Chapter 79
Viewers 18k

🤒အခန်း ၇၉




သူတို့ရုံထဲသို့ဝင်လိုက်သည်နှင့် အလုံးအရင်းအားပေးသံတို့ဖြင့်ဆီးကြိုခံလိုက်ရသည်။


ယခုကဲ့သို့တောကျသောမြို့လေးတွင် မြင်းကိုဆရာကျကျစီးနိုင်သူဟူ၍ များများစားစားမရှိလှပါချေ။ အမျိုးသားနေ့အားလပ်ရက်တွင် အခြားနေရာမှ လာလည်ကြသော ခရီးသွားအများအပြားရှိလင့်ကစား ရုံထဲတွင် မြင်းစီးရန်သတ္တိရှိသူ သိပ်မရှိလှချေ။


ထိုအချိန်လေးတွင် မြင်းပြေးလမ်းပေါ်၌ မျက်စိများကျိန်းစပ်သွားလောက်အောင် အရည်အချင်းရှိသူဆရာကြီးနှစ်ယောက်ကပေါ်လာခဲ့သည်။


တစ်ယောက်ကမူ အသက်နှစ်ဆယ်အရွယ်လူငယ်လေးဖြစ်လေ၏။ မြင်းပြိုင်ကွင်းထဲတွင်ချထားသော တန်းများကိုခုန်ကျော်သွားသည့်အခါ ပရိသတ်များဘက်မှ လက်ခုပ်ဩဘာအသံများထွက်လာလေသည်။


နောက်ထပ်ဆရာကြီးမှာ လော့ရှိုးပင်။ပထမ လူငယ်လေးလောက်သွက်လက်ခြင်းမရှိသော်လည်း မြင်းကိုစီးသွားပြီး လေးစားဖွယ်ရာ အရှိန်နှုန်းဖြင့်အကွာအဝေးကိုအကျယ်ချဲထားသည့်တန်းများအားခုန်ကျော်နိုင်ခဲ့သည်။ သူ့အား အားပေးကြသောလူအများအပြားမှာ ပါးစပ်အဟောင်းသားဖြစ်နေခဲ့ကြလေ၏။


သူတို့နှစ်ယောက်က ရုံထဲတွင်ဒုန်းစိုင်းစီးနေခဲ့ကြသည်။ မြေပြင်ထက်တွင် ဖုန်မှုန်တို့က အုံခဲနေလေ၏။ မြင်းပေါ်မှလူနှစ်ယောက်ကမူ တက်ကြွနေပြီး ပျော်ရွှင်နေကြပုံရပေသည်။


နှိုင်းယှဥ်ကြည့်ရပါက လူသစ်လေးနှစ်ယောက်မှာ အင်မတန်နွေးထွေးသလိုထင်ရလေ၏။


ကျူးထုန်မှာ ကွင်းထဲမှ မြင်ဖူးနေကျပုံရိပ်နှစ်ခုကိုကြည့်ပြီး လေးစားမှုများအပြည့်ဖြင့်ဆိုလာလေသည်။ 


"လော့ရှိုးက မြင်းစီးအရမ်းကျွမ်းတာပဲလား.."


ရှောက်မင်ကလည်း လှမ်းကြည့်ကာပြောလိုက်သည်။ 


"အင်း၊ သူ့ရဲ့ရိုးရှင်းတဲ့စိတ်ထားနောက်မှာ လိမ်ညာထားတာတွေက အပုံလိုက်ပဲ..."


ကျူးထုန်: "....."


သူက အင်တင်တင်ပြုံးကာလှည့်ပြောလိုက်သည်။ 


"မင်းပဲသူငယ်ချင်းတွေဆို.."


သူပါးစပ်မှထုတ်မပြောမိလင့်ကစား ထိုစကားက ယခုလေးတင်သူ့စိတ်ထဲသို့ဝင်ရောက်လာခဲ့သည်။


ရှောက်မင်က အရှက်မရှိစွာဖြင့်ဆက်ပြောလာလေ၏။ 


"ဒါကို သူငယ်ချင်းတွေကြားက ကျီစားမှုလို့ခေါ်တယ်.."


ကျူးထုန်က အလိုလိုနေရင်း ထုတ်မေးမိသွားခဲ့သည်။ 


"ဒါဆို ဘာလို့ငါ့ကိုကျတော့ တစ်ခါမှအဲဒီလိုမပြောတာလဲ.."


ရှောက်မင်: "....."


ခဏရပ်နေပြီးနောက် ထိုသူကဖြေလာခဲ့၏။


 "မင်းကမတူဘူးလေ.."


ထိုသို့အန္တရာယ်ရှိသောစကားမျိုးကို သူထုတ်မပြောနိုင်ပေ။


သို့ရာတွင် ကျူးထုန်က မတူကွဲပြားစွာတွေးနေခဲ့သည်။ သူ့တွေးနေမိသည်။

'လော့ရှိုးနဲ့ရှောက်မင်တို့က သိခဲ့ကြတာဘယ်လောက်ကြာပြီလဲ၊ ငါနဲ့ယှဥ်ကြည့်ရင် ဘယ်လောက်တောင်ရှိသွားပြီလဲ၊ ဒါပေါ့ ငါတို့က ရှောက်မင်မျက်လုံးထဲမှာကွဲပြားတာပေါ့'


သို့သော်လည်း သူဂရုမစိုက်ပါချေ။ သူက အကြိတ်အနယ်ပြိုင်နေကြသောကွင်းထဲမှ ဒုန်းဆိုင်းစီးနေကြသည့်မြင်းစီးသူတို့ကိုကြည့်လိုက်သည်။ ထို့နောက် ယခုထိ မြက်ခင်းစိမ်းပေါ်တွင် ခပ်ဖြည်းဖြည်းလျှောက်သွားနေသောသူ့ကိုယ်သူကြည့်လိုက်မိ၏။ သူက ဖြည်းဖြည်းချင်းလှည့်ကြည့်ကာပြောလိုက်သည်။ 


"မင်းရော ပိုမြန်အောင်စီးနိုင်လား.."


ရှောက်မင်က မှင်သက်သွားကာ နှုတ်ခမ်းပေါ်တွင်အပြုံးတစ်ပွင့်ဖြင့်တုံ့ပြန်လာသည်။ 


"မင်းကရော ဘယ်လောက်မြန်ချင်လဲ.."


ကျူးထုန်က မြင်းစီးနေသော လော့ရှိုးကိုလက်ညိုးထိုးပြလိုက်သည်။


ရှောက်မင်ကမျက်ခုံးပင့်လိုက်ချေ၏။ 


"မကြောက်ဘူးလား.."


ထိုမေးခွန်းအတွက် ကျူးထုန်ကပြန်ဖြေလာခဲ့သည်။

"မင်းကငါ့နောက်မှာရှိနေမှာပဲလေ.."


အစကမူ ထိုသူ၏ "ထိန်းကိုင်ထားခြင်းက" က ထူးဆန်းနေသလိုခံစားနေရသည့်တိုင် ယခုတော့ အကြောင်းအရင်းကိုနားလည်သွားခဲ့ပြီ။ ယခုလေးတင် ရှောက်မင်က မြင်းဇတ်ကြိုးကိုကိုင်ပြီး အရှေ့မှဆွဲသွားသည့်အခါ ကျူးထုန်က မကြာသေးခင်ကလို ယမ်းခါနေခြင်းမျိုးမရှိတော့ပေ။ ရှောက်မင်ကသူ့ခန္ဓာကိုယ်ကို "ထိန်းကိုင်" ထားသည့်အတွက် ကျေးဇူးတင်မိသလိုခံစားရပြီး သူ၏ကိုယ်နေဟန်ထားတည်ငြိမ်ရန်အတွက်လည်း အထောက်အကူဖြစ်နေစေသည်။


ရှောက်မင်က ရိုးရိုးသားသားဖြင့် လုံခြုံရေးအသိတရားအရ လုပ်ပေးနေရုံသာဖြစ်လေ၏။


သူ့အဖြေကိုကြားရသည့်အခါ ရှောက်မင်ကပြုံးကာ မျက်လုံးလှိမ့်လိုက်ပြီး သူ့နားထဲသို့ကပ်ပြောလိုက်သည်။ 


"မင်းကိုယ့်ကို အဲဒီလောက်တောင်ယုံတာလား.."


ကျူးထုန်ကမူ ထုံးစံအတိုင်းခေါင်းညိတ်ပြလိုက်သည်။


ရှောက်မင်က သူပြောလာမည်ကိုမစောင့်ဘဲဆက်ပြောလိုက်၏။ 


"ဝမ်းနည်းစရာပဲ၊ ကိုယ်အမြန်စီးလိုက်ရင် မင်းခံနိုင်မှာမဟုတ်ဘူး.."


"......"


ဘာလို့ဒီစကားက ဟိုလိုလိုဒီလိုလိုဖြစ်နေတာလဲ။


ကျူးထုန်မှာ ၎င်း ဟိုမရောက်ဒီမရောက်စကားအကြောင်း တွေးမနေချင်ပေ။ သူက တခဏမျှငြိမ်သွားပြီးမှမေးလာခဲ့သည်။ 


"ဘာလို့လဲ.."


ရှောက်မင်က သူ့ကိုကြည့်ပြီး ဘာမှမပြောပေ။


ကျူးထုန်မှာ အထိတ်တလန့်ဖြင့် တံတွေးမြိုချလိုက်မိသည်။


သူတို့ခန္ဓာကိုယ်က အရမ်းကပ်နေပြီ။


တော်သေး၍ သူတို့နှစ်ယောက်လုံး ခေါင်းဆောင်းများဝတ်ထားသောကြောင့် ခေါင်းနှစ်လုံးကြားတွင် နေရာလွတ်ရှိနေသေးသည်။ မဟုတ်လျှင် ရှောက်မင်က တကယ်ကို ကျူးထုန်နားအထိကပ်ပြီးပြောလာနိုင်၏။


ထို့နောက် ရှောက်မင်ကခေါင်းငုံ့ကာ သူ့အရှေ့အားကြည့်နေသည်ကိုတွေ့လိုက်ရသည်။


ကျူးထုန်: "?"


ရှောက်မင်က မြင်းဇက်ကြိုးကိုကိုင်ထားသောသူတို့နှစ်ယောက်၏လက်ကိုကြည့်နေခဲ့သည်။ ထို့နောက် နောက်ဆုတ်သွားပြန်၏။ နှုတ်ခမ်းတို့ကိုဖိထားရင်း သူပြောလိုက်သည်။


"ဘာလို့လဲဆိုတော့ ဒါကမင်းရဲ့ပထမဆုံးအကြိမ်ပဲ၊ ကိုယ်စီးတာမြန်သွားရင် မင်းဒဏ်ရာရမှာဆိုးတယ်.."


ဒဏ်ရာရမယ်။


ကျူးထုန်: "ဘယ်လိုဒဏ်ရာလဲ.."


မြင်းပေါ်ကနေပြုတ်ကျမှာကိုပြောတာလား။ ဒါပေမဲ့ တစ်ယောက်တည်းစီးမှာမှမဟုတ်တာ။ ဖြစ်စရာအကြောင်းမရှိပါဘူး။


ရှောက်မင်ကလည်း သူ့ကိုပြုတ်ကျအောင် လွှတ်ပေးထားမှာမဟုတ်ဘူး။


သူ့နားထဲသို့ဝင်လာသောလေက အနည်းငယ်နွေးထွေးနေခဲ့သည်။ ရှောက်မင်ကသူ့အား တစ်ခုခုပြောလိုက်ခြင်းပင်။


ကျူးထုန်ကလည်း တဒင်္ဂခန့် မှင်သေနေသည်။ ထို့နောက် ခေါင်းငုံ့သွားပြီး သူ့မျက်နှာကလည်း ချက်ချင်းနီရဲလာလေသည်။


ရှောက်မင်က စနောက်ချင်သောမျက်နှာဖြင့် သူ့အားကြည့်လာလေသည်။ 


"ဒီတော့ ပိုမြန်ချင်သေးလား.."


ကျူးထုန်က ကြောက်အားလန့်အားဖြင့်ခေါင်းယမ်းပြသည်။ 


"မ..မ..မလိုတော့ပါဘူး.."


"ဒါဆို ကိုယ်မင်းကို တပတ်လိုက်ပြပေးမယ်.."


"အင်း.."


ရှောက်မင်ကပြုံးကာ မြင်းဇက်ကြိုးကို အခြားတစ်ဖက်ရှိရာသို့ဆွဲသွားလိုက်သည်။


ထိုအချိန် မြင်းပြိုင်ကွင်းရုံအဝင်ဝတွင် လူအမြောက်အများက အကာအကွယ်များဝတ်ပြီးမှ ကွင်းထဲသို့ဝင်လာကြသည်။


လူငယ်နှစ်ယောက်က ကွင်းထဲမှတန်းတစ်ခုကို ခုန်ကျော်သွားပုံမှာ စိတ်ဝင်စားစရာပင်။ သို့ရာတွင် မြင်းတစ်ကောင်တည်းကိုအတူစီးနေကြသည့်ကောင်လေးနှစ်ယောက်ကလည်း ထိုနေရာကျဥ်းကျဥ်းလေးတွင် ထပ်တူစိတ်ဝင်စားစရာဖြစ်နေလေသည်။


"ငါအခုပြန်တော့မယ်၊ ဒီလူချောလေးနှစ်ယောက်က ရုံထဲကစင်ဂယ်ခွေးတွေကို အနိုင်ကျင့်နေတာပဲ ဟုတ်တယ်မလား.."


"အနောက်ကတစ်ယောက်က မြင်ဖူးနေတယ်.."


"သခင်လေးယန်၊ သူက နောက်ထပ်ကျောင်းတစ်ကျောင်းကိုပြောင်းသွားတုန်းက လိုက်ရှာနေတဲ့ကောင်လေးမလား၊ အခြေအနေကဘာကြီးလဲ၊ သူက သခင်လေးနောက်မှာ နောက်တစ်ယောက်ထားနေတာလား.."


ရှားယန်၏မျက်နှာက အနည်းငယ်ပြောင်းလဲသွားသော်လည်း အတင်းလုပ်ကာ ပြုံးထားနေဆဲပင်။ 


"ရှောင်ရှောင်၊ မဟုတ်တာတွေမပြောပါနဲ့၊ သူနဲ့ငါက ဘာမှမပတ်သက်ပါဘူး.."


"ဟုတ်လို့လား၊ မဖြစ်နိုင်တာ၊ သူ့ကြောင့် သခင်လေးကဒီကို တကူးတကပြောင်းလာတာမဟုတ်ဘူးလား.."


ရှောင်းရှောင်းတစ်ယောက် အံ့ဩသွားလေသည်။


ရှားယန်မှာ ရှောက်မင်ကိုသတိပြုမိသည့်သူ နောက်ထပ်တစ်ဦးရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ A မြို့မှသူ့သူငယ်ချင်းများက ရှောက်မင်သူ့အားငြင်းလိုက်ကြောင်းကို မသိကြသေးသလို သူကလည်း တစ်ခါလေးပင်မပြောပြခဲ့ပေ။


သူ့ဘက်မှ သူတို့အား မြင်းပြိုင်ကွင်းသို့လာရန်ဖိတ်ခေါ်ခဲ့ပြီး ရှောက်မင်နှင့်တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့မိပါချေ။


သူရုံထဲဝင်လာတည်းက ရှောက်မင် သူ့အားသတိမထားမိသည်ကို ပြောနေစရာပင်မလိုပေ။


ယခုတော့ သူက လုံးဝကွဲပြားသွားခဲ့ပြီ။ ရှောက်မင် သူ့ကိုအလေးမထားလျှင်ပင် လူတိုင်းကသူ့ကို မြင်ရုံနှင့်ပင်သတိထားမိကြသည်။


ဒါပေမဲ့ ဘာလို့လဲ။ သူ့ရဲ့လှည့်စားတဲ့ စွမ်းရည်အသစ်ကမအောင်မြင်ဘူးလား။ ဒါပေမဲ့ ရှောက်မင်က ချွင်းချက်လေ။ ဒါမှမဟုတ် ရှောက်မင်ကသူ့ကိုမြင်ရဲ့သားနဲ့ တမင်ကိုမမြင်သလိုလုပ်နေတာလား။


ရှားယန်က မြင်းဇက်ကြိုးကို တင်းတင်းဆုပ်ထားမိပြီး အနည်းငယ်အလိုမကျဖြစ်နေလေသည်။


သူက ခေါင်းကိုအသာငုံ့ထားရင်း မြင်းပေါ်တွင်ထိုင်နေခဲ့မိ၏။ ဘေးမှနှစ်ယောက်မှပြောနေသောစကားတို့ကိုလည်း ကြားနေရလေသည်။


 "ရှားယန်က သူ့ကြောင့် ကျောင်းပြောင်းလာခဲ့ရတာ.." 


သူတို့ကသူ့အား တချိန်တည်းကြည့်ကာ တစ်ယောက်ကပြောလာခဲ့သည်။ 


"တိုက်ဆိုင်လိုက်တာ၊ အဲဒီတစ်ယောက်က သခင်လေးယန်သဘောကျနေတဲ့တစ်ယောက်လား၊ ကြည့်ရတာ အဲဒီလောက်ကြီးလည်းမဟုတ်ပါဘူး.."


"ဟုတ်ပါရဲ့၊ ရုံထဲမှာတောင် ဒီလိုစီးတဲ့အရည်အချင်းက ရှက်စရာကောင်းလိုက်တာ၊ သူ့ကိုဒီနေ့တွေ့ရမှတော့ ငါသူနဲ့သွားကစားလိုက်ဦးမယ်.."


"ဝမ်ယောင်၊ ငါလည်းပါမယ်.."


ထိုနှစ်ယောက်က ပြောပြောဆိုဆိုဖြင့် ပြိုင်ကွင်းဧရိယာထဲသို့ပြေးဝင်သွားကြသည်။


ရှားယန်က အနည်းငယ်မှင်သေနေ၏။ 


"နေဦးလေ.."


"အိုး...သခင်လေးယန်.." 

ဟယ့်ရှောင်းရှောင်း သူ့ကိုလှမ်းဆွဲလာလေသည်။ 


"ပျော်ဖို့အတွက်ပါ၊ စိတ်မပူပါနဲ့.."


"....."


ရှားယန်မှာ အစက သူတို့ကိုတားချင်နေခဲ့သည်။ သို့သော် ရှောက်မင်က ထိုသူကို ပွေ့ဖက်ထားသည့်ပုံစံအား မြင်လိုက်ရသည့်အခါ ဆက်မပြောတော့ဘဲ ဖြည်းဖြည်းချင်းမျက်မှောင်ကြုတ်သွားလေတော့သည်။


ကွင်းထဲတွင် ရှောက်မင်က ကျူးထုန်ကို တောင်ကုန်းတစ်ခုရှိရာသို့ခေါ်သွားစဥ် အနောက်မှချဥ်းကပ်လာသောမြင်းခွာသံကိုကြားလိုက်ရသည်။ ၎င်းက သူတို့ထံတည့်တည့်လာနေပုံပင်။


ကျူးထုန်မှာ တောင်ကုန်းထိပ်ရောက်လျှင်မြင်တွေ့ရမည့်ရှုခင်းအား စိတ်ကူးကြည့်နေရုံရှိသေးသည်။ သို့ရာတွင် ရှောက်မင်က အနည်းငယ်ပြောင်းလဲသွားသလိုခံစားလိုက်ရ၏။ သူက မသိစိတ်အလျောက် မြင်းဇက်ကြိုးကိုဆုပ်လိုက်မိပြီး ခေါင်းလှည့်ကာမေးလိုက်သည်။ 


"ဘာလဲ..ဘာဖြစ်လို့လဲ.."


ရှောက်မင်: "ဘာမှမဟုတ်ဘူး၊ ကိုယ်မင်းကိုစိတ်ဝင်စားစရာကောင်းတာ ပြပေးမယ်.."


သို့ထိတိုင် ကျူးထုန်က အနောက်မှလာနေသော မြင်းခွာသံကိုကြားလိုက်ရလေသည်။


"ဘယ်သူတွေလဲ.."


ရှောက်မင်: "မသိဘူး၊ ကြိုးကိုသေချာကိုင်ထားနော်.."


နောက်ထပ် "စူးရှသောမြင်းဟီသံ" ထွက်ပေါ်လာလေသည်။ အရှေ့သို့တည့်တည့်ပြေးနေသောမြင်းတစ်ကောင်က ရုတ်တရက် အောက်ဘက်သို့ခုန်ဆင်းသွားသည်။ မျက်နှာကို လေတသုတ်တိုးဝှေ့သွားကာ ကျူးထုန်မှာ အလိုလိုနေရင်း ခေါင်းငုံ့လိုက်မိသည်။


သူတို့အနောက်မှလိုက်လာသောလူနှစ်ယောက်က ပြိုင်တူ မှင်သက်သွားခဲ့သည်။


ဒီလူက ဘယ်လိုလုပ်ပြီး ချက်ချင်းတုံ့ပြန်နိုင်ရတာလဲ။


ဝမ်ယောင်က ချက်ချင်းအသံကျယ်ကျယ်ဖြင့်သတိပေးလိုက်သည်။ 


"ဝူဝမ်၊ ဟိုဘက်ကိုသွား.."


အပြင်မှရပ်ကြည့်နေသူများလည်း အံ့အားသင့်သွားကြကာ စကားပြောသံများကကျယ်လောင်လာလေ၏။ 


"ဘာတွေဖြစ်နေတာလဲ၊ အဲဒီနှစ်ယောက်က ဘယ်အချိန်တည်းကဝင်လာတာလဲ.."


"အခုလေးတင်ပဲ၊ မြင်းဖြူစီးလာတဲ့လူချောလေးနှစ်ယောက်ဝင်လာပြီး မကြာခင်မှာပဲ သူတို့ဝင်လာတာ.."


"မြင်းပြိုင်ကွင်းထဲမှာ လူနောက်ကိုလိုက်နေတယ်၊ ဒါကပြိုင်ပွဲမဟုတ်ဘူး၊ အဲဒီနှစ်ယောက်ရူးနေတာလား၊ မြင်းတွေလန့်သွားရင်ဘယ်လိုလုပ်မလဲ.."


"ဟေး၊ ဟိုကနှစ်ယောက်.." 

ကွင်းအပြင်မှဝန်ထမ်းတစ်ယောက်က ချက်ချင်းတုံ့ပြန်လာသည်။ 


"မြင်းပြိုင်ကွင်းထဲမှာ စိန်ပြေးလိုက်တမ်းကစားခွင့်မရှိဘူး၊ အခုချက်ချင်းရပ်လိုက်.."


ကွင်းထဲမှလူများမှာလည်း မလှုပ်ကြတော့ပေ။


တဖက်၌ အလိုက်ခံနေရသော ရှောက်မင်နှင့်သူ့အဖော်ကို ဟယ့်ရှောင်းရှောင်းကကြည့်နေပြီး မှတ်ချက်ပေးလိုက်သည်။ 


"ဒီလူက မြင်းစီးကျွမ်းတာပဲ၊ ဝမ်ယောင်နဲ့ဝူဝမ်လိုက်နေတာကိုတောင်ရှောင်နိုင်တယ်.."


ထို့နောက် သူမက ကွင်းအပြင်ကိုလှမ်းကြည့်ကာ ပွဲကြည့်ပရိသတ်နှင့်ဝန်ထမ်းများကိုကြည့်၍ စိတ်ပျက်နေသည့်အသံဖြင့်ပြောလာပါ၏။ 


"ဟမ့်၊ ကမ္ဘာကြီးကိုအခုမှမြင်ဖူးတဲ့ မြို့ရောက်တောသားတွေပဲ၊ အရင်က မြင်းပြိုင်ပွဲအစစ်ကိုမမြင်ဖူးကြဘူးဆိုတော့ စိတ်လှုပ်ရှားနေကြတယ်.."


သူတို့အကုန်လုံး အကာအကွယ်တွေမဝတ်ထားကြဘူးလား။ ဒဏ်ရာရသွားရင်ရော။ သူမလုပ်ရန်လိုအပ်သည်က ဆေးဖိုးဝါးခအဖြစ်ပိုက်ဆံပေးလိုက်ရုံသာဖြစ်ပြီး ကိစ္စများအားလုံးလည်းဖြေရှင်းပြီးသားဖြစ်သွားပေလိမ့်မည်။


သူမ မျက်နှာပေါ်တွင် ဂရုမစိုက်မှုသောအမူအရာမျိုးရှိနေလေ၏။


ရှားယန်က သူမ၏မှတ်ချက်ကို သေချာမကြားမိပေ။ ရှောက်မင်ရင်ခွင်ထဲမှလူကိုသာ အုံ့မှိုင်းနေသောမျက်နှာဖြင့်ကြည့်နေခဲ့လေသည်။


သို့ရာတွင် အရာရာတိုင်းက သူမျှော်လင့်ထားသည့်အတိုင်း မဖြစ်လာခဲ့ပါချေ။ ရှောက်မင်က ကျူးထုန်ကို လိုက်နေသည့်လူနှစ်ယောက်လက်ထဲမှပြေးနေရင်း ထပ်တလဲလဲကာကွယ်နေခဲ့သည်။


မကြာမီ ရုံထဲသို့ဝန်ထမ်းများဝင်လာလေသည်။ သိူ့သော်လည်း အနောက်မှလိုက်နေသောလူငယ်နှစ်ယောက်က မရပ်သေးပေ။


ကျူးထုန်မှာ ယိမ်းထိုးနေသောမြင်းပေါ်တွင်ထိုင်နေရင်း သူ့အရိုးများပြုတ်ထွက်တော့မလိုခံစားနေရလေသည်။


"ယီးပဲ၊ ပြဿနာအကြီးကြီးတက်နေပြီ.." 

တစ်ယောက်က ကွင်းအပြင်မှလှမ်းအော်လာလေသည်။


ကျူးထုန် မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ နှစ်မီတာနီးပါးမြင့်သောတန်းတစ်ခုက သူတို့နှင့်သိပ်မဝေးတော့ပေ။ သူ၏သူငယ်အိမ်တို့ ကျုံ့ဝင်သွားပြီး လှည့်ကြည့်လိုက်မိသည်။ သူတို့အနောက်မှလူငယ်နှစ်ယောက်က ဘေးတဖက်တချက်စီတွင် လိုက်မီလာလေပြီ။ ဖြစ်နိုင်ချေနှစ်ခုသာရှိတော့သည်။ မြင်းက ၎င်းအပေါ်မှခုန်ကျော်သွားနိုင်သလို တည့်တည့်လည်းဝင်တိုက်မိသွားနိုင်သည်။


ကျူးထုန်မျက်လုံးတို့က ပြာဝေလာလေ၏။


သူတို့နှစ်ယောက်မှာ အနောက်မှလိုက်နေသောမြင်းနှစ်ကောင်ကိုကြောက်နေရသလို သေမင်းထံသို့ ရည်ရွယ်ချက်ရှိစွာဖြင့် "မောင်းသွင်း" ခံနေရသေးသည်။ ၎င်းက သူတို့ကိုဦးတည်ထားခဲ့ခြင်းသာဖြစ်လေ၏။


"အဆင်ပြေပါတယ်၊ မကြောက်ပါနဲ့.."


ရှောက်မင်၏တည်ငြိမ်ပြီး ငြိမ်သက်သောအသံက သူ့နားထဲသို့ပဲ့တင်ထပ်သွားခဲ့လေသည်။


ကျူးထုန်က ခေါင်းကိုအသာမော့လိုက်၏။


ရှောက်မင်ကသူ့အား တစ်ခွန်းတည်းသာမေးလာလေသည်။ 


"မင်းကိုယ့်ကိုယုံလား.."


မြင်းခွာသံက ကျယ်လောင်လွန်းလေရာ ကျူးထုန်ကသေချာမကြားရဘဲ ခေါင်းကိုသာညိတ်ပြလိုက်ရသည်။ တုန်လှုပ်စရာအခြေအနေကြားမှာပင် သူက "အင်း" ဟု ယောင်ဝါးဝါးဖြေလိုက်မိသေး၏။


ရှောက်မင်က အသာလေးပြုံးကာ မြင်းဇက်ကြိုးကို ရုတ်ချည်းဆွဲလိုက်သည်။


"သူဘာလုပ်တာလဲ.."


"ခုန်မလို့လား.."


"အဲဒီလောက်အမြင့်ကြီးကိုခုန်နိုင်ပါ့မလား၊ အန္တရာယ်များလွန်းတယ်၊ မြင်းက ရပ်သွားရင်ရော.."


အလွန်အမင်းအန္တရာယ်များလှသောအခြေအနေပင်ဖြစ်ပြီး ကွင်းအပြင်မှလူများအားလုံး စိုးရိမ်နေကြလေသည်။


ဝန်ထမ်းများက အချိန်မီလူကယ်နိုင်ရန်အခြားလမ်းတဖက်မှပြေးလာနေကြသည်။


အနောက်မှ ဝူဝမ်နှင့်ဝမ်ယောင်တို့က မြင်းကျောပေါ်မှနေကာ အောင်နိုင်သည့်အပြုံးဖြင့်အပြန်အလှန်ကြည့်လိုက်ကြလေသည်။


ရုတ်ချည်းပင် အပြင်ဘက်မှလူများ၏အော်သံများထွက်ပေါ်လာပြီး အဖြူရောင်မြင်းမှာလည်း အဝေးမှတန်းကို အလျင်အမြန်ခုန်ကျော်သွားခဲ့သည်။ မြင်း၏ကျောက ကွေးသွားခဲ့သည်။ ကျူးထုန်မှာ မြင်းဇက်ကြိုးကိုအမြန်ဆွဲထားလိုက်မိ၏။ သူမြင်းပေါ်မှချော်ကျသွားလျှင်ဆိုပြီးတွေးနေမိစဥ်မှာပင် သူ့ကျောဘက်မှလူက ရင်အုပ်နှင့်တိုက်မိမည့်ဘေးမှ သူ့ခန္ဓာကိုယ်ကိုကာကွယ်ပေးလိုက်သည်။


"နောက်ကိုမမှီထားနဲ့၊ တတ်နိုင်သမျှအရှေ့ကိုကိုင်းထား.."


ကျူးထုန်အရှေ့သို့ကိုင်းတော့မည်ကိုပင်မစောင့်ဘဲ လူငယ်လေးက သူ့အား မြင်းကျောပေါ်သို့ဖိချလိုက်သည်။ သူ့တို့ အောက်ဘက်သို့ "ချော်ကျ" သွားရန်သီသီလေးသာလိုတော့သည်ကို ကြည့်နေရင်း သူ့ခန္ဓာကိုယ်လေးက ထိန်းမနိုင်သိမ်းမရတုန်လှုပ်သွားကာ မြင်း၏ခွာကမြေကြီးနှင့်ထိသွားပြီး အရှေ့သို့အနည်းငယ်ရောက်သွားလေသည်။ မြင်းဖြူ၏ခွာက မြေကြီးနှင့်ထိလိုက်သည့်နောက် ၎င်းက အရှိန်လွန်သွားခဲ့သည်။


ခပ်ဝေးဝေးသို့ပြေးလာပြီးသည့်အခါ ရှောက်မင်က ဇတ်ကြိုးကိုဆွဲကာ မြင်းဖြူကိုရပ်သွားအောင်ထိန်းလိုက်၏။


"မင်ကော.."


လော့ရှိုးက အထိတ်တလန့်ဖြင့် လှမ်းအော်လာခဲ့သည်။


ရှောက်မင်လက်မောင်းထဲမှ ကျူးထုန်မှာမူ ထိတ်လန့်နေဆဲဖြစ်ပြီး အသက်ရှူသံကမတည်ငြိမ်စေကာမူ အနီးကပ်ကြည့်ပါက အလွန်အကျွံ ကြောက်ရွံ့နေသောပုံစံမရှိချေ။


တဟူးဟူးတိုက်ခတ်နေသောလေကြောင့် အံ့အားသင့်စရာကောင်းစွာဖြင့် တန်းကို တဟုန်ထိုးပြေးကာခုန်ကျော်နိုင်ခဲ့သည်။


သူ အံ့ဩနေသောမျက်နှာဖြင့်လှည့်ကြည့်လိုက်မိ၏။ 


"မင်းကအရမ်းလန်းတာပဲ.."


တပြိုင်တည်းမှာပင် ရှောက်မင်ကသူ့အားလှည့်ကြည့်လာသည်။ သူ့မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုတို့ရေးခြယ်ထားလေ၏။ 


"အဆင်ပြေလား.."


လူငယ်လေးနှစ်ယောက်၏ အသက်ရှူသံတို့က ရစ်နွယ်နေပြီး တစ်ခုတည်းအဖြစ်ပေါင်းစည်းသွားခဲ့သည်။ သူတို့၏နှာခေါင်းထိပ်ဖျားလေးများက တစ်ခုနှင့်တစ်ခုထိစပ်နေခဲ့၏။ သူတို့နီးကပ်နေပြီမှန်းသိလိုက်ကြသည်နှင့် အသက်ရှူနှုန်းကိုပြိုင်တူထိန်းလိုက်မိကြပြီး နှလုံးမှာ ဒရမ်တီးနေသလိုခုန်လှုပ်နေလေသည်။


"မင်ကော.."


လော့ရှိုး၏ တက်ကြွနေသောအသံက သူတို့အချင်းချင်းကျောက်ချနေသောအကြည့်ကို နှောင့်ယှက်လိုက်လေသည်။


"......"


"......"


ရှောက်မင် လှည့်ကြည့်လိုက်သည်။


လော့ရှိုးက မြင်းကို ရှောက်မင်ဘေးတွင်ရပ်လိုက်၏။ 


"မင်းတို့တွေ အဆင်ပြေရဲ့လား..."


ရှောက်မင်က ပြန်ဖြေလိုက်သည်။


သူ ပြန်ဖြေလိုက်သည်နှင့် ရုံအပြင်ဘက်မှပရိသတ်များမှာ သူ့စကားကြောင့်ကြောင်အကုန်ပြီး လက်ခုပ်လက်ဝါးတီး၍အားပေးလာကြလေသည်။


"ဖာ့ခ် တကယ်ကြီးခုန်လိုက်နိုင်တာပဲ.."


"အံ့ဩစရာကြီး..."


"သူက အခုလေးတင်သူ့ကောင်လေးကို ခေါ်လာတဲ့တစ်ယောက်မလား၊ တကယ်အံ့အားသင့်ဖို့ကောင်းတာပဲ၊ သူတို့ပဲမလား..."


ရုံအပြင်မှ ပရိသတ်များ၏ အားပေးနေသံများမှာ ဆက်ရှိနေဆဲ။ ရှောက်မင်အနောက်ကိုလိုက်နေခဲ့သောနှစ်ယောက်နှင့် အခြားသူများကိုမူ ဝန်ထမ်းများကခေါ်သွားခဲ့လေသည်။ အကြံအစည်ကမအောင်မြင်ခဲ့သောကြောင့် မျက်နှာများက အနည်းငယ်ကြည့်ရဆိုးနေလေ၏။


ဒီလောက်အမြင့်ရှိတဲ့တန်းကို ဒီနှစ်ယောက်ကတကယ်ခုန်သွားနိုင်တယ်လား။




🤒