Chapter 88
Viewers 18k

🤒အခန်း ၈၈

 [ပထွေး]



ရှောက်မင်၏လည်ချောင်း အခြေအနေက ကောင်းမွန်သည်ဟုသာ ကျူးထုန် ထင်မိသည်။


သေချာပေါက် သူ့(ZT)အဆုတ်က ပြဿနာရှိနေတာကို ဘာလို့ သူ့(ရှောက်မင်)လည်ချောင်းက ဖြစ်နေတာလို့ပြောရတာလဲ...။


ဤအကြောင်းပြချက်က အခြားသူများ၏ အမြင်တွင် အနည်းငယ် မသင်္ကာစရာကောင်းပေ၏။


သို့သော် ဤသည်မှာ သီချင်းဆိုရုံမျှသာဖြစ်၏။ သူ့အဆုတ်များမကောင်းလျှင်ပင် သူ့အနေဖြင့် တိတ်တဆိတ် လိုက်ဆို၍ရပေသည်။ သူက အဘယ်ကြောင့် သီချင်းမဆိုနိုင်ရမည်နည်း။


သူ၏ပါဝင်ရန် တွန့်ဆုတ်နေခြင်းကို အခြားသူများက ပေါင်းသင်းဆက်ဆံရေး ညံ့ဖျင်းသူအဖြစ် ထင်မြင်သွားနိုင်ပေသည်။


သို့သော် ယခုတော့ သူ သီချင်းဆိုစရာ မလိုတော့ပေ။ ၎င်းမှာ ရှောက်မင်က သူ့အား ကူညီတောင်းဆိုပေးခဲ့ခြင်းပင်။ ရှောက်မင်က စိတ်ရှည်သည်းခံကာ အတန်းထဲရှိလူတိုင်းနှင့် ဆက်ဆံရေးကောင်းသူဖြစ်ပြီး ထိပ်တန်းကျောင်းသားတစ်ဦးဖြစ်သည့် သူ၏ဂုဏ်သတင်းမှာလည်း အငြင်းပွားဖွယ်မရှိ လက်ခံနိုင်စရာကောင်းလှသည်။ သူ အမှန်တကယ် သီချင်းမဆိုချင်သည်ကို လူတွေသိသွားလျှင်ပင် မည်သူကမျှ ဘာမှပြောလိမ့်မည် မဟုတ်ပေ။


ကျူးထုန် ရုတ်တရက်ပြုံးကာ ပြောလိုက်သည်။ 


"ကျေးဇူးတင်ပါတယ်"


ရှောက်မင်က ပြန်ပြော၏။


 "ကိုယ့်ကို ကျေးဇူးတင်စရာ မလိုဘူး။ ကိုယ်လည်း တကယ်ကြီးကို သီချင်းမဆိုချင်ဘူး"


ကျူးထုန် အံ့သြသွားပြီး မေးလိုက်သည်။


 "ဘာလို့လဲ"


ရှောက်မင် မဖြေမီ ခေတ္တမျှစဉ်းစားလိုက်ကာဖြင့်

 "ဘာလို့လဲဆိုတော့ ရူးကြောင်ကြောင်နိုင်လို့လေ"


"?"


ရှောက်မင်က ၎င်းကို ဘာကြောင့် ရူးကြောင်ကြောင်နိုင်သည်ဟု ထင်ရသည်ကို ပထမပိုင်းတွင် ကျူးထုန် နားမလည်ခဲ့ပေ။ သို့သော် နောက်ပိုင်းတွင် သူ့အတန်းဖော်များ၏ သီချင်းသံပြိုင်သီဆိုသံကို သူ ကြားလိုက်ရသည်။


သီချင်း၏မူရင်းအဆိုတော်က စည်းလုံးညီညွတ်စေလိုသော စိတ်ဆန္ဒနှင့် ခိုင်မာသော ဇွဲလုံ့လရှိသူတစ်ယောက်ကဲ့သို့ အသံဩဇာရှိလျှင် အခန်း ၃ ၏သံပြိုင်သီဆိုမှုမှာမူ လူနှင့်ဘီလူးများ ရောနှောကာ အော်ဟစ်နေပြီး နတ်ဆိုးများ၏ ဖရိုဖရဲအကနှင့် ပိုတူပေသည်။


"မြေအောက်စစ်ဆင်ရေး... ဟေး... မြေအောက်စစ်ဆင်ရေး။ ထောင်ပေါင်းများစွာ စစ်သားတွေက ခြုံခိုတိုက်ခိုက်နေကြပြီ"


သံပြိုင်သီဆိုမှုမှာ သံစဉ်နှင့်ကွဲထွက်နေသလို တစ်ကိုယ်တော် သီဆိုဖျော်ဖြေမှုမှာလည်း စည်းဝါးမကျပေ။


ကျူးထုန်မှာ သူ၏နားစည်ကို နေ့တိုင်း လူမဆန်စွာ စမ်းသပ်ခံနေရသလို ခံစားရသည်။


"မင်း ဒါလိုလား" 


ရှောက်မင် ရုတ်တရက် သူ့ကို ဂွမ်းလုံးလေးနှစ်လုံး ကမ်းပေးလာသည်။


ရှောက်မင်က အမှန်တကယ်ကို ကောင်းကောင်း ပြင်ဆင်လာသည်ဟု ကျူးထုန် တွေးမိသည်။


သို့သော် သူ ငြင်းဆိုလိုက်သည်။


သူ့နားတွေ နှိပ်စက်ခံနေရသော်လည်း ထိုအသက်ဝင်လှသည့် လေထုအငွေ့အသက်က အတော်လေး စိတ်ဝင်စားဖို့ကောင်းပေ၏။


သို့သော် သူ ငြင်းလိုက်ချိန်တွင် သူနားထဲသို့ အသံတစ်သံ ဝင်ရောက်လာပေသည်။ 


"မြေအောက်စစ်ဆင်ရေး ဟေး..."


"ဟေး" ဟူသောအသံက သေစေနိုင်လောက်အောင် မှော်ဆန်သည့် အရည်အသွေးကို ပိုင်ဆိုင်ထားသကဲ့သို့ ပြင်းထန်လောင်မြိုက်နေပေသည်။


ကျူးထုန် အခုလေးပင် ကောက်ကိုင်လိုက်သော ဘောပင်မှာ တစ်စုံတစ်ယောက်၏ "ဟေး" ဟူသောအသံကြောင့် အောက်သို့ပြုတ်ကျသွားသည်။ သူ ခေါင်းကို ဖြည်းညင်းစွာ လှည့်ကြည့်လိုက်သည်။


လော့ရှိုးက ကိုယ့်ကိုယ်ကို ကျေနပ်စွာ ပြောလာသည်။ 


"မင်ကော ကျူးထုန် မင်းတို့နှစ်ယောက် သံပြိုင်သီဆိုမှုမှာ မပါတာ စိတ်မကောင်းစရာပဲ။ ဒီသီချင်းက လုံးဝမှတ်မိလွယ်ရုံတင်မကဘူး အရမ်းအားသစ်အင်သစ် ဖြစ်စေတာကို ငါ သိလိုက်ရပြီ။ ငါ အဲဒီသီချင်းကို ဆိုလိုက်တဲ့အချိန်တိုင်း လန်းဆန်းတက်ကြွပြီး ခွန်အားပြည့်ဝလာသလို ခံစားရတယ်"


ရှောက်မင် ပြုံးကာ ပြောလိုက်သည်။


 "မင်း ငါ့ရှေ့မှာ ထပ်ပြီး သီချင်းဆိုမယ်ဆိုရင် မင်းရဲ့စိတ်ကို လန်းဆန်းသွားအောင် တခြားနည်းနဲ့ ငါကူညီပေးနိုင်တယ်"


လော့ရှိုး: "....."


"မင်ကော ဒါက ယုတ္တိမရှိဘူးလေ။ ဂီတအပေါ် လူတစ်ယောက်ရဲ့ စိတ်အားထက်သန်မှုကို မင်း ဘယ်လိုလုပ်ဖျက်ဆီးလို့ရနိုင်မှာလဲ။ ငါက သီချင်းဆိုတဲ့နေရာမှာ မတော်လို့လား။ ငါရဲ့ဂီအပေါ် လေ့လာလိုက်စားမှုက မချီးကျူးထိုက်ဘူးလား။ ကြိုးကြိုးစားစား လေ့ကျင့်‌နေတာကို ငါက အားပေးခံရဖို့တောင် မတန်ဘူးလား။ ကျူးထုန် ငါပြောတာမှန်တယ်မလား"


ကျူးထုန်: ".....အာ"


လော့ရှိုးက ထောက်ခံစေချင်လိုသော အကြည့်နှင့်ကြည့်ကာပြောသည်။


 "မင်းကတော့ ငါ ကောင်းကောင်း ဆိုနိုင်မယ်လို့ ထင်တယ်မလား၊ ဟုတ်တယ်ဟုတ်။ ဂီတနယ်ပယ်မှာ ငါက အရမ်းကို ပါရမီပါလွန်းမနေဘူးလား"


ကျူးထုန် သူ့လက်ကို မြှောက်လိုက်ပြီး ထိုစည်းဝါးမကိုက်ညီသော "ဟေး" ဟူသည့်အသံကြောင့် နားကန်းလုနီးပါး ဖြစ်သွားရသည့် သူ့နားရွက်ကို ပွတ်လိုက်သည်။ သူ နာကျင်စရာကောင်းလှသည့် အမှန်တရားဘက်တွင်သာ ရပ်တည်ခဲ့သည်။ 


"မင်းမှာ အရည်အချင်းရှိမရှိတော့ ငါမသိဘူး။ ဒါပေမယ့် လူတိုင်းကို သေစေနိုင်လောက်တဲ့ ဂီတအပေါ် စွဲလမ်းမှုတစ်ခုတော့ မင်းဆီမှာ ရှိတယ်"


လော့ရှိုး: "....."


ရှောက်မင် ရယ်မောလိုက်ပြီး ကျူးထုန်ကို ဖက်ကာဖြင့် ပြောလာသည်။


 "မင်း ကြားလိုက်လား။ အခု ဒီကနေ ထွက်သွားပြီး တခြားသူတွေကိုသာ ဒုက္ခသွားပေးနေစမ်းပါ"


မကြာသေးမီ အချိန်တိုလေးအတောအတွင်း ပြင်ဆင်ထားခဲ့သော အသစ်စက်စက် ဂီတပညာရှင် လော့ရှိုးမှာ ဤသေစေနိုင်လောက်သော နှစ်ကြိမ်ဆက်တိုက် K.O ရိုက်ချက်ကြောင့် သူ့ဂီတအိပ်မက်လေးမှာ နှောက်ယှက်ဖျက်ဆီးခံလိုက်ရပြီး ငါးဆားနယ်အဖြစ်သို့ ပြောင်းလဲသွားရသည်။


လူပုံသဏ္ဍာန် အသံချဲ့စက်ကို မောင်းထုတ်ပြီးနောက် ကျူးထုန်က သူ့နားရွက်များကို ရံဖန်ရံခါ ပွတ်သပ်နေသေးသည်ကို ရှောက်မင် တွေ့လိုက်ရပြီး အနည်းငယ် စိုးရိမ်လာသည်။


 "မင်းရဲ့နားတွေ အဆင်မပြေဘူးလား"


"နည်းနည်းနားအူနေသလို ခံစားရလို့။ သာမန်နားအူရုံလောက်ပါပဲ" 

ကျူးထုန် ပြန်ဖြေလိုက်သည်။

 "ကိစ္စမရှိပါဘူး။ အနားယူလိုက်ရင် အဆင်ပြေသွားမှာပါ"


ရှောက်မင်ကဆိုစည်။

 "ကိုယ် ကြည့်ကြည့်မယ်"


"အဆင်ပြေပါတယ်..."


ထိုသို့ပြောရင်း ဆန့်တန်းလာသည့် ရှောက်မင်၏လက်ကို ကျူးထုန် မရှောင်လိုက်ဘဲ သူ့နားရွက်ကို စစ်ဆေးဖျစ်ညှစ်ခွင့်ပြုထားလိုက်သည်။


သို့သော် နားအူခြင်းပြဿနာက ယေဘူယျအားဖြင့် နား၏အပြင်ဘက်ပိုင်းပြဿနာမဟုတ်ပေ။ အထူးကိရိယာများမပါဘဲ မည်သည်ကိုမှ မြင်နိုင်လိမ့်မည် မဟုတ်ပေ။


ဆန့်ကျင်ဘက်အနေဖြင့် သူတို့၏ အတိုင်းအဆမရှိ နီးကပ်မှုက သူတို့နှင့် ရွတ်ဆိုရမည့်စာသားများကို ဆွေးနွေးရန် လှည့်ကြည့်လာသည့် အတန်းခေါင်းဆောင်အား မတူကွဲပြားသည့် တစ်စုံတစ်ရာကို သတိပြုမိသွားစေသည်။


ဒီနှစ်ယောက်ကြားမှာ တစ်ခုခုဖြစ်နေတာ သေချာနေပြီ။


ကျူးထုန် သူမ၏အကြည့်ကို သတိထားမိသောကြောင့် လှည့်ကြည့်လိုက်သည်။


ထျန်နွမ် ချက်ချင်းပင် ပြောလိုက်သည်။


 "ငါ ဘာမှမတွေ့လိုက်ဘူး။ ဆက်လုပ်"


ကျူးထုန်: "....."


ထိုအုပ်စုဖွဲ့စကားပြောခြင်းတွင် သူမြင်ခဲ့သော ‌ဝေဖန်ချက်များတွင် အမှန်အမှား တစ်စုံတစ်ရာ ရှိနိုင်သည်ကို ရုတ်တရက် သဘောပေါက်သွားသည်။ အနည်းဆုံးအနေဖြင့် အံ့ဩစရာမရှိပေ။


သူနှင့်ရှောက်မင်၏ အပြုအမူအချို့က အမှန်တကယ်ကို နားလည်မှုလွဲမှားရန် လွယ်ကူပုံပေါ်ပေသည်။


မင်းသမီးလေးလိုပွေ့ချီသည့် ပြိုင်ပွဲကွင်း၌ဖြစ်စေ၊ သူနှင့်ပတ်သက်သည့်ကိစ္စများတွင် ရှောက်မင်၏ လိမ္မာပါးနပ်ကာ ကျွမ်းကျင်လှသည့် "ဝင်ရောက်စွက်ဖက်ခြင်း" ၌ဖြစ်စေ အတူတူပင်။


အဘယ်ကြောင့်ဆိုသော် ရှောက်မင်က သူ့အပေါ် အလွန်ကြင်နာတတ်လွန်းသောကြောင့်ပင်။


သို့သော် ရှောက်မင်က သူ့ကို မည်မျှပင် ကောင်းကောင်း ဆက်ဆံနေပါစေ အဘယ်ကြောင့် သူ၏နှစ်သက်မှုအဆင့်က တိုးတက်မလာရသည်လဲ။


တိုးတက်မှုဘားတန်းက ရက်အတော်ကြာသည်အထိ တိတ်ဆိတ်နေပေသည်။


စနစ်က ချို့ယွင်းနေတာတော့ မဟုတ်လောက်ပါဘူး၊ ဟုတ်တယ်မလား။


စနစ်ထံမှ ရုတ်တရတ် အသံထွက်လာသည်။ '

မင်းရဲ့စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ်။ host အသက်ရှင်နေသေးသရွေ့ စနစ်က ပုံမှန်အတိုင်းလည်ပတ်နေမှာပါ'


ကျူးထုန်: "....."


ဒါဆိုရင် ချို့ယွင်းနေတဲ့သူက လရောင်ဖြူလေးပဲ ဖြစ်ရမယ်...


ကျူးထုန် ခေါင်းလှည့်ကာ ရှောက်မင်ကို ကြည့်လိုက်သည်။


စနစ်:"....."


'နှစ်သက်မှုအဆင့်သာ ဆက်တက်နေရင် မကြာခင် မင်း တကယ် ချို့ယွင်းသွားနိုင်တယ်'


ကျူးထုန်:"....."


ရှောက်မင် ရုတ်တရက် သူ့ကို လှည့်ကြည့်လာပြီး ဘာဖြစ်လို့လဲဟု မေးတော့မည့်အချိန်တွင် သူ့ဖုန်းက ရုတ်တရက် တုန်ခါသွားသည်။


သူ ခေါင်းငုံ့ကာ လော့ဖြည်ကြည့်လိုက်ပြီးနောက် သူ့မျက်လုံးများ အနည်းငယ် နက်မှောင်သွားပေသည်။


ရုတ်တရက် ပြောင်းလဲသွားသော သူ၏စိတ်အခြေအနေက ကျူးထုန်ကို စိုးရိမ်စိတ်ဖြစ်စေသောကြောင့် သူ မေးလိုက်သည်။ 


“ဘာဖြစ်လို့လဲ”


ရှောက်မင် ခေါင်းကိုမော့ပြီးဆိုသည်။


 "ဘာမှမဟုတ်ဘူး"


သူ ဖုန်းကို နောက်တစ်ကြိမ် တစ်ချက်ကြည့်လိုက်ပြီး ဖုန်းမျက်နှာပြင်ကို လော့ချကာ မတ်တပ်ထရပ်လိုက်သည်။ 


"ကိုယ် အပြင်သွားလိုက်အုံးမယ်"


ရှောက်မင် အဘယ်သို့ သွားမည်ကို ကျူးထုန် မသိစိတ်မှ မေးလိုက်ချင်သော်လည်း ဖွင့်ထုတ်ကာ မမေးနိုင်ပေ။


အဘယ်ကြောင့်ဆိုသော် ရှောက်မင် သူနှင့်စကားပြောနေချိန်တွင် မျက်နှာက တည်ငြိမ်နေသောကြောင့်ပင်။ ရှောက်မင်၏အကြည့်က သူ့ထံမှ ဖယ်ခွါသွားပြီးနောက် အေးစက်သည့်အရိပ်အယောင်များ ပေါ်ထွက်လာသည်။


ရှောက်မင် ဤမျှအထိ သိသိသာသာ စိတ်သောကရောက်နေသည်ကို ကျူးထုန် ဘယ်သောအခါကမှ မမြင်ဖူးသောကြောင့် သူ အချိန်ခဏမျှ အံ့အားသင့်သွားသည်။


ကျူးထုန် တွေဝေနေချိန်တွင် ရှောက်မင်က စာသင်ခန်း၏အနောက်တံခါးဆီသို့ လျှောက်သွားနေပြီဖြစ်၏။


စာသင်ခန်းမှ ထွက်သွားပြီးနောက် ရှောက်မင် ဦးတည်သွားသော လမ်းကြောင်းကို ကျူးထုန် လိုက်ကြည့်နေမိသည်။ သူ သန့်စင်ခန်းဆီသို့ သွားခြင်းမဟုတ်ပေ။ ကျူးထုန်၏စိတ်ထဲရှိ သံသယများ ပိုပြီးပြင်းပြင်းထန်ထန် ကြီးထွားလာခဲ့သည်။


ထိုအချိန်တွင် စာသင်ခန်း၏အနောက်တံခါးမှ အခြားလူတစ်ယောက် ပြေးဝင်လာပေသည်။ ထိုသူမှာ သန့်စင်ခန်းသို့သွားသည့် လော့ရှိုးပင်။


စာသင်ခန်းထဲမှ ထွက်မသွားခင်အချိန်က ‌လော့ရှိုးမှာ အလွန်အမင်း ထုထောင်းခံထားရသည့် ငါးဆားနယ်တစ်ကောင်ဖြစ်နေဆဲဖြစ်သော်လည်း သူ စာသင်ခန်းထဲသို့ ပြန်ဝင်လာချိန်တွင် စိတ်အားထက်သန်မှုအပြည့်နှင့် ပြန်လည်ရှင်သန်လာပြီဖြစ်၏။ သူ အလျှင်စလိုပြေးလာပြီး လွတ်နေသည့်ထိုင်ခုံကို ကြည့်ကာ ကျူးထုန်ကို မေးလိုက်သည်။ 


"မင်ကော ဘယ်သွားလဲ"


ကျူးထုန် လှေကားဆီသို့ ညွှန်ပြ

ပြီး ပြောလိုက်၏။


"ခဏလောက် အပြင်သွားအုံးမယ်လို့ ပြောသွားတယ်"


“.....”


လော့ရှိုး ခေတ္တမျှရပ်တန့်သွားပြီးနောက် လှည့်ထွက်သွားသည်။


ကျူးထုန် စိုးရိမ်တကြီး ပြောလိုက်သည်။ 


"ခဏလေး တစ်ခုခုဖြစ်လို့လား။ ဘာတွေဖြစ်နေတာလဲ"


လော့ရှိုးက သူ့ကို ဖုံးကွယ်မထားခဲ့ပေ။ သူ လေးလေးနက်နက်အသံဖြင့် ပြောလာသည်။ 


"ချိုးရှောက်ဖျင် ထောင်က လွတ်လာပြီ။ငါ မင်းကို ဒီအကြောင်းတွေ မပြောပြချင်ဘူး။ မင်ကောကို သွားရှာလိုက်အုံးမယ်။ နောက်ပြီးကျရင် ငါ့အတွက် ခွင့်တိုင်ထားပေးအုံး"


“.....”


ချိုးရှောက်ဖျင်လား...။


ကျူးထုန် အနည်းငယ် ထိတ်လန့်သွားသည်။


ရှောက်မင်ရဲ့အမေကို ရိုက်နှက်ခဲ့တဲ့ ရိုင်းစိုင်းရက်စက်တဲ့ သူ့ပထွေးလား...။


ကျူးထုန် ထရပ်ပြီး နောက်ကလိုက်သွားတော့မည့်စဲစဲ စနစ်က သူ့ကို သတိပေးလာသည်။ '

အခု မင်းက ဘာလုပ်နိုင်မှာမလို့လဲ'


ကျူးထုန်: “.....”


ရှောက်မင် ထိုကဲ့သို့ အလျင်အမြန် ထွက်သွားသောကြောင့် သေချာပေါက် တစ်စုံတစ်ရာ ဖြစ်ပျက်နေခြင်း ဖြစ်ပေလိမ့်မည်။


အခုလောလောဆယ် သူ့နောက်သို့ လိုက်သွားခြင်းက ပို၍ဆိုးရွားသော ကိစ္စများကိုသာ ဖြစ်စေလိမ့်မည်။


သို့သော် သူသာ လိုက်မသွားခဲ့လျှင်...။


'သူ့ကို နည်းနည်းလောက် ယုံထားလိုက်တာပေါ့။ မင်းမရှိရင်တောင် လရောင်ဖြူလေးက ကောင်းကောင်း အဆင်ပြေနေမှာပါ၊ ဟုတ်တယ်မလား။ လရောင်ဖြူလေးက မင်းမရှိလည်း ကောင်းကောင်း နေနိုင်တယ်မလား။ မင်းသူ့ကို စိတ်ပူဖို့ အချိန်ရှိနေသေးရင် မင်းရဲ့နှစ်သက်မှုအဆင့်ကို တိုးလာဖို့ ဘာလို့ စဉ်းစားမနေရတာလဲ'


ဟုတ်တယ်...။


ကျူးထုန် သူ့ထိုင်ခုံတွင် ထိုင်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ ကောင်လေးနှစ်ယောက် ပျောက်ကွယ်သွားသော လမ်းကြောင်းဆီသို့ တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် ထရပ်ကာ ပြောလိုက်သည်။ 


"အတန်းခေါင်းဆောင် ငါ အတန်းပျက်ခွင့်ယူချင်လို့ မကြာခင် ပြန်လာခဲ့မယ်"


ယခုအချိန်က ညနေပိုင်း ကိုယ်ပိုင်စာကြည့်ချိန်ဖြစ်သည်။ ရှစ်ဝမ်ရှူက ဤကိုယ်ပိုင်စာကြည့်ချိန်တွင် တစ်တန်းလုံး သီချင်းများကို အတူလေ့ကျင့်ရန် စီစဉ်ပေးထားသည်။ ထို "မှော်ဆန်သော" သီချင်းကို နားထောင်မည့်အစား ရှောက်မင်နောက်သို့ လိုက်သွားကြည့်ခြင်းက သူ့အတွက် ပိုကောင်းပေသည်။


အမ်... သူက သွားကြည့်ချင်ရုံလေးသာ။


ထိုကဲ့သို့တွေးကာ ထျန်နွမ် ပြန်မဖြေခင်မှာပင် ကျူးထုန်က စာသင်ခန်းထဲမှထွက်ကာ ရှောက်မင်နောက်သို့ လိုက်သွားခဲ့ပြီဖြစ်သည်။


___


နို့လက်ဖက်ရည်ဆိုင်တွင် အသက်ငါးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးက ကောင်တာရှေ့ရှိ ကုလားထိုင်မြင့်တစ်လုံးပေါ်တွင် ထိုင်နေသည်။ ထိုလူကို ကြည့်ရသည်မှာ ထင်းချောင်းကဲ့သို့ ပိန်လှီနေသော်လည်း သူ့မျက်လုံးများက မြွေပွေးတစ်ကောင်ကဲ့သို့ အေးစက်နေပြီး ကောင်တာနောက်ရှိအမျိုးသမီးကို နီးနီးကပ်ကပ် စိုက်ကြည့်နေသည်။


နို့လက်ဖက်ရည်ဆိုင်တွင် ဧည့်သည်တစ်ယောက်မှမရှိပေ။ ကောင်တာနောက်တွင် မကြာသေးမီက ငှားရမ်းထားသော အသစ်ကောင်မလေးနှစ်ဦးက ရှောက်ယွီကျယ်၏နောက်တွင် ပုန်းနေသည်။ ကောင်တာရှေ့ရှိ လူကိုကြည့်ကာ တစ်ယောက်နှင့်တစ်ယောက် ကြောက်ရွံ့ထိတ်လန့်စွာ လက်ချင်းဆုပ်ကိုင်ထားကြပြီး စကားပြောရန် အလွန်ထိတ်လန့်နေကြသည်။


ရှောက်ယွီကျယ် သူမ၏နောက်ကျောမှ ချွေးအေးများစီးကျလာသည်ကို ခံစားမိသော်လည်း ကြောက်ရွံ့မှုကို ထုတ်မပြဝံ့ပေ။


သူမ ရင့်ရင့်သီးသီး ပြောလိုက်သည်။ 


"ချိုးရှောက်ဖျင် ရှင် ဘာလုပ်ဖို့ကြိုးစားနေတာလဲလို့ ပြောနေတာလေ။ ကျွန်မ ရဲခေါ်ပြီးသွားပြီ။ ရှင်..."


"ရဲကိုခေါ်လိုက်တာလား" 

ပိန်ပိန်ပါးပါးလူက ဩရှသောအသံဖြင့် ပြောလာသည်။ 

"ငါ ဘာလုပ်ခဲ့လို့လဲ။ ငါ အခုလေးတင် ထောင်ကထွက်လာတာ။ ဒါကို မင်းက ငါ့ကို ပြန်ပို့ချင်တာလား။ ခေါ်လိုက်လေ သူတို့လာကြပါစေ ငါစောင့်နေမယ်"


ရှောက်ယွီကျယ်: "ရှင်..."


"ယွီကျယ်" 


ထိုယောက်ျား၏အသံက ထိတ်လန့်စရာကောင်းလောက်အောင် နူးညံ့နေပေသည်။ 


“'တစ်ရက် အကြင်လင်မယားဖြစ်ဖူးရင် ရက်ပေါင်းတစ်ရာ ကျေးဇူးသိတတ်ရမယ်' ဆိုတဲ့ ဆိုရိုးစကားရှိတယ်လေ။ မင်းနဲ့မင်းရဲ့သားက ဘာမှမချန်ထားခဲ့ဘဲ ငါ့ကို ထားသွားတယ်။ ငါ အဲဒီအခြေအနေကနေ ရုန်းထွက်ဖို့ ကြိုးစားခဲ့ရတယ်။ နောက်ပြီး မင်းနဲ့မင်းရဲ့သားကို ကျေးဇူးတင်စကားပြောဖို့ ရောက်မလာခဲ့ဘူးဆိုရင် မမျှတဘူးမလား”


သူ့မျက်လုံးများက မှိန်ဖျော့လာပြီး လူများအား ကျောရိုးတစ်လျှောက် အေးစက်မှုကို ခံစားသွားရစေသည်။


ကောင်မလေးနှစ်ယောက်က ထိတ်လန့်တကြား တုန်တုန်ယင်ယင်နှင့် ပြောလာသည်။ 


“သူဌေး၊ ဒီလူက…”


"အဆင်ပြေပါတယ်၊ မကြောက်နဲ့" 

ရှောက်ယွီကျယ် သူတို့နှစ်ယောက်ကို နှစ်သိမ့်ပေးလိုက်ပြီးနောက် ချိုးရှောက်ဖျင်ကို ပြောလိုက်သည်။ 

"ပြောလိုက်... ရှင် ဘာလိုချင်တာလဲ"


သူမ ထိုသို့ပြောပြီးသည်နှင့် ချိုးရှောက်ဖျင်၏မျက်နှာက စိတ်လှုပ်ရှားလာပြီး သူ့လက်များကို ကောင်တာပေါ်သို့ တင်လိုက်ကာ သူ့မျက်လုံးများမှာလည်း မှောင်မည်းသွားပေသည်။ 


"ငါ ဘာလိုချင်တာလဲ မင်း မသိဘူးလား။ အဲဒီအရိုင်းအစိုင်း မျိုးမစစ်ကောင် ဘယ်မှာရှိလဲ ငါ့ကိုပြောစမ်း"


သူ့အသံက ရုတ်တရက် ပြောင်းသွားပြီး ပြောလာသည်။


 "မင်းရဲ့သား ဘယ်မှာလဲ။ အိုး... မဟုတ်သေးဘူး၊ ဘာပဲဖြစ်ဖြစ် သူက မင်းရဲ့သားလည်း မဟုတ်ပါဘူး၊ ဟုတ်တယ်မလား။ သူက-"


သူ့စကားမဆုံးခင်မှာပင် တင်းတင်းကြပ်ကြပ်ပိတ်ထားသော နို့လက်ဖက်ရည်ဆိုင်၏တံခါးက ရုတ်တရက် တွန်းဖွင့်ခံလိုက်ရသည်။ လျှင်မြန်သည့်ခြေသံများ ချဉ်းကပ်လာပြီး ချိုးရှောက်ဖျင် ခေါင်းလှည့်လိုက်ချိန်မှာပင် ထိုလူကို ရှင်းရှင်းလင်းလင်း မမြင်လိုက်ရဘဲ သူ့အင်္ကျီကော်လာမှနေပြီး နောက်ကနေ အတင်းဆွဲခေါ်ခြင်းကို ခံလိုက်ရသည်။


အင်္ကျီကော်လာက သူ့လည်ပင်းကို ဖြစ်ညှစ်ထိန်းချုပ်ထားပြီး အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့ထားသည်။ ခွန်အားက သူ့ကို အသက်ရှူကြပ်လောက်သည်အထိ အလုံအလောက်သန်မာပေသည်။ သူ့မျက်နှာက ပြာနေသော်လည်း မည်သည့်ကြောက်ရွံ့မှုမျိုးကိုမှ မဖော်ပြဘဲ ထိန်းချုပ်လို့မရနိုင်သည့် စိတ်လှုပ်ရှားနေသော အပြုံးကိုပင် ဖော်ပြလာခဲ့သည်။


ချိုးရှောက်ဖျင် သူ့အင်္ကျီကော်လာကို ဆွဲကိုင်ပြီး စတင်ရုန်းကန်လိုက်သည်။


သို့သော်လည်း ရှောက်မင်က သူ့ကို အခွင့်အရေးမပေးပေ။ ကောင်တာအနောက်ဘက်ရှိ ထိတ်လန့်တကြား အော်ဟစ်သံများကြားတွင် သူ ချိုးရှောက်ဖျင်ကို နို့လက်ဖက်ရည်ဆိုင်ထဲမှ တစ်ခါတည်း ဆွဲခေါ်ထုတ်သွားလေသည်။


ဆိုင်အပြင်ဘက်ကွင်းပြင်တွင် လူအများက သွားလာလှုပ်ရှားနေကြသည်။ နို့လက်ဖက်ရည်ဝယ်ရန် စုရုံးနေကြသော လူအများအပြားက ဆိုင်အတွင်းထဲရှိ သံသယဖြစ်ဖွယ် 'လူအိုကြီး' ကြောင့် တုံ့ဆိုင်းနေကြသည်။ ထို့နောက် စကားပြောနေသော ထိုလူက ရုတ်တရက် နို့လက်ဖက်ရည်ဆိုင်မှ ဆွဲထုတ်ခံလိုက်ရပြီး ချက်ချင်းပင် နို့လက်ဖက်ရည်ဆိုင်၏ အဝင်ဝကို နေရာတစ်ခုလုံး၏ အာရုံစိုက်ဖွယ် အချက်အချာနေရာအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။


ဖြတ်သွားဖြတ်လာလူတစ်စု၏ ကြောက်ရွံ့ထိတ်လန့်သော အကြည့်များအောက်တွင် ရှောက်မင် ထိုလူကို ကြမ်းကြမ်းတမ်းတမ်း ပစ်ပေါက်လိုက်သည်။ အထူးသဖြင့် ရက်စက်သည့်ပုံပေါက်နေသည်။


ထိုလူမှာ ကျယ်လောင်သော "ဘန်း" ဟူသည့်အသံဖြင့် ပစ်ပေါက်ခံလိုက်ရပြီး သူ့ခန္ဓာကိုယ်မှာ နာကျင်မှုကြောင့် ဘောလုံးတစ်လုံးကဲ့သို့ ကွေး‌နေသည်။


‌ရှောက်မင် ထိုလူကို နွေးထွေးမှု အနည်းငယ်မျှမပါရှိဘဲ အေးစက်စွာ ငုံ့ကြည့်လိုက်ပြီး ပြောလိုက်သည်။


 "ခင်ဗျားဆန္ဒအတိုင်း လုံလုံခြုံခြုံနေပြီး ပြန်ပေါ်မလာနဲ့"




🤒