Chapter 77
Viewers 18k

🤒အခန်း ၇၇




နောက်တနေ့နံနက် ကျူးထုန်အိပ်ရာမှနိုးလာသည့်အခါ ရှောက်မင်က ဧည့်ခန်းထဲတွင် သူ့ထက်အရင်ပေါ်လာခဲ့သည်။


ထိုလူက အမြဲတမ်း သူ့ထက်စောကာ အိပ်ရာထတတ်သည်။


ချွင်းချက်တစ်ကြိမ်လေးမျှပင်မရှိခဲ့ပါချေ။


မနက်ဆယ်နာရီအချိန် မြို့ဆင်ခြေဖုံး မြင်းပြိုင်ကွင်းတွင်ဖြစ်သည်။


လော့ရှိုးက ယခုလို အပန်းဖြေရသည့်အမျိုးအစားဆိုလျှင် အတက်ကြွဆုံးဖြစ်နေတတ်၏။ မနက်အစောပိုင်းတည်းက မြင်းပြိုင်ကွင်းတွင်လာစောင့်နေခဲ့သည်။


၎င်းမှာ မကြာသေးခင်ကမှ တည်ဆောက်ထားသော အသေးစားမြင်းပြိုင်ကွင်းဖြစ်သည်။ အတော်အသင့်ကျယ်ဝန်းကာ အစိမ်းရောင်မြင်ခင်းပြင်ကျယ်ဖြင့် ပြည့်နေပြီး အလယ်တွင် ပြိုင်ရန်အတွက် တန်းအများအပြားကိုချထားလေသည်။ ကွင်းပတ်လည်၌ ပစ္စည်းအမျိုးအစားအစုံရောင်းချသော ယာယီရွက်ဖျင်တဲလေးများရှိလေ၏။


အမျိုးသားနေ့အားလပ်ရက်ဖြစ်လေရာ မြင်းပြိုင်ကွင်းပတ်လည်တွင် လူအများအပြားရောက်နေသော်လည်း ကွင်းထဲတွင်တော့ လူနည်းစုသာရှိလေသည်။


နေရောင်က အလွန်အမင်းတောက်ပနေသောကြောင့်ဖြစ်လိမ့်မည်။


ယနေ့ အပူလွန်ကဲနေပြီး နေရောင်၏တောက်ပသောရောင်ခြည်တန်းက ၎င်းအောက်တွင်ရပ်နေသောသူ့ကို မျက်စိစူးလောက်သည်အထိ ဖြစ်နေစေသည်။


"မင်ကော၊ ငါလက်မှတ်ဝယ်လာပြီ၊ အခုရုံထဲဝင်လို့ရပြီလား.."


ကောင်လေးနှစ်ယောက်က မြင်းပြိုင်ကွင်းအဝင်ဝတွင်ရပ်နေကြသည်။ လော့ရှိုးက သူတို့ကိုမြင်သည်နှင့် အမြန်ပြေးလာလေ၏။


သူ့အသံက လူလုပ်အသံချဲ့စက်မှထွက်လာသည့်အတိုင်း။ သူအော်လိုက်သည့်အခါ မြင်းပြိုင်ကွင်းအဝင်ဝမှလူများက သူ့အား အလိုလိုလှည့်ကြည့်လာကြလေသည်။


"ဖာ့ခ်၊ လူချောလေးတွေဟ.."


မိန်းကလေးတစ်ယောက်က ဘယ်နေရာကမှန်းမသိ ထအော်လိုက်သည်။


ထို့နောက် အခြားတစ်ယောက်ကပါ နောက်မှလိုက်အော်လာခဲ့သည်။ 


"လူချောလေးတွေကဘယ်မှာလဲ.."


"အဝင်ဝမှာလေ၊ လျှာထိုးဦးထုပ်လေးတွေနဲ့.."


"လျှာထိုးဦးထုပ်ဝတ်ထားတိုင်း လူချောလေးတွေပါလို့ နင့်ကိုဘယ်သူကပြောလဲ.."


"သူ့မျက်နှာရဲ့အောက်ပိုင်းကပေါ်နေတာကို ကြည့်လေ၊ အဲဒါကြည့်ရုံနဲ့တင် သူကချောတယ်ဆိုတာကို ပြောလို့ရနေပြီ.."


"နေစမ်းပါ၊ သူ့ကိုယ်သူ သူများနဲ့မတူအောင်ချောတဲ့ပုံစံမျိုးလုပ်ထားတာနေမှာပေါ့၊ သူဦးထုပ်ချွတ်လိုက်တာနဲ့ ရုပ်ဆိုးမယ်ဆိုတာငါလောင်းရဲတယ်.."


"....."


ရှောက်မင်နှင့်ကျူးထုန်တို့က လော့ရှိုးထံမှ လက်မှတ်ကိုရပြီးသည်နှင့် လက်မှတ်ကိုခေါင်းငုံ့ကြည့်လိုက်ကြပြီး နေရောင်ပမာအကြည့်စူးစူးတို့ကိုရှောင်လိုက်ကြသည်။ လျှာထိုးဦးထုပ်အရိပ်က သူတို့၏တမျက်နှာလုံးနီပါးကို ဖုံးထားခဲ့လေ၏။


လူငယ်သုံးယောက်မှာ ဝင်ပေါက်အနားတဝိုက်မှအသံတို့ကို လျစ်လျူရှုထားခဲ့ကြသည်။ လက်မှတ်ကိုထုတ်လိုက်ပြီးသည့်နောက် လော့ရှိုးကပြောလာခဲ့သည်။ 


"ဒီတစ်ခါမြင်းပြိုင်ကွင်းကတကယ်ကောင်းတယ်၊ မင်းတို့ စီးမယ့်မြင်းကိုကိုယ်တိုင်ရွေးလို့ရတယ်၊ ပိုက်ဆံတော့ပိုပေးရလိမ့်မယ်.."


ကျူးထုန်က မဝေးသောနေရာမှ မြင်းပြိုင်ရာရုံကိုလှမ်းကြည့်ပြီး မသိမသာလေးစိတ်လှုပ်ရှားသွားခဲ့သည်။


မည်သည့်ယောကျ်ားလေးကမှ ချက်ချင်းလက်ငင်း မြင်းကိုဒုန်းဆိုင်းစီးတတ်ကြမည်မဟုတ်ပေ။ ရှောက်မင် မနေ့ကပြောပြထားပြီးနောက်ပိုင်း သူအနည်းငယ်စိတ်လှုပ်ရှားနေခဲ့လင့်ကစား ဆိုဖာမှချော်ကျပြီး သူ့လက်မှာဒဏ်ရာရမည့်အရေးမှရှောင်လိုက်နိုင်ခဲ့သည်။ နောက်ဆုံး၌ စနစ်မှပေးသည့် ဆုအသေးစားလေးကြောင့် ယုံကြည်ချက်အနည်းငယ်ခန့်ရလာခဲ့လေ၏။


ရှောက်မင်က သူ၏တက်ကြွနေသောပုံစံကိုမြင်တွေ့သွားခဲ့သည်။ မနေ့ကကဲ့သို့ ကြောက်ရွံ့နေခြင်းမျိုးမရှိတော့သဖြင့် သူ၏စိတ်အခြေအနေက တဒင်္ဂခန့် ရှုပ်ထွေးသွားခဲ့သည်။


သူက မနေ့ညကကဲ့သို့ ဝမ်းသာပီတိမှုမျိုးမခံစားရတော့သလို စိတ်တိုနေမိသည်။ ဆိုလိုသည်မှာ ကျူးထုန်မျက်လုံးထဲတွင်သူက မြင်းစီးရသည့်စိတ်လှုပ်ရှားမှုလောက်ပင် အရေးမပါနေခဲ့ပေ။


ရှောက်မင်မှာ အကူအညီမဲ့စွာပြုံးမိရင်းပြောလိုက်လေ၏။


 "သွားရအောင်၊ မြင်းသွားရွေးကြမယ်.."


ကျူးထုန်မျက်လုံးလေးများက တောက်ပသွားခဲ့သည်။ 


"အိုကေ.."


သုံးယောက်သား မြင်းဇောင်းရှိရာသို့ တည့်တည့်သွားလိုက်ကြသည်။


ပုံမှန်တွင် မြင်းထားသည့်နေရာက အလွန်အမင်းသန့်ရှင်းနေခြင်းမျိုးမရှိပေ။ ရှောက်မင်က ကျူးထုန်ကို အထဲအဝင်မခံဘဲပြောလိုက်လေ၏။ 


"ဒီမှာပဲစောင့်နေ၊ အထဲမှာသိပ်သန့်တာမဟုတ်ဘူး.."


ကျူးထုန်က တုံ့ခနဲရပ်သွားခဲ့သည်။


 "ရပါတယ်၊ ငါက.."


သူက ကြိုတင်ပြင်ဆင်လာကြောင်းပြောတော့မည့်အချိန်တွင် ရှောက်မင်ကထပ်ပြောလာခဲ့သည်။ 


"မင်းက မြင်းချီးတွေကို မကြိုက်ဘူးမလား.."


ကျူးထုန်: "...."


ယင်းက အမှန်ပင်။


ရှောက်မင်က နောက်တကြိမ်ပြုံးပြလေသည်။ 


"ဒီမှာပဲစောင့်နေ၊ ပြန်လာခဲ့မယ်.."


ကျူးထုန်မှာ "အိုကေ" ဟုသာ ပြောလိုက်နိုင်၏။


မြင်းဇောင်းထဲမှမြင်းများကိုရွေးချယ်ရာတွင် တာဝန်ယူထားသူမှာ သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်ပင်ဖြစ်လေ၏။ အရပ်ရှည်ရှည်နှင့်ကောင်လေးနှစ်ယောက်ဝင်လာသည့်အခါ သူက သူတို့အား နွေးနွေးထွေးထွေးနှုတ်ဆက်လာပြီး မြင်းရွေးချယ်ရာတွင်အကြံပေးနေလေသည်။


ရှောက်မင်က မော့ကြည့်ပြီး ထောင့်နားမှမြင်းအဖြူရှိရာသို့ စိတ်တိုင်းကျသွားသည့်မျက်နှာဖြင့်လျှောက်သွားလိုက်သည်။


လော့ရှိုးကမူ မြင်းရွေးရခက်နေရှာသည်။ ရှောက်မင်က ရွေးချယ်ပြီးသွားသည်ကိုမြင်သည့်အခါ သူ့ဘက်သို့မှီကိုင်းကာပြောလိုက်လေ၏။


 "မင်ကော၊ ကျူးထုန်အတွက်ရွေးပြီးပြီလား၊ မင်းကရော.."


ရှောက်မင်: "ငါကသူနဲ့တစ်ကောင်တည်းကိုပဲ အတူစီးမယ်.."


လော့ရှိုး: "......"


"မင်းက...သူနဲ့ တစ်ကောင်တည်းကိုပဲအတူစီးမှာ.."


ရှောက်မင်က သူ့ကို မျက်စိထောင့်မှကြည့်လာ၏။ 


"ဘာလို့လဲဆိုတော့ သူမြင်းမစီးတတ်လို့လေ၊ ဘာဖြစ်လို့လဲ.."


လော့ရှိုး: "ဘာမှမဟုတ်ပါဘူး.."

'မင်းပျော်နေရင် ပြီးတာပဲ'


ရှောက်မင်က ကျူးထုန်နှင့်အတူမြင်းတစ်ကောင်စီးပြီး လော့ရှိုးလည်းနောက်ပိုင်းမှ သူ့မြင်းနှင့်သူစီး၍ရသည်။


သတ်လတ်ပိုင်းအရွယ်ဦးလေးက "မြင်းတစ်ကောင်ကိုအတူမျှစီးကြသူ" အများအပြားအား မကြာခဏတွေ့ဖူးနေသည်မှာ သိသာနေ၏။ သူက ရှင်းလင်းပြတ်သားသောအသံဖြင့်ပြောလာပါသည်။ 


"ကောင်လေး၊ မင်းကကောင်မလေးနဲ့ အတူစီးချင်နေတာမလား၊ မင်းကတကယ်အရွေးတော်တာပဲ၊ ဒီမြင်းက ငါတို့မြင်ကွင်းမှာအလှဆုံးကောင်၊ မင်းကောင်မလေးက ကျိန်းသေသဘောကျမှာ.."


ရှောက်မင်: "....."


သူက မြင်းဇောင်းမှဦးလေးကိုကြည့်ကာပြောလိုက်၏။ 


"ကောင်မလေးမဟုတ်ဘူး၊ ကောင်လေး.."


မြင်းဇောင်းမှဦးလေး: "....."


ကောင်လေးနှစ်ယောက်က မြင်းတစ်ကောင်ကိုအတူစီးကြမယ်တဲ့လား။


ဦးလေးက ချက်ချင်းတုံ့ပြန်ပြောဆိုလာလေသည်။ 


"ကောင်လေးလား၊ အရေးမကြီးဘူး၊ ဒီမြင်းက ယောကျ်ားလေးတွေအတွက်လည်းသင့်တော်ပါတယ်၊ ငါတို့မြင်းတွေက လှရုံတင်မကဘူး၊ အပြေးကလည်းမြန်တယ်၊ လမ်းကြောင်းလည်းမှန်တယ်၊ ယောကျ်ားလေးတွေလည်းကြိုက်ကြတယ်လေ.."


ဤတခေါက်တော့ ရှောက်မင်ကမငြင်းပေ။ သူ့နှုတ်ခမ်းထောင့်လေးများက အသာလေးမြင့်တက်သွားခဲ့သည်။ 


"ဦးလေး၊ ဒါဆိုရင်တော့ မြင်းကိုထုတ်လာပေးဖို့ ဦးလေးကိုပဲအကူအညီတောင်းရတော့မှာပဲ.."


အမှန်တကယ်၌ သူဤမြင်းကိုရွေးခဲ့သည်က အပြင်ပန်းတွင်သန့်နေ၍ဖြစ်ပြီး ကျန်ကိစ္စကအရေးမကြီးချေ။


သို့ရာတွင် ဦးလေးက မြင်းကိုခေါ်ထုတ်လာပြီးသည့်အခါ မြင်းခြေထောက်နားမှ အမည်မသိ အဖြူရောင်အရာလေးကို မျက်မှောင်ကြုတ်ကာ ကြည့်မိလေ၏။ 


"ဒီမြင်းကို ဆေးကြောလို့ရလား.."


မြင်းဇောင်းမှဦးလေး: "...."


"မြင်းခြေထောက်ကိုရောဆေးလို့ရလား.."


ရှောက်မင်က ထပ်ဖြည့်ပြီးမေးလေ၏။ 


"မဟုတ်ဘူး၊ တကိုယ်လုံးသာ ဆေးကြောပေးပါ..."


အတူစီးရုံတင်မကသေးဘဲ ရေပါချိုးပေးရဦးမှာလား။


'ဒီမြင်းစီးသမားက ဘယ်လိုတောင်ဇီဇာကြောင်ရတာလဲ၊ လူချောလေးတွေက ဒီလိုလူမျိုးလည်းကြိုက်တာပဲလား'


ဦးလေးမှာ နားမလည်နိုင်တော့ပေ။


သို့သော် ပိုက်ဆံသာရမည်ဆိုပါက အဓိပ္ပါယ်မရှိသည့်အရာလည်းရှိလာမည်ပင်။


ဦးလေးက မြင်းကို ရေချိုးပေးရန်ခေါ်သွားလိုက်သည်။


တလျှောက်လုံးကြည့်နေခဲ့သောလော့ရှိုးမှာ တိတ်ဆိတ်မှုထဲတွင် နစ်မြုပ်သွားလေတော့၏။


မျက်စိရှေ့မှမြင်လိုက်သမျှတိုင်းကြောင့် သူတကယ်ကို မျက်လုံးကန်းသွားရပြီ။ ဒီအသေးစိတ်ကျပုံက တစ်ချက်လေးတောင် မလွဲသွားခဲ့ဘူး။ သခင်လေးကျူးက မင်ကောရဲ့ အခုလိုပုံစံကြောင့် ကြွေဆင်းသွားတာပဲဖြစ်ရမယ်။


သို့တစေ သခင်လေးကျူးက မသိရှာပေ။


ကျူးထုန်မှာမြင်းဇောင်းအပြင်တွင်စောင့်နေရင်း ပျင်းရိလာရလေ၏။ ယင်းအပြင် နေကလည်းပူလွန်းသောကြောင့် အေးရာအေးကြောင်းဆိုပြီး ဖုန်းပင်မကစားနိုင်ချေ။


သူ့ခမျာ မြင်းစီးကွင်းကိုသာကြည့်နေခဲ့ရသည်။ ရုတ်ချည်းပင် နားနေခန်းဧရိယာမှ အဖွဲ့တစ်ဖွဲ့ထွက်လာကြလေ၏။ သူက ပျင်းပျင်းနှင့်လှည့်ကြည့်မိပြီး လူတစ်ယောက်ကိုမြင်သည့်အခါ သူ့မျက်လုံးတို့က ရပ်တန့်သွားခဲ့သည်။


မြင်းစီးကွင်းမှနားနေခန်းဧရိယာအထိ ဖြတ်သွားကြသောလူတစ်စုအနက် လူတစ်ယောက်မှာကျန်သူများထက်တောက်ပနေလေ၏။ လကိုကြယ်များဝန်းရံထားသည့်နှယ်။ စကြဝဠာကြီးတစ်ခုလုံး မျက်စိရှေ့ကိုရောက်လာသလိုပင်။


"သခင်လေးယန်၊ ဒီလောက်ခေါင်တဲ့နေရာကိုသွားနေတုန်းက ဘာတွေတွေးနေခဲ့တာလဲ၊ ဒီမြင်းပြိုင်ကွင်းကသေးတယ်၊ မင်းငါ့ကိုပြောလိုက်လို့ရတာပဲ၊ မြင်းစီးတယ်ဆိုတာက မြက်ခင်းပြင်ကျယ်ကြီးထဲမှာဖြစ်သင့်တာ၊ အဲဒါမှ တကယ်ကိုသုခဘုံပဲ.."


"မင်းကဘာသိလို့လဲ၊ သခင်လေးရှောင်ယန်က အချစ်အတွက်ပေးဆပ်နေတာ၊ ဒီနေ့အထိ ဘယ်လိုလူမျိုးက သူ့မျက်လုံးထဲကိုဝင်လာမလဲဆိုတာ ငါလည်းမသိသေးဘူး.."


တစ်ယောက်က ရွံရှာသလို နှာရှုံ့လေသည်။ 


"ဒီလိုတောကျတဲ့နေရာမှာ ဘယ်လိုလူမျိုးကြိုက်မှာလဲ.."


လူစုက ကျူးထုန်ကို အလျှင်အမြန်ဖြတ်ကျော်သွားကြသည်။ သူဦးထုပ်ဆောင်းထား၍ဖြစ်လိမ့်မည်။ ရှားယန်က သူ့ကိုမမြင်သွားခဲ့ပေ။


ကျူးထုန်က အခြွေအရံများဖြင့် လျှောက်သွားသော "နှလုံးသားတွေကိုဖမ်းစားနိုင်သူ" လေးကိုကြည့်ကာ ခပ်တိုးတိုးရေရွတ်လိုက်မိလေ၏။ 


"ဘာလို့သူက အရမ်းတွေတောက်ပနေသလို ထင်ရတာလဲ.."


လူစုက ယခုလေးတင် နေရောင်အောက်မှဖြတ်ကျော်သွားကြသည်။ ရှားယန်မှာလည်း နေထက်ပင်ပို၍ မျက်စိကျိန်းစရာကောင်းနေ၏။


ထိုသူက ဘယ်နေရာရောက်ရောက် အလင်းစက်လေးလိုပင်၊ လူတိုင်းအာရုံစိုက်ရာ ဗဟိုချက်ဖြစ်နေခဲ့သည်။


'ရှားယန်က အရင်ကလည်းဒီလိုမျိုး တောက်ပနေတာလား၊ အခုတော့ ပိုပြီးတောင် မျက်စိကျိန်းစရာကောင်းလာပြီ'


ကျူးထုန်ကပြောပြီးသည့်နောက် ခဏမျှစောင့်နေခဲ့သည်။ စိတ်ထဲမှစနစ်က တုံ့ပြန်သံမလာသည့်အခါ နောက်တကြိမ်ထပ်မေးလိုက်၏။


 'စနစ်ရေ'


စနစ်က "နှလုံးသားတွေကိုဖမ်းစားနိုင်တဲ့သူ" ၊ ပြီးတော့ "လရောင်ဖြူ" လေးနဲ့ပတ်သက်တဲ့ မေးခွန်းဆိုရင် ဖြေရတာအရမ်းကြိုက်တယ်မလား။


စနစ်က အတန်ကြာသည်အထိအသံတိတ်နေပြီးမှ တုံ့ပြန်လာခဲ့သည်။


'ငါမနေ့က ကြယ်တာရာနက္ခတ်တွေသုံးပြီး မင်းရဲ့ကံကြမ္မာကိုစစ်ကြည့်ထားတယ်၊ တတ်နိုင်သမျှ လရောင်ဖြူလေးရဲ့နှစ်သက်မှုရာခိုင်နှုန်းကို မတွက်ချက်ဘူးဆိုရင် မင်းမကြာခင် မျက်နှာနီစရာကပ်ဘေးကြီးကိုကြုံရလိမ့်မယ်'


ကျူးထုန်: "....."


ကျူးထုန် တုံ့ပြန်လိုက်သည်။ 


"ငါမြင်တာကိုပဲမင်းမြင်တာမလား'


သူမနေ့က ကောင်းကင်ကိုမကြည့်မိပါဘူး။ နက္ခတ်တာရာအခြေအနေက ဘယ်ကဘယ်လိုပါလာတာလဲ။


"...."


စနစ်က ပြန်မဖြေပေ။


 'အတိုချုပ်ရရင်တော့ မြန်မြန်လေး တာဝန်ကိုဆက်လုပ်၊ လရောင်ဖြူလေးကိုအာရုံစိုက်၊ ကျန်တာကိုတော့ လေထဲမျောသွားတိမ်တွေလိုသဘောထားပေါ့'


ထိုအခါမှ ကျူးထုန် နှစ်သက်မှုပြဘားတန်းကိုကြည့်ရန် အမှတ်ရလိုက်သည်။


မနေ့က လေးဆယ့်ရှစ်ရာခိုင်နှုန်း၊ အခုတော့ လေးဆယ့်ကိုးရာခိုင်နှုန်း။


သူအံ့ဩသွားလေသည်။ ပါးစပ်မှပင်ထုတ်မေးလိုက်မိ၏။ 


"ဘယ်တုန်းကတက်သွားတာလဲ.."


ဘာလို့ တစ်ရာခိုင်နှုန်းလေးထပ်မတက်ရတာလဲ။ အခု ငါးဆယ် ရာခိုင်နှုန်းနားကပ်နေပြီလေ။


"ဘာကိုတက်ရမှာလဲ.."


စနစ်မှ အကြောင်းမပြန်ရသေးခင် သူ့ကျောဘက်မှအသံတစ်သံထွက်လာခဲ့သည်။


ကျူးထုန်လှည့်ကြည့်လိုက်၏။ သူ့အနောက်မှ ဦးထုပ်အဖြူရောင်နှင့်ကောင်လေးမှာ နေရောင်အောက်တွင် အလွန်တရာတောက်ပနေပြီး မျက်စိကျိန်းလောက်အောင်ချောမောနေလေသည်။


သူ့မျက်လုံးတို့ကတောက်ပသွားရကာ ရှောက်မင်၏ကျောကိုကျော်ပြီး သူ့အနောက်ကိုလှမ်းကြည့်လိုက်သည်။ သူကစိတ်လှုပ်ရှားမှုတို့ကို ဖုံးကွယ်ထားလိုက်ရ၏။ 


"မြင်းကဘယ်မှာလဲ.."


ရှောက်မင်: "...."


မြင်းကသူ့ထက်ပိုပြီး ကြည့်ကောင်းနေလို့လား။


သူ မရယ်ဘဲမနေနိုင်တော့ပေ။ ကျူးထုန်မျက်နှာကိုဖုံးနေသော ဦးထုပ်အား လက်မြှောက်၍ပင့်တင်ပေးလိုက်သည်။ 


"မြင်းကတော့ ခဏစောင့်ရဦးမယ်၊ သူ့အမွှေးတွေကိုဖြီးသင်နေတယ်၊ အခုထိ အကုန်လုံးမခြောက်သေးဘူး.."


ကျူးထုန်: "?"


ဖြီးသင်နေတယ်။


ဒီမြင်းပြိုင်ကွင်းက မြင်းတွေကို ရေချိုးဖြီးသင်ပေးတဲ့ဝန်ဆောင်မှုပါပေးတာလား။


ကျူးထုန်က ထပ်မေးလိုက်ပြန်သည်။ 


"ဒါဆိုမင်းကရော ဘာလို့ အခုထွက်လာတာလဲ.."


ရှောက်မင်: "မင်းပျင်းနေမှာစိုးလို့.."


ကျူးထုန်: "......"


သူ့နှလုံးသားထဲတွင် နွေးထွေးမှုတို့လွှမ်းခြုံသွားကာ ကျိတ်ပြုံးလိုက်မိသည်။


ခဏမျှစောင့်နေပြီးသည့်အခါ လော့ရှိုးနှင့်မြင်းဇောင်းမှဦးလေးက မြင်းနှစ်ကောင်ကိုဆွဲကာထွက်လာကြသည်။ တစ်ကောင်ကအဖြူရောင်ဖြစ်ပြီး နောက်တစ်ကောင်ကအညိုရောင်။


တစ်ချက်သာကြည့်ရသေးစဥ် ကျူးထုန်က မြင်းအဖြူကိုမျက်စိကျသွားပြီး ငေးမောနေလေသည်။


ရှောက်မင်က ဦးလေးလက်ထဲမှ မြင်းထိန်းကြိုးကိုယူကာ ကျူးထုန်ထံသွားလိုက်၏။ 


"ပြေးလမ်းမှာစီးမလား ဒါမှမဟုတ် ရုံထဲမှာပဲအေးအေးဆေးဆေးစီးမလား.."


စီးနိုင်သည့်နည်းလမ်းနှစ်မျိုးရှိသည်။ ပထမတစ်မျိုးက ပြေးလမ်းတွင်ဖြစ်ပြီး စီးသည့်အပတ်ရေအလျောက် ကျသင့်ငွေပေးရမည်။ ကျန်တစ်ခုက ရုံထဲတွင်အေးအေးလူလူစီးခြင်းဖြစ်ပြီး နာရီဖြင့်ပေးရလေသည်။


ကျူးထုန်က မြင်းပြိုင်ကွင်းကိုကြည့်ကာ လှည့်ကာမေးလိုက်သည်။ 


"ဘယ်တစ်ခုကို ပိုကြိုက်လဲ.."


ရှောက်မင်မပြောရသေးမီ လော့ရှိုးက ကာကွယ်ရေးကိရိယာများကိုအပြည့်တပ်နေလေပြီ။ သူမြင်းပေါ်တက်လိုက်ပြီးသည့်နောက် ရှောက်မင်ကို ခန့်ညားစွာဖြင့်ပြောပါ၏။ 


"မင်ကော၊ အရင်သွားနှင့်မယ်၊ မင်းတို့တွေစဥ်းစားနှင့်ကြဦး.."


ကျူးထုန်: "....."


သူတို့တကယ်ကို စဥ်းစားနေခဲ့ကြသည်။ ကာကွယ်ရေးကိရိယာများပင်မတပ်ရသေးပေ။


သို့ရာတွင် ရှောက်မင်ကကြိုးကိုဆွဲလာ၏။ မြင်းဘေးတွင်ရပ်ကာ သူ့အားကြည့်ပြီးပြောလိုက်လေသည်။ 


"မြင်းပေါ်တက်ပါသခင်လေး၊ ကျွန်တော်မျိုးက ကာကွယ်ရေးကိရိယာတပ်ဖို့ခေါ်သွားပေးပါ့မယ်.."



🤒