Chapter 69
Viewers 18k

🤒အခန်း ၆၉



A မြို့ ကျူးမိသားစု ဗီလာထဲတွင်ဖြစ်သည်။ 


အလုပ်များသောတစ်နေ့တာပြီးစီးသွားပြီးနောက် အိမ်ပြန်ရောက်မှ ကျူးရှို့ရှန်းမှာ ဖုန်းဖွင့်ပြီးသူ၏ကိုယ်ပိုင်အကောင့်ထဲမှ စာတိုတို့ကို ဖတ်ရလေသည်။ သူ ဖုန်းကိုဖွင့်လိုက်သည်နှင့် ဖုန်းနံပါတ်အစိမ်းတစ်ခုမှ မက်ဆေ့ချ်အမြောက်အမြား၀င်လာလေ၏။


သူက ခဏမျှတုံ့ဆိုင်းသွားကာ မက်ဆေ့ချ်ကိုဖွင့်ဖတ်လိုက်လေသည်။


ကြည်လင်ပြတ်သားနေသောဓာတ်ပုံများနှင့် ဓာတ်ပုံထဲမှ ရင်းနှီးနေသောမျက်နှာများကြောင့် ကျူးရှို့ရှန်းမှာ အလိုလိုမျက်မှောင်ကြုတ်မိသွားတော့သည်။


<အမည်မသိ ဖုန်းနံပါတ်> : ဦးလေးကျူးရဲ့သားက အရမ်းတက်ကြွနေတာပဲနော်။ သေမင်းတံခါး၀မှာမဟုတ်တော့ဘူးဆိုတော့ ပျော်နေပြီပေါ့။


သိသာထင်ရှားနေသော ခနဲ့တဲ့တဲ့စကားကြောင့် ကျူးရှို့ရှန်း၏မျက်ခုံးတို့က ပိုပြီးပင်ကျုံ့၀င်သွားလေသည်။ 


ဘာကို 'သေမင်းတံခါး၀မဟုတ်တော့တာ' လဲ။ ဘာကို 'ပျော်နေပြီ' လဲ။


ကျူးထုန်၏ချူချာမှုက A မြို့တွင် လျို့၀ှက်ချက်မဟုတ်သော်လည်း သူနေမကောင်းဖြစ်နေသည်ကို လူအချို့သာသိကြသည်။ ဒီလူကဘယ်သူလဲ။ ဘာသဘောနဲ့ သူ့ကို ဒီဓာတ်ပုံတွေပို့လိုက်ရတာလဲ။


သူ့ဘက်မှပြန်မေးလိုက်သော်လည်း တဖက်မှစာမပြန်လာတော့ပေ။


ကျူးရှို့ရှန်းဖုန်းခေါ်လိုက်လင့်ကစား တဖက်မှ ဖုန်းမကိုင်ပေ။


ထိုစဉ် သူပြန်ရောက်လာမှန်းသိသွားသော ချင်မန်၀မ်က ရုတ်တရက်အနားကပ်လာပြီးမေးလာလေ၏။ 


"ရှို့ရှန်း ဘာဖြစ်တာလဲ မျက်နှာလည်းမကောင်းဘူး"


ကျူးရှို့ရှန်းက သူမအသံကြားသည်နှင့် ဖုန်းကိုချက်ချင်းပိတ်ပြီး သူမကိုလှည့်ကြည့်သည်။ ထို့နောက် ဘာမှမပြောဘဲ အပေါ်ထပ်သို့တက်သွားလေသည်။


ထိုသူက သူမကို တမင်တကာ လျစ်လျူရှုသွားသည်ဖြစ်ရာ ချင်မန်၀မ်၏မူလက သိမ်မွေ့နေခဲ့သောမျက်နှာက ကွဲကြေလုနီးပါးဖြစ်သွားရသည်။ သူမမှာ အသက်ကိုခပ်ပြင်းပြင်းရှူလိုက်ကာ ရင်ဘတ်ထဲတွင် အနည်းငယ်လေးလံလာခဲ့လေသည်။


ချင်ကျွင်းဟုန်က ကျူးထုန်ကို "ဂရုစိုက်ပေး" သည့်အကြောင်းပေါ်သွားပြီးနောက်ပိုင်း ကျူးရှို့ရှန်းက သူမတို့သားအမိအပေါ် အေးတိအေးစက်ဖြစ်နေခဲ့သည်။ ၄င်းနောက်ပိုင်း ထိုသူက သူမကို စကားသိပ်မပြောတော့ပေ။


ကျူးရှို့ရှန်းက သူမတို့အပေါ် သံသယ၀င်နေမှန်း သူမသိနေသောကြောင့် ထိုသူအပေါ် လိုအပ်သည်ထက်ပိုကာ မချဉ်းကပ်ရဲတော့ပေ။ ကျူးရှင်းပြန်လာသည်အထိစောင့်ကာ သူတို့ကြားတွင်ပြန်ပြေလည်အောင်ညှိနှိုင်းပေးရန်တောင်းဆိုချင်ခဲ့သည်။ သို့ရာတွင် ကျူးရှင်းက အမျိုးသားနေ့အားလပ်ရက်တွင်ပင် ပြန်မလာဘဲနေလိမ့်မည်ဟု သူမလုံး၀မထင်ထားခဲ့ပေ။


ထိုသူကို နှစ်ပေါင်းများစွာစောင့်ရှောက်လာခဲ့သည့်တိုင် အဆုံးတွင်မူ သူမက မျက်လုံးဖြူ၀ံပုလွေဖြစ်နေခဲ့၏။။


ကျူးရှင်းစိတ်ထဲတွင် သူမ(ချင်မန်ဝမ်)က သူမ(ကျူးရှင်း)၏တွေ့ရခဲလှသောသူမအစ်ကိုနှင့် နှိုင်းယှဉ်မရဖြစ်နေဆဲပင်။


ချင်မန်၀မ်မှာ ၀န်တိုစိတ်များပြည့်နှက်လာသလို စိုးရိမ်စိတ်လည်း၀င်လာသည်။


ကျူးရှင်းကိုတောင်မှမယုံကြည်ရတော့ရင် နောက်ပိုင်း ကျူးမိသားစုထဲမှာ သူမဘယ်လိုလုပ်ရတော့မလဲ။


သူမမေးခွန်းကို မည်သူကမှဖြေနိုင်မည်မဟုတ်ပေ။ ထိုအချိန် အပေါ်ဘက်စာဖတ်ခန်းထဲတွင် ကျူးရှို့ရှန်းက အခန်းထဲသို့၀င်လိုက်ပြီးသည်နှင့် တံခါးကိုလော့ခ်ချလိုက်ပြီး ဓာတ်ပုံများကို အတန်ကြာအောင်ကြည့်နေလေသည်။ ပြီးနောက် screenshot ရိုက်ကာ လက်ထောက်ထံပို့ပေးလိုက်၏။


<ဒီဖုန်းနံပါတ်ပိုင်ရှင်နဲ့ ဓာတ်ပုံထဲကကောင်လေးကိုစုံစမ်းလာခဲ့>


ဒီလောက်ခေါင်တဲ့ကျောင်းမှာ ကျူးထုန်က ဘယ်လိုလူနဲ့သူငယ်ချင်းလုပ်နိုင်မှာလဲ။ သူတို့ကအရမ်းရင်းနှီးနေကြပြီလား။


ထိုသူက ကျူးထုန်၏ 'အသက်တိုမည့်အကြောင်း' ကို ရှင်းရှင်းလင်းလင်း သွယ်၀ိုက်ပြောသွားပုံအား တွေးမိပြီးနောက် ကျူးရှို့ရှန်း၏မျက်နှာမှာ ပိုပြီးပင်မည်းမှောင်သွားလေတော့သည်။


တချိန်တည်းမှာပင် ကုန်းရွှေစီရင်စုတွင်ဖြစ်သည်။


ငှားနေသောအိမ်အပြင်တွင် ရပ်နေသည့်မိန်းကလေးက ကျူးထုန်နှင့် ရှစ်ဆယ်ရာခိုင်နှုန်းခန့်တူညီသည်။ ဆံပင်အရှည်လေးနှင့် အဖြူရောင်ဂါ၀န်အပါးလေးက သူမ၏ရှည်သွယ်သောအရပ်နှင့်လိုက်ဖက်ညီနေ၏။ ညအချိန်လမ်းကြားလေးတွင်ရပ်နေ၍ သူမက အတန်ငယ်ထင်းထွက်နေလေ၏။


ကျူးထုန်မှာ ညဉ့်နက်မှ အိမ်ပြန်လာရပြီး ယခုလို "surprise" အကြီးစားနှင့်တွေ့ရလိမ့်မည်ဟု လုံး၀မထင်ထားခဲ့ပေ။ 


ရှောင်ရှင်းက ဘယ်လိုလုပ်ကုန်းရွှေစီရင်စုကိုရောက်လာရတာလဲ။


သူ့ခမျာ အနည်းငယ်တုံ့ဆိုင်းနေရင်း ရှေ့တိုးသွားလေသည်။ 


"နင် ဘယ်လိုလုပ်ပြီးဒီကိုရောက်လာတာလဲ.."


ရှောက်မင်ကလည်း စက်ဘီးတွန်းရင်းသူ့အနောက်မှလိုက်လာလေသည်။


ကျူးရှင်းက သူ့ကိုမြင်မြင်ချင်းနှုတ်ခမ်းထောင့်များက တွန့်ခနဲဖြစ်သွားသည်။ သူမအသံက ပိုပြီးပင် သနားစရာကောင်းလာသေး၏။


 "နင်က ကျောင်းပိတ်ရက်မှာတောင် ငါ့ကိုလာမတွေ့မှတော့ ငါကပဲနင့်ဆီလာရတာပေါ့၊ နင်ဘယ်တွေသွားနေတာလဲ၊ ဘာလို့ဒီလောက်နောက်ကျမှပြန်လာတာလဲ၊ ငါအပြင်မှာစောင့်နေတာကြာလှပြီ၊ ခဲပြီးသေတော့မယ်..."


သူမမှာ ပါးစပ်မှပြောရင်း အအေးမိမည်ကိုကြောက်သလိုမျိုး လက်မောင်းကိုလည်းပွတ်နေသေးသည်။


ကျူးထုန်အနောက်ကိုလှမ်းကြည့်လိုက်သည်။ အ၀တ်ထည့်သောလက်ဆွဲအိတ်နှင့်တူသည့် အရာမျိုးမတွေ့ရ၍ သူစိတ်အေးအေးဖြင့်မေးလိုက်သည်။ 


"နင်ဒီကို ရောက်နေတာ ဘယ်လောက်ကြာပြီလဲ..."


ကျူးရှင်း;: "နေ့လည်တည်းက..."


ကျူးထုန်: "ဘာလို့ငါ့ကိုဖုန်းမခေါ်တာလဲ..."


ကျူးရှင်း: "နင်က ငါ surprise တိုက်မှာကို မလိုချင်ဘူးလား..."


"....."


ကျူးထုန်က သူမကို ခံစားချက်မဲ့သောမျက်နှာဖြင့်ကြည့်ကာ ခဏရပ်နေပြီးမှ တုံ့ပြန်လိုက်၏။ 


"ဦးလေးလျိုက နင့်ကို အပြင်မှာ အအေးမိအောင်တော့ နေခိုင်းမှာမဟုတ်ဘူး..."


ရှောင်ရှင်းသာ ကုန်းရွှေစီရင်စုကိုလာချင်ပါက အဘိုးကို ဦးစွာပြောရမည်ဖြစ်သည်။ အဘိုးကခွင့်ပြုပေးလိုက်ပြီးသည်နှင့် သူမအားစောင့်ရှောက်ပေးရန် ထိုသူက ဉီးလေးလျိုကိုမှာလိမ့်မည်။ သူမအိမ်အပြင်တွင်စောင့်နေလျှင်ပင် ဦးလေးလျိုက သူမ ကုန်းရွှေစီရင်စုကိုရောက်သည်နှင့် ကျိန်းသေပေါက်လာကြိုမှာဖြစ်၏။


ဦးလေးလျိုသည်လည်း အငှားအိမ်တွင် နေထိုင်ခြင်းဖြစ်သည်။ သူမက ချမ်းအေးနေသောအိမ်အပြင်တွင်စောင့်နေသည်ကိုသိသည်နှင့် ထိုသူက အမြန်ရောက်လာပြီး လေနွေးပေးစက်ရသောအိမ်ထဲတွင်စောင့်နေရန် သူမကိုဖျောင်းဖျလိမ့်မည်။


သူပြန်မလာမှီ ဦးလေးလျိုကို WeChat မှတဆင့် စာပို့ခဲ့သည်။ ကျူးရှင်းက သူမကြာခင်ပြန်လာမည်ကိုသိနေ၍သာ အိမ်အပြင်မှတမင်စောင့်နေခြင်းဖြစ်လိမ့်မည်။


သို့ဖြစ်၍ သူမ၏သနားစရာပုံစံလေးနှင့် လေအေးထဲတွင်ခိုက်ခိုက်တုန်နေပုံက သရုပ်ဆောင်နေသည်မှာ တစ်ရာရာခိုင်နှုန်းသေချာနေ၏။


ကျူးရှင်းက ခဏမျှ သူမလက်မောင်းကိုပွတ်ပြီးတုန်ယင်နေရာမှ ရုတ်တရက်ရပ်သွားလေ၏။


 "ကော နင်ရော အေးနေလား၊ ငါ့အတွက် စိတ်မကောင်းဖြစ်စရာမလိုဘူးနော်၊ ငါ နင့်ဆီကနေ တစ်ခါလောက်အဆူခံရရင် လုံလောက်ပြီ..."


ကျူးထုန်: "နင်ကများ နင့်ရဲ့ဖြစ်ကတတ်ဆန်းလုပ်ရပ်အတွက် ငါ့ဆီကနေသနားခံချင်သေးတယ်၊ အဲဒါက အခုလိုဉာဏ်မရှိတဲ့လုပ်ရပ်ကို မြှောက်ပေးတာနဲ့မတူသွားဘူးလား၊ ညဘက်မှာဒီလောက်အေးနေတာတောင် နင်ကအင်္ကျီလက်တိုလေးနဲ့အပြင်မှာရပ်နေတယ်၊ အအေးမိသွားမှာမကြောက်ဘူးလား၊ ဘာလို့ကိုယ့်ကိုယ်ကိုယ်ဂရုမစိုက်နိုင်ရတာလဲ၊ ဒီအရွယ်ပဲရောက်နေပြီ..."


ကျူးရှင်းမှာ အနည်းငယ်မျက်လုံးပြူးသွားလေသည်။ 


"နင်ကများ ငါ့ကိုပြောရတယ်ရှိသေးတယ်၊ မှန်ထဲသွားပြီးနင့်ကိုယ်နင်ပြန်ကြည့်လိုက်၊ ဒီလောက်အေးစက်နေတဲ့ညမှာတောင် နင်ကမှ အ၀တ်ပါးပါးလေးနဲ့စက်ဘီးစီးလာတာ၊ ကိုယ့်ကိုယ်ကိုယ်ဂရုမစိုက်တာနင်လေ.."


သူမမှာ ပြန်ခံပက်လိုက်ပြီးမှ ရုတ်တရက်တစ်ခုခုကို သတိရသွားသည်။ ကျူးရှင်းမျက်နှာမှာလည်းပြောင်းသွားပြီး သူ့မျက်နှာကိုလာကိုင်၏။ 


"နင်အဆင်ပြေရဲ့လား၊ ဘယ်လိုလုပ်ဒီလောက်နောက်ကျတဲ့အထိ အပြင်မှာနေရတာလဲ၊ နင် အအေးတော့မမိလောက်ပါဘူးနော်၊ ဟုတ်တယ်မလား...."


သူမက ရုတ်တရက်လက်ဆန့်ထုတ်လိုက်၍ ကျူးထုန်မှာ တောင့်တင်းသွားခဲ့သည်။ သူမလက်ကိုဆွဲကာအောက်သို့ပြန်ချလိုက်ရင်း ကယ်ရာမဲ့စွာဖြင့်ပြန်ဖြေလိုက်သည်။ 


"ငါ အဲဒီလောက်မပျော့ပါဘူး..."


ကျူးရှင်းက သူ့ကိုစိုက်ကြည့်လာသည်။


သူကဘယ်လိုလုပ် ဒီလောက်ပျော့မှာလဲ။


ကျူးထုန်: "....."


ယခင်က လေတိုက်လျှင်ပင်လဲသွားမည့် ကိုယ်အကြောင်းရေးရေးမျှပြန်သတိရမိသည့်အခါ ကျူးထုန်တွင် မ "ပျော့" ပါဟုပြောရန် ယုံကြည်ချက်မရှိတော့ပေ။


သူ အသာပင် ချောင်းဟန့်လိုက်သည်။ 


"ရပါတယ် ငါ လေကာအင်္ကျီ၀တ်ထားတယ်၊ မအေးတော့ဘူး...."


ထို့နောက် သူက ကျူးရှင်း၏လက်မောင်းပေါ်နေသော လက်အလယ်အရှည်ရှိ ဇာဂါ၀န်လေးကိုကြည့်လိုက်သည်။


ကျူးရှင်းက တောင့်တင်းသွားကာ သူ့အားရန်တွေ့လာလေသည်။ 


"နင်ပဲ ကျောင်းပိတ်ရက်မှာ စာလုပ်ရမှာမလို့ အိမ်ပြန်မလာတော့ဘူးလို့ပြောခဲ့တယ်လေ၊ ငါနင့်ကို နေ့လည်တည်းကစောင့်နေတာ၊ နင်ကနောက်ကျမှပြန်လာတယ်၊ စာကျက်နေလို့လည်း မဟုတ်ဘူး၊ နင်ငါ့ကိုမချစ်ဘူး၊ အဲဒါကြောင့် ကျောင်းပိတ်ရက်မှာတောင် ပြန်လာပြီး ငါ့ကိုမတွေ့တာ..."


"...."


ကျူးထုန်မှာ သူပေးလိုက်သောဆင်‌ခြေက သူ့လုပ်ရပ်နှင့်ပင် ပြန်ပက်ခံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။


'ငါသိနေတယ်၊ လိမ်တာမကောင်းဘူး၊ အခုတော့ ငြင်းမရအောင်ဘယ်လိုဆင်ခြေမျိုးသွားပေးရမှာလဲ'


သူ့မှာ နေရခက်စွာဖြင့် ထပ်ပြီး ချောင်းဟန့်လိုက်မိသည်။


ကျူးရှင်းမှာ ချက်ချင်းပျာယာခတ်သွားခဲ့သည်။ 


"ဘာလို့ချောင်းထပ်ဆိုးနေပြန်တာလဲ၊ အအေးမိသွားပြီလား..."


ကျူးထုန်: "....."


'ငါ့ရဲ့ပျော့ဖတ်နေတဲ့ပုံစံက ရိုးတွင်းခြင်စီထဲတောင်စွဲနေပြီပေါ့လေ'


သူပြန်ရှင်းပြလိုက်သည်။


 "မဟုတ်ပါဘူး၊ ငါအအေးမိတာမဟုတ်ပါဘူး၊ မပူပါနဲ့...ငါစာသင်ချိန်အပိုယူနေရလို့ပါ၊ ဒီနေ့တစ်ရက်ပဲမတက်တာ၊ ငါလည်း အားလပ်ရက်လိုချင်သေးတယ်လေ..."


ထိုစကားမျိုးပြောရန်အတွက်မူ သူ့တွင် သတ္တိအပြည့်ရှိသည်။ အကြောင်းမှာ ကုန်းရွှေအမှတ် ၁ အလယ်တန်းကျောင်းတွင် သူ့လောက်စာလုပ်ရသည်ကို နှစ်သက်သူမရှိသောကြောင့်ပင်။


"နင်ငါ့ကို မယုံရင် မေး...." 


သူကသူ့ရဲ့လိမ်ဆင်ကို လိုက်ထောက်ခံပေးမည့်လူအား အမြန်ရှာဖွေရန် အလိုအလျောက်လှည့်ကြည့်လိုက်သည်။ ထို့နောက် သူ့အနောက်တွင်ရှောက်မင်ကိုတွေ့လိုက်ရပြီး ကြောင်အသွားရလေတော့၏။


သူတစ်ခုခုကိုမေ့နေမိသလိုပင်။


သူ ရှောက်မင်နှင့် ညီမလေးကိုအခုထိ မမိတ်ဆက်ပေးရသေးပေ။


သူကရှောက်မင်ကို အကြာကြီး ဒီတိုင်းပစ်ထားလိုက်မိတာလား။


ကျူးရှင်းကလည်း ကျူးထုန်အနောက်မှလူကို အခုမှသတိထားမိသွားပုံရပြီး လိုက်ကြည့်လာသည်။ သူမအမူအရာမှာ မပြောင်းလဲသော်လည်း မျက်လုံးတို့ကမူ မည်းမှောင်သွားလေ၏။


လမ်းမီးတိုင်အောက်တွင်ရပ်နေသောကောင်လေးမှာ မည်းမှောင်နက်ရှိုင်းသောမျက်လုံးတစ်စုံရှိသည်။မေးရိုးကထောင့်ကျကာ တင်းမာနေသော်လည်း အသာအယာကော့တက်နေသောနှုတ်ခမ်းထောင့်စွန်းလေးများကြောင့် မျက်နှာထက်မှ အေးစက်မှုကလျော့ကျသွားပြီး ယောကျ်ားဆန်ဆန်ခန့်ညားမှုကို တပိုင်းတစတွေ့နိုင်လေ၏။


ထိုသူမှာ သူမအစ်ကိုဓာတ်ပုံပို့တိုင်း ပါလာနေကျ ရှောက်မင်ဆိုသူပင်။


ကျူးထုန်မှာ ယခုလိုအခြေအနေမျိုးကိုမကျွမ်းကျင်သောကြောင့် ခြောက်ကပ်ကပ်ဖြင့်သာမိတ်ဆက်လိုက်ရသည်။ 


"ဒါက ငါ့ညီမကျူးရှင်း ငါမင်းကို အရင်ကပြောဖူးပါတယ်၊ ရှောင်ရှင်း ဒါက ရှောက်မင်တဲ့၊ ငါ့ရဲ့အတန်းဖော်လည်းဟုတ်တယ်၊ ထိုင်ခုံဖော်လည်းဟုတ်တယ်..."


ရှောက်မင်က ပြုံးပြပြီးနှုတ်ဆက်လိုက်သည်။ 


"ဟယ်လို..."


ကျူးရှင်းကလည်း သူ့အား ခဏကြာသည်အထိကြည့်နေပြီးနောက်မှ ပြန်ပြုံးပြလိုက်သည်။ 


"ဟယ်လို ရှောက်မင်ကော..."


သူမက ပြုံးနေသော်လည်း ရှောက်မင်ကိုကြည့်သောအကြည့်က မသိရသေးသောအရာတစ်ခုကို စေ့စေ့ပေါက်ပေါက်လေ့လာနေသလိုပင်။


ရှောက်မင်ကလည်း ပုံမှန်အတိုင်းပင် သူမကသူ့အားကြည့်နေသည်ကို ခွင့်ပြုပေးထားလိုက်သည်။


ကျူးထုန်မှာ သူတို့နှစ်ယောက်ကြားမှ အလွန်တရာထူးဆန်းနေသောလေထုကိုခံစားမိသည်။ 


သူ့မှာ နှစ်ယောက်ကို တလှည့်စီကြည့်ပြီး နောက်ဆုံး ရှောက်မင်ကိုကြည့်ကာပြောလိုက်သည်။ 


"အထဲ၀င်ပြီးစကားပြောရအောင်..."


သူတို့နှစ်ယောက်အပြင်တွင်ရပ်နေကြသည်မှာ အချိန်အတန်ကြာပြီဖြစ်လေရာ အအေးမိကြတော့မည်။


ရှောက်မင်က ချက်ချင်းပင် ခေါင်းညိတ်ပြပြီး တုံ့ပြန်လိုက်သည်။ 


"အိုကေ..."


ပြောပြောဆိုဆိုပင် သူက အကျင်ပါနေသည့်အတိုင်း လက်ဆန့်လိုက်သည်။ တစ်ဖက်က ‌စက်ဘီးကိုကိုင်ကာ ကျန်တစ်ဖက်က ကျူးထုန်၏ပုခုံးကိုကိုင်လိုက်သည်။


သူ၏သဘာ၀ကျသော အပြုအမူကြောင့် ကျူးရှင်းမှာ မျက်လုံးပြူးသွားလေသည်။


ကျူးထုန်မှာ လုံး၀သတိမထားမိသေးဘဲ ကျူးရှင်းကိုခေါ်လိုက်သည်။ 


"ကျူးရှင်း သွားကြမယ်..."


ကျူးရှင်းက ချက်ချင်းပင်သတိပြန်၀င်လာပြီး တုံ့ပြန်လိုက်သည်။ 


"အင်းပါ..."


ထို့နောက် တဖက်လှည့်လိုက်သည့်အခါ သူမမျက်လုံးတို့က မည်းမှောင်နေလေသည်။


သူ့အစ်ကိုက ဘယ်အချိန်တည်းက ဒီလိုမျိုး သတိမထားတော့တာလဲ။


သူမတို့နှစ်ယောက်က ခွဲခွာနေခဲ့ရသည်မှာ ကြပြီဖြစ်သော အမြွှာများဖြစ်ပြီး သူမလိုချင်သည့် ပြန်လည်ဆုံစည်းခြင်းမျိုးကိုလည်း အခုထိမရသေးပေ။ ကျူးရှင်းမှာ အက်ဆစ်အပြည့်ရှိသောပူဖောင်းများက နှလုံးထဲမှပေါက်ထွက်လာတော့မလိုပင်ခံစားနေရလေသည်။


ခြံ၀န်းထဲ၀င်သည့်အခါ ရှောက်မင်က စက်ဘီးကိုသွားရပ်ပြီး ကျူးထုန်နှင့် ဦးလေးလျိုက စကားပြောရင်း ကျူးရှင်းကိုသူတို့နှင့်အတူ ခေါ်သွားလိုက်ကြသည်။


ကျူးထုန်နှင့်ရှောက်မင်တို့က အတူနေကြသည်ဖြစ်ရာ ဧည့်ခန်းမှာ ရှင်းလင်းသပ်ရပ်နေ၏။ မည်သည့်ရှုထောင့်မှကြည့်ပါစေ၊ အရာအားလုံးက ဖုန်တစ်စပင်မရှိပါချေ။


ကျူးရှင်းက အခန်းထဲကို၀င်လိုက်သည်နှင့် "ရင်းနှီးနေသောစတိုင်" ကြောင့် ရှော့ခ်ရသွားတော့သည်။ 


"ကော နင်တကယ်ကြီး ရှင်းထားတာပဲ..."


ကျူးထုန်: "ငါမဟုတ်ဘူး ဧည့်ခန်းကို ရှောက်မင် ရှင်းထားတာ..."


အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ယောက်လုံးက အလွန်အမင်း အသန့်ကြိုက်ကြသောကြောင့်ပင်။ 


ကျူးရှင်း: "....."


အက်ဆစ်ပူစီဖောင်းတစ်ဆ။


ကျူးရှင်းက ရေခဲသေတ္တာကိုသွားပြီး သူမကိုမေးလေသည်။ 


"ဘာသောက်ချင်လဲ..."


ကျူးထုန်က သူမအစ်ကိုအကြောင်းကိုကောင်းကောင်းသိသည်။ သူ့‌ရေခဲသေတ္တာထဲတွင် ရနိုင်သည့်သောက်စရာဟူ၍ နို့နှင့်ရေသာရှိလိမ့်မည်။


ကျူးထုန်က နောက်တစ်ခါထပ်မေးပြန်သည်။ 


"တကယ်မသောက်တော့ဘူးလား၊ အချိုဓာတ်ပါတဲ့နွားနို့လည်းရှိတယ်၊ အားဖြည့်အချိုရည်တွေလည်းရှိတယ်၊ ကိုလာနဲ့စပါကလင်လည်းရှိတယ်၊ ရှောက်မင်က အအေးတွေအများကြီးထည့်ထားတာ၊ အကုန်လုံးသောက်လို့ကောင်းတယ်..."


ကျူးရှင်း: "...."


အက်ဆစ်ပူစီဖောင်းနှစ်ဆ။


ကျူးထုန်၏ 'အမြင့်ဆုံးမှတ်ချက်' ပေးနေသောအကြည့်ကိုကြည့်ပြီး ကျူးရှင်းက ခဏစဉ်းစားနေပြီးမှ ဖြေလိုက်၏။


 "ဒါဆို အချိုဓာတ်ပါတဲ့နွားနို့ပဲပေးတော့..."


ကျူးထုန်က အမြန်ပင်နွားနို့ကိုယူလိုက်ပြီး သူမအားကမ်းပေးကာ မေးလိုက်သည်။ 


"ညစာရော စားပြီးပြီလား..."


ကျူးရှင်းက ခေါင်းယမ်းပြသည်။ 


"ဟင့်အင်း နင်ပြန်လာမှအတူစားမယ်ဆိုပြီး လုပ်ထားတာ..."


"....."


ကျူးထုန်က သူမကို ငုံ့ကြည့်လိုက်သည်။ 


ကျူးရှင်းက ထိုသူကို တစ်ချက်ကြည့်ရုံဖြင့် သူမက ရောက်ရောက်ချင်း သူ့အားဖုန်းမခေါ်ခဲ့၍ ဆူတော့မည်မှန်းသိလိုက်သည်။ သူမက ချက်ချင်း ဆင်ခြေပေးလိုက်၏။


 "ရပါတယ်၊ ဟိုတယ်ပြန်ရောက်မှ ဦးလေးလျိုကိုချက်ခိုင်းလိုက်မယ်၊ ငါက ငါ့ကိုယ်ငါတော့ အငတ်မခံပါဘူး..."


ကျူးထုန်က ချက်ချင်းမျက်မှောင်ကြုတ်လိုက်သည်။ 


"သိတယ်လေ၊ ဒါပေမဲ့ နင်အခုထိ ထမင်းမစားရသေးဘူးမလား၊ ငါနင့်ကို အပြင်မှာလိုက်ကျွေးမယ်..."


ကျူးရှင်း: "မလိုတော့ပါဘူး၊ နောက်ကျနေပြီ..."


ကျူးထုန်က မျက်မှောင်တင်းတင်းကြုတ်သည်။ ထို့နောက် ရေခဲသေတ္တာဘက်သို့လှမ်းကြည့်ပြီး ပြောလိုက်သည်။ 


"ဒါမှမဟုတ် ဒီမှာပဲ တစ်ခုခုချက်စားကြမလား.."


ကျူးရှင်းက ဦးလေးလျိုကိုချက်ခိုင်းမည်ဟု ထင်လိုက်ပြီး ခေါင်းညိတ်ပြလေသည်။ 


"ချက်မယ်လေ ဘာရှိလဲ.."


ကျူးထုန် ရေခဲသေတ္တာထဲထဲမှပစ္စည်းများကိုကြည့်ကာ တိတ်ဆိတ်သွားလေသည်။


"ခေါက်ဆွဲတော့ရှိတယ်၊ စားချင်လား..."


ကျူးရှင်း: "....."


လေဒီကျူးနေဖြင့် ယခုလိုရိုးရှင်းသော စားစရာမျိုးစားလေ့မရှိပေ။ မျက်စိရှေ့မှခေါက်ဆွဲကိုပင် အမျိုးအစားခွဲတတ်သေးသည်။


သို့ရာတွင် သူမက အားနာရကောင်းမှန်းသိသေး၍ ခေါင်းညိတ်လိုက်၏။ 


"ရပါတယ် ငါက အစားမရွေးပါဘူး..."


"..."


ကျူးထုန်က ဧည့်သည်ကို ပိုက်ဆံမရှိသော ဆင်းရဲသားလေးနှယ် သရုပ်ဆောင်ပြပြီး တွန့်ဆုတ်ဆုတ်ဖြင့်ပြောလိုက်၏။ 


"တကယ်တော့ ခေါက်ဆွဲကကောင်းပါတယ်၊ ရှောက်မင်က ငါ့ကို အရင်တခါက ကြက်ဉခေါက်ဆွဲလုပ်ကျွေးတယ်၊ စားလို့ကောင်းတယ်..."


ကျူးရှင်း: "....."


အက်ဆစ်ပူစီဖောင်း သုံးဆ။


သူ့အစ်ကို ရှောက်မင်နဲ့လုံးဝမခွဲနိုင်တော့ဘူး။ စကားသုံးခါပြောတာ နာမည်ထည့်မပြောရရင် မနေနိုင်တော့ဘူး။


ကျူးရှင်းကတွေးမိသည်။ 


လူတစ်ယောက်ကို အပိုင်လိုချင်ရင် သူ့ဘဝရဲ့နေရာတိုင်းမှာပတ်သက်နေရမယ်။


သူမရုတ်ချည်း အသည်းကွဲသွားလေသည်။


သူမ၏ပြိုင်ဘက်က တော်လွန်းနေသည်။ သူ့သားကောင်က အရိုးတွင်အသားပင်မကျန်သည်အထိ ပြောင်နေအောင် အစားခံလိုက်ရပြီ။


ကျူးထုန်က စကာပြောရင်း မီးဖိုချောင်ကိုသွားနေသည်။ ကျူးရှင်းက စိတ်ရှုပ်ထွေးစွာဖြင့်လှည့်ကြည့်မိပြီး ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားပုံရသည်။ မတိုင်ခင်က သူမ၏ သိကာရှိသောပုံစံလေးမှာ ပြိုပျက်သွားပြီး ချက်ချင်းမတ်တပ်ရပ်လိုက်သည်။ 


"နင်ဘာလုပ်မလို့လဲ..."


ကျူးထုန်က သိသာနေသောအဖြေမျိုးပြန်ပေးလိုက်၏။


 "ချက်မလို့လေ..."


နောက်ကျနေပြီ။ ရှောက်မင်ကို လုပ်ခိုင်းလို့မဖြစ်တော့ဘူး။


နောက်ဆုံးတခေါက် ‌ရှောက်မင် ခေါက်ဆွဲချက်တုန်းက သူကြည့်ထားခဲ့သည်။ လုပ်ရမည့်အရာက သိပ်မများပေ။ ခေါက်ဆွဲပြုတ်ရသည်က လွယ်ပါသည်။ သူ ဂတ်စ်မီးဖိုဖွင့်နည်းလည်းသိထားပြီးဖြစ်နေ၍ အခက်အခဲမရှိလောက်ပေ။ 


သည့်အပြင် ကျူးထုန်ကလည်း ကြိုးစားကြည့်ချင်သေးသည်။


ကျူးရှင်းနှလုံးကတော့ ဒရမ်တီးသလိုခုန်နေပြီ။ သူမခံစားချက်ကို ဘယ်လိုထိန်းရမှန်းပင်မသိတော့ပေ။ 


"ကော..ထားလိုက်ပါတော့ဟာ၊ ငါတကယ် ဗိုက်မဆာပါဘူး.."


သူမမှာ သူမအစ်ကို မီးဖိုချောင်ထဲဝင်မည်ကို ချီးကျူးပေးရမည်လား၊ စိတ်ပူပေးရမလားပင်မသိတော့ပေ။


သို့သော် သူမ၏အလိုလိုသိစိတ်က သူမအစ်ကို ချက်သည့်ဟင်းမှာ ဘယ်လိုမှစား၍ရမည်မဟုတ်ကြောင်း ပြောနေခဲ့သည်။


သူမက "ကျန်းမာ" နေသည့်တိုင် သူမအသက်ကို ယခုလိုမျိုး လောင်းကြေးမထပ်နိုင်ချေ။ 


ကျူးထုန်ကမူ သူမ၏တွေဝေနေမှုကို ဖြေလျှော့ပေးလာလေသည်။ 


"ရပါတယ် သိပ်မကြာပါဘူး ငါပြီးတဲ့အထိသာစောင့်နေ.."


"အဲဒါက..." 


ကျူးရှင်းက သူ့ကိုတားချင်နေသည်။ သို့ရာတွင် တံခါးဝမှ ခပ်တိုးတိုးအသံထွက်လာ၏။ ရုတ်တရက် လူတစ်ယောက်ကတံခါးကိုတွန်းဖွင့်ကာ အထဲသို့ဝင်လာလေ၏။ ဧည့်ခန်းထဲတွင် ခပ်လှမ်းလှမ်းမှအမြွှာနှစ်ယောက်ကိုမြင်ပြီး တံခါးဝမှလူက တစ်စက္ကန့် နှစ်စက္ကန့်ခန့်ရပ်သွားလေသည်။ 


"ဘာဖြစ်လို့လဲ..."


ကျူးရှင်း: "...."


ကျူးထုန်က အေးအေးဆေးဆေးပင်ပြောလာလေသည်။


 "ငါ ကျူးရှင်းအတွက် ခေါက်ဆွဲတစ်ပန်းကန်လောက်ပြုတ်ပေးမလို့..."


ရှောက်မင်မျက်နှာမှာလည်း ကျူးရှင်းတစ်ယောက် သူမအစ်ကိုကသူမကို ခေါက်ဆွဲပြုတ်ပေးမည်ဆိုသောစကားအားကြားလိုက်ရစဉ်ကအတိုင်း တထပ်တည်းပင်ဖြစ်နေ၏။


သူက တံခါးဝတွင် ဖိနပ်လဲကာ ကျူးထုန်ထံတန်းသွားလိုက်သည်။ 


"ကိုယ်လုပ်လိုက်မယ်.."


ကျူးထုန်က အထွန့်တက်လာ၏။


 "မဟုတ်ဘူး၊ ငါပဲ..."


"မင်းညီမလေးက မင်းကို တကူးတကလာတွေ့တာလေ၊ ဧည့်ခန်းထဲမှာ တစ်ယောက်တည်းထားခဲ့မလို့လား.."


ကျူးထုန်က ငြင်းချင်နေပြီး ရှောက်မင်ကို သူ့အစား သူမနှင့်အတူ နေစေချင်နေသည်။ သို့သော်လည်း နောက်ထပ်တွေးမိသည်မှာ သူတို့နှစ်ယောက်က မရင်းနှီးကြသေးပေ။ သူစိမ်းနှစ်ယောက်ကို ဧည့်ခန်းထဲတွင် အတူနေခိုင်းလိုက်ပါမူ နေရခက်နေလျှင်ပင် လျှော့ပြောရုံလောက်သာရှိလိမ့်မည်။


ရှောက်မင်က ပြုံးကာ နှစ်သိမ့်ပေးလိုက်သည်။ 


"မင်းတို့နှစ်ယောက် စကားပြောနေကြပါ၊ ကိုယ်ပဲခေါက်ဆွဲပြုတ်ပေးပါ့မယ်.."


အခုတော့ချက်ပြုတ်မည့်တာဝန်က အခြားတစ်ယောက်ထံရောက်သွားခဲ့ပြီ။ ကျူးရှင်းမှာ ရှက်လွန်း၍မျက်နှာရဲလာသော်လည်း ချက်ချင်းပင်စိတ်ပေါ့ပါးသွားရသည်။


အနည်းဆုံးတော့ သူမအသက်လေးကို အာမခံနိုင်ပြီမလား။



🤒