Chapter 71
Viewers 18k

🤒အခန်း ၇၁



"တောင်းပန်ပါတယ်ဆရာ၊ ဘဏ်ကတ်ကပိတ်ခံထားရလို့ အသုံးပြုလို့မရပါဘူး.."


ချင်ကျွင်းဟုန်: "...."


ဘဏ်ကတ်ကိုပိတ်ထားတယ်တဲ့လား၊ ဘယ်လိုဖြစ်တာလဲ။


ချင်ကျွင်းဟုန် မျက်မှောင်ကြုတ်ကာပြန်မေးလိုက်၏။ 


"မင်းမှားနေတာလား.."


ဧည့်ကြိုခုံမှလူငယ်လေးက ပြန်ဖြေလာသည်။ 


"မှားတာတော့မဖြစ်နိုင်ပါဘူး လူကြီးမင်း၊ ကျွန်တော့်ကိုမယုံရင် ကိုယ်တိုင်စစ်ကြည့်လိုက်ပါ.."


"....."



ဘားတွင် ဝင်လိုက်ထွက်လုပ်နှင့် ဧည့်ကြိုခုံမှဖြတ်သန်းသွားကြသူ အများအပြားရှိနေသည်။ ချင်ကျွင်းဟုန်က ယခုဘားကို မကြာခဏလာတတ်သည့်ဧည့်သည်ဖြစ်လေ၏။ မကြာခင်မှာပင် အချို့က သူ့အားမှတ်မိသွားကြသည်။ ဘဏ်ကတ်အပိတ်ခံထားရသည်ဟုကြားလိုက်ရသည့်အခါ လူတစ်ယောက်က သေချာကြည့်လာလေသည်။


 "ရို့ သခင်လေးချင်၊ ဘဏ်ကတ်ပိတ်ခံထားရတာလား၊ ဘယ်လိုဖြစ်တာလဲ၊ ခင်ဗျားဘာလုပ်လိုက်လို့လဲ..."


ထိုအမျိုးသားက တမင်တကာ အသံကိုမြှင့်ပြောလိုက်လေရာ ဘားထဲမှလူအများအပြားကသူ့အား လှမ်းကြည့်လာကြတော့သည်။


ချင်ကျွင်းဟုန်မျက်နှာမှာ အေးစက်သွားလေ၏။


သူ၏ဘဏ်ကတ်က ကျူးရှို့ရှန်းမှသူ့အမေကိုပေးထားသော အရံကတ်ပင်ဖြစ်ပြီး သူလည်း မကြာခဏအသုံးပြုလေ့ရှိသည်။ အသုံးစရိတ်က အလွန်အကျွံမဖြစ်သရွေ့ ကျူးရှို့ရှန်းက ဘယ်တော့မှမမေးပေ။


သူသုံးနေတာဒီလောက်ကြာပြီ ဘာမှမဖြစ်ခဲ့ပါဘူး။ ဘယ်လိုလုပ် ရုတ်တရက်ကြီးပိတ်သွားရတာလဲ။


သူ့အနားမှ ကဲ့ရဲ့နေသောအကြည့်တို့ကိုသည်းမခံနိုင်တော့လေရာ နောက်တစ်ကတ်ထုတ်လိုက်ပြီး ဧည့်ကြိုကောင်တာကို ဖြတ်ခိုင်းလိုက်သည်။ သူ့အားလှောင်ပြောင်လိုက်သူကိုလှည့်ကြည့်လိုက်သော်လည်း ခပ်မြန်မြန်ပင် အကြည့်လွှဲလိုက်ပြီး အနောက်ကိုလှည့်မကြည့်တော့ဘဲ ဘားမှထွက်လာခဲ့လေသည်။


အပြင်ထွက်လာပြီးသည့်အခါ ကျန်းဝမ်ကိုရှာရန် စိတ်မကူးမိတော့ဘဲ ချင်မန်ဝမ်ကိုသာ အလျင်စလိုဖြင့်ဖုန်းခေါ်လိုက်၏။


"အမေ၊ အမေ့ရဲ့ဘဏ်ကတ်က ဘယ်လိုဖြစ်ပြီးအပိတ်ခံထားရတာလဲ.."


ချင်မန်ဝမ်၏ ရေးကြီးသုတ်ပျာဖြစ်နေသည့်အသံမှာ ရှားသော်လည်း သူမ၏တုန်ယင်နေသောအသံကို ဖုန်းထဲမှတဆင့် ရှင်းရှင်းလင်းလင်းကြားနေရလေသည်။ 


"မင်းဦးလေးက ရှောင်းယန်စီရင်စုမှာ အိမ်ဝယ်လိုက်တယ်၊ ကျူးရှို့ရှန်းလည်းသိသွားပြီ.."


ချင်ကျွင်းဟုန်: "....."


သူတကယ် စိတ်တိုလာပြီ။


ထိုအိမ်ကိုဝယ်ထားသူမှာ သူ့အမေဖြစ်ပြီး အမည်ပေါက်က သူ့ဦးလေးဖြစ်သည်ကို သူသိထားသည်။ အရစ်ကျငွေကို ဘဏ်ကတ်ထဲမှတဆင့် လစဥ်ပေးချေနေခဲ့ရ၏။


အိမ်ကို လွန်ခဲ့သည့်လအနည်းငယ်ကဝယ်ထားခဲ့ခြင်းဖြစ်ပြီး သူတို့ အသေအချာလျို့ဝှက်ထားနိုင်ခဲ့သည်။ ကျူးရှို့ရှန်းက ဘယ်လိုလုပ်သိသွားရတာလဲ။


ကျူးရှို့ရှန်းရဲ့ သူ့အမေအပေါ်ကသံသယက ဒီအခြေအနေအထိရောက်သွားပြီလား။ သူတို့အကြောင်းကို သေချာစုံစမ်းနေပြီလား။


မဟုတ်ဘူး။ မဖြစ်သင့်ဘူး။


ကျူးရှို့ရှန်းသာ သူတို့ကို စေ့စေ့စပ်စပ်စုံစမ်းနေရင် ဘဏ်ကတ်ကိုပိတ်ရုံလောက်နှင့်ပြီးသွားမှာမဟုတ်ဘူး။


ဒါပေမဲ့ သူကိုယ်တိုင်စုံစမ်းတာမဟုတ်ရင် ဘယ်သူကသူ့ကိုပြောလိုက်တာလဲ။ 


သူတို့ တိတ်တိတ်လေးအိမ်ဝယ်ထားတာကို ဘယ်သူသိနေသေးတာလဲ။


_______



ကုန်းရွှေစီရင်စု၏ ဇိမ်ခံဟိုတယ်အခန်း၌ ကျူးရှင်းတစ်ယောက် ရေချိုးပြီးသည့်နောက် ရေချိုးခန်းထဲမှထွက်လာခဲ့သည်။ သူမလုပ်ခိုင်းထားသည့်အတိုင်း အားလုံးပြီးစီးသွားပြီဟူသော အကြောင်းပြန်ကြားချက်ရောက်လာခဲ့လေ၏။


သူမက စကားပြောသောစာမျက်နှာမှ တည်ငြိမ်သောအနေအထားဖြင့်ထွက်တော့မည်အပြုတွင် သူမအစ်ကိုထံမှ နောက်ထပ်မက်ဆေ့ချ်တစ်စောင်ရောက်လာခဲ့သည်။


<ကျူး> : ကောင်းသောညပါ။


ကျူးရှင်းက ချက်ချင်းပြုံးလိုက်ကာ တူညီသောမက်ဆေ့ချ်ကိုသာပြန်ပို့လိုက်သည်။


နောက်တနေ့ နံနက်စောစောတွင် ဦးလေးလျိုက အမြွှာနှစ်ယောက်ကို E မြို့သို့ခေါ်သွားခဲ့သည်။


သူတို့အဒေါ်က အစားအသောက်တို့ကိုပြင်ဆင်ထားပြီးဖြစ်ကာ သူတို့ရောက်လာမည့်အချိန်ကို တက်ကြွစွာဖြင့်စောင့်ဆိုင်းနေခဲ့၏။


အားလပ်ရက်ဖြစ်သောကြောင့် သူတို့၏ဝမ်းကွဲအစ်ကို ချန်ချန်းကလည်း အိမ်တွင်ရှိနေခဲ့သည်။


"ငါက တစ်ယောက်တည်းကိုပဲဖိတ်ရင် ကောင်းမှာမဟုတ်ဘူးလို့ထင်ခဲ့တာ၊ မင်းတို့အမြွှာနှစ်ယောက်လုံးရောက်လာကြတော့ ကောင်းလိုက်တာ၊ ရှောင်ရှင်းကလည်း ကလေးတုန်းကအတိုင်းပဲ၊ အရမ်းကိုတွယ်ကပ်နေတုန်း၊ သူ့အစ်ကိုမရှိဘဲမနေနိုင်ဖြစ်နေတုန်းပဲ.."


အဒေါ်ချန်မှာ ကျူးရှင်းလည်းပါလာသည်ကိုတွေ့ရသည့်အခါ အံ့ဩသွားသလို ဝမ်းသာသွားခဲ့ပြီး စားဖိုမှူးကို နောက်ထပ်ဟင်းလျာအချို့အား အပြေးအလွှားလုပ်ခိုင်းလိုက်သည်။


ကျူးရှင်းက နှစ်လိုဖွယ်ကောင်းစွာပြုံးပြလာ၏။ 


"ဒါပေါ့၊ ကျွန်မတို့ကအမြွှာတွေပဲကို.."


"ဒါပေါ့၊ ဟုတ်တာပေါ့၊ မင်းတို့နှစ်ယောက်လုံးက မင်းတို့အမေနဲ့တူလိုက်ကြတာ၊ အရွယ်ရောက်လာလေ၊ အကျင့်တွေတူလာလေပဲ.."


"အဒေါ်လည်း လှနေတယ်၊ ဒီနေ့အထိအရွယ်တင်တုန်းပဲ၊ အဲဒီတုန်းက ဦးလေးကို အဒေါ်ကအလွယ်လေး ဆွဲဆောင်နိုင်ခဲ့တာကို မအံ့ဩတော့ပါဘူး..."


ကျူးရှင်းက အပြောတတ်ပြီး သူမ၏မြှောက်ပင့်စကားတို့က ထပ်သွားခြင်းမျိုးမရှိတတ်ပေ။ သူမက အဒေါ်ချန်ကို အလွန်အမင်းပျော်သွားရအောင် အလွယ်တကူလုပ်နိုင်လေသည်။


ကျူးထုန်မှာ တနှစ်ပတ်လုံးဆေးရုံတက်နေခဲ့ရပြီး သူ၏လူသားဆက်ဆံမှုစွမ်းရည်မှာလည်း အလွန်ဆုံးမှ သင့်တင့်ရုံသာရှိပေသည်။ "လူမှုဆက်ဆံရေးနှင့်ကိုယ်ကျင့်သိက္ခာ" ဆိုသော စကားလုံးကိုပင် အချိန်အတန်ကြာသည်အထိ မရေးတတ်ခဲ့သောအခြေအနေမျိုးတွင်ရောက်နေခဲ့သည်။ သူ့မှာ အူတိအူကြောင်ဖြင့်သာကြည့်နေနိုင်တော့၏။ ရုတ်တရက် သူ့လက်ထဲမှဖုန်းကတုန်ခါလာခဲ့သည်။ ဖွင့်ကြည့်လိုက်လေရာ ရှောက်မင်ထံမှ WeChat မက်ဆေ့ချ်ဖြစ်နေခဲ့သည်။


အဆောက်အအုံပုံတစ်ပုံနှင့်စာတစ်ကြောင်း။


<ရှောက်> : ရောက်ပြီ။


လုကျစ်ယွီအလုပ်လုပ်နေသည့်နေရာက မြို့ထဲမှ သာမန်ဘားတစ်ဘားသာဖြစ်ပေ၏။ ထိုသူကကော်မရှင်ခယူကာ ဘားအတွက် သီချင်းစပ်ပေးနေခဲ့သည်။


ကျူးထုန်က ရှောက်မင်ပို့လိုက်သော ဆယ်လ်ဖီဓာတ်ပုံကိုကြည့်လိုက်သည်။


တောက်ပသောနီယွန်မီးရောင်အစက်အပြောက်များအောက်ရှိ ရှောက်မင်မျက်နှာပေါ်၌ မီးရောင်စုံမှအရိပ်တို့က အလွှာပေါင်းများစွာဖုံးအုပ်နေခဲ့သည်။ ယင်းက ထိုသူ၏ချောမောမှုကို အနည်းငယ်ပင်သက်ရောက်မှုမရှိသလို သူ့ကိုပင်စိတ်အားငယ်သွားစေခဲ့သည်။


ကျူးထုန်မှာ ဓာတ်ပုံကို အချိန်အကြာကြီးကြည့်နေမိပြီး စာပြန်ရန်ပင်မေ့နေခဲ့သည်။ မကြာမီ သူ့ဖုန်းက နှစ်ကြိမ်ခန့်တုန်ခါလာပြန်၏။


<ရှောက်> : ကိုယ်ချောလား။


ကျူးထုန်: ......


သူက မနေနိုင်တော့ဘဲပြုံးလိုက်မိကာ စာပြန်ရိုက်လိုက်သည်။


 [ချောတယ်]


ဗြုန်းစားကြီး သူ့ရှေ့တွင်အရိပ်တစ်ခုကျလာခဲ့ပြီး မော့ကြည့်လိုက်သည့်အခါ ဝမ်းကွဲအစ်ကိုနှင့် မျက်နှာချင်းဆိုင်လိုက်ရသည်။


"....."


"ဘယ်သူနဲ့ပြောနေတာလဲ၊ ပြုံးနေလိုက်တာများ မျက်စိတောင်ကျိန်းတယ်၊ မဟုတ်မှ...မင်းရဲ့နွေဦးရောက်လာပြီလား.."


ကျူးထုန်: "....."


ဘာကိုနွေဦးလဲ။ ဘာကိုမျက်လုံးကျိန်းရမှာလဲ။


သူပုံမှန်ပဲပြုံးနေတာပါ။


ချန်ချန့်၏စကားတို့က စကားပြောနေကြသောအမျိုးသမီးနှစ်ယောက်၏ အာရုံကိုဖမ်းစားလိုက်သည်။


အဒေါ်ချန်က ရုတ်တရက်ပြုံးကာပြောလာ၏။ 


"အိုး...ငါတို့ကျူးထုန်လေးရဲ့ နောက်ကျနေတဲ့အရွယ်ရောက်မှုလေးက နောက်ဆုံးတော့ရောက်လာပြီပေါ့ .."


သူမစကားက အဓိပ္ပါယ်ရှိပြီးမှန်ကန်နေသည်။ ကျူးထုန်၏ အရွယ်ရောက်ချိန်ကနောက်ကျနေခဲ့သည်။


ကျူးထုန်မှာ တဒင်္ဂခန့်ကြောင်အသွားကာ ရှင်းပြလိုက်လေ၏။ 


"မဟုတ်ပါဘူး၊ ကျွန်တော် သူငယ်ချင်းနဲ့စကားပြောနေရုံပါ.."


ချန်ချန့်က ဝင်နောက်သည်။


 "ရှောက်မင်နို့လက်ဖက်ရည်ဆိုင်ကသူငယ်ချင်းလား.."


ကျူးထုန်: "အင်း.."


ချန်ချန့်က ကောက်ကာငင်ကာဖြင့် "အိုး" ဟု သံရှည်စွဲကာတုံ့ပြန်လိုက်ပြီး ဆရာကြီးမျက်နှာဖြင့်ဆက်ပြောလာသည်။ 


"ကြည့်ရတာ မင်းသူငယ်ချင်းက တော်တော်လေးကိုထူးခြားတယ်ထင်တယ်.."


သူ့အနေနဲ့ "ဒီသူငယ်ချင်း" ဆိုသောစကားကိုကြားနေရသည်မှာ ပထမဆုံးမဟုတ်တော့ပေ။


"ထုန်ထုန်မှာ သူငယ်ချင်းရှိနေပြီလား.." 


အန်တီချန်က ဝမ်းသာနေသောအသံဖြင့်ဆိုလာခဲ့သည်။


 "ကောင်းတာပေါ့၊ အဒေါ့်ကိုပြောပြချင်ရင်လည်းရတယ်၊ များများအပြင်ထွက်လည်နော်၊ အဲဒီဝက်ကောင်ကျူးရှို့ရှန်းက မင်းကိုဆေးရုံမှာ နှစ်တွေအကြာကြီးပိတ်ထားခဲ့တာ၊ မင်းအဲဒီမှာနေမှတော့ ဘယ်လိုလုပ်လူတောတိုးတော့မလဲ၊ ကျန်းမာရေးကောင်းတဲ့လူတွေတောင် အဲဒီအတိုင်းနေရင်စိတ်ဆင်းရဲရတာ၊ မင်းဆိုမပြောနဲ့တော့၊ မင်းသာ အစောကြီးတည်းက အဒေါ်ပေးတဲ့အကြံအတိုင်း ကျောင်းပြောင်းခဲ့ရင် မင်းရဲ့ကျန်းမာရေးလည်းကောင်းသွားတာကြာပေါ့၊ အခုကြည့်၊ မင်းလည်းစိတ်ပျော်လာပြီ၊ မင်းအသားအရေလည်း ပိုကောင်းလာတယ်မလား..."


သူမက စက်သေနတ်ပစ်သလို တစ်ခွန်းပြီးတစ်ခွန်း အဆက်မပြတ်ကိုပြောနေခဲ့သည်။ ထို့နောက် ကျူးရှို့ရှန်းကိုပါဆဲလိုက်သေး၏။


ကျူးထုန်မှာတိတ်ဆိတ်နေပြီး ကျူးရှင်းက ရေနွေးပူပူကိုတစ်ငုံသောက်နေလေသည်။ သူမက မျက်လွှာချထားကာ ကျူးထုန်၏အတွေးတို့ကိုသိချင်နေမိသည်။


နောက်ဆုံး၌ ချန်ချန့်ကဝင်ပြောလာပါ၏။


 "အမေ၊ အမေက ကလေးရှေ့မှာ သူ့အဖေကိုဆဲတတ်တဲ့လူမျိုးလား၊ ကိုယ့်ကိုယ်ကိုယ်လည်းထိန်းပါဦးဗျာ.."


"ငါပြောတာမှားလို့လား.." 

အဒေါ် ချန်ကလည်း ခပ်ရိုင်းရိုင်းပင်ပြန်ပက်လာလေသည်။ 


"ကျူးရှို့ရှန်းက ထုန်ထုန့်ကိုဂရုစိုက်ခဲ့တာမဟုတ်ဘူး၊ လန်လန်ဆုံးသွားပြီးနှစ်နှစ်လည်းကြာရော နောက်အိမ်ထောင်ပြုဖို့ စိုင်းပြင်းနေခဲ့တာလေ၊ သူကဘာလုပ်ချင်နေတာလဲ၊ သူ့ရဲ့အငယ်အနှောင်းကို တရားဝင်ဇနီးလုပ်ဖို့ကြိုးစားနေခဲ့တာမဟုတ်ဘူးလား၊ ဒီလိုအဖေမျိုးက လောကကြီးထဲမှာရှိသေးတယ်လား.."


"....."


သူမဆိုလိုချင်သည့်အဓိပ္ပါယ်မှာ ရှင်းလင်းနေလေ၏။


ကျူးထုန်က သူ့အဒေါ်စကားကိုနားထောင်နေပြီး ရုတ်ချည်းပြုံးလိုက်မိသည်။


'သူက သူ့အပျော်မယားကို တရားဝင်ဇနီးလုပ်ဖို့ကြိုးစားနေခဲ့တာမဟုတ်ဘူးလား'


သူသိထားသလောက် ၎င်းက အမှန်မဟုတ်ပေ။ သို့ရာတွင် ချင်မန်ဝမ်ကိုလက်ထပ်ပြီးသည့်အခါ သူနေမကောင်းဖြစ်နေသည့်အတွင်း ဆွေမျိုးများက သူ့အားဂရုစိုက်ပေးကြရာ သူ့အဖေအနေဖြင့် ကိုယ်တိုင်လုပ်စရာမလိုပေ။ မိဘတစ်ယောက်အနေဖြင့် သူခွဲစိတ်ခန်းဝင်ရသည့်အခါ လက်မှတ်ထိုးပေးရန်လိုအပ်သော်ငြား ထိုသူက အလုပ်များနေသောကြောင့် ချင်မန်ဝမ်ကိုသာ ကိုယ်စားလက်မှတ်ထိုးခိုင်းခဲ့သည်။


သူ့အနေဖြင့် ဖခင်တစ်ယောက်၏ "တာဝန်" ကိုသာထမ်းဆောင်ရန်လိုအပ်ခဲ့သော်ငြား ထိုသူက ၎င်း "တာဝန်" မှပင် ခေါင်းရှောင်နေခဲ့သည်။


ကျူးထုန်က ခေါင်းငုံ့ကာ တစ်ယောက်တည်းရယ်လိုက်၏။


ကျူးရှင်းကမူ ဘေးမှကြည့်ရင်း စိတ်မချမ်းမသာဖြစ်နေရသည်။


ပြန်သည့်လမ်းတွင် အဒေါ်ဖြစ်သူပြောလိုက်သောစကားကြောင့် အမြွှာနှစ်ယောက်လုံးတိတ်ဆိတ်နေခဲ့ကြ၏။


စက်မှတဝေါဝေါအသံက စည်းချက်တကျထွက်ပေါ်နေပြီး နောက်ခံအသံပမာ လိုက်ဖက်ညီနေ၏။ ကျူးရှင်းကသာ အရင်စကားစလိုက်သည်။ 


"ကော နင်အခုတက်နေတဲ့ကျောင်းကိုကြိုက်လား.."


ကျူးထုန်က ပြန်မေးလေ၏။ 


"ဘာလို့မေးတာလဲ.."


ကျူးရှင်းက သူ့ကို တခဏမျှစိုက်ကြည့်နေပြီးနောက် ရုတ်ချည်းပြုံးလိုက်လေသည်။ 


"နင်သဘောကျရင် ဆိုလိုချင်တာက ကျောင်းကကောင်းတယ်ဆိုရင် ငါလည်းကျောင်းပြောင်းလာရင်ကောင်းမလားလို့၊ ဒါဆို ငါတို့လည်း...အ.."


သူမစကားမဆုံးသေးခင် သူမအစ်ကိုထံမှ မေတ္တာလက်ဆောင်ဖြင့်ခေါင်းခေါက်ခံလိုက်ရသည်။


ကျူးထုန်: "ဘာတွေစဥ်းစားနေတာလဲ၊ ဒီကိုဘာကိစ္စနဲ့လာပြီး ဒုက္ခခံမှာလဲ၊ ကျောင်းကောင်းမှာတက်နေတာကို.."


ကျူးရှင်းက သူ၏အငြင်းစကားကို သူ့မျက်နှာတည့်တည့်သို့ပြန်ပစ်ပေါက်လိုက်သည်။ 


"ဒါဆို နင်ကရော ဘာလို့ကောင်းတဲ့ကျောင်းကို မပြောင်းတာလဲ.."


ကျူးထုန်: "....."


သူက အသက်ရှင်ဖို့လာနေရတာလေ။


ကျူးထုန်က တဒင်္ဂခန့်နှုတ်ဆိတ်နေပြီးမှပြန်ဖြေလိုက်သည်။ 


"ငါက ဒီကိုစာလုပ်ဖို့လာတာလေ၊ ကြည့်၊ ငါဒီလစာမေးပွဲဖြေတာ ငါးရာ့ခုနစ်မှတ်တောင်ရတယ်၊ နင်ဒီတခေါက်စာမေးပွဲမှာ ဘယ်နှမှတ်ရခဲ့လဲ.."


ကျူးရှင်း: "....."


ကျောင်းစာတွင်ဖွတ်ချီးဖြစ်နေသောညီမလေးမှာ ယှဥ်ပြခံလိုက်ရသည့် အမှတ်တစ်သောင်းကြောင့် အကြီးအကျယ်စိတ်ဒုက္ခရောက်သွားတော့သည်။


ကျူးထုန်ကသူမကိုပြုံးပြလိုက်သည်။ 


"အနုပညာအတန်းကိုပဲ လိမ်လိမ်မာမာတတ်စမ်းပါ၊ ဒီလမ်းကြောင်းက နင်နဲ့မကိုက်ဘူး.."


ကျူးရှင်း: "...."


သူမမှာ ချက်ချင်းပါးစပ်ပိတ်လိုက်ရ၏။


ကျူးထုန်မှာ အနိုင်ရသွားသောကြောင့် နောက်တစ်ကြိမ်ပြုံးလိုက်မိပြန်သည်။


ကျူးရှင်းက အရှုံးပေးလိုက်သလိုဟန်ဆောင်နေသည့်တိုင် ကျူးထုန် ပြတင်းပေါက်ဘက်ကိုလှည့်သွားသည်နှင့် သူမလည်းပြုံးလိုက်မိတော့သည်။


_____


ကောင်လေးနှစ်ယောက်က သာမန်ဘားတစ်ခုထဲသို့လမ်းလျှောက်ဝင်သွားကြသည်။ ငြိမ့်ညောင်းသောဂီတသံစဥ်က ပျံ့လွင့်နေကာ ဆူညံမှုကင်းသောပတ်ဝန်းကျင်က လူတိုင်းကိုသက်သောင့်သက်သာဖြစ်စေသည်။


အခန်းထဲရှိလော့ရှိုးက ကျူးထုန် တစ်ယောက်ယောက်ကိုခေါ်လာနေသည်ဟုကြားလိုက်ရ၏။ သူက မျက်နှာပေါ်တွင် မျှော်လင့်စောင့်စားနေမှုတို့ကိုပြတ်ပြတ်သားသားဖော်ပြထားရင်း ရှောက်မင်ကိုပြောလိုက်လေ၏။ 


"ကျူးထုန်က တကယ်ကြီးသူ့ညီမလေးကိုခေါ်လာချင်တာလား၊ သူ့မှာ တကယ်ကိုညီမလေးရှိတာလား.."


ရှောက်မင်ကသူ့ကို ဂရုမစိုက်နေဘဲ ကျူးထုန်ကိုဖုန်းခေါ်ကာ ရောက်နေသည့်နေရာကိုမေးနေပြီး တံခါးမှာလည်းတွန်းဖွင့်ခံလိုက်ရသည်။


ခေါင်းတစ်လုံးက တံခါးဝမှ အထဲဘက်သို့ပြူကြည့်လာ၏။


ရှောက်မင် ခေါင်းမော့လိုက်သည်နှင့် တမဟုတ်ချင်း နှုတ်ခမ်းတို့တွန့်ကွေးသွားကာပြုံးလိုက်လေသည်။ 


"ဟယ်လို ဟမ်းစတားလေး.."


ပြူနေသောခေါင်းလေးက ဟမ်းစတားလေးနှင့်တူပြီး အလွန်တရာမှချစ်စရာကောင်းနေသည်။


ကျူးထုန်: "....."


အခန်းမမှားသည်မှာသေချာမှ သူကယုံကြည်ချက်အပြည့်ဖြင့် တံခါးကိုတွန်းဖွင့်ရင်းရှင်းပြလိုက်သည်။ 


"ငါနေရာမှားသွားမှာ စိုးရိမ်နေတာ.."


ထို့နောက် သူလှည့်ကြည့်လိုက်သည်။ 


"ရှောင်ရှင်း၊ ဝင်ခဲ့တော့..."


လော့ရှိုးက ကျူးထုန် တံခါးဝမှခေါင်းပြူလာသည်နှင့် တံခါးအပြင်ဘက်ကိုကြည့်နေခဲ့သည်။ သူက ကျူးထုန်အနောက်မှလိုက်ဝင်လာသူကိုမြင်လိုက်ရသည်နှင့် မှင်သက်သွားခဲ့၏။


ယနေ့ ကျူးရှင်းက အစိမ်းနုရောင်စကတ်ကိုဝတ်လာခဲ့ရာ တောက်ပငြိမ်သက်ပြီး တော်ဝင်ဆန်ကာမျက်စိအေးစရာဖြစ်နေ၏။


ကျူးထုန်က မနေ့ညကအတိုင်း စက်ရုပ်တစ်ရုပ်နှယ် မိတ်ဆက်ပေးလိုက်သည်။


လုကျစ်ယွီက ထုံးစံအတိုင်း အေးတိအေးစက်ဖြင့်ခေါင်းညိတ်ပြကာ ဟယ်လို ဟု ခပ်တိုးတိုးနှုတ်ဆက်လာသည်။


လော့ရှိုးကို မိတ်ဆက်ပေးသည့်အခါ လော့ရှိုးက ချက်ချင်းကျောမတ်လိုက်၏။ 


"ဟယ်လို ညီမလေး၊ အာ..မဟုတ်သေးပါဘူး..ကျူး..အာ.."


သူ့ခမျာ အထစ်ထစ်အငေါ့ငေါ့ဖြစ်နေကာ ဘယ်လိုခေါ်ရမည်မသိပေ။


ကျူးရှင်းကပြုံးလိုက်သည်။ 


"ရှောင်ရှင်းလို့ပဲခေါ်ပါ.."


လော့ရှိုး: "...."


အသံလွင်လွင်ဖြင့် မိန်းမလှလေးတစ်ယောက်၊ ပိုမိုချိုမြိန်သည့် အပြုံးလေးကိုပင်ပိုင်ထားသေးသည်။


မိတ်ဆက်ပြီး၍ ထိုင်ကြသည့်အခါ ကျူးထုန်က လော့ရှိုးခပ်တိုးတိုးပြောလာသည့်စကားကိုကြားလိုက်ရသည်။ 


"ကျူးထုန် မင်းရဲ့ညီမလေးက အရမ်းလှတာပဲနော်.."


ကျူးထုန်: "...."


သူက မျက်နှာချင်းဆိုင်တွင်ထိုင်နေသော ရှောင်ရှင်းကိုကြည့်လိုက်ကာ လော့ရှိုးကိုပြန်ကြည့်လိုက်သည်။ 


"ရှောင်ရှင်းနဲ့ငါက အမြွှာတွေလေ.."


လော့ရှိုးက "အာ" ဟုအသံပေးပြီးမှ ဆိုလာသည်။


"အင်း၊ သိတယ်လေ.."


"....."


အင်း၊ ဒါက အဖြောင့်ကောင်တွေရဲ့တုံ့ပြန်ပုံကို အတည်ပြုပေးလိုက်တာပဲ။


ထိုအခိုက် တိုးလျသောစကားသံက သူ့နားထဲသို့ရုတ်တရက်ဝင်လာခဲ့သည်။


 "စိတ်မကောင်းမဖြစ်သွားပါနဲ့၊ ကိုယ့်မျက်လုံးထဲမှာ မင်းက ပိုလှပါတယ်.."


ကျူးထုန်က ထိုသူကို မျက်လုံးအဝိုင်းသားဖြင့်ကြည့်လိုက်သည်။


ရှောက်မင်က ဖြူစင်သောအပြုံးလေးဖြင့်သူ့အား ပြန်ကြည့်လာသည်။


ကျူးထုန်: "....."


လော့ရှိုးက အဖြောင့်ကောင်များ၏ အလှအပစံနှုန်းအကြောင်း ပြောလာခဲ့ခြင်းဖြစ်သော်လည်း ရှောက်မင်၏စကားလုံးများကမူ...ကြောက်စရာကောင်းသည့်အရာ တစ်ခုခုကို သွယ်ဝိုက်ပြောနေခြင်းမဟုတ်ပါလား။


"မင်း..."


ရှောက်မင်: "ကိုယ်လား.."


အခန်းထဲတွင် ဆင်တစ်ကောင်ရောက်နေသလိုပင်။ အခြားသူများသိသည်ကို သူတို့နှစ်ယောက်လည်းသိသည်။ သူတို့နှစ်ယောက် အပြန်အလှန်အကြည့်မလွှဲဘဲရှိနေကြရင်းနောက်ဆုံး၌ သူတို့မှာ ကျူးရှင်းမှ သူတို့အားရှုပ်ထွေးနေသောအကြည့်ဖြင့်ကြည့်နေသည်ကို သတိပြုမိသွားရသည်။ သူမအကြည့်များက သူတို့နှစ်ဦးသား၏ အလိမ်အညာများကို သိမြင်နေသည့်ပုံပင်။


သူတို့ကသူမကိုပြန်ကြည့်လာသည့်အခါ ကျူးရှင်းမှာ ကြောင်အသွားကာ အသာလေးပြုံးပြလိုက်သည်။


ရှောက်မင်: "....."


သူ ပြန်ပြီးပြုံးပြလိုက်သင့်လား။


ဘာလို့ ဒီကောင်မလေးက မနေ့ညကထက်သူ့အပေါ် ပိုပြီးသဘောကောင်းလာသလိုခံစားနေရတာလဲ။


ကျူးရှင်းကလည်းအကြည့်လွှဲသွားကာ တံခါးဝကိုကြည့်လိုက်သည်။


 "ဒါနဲ့ ငါသောက်စရာသွားယူလိုက်ရမလား၊ နင်တို့ရော..."


"မလုပ်နဲ့.." 


လော့ရှိုးက ချက်ချင်းမတ်တပ်ထရပ်လိုက်သည်။ 

"မိန်းကလေးက ဘယ်လိုလုပ် အဲဒါမျိုးကိုသွားလုပ်မှာလဲ..ငါသွားလိုက်မယ်၊ ညီမလေး..မှားလို့ ရှောင်ရှင်း၊ ဘာသောက်ချင်လဲ.."


ကျူးရှင်းပြောတော့မည့်အချိန် အိတ်ထဲမှဖုန်းက ရုတ်ချည်းထမြည်လာခဲ့သည်။


သူမ ဖုန်းကိုထုတ်ကာ ခေါ်ဆိုသူအမည်ကိုကြည့်လိုက်၏။ သူမမျက်လုံးတို့က နက်မှောင်သွားခဲ့ကာ လှည့်ပြောလိုက်သည်။ 


"ကော၊ ငါဖုန်းသွားပြောလိုက်ဦးမယ်.."


"....."


သူမက ပြောပြီးသည်နှင့် သီးသန့်ခန်းအပြင်ဘက်သို့ တန်းပြီးထွက်သွားတော့သည်။


သီးသန့်စကားပြောနိုင်မည့် ထောင့်နေရာကိုရောက်မှ ကျူးရှင်း ဖုန်းဖြေလိုက်သည်။


"ဟေး..."


ဖုန်းထဲမှအမျိုးသမီးတစ်ယောက်က ပြန်ပြောလာ၏။


 "မမလေး၊ သခင်လေးချင် ဗီလာကနေနှင်ထုတ်ခံလိုက်ရပါပြီ.."


"...."


ကျူးရှင်းမျက်လုံးက မဆိုသလောက်ပြောင်းလဲသွားပြီး လက်ထဲမှဖုန်းကိုကျစ်နေအောင်ကိုင်ထားမိသည်။


သူမအစ်ကို ကျောင်းတွင်ပစ်မှတ်ထားခံနေရသည်ဟုသတင်းရသည်နှင့် ကျူးရှို့ရှန်းက ချင်ကျွင်းဟုန်ကို ရိုးရိုးတန်းတန်း ရိုက်နှက်ပြီးအော်ငေါက်ရုံသာလုပ်ခဲ့သည်။ သို့ရာတွင် ချင်ကျွင်းဟုန်က နောက်ကွယ်၌ အိမ်တစ်လုံးဝယ်ထားသည့်အကြောင်းသိလိုက်ရသည့်အခါ တန်းပြီးနှင်ထုတ်လိုက်သည်။ 


အမှန်ပင်။ ထိုသူက သူ့အပိုင်း ရင်းနှီးမြုပ်နှံမှုများကိုမထိသရွေ့ လှုပ်ရှားမည်မဟုတ်ပေ။


သူမက ချက်ကောင်းထိအောင်ထိုးနှက်လိုက်နိုင်ပြီထင်သည်။

_______


စာရေးသူမှာပြောစရာရှိပါတယ်။


ညီမလေးနဲ့လော့ရှိုးက CP မဟုတ်ပါဘူး။ လျှောက်ပြီး သင်္ဘောမစီးကြပါနဲ့။



🤒