Chapter 78
Viewers 18k

🤒အခန်း ၇၈




ကျူးထုန် ဆီးနှင်းဖြူရောင်မြင်းပေါ်မှ ချောမွတ်နေသောမြင်းကုန်းနှီးကိုကြည့်လိုက်သည်။ သူ့ခမျာ ကြိုးစားချင်သည့်တိုင် စိုးရိမ်စိတ်များနေဆဲ။ 


"အကာအကွယ်မဝတ်ရင်ရော၊ စည်းကမ်းဖောက်ရာကျလား.."


ရှောက်မင်က ပြုံးရုံသာပြုံးပြလေ၏။ 


"အကာအကွယ်ပစ္စည်းတွေသွားယူတဲ့နေရာက သိပ်မဝေးပါဘူး၊ မင်း အခုစီးလည်း လုံခြုံရေးမှာဘာပြဿနာမှမရှိဘူး၊ စိတ်မပူနဲ့ ကိုယ်ကိုင်ထားပေးမယ်.."


"......"


ကျူးထုန် မြင်းကို မြင်းဇောင်းမှထုတ်လာပေးသောဦးလေးအား လှမ်းကြည့်လိုက်လေ၏။


ထိုဦးလေးမှာ သူတိတ်တဆိတ်"အသန့်ကြိုက်တဲ့ကောင်လေး" ဟု အမည်ပေးထားသော လူချောလေး၏ကောင်လေးကို စိတ်ထဲမှ အထွန့်တက်နေခြင်းဖြစ်လေသည်။ အပြင်ထွက်လာသည့်အချိန်မှ အစွန်းအထင်းမရှိပုံပေါ်နေသောကောင်လေးမှာ ယခုလို ညစ်တီးညစ်ပတ်မြင်းဇောင်းကဲ့သိူ့သောနေရာဖြင့် မကိုက်ညီသည်ကို နားလည်သွားရတော့သည်။


သူ့အရှေ့မှ လျှာထိုးဦးထုပ်ဝတ်ထားသောကောင်လေးမှာ "အားနည်း" သည်ဆိုသော စကားဖြင့်ဖော်ပြသင့်လေ၏။


အားနည်းသည့်ယောကျ်ားလေးက အားနည်းသောမြင်းမျိုးသာစီးသင့်သည်။ သူက အလွန်တရာလှပသည့်ပုံစံပေါ်နေ၏။ လူချောလေးက သူ့ကို အလွန်အမင်းအလိုလိုက်နေသည်မှာ အံ့အားသင့်စရာမဟုတ်တော့ပေ။


ကျူးထုန်က ကြည့်ကောင်းသူတိုင်း သူတို့လိုချင်သည့်အရာရအောင် လုပ်နိုင်ကြောင်း အစွမ်းကုန်သက်သေပြသွားခြင်းပင်ဖြစ်လေသည်။


ဦးလေးကပြောလာသည်။ 


"တာတိုစီးရင်တော့ ပြဿနာမရှိပါဘူး၊ ငါတို့ မြင်းပြိုင်ကွင်းမှာ ကျွမ်းကျင်မြင်းစီးသမားတွေရှိတယ်၊ မင်းတို့လုံခြုံရေးကို အာမခံပေးနိုင်တဲ့ဝန်ထမ်းတွေလည်းရှိတယ်.."


ကျူးထုန် စိတ်ချသွားပြီး သူ ရှောက်မင်ကိုနောက်တကြိမ်ထပ်ကြည့်လိုက်သည်။ လော့ရှိုးလုပ်သည့်အတိုင်း လက်တစ်ဖက်ဖြင့် မြင်းဇက်ကြိုးကိုကိုင်ကာ ခြေတစ်ဖက်ဖြင့်ခြေနင်းကိုနင်းလိုက်သည်။ ထို့နောက် ကျန်တစ်ဖက်ဖြင့်မြင်းကျောပေါ်ကိုအားပြုကာ မြင်းပေါ်တက်လိုက်၏။ 


ရလဒ်မှာ ခြေထောက်ကမြင်းပေါ်ရောက်သွားလင့်ကစား ခန္ဓာကိုယ်ကမရောက်သေးပေ။ သူဟန်ချက်ညီအောင်မထိန်းနိုင်သောကြောင့် ဘေးဘက်ကိုလျှောကျလေတော့သည်။


သူလန့်ပြီး ခပ်တိုးတိုးအော်လိုက်မိစဥ် ရုတ်တရက် လူတစ်ယောက်ကသူ့လက်မောင်းကို ကိုင်ပေးလာခဲ့သည်။ သူ့ကိုဖမ်းထားပေးသူက ရှောက်မင်ဖြစ်ကြောင်းကို သူသတိမပြုမိခဲ့ပေ။ အရပ်ရှည်သောလူငယ်လေးက အားလေးအနည်းငယ်သုံးရုံဖြင့် သူ၏ကုန်းနေသောခန္ဓာကိုယ် ဆန့်နိုင်အောင်လုပ်ပေးနိုင်လေ၏။


ကျူးထုန် မြင်းကျောပေါ်တွင် ယိမ်းထိုးနေပြီး ငြိမ်ငြိမ်ထိုင်နိုင်ရန် ခက်ခဲနေလေသည်။


ရုတ်တရက်ပင် အမြင့်ပေါ်မှတွေ့ရသောမြင်ကွင်းကြောင့် သူ့ခန္ဓာကိုယ်အား အလိုအလျောက်ဆန့်ထုတ်လိုက်မိသည်။ သို့ထိတိုင် အတွေ့အကြုံအသစ်နှင့် ပျော်ရွှင်မှုတို့ကို အတိုင်းမသိခံစားလိုက်ရလေ၏။


သူ အသက်ကိုပြင်းပြင်းရှူလိုက်မိသည်။


ရှောက်မင်က မြင်းဘေးမှနေကာ အသာအယာမော့ကြည့်ကာမေးလာလေသည်။ 


"ဘယ်လိုခံစားရလဲ.."


ကျူးထုန်က ၎င်းအတွေ့အကြုံကို တခဏမျှခံစားနေခဲ့သည်။ ထို့နောက် ခေါင်းငုံ့ကာပြန်ဖြေလိုက်၏။ 


"အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်.."


"ဒါဆို သွားကြမယ်.."


ရှောက်မင်က ပြုံးလိုက်သည်။ မြင်း၏ကျောကိုအသာပုတ်ပြီး ဇက်ကြိုးကိုအသာဆွဲလိုက်သည်နှင့် မြင်းကရှေ့သို့ တစ်လှမ်းတိုးသွားခဲ့သည်။


ကျူးထုန်၏ခန္ဓာကိုယ်က ရုတ်ချည်းလှုပ်ယမ်းသွားခဲ့ပြီး သူထိတ်လန့်သွားရန်အချိန်မရသေးမီ လက်ဖမိုးထက်မှနွေးထွေးမှုကို ရုတ်တရက်ခံစားလိုက်ရသည်။


ရှောက်မင်က သူ့လက်ကိုဖွဖွလေးကိုင်ထားပြီး ပြောလိုက်သည်။ 


"အဆင်ပြေပါတယ်၊ မကြောက်နဲ့.."


"......"


လက်ဖမိုးမှအပူချိန်နှင့် ကြားနေကျအသံက လုံခြုံသောစောင်တစ်တစ်ထည်ကဲ့သို့ပင်။ သူ့ခန္ဓာကိုယ်အတွင်းထဲမှ တင်းကျပ်နေမှုတို့က ခဏတွင်းချင်း ပြေလျော့သွားစေခဲ့သည်။


မြင်းက ဖြည်းညင်းစွာဖြင့်ဆက်သွားနေခဲ့သည်။ မြေကြီးပေါ်မှ တခွပ်ခွပ်အသံကြောင့် ကျူးထုန်မှာ ချက်ချင်းအာရုံပျံ့လွင်သွားခဲ့၏။


သို့သော် ရှောက်မင်၏အာရုံကမူ သူ့လက်ဖဝါးပေါ်မှအထိအတွေ့တွင်သာဆက်ရှိနေခဲ့သည်။


ကျူးထုန်၏လက်က နို့နှစ်ရောင်ပမာဖွေးဥပြီး ကိုင်၍ကောင်းလှသည်။


သူ့နှလုံးကအခုမြန်လာခဲ့ကာ ဖျော့တော့သောအပြုံးတစ်ခုက သူ့ပါးစပ်တွင်တွဲလွဲခိုလာခဲ့သည်။


နှစ်ယောက်က မြင်းဇောင်းမှထွက်လာခဲ့ကြပြီး ပြေးလမ်းအဆုံးကိုရောက်လာခဲ့ကြ၏။ ဆီးနှင်းဖြူရောင်မြင်းနှင့် စီးလာသူလူချောလေးတို့ကို မြင်းပြိုင်ကွင်းပတ်လမ်းမှလူများက အမြန်ပင်သတိပြုမိသွားခဲ့ကြသည်။


"ဟယ်၊ ဒီလိုမြင်းပြိုင်ကွင်းမှာ ဒီလိုချောလှတဲ့မြင်းတွေလည်းရှိတာလား..."


"မြင်းပေါ်ကကောင်လေးက ဘယ်သူပါလိမ့်၊ အရမ်းချောတာပဲ.."


"မဟုတ်ဘူး၊ ဘေးကတစ်ယောက်ကပိုချောသလိုပဲ၊ မြင်းကိုထိန်းလာပေးတာက ဝန်ထမ်းပဲလား၊ ဝန်ထမ်းနဲ့လည်းမတူသလိုပဲ.."


"ဖာ့ခ်၊ အဲဒီလူချောလေးနှစ်ယောက်က အဝင်ဝမှာတုန်းက ငါတို့ချောင်းခဲ့ကြတဲ့နှစ်ယောက်မလား၊ ဘုရားရေ သူတို့ကအရမ်းချောတာပဲ၊ ဘယ်လိုနတ်ဘုရားမျက်လုံးတွေလဲ၊ သူတို့ကအရမ်းကြည့်ကောင်းတာပဲ.."


"ထူးဆန်းတယ်မလား၊ သူတို့ကိုယ်တိုင် မြင်းစီးဖို့စီစဥ်ထားကြတာလား၊ သေစမ်း၊ မြင်းစီးတဲ့လူချောလေးတွေဆို ငါတောင့်ခံနိုင်တာမဟုတ်ဘူး၊ ဒီအဘွားကြီး အခုချက်ချင်းပဲသူတို့ကို WeChat အကောင့်သွားမေးလိုက်တော့မယ်.."


"ငါ့အထင်တော့ နင်မလောသင့်ဘူး.."


"ဟုတ်တယ်၊ နှစ်ယောက်ကြားက လေထုကိုမမြင်ဘူးလား၊အဲဒါကနင်ကြားဝင်လို့ရမယ့် လေထုလား.."


လူချောလေးတစ်ယောက်က နောက်လူချောလေးတစ်ယောက်အတွက် မြင်းထိန်းပေးနေတာလေ။


အဲဒီနှစ်ယောက်ဆီကနေ လွင့်ထွက်နေတဲ့ ပန်းရောင်ပူဖောင်းတွေကဘာအဓိပ္ပါယ်လဲ။


မြင်းပြိုင်ကွင်းထဲမှ ဆူဆူညံညံအသံများကြောင့် ရိုးရှင်းသောအစမ်းမြင်းစီသူများ ထွက်လာလေ၏။


ရှားယန်နှင့်သူ၏အပေါင်းအပါတို့က ဝေးဝေးသို့မသွားခဲ့ကြပေ။ အဆာပြေမုန့်ဆိုင်မှ ဝက်အူချောင်းများကိုဝယ်ကာ ပြန်လာခဲ့ကြခြင်းဖြစ်သည်။ အုတ်အော်သောင်းနင်းအသံများကိုကြားရသည့်အခါ သူလှည့်ကာဖြင့် အခြားသူများကြည့်သည့်နေရာကိုလိုက်ကြည့်မိသည်။ အဖြစ်အပျက်ကိုမြင်သွားသည်နှင့် သူ့မျက်လုံးတို့က ရုတ်တရက်အေးစက်သွားတော့သည်။


'ကျူးထုန်လား၊ ကျူးထုန်ကဘာလို့ဒီမှာရှိနေတာလဲ၊ သူ့ဘေးကဘယ်သူလဲ၊ ရှောက်မင်လား'


ထိုနေရာမှရှောက်မင်မှာ ခေါင်းမော့ကာ ကျူးထုန်ကိုစကားလှမ်းပြောနေပြီး သူ၏ချောမောသောမျက်နှာက ဦးထုပ်အောက်မှ ထွက်ပေါ်နေခဲ့သည်။ ၎င်းကိုမြင်ရသည့်အခါ ရှားယန်မှာလက်သီးဆုပ်လိုက်မိတော့၏။


ဒီနေ့က အမျိုးသားနေ့အားလပ်ရက်လေ။ ကျူးထုန်ကဘာလို့ A မြို့ကိုမပြန်တာလဲ။


ဘာလို့ မြင်းပြိုင်ကွင်းကိုရှောက်မင်နဲ့အတူလာရတာလဲ။


ရှောက်မင်ကရော ဘာလို့ မြင်းကိုကိုင်ပေးထားတာလဲ။


ရှားယန်၏နှုတ်ခမ်းတို့က တင်းတင်းစေ့သွားခဲ့သည်။


ဘေးမှလူက သူထူးဆန်းနေမှန်း ချက်ချင်းရိပ်စားမိသွားလေ၏။ ထိုသူက သူ့ဘက်လှည့်ကာမေးလာခဲ့သည်။ 


"သခင်လေးယန် ဘယ်ကိုကြည့်နေတာလဲ.."


ရှားယန်က တောင့်တင်းသွားကာ ချက်ချင်းစိတ်လျှော့လိုက်လေ၏။ သူကအကြည့်လွှဲကာ ခပ်တိုးတိုးဖြေလိုက်သည်။ 


"ဘာမှမဟုတ်ပါဘူး.."


လူငယ်လေးက ခဏတဖြုတ်တွေဝေနေကာ သူ့ကြည့်ရာဘက်သို့လှမ်းကြည့်လိုက်သည်။


လူငယ်လေးနှစ်ယောက်က အကာအကွယ်ပစ္စည်းထားသည့်တဲမှပြန်လာကြသည်။ ရှောက်မင်က လက်တစ်ဖက်ဖြင့်ကျူးထုန်ကိုကိုင်ထားပေးပြီး မြင်းပေါ်မှဆင်းနိုင်ရန်ကူညီပေးလိုက်၏။


"အကာအကွယ်ပစ္စည်းနှစ်စုံစာ၊ အသစ်ယူပါ့မယ်.." 


ရှောက်မင်က သူတို့၏အရွယ်အစားကိုကြည့်ကာ ကျွမ်းကျင်စွာဖြင့်ပြောလိုက်လေသည်။


ကျူးထုန်က ရှောက်မင်၏ရင်းနှီးကျွမ်းဝင်နေမှုကြောင့် အံ့ဩသွားရသည်။ 


"မင်းအရင်ကရော ဒီကိုရောက်ဖူးတာလား.."


ရှောက်မင်က တုံ့ပြန်လေသည်။ 


"ဒီကိုတော့မဟုတ်ဘူး၊ ဒါပေမဲ့ တခြားမြင်းပြိုင်ကွင်းတွေကိုတော့ရောက်ဖူးတယ်.."


ကျူးထုန်ကသူ့အား မနာလိုသည့်မျက်လုံးဖြင့်ကြည့်လိုက်သည်။


သာမန်ကျောင်းသားများ၏ အပန်းဖြေသောပုံစံက အများအပြားရှိလေသည်။ လူမမာသည်ကောင်လေး သူတစ်ယောက်တည်းကသာ တောမှတက်လာသည့် ငတုံးလေးတစ်ယောက်နှင့်တူနေလေ၏။


ဝန်ထမ်းတစ်ယောက်ကအနားသို့ရောက်လာကာ အကာအကွယ်ဝတ်စုံအသစ်နှစ်စုံကို အမြန်ယူလာခဲ့ကြသည်။


 "ကူဝတ်ပေးရဦးမလားဗျ.."


ရှောက်မင်က အကာအကွယ်ပစ္စည်းကိုယူကာ ပြောလိုက်လေသည်။


 "မလိုတော့ပါဘူး၊ ကျွန်တော်တို့ကိုယ်တိုင် ဝတ်လိုက်ပါ့မယ်.."


ဝန်ထမ်းလေးကပြုံးကာခေါင်းညိတ်ပြလေသည်။ 


သူတို့ဘေးတွင် အကာအကွယ်ပစ္စည်းများဝတ်နေကြသောလူအချို့ရှိနေသည်။ သူတို့မှာ ပထမဆုံးလာကြခြင်းဖြစ်ပြီး ဝန်ထမ်းများကသူတို့အား သတိထားသင့်သည်တို့ကိုပြောပြပေးနေလေသည်။ ရုတ်တရက်အနားရောက်လာကြသူနှစ်ယောက်ကိုကြည့်လိုက်သည့်အခါ အံ့အားသင့်မှုတို့က သူတို့မျက်လုံးထဲမှထွက်ပေါ်လာလေသည်။


"ဖိနပ်တွေချွတ်လိုက်.." 


ရှောက်မင်က ကောက်ကာငင်ကာပြောလာလေသည်။


ကျူးထုန်က သူ့လက်ထဲမှ အကာအကွယ်ပစ္စည်းများကိုကြည့်နေဆဲဖြစ်ကာ ရှောက်မင်၏တောင်းဆိုချက်ကိုကြားလိုက်ရသည့်အခါ သူအံ့ဩသွားခဲ့သည်။ 


"ဘာလို့လဲ.."


"ဖွီး.."


ရှောက်မင်ပင်ဘာမှမပြောရသေးမီ လူတစ်ယောက်က ထရယ်လာလေသည်။


ကျူးထုန်က ရယ်နေသူကိုကြည့်လိုက်၏။


 á€™á€źá€„á€şá€¸á€…á€Žá€¸á€–á€­á€”á€•á€şá€–á€źá€„á€şá€ˇá€™á€­á€”á€şá€¸á€€á€œá€ąá€¸á€á€…á€şá€šá€ąá€Źá€€á€şá‹ ရှောက်မင် သူ့ကိုဖိနပ်ချွတ်ခိုင်းရသည့်အကြောင်းအရင်းအား ချက်ချင်းနားလည်သွားခဲ့ပြီး သူ့မျက်နှာမှာလည်း တဖြည်းဖြည်းနီရဲလာလေတော့သည်။


ရှောက်မင်က ခေါင်းမော့ကာ မိန်းကလေးကိုလှမ်းကြည့်လိုက်သည်။


မိန်းကလေးက အသံတိတ်သွားပြီး သူမရိုင်းပြမိပြီမှန်းသဘောပေါက်လိုက်၏။ သူမကချက်ချင်းတောင်းပန်လာလေသည်။ 


"တောင်းပန်ပါတယ်.."


ရှောက်မင်က သူမကိုထပ်မကြည့်တော့ဘဲ ကျူးထုန်ကိုပြောလိုက်၏။ 


"ကိစ္စမရှိဘူး၊ မင်းကအခုမှ ပထမဆုံးမြင်းစီးဖူးတာလေ၊ မင်းမသိတာပုံမှန်ပါပဲ၊ စိတ်ထဲမထားနဲ့.."


မိန်းကလေးကလည်း မတိုင်ခင်က သူမ၏မသင့်လျော်သောအပြုအမူကြောင့် အားနာသည့်အနေဖြင့်ကူညီပေးလာသည်။ 


"ဟုတ်တယ်၊ ပုံမှန်ပါပဲ၊ ငါ့ကောင်လေးက ငါ့ကို ပထမဆုံးအကြိမ်မြင်းစီးဖို့ခေါ်လာပေးတုန်းကဆိုရင်လေ၊ သူကငါ့ကို မြင်းစီးတဲ့အဝတ်အစားလဲခိုင်းတာ၊ သူကရှင်းရှင်းမပြောခဲ့ဘူးလေ၊ ငါက သူ လူလယ်ခေါင်ကြီးမှာ မြူစွယ်ချင်နေတယ်လို့တောင်ထင်သွားတာ.."


"ဟား..ဟား...ဟား"


မိန်းကလေး၏စကားကြောင့် သူမနံဘေးတွင် ရယ်သံများလွှမ်းခြုံသွားခဲ့သည်။


သူမက သူရှက်သွားသည်ကိုလျော့သွားစေရန် ပြောပေးနေမှန်း ကျူးထုန် သိနေလေသည်။ ထို့ကြောင့် သူမကိုကျေးဇူးတင်သလိုပြုံးပြလိုက်ကာ လှည့်ပြီး ထိုင်စရာနေရာကိုရှာနေလိုက်သည်။


သို့တစေ ယင်းက သာမန် ခုံတန်းလေးများသာဖြစ်ပြီး နောက်မှီထိုင်ခုံများပင်မရှိပေ။


ရှောက်မင်က သူ့တံတောင်ကိုကိုင်ကာပြောလိုက်လေသည်။


"ဒီတိုင်းရပ်ပြီးချွတ်လိုက်၊ ကိုယ့်လက်မောင်းကိုကိုင်ထားလို့ရတယ်၊ မင်းမလဲစေရဘူးလို့ ကိုယ်အာမခံတယ်.."


ကျူးထုန်: "....."


ရွေးစရာမရှိတော့ပေ။


သူ ရှောက်မင်အပေါ်ကို ကိုယ်တပိုင်းမှီလိုက်ကာ ငုံ့ကိုင်းရင်း မြင်းစီးဖိနပ်ကိုဝတ်လိုက်သည်။


ယခုလေးတင် ကျူးထုန်ကိုနှစ်သိမ့်ပေးနေခဲ့သောမိန်းကလေးမှာ သူတို့နှစ်ယောက်၏ အင်မတန်နီးကပ်နေသောပုံစံကိုမြင်ပြီး ရှော့ခ်ရသွားလေသည်။ ထို့နောက် သူမမျက်လုံးတို့က တောက်ပလာလေ၏။


ကျူးထုန်က မြင်းစီးဖိနပ်ကိုအမြန်ဝတ်လိုက်ပြီး ခေါင်းဆောင်း၊ လက်အိတ်၊ ခြေစွပ်တို့ကို တစ်ခုစီဝတ်လိုက်သည်။


ရှောက်မင်က ကျူးထုန်ကို တစ်ခုချင်းစီဝတ်ခိုင်းခဲ့သည်။


"ဝိုး..အရမ်းမိုက်သွားပြီ.."


ဝတ်ပြီးသွားသည့်အခါ ရှောက်မင်ကသူ၏ "လက်ရာမြောက်မှု" ကိုကျေနပ်နေလေ၏။


ကျူးထုန်မှာ ယခုလို ပုံစံဖြစ်နေသောကြောင့် အနည်းငယ်ရှက်နေခဲ့သည်။ သူက မျက်နှာပေါ်မှနီရဲနေမှုကိုလျော့သွားစေရန် မျက်တောင်ခတ်လိုက်၏။ 


"မင်းလည်း လဲတော့လေ၊ ငါကူညီပေးမယ်.."


ရှောက်မင်က ဟန်ချက်ထိန်းနိုင်၍ မလိုဘူးဟုပြောချင်ခဲ့သည်။ ခြေဗလာဖြင့် တစ်နာရီခန့်ရပ်နေရသည်က မခက်ခဲပေ။ သို့ထိတိုင် သူ့နှုတ်ခမ်းဖျားသို့ရောက်လာသည့်အခါ သူပြောလိုက်မိသည်က "ကောင်းပြီ..." ဟူ၍။


ကျူးထုန်က သူလုပ်သည့်အတိုင်း ကိုင်နိုင်အောင် တံတောင်ကိုဆန့်ထုတ်ပေးသည်။ ရှောက်မင်က သူ့ကိုယ်ပေါ်ကို မှီလိုက်ရုံဖြင့် အလေးချိန်ကင်းမဲ့မှုကိုခံစားလိုက်ရတော့၏။


လေးလိုက်တာ။


သူ့လက်က အနည်းငယ်အားပျော့နေသည်။


ချက်ချင်းပင် သူ့လက်မောင်းက နောက်တကြိမ်ပေါ့သွားခဲ့သည်။ ရှောက်မင်က မတ်မတ်ရပ်လိုက်ပြီး ဖိနပ်တစ်ဖက်ကလဲပြီးသားဖြစ်နေလေ၏။


အရမ်းမြန်တာပဲ။


ထိုအတောအတွင်း ရှောက်မင်က သူ့လက်ကိုမှီထားဆဲဖြစ်လေသည်။ ရှောက်မင်မှာ ကျူးထုန်အပေါ်ကို အလွန်အကျွံအားမယူမိအောင် ထိန်းထားပုံရလေ၏။


"ရပြီ.."


ရှောက်မင်က သူ "အားမရှိပုံ" ကို လုံးဝ သတိထားမိပုံရသည်။ သူက ဦးထုပ်ကိုချွတ်ကာ သူ့အားဖက်၍ပြောလိုက်လေ၏။ 


"သွားကြမယ်.."


ကျူးထုန်: "....."


ပထမဆုံးမြင်းစီးသည့်အတွေ့အကြုံကြောင့် သူဒုတိယမြောက် မြင်းပေါ်တက်သည့်အခါ ပိုမြန်သွားခဲ့ပြီး မတိုင်ခင်ကလောက် စိတ်လှုပ်ရှားခြင်းမရှိတော့ပေ။ သူ မြင်းဇက်ကြိုးကိုကိုင်ကာ မြင်းကျောပေါ်တွင်သေချာထိုင်လိုက်ပြီး စိတ်သက်သာသွားသလို သက်ပြင်းရှည်ကြီးချလိုက်မိသည်။


သို့သော် သူကောင်းကောင်း သက်ပြင်းမချနိုင်ခဲ့ပေ။ မြင်းဇက်ကြိုးက တင်းသွားပြီး မြင်း၏ကျောကလည်း အနည်းငယ်ယိမ်းသွားခဲ့သည်။


သူ့ခန္ဓာကိုယ်က ရွေ့လျားခြင်းဂုဏ်သတ္တိကြောကြောင့်ယိုင်သွားပြီး သူ့ကျောကလည်း ရှောက်မင်ရင်ဘတ်နှင့် ထိမိသွားလေ၏။


သူက တစ်ခုခုမူမမှန်သလို မရေမရာခံစားလိုက်ရသောကြောင့် လှည့်မေးလိုက်သည်။ 


"ငါတို့...ဒီလိုပဲစီးမှာလား.."


ရှောက်မင်က သူ့ကိုသိုင်းဖက်ကာ ဇက်ကြိုးကိုဘေးမှကိုင်လိုက်၏။ ထို့နောက် ခပ်တိုးတိုးရယ်ကာဆိုလာခဲ့လေသည်။ 


"ဒါဆို အတူစီးတာကို ဘယ်လိုစီးချင်လို့လဲ.."


ကျူးထုန်: "....."


သူ့ဘက်မှ ရှောက်မင်ကိုခေါ်သွားပေးရန်သဘောတူထားပြီးဖြစ်နေသော်လည်း သူတွေးထားပုံနှင့်မူ ကွဲလွဲနေလေသည်။


ရှောက်မင်ကသူ့အား အနောက်မှသိုင်းဖက်လာသလိုမျိုး။


သူ၏အသက်ရှူသံကလည်း နီးကပ်လွန်းနေခဲ့သည်။


"ငါ..အနောက်ကထိုင်ရင်ရော.."


ရှောက်မင်: "......"


ရှောက်မင်က ရယ်ကာ ပြန်မေးလာလေသည်။


 "ကိုယ်တို့ စက်ဘီးစီးနေတာမဟုတ်ဘူးနော်.."


"....."


"ဒါဆိုလည်း ပြီးတာပဲ.."


ပြောပြီးသည့်နောက် လက်မောင်းထဲမှလူ၏တုံ့ပြန်ပုံကိုမစောင့်နေတော့ဘဲ သူခြေထောက်ဖြင့် မြင်းဗိုက်ကိုကန်လိုက်သည်။ မြင်းဖြူမှာ တုံ့ပြန်ပုံအရ နေရာတွင်ပင်လှုပ်ယမ်းသွားပြီး ချက်ချင်းပင်နားလည်သွားကာ ကွင်းတည့်တည့်သို့ပြေးသွားလေတော့၏။


မတိုင်ခင်ကကဲ့သို့ ဖြည်းဖြည်းချင်းလမ်းလျှောက်သွားသည်ထက် မြင်းက ကဆုန်ပေါက်ပြေးနေခဲ့သည်။ ကျူးထုန်မှာ မြင်းသွားသည့်အတိုင်းလိုက်ခုန်နေသလိုခံစားရပြီး အနည်းငယ်ထူးဆန်းနေလေသည်။


ရှောက်မင်က ထိုသူ မြင်းစီးရသည့်အရသာတွင် ချက်ချင်းနစ်မြုပ်သွားသည်ကိုမြင်ပြီး နူးညံ့စွာပြုံးလိုက်မိလေသည်။


သူက ထိုသူ၏လက်ကိုဖြည်းညင်းစွာဆုပ်ကိုင်လိုက်ပြီး လူငယ်လေးကို ပိုင်ဆိုင်ထားသည့်သဘောဖြင့် ဖိညှစ်ထားလိုက်လေသည်။


သူပိန်နေတာက အရမ်းဆိုးတာပဲ။


သူ ထိုကောင်လေးကို ကျွေးမွေးလာခဲ့သည်မှာကြာခဲ့ပြီ။ ထိုသူကို အသားတိုးအောင်ကျွေးမွေးချင်သည့် သူ့ဆန္ဒမှာကျရှုံးသွားခဲ့၏။


ကြည့်ရတာ ကျူးထုန်က ဝဖို့ခက်နေတာများလား။ 


ရှောက်မင်စိတ်ထဲတွင် အတွေးနှစ်မျိုးနှင့်ပြည့်နေခဲ့သော်လည်း မကြာခင်မှာပင် မြင်းစီးရုံထဲသို့ဝင်လာခဲ့ကြလေသည်။



🤒