Chapter 70
Viewers 18k

🤒အခန်း ၇၀



သူမ၏အစ်ကို ဧည့်ခန်းထဲပြန်ဝင်လာသည်ကို တွေ့လိုက်ရသည်နှင့် သူမကခေါင်းမော့ကာ လက်ညိုးထိုးပြလိုက်သည်။ 


"ကော၊ နင်နဲ့ရှောက်မင်ကောက အတော်လေးခင်ကြတာပဲ.."


သူမက သာမန်ထက်ရင်းနှီးသည့်ပုံစံဖြင့် "ရှောက်မင်ကော" ဟုခေါ်လိုက်သည့်အသံကိုကြားရသည့်အခါ ကျူးထုန်မှာ ကူရာမဲ့စွာဖြင့်တုံ့ပြန်လိုက်ရသည်။ 


"နင် သူ့ကို 'ကော' လို့ခေါ်ရအောင် သူ့အသက်ကဘယ်လောက်လဲဆိုတာ နင်သိလို့လား..."


ပြီးနောက် သူက ဆိုဖာတွင်ထိုင်ချလိုက်ပြီး ဆက်ပြောလိုက်လေ၏။ 


"အင်း၊ သူက ငါ့ကိုအတော်လေးဂရုစိုက်ပါတယ်.."


သူ၏နှုတ်ခမ်းထောင့်စွန်းလေးများက အသာကော့တက်သွားကာ စိတ်ထဲမှလာသော သဘာဝဆန်ဆန်အပြုံးတစ်ပွင့်က ပေါ်လာခဲ့သည်။


ကျူးရှင်းက သူ့အား တဒင်္ဂခန့်ငေးကြည့်နေပြီးသည့်နောက် မျက်လုံးထဲမှခံစားချက်တို့ကို မျက်လွှာချကာဖုံးကွယ်လိုက်ရင်း အချိုဓာတ်ပါသောနို့ကိုတစ်ငုံစုပ်သောက်လိုက်သည်။


မကြာခင်မှာပင် ရှောက်မင်က ကြက်သွန်မိတ်လေးများဖြူးထားပြီး နူးအိသည့်ကြက်ဥတစ်လုံးနှင့်ပုစွန်တို့ကို အပေါ်တွင်တင်ထားသော ခေါက်ဆွဲတစ်ပန်းကန်ဖြင့် မီးဖိုချောင်ထဲမှထွက်လာလေသည်။


"ချက်ပေးတာကျေးဇူးပါပဲ..." 

ကျူးထုန်က ဝမ်းမြောက်ဝမ်းသာဖြင့်လှမ်းယူလိုက်ပြီး တူကိုထုတ်ကာ မျှော်လင့်ချက်အပြည့်ဖြင့် ကျူးရှင်းကိုကမ်းပေးလိုက်သည်။

 "မြန်မြန် မြည်းကြည့်..."


"....."


ကျူးရှင်းမှာ အခြားသူများအပေါ်အေးတိအေးစက်ဆက်ဆံရာတွင် နာမည်ကြီးသည့်သူမအစ်ကိုက ချက်ပေးသူပင်စိတ်ရှည်နေသည့်အချိန် ခေါက်ဆွဲတစ်ခွက်အတွက် တက်ကြွနေ၍နားမလည်နိုင်တော့ချေ။


သူမက တူကိုလှုပ်ရှားရန်အလျင်မလိုဘဲ အရင်ဆုံး ရှောက်မင်ကိုပြုံးပြပြီးကျေးဇူးတင်လိုက်သည်။ 


"သူကျောင်းပြောင်းသွားပြီးနောက်ပိုင်း ကောက သူ့ကိုဂရစိုက်ပေးတယ်လို့ပြောတယ်၊ ရှောက်မင်ကောက သူငယ်ချင်းတွေအပေါ်ကို အရမ်းစိတ်ရင်းကောင်းတာပဲနော်..."


ကျူးထုန်: "......"


အရိုးခံအတိုင်းမေးလိုက်တာဆိုပေမဲ့ သေချာနားထောင်ကြည့်လိုက်တော့ ဘာလို့ ရွဲ့နေသလိုခံစားရတာလဲ။


ရှောက်မင်မှာ ထိုမိန်းကလေးကသူ့အပေါ် အထင်အမြင်အချို့ရှိနေသည်ကို သတိထားမိသည်။ သူမက အပြစ်ပြောစရာမတွေ့အောင်ယဥ်ကျေးပြနေသော်လည်း လုံးဝခင်မင်မှုမရှိပေ။


သူက ကျူးရှင်း၏စကားထဲမှ ဆူးများကိုလျစ်လျူရှုလိုက်သည်။ ထိုအစား ကျူးထုန်ကိုလှမ်းကြည့်ကာ အကျင့်ပါနေသည့်အတိုင်းပြုံးပြလိုက်၏။ 


"မဟုတ်ရပါဘူး၊ ငါက ငါ့အပေါ်ကောင်းပေးတဲ့သူမှ ပြန်ကောင်းပေးတာလေ..."


ကျူးရှင်း: "...."


ဒါက သူ့အစ်ကိုကမှ အရင်ဆုံးကောင်းပေးခဲ့တာလို့ စောင်းပြောလိုက်တာမဟုတ်ဘူးလား။


ကျူးရှင်းက ကျူးထုန်ကိုကြည့်သည်။ ရှောက်မင်ကမူ ခေါင်းငုံ့လိုက်၏။ သူ့မျက်လုံးထဲမှနူးညံ့နေမှုတို့က လျှံကျလာတော့မည်။


အဲဒီမျက်လုံးတွေက "သူငယ်ချင်း" တွေမှာပဲရှိတာပါလို့ ဘယ်လိုများပြောရဲရတာလဲ။


အက်ဆစ်ပူစီဖောင်းများက ကျူးရှင်းရင်ဘတ်ထဲမှ လျှံထွက်လာရန်တာစူနေလေပြီ။


ကျူးထုန်က ထိုသူပြောလိုက်သည့်စကားကြောင့် ရှက်နေမိသည်။ သူ့ဘက်မှဘာမှမလုပ်ပေးခဲ့သလိုထင်ရသည့်တိုင် ရှောက်မင်က သူ့ကို ပိုပြီးဂရုစိုက်ပေးခဲ့သည်။


သူပြောတော့မည့်အချိန်တွင် ကျူးရှင်းက ထပ်ပြောလိုက်သည်။


 "ဒါဆို ရှောက်မင်၊ နင်ကအရမ်းကြည့်ကောင်းပြီး ဟင်းချက်လည်းတော်တော့ ကောင်မလေးတော့ရှိမှာပေါ့ ဟုတ်တယ်မလား.."


ရှောက်မင်က ချက်ချင်းပြန်ဖြေသည်။ 


"မရှိပါဘူး..."


ကျူးထုန်မှာ ထိုမေးခွန်းကြောင့် ရုတ်တရက် နှိုးဆော်ခံလိုက်ရသည်။ 


"အထက်တန်းကျောင်းသားမှာ ဘယ်လိုကောင်မလေးမျိုးရှိမှာလဲ၊ ဘာတွေလျှောက်မေးနေတာလဲ၊ နင်ရော အချစ်နဲ့တွေ့ပြီးပြီလား၊ အချစ်ဦးနဲ့လက်ထပ်ချင်လို့လား.."


ကျူးရှင်း: "...."


ဤလူက အိုးကိုကြည့်ရင်း ပန်းကန်ထဲမှခပ်စားနေသလားဟု သူမမှာ သိချင်စိတ်ပေါ်လာလေသည်။


ဗြုန်းစားကြီး အစ်ကိုဖြစ်သူထံမှပစ်မှတ်ထားခံလိုက်ရ၍ ကျူးရှင်းက မတရားသလိုသရုပ်ဆောင်ပြတော့သည်။


 "ငါကဘာလို့အချစ်နဲ့တွေ့ရမှာလဲ၊ ရှောက်မင်က အခြားသူတွေကိုဂရုစိုက်ပေးတဲ့နေရာမှာ အရမ်းတော်တာပဲလို့ထင်မိရုံပါ၊ ကောင်မလေးမရှိတော့ နှမြောစရာကြီးလေ..."


"......"


ကျူးထုန်က နေရင်းထိုင်ရင်း သူမကိုထူးဆန်းသည့်အကြည့်ဖြင့်ကြည့်လာသည်။


ကျူးရှင်းမှာ သူ့ကြောင့် အူတိအူကြောင်ဖြစ်သွားပြီး မှင်သက်သွားလေ၏။ 


"ဘာဖြစ်လို့လဲ..."


ကျူးထုန်: "ဒီနေ့ ဘာလို့ လက်ဖက်စိမ်းစကားမျိုးပြောတာ အရမ်းများတာလဲ၊ နင်အဲဒီအပိုင်းမှာ တော်တော်လေးကျွမ်းကျင်နေပြီဆိုတာသေချာတယ်..."


ရှောက်မင်က နှုတ်ခမ်းတို့ကိုဖိလိုက်ပြီး ပြုံးစိစိနှင့် အသံထွက်မရယ်မိအောင်ထိန်းထားရသည်။


ကျူးရှင်း: "...."


မယုံနိုင်စရာပဲဟေ့။


'နင်ကငါ့ကို လက်ဖက်စိမ်းလို့မြင်တယ်၊ သူကနင့်ကို အပိုင်ကြံနေတာကျမမြင်ဘူး'


ကျူးရှင်းမှာ သဝန်တိုသည့်အဆင့်ကိုကျော်ပြီး အသည်းကွဲသည့်အဆင့်ကိုပင်ရောက်သွားလေ၏။


ကျူးထုန်က ရှောက်မင်ကိုလှည့်ပြောလိုက်ရသည်။ 


"သူက ခါတိုင်းဆို ဒီလိုမဟုတ်ဘူး၊ စိတ်ထဲမထားပါနဲ့..."


ရှောက်မင်က သဘောထားကြီးသည့်ပုံစံဖြင့် တုံ့ပြန်လိုက်သည်။ 


"အင်းပါ၊ ရပါတယ်.."


ကျူးရှင်း: "....."


သူမအစ်ကိုတွင် မျှော်လင့်ချက်မရှိတော့ပေ။


ကျူးရှင်းမှာ ဆက်ပြီးသည်းမခံနိုင်တော့ချေ။ ပါးစပ်ပိတ်ပြီး ပန်းကန်ထဲမှခေါက်ဆွဲများကိုသာစားလိုက်တော့သည်။


သူမ တခဏမျှ မှင်သက်သွားခဲ့သည်။


ကျူးထုန်နှင့်သူမက အမြွှာများဖြစ်ရန်ထိုက်တန်လှပါသည်။ သူချက်ချင်းနားလည်သွားတော့၏။ 


"ဘယ်လိုလဲ၊ အရသာကောင်းတယ်မလား..."


သူက ဂုဏ်ဆာနေသောအသံဖြင့်မေးလာခြင်းပါပေ။


ကျူးရှင်းက သူ့အားမျက်လွှာပင့်ကြည့်သည်။ သူမ၏ပင်ကိုယ်အသိစိတ်ဖြင့် "အရသာမရှိဘူး" ဟုမပြောနိုင်ချေ။ ထို့ကြောင့် မှင်သေသေဖြင့်ပင် ခေါင်းညိတ်ပြီးတုံ့ပြန်လိုက်သည်။


ပြီးနောက် သူမက ခေါက်ဆွဲတစ်ပန်းကန်လုံးကို အငမ်းမရစားခဲ့သည်။ အရည်ပင်မကျန်ခဲ့ပေ။


ထို့နောက် သူမက ခေါက်ဆွဲတပန်းကန်ဖြင့် လာဘ်ထိုးခံလိုက်ရသည့်နှယ် ဓားပါသည့်စကားမျိုးမပြောတော့ချေ။


ညစာစားပြီးသည့်အခါ ကျူးထုန်ကသူမကို အပြင်လိုက်ပို့ပေးလေသည်။


အပြင်မထွက်ခင် ကျူးထုန်က လှည့်လာပြီး အခန်းထဲမှရှောက်မင်ကိုပြောလိုက်၏။ 


"ပြန်လာခဲ့မယ်.."


ရှောက်မင်ကပြုံးကာ ခေါင်းညိတ်ပြလေသည်။ 


"အင်း..."


ကျူးရှင်း: "...."


ဒါက "တတိယလူအတွက်နေရာမရှိ" ဆိုတဲ့ ဒဏ္ဍာရီလေးပဲလား။


ကျူးရှင်းက ရှောက်မင်ကို နားလည်ရခက်နေသလိုကြည့်မိသည်။ သူ့ကိုကြည့်နေစဥ်မှာပင် တဖက်မှ သတိထားမိပုံရပြီး မျက်လွှာပင့်ကာ သူမကိုကြည့်လာသည်။


ကျူးရှင်းက မသိမသာတွန့်ဆုတ်သွားကာ ချက်ချင်းအကြည့်လွှဲလိုက်၏။


လမ်းဆုံမှ ကားရပ်နားသည့်နေရာရောက်သည့်အခါ ကျူးထုန်က မနက်ဖြန် အဒေါ်အိမ်တွင်ထမင်းသွားစားမည့်အကြောင်း ကျူးရှင်းကိုပြောပြလိုက်သည်။ သူစိုးရိမ်နေသည့်ကိစ္စကိုလည်း မေးလိုက်မိ၏။ 


"ဒီရက်ပိုင်း ချင်ကျွင်းဟုန် နင့်ကိုဆက်သွယ်လာသေးလား.."


ကျူးရှင်း: "ဟင့်အင်း၊ ဒီအတောအတွင်း ငါတို့မတွေ့ဖြစ်ကြဘူး.."


ကျူးထုန်က စိတ်အေးသွားသလိုသက်ပြင်းချသည်။ 


ကျူးရှင်းက ပြန်မေးလာ၏။ 


"ဘာဖြစ်လို့လဲ.."


ကျူးထုန်ကခေါင်းယမ်းကာ ပြန်ဖြေလိုက်သည်။ 


"ဘာမှမဟုတ်ပါဘူး၊ ငါသူနဲ့ စကားများထားလို့၊ လောလောဆယ် သူနဲ့မဆက်သွယ်နဲ့.."


"....."


'စကားများထားတယ်တဲ့လား' 


ကျူးရှင်းက နေရာတွင်ပင်ရပ်ပြီး တွေးနေမိသည်။ ထို့နောက် စကားနားထောင်သလိုခေါင်းညိတ်ပြလိုက်၏။ 


"ပြီးရော၊ ကော၊ အမြန်ပြန်တော့ မနက်ဖြန်မှတွေ့မယ်.."


ကျူးထုန်ကလည်း သူမကိုပြန်ပြီး ပြုံးပြလိုက်သည်။ "မနက်ဖြန်မှတွေ့မယ်..."


ပြတင်းမှန်က ဖြည်းဖြည်းချင်းအပေါ်တက်သွားပြီး ကျူးရှင်းက ကားထဲမှနေကာ အသာပြုံးပြနေလေသည်။


ချင်ကျွင်းဟုန်ကို သူမအဖေက "ပညာပေး" လိုက်

သည့်အကြောင်းကို သူမသိထား၏။ မိသားစုထဲမှ သူမနှင့်အဆင်ပြေသောအိမ်အစေခံတစ်ယောက်က သူမကိုပြောပြခဲ့ခြင်းပေ။ သို့ရာတွင် သတင်းပေးခဲ့သည့်အစေခံမှာ ထိုအချိန်က ဗီလာထဲတွင်မရှိနေ၍ သူမလည်း အကြောင်းအရင်းကိုမသိပေ။


ကျူးရှင်းအနေဖြင့် လုံးဝဂရုမစိုက်ပါချေ။ ဒါပေမဲ့ ဘာလို့ သူ့အစ်ကိုက ချင်ကျွင်းဟုန်နဲ့စကားများထားတဲ့အကြောင်းကို ကောက်ကာငင်ကာပြောလာတာလဲ။


ဦးလေးလျိုက ကားမောင်းနေရင်း သူမကို နောက်ကြည့်မှန်မှတဆင့်ကြည့်ရင်း မေးလိုက်၏။ 


"မမလေး၊ စိတ်ထဲ အလိုမကျတာများရှိနေလို့လား.."


ကျူးရှင်းက သူနှင့်မျက်လုံးချင်းဆုံသွားပြီး ပြန်ဖြေလိုက်သည်။


 "ဦးလေးလျို၊ ပြောပြလို့ရမလား.."


ဦးလေးလျိုက ယုံကြည်ချက်အပြည့်ဖြင့်ပြောလာ၏။ 


"မမလေး၊ စိတ်ပူစရာမလိုပါဘူး၊ ကျွန်တော် သခင်လေးရဲ့အခန်းဖော်ကို ကောင်းကောင်းဆက်ဆံပါတယ်၊ ဒါပေမဲ့ သခင်လေးကို ဒုက္ခရောက်အောင်လုပ်ဖို့ လုံးဝအခွင့်အရေးမပေးပါဘူး.."


ကျူးရှင်း: "...."


'ဦးလေးက သူတို့အခန်းဖော်ဖြစ်နေတာကို စိတ်ချထားတာလား'


သူမလည်း ဦးလေးလျို၏တာဝန်မဲ့မှုကြောင့်ဟု မထင်ပါချေ။ သူမပင်သိထားလျှင် သူမအဘိုးလည်း မုချသိနေလောက်ပြီး သူမစိတ်ပူနေသည့်ကိစ္စကို သူမအဘိုးလည်း မျက်ကွယ်ပြုထားမည်မဟုတ်ပေ။


ဦးလေးလျိုက သူမအစ်ကိုကိုစောင့်ရှောက်ပေးရန် အဘိုးခန့်ထားခဲ့သူဖြစ်သည်။ ဦးလေးလျို ငြိမ်နေသည်ကလည်း အဘိုးကညွှန်ကြားထား၍သာဖြစ်လိမ့်မည်။


သို့ဖြစ်၍ ကျူးရှင်းကလည်း ရှောက်မင် သူမအစ်ကိုကို တစ်ခုခုလုပ်မည့်အရေးအား မစိုးရိမ်နေတော့ပေ။ အစက ကြေကွဲနေခဲ့ရသည့်တိုင် ထိုလူကို ကျေးဇူးတင်မိသည်။ သူမအစ်ကိုတက်ကြွနေပုံကို မမြင်ခဲ့ရသည်မှာ အတန်ငယ်ကြာခဲ့ပြီ။


သူ အပြင်မထွက်ခင် ရှောက်မင်ကိုအသိပေးလိုက်ပုံက A မြို့ ကျူးမိသားစုဗီလာထဲတွင်ရှိနေချိန်ကထက် "အိမ်" ဟုပိုပြီးခံစားရစေသည်။


ကျူးရှင်းလည်း သူမစိတ်ထဲမှခံစားချက်ကိုမပြောတတ်တော့ပေ။


၎င်းမှာ မမြင်နိုင်သောဝမ်းနည်းမှုတို့ရောထွေးနေသော ပျော်ရွှင်ကြည်နူးမှုလေးသာ။


အချို့ပြောင်းလဲမှုများကို မမြင်ရသော်လည်း အချိန်ကျလျှင် ရောက်လာတတ်သည်။


ဥပမာဆိုရသော် သူမအစ်ကိုနှင့် မိသားစုကြားတွင် ခပ်တန်းတန်းဖြစ်နေခဲ့သည်မှာ အတော်အတန်ကြာခဲ့ပြီဖြစ်သည်။ အဖေနှင့်အစ်ကိုကြားမှ စကားပြောဆိုမှုမှာလည်း နည်းသထက်နည်းလာခဲ့သည်။ တစ်မိုးအောက်တွင်နေကြရင်း သူစိမ်းများဖြစ်လာခဲ့ကြသည်။ ကျူးထုန်က သူမချစ်သောသူမ၏အမြွှာအစ်ကို ကျူးထုန်ဖြစ်နေသော်လည်း တချိန်တည်းမှာပင် သူမသိထားသော "လူတစ်ယောက်တည်း" မဟုတ်တော့ပြန်ပေ။


ကျူးရှင်းမျက်လုံးတို့က နက်မှောင်သွားလေသည်။ 


"ဦးလေးလျို အဖေက ချင်သာ့ကောကို ဘာလို့ဆုံးမလိုက်တာလဲဆိုတာကိုသိလား.."


ဦးလေးလျိုက သူမမေးခွန်းကိုကြားပြီးအံ့အားသင့်သွားခဲ့သည်။


 "မမလေး သိထားပြီးသားမဟုတ်ဘူးလား.."


ကျူးရှင်းကခေါင်းခါပြသည်။ 


"မသိဘူး.."


"....."


ကျိုးဆွေ့ကိစ္စကို ဦးလေးလျိုကိုယ်တိုင် ဖြေရှင်းခဲ့သည်။ အကြောင်းအရင်းနှင့်နောက်ဆက်တွဲကို သူ့ထက်ပိုသိသူမရှိတော့ပေ။ ၎င်းကိုကြားပြီးပြီးချင်း သူမျက်မှောင်ကြုတ်လိုက်မိသည်။ 


"မမလေး ဒီလူအိုကြီးရဲ့ရိုင်းပြမှုကိုခွင့်လွှတ်ပါ၊ အဲဒီချင်မျိုးရိုးနဲ့ကလေးက တကယ်ကိုလူမဆန်..."


ဦးလေးလျိုက ပျစ်ပျစ်နှစ်နှစ်ဆဲရေးနေခဲ့သည်။ အနောက်ခုံတွင်ထိုင်နေသူက ခေါင်းငုံ့ထားပြီး လှပသောမျက်လုံးလေးများထဲမှ ကြက်သီးထဖွယ်အေးစက်မှုတို့ဖြာထွက်နေသည်ကို မမြင်ပေ။


ကျူးရှင်းကခေါင်းငုံ့ကာ မက်ဆေ့ချ်ပို့လိုက်လေ၏။


__________



A မြို့မှ အဆင့်မြင့်ဘားတစ်ခုတွင် ချင်ကျွင်းဟုန်က သူငယ်ချင်းအချို့နှင့်အရက်သောက်ရင်း သူ၏စိုးရိမ်စိတ်တို့ကိုဖြေသိမ့်နေရရှာလေသည်။


အမျိုးသားတစ်ယောက်က သူ့ပုခုံးကိုချိတ်ကာပြောလာခဲ့၏။ 


"သခင်လေးချင်၊ ဒီနေ့ အရမ်းဇွဲကောင်းနေတယ်နော်၊ အမျိုးသားနေ့လေ၊ ဘာလို့ ညီမလှလှလေးဆီပြန်ပြီး အဖော်မလုပ်ပေးရတာလဲ.."


ချင်ကျွင်းဟုန်က ဝိုင်ခွက်ကိုလှုပ်ယမ်းကာပြန်ဖြေလိုက်သည်။ 


"သူက ကုန်းရွှေစီရင်စုကိုသွားပြီး ကျူးထုန်ကိုသွားရှာတယ်လေ.."


"ဘယ်သူလို့ပြောလိုက်တာလဲ၊ ကျူးထုန်လား၊ သူအခုထိမသေသေးဘူးလား.."


ဘေးပတ်လည်ကတိတ်ဆိတ်သွားခဲ့ပြီး ပြောလိုက်သူက အနေခက်စွာဖြင့်ချောင်းဟန့်လိုက်သည်။ 


"သူဒီလောက်အကြာကြီး အသက်ရှည်လိမ့်မယ်လို့ငါလုံးဝမထင်ထားခဲ့ဘူး၊ ဒီလောက်ပါပဲ.."


ချင်ကျွင်းဟုန်က အံကြိတ်ရင်းတွေးလိုက်၏။

 'အင်း၊ သူရေပုံးကိုမကန်မိတာ တကယ်ကိုကံဆိုးတာပဲ'


သူ ကျူးမိသားစုကနေထွက်သွားတာက ကိစ္စမရှိပေမဲ့ ကျူးရှင်းကိုပါ အဝေးပို့လိုက်တယ်။


လက်ရှိတွင် ကျူးရှို့ရှန်းကသူ့ကိုသံသယဝင်နေသည်။ သူ့ကို ကုမ္ပဏီကိစ္စများတွင်ဝင်မပါခိုင်းတော့သလို ကျူးရှင်းကိုလည်း အဆက်အသွယ်မလုပ်ခိုင်းတော့ပေ။ ကျူးရှင်းက ကျောင်းပိတ်ရက်တွင်အိမ်ပြန်မလာလေရာ သူ့အနေဖြင့် သူမကိုတွေ့နိုင်မည့်အခွင့်အရေးမရဘဲဖြစ်သွားခဲ့သည်။


သူက ဒီပုံစံနဲ့ ကျူးရှို့ရှန်းဆီက အချစ်ခံရပြီး နေသွားရတော့မှာလား။


ချင်ကျွင်းဟုန် လက်ထဲမှ ဝိုင်ခွက်ကိုဖျစ်ညှစ်လိုက်ပြီး လက်ခုံပေါ်မှသွေးကြောတို့ပင်ကြွတက်လာလေ၏။


ဟင့်အင်း။ သူဒီတိုင်းတော့ထိုင်မနေနိုင်ဘူး။


ရုတ်တရက်ပင် ဘား၏အောက်ထပ်၌ လူစုလူဝေးကြီးဖြစ်လာခဲ့သည်။ စင်အမြင့်ပေါ်မှ အမျိုးသမီးတစ်ယောက်က လက်ထဲတွင်အရက်ခွက်ကိုကိုင်ရင်း လူချောလေးတစ်ယောက်နှင့်တွဲကနေလေသည်။


ချင်ကျွင်းဟုန် ဘေးမှလူကပြောလာခဲ့သည်။ 


"ကျန်းဝမ်ပဲဟ.."


"ကျန်းဝမ်ဆိုတာဘယ်သူလဲ.."


"မသိဘူးလား၊ ကျန်းမိသားစုကြီးက အကြီးဆုံးသမီးလေ၊ အလန်းဇယားနော်၊ ငယ်ငယ်လေးနဲ့ကျန်းအိမ်ရဲ့ ဦးစီးသူဖြစ်လာတာ၊ အမြဲတမ်းသူ့ဆီလာတဲ့သူတွကိုငြင်းပြီး သူဟာသူ 'သားကောင်" ရှာတဲ့သူမျိုး၊ ငါကြားတာတော့ မကြာသေးခင်က သူ့အဖေဆီကအဆူခံထားရလို့ ခဏရပ်နေရတယ်တဲ့၊ အခုတော့ ထပ်ပြီး 'ရိက္ခာ' လာရှာနေတာထင်တယ်.."


"အိုး၊ သူကကျန်ရစ်ဖြစ်သွားပြီကိုး၊ ကြည့်ရတာ ဒီက ဘယ်သူကမှ သူ့ကိုစိတ်မဝင်စားတော့ဘူးထင်တယ်.."


"....."


သူ့ဘေးတွင် ကျွတ်စီကျွတ်စီအသံများထွက်လာခဲ့သည်။ ချင်ကျွင်းဟုန်ကသူတို့ပြောနေကြသော အကြီးဆုံးအမျိုးသမီးကိုကြည့်လိုက်ပြီး ရုတ်တရက်ထကာ သူမထံလျှောက်သွားလိုက်သည်။


"ဟေး၊ သခင်လေးချင်၊ ရောက်ရောက်ချင်းကိုပြန်တော့မလို့လား.."


ချင်ကျွင်းဟုန်က ယဥ်ယဥ်ကျေးကျေးသာပြန်ငြင်းလိုက်သည်။ 


"ဒီညတော့ စောစောပြန်တော့မယ်၊ မင်းတို့ပဲပျော်နေကြတော့၊ သောက်ထားတာတွေအကုန်လုံးကိုငါရှင်းလိုက်မယ်.."


"သခင်လေးချင်က အရမ်းရက်ရောတာပဲ.."


"သခင်လေးချင် ဖြည်းဖြည်းသွားပါ.."


ချင်ကျွင်းဟုန် ခေါင်းညိတ်ပြပြီး ကျန်းဝမ်ထွက်သွားသည့်ဘက်ကို တချက်ကြည့်လိုက်သည်။ ထို့နောက် ငွေသွားရှင်းလိုက်သည်။


သူက ဘား၏ဧည့်ကြိုခုံကို ကတ်လှမ်းပေးလိုက်ပြီး ကတ်ဖြတ်ပြီးသည်နှင့်ထွက်သွားချင်သောကြောင့် ဆက်ပြီးရပ်နေလိုက်သည်။


ရလဒ်အနေနှင့် အရှေ့ခုံမှလူငယ်လေးက ကတ်ဖြတ်သည့်စက်တွင်ဖြတ်ကြည့်ပြီးနောက် တောင်းပန်စကားဆိုလာခဲ့သည်။


 "တောင်းပန်ပါတယ်ဆရာ၊ ဘဏ်ကတ်ကပိတ်ခံထားရလို့ အသုံးပြုလို့မရပါဘူး.."


ချင်ကျွင်းဟုန်: "...."


ဘဏ်ကတ်ကိုပိတ်ထားတယ်တဲ့လား၊ ဘယ်လိုဖြစ်တာလဲ။


ချင်ကျွင်းဟုန် မျက်မှောင်ကြုတ်ကာပြန်မေးလိုက်၏။ 


"မင်းမှားနေတာလား.."


ဧည့်ကြိုခုံမှလူငယ်လေးက ပြန်ဖြေလာသည်။ 


"မှားတာတော့မဖြစ်နိုင်ပါဘူး လူကြီးမင်း၊ ကျွန်တော့်ကိုမယုံရင် ကိုယ်တိုင်စစ်ကြည့်လိုက်ပါ.."


"....."



🤒