Chapter 82
Viewers 18k

🤒အခန်း ၈၂




သူမက ရှားယန်ဘက်မှရပ်တည်ပေးခဲ့ပြီးရှားယန်ဘက်မှကူပြောပေးခဲ့သည်။ ရှောက်မင်ကို "ရရန်ခက်သည့်မျက်နှာလေး" ဟုပင်ပြောခဲ့သည်။ ၎င်းကြောင့် ကျူးထုန်မျက်နှာက လုံးဝပြောင်းလဲသွားရခြင်းပင်ဖြစ်လေ၏။


သို့သော် ယခုတော့ သူရန်မစသင့်သူကိုသွားစမိပြီး ရှားယန်ကလည်း သူမဘက်မှတစ်လုံးပင်မပြောလာပေးခဲ့ချေ။


သူမ ရုတ်တရက်လှည့်ကြည့်လိုက်မိသည်။


ရှားယန်မှာ သူမအကြည့်ကြောင့် ရှင်းပြရခက်သောမသက်မသာဖြစ်မှုကိုခံစားလိုက်ရသည်။


မသိစိတ်အလျောက် သူ့မှာ "သူ့ကိစ္စမဟုတ်ဘူး" ဟုပြောချင်နေခဲ့သည်။ သူ သူတို့ကိုတားခဲ့သည်။ သို့တစေ သူတို့က သူ့စကားကိုနားမထောင်ခဲ့ပေ။


ဒါပေမဲ့ သူ တကယ်တားခဲ့တာရောဟုတ်လို့လား။


သူက ကျူးထုန်ကို ရန်ငြိုးဖြင့် မြင်းပေါ်မှပြုတ်ကျသွားစေချင်ခဲ့၍ သူလည်း သူတို့(ဝူ,ဝမ်)ကိုတားရန်လက်လျှော့ခဲ့လိုက်ခြင်းသာဖြစ်သည်။


သို့ရာတွင် ကျူးထုန်က မဟုတ်မခံလူစားမျိုးဖြစ်ပြီး အားလုံးကိုအမှန်အတိုင်းဖြစ်စေချင်နေခဲ့သည်။ သူတစ်ယောက် မည်သည့်နေရာကများမှားနေပါသနည်း။


တကယ်တမ်း သူလည်းဘာအမှားမှမလုပ်ခဲ့ပေ။


ရှားယန်ဘက်မှ အဖြေကိုပင်မစောင့်ဘဲ ကျူးထုန်ကဆက်ပြောလာလေသည်။ 


"ဘာလို့လဲဆိုတော့ မင်း(ဟယ့်ရှောင်းရှောင်း)က ရှားယန်ကိုကြိုက်နေလို့၊ သူကြိုက်နေတဲ့သူမှန်သမျှကို ပစ်မှတ်ထားနေတာ၊ ငါက ရှားယန်ကိုမုန်းတယ်၊ သူ့ကိုသဘောကျတဲ့လူတိုင်းကိုငါမုန်းတယ်၊ မင်းငါ့ကိုရန်လာမစခဲ့ရင် ဘာမှဖြစ်မှာမဟုတ်ဘူး၊ ငါတို့လည်း နောက်တစ်ခါထပ်ငြိမှာမဟုတ်ဘူး၊ ဒါပေမဲ့ မင်းတို့ ငါ့ကိုရန်စရဲခဲ့တယ်၊ ဒီတော့ ငါမင်းကိုပြန်ပြီးခွင့်လွှတ်ပေးမယ်လို့မမျှော်လင့်ထားကြနဲ့..."


အစက သူ ရှားယန်နှင့်ငြိမ်းချမ်းရေးလိုချင်ခဲ့သည်။ ထို့အပြင် သူတို့အားလုံးက ကမ္ဘာတစ်ခုတည်းတွင်အတူနေထိုင်နေကြသည်။ ဘာကြောင့်များ ကိုယ့်အတွက်ကိုယ် ရန်သူလိုက်ရှာနေမည်နည်း။


သို့သော်လည်း "ဇာတ်လိုက်" က နေရာတိုင်းတွင်ရှိနေခဲ့သည်။


ရှားယန်က သူ့ကောင်းကျိုးအတွက် ညစ်ပတ်သည့်အလုပ်မျိုးလုပ်ခဲ့သည်။ ယွမ်ရှောင်ကျိုးလည်း သူ့ကောင်းကျိုးအတွက် ညစ်ပတ်သည့်အလုပ်မျိုးလုပ်ခဲ့သည်။ သူ့နောက်လိုက်သုံးယောက်ကလည်း သူ့ကောင်းကျိုးအတွက် ညစ်ပတ်သည့်အလုပ်ကိုလုပ်ခဲ့ကြသည်။


၎င်းက နှင်းဆီခိုင်ဇာတ်လိုက်အတွက် လမ်းကြောင်းဟု သူနားလည်ထားခဲ့သော်လည်း အရံဇာတ်ကောင်များက နှင်းဆီခိုင်လေးအတွက် အမြဲတစေ အားထုတ်ရပ်တည်ပေးရခြင်းမျိုးမရှိသည့်အပြင် သူသဘောကျသည့်လူကိုလည်းမနာလိုဖြစ်ခံရသေးသည်။


နှင်းဆီခိုင်လေးများက အမြဲ "တုံးအ" ပြီး "အပြစ်ကင်းစင်" ကြသည်။ ဗိလိန်နှင့်အမြှောက်စာကောင်များကို သူတို့လက်ဖြင့်ကိုယ်တိုင်လုပ်စရာမလိုဘဲ ဖယ်ရှားနိုင်ပြီး အရံဇာတ်ကောင်များ၏ အကျိုးဆောင်မှုကိုအားကိုးကာ အမြင့်သို့တက်သွားကြသည်။ အားလုံးက သူတို့၏ "သဘောကျမှု" ကြောင့်သာ။


ဒါပေမဲ့ သူကတော့ ဒီဇာတ်လမ်းမှာ ဗီလိန်လေ။


ကျူးထုန်က တွေးမိသည်။ သူ့လို "ဗီလိန်" က ဘာလို့ဒီလို ရယ်စရာကောင်းတဲ့ ဆက်တင်မျိုးကိုလက်ခံရမှာလဲ။


နှင်းဆီခိုင်လေးကို နှစ်သက်သူမည်မျှရှိမှန်း သူဂရုမစိုက်ပေ။ သို့တစေ ထိုလူများက သူ့မျက်နှာပေါ်တွင်လာမခုန်၊ သူဂရုစိုက်သူများကိုမထိခိုက်စေဘဲ သူ့ကိုဘယ်နှင့်ညာမှ ဒုက္ခရောက်အောင်မလုပ်မှ ထိုအတိုင်းသဘောထားနိုင်ပေမည်။


မဟုတ်ရင်တော့ အကုန်လုံးကို မျိုးဖြုတ်ပစ်မယ်။


'Host ဂုဏ်ယူပါတယ်၊ ဇာတ်ကောင်ရဲ့ကံကြမ္မာလမ်းကြောင်းကို အောင်မြင်စွာဖြင့်ပြောင်းလဲလိုက်နိုင်ပါပြီ၊ ရဲရင့်တဲ့အားထုတ်မှုအတွက် <ရှုထောင့်အပြောင်းအလဲ> ဆုကိုရရှိပါတယ်။


ကျူးထုန်: "......"


'ဇာတ်ကောင်ရဲ့ကံကြမ္မာကိုပြောင်းလဲမယ်၊ ဘယ်ဇာတ်ကောင်လဲ'


'ရှုထောင့်အပြောင်းအလဲဆိုတာဘာကြီးလဲ၊ ဘယ်လိုအသုံးဝင်တာလဲ'


စနစ်ကရှင်းပြလာလေသည်။ 

'အကျိုးအကြောင်းဆီလျော်ခြင်းမရှိတဲ့ကမ္ဘာဆက်တင်က ပြင်ပကအားတွေကြောင့် ပြောင်းလဲတာမျိုးပါ၊ Host ကဇာတ်လိုက်အတွက် အရံဇာတ်ကောင်ရဲ့ လေးစားအားကျမှုကိုပြောင်းလဲခဲ့ပါတယ်၊ ပိုပြီးတိကျအောင်ရှင်းပြရရင် အရန်ဇာတ်ကောင်နဲ့ဇာတ်လိုက်ရဲ့ကံကြမ္မာလမ်းကြောင်းကို ပြောင်းလဲလိုက်တာပါ၊ အကျိုးအကြောင်းမဆီလျော်တဲ့ဆက်တင်ကို အမှန်ပြင်လိုက်နိုင်တဲ့အတွက်ကြောင့် ဆုရရှိသွားတာပါ၊ ရှုထောင့်အပြောင်းအလဲစွမ်းရည်ကြောင့် အခြားဇာတ်ကောင်တွေရဲ့ လရောင်ဖြူလေးအပေါ် နှစ်သက်မှုရာခိုင်နှုန်းကိုစစ်ဆေးကြည့်လို့ရပါတယ်'


ကျူးထုန်က ဖြည်းညင်းစွာဖြင့်မျက်မှောင်ကြုတ်လိုက်မိသည်။


အခြားသူတွေရဲ့ ရှောက်မင်အပေါ် နှစ်သက်မှုရာခိူင်နှုန်းလား။ သူနဲ့ဘာဆိုင်လို့လဲ။


အသုံးဝင်မည့်ပုံမပေါ်ပေ။


သူက ခဏမျှတုံ့ဆိုင်းသွားကာ ရှားယန်ကိုကြည့်လိုက်သည်။ ထိုသူက ယခင်ကလောက် "တောက်ပနေခြင်း" မရှိတော့သည်ကိုမြင်တွေ့လိုက်ရ၏။


ဝမ်ယောင်၊ ဝူဝမ်နှင့် ဟယ့်ရှောင်းရှောင်းတို့၏ ရှားယန်အပေါ်အကြည့်က ပြောင်းလဲနေလေသည်။


ပိုပြီးစေ့စပ်နေသည်။ သံသယဝင်နေပြီး ရွံရှာမှုအနည်းငယ်ကိုပင်မြင်နေရသည်။


ရှောက်မင်နှင့်မြင်းအတူစီးသူမှာ ကျူးထုန်ပင်ဖြစ်လေ၏။ သူတို့မသိပေမဲ့ ရှားယန်ကရောမသိဘူးလား။


အစတည်းက ကျူးထုန်ရဲ့ နောက်ခံအမှန်ကိုမပြောဘဲ သူတို့ သံနံရံကိုတိုက်မိပြီး အရှက်ကွဲသွားတာကို စိမ်ပြေနပြေထိုင်ကြည့်နေခဲ့တာ ဘာလို့လဲ။


သူတကယ်ပဲ အဲဒါကြောင့်နဲ့ သူတို့ကို မြင်းစီးကွင်းထဲခေါ်လာခဲ့တာလား။


သူတို့၏သံသယအကြည့်ကြောင့် ရှားယန်၏ဦးခေါင်းခွံမှာ ထုံကျဥ်လာရသည်။ သို့ရာတွင် မည်သည့်နေရာကမှားနေမှန်းလည်းသူမသိပေ။


လော့ရှိုးက ထိုအုပ်စုနှင့်ခပ်ဝေးဝေးတွင်ရပ်ကာ လုံခြုံသည့်အကွာအဝေးမှ သူတို့အားကြည့်နေခဲ့သည်။ ကျူးထုန်က အမိုက်စားပုံစံဖြင့် ထိုအဖွဲ့ကိုနှိပ်ကွပ်နိုင်ခဲ့၏။


ထိုသူက လွှမ်းမိုးနိုင်သောအော်ရာအပြည့်ဖြင့်ဖြစ်နေသည်။ ရှင်းရှင်းပြောရပါက သူက ချောမောနေခဲ့သည်။


မတိုင်ခင်က ကပ်ကပ်လန်အောင်ရန်တွေ့နေသောလူနည်းစုမှာ ယခုတော့ နှင်းဖုံးနေသောခရမ်းသီးများနှယ် တစ်ယောက်ပြီးတစ်ယောက် ရှုံးနိမ့်သွားကြလေတော့သည်။


အရင်က ကျူးထုန် အခြားလူတွေကိုမကြိုက်တဲ့အချိန်မှာ ဒီလိုမျိုးသွေးဆူတတ်လို့လား။


ရှောက်မင်အတွက်ကြောင့်များလား။


ထို့နောက် သူ ရယ်စရာကောင်းပြီး အနှိမ်ခံနေရကာ မျက်နှာဖြူလေးဟု အဆဲခံလိုက်ရသော လူတစ်ယောက်ဖြစ်သည့် ရှောက်မင်ကိုလှည့်ကြည့်မိသည်။ သူ့နှုတ်ခမ်းထောင့်လေးများက အလွန်အမင်းပျော်ရွှင်ပြီး ဂုဏ်ယူနေဟန်ဖြင့် အပေါ်သို့မြင့်တက်နေခဲ့လေသည်။


ဟယ့်ရှောင်းရှောင်းက ဖြည်းဖြည်းချင်းအသိပြန်ဝင်လာခဲ့သည်။ သူမ ရှားယန်ကိုကြည့်လိုက်ရာ ထိုသူက ကျူးထုန်ကို စော်ကားခံလိုက်ရသလိုမျက်လုံးများဖြင့်ကြည့်နေသည်ကို တွေ့လိုက်ရ၏။ သူမ၏ မူလအခြေအနေအပေါ် လုံးဝအာရုံမရှိပေ။ သူမမှာ အလွန်တရာစိတ်ပျက်အားငယ်သွားရသလို ရှားယန်ကို အားကိုးမရကြောင်းလည်းနားလည်သွားခဲ့သည်။


သူမက ကျူးထုန်ကို အလျင်စလိုပြောလိုက်ရလေသည်။ 


"သခင်လေးကျူး၊ ငါ..အခု..ပြောလိုက်တဲ့စကားက မှားသွားပါတယ်၊ တောင်းပန်ပါတယ်၊ နင်လေ ငါတို့မိသားစုကို ဘာမှမလုပ်ပါနဲ့.." 


ဒါပြီးရင် သူ့မိသားစုကဘာဖြစ်သွားမှာလဲ။


သူမမှာ စကားပြောနေရင်း အသံက တုန်ယင်လာခဲ့သည်။


သူမမိသားစုက သူမ၏နောက်ဆုံး နားခိုရာလေးပင်ဖြစ်ပြီး သူတို့သာတစ်ခုခုဖြစ်သွားပါက သူမမှာ နောက်ဆက်တွဲကိုပင်မစဥ်းစားနိုင်တော့ပေ။


အခုလေးတင် ဦးလေးလျိုရောက်လာချိန်က သူမတွင်ပြန်စရာအိမ်ရှိမရှိကိုသာ စိတ်ပူသင့်သည်ဟုပြောခဲ့သည်။ သူမက ထိုစကားမှာသူမကိုတားရန်အတွက် ပြင်းထန်သောစကားလုံးသာဖြစ်လိမ့်မည်ဟုထင်ခဲ့သည်။ သို့သော် ယခုလေးတင် သူမအဖေဖုန်းဖြေလိုက်သည့်အသံကို အကဲခတ်ကြည့်ရပါက ထိုသူသာ သူမကိုအိမ်မရှိစေချင်လျှင်ပင် အလွယ်လေးလုပ်နိုင်လိမ့်မည်။


ကျူးထုန်က သူ့အဖေမလိုချင်သောသားတစ်ယောက်ဟု ထင်ခဲ့မိသောသူမကသာ ရူးနေခဲ့သူဖြစ်လိမ့်မည်။


ကုန်းရွှေစီရင်စုနှယ်နေရာမျိုးတွင်ပင် ကျူးထုန်အနောက်သို့ ထပ်ကြပ်မကွာလိုက်နေသူက သူမအဖေပင်ကြောက်ရသူဖြစ်နေခဲ့သည်။ ၎င်းကိုကြည့်ရပါက ကျူးထုန်မှာ "မောင်းထုတ်ခံ" လိုက်ရခြင်းမဟုတ်ကြောင်း သိနိုင်၏။


ကျူးရှို့ရှန်းက သူ့သားအားဂရုမစိုက်လျှင် သူ့ကိုဂရုစိုက်ပေးနေရန်လည်းမလိုအပ်ပေ။


သူ ဘယ်လိုလူမျိုးကို သွားပြီးရန်စမိလိုက်တာလဲ။


လွန်ခဲ့သောမိနစ်အနည်းငယ်က သူမမှာ အခြားသူများကိုနှိမ်ရန်သူမ၏ "အဆင့်အတန်း" ကို ဝင့်ကြွားစွာဖြင့်သုံးခဲ့သည်။ သို့သော် သူမထံသို့ အမြန်ဆုံးနည်းဖြင့်တန်ပြန်ရောက်လာလိမ့်မည်ဟုမထင်ထားခဲ့ပေ။


ဟယ့်ရှောင်းရှောင်းမှာ သူမခေါင်းထဲတွင် တဝီဝီမြည်နေသံကိုကြားနေရပြီး သူမကိုယ်လေးကလည်းတုန်ယင်နေခဲ့သည်။ သူမ၏ ဂုဏ်ယူစရာမြင်းစီးစွမ်းရည်ကလည်း သူမကိုလုံခြုံစိတ်ချရမှုမပေးနိုင်တော့ချေ။ သူမက အချိန်မရွေး မြင်းပေါ်မှပြုတ်ကျသွားတော့မည့်ပုံစံဖြစ်နေခဲ့သည်။


ဝမ်ယောင်နှင့်ဝူဝမ်ကလည်း ကျူးထုန်ကိုကြည့်နေခဲ့သည်။ လူပေါင်းများစွာ၏အကြည့်အရ ဤကိစ္စအပြီးသတ်သွားရန်မှာ ကျူးထုန်အပေါ်တွင်မှီတည်နေမှန်း ဖော်ပြနေ၏။


ကျူးထုန်က အေးအေးလူလူပင်တုံ့ပြန်ခဲ့သည်။ 


"ငါကလူကြီးမဟုတ်ဘူး၊ ငါကသူငယ်တန်းကလေး၊ ငါအခု အိမ်ကိုပြန်တိုင်ရုံပဲတတ်နိုင်တာ.."


ဝမ်ယောင်နဲ့ဝူဝမ်: "....."


"ဖွီး"


သူ့နားအနောက်မှ တခွီးခွီးအသံထွက်လာခဲ့သည်။ ကျူးထုန်က ဆတ်ခနဲလှည့်ကြည့်ပြီးငေါက်လိုက်၏။ 


"မင်းကဘာကိုရယ်..အား..."


သူ့ခမျာ မတော်တဆဖြင့် ပွန်းထားသည့်ပေါင်ကိုတိုက်မိပြီး နာကျင်သွားရသည်။.


ရှောက်မင်က ချက်ချင်းပင်ပြုံးနေရာမှတည်လိုက်ပြီး သူ့ခြေထောက်ကိုငုံ့ကြည့်သည်။


 "ညာဘက်ခြေထောက်ကိုအရင် လှုပ်လိုက်.."


ကျူးထုန်: "ငါဒီအတိုင်းမထိုင်နိုင်တော့ဘူး..."


ရှောက်မင်က ညင်သာစွာဖြင့်ဆိုလာခဲ့၏။ 


"ကိုယ်ကူညီပေးမယ်.."


"......"


ကျူးထုန် သူ့ခြေထောက်ကို မ ရန်ကြိုးစားနေပြီး ပွန်းထားသည့်နေရာကို မလွဲမသွေတိုက်မိသွားခဲ့သည်။ နာကျင်လွန်း၍ သူ့မျက်နှာကဖျော့တော့နေကာ ညည်းညူသံမထွက်သွားစေရန် သူ့နှုတ်ခမ်းသူကိုက်ထားလိုက်ရသည်။


ဦးလေးလျိုက အလန့်တကြားမေးလာပါ၏။ 


"သခင်လေး ဒဏ်ရာရထားတာလား.."


"ရပါတယ်၊ နည်းနည်းလေးပဲနာတာပါ.."


သို့ရာတွင် သူမပြောရသေးခင် ဦးလေးလျိုက ဟယ့်ရှောင်းရှောင်းနှင့်သူမအနောက်မှ ဘဲအုပ်ပမာကောင်လေးများကို ကြည့်လိုက်လေသည်။


ဟယ့်ရှောင်းရှောင်းက မှင်သက်သွားကာ သူမမျက်နှာကလည်း ဖြူရော်လာရလေ၏။


မတိုင်ခင်ကအတိုင်းသာဆိုပါက ကျူးထုန်၏ ယခုလိုအခြေအနေကိုမြင်တွေ့ပြီး သူတို့အနေဖြင့် ကျိန်းသေပေါက်နှာခေါင်းရှုံ့မိလောက်သည်။ သို့ရာတွင် ယခုတော့ ကျူးထုန်ကဒဏ်ရာရထားပြီး သူတို့မှာအပြစ်ရှိသလိုခံစားနေရလေပြီ။


သူ့ကို နာနေလားဟုပင်မမေးရဲပေ။


"သခင်လေးကျူး..."


"တောင်းပန်ဖို့မလိုပါဘူး..." 


ကျူးထုန်၏မျက်နှာက အေးစက်ကာ ခံစားချက်မဲ့နေလေသည်။ လက်တွေ့တွင်တော့ သူ့မှာစကားပင်မပြောချင်လောက်သည်အထိ နာနေလေ၏။ သို့သော်လည်း သူပြောရမည့်စကားကမူ ရှိနေသေးသည်။ 


"မင်းတောင်းပန်သင့်တဲ့သူကငါမဟုတ်ဘူး..."


ဟယ့်ရှောင်းရှောင်းနှင့်ကောင်လေးနှစ်ယောက်က ရှောက်မင်ကို အလိုလိုကြည့်မိလိုက်ကြသည်။


သူက သူတို့အခုလေးတင်နှိမ်နေခဲ့တဲ့လူကို ပြန်တောင်းပန်စေချင်နေတာလား။


ကျူးထုန်က ဒီမျက်နှာဖြူလေးကို အရမ်းဂရုစိုက်တာပဲလား။


ဟယ့်ရှောင်းရှောင်းကအံကြိတ်ပြီး ပြောတော့မည့်အချိန် ရှောက်မင်ကဖြတ်ပြောလေသည်။ 


"တောင်းပန်စရာမလိုပါဘူး၊ ငါလည်းမလိုဘူး.."


သူက တောင်းပန်သည်ထက် သူတို့ကို "လက်စားပြန်ချေ" ရန်သာ စိတ်ဝင်စားလေသည်။


ဦးလေးလျိုသာ မထွက်လာပါက ထိုမိန်းကလေးနှင့် ဂိမ်းကစားရလည်း သူ့အတွက်ကိစ္စမရှိပေ။ နောက်ဆက်တွဲများအားလုံးက သူမအပိုင်းဖြစ်သွားလိမ့်မည်။


သို့ရာတွင် ယခုတော့ ကျူးထုန်၏ဒဏ်ရာအခြေအနေက ပိုအရေးကြီးနေသည်။ သူ မကြာခင်ကထင်ထားခဲ့သည်ထက် ပိုပြင်းထန်ပုံရသည်။


သူ ခပ်ရေးရေးခန့်မျက်မှောင်ကြုတ်ကာ ချက်ချင်းလှိမ့်ဆင်းလိုက်တော့၏။


ကျူးထုန်မှာ ရုတ်တရက် အမှီပျောက်သွားသောကြောင့် အနည်းငယ်ယိုင်သွားခဲ့၏။ သူ့လက်ကိုဆွဲထားခဲ့သောရှောက်မင်က မြင်းပေါ်မှသူ့အား အလွယ်တကူလျှောချပြီး လက်မောင်းထဲသို့ဆွဲခေါ်လိုက်သည်။


ကျူးထုန် ထိတ်လန့်သွားရှာသည်။ 


"ငါမလို..."


ရှောက်မင်: "မင်းက မြင်းပြိုင်ကွင်းထဲကနေအပြင်ထွက်ရင် အဘိုးကြီးလမ်းဖြတ်ကူးသလိုသွားချင်လို့လား.."


သူလမ်းလျှောက်နေပုံက ဖားပြုတ်ကြီးတစ်ကောင်နှင့် ခပ်ဆင်ဆင်တူနေပေလိမ့်မည်။


ကျူးထုန်: "....."


သူ ဦးလေးလျိုကို ကြည့်မိပြန်သည်။ ဦးလေးလျိုကမူ စိုးရိမ်လွန်၍ အညိုရောင်သန်းနေသောမျက်နှာဖြင့် သူတို့ထံလျှောက်လာလေ၏။ သူ အနားမရောက်ခင်မှာပင် ဆေးလိပ်အနံ့ဖျော့ဖျော့လေးရလိုက်သည်။


ဦးလေးလျိုက ယခုလေးတင် ဆေးလိပ်သောက်လာခဲ့သည်။


သူ ချက်ချင်း ဦးလေးအားကူခိုင်းမည့်အကြံကိုဖျက်လိုက်ကာ ဆန့်လိုက်သောလက်ကိုပြန်ရုတ်လိုက်သည်။


ဦးလေးလျိုက တိုက်ရိုက်သာပြောလာပါ၏။ 

"ကားကို မြင်းပြိုင်ကွင်းအပြင်မှာရပ်ထားခဲ့တယ်.."


ရှောက်မင်က ခေါင်းညိတ်ပြလိုက်သည်။ 


"ဟုတ်ကဲ့..."


ထို့နောက် သူ့နှုတ်ခမ်းတို့က အပေါ်ဘက်သို့ယောင်ယောင်လေးကွေးသွားကာ လူငယ်လေးကပြောလိုက်လေသည်။ 


"မင်းရှက်တယ်ဆိုရင် ခေါင်းကိုဝှက်ထားလို့ရတယ်နော်.."


ကျူးထုန်: "....."


ခေါင်းဝှက်ထားရမယ်လား။ ဘယ်နားသွားဝှက်ရမှာလဲ။


သူ ရှောက်မင်၏လည်ပင်းနှင့်ညှပ်ရိုးနှစ်ခုဆုံသည့်နေရာကို ဖျတ်ခနဲကြည့်လိုက်သည်။ အရှက်ရနေသည်ကိုရှောင်ရှားရန် အသင့်တော်ဆုံးနေရာပင်။ သို့ရာတွင် တစ်ခုခုဆိုပါက ထိုအတိုင်းလုပ်လိုက်လျှင် သူပိုပြီးရှက်ရလိမ့်မည်။


"ဒါမှမဟုတ် မင်း မြန်မြန်လေးလျှောက်လိုက်ပါလား.." 

ကျူးထုန်က ငြင်းဆိုလိုက်၏။


သူ ဟယ့်ရှောင်းရှောင်းနှင့်အခြားသူများကို မကြည့်ရဲပေ။ ယခုအချိန်တွင် သူ့ကိုဘယ်လိုတွေးနေမလဲ သူမသိချင်တော့ချေ။ သူ့ကိုမရယ်သရွေ့တော့ အဆင်ပြေပါသည်။


ရှောက်မင် သူ့အားချီထားရာတွင် အခက်မတွေ့စေရန် သူမတွန့်ဆုန်နေတော့ဘဲ လက်ကိုရှောက်မင်လည်ပင်းပေါ်တွင် တင်ထားလိုက်သည်။


လည်ဂုတ်ပေါ်မှဖိအားကိုခံစားလိုက်ရသည့်အခါ ရှောက်မင်နှုတ်ခမ်းတို့က ပို၍ကော့တက်သွားခဲ့သည်။ သူ့ကိုယ်သူ မနည်းထိန်းချုပ်ထားရလေ၏။ ထို့နောက် သူလှည့်ပြောလိုက်သည်။ 


"လော့ရှိုး မင်း..."


"ရတယ် မင်ကော၊ မြင်းကို ငါပဲမြင်းဇောင်းမှာသွားပြန်ထားလိုက်မယ်၊ မင်းအရင်သွားနှင့်လိုက်.."


ရှောက်မင်ကခေါင်းညိတ်ပြကာ ဦးလေးလျိုအနောက်မှလိုက်သွားပြီး မြင်းပြိုင်ကွင်းအပြင်သို့ထွက်လာခဲ့သည်။


မူလက မြင်းပြိုင်ကွင်းထဲတွင် တက်ကြွနေခဲ့သောမြင်းစီးအုပ်စုမှာ ယခုမူ ဖြတ်သွားဖြတ်လာများ၏ အတင်းပြောခြင်းကိုခံနေရလေ၏။ လူများအရှေ့တွင် သူတို့က ဒေါသထွက်ခဲ့ကြပြီး သူတို့မျက်နှာများမှာ စိတ်ကစဥ်ကလျားဖြစ်မှုကြောင့် သွေးဆုတ်ဖြူရော်နေလေသည်။


ရှားယန်၏မျက်လုံးတို့က ကွင်းထဲမှထွက်သွားသူနှစ်ယောက်တို့၏အနောက်သို့ကပ်ပါသွားလေ၏။ လက်သည်းများက လက်ဖဝါးထဲအထိဖောက်ဝင်သွားရလောက်အောင် လက်ချောင်းများကိုတင်းတင်းဆုပ်ထားခဲ့သော်လည်း သူ နာကျင်မှုကိုမခံစားရပေ။ သူ့မျက်နှာက ကြည့်ရဆိုးလောက်အောင် ရှုံ့တွနေခဲ့သည်။


ဟယ့်ရှောင်းရှောင်းမှာ သူ့မျက်နှာက လိမ်ရှုံ့နေပြီး တွေ့နေကျမျက်နှာနှင့် ကွဲလွဲနေသည်ကိုသတိထားမိလိုက်သည်။ သူမ မျက်မှောင်တင်းတင်းကြုတ်ကာမေးလိုက်၏။ 


"သခင်လေးယန် ဦးလေးလျိုက ဘယ်သူလဲဆိုတာသိလား.."


ရှားယန်က အေးစက်စက်ပင်ပြန်ဖြေလာသည်။


 "မသိဘူး.."


ဟယ့်ရှောင်းရှောင်းမျက်ခုံးတို့က ပိုပြီးပင်ကျုံ့ဝင်သွားလေသည်။ သူမက အကြည့်မလွှဲလိုက်ပေ။


ရှားယန်က သူ့လေသံမှားနေမှန်းသိသွား၍ ချောင်းဟန့်လိုက်သည်။ သို့ရာတွင် ဟယ့်ရှောင်းရှောင်းကသူ့အား စိတ်ပျက်နေသလိုကြည့်နေမှန်းသိလိုက်ပြီး ရုတ်တရက်စိတ်ဆိုးလာရလေသည်။


 "ငါတကယ်မသိတာ.."


ဟယ့်ရှောင်းရှောင်းက ပဟေဠိဆန်ဆန်ပြုံးကာ မျက်နှာလွှဲသွားလေသည်။


သူမအပြုအမူက ရှားယန်ကို တဒင်္ဂခန့်ပျာယာခတ်သွားစေခဲ့သည်။ သူက သူမကို ချော့မြူရန်ဆုံးဖြတ်လိုက်ရ၏။ 


"ရှောင်းရှောင်း စိတ်ပူစရာမလိုပါဘူး၊ သူက ဒီအတိုင်း လေကြီးလေကျယ်နဲ့ပြောနေတာပါ၊ တကယ်တစ်ခုခုဖြစ်ခဲ့ရင် ငါ့အဖေကို.."


"သခင်လေးယန် ကိုယ့်အတွက်ကိုယ်အရင်ပူပါ၊ ပြီးတော့ နင့်ကြောင့် ငါတို့အကုန်လုံးအမုန်းခံလိုက်ရတယ်လေ.."


အခုလေးတင် ကျူးထုန်ကရှားယန်ကို ရွံရှာသည့်အကြောင်း အေးစက်ပြတ်သားစွာဖြင့်ဖော်ပြခဲ့သည်။


ရှားယန်ကလည်း သူ့စကားများကိုနားထောင်ကြည့်ပြီး သူ့မျက်နှာကလည်း ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။ 


"မင်း...."


"သခင်လေးယန်က မြင်းလာစီးတာမလား၊ သူဒီကိုရောက်နေမှတော့ သူတစ်ယောက်တည်းအေးအေးဆေးဆေးစီးနိုင်မှာပေါ့၊ ငါတော့ အိမ်မှာလုပ်စရာလေးရှိသေးလို့၊ နင့်ကိုမဖော်မလုပ်ပေးတော့ဘူးနော်.."


သူမက "အိမ်မှာလုပ်စရာရှိသေးလို့" ဆိုသောနေရာကို တမင်ဖိပြောလိုက်ပြီး ရှားယန်ကို ထပ်ပြီး ထိုးနှက်လိုက်သည်။


ဝူ

ဝမ်နှင့်ဝမ်ယောင်တို့က တခဏမျှတုံ့ဆိုင်းသွားကြသည်။ ထို့နောက် စကားမဆိုကြတော့ဘဲ ဟယ့်ရှောင်းရှောင်းအနောက်မှလိုက်သွားကြလေတော့၏။


မကြာမီ ရှားယန်က ကွင်းထဲတွင်တစ်ယောက်တည်းကျန်ခဲ့ပြီး ခဏမျှမြင်းစီးနေခဲ့သည်။ သူ့မျက်နှာမှာလည်း စက္ကန့်နှင့်အမျှ မည်းပုပ်လာလေတော့သည်။


__________


🤒