Chapter 68
Viewers 18k

🤒အခန်း ၆၈




သန့်စင်ခန်းအပြင်ဘက်မှ ဆိုင်ထဲရှိဝယ်သူအရေအတွက်က သူတို့ သန့်စင်ခန်းထဲမဝင်ခင်ကထက်ပင် ပိုများနေခဲ့သည်။ သူတို့ ကောင်တာကိုပြန်ရောက်လာသည့်အခါ မိန်းကလေးနှစ်ယောက်က ကောင်တာအရှေ့မှ ရှောက်ယွိကျယ်ကို အလုပ်ပေးရန်တောင်းဆိုနေလေ၏။


"ကျွန်မက နို့လက်ဖက်ရည်ဆိုင်တွေမှာ အလုပ်လုပ်ဖူးပါတယ်၊ အလုပ်အတွေ့အကြုံကလည်း ကျွမ်းကျင်အဆင့်ပါ၊ အန်တီ ကျွန်မကိုအလုပ်ခန့်ပါနော်.."


ရှောက်ယွိကျယ်က ပြုံး၍ပြောလေသည်။


 "ဒါဆိုလည်း ပဲနီလေးနို့လက်ဖက်ရည်ကိုအရင် စမ်းဖျော်ကြည့်ပါလား.."


မိန်းကလေး၏မျက်လုံးတို့က လက်ခနဲဖြစ်သွားသည်။


 "ဟုတ်ကဲ့ ရပါတယ်.."


ရှောက်မင်နှင့်ကျူးထုန်က ကောင်တာအနောက်တွင်ပေါ်လာပြီး မိန်းကလေးကသူတို့ကိုတွေ့သည့်အခါ သူမမျက်လုံးတို့က ပို၍ပင်အရောင်တောက်လာသေးသည်။


ကောလဟလတွေက တကယ်မှန်တာပဲ။ ဒီနို့လက်ဖက်ရည်ဆိုင်မှာ လူချောလေးတွေချည်းပဲ။


ကံကောင်းထောက်မ၍ သူမက သူမ၏တဝမ်းကွဲဆွေမျိုးဖွင့်ထားသော နို့လက်ဖက်ရည်ဆိုင်တွင် လဝက်ခန့်အလုပ်လုပ်ခဲ့ဖူးသည်။ သူမသာ ဤဆိုင်တွင်အလုပ်ရပါက သူမမျက်လုံးကို နေ့တိုင်း အစာကျွေးနိုင်လိမ့်မည်။ သူမ၏နတ်ဘုရားမလေး ကျွယ်ယွိနန်ကိုပင် တွေ့ရနိုင်၏။


နောက်ထပ်မိန်းကလေးတစ်ယောက်ကလည်း အလုပ်ရရန်အတွက် သူဌေးကိုစောင့်မျှော်နေရရှာသည်။


ထိုစကားကိုကြားရသည့်အခါ ကျူးထုန်ကလည်း ရှောက်မင်ကိုလှည့်ကြည့်လေသည်။ 


"ငါဝင်လုပ်ပေးတာတောင်...လူမလောက်သေးဘူးလား.."


ရှောက်မင်ကလည်းပြန်မေးလေသည်။ 


"ဘယ်အပိုင်းမှာလဲ.."


ကျူးထုန်: "အကုန်လုံးလေ..."


ရှောက်မင်ကလည်းပြုံးပြီးပြောလိုက်၏။


 "ဘာလို့ အဲဒီလိုထင်ရတာလဲ.."


"ဘာလို့လဲဆိုတော့..." 

ကျူးထုန်က ကောင်တာအရှေ့မှမိန်းကလေးများကို ဖျတ်ခနဲလှမ်းကြည့်ကာ ပြန်ဖြေလိုက်သည်။ 

"အန်တီက ဝန်ထမ်းအသစ်တွေထပ်ခန့်နေတယ်လေ.."


အဲဒါက သူ "အလုပ်လုပ်တာနှေး" ပြီး သူ့ကို "အလုပ်ဖြုတ်"ဖို့ကလည်း မလွယ်တာကြောင့်မလား။ ဆိုင်ကလည်း လူများနေတော့ ဝန်ထမ်းအသစ်တွေထပ်ခန့်ဖို့လိုလာတာပေါ့။


ယခုလေးတင်ကျူးလွန်လိုက်မိသော သူ၏တာဝန်မဲ့မှုအကြောင်းပြန်တွေးကြည့်မိသည့်အခါ ကျူးထုန်မှာ အလွန်အမင်းရှက်မိသွားခဲ့သည်။


ရှောက်မင်ကလည်း အလုပ်တောင်းနေပုံရသောမိန်းကလေးကိုလှမ်းကြည့်ပြီး ကျူးထုန်၏အတွေးကိုနားလည်သွားခဲ့သည်။ သူ့ခမျာ မနေနိုင်တော့ဘဲ လက်မြှောက်ကာ ထိုသူ၏ခေါင်းကိုပုတ်လိုက်မိ၏။ တဖက်လူက တုံ့ဆိုင်းသွားသည့်အခါ သူ့ခေါင်းကိုဖွဖွလေးဖိလိုက်သည်။ အာ...ဆံပင်လေးတွေက အရမ်းနူးညံ့တာပဲ။


ရှောက်မင်က အူမြူးနေသောအသံဖြင့်ပြောလိုက်၏။ 


"ဘာတွေစဥ်းစားနေတာလဲ၊ ဝန်ထမ်းအသစ်က လောင်အာ့နေရာမှာ အစားထိုးဖို့ပါ၊ မနေ့က ဆိုင်တံခါးဝမှာတောင်စာကပ်ထားခဲ့တယ်လေ၊ မင်းကြောင့်မဟုတ်ပါဘူး.."


"...."


ကျူးထုန်မှာ ဗြုန်းစားကြီး "ထိရှ" သွားခဲ့သည်။


ရုတ်တရက် သူ၏ဦးနှောက်မှ ဆားကစ်ပတ်လမ်းက စက္ကန့်ပိုင်းမျှ ပြတ်တောက်သွားပြီး တုံ့ပြန်ချိန်တွင် အံ့အားသင့်သည့်အမူအရာပေါ်လာခဲ့သည်။


"လုကျစ်ယွီနေရာမှာ အစားထိုးမယ်တဲ့လား'


"ဘာလို့လဲ၊ သူ အချိန်ပိုင်းအလုပ်မလုပ်တော့ဘူးလား.."


ရှောက်မင်: "သူက မနက်ဖြန် သူ့ကိုအလုပ်အပ်တဲ့သူနဲ့တွေ့ဖို့ မြို့ကိုသွားရမှာ၊ အပ်တဲ့သူက မကျေနပ်ရင် သီချင်းစာသားနဲ့တီးလုံးကိုပြန်ပြောင်းရမှာဆိုတော့ နှစ်ရက်လောက်ကြာလိမ့်မယ်.."


ကျူးထုန်: "......"


'ကြားရသလောက်တော့ အရမ်းမိုက်တယ်'


မြို့ကိုသွားမည့်အကြောင်းပြောလိုက်၍ ကျူးထုန်မှာ အားလပ်ရက်၌ အဒေါ်ဖြစ်သူက သူမအိမ်တွင်ထမင်းစားရန်ဖိတ်ထားသည့်ကိစ္စကိုပင် မေ့လုနီးပါးဖြစ်သွားခဲ့သည်။ ထိုစဥ်က သူသဘောတူထားခဲ့၏။


E မြို့က ကုန်းရွှေစီရင်စုနှင့် မဝေးပေ။ အဝေးပြေးယာဥ်ဖြင့်ဆိုလျှင် နာရီဝက်အတွင်းရောက်နိုင်သည်။ ထမင်းတစ်နပ်စားရန်အရေး အချိန်နီးကပ်နေပြီဖြစ်ရာ သူ့မှာတာဝန်ရှိသလိုခံစားနေရလေသည်။


သူက ရုတ်တရက်ရှောက်မင်ကိုကြည့်ကာ မေးလိုက်သည်။ 


"သူက E မြို့မှာ အသံသွင်းရမှာလား.."


ရှောက်မင်က မျက်ခုံးပင့်ကာ ပြန်မေးပြန်သည်။ 


"ဘာလို့မေးတာလဲ၊ သွားချင်လို့လား..."


ကျူးထုန်ကမူ လုံးဝမမျှော်လင့်ထားသောအဖြေမျိုးကိုပြန်ပေးလာ၏။ 


"မင်းရောသွားမှာလား..."


"......"


 á€Ąá€„်း၊ အခုအချိန်တော့ သွားလို့မရသေးဘူး။


ရှောက်မင်က ပြုံးလိုက်သည်။


 "မင်းသွားရင် ကိုယ်လိုက်ခဲ့မယ်.."


ကျူးထုန်၏ မျက်လုံးတို့က တဖျတ်ဖျတ်လက်နေ၏။


 "တကယ်လား.."


ရှောက်မင်: "....."


'သူက တကယ်ကို သူ့ခံစားချက်တွေကိုလုံးဝမကွယ်ထားတတ်ဘူးပဲ'


သူက ဆုံးဖြတ်ထားသည့်ဟန်ဖြင့်ပြန်ဖြေလိုက်သည်။


 "တကယ်ပြောတာ..."


ကျူးထုန်က ဆက်ပြောလာသည်။ 


"ဆိုင်ကရော.."


ရှောက်မင်: "အင်း၊ ကြော်ငြာကို ကပ်ထားတုန်းပဲ.."


"....."


အမျိုးသားနေ့အားလပ်ရက်တွင် အချိန်ပိုင်းအလုပ်လုပ်ကြသူ အများအပြားရှိသည်။ တစ်ရက်နှစ်ရက်တည်းလုပ်ရမှာဖြစ်သည့်တိုင် အလုပ်လိုချင်သူများက များနေဆဲဖြစ်သောကြောင့် ဆိုင်အတွက်စိတ်ပူစရာမရှိပေ။


ကျူးထုန် စိတ်အေးသွားလေသည်။


ဤနည်းလမ်းဖြင့် မနက်ဖြန် အဒေါ်အိမ်တွင်နေ့လည်စာသွားစားရန်အတွက် အချိန်ယူနိုင်ပြီး ရှောက်မင်နှင့်အတူ လုကျစ်ယွီထံကိုသွားလည်နိုင်သည်။


သူ့အဒေါ်နှင့်သဘောတူထားသည့်အတိုင်း ဖြစ်မြောက်သွားရုံတင်မကဘဲ ရှောက်မင်၏နှစ်သက်မှုရာခိုင်နှုန်းအတွက် နှောင့်နှေးစရာမလိုတော့ပေ။


လက်ရှိနှစ်သက်မှုက လေးဆယ့်ခြောက်ရာခိုင်နှုန်းရှိနေပြီဖြစ်သည်။ ယခု အားလပ်ရက်ကိုအရင်းပြုပြီး သူ့ဘက်မှ ဤတစ်ကြိမ်တွင် အနည်းဆုံးငါးဆယ်ရာခိုင်နှုန်းတိုးသွားစေချင်သည်။


***


ကျိုးဆွေ့ ကျောင်းမှအထုတ်ခံလိုက်ရပြီး ချင်ကျွင်းဟုန်လည်း နေရင်းထိုင်ရင်း နောင်တရသွားသည်ထင်၏။ ကျူးထုန်ကမူ ချင်ကျွင်းဟုန်က တကယ်ကြီး နောင်တရနေပြီဟုမယုံကြည်ပေ။ ယခုအချိန်တွင် ငြိမ်ကောင်းငြိမ်နေနိုင်လိမ့်မည်။ သို့ရာတွင် ချင်ကျွင်းဟုန်က သွားယားနေသောခွေးတစ်ကောင်ပမာ စိုးရိမ်စရာကောင်းသောကိစ္စတစ်ခုလုပ်လာမည်ကို သူ စိုးရိမ်နေမိလေ၏။


မူလဇာတ်လမ်းတွင် ကောလိပ်ဝင်ခွင့်ဖြေပြီးချိန်မှ ရှောင်ရှင်းက မတော်တဆမှုဖြစ်ခဲ့သော်လည်း သူစိတ်မအေးနိုင်သေးပေ။ ချင်ကျွင်းဟုန်အောင်မြင်သွားကတည်းက သူ့ဘက်မှ ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ပြီး သူ၏ပြင်ဆင်မှုက တစ်ညတည်းနှင့် ပြီးစီးမည်မဟုတ်ပေ။


ယင်းကြောင့်ပင် သူ ဤကိစ္စကို တတ်နိုင်သမျှ အမြန်ဆုံးရှင်းပစ်လျှင် ပိုကောင်းနိုင်သည်။


'ရှောင်ရှင်း အခုဘယ်လိုနေလဲဆိုတာ ငါမသိသေးဘူး'


သူတွေးပြီးသည့်အခါ ကျူးထုန်က ရှောက်မင်ကိုကြည့်လိုက်ပြီး ဖုန်းထုတ်ပေးလိုက်လေသည်။ 


"ငါ့က်ိုဓာတ်ပုံတစ်ပုံလောက်ရိုက်ပေးပါလား..."


ကျူးထုန်၏တောင်းဆိုချက်က ဆန်းကြယ်နေသော်လည်း ရှောက်မင်က ချက်ချင်းလက်ခံလိုက်လေသည်။ သူက ဖုန်းကိုလှမ်းယူပြီးတုံ့ပြန်လိုက်၏။ 


"ဘာအတွက်လဲ.."


ကျူးထုန်: "အလုပ်မှာရှိနေတုန်း ငါ့ကိုဓာတ်ပုံရိုက်ပေး.."


သူက ကောင်တာကိုပြန်သွားလိုက်ပြီး ဝယ်သူအသစ်အတွက် စက်ဖြင့်ငွေရှင်းပေးနေလိုက်သည်။ လုပ်နေရင်းတန်းလန်းဖြင့် လှည့်ပြီးပြောလိုက်သေး၏။ 


"ကောင်းကောင်းလေးရိုက်ဦး.."


ရှောက်မင်က ဖုန်းကိုကိုင်ထားရင်းပြုံးလိုက်သည်။ 


"အေးပါကွာ..."


ရှောက်မင်က သူ့ကိုတင်မက ဆိုင်ထဲတွင်တန်းစီနေသောမိန်းကလေးအချို့ကိုပါ ဓာတ်ပုံရိုက်လိုက်၏။


'လူကြားထဲမှာမလို့ သူတို့က ကွဲထွက်နေတာပဲ၊ ဒါပေမဲ့လည်း အရမ်းချစ်စရာကောင်းကြတာပဲ၊ အား'


'မင်းရဲ့ကောင်လေးက မင်းကို သူအလုပ်လုပ်နေတဲ့ပုံရိုက်ခိုင်းရင် မင်းရိုက်ပေးမှာလား'


အချို့က မည်သို့မျှမချုပ်တည်းထားနိုင်ကြတော့ဘဲ သူတို့ဖုန်းများကိုမြှောက်လိုက်ကြသည်။


ကင်မရာဖြင့်အချိန်ခံထားရသောကျူးထုန်က မသိသေးပေ။ ဝယ်သူထံမှအမှာရပြီးသည်နှင့် "ပို့စ်" တင်ရန်မစောင့်နိုင်တော့ဘဲ ရှောက်မင်ထံသို့ပြေးသွားလေတော့သည်။


 "ဘယ်လိုလဲ၊ ဓာတ်ပုံကအဆင်ပြေလား..."


ရှောက်မင်က ဓာတ်ပုံကို သူ့ဖုန်းထဲသို့ အမြန်ပို့ပြီးမှ ကျူးထုန်ထံပြန်ပေးလိုက်သည်။ 


"အဆင်ပြေတယ်.."


ကျူးထုန်က သူ့ကိုကျေးဇူးတင်သည့်အကြောင်းပြောကာ ယူသွားလေ၏။ ဖုန်းမှ ရှောက်မင်နှင့်စကားပြောခန်းက ပွင့်နေရာ သူ့အားစိတ်ရှုပ်သွားစေခဲ့သည်။ သူက နားမလည်စွာမေးလိုက်၏။


"ဘာလို့ ဓာတ်ပုံကို မင်းဆီပြန်ပို့နေတာလဲ.."


ရှောက်မင်က တည်တည်ငြိမ်ငြိမ်ပင်ပြန်ဖြေလာလေသည်။ 


"အော်..ကိုယ်က ကိုယ့်ရဲ့ဓာတ်ပုံရိုက်တဲ့စကေးကိုသိပ်မဆိုးဘူးလို့ထင်လို့လေ၊ ဒီတော့ သက်သေအနေနဲ့ တစ်ပုံလောက်သိမ်းထားလိုက်တာ၊ မင်းစိတ်မဆိုးဘူးမလား.."


ကျူးထုန်: "...."


ဟုတ်တယ်။ သူစိတ်မဆိုးပါဘူး။


ဤသည်က ရှောက်မင်၏အားထုတ်မှုပင်ဖြစ်ပြီး အဆင်ပြေပါသည်။


ကျူးထုန်၏ ဘေးတိုက် ကိုယ်တပိုင်းဓာတ်ပုံက အပြည့်အဝကြည့်ကောင်းနေသည်။ ထိုသူက ငွေရှင်းစက်ကို အာရုံစိုက်ကြည့်နေ၏။ ဓာတ်ပုံကိုမြင်သည့်မည်သူမဆို "ဘယ်လိုတောင်ချောမောပြီး စိတ်ဝင်စားစရာကောင်လေးပါလိမ့်" ဟု သက်ပြင်းရှိုက်မိကြလိမ့်မည်။


ကျူးထုန်ကပြုံးကာ ခေါင်းယမ်းလိုက်၏။ သူနှင့်ရှောက်မင်တို့နှစ်ယောက်၏ စကားပြောနေကြနေရာမှတိုက်ရိုက်ထွက်လိုက်ကာ ဓာတ်ပုံကို ရှောင်ရှင်းထံသို့ပို့ပေးလိုက်လေသည်။


သူဆေးရုံတက်နေရသည့်အချိန်တွင်လည်း ရှောင်ရှင်းက သူမကျောင်းမှလှုပ်ရှားမှုအချို့ကို ဓာတ်ပုံရိုက်ကာပို့ပေးလေ့ရှိသည်။


ရှောင်ရှင်းက အလှမက်သည်။ သူ့ကိုပို့ပေးလာသောဓာတ်ပုံအများစုမှာလည်း အကောင်းဆုံးဆယ်လ်ဖီပုံများဖြစ်နေတတ်၏။ သူကမူ ဆယ်လ်ဖီရိုက်တတ်သည့်အကျင့်မရှိသလို ဓာတ်ပုံရိုက်ရာတွင်လည်းမကျွမ်းကျင်ပေ။ ထို့ကြောင့် သူ ရှောင်ရှင်းကိုပို့ပေးသည့်ဓာတ်ပုံများအားလုံးက သူမပါသော ရှုခင်းပုံများသာဖြစ်လေသည်။ သူရုတ်တရက် သတိရသွားသောကြောင့် ရှောက်မင်ကို အလုပ်ချိန်တွင်ဓာတ်ပုံရိုက်ခိုင်းလိုက်ရခြင်းပင်။


ဓာတ်ပုံပို့ပေးပြီးသည့်အခါ သူက တဖက်မှပြန်စာကိုစောင့်နေလိုက်သည်။ သို့ရာတွင် ကြာရှည်လှသောတိတ်ဆိတ်မှုကိုသာရင်ဆိုင်လိုက်ရ၏။


သူက အလုပ်လုပ်နေဆဲဖြစ်လင့်ကစား ဖုန်းကို မကြာခဏစစ်ကြည့်နေလေသည်။


ရုတ်ချည်းပင် ရင်းနှီးနေသောဖျော်ရည်တစ်ခွက်ကသူ့ရှေ့ရောက်လာပြီး ရင်းနှီးနေသောစကားသံက သူ့နားထဲသို့ဝင်လာခဲ့သည်။ 


"ဒီမှာမင်းသောက်နေကျ နို့ပုလဲပူတင်းလက်ဖက်ရည်.."


ကျူးထုန်မှာ ခဏတွင်းချင်း စိတ်ပျော်သွားခဲ့သည်။


သူက ဖုန်းကို နောက်တကြိမ်လှစ်ခနဲပြန်ကြည့်လိုက်ပြီး ရှောင်ရှင်းက အပြင်ထွက်ကစားနေခြင်းဖြစ်မည်ဟုကောက်ချက်ချလိုက်သည်။ သူ ဖုန်းကိုချကာ နို့လက်ဖက်ရည်ကိုတစ်ငုံစုပ်သောက်လိုက်၏။


ထိုစဥ် A မြို့မှ E မြို့ကိုပျံသန်းလာသောလေယာဥ်ပေါ်တွင် ကျူးရှင်းက WeChat မှ မက်ဆေ့ချ်တစ်စောင်ရခဲ့သည်။ သူမမှာ သူမအစ်ကို၏အလှတရားကိုချီးကျူးပေးရန်အချိန်မရသေးမှီ အဘိုးဖြစ်သူထံမှ ဖုန်းဝင်လာခဲ့၏။


"အဘိုး၊ သမီးသိပါတယ်၊ သမီးက အခု ဆယ့်ရှစ်နှစ်ပြည့်နေပါပြီနော်၊ မဟုတ်ဘူး၊ ပြည့်ကာနီးရင်တောင် ဆယ့်ရှစ်နှစ်ပဲ၊ ဟုတ်ပါပြီ ဟုတ်ပါပြီ၊ သမီး အဒေါ့်ကိုသွားရှာလိုက်ပါ့မယ်၊ ကောနဲ့တွေ့မှ ဖုန်းခေါ်လိုက်တော့မယ်၊ ဘိုင့်ဘိုင် အဘိုး.."


ဖုန်းချလိုက်ပြီးနောက် သူမ စိတ်ပေါ့ပါးသွားသလို သက်ပြင်းချလိုက်၏။ သူမမှာ WeChat ကိုချက်ချင်းဖွင့်ကာ စာပြန်ရန်လုပ်လိုက်သော်လည်း လေယာဥ်ပေါ်တွင် လေယာဥ်ထွက်ခွာတော့မည့်အကြောင်း အသိပေးချက်ထွက်လာလေသည်။


ကျူးရှင်း: "......"


သူမမှာ ဖုန်းကိုပိတ်လိုက်ရပြီး လေယာဥ်ပေါ်မှဆင်းမှသာ စာပြန်ရန်ရှိတော့လေသည်။


အမျိုးသားနေ့ပိတ်ရက်တွင် အချို့က အိမ်မှထွက်ခွာကြပြီး အချို့က အိမ်ပြန်ကြသည်။ 


ရှားယန်အိမ်ပြန်ရောက်သည့်အခါ ကျောင်းပြောင်းရန်ငြင်းဆန်မှုကြောင့် အဖေဖြစ်သူ ရှားဝေ့ယီနှင့်စကားများရတော့၏။ သို့သော်လည်း ရှားယန်က ယခင်ရက်များတွင်ကျောင်း၌ ထိန်းထိန်းသိမ်းသိမ်းနေခဲ့သောကြောင့် သားအဖနှစ်ယောက်မှာ အားလပ်ရက်တွင် ငြိမ်းချမ်းရေးရနေခဲ့ကြသည်။


"ကျူးမိသားစုက ကလေးက ကျောင်းပြောင်းလာတယ်လို့အဖေကြားမိတယ်.."


ထမင်းစားစားပွဲတွင် ရှားဝေ့ယီက သားဖြစ်သူ၏တုံဏှိဘာဝေမျက်နှာကိုမြင်ပြီး အရင်ဆုံးစကားစကာ တိတ်ဆိတ်နေမှုကိုဖြိုဖျက်လိုက်သည်။


ရှားယန်က ကျူးထုန်နာမည်ကြားသည်နှင့် မျက်နှာထားပြောင်းသွားပြီး 'အင်း' ဟုသာ ခပ်တိုးတိုးပြန်ဖြေလေသည်။


"ဒါဆိုရင်တော့ မင်းတို့နှစ်ယောက် အရမ်းချစ်ကြတဲ့သူငယ်ချင်းတွေဖြစ်လာကြပြီပေါ့..." 

ရှားဝေ့ယီက နှာခေါင်းရှုံ့လေသည်။


သူကမူ ထိုကလေးနှစ်ယောက် မည်သည့်အတွေးများကိုတွေးနေမှန်းမသိပေ။ အဆင့်မြင့်သည့် နိုင်ငံတကာကျောင်းတွင်ပညာသင်ကြမည့်အစား ထိုသို့သော ရွာသိမ်ဇနပုဒ်မှ ကျောင်းအိုကြီးတွင်ပညာသင်ရန်ရွေးချယ်ခဲ့ကြသည်။


ယင်းကလည်း လူတစ်ယောက်တည်းအတွက်ကြောင့်ပင်။


"သူက အခုထိ ရှောက်မင်ရဲ့ထိုင်ခုံဖော်ဖြစ်နေတုန်းပဲလား.."


ရှားယန်၏လက်မှာ ငွေရောင်တူကို တင်းနေအောင်ကိုင်မိသွားခဲ့သည်။


သူ့သား၏တုံ့ပြန်မှုက သူ့အားတိကျသောအဖြေတစ်ခုကိုပေးလိုက်ခြင်းဖြစ်လေ၏။ ရှားဝေ့ယီက ပြောလာသည်။ 


"ဒီတိုင်းဆိုရင်တော့ အဲဒီငမိုက်သားကို ထားခဲ့လိုက်တော့၊ A မြို့ကို အမြန်ဆုံးနည်းနဲ့ပြန်လာခဲ့၊ မင်းပြန်လာဖို့ငြင်းနေသေးရင် ကျူးထုန်နဲ့ဆက်ပြီးပေါင်းသင်းသင့်တယ်၊ အဲဒါက နောက်ကျရင် မင်းရဲ့အနာဂတ်ကိုအကူအညီပေးလိမ့်မယ်.."


သူစုံစမ်းကြည့်ရသလောက် ကျူးထုန်၏နောက်ခံအခြေအနေမှာ ကျူးမိသားစုတစ်ခုတည်းထက် ပိုနေနိုင်သည်။


ကျူးထုန်နာမည်ကိုကြားရပေါင်းများလာသည့်အခါ ရှားယန်က ဒေါသထွက်လာပြီး မည်းမှောင်နေသောမျက်နှာဖြင့်ရန်တွေ့လေတော့သည်။ 


"ကျွန်တော်ပြန်မလာဘူး၊ ကျူးထုန်နဲ့လည်းသူငယ်ချင်းမဟုတ်ဘူး..." 


ရှားဝေ့ယီ၏မျက်နှာက ခဏတွင်းချင်း မှောင်မိုက်သွားလေသည်။


 "ဘာပြောတယ်၊ မင်းကအခုထိ ရှောက်မင်အကြောင်းကိုတွေးနေတုန်းပဲလား၊ မင်းက ဘာကြောင့်မလို့ ငယ်ချစ်ဦးအတွက်နဲ့ခေါင်းမာနေရတာလဲ၊ ငါမင်းကိုပြောထားမယ်နော်၊ မင်းအဲဒီကောင်လေးကလွဲရင် ဘယ်သူမဆိုရတယ်၊ ပြီးတော့ ကျူးထုန်နဲ့ သူငယ်ချင်းဖြစ်တာ ဘယ်နားမှားနေလို့လဲ၊ သူက...."


"သေတော့မယ့်လူနဲ့ သူငယ်ချင်းလုပ်စရာလားဗျ.." 


ရှားယန်က ရုတ်တရက် အော်လိုက်တော့သည်။


ရှားဝေ့ယီလည်း ကြောင်အသွား၏။ 


"ဘာပြောတယ်၊ သူသေတော့မယ်ဆိုတာကို မင်းကဘယ်လိုသိတာလဲ၊ ဘယ်သူပြောလို့လဲ.."


ရှားယန်လည်း မှင်သက်သွားသည်။ သူ့မျက်နှာက အကြိမ်ပေါင်းများစွာပြောင်းလဲနေကာ နောက်ဆုံး၌ သူ တည်ငြိမ်စွာဖြင့်ရှင်းပြလိုက်သည်။ 


"သူ့ကို ICU ခန်းထဲကထုတ်လာရုံရှိသေးတာလေ၊ သူဘယ်အချိန်သေမယ်ဆိုတာ ဘယ်သူသိမှာလဲ..."


ရှားဝေ့ယီ: "....."


ရှားယန်က ပြောပြီးသွားသည့်အခါ သူ့အဖေမေးခွန်းဆက်မေးလာမည်ကို မစောင့်နေတော့ဘဲ တူကိုချကာပြောလိုက်လေသည်။ 


"ကျွန်တော်ဗိုက်ပြည့်ပြီ၊ အိမ်စာလုပ်ဖို့အခန်းပြန်တော့မယ်.."


"...."


ရှားဝေ့ယီက သူ့ကိုမတားပေ။ သူ့သား ယခုလေးတင်ပြောလိုက်သောစကားကို ပြန်တွေးနေမိလေ၏။ သူ မနေနိုင်တော့ဘဲ မျက်မှောင်မကြုတ်ဘဲမနေနိုင်တော့ပေ။အရာအားလုံး၏ အထက်တွင် ရှောက်မင်ရှိနေရာ သူ့တွင် နောက်ထပ်ခေါင်းကိုက်စရာတစ်ခုတိုးလာခဲ့၏။


ရှားယန်က သူ့အခန်းကိုပြန်သွားပြီး အိမ်စာမလုပ်ပဲ ဖုန်းထဲမှအယ်လ်ဘမ်ကိုဖွင့်ကြည့်လိုက်လေသည်။


အယ်လ်ဘမ်ထဲတွင် လွန်ခဲ့သောရက်ပိုင်းက အဖွဲ့အမျိုးမျိုးမှစုထားသောဓာတ်ပုံများရှိနေသည်။ ယခင်က ၎င်းပုံတို့ကိုမမြင်ချင်သည့်တိုင် အချို့ပုံများက ရှောက်မင်နှင့်ကျူးထုန်တို့အတူရှိနေကြသောပုံများဖြစ်နေ၏။ ကျူးထုန်ကို A မြို့သို့ မောင်းထုတ်နိုင်ကောင်းမောင်းထုတ်နိုင်သည်။


သူ့အဖေက သူ ရှောက်မင်ကိုတွေ့ရန် ကျောင်းပြောင်းသည့်ကိစ္စကို လက်မခံနိုင်လျှင် ကျူးမိသားစုကလည်း ကျူးထုန်ကို "ဆင်းရဲသားလေး" တစ်ယောက်နှင့် ရင်းနှီးစေချင်မည်မဟုတ်ပေ။


ကျူးထုန်မှာ သေသွားသင့်သည်မှာကြာပြီဖြစ်ပြီး ကုန်းရွှေစီရင်စုတွင်ပေါ်မလာသင့်ပေ။


ရှားယန်က ဓာတ်ပုံအချို့ကိုရွေးပြီး ကျူးရှို့ရှန်း၏အကောင့်ကို ပို့ပေးလိုက်လေသည်။


______


နို့လက်ဖက်ရည်ဆိုင်ထဲမှ တစ်နေ့တာအလုပ်မှာအောင်မြင်စွာပြီးစီးသွားခဲ့ပြီး ညကိုးနာရီအထိ ကျူးထုန်တစ်ယောက် အလုပ်ရှုပ်နေဆဲဖြစ်လေ၏။ သူတို့အားလုံး ညစာကိုအပြင်တွင်အတူစားခဲ့ကြပြီး သက်ဆိုင်ရာနေအိမ်သို့အသီးသီးပြန်ခဲ့ကြသည်။


ရှောက်မင်က ညစာထွက်စားချိန်တွင် စက်ဘီးကိုယူလာရန်မမေ့ပေ။ အခြားသူများကိုပြန်လွှတ်ပေးပြီးသည့်နောက် စက်ဘီးပေါ်ကိုတက်လိုက်ကာ လမ်းဘေးဘက်ရှိကျူးထုန်ကိုကြည့်လာလေသည်။ 


"သခင်လေး၊ ကျွန်တော်မျိုး သခင်လေးကို အိမ်အထိပြန်လိုက်ပို့ပါရစေ.."


"....."


ကျူးထုန်မှာ ရှောက်မင်က မကြာသေးခင်ကသူ၏ရှောင်တိမ်းလိုက်မှုအပေါ် လက်စားချေချင်နေသည်ဟု ထင်နေမိသည်။


မနက်ကဖြစ်ခဲ့သမျှကိစ္စကိုပြန်တွေးမိပြီး ရှက်နေမိဆဲဆိုသော်လည်း တာဝန်ရှိသည့်ခံစားချက်မျိုး မဝင်လာတော့ပေ။


ကျူးထုန်က စက်ဘီးအနောက်ခုံကို သွက်လက်ကျွမ်းကျင်စွာဝင်ထိုင်လိုက်ပြီး ရှောက်မင်အင်္ကျီ၏ဘေးအစကိုဆွဲလိုက်သည်။


ရိုးအလှသောကျူးထုန်ကိုကြည့်ကာ ရှောက်မင်ပြုံးမိသွားသည်။


နှစ်ယောက်သား စက်ဘီးဖြင့် ငှားနေသောအိမ်ကိုပြန်လာခဲ့ကြသည်။ ကျူးထုန် ထိုင်ခုံမှခုန်ဆင်းလိုက်သည်နှင့် လက်တိုဂါဝန်အဖြူလေးနှင့် မိန်းကလေးတစ်ယောက်ကိုမှိန်ဖျော့ဖျော့မီးရောင်အောက်တွင်တွေ့လိုက်ရသည်။


"....."


၎င်းမြင်ကွင်းက ဖော်ပြရခက်လောက်အောင် ထိတ်လန့်သည်းဖိုဆန်နေသည်။


သို့ရာတွင် ကျူးထုန်က အနည်းငယ်ရင်းနှီးနေသလိုခံစားရ၍ မယုံသင်္ကာဖြင့် ရှေ့တိုးသွားလိုက်သည်။ 


"ရှောင်ရှင်း..."


မှိန်ပြသောမီးရောင်အောက်ဝယ် လမ်းလျှောက်နေသောမိန်းကလေး၏အရိပ်က လမ်းမီးတိုင်ကြောင့် အရိပ်ကျနေလေသည်။ ဆောင်းဦးလေကြောင့် သူမကိုယ်လေးမှာခိုက်ခိုက်တုန်နေ၏။ မကျေနပ်သံစွက်ကာ အော်ခေါ်လာသောသူမအသံလေးက သနားချင့်စဖွယ်ဖြစ်နေခဲ့သည်။ 


"ကော...."


_______



စာရေးသူမှာပြောစရာရှိပါတယ်။


Note: နောက်ထပ် CP ပါပါသေးတယ်။ ဒါပေမဲ့ မူရင်းဇာတ်လမ်းမှာတော့ သူတို့ရဲ့ခံစားချက်တွေကို ထည့်ရေးပေးမှာမဟုတ်ပါဘူး။ မင်းတို့ဖတ်ချင်ရင်တော့ side story မှ ဖတ်ကြနော်။



🤒