ဟု ခံစားခဲ့ရသည်။ သူမက သူ၏အပြစ်အနာအဆာများကို စက်ဆုပ်ရွံ့ရှာကာ မလိုလားနေသကဲ့သို့လည်း ခံစားရပေသည်။


ပထမတွင် ကိုယ်ထိလက်ရောက် ရိုက်နှက်ကာ ဆူပူကြိမ်းမောင်းရုံမျှသာဖြစ်၏။ သို့သော် ချိုးရှောက်ဖျင်က ပျော်ရွှင်မှုတစ်မျိုးကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ တဖြည်းဖြည်းနှင့် ပိုမိုပြင်းပြင်းထန်ထန် နှိပ်စက်လာခဲ့သည်။ သူ ရှောက်ယွီကျယ်သာမက ရှောက်မင်ကိုပါ နည်းအမျိုးမျိုးဖြင့် စတင်နှိပ်စက်လာခဲ့သည်။


သက်သေအထောက်အထားများအဖြစ် စုဆောင်းရန် လော့ရှိုး၏ဦးလေးဖြစ်သူက ‌ရှောက်ယွီကျယ်ကို သူမ၏ဒဏ်ရာများအား စစ်ဆေးရန် ခေါ်ဆောင်သွားချိန်တွင် သူမ၏ခန္ဓာကိုယ်တွင် ဒဏ်ရာတစ်စုံတစ်ရာ မတွေ့ခဲ့ရသော်လည်း သူမမှာ စိတ်ပိုင်းဆိုင်ရာဒဏ်ရာများ ရရှိနေပြီဖြစ်၏။


"အတင်းအဖျင်းစကားတွေကို ရှောင်ဖို့အတွက် ချိုးရှောက်ဖျင်က မြင်သာတဲ့ဒဏ်ရာတွေ မကျန်ခဲ့စေမယ့် နည်းလမ်းတွေကို အသုံးပြုခဲ့တာလို့ ငါ့ဦးလေးက ငါ့ကို ပြောခဲ့တယ်။ မတော်တဆအနေနဲ့ ‌ဒေါ်လေးက မြင်သာတဲ့နေရာတွေမှာ ဒဏ်ရာရသွားရင် သူက အဲဒီဒဏ်ရာတွေ ပြန်ကောင်းသွားတဲ့အထိ ဒေါ်လေးကို အိမ်မှာ သော့ခတ်ထားတယ်။ ဒဏ်ရာတွေပျောက်သွားမှသာ အပြင်ထွက်ခွင့်ပြုတယ်"


ကျူးထုန်: "....."


လော့ရှိုးက အတော်လေး ပေါ့ပေါ့ပါးပါး လေသံဖြင့် ရှင်းပြနေသော်လည်း ရှင်းပြနေသည့် အကြောင်းအရာ ကိုယ်တိုင်က အသက်ရှူကြပ်စရာကောင်းနေပေ၏။


နောက်တစ်ကြိမ် မေးလိုက်ချိန်တွင် ကျူးထုန်၏အသံက ကြမ်းတမ်းနက်ရှိုင်းနေသည်။


 "ပြင်ပဒဏ်ရာတွေ မကျန်စေတဲ့နည်းလမ်းတွေ... အဲဒါ ဘာကို ဆိုလိုတာလဲ"


လော့ရှိုး: "ငါ မသိဘူး... သူ အွန်လိုင်းကနေ ရှာတွေ့ခဲ့တာလို့ပြောတယ်။ မင်း ရှာကြည့်ရင် အများကြီးတွေ့လိမ့်မယ်"


"....."


အဲဒီလိုနည်းလမ်းမျိုးကို အင်တာနက်ကနေ ရှာခဲ့တယ်ပေါ့။ အမျိုးသမီးတွေနဲ့ ကလေးတွေကို ညှဉ်းပန်းနှိပ်စက်ဖို့ အသုံးပြုတဲ့ အဲဒီလိုအရာတွေကို လူတွေက ရှာဖွေလို့ရတယ်လား။


ကျူးထုန် တုန်လှုပ်သွားပြီး ကျိန်ဆဲချင်မိသွားသည်။


လူ့အမှိုက်ပဲ!


ကျူးထုန် မျက်မှောင်ကြုတ်လိုက်သည်။


 "သူတို့ ဘာလို့ ထွက်သွားဖို့ မစဉ်းစားကြတာလဲ"


လော့ရှိုး လှောင်ပြုံးပြုံးလိုက်၏။


 "ထွက်သွားဖို့လား။ ဘယ်နေရာကို ထွက်သွားရမှာလဲ။ မင်ကောရဲ့အမေဘက်က အဖိုးအဖွားတွေက အသက်ရှင်နေသေးတယ်။ သူတို့ကို ဒုက္ခမ‌ရောက်စေချင်ဘူး၊ ဟုတ်တယ်မလား။ သူတို့ ပုန်းအောင်းဖို့ ကြိုးစားရင်တောင်မှ လုံခြုံတဲ့နေရာဆိုတာ မရှိပါဘူး။ နောက်ပြီး မ

င်ကောရဲ့မိသားစုက ပြီးခဲ့တဲ့နှစ်နှစ်အတွင်းမှာမှ နည်းနည်းလောက် တိုးတက်လာခဲ့တာ"


"....."


ကျူးထုန် ထိုစကားများကို ကြားပြီးနောက် ခွန်အားမဲ့သွားသလို ခံစားလိုက်ရသည်။


သူ မြေပြင်ကို ငုံ့ကြည့်နေမိ၏။


လော့ရှိုးက သူ့ကို ခဏလောက် ကြည့်နေခဲ့သည်။ သို့သော် သူ အားလုံးကို တိုက်ရိုက် မပြောပြနိုင်သေးပေ။



🤒