Chapter 67
Viewers 18k

🤒အခန်း ၆၇




နေ့လည်ပိုင်း ဆိုင်တွင် လူသိပ်မရှုပ်တော့သော်လည်း ဝယ်သူများဝင်လာနှုန်းက ဟိုးယခင်အချိန်များထက်တော့ ပို၍များသည်။ တစ်ယောက်က အုပ်စုလိုက်ဓာတ်ပုံရိုက်ရန်တောင်းဆိုလိုက်သည်နှင့် ကျန်မိန်းကလေးများကပါ ကြိုးစားကြည့်ချင်လာကြသည်။ သို့သော် သူတို့အလှည့်မရောက်ခင်မှာပင် 'ပြန့်လျန်' ပြဇာတ်အား ကြည့်လိုက်ကြရ၏။


[မျက်နှာဖုံးတွေခဏခဏပြောင်းပြပြီး ကပြတဲ့တရုတ်အော်ပရာပြဇာတ်တစ်ခုပါ။ ကျူးထုန်တို့မျက်နှာအမူအရာတွေအရောင်တွေပြောင်းကုန်တာကို ဖော်ညွှန်းချင်တာထင်ပါတယ်]


ကျူးထုန်မှာ ဆိုင်ထဲမှလူတိုင်းက အံ့အားသင့်စွာဖြင့် အာရုံစိုက်လာကြခြင်းကိုခံလိုက်ရပြီး လူလယ်ခေါင်တွင် အပြစ်ပေးခံရသောခံစားချက်ကိုပါ ကြုံတွေ့လိုက်ရသည်။


သူမျက်နှာပူလာပြီ။ အား...။


"ငါ...ငါ သန့်စင်ခန်းသွားလိုက်ဦးမယ်.."


ရေအေး၊ ရေအေး၊ သူအပူသက်သာသွားဖို့ ရေအေး လက်အပြည့်လိုတယ်။


သူက ကောင်တာအနောက်မှထွက်လာကာ ဘယ်ဘက်သို့ လျှောက်သွားလိုက်သည်။ ရုတ်ချည်းပင် စေတနာဖြင့်သတိပေးလိုက်သံကိုကြားလိုက်ရ၏။ 


"သန့်စင်ခန်းက ဟိုဘက်မှာနော်.."


ဘယ်ဘက်က အဝတ်အစားလဲတဲ့အခန်း။


ကျူးထုန်: "....."


သူ့ခမျာ ခေါင်းပင်မဖော်ရဲတော့ပေ။ ချက်ချင်း ညာဘက်သို့လှည့်လိုက်သည်။


ကောင်တာရှေ့မှမိန်းကလေးက ပင့်သက်ရှိုက်လိုက်ကာ "ဝိုး" ဆိုသော အသံကိုလုပ်လိုက်၏။


'ဒါက ကိုယ်ဟာကိုယ် ဒုက္ခပေးတာလား၊ သူ့ရဲ့တုံ့ပြန်ပုံလေးက ချစ်စရာလေး'


မူလကမူ ကျူးထုန်က ငွေရှင်းပေးနေခဲ့ခြင်းပင်။ သူက သင်ပြပေးထားသည့်အတိုင်း လုပ်ဆောင်နေခဲ့ခြင်းဖြစ်၏။ ယင်းက အလွန်တရာမှချစ်စရာကောင်းနေသည့်တိုင် "ချဥ်းကပ်ရခက်ခဲသည့်" အရှိန်အဝါမျိုးရှိနေဆဲဖြစ်ပြီး လူစိမ်းများ အနားကပ်လာခြင်းကို ကာကွယ်ထားလေသည်။ ယခုကဲ့သို့ ရှက်ရမ်းရမ်းလိုက်သည့်အခါ ထိုအရှိန်အဝါက အပြီးတိုင်ပျက်စီးသွားခဲ့သည်။ "မိခင်" မေတ္တာစိတ်ပြည့်နေကြသည့် ဓာတ်ပုံရိုက်ချင်ကြသောမိန်းကလေးများက တစ်ယောက်ပြီးတစ်ယောက်ပေါ်လာကြလေသည်။


လော့ရှိုးတစ်ယောက်တည်းကသာ ဇဝေဇဝါဖြစ်နေလေ၏။ 


"ကျူးထုန်က ဘာဖြစ်သွားတာလဲ.."


သူက ဘာလို့နေရင်းထိုင်ရင်း ရှက်နေရတာလဲ။


ရှောက်မင်က ကျူးထုန်ထွက်သွားသည့်ဘက်ကို စိတ်မကောင်းသောမျက်နှာဖြင့်ကြည့်နေခဲ့သည်။


သူက ထိုအသေလေးအား မနက်ပိုင်းက မတော်တဆမှုကို မေ့သွားစေနိုင်ရန် 'စိတ်ဖြေလျော့'ပေးချင်ခဲ့ခြင်းဖြစ်သော်လည်း ကြည့်ရသည်မှာ ရလဒ်က ပြောင်းပြန်ဖြစ်သွားပုံရသည်။


အနည်းငယ်မျှ ထိုးဆွမိရုံလေးကို အဘယ်ကြောင့် သူ့အတွက် ထိုမျှသက်ရောက်မှုအား ကြီးနေရသနည်း ။ ထိုသူကို သူ့ကိုယ်သူ "စိတ်ငြိမ်"သွားအောင် ပြုလုပ်စေခြင်းက ဖြေရှင်းနည်းကောင်းမဟုတ်ပုံပင်။


ရှောက်မင်က သူလုပ်ရမည့်အလုပ်ကိုပင် အာရုံမရှိတော့သည်အထိ ရေချိုးခန်းဘက်ကိုသာ ကြည့်နေမိသည်။ 


အုပ်စုလိုက်ဓာတ်ပုံရိုက်ရန် တောင်းဆိုနေသောမိန်းကလေးများအနက်မှတစ်ယောက်က သူ့အားတီးတိုးဆိုလာခဲ့သည်။ 


"လူချောလေး၊ အလုပ်များနေလား.."


ရှောက်မင်က မိန်းကလေးကို တည်တည်ငြိမ်ငြိမ်ပင်ကြည့်လိုက်၏။


မိန်းကလေးက ချက်ချင်းပြုံးပြလိုက်သည်။ 


"အလုပ်များရင်လည်းရပါတယ်၊ ယာယီအစားထိုးလုပ်ပေးဖို့ တောင်းဆိုလို့ရတာပဲလေ ဟုတ်တယ်မလား၊ သူ့ကိုအရင်ချော့ကြည့်ပါလား..."


သူမစကားက အကြံပေးသလိုဖြစ်နေသော်လည်း သူမအသံက "သွားလေ၊ သွားလိုက်" ဟုပြောချင်နေသည်မှာ အသိသာကြီးပင်။


ရှောက်မင်မှာ မတတ်နိုင်တော့ဘဲ ပြုံးပြလိုက်ရပြီး သူမဘက်သို့လှည့်ပြောလိုက်လေသည်။ 


"လော့ရှိုး၊ ဒီကိုခဏလောက်လာပြီး ငါ့နေရာမှာအစားဝင်ပေး.."


လက်အိတ်ချွတ်ပြီးသွားသည်နှင့် သူကတဖက်လှည့်ကာ ကောင်တာအပြင်သို့ထွက်လာလေသည်။


မိန်းကလေးအုပ်စုထံမှ "ဝါး" ဟူသောအသံက တညီတည်းထွက်လာလေ၏။


လော့ရှိုး: "...."


ဒီကောင်မလေးတွေ နို့လက်ဖက်ရည်လာဝယ်တာလား၊ ရှိုးပွဲလာကြည့်ကြတာလား။



သန့်စင်ခန်းထဲတွင်မူ ကျူးထုန်က ရေအေးကို လက်တစ်ခုပ်စာခပ်ပြီး မျက်နှာကိုပက်လိုက်သည်။ သူ့မျက်နှာထက်မှအပူက အများအပြားလျော့သွားသလိုခံစားလိုက်ရ၏။ သူက လက်ကိုဘေစင်ထဲတွင်ထည့်ကာ သက်ပြင်းချလိုက်မိသည်။


ဟင်း။


မျက်နှာကိုရေအေးနှင့်ပက်လိုက်၍ သက်သာသွားသော်လည်း ပြဿနာကြီးတစ်ခုကရှိနေသေးသည်။


ရှောက်မင် သူ့ကိုလာထိတာနဲ့ အချိန်တိုင်း သန့်စင်ခန်းဝင်နေလို့မရဘူးလေ။ ဟုတ်တယ်မလား။


၎င်းက သူ့ကို တဏှာရူးတစ်ယောက်ပုံစံနှင့် ပိုတူသွားစေလိမ့်မည်။ သန့်စင်ခန်းထဲမှာ မျက်နှာလာသစ်နေရင်တောင်မှပေါ့။


သူရှောက်မင်ကို ဘယ်လိုမျက်နှာချင်းဆိုင်ရပါ့မလဲ။


ကိုယ်အပေါ်ပိုင်းဗလာဖြစ်နေတာကို တစ်ခါပဲမြင်ရသေးတာလေ။ သူ့ရဲ့ကျန်းမာရေးတောင် ပြောင်းလဲသွားတဲ့အထိဖြစ်သွားတယ်။ သူအရင်က ဘယ်သူ့အပေါ်ကိုမှ မရှက်ခဲ့ဖူးပါဘူး။


ကျူးထုန်မှာ နောက်တစ်ကြိမ်သက်ပြင်းချမိပြန်သည်။ ထိုကိစ္စကိုစိတ်မပူရသေးခင် သူ့အနေဖြင့် အလုပ်ကိုသာဂရုစိုက်ပြီးလုပ်နေသင့်သည်။


သူက မျက်နှာကိုပုတ်ကာ ကိုယ်ကိုဆန့်လိုက်သည်။ မော့ကြည့်လိုက်သည့်အခါ သူ့အနောက်တွင် အပိုပေါ်လာသော ခေါင်းတစ်လုံးကိုမြင်လိုက်ရ၏။


"!"


ကျူးထုန်မှာ အလွန်အမင်းထိတ်လန့်သွားသောကြောင့် တကိုယ်လုံးတုန်ယင်သွားပြီး ဆတ်ခနဲလှည့်ကြည့်လိုက်သည်။ 


"မင်း...ဘယ်တုန်းကတည်းကရောက်နေတာလဲ.."


ရှောက်မင်: "အခုလေးတင်ပဲ.."


"....."


ကျူးထုန်က တံခါးကို နောက်တကြိမ်ကြည့်လိုက်ပြန်သည်။ ဤတစ်ကြိမ်တွင် သူတံခါးပိတ်ရန်မေ့သွားခဲ့ခြင်းဖြစ်လေ၏။


ဒါပေမဲ့ သူဘာလို့ ခြေသံလေးတောင်မကြားမိတာလဲ။


ရှောက်မင်က တမင်တကာ မဖြေဘဲနေလိုက်သည်။ သူ တံခါးမှဝင်လာချိန်တွင် သူ၏ထိုင်ခုံဖော်လေးက ဘေစင်ကိုမှီရင်း ဖြေရှင်းရခက်သည့်ပြဿနာတစ်ရပ်ကိုကြုံနေရသည့်နှယ် သက်ပြင်းချနေသည်ကိုတွေ့လိုက်ရလေ၏။


သူက ကျူးထုန်၏တုံ့ပြန်ပုံကိုကြည့်ချင်၍ အနောက်မှ တိတ်တိတ်လေးပတ်သွားလိုက်သည်။


ကျူးထုန်မျက်နှာပေါ်မှ တုန်လှုပ်နေမှုတို့က အလွန်တရာသိသာနေလေသည်။ သူက ထူးဆန်းနေသောအသံဖြင့်မေးကြည့်လိုက်၏။ 


"ကိုယ်က ကြောက်စရာကောင်းနေလို့လား.."


ကျူးထုန်: "...."


'မင်းက လူအနောက်ကနေတိတ်တိတ်လေးပေါ်လာတာလေ၊ ကြောက်စရာမကောင်းဘူးလား'


အထူးသဖြင့် သူ့လုပ်ရပ်အပေါ် အပြစ်ရှိသည့်ခံစားချက်မျိုးဝင်နေသေးသည့်အချိန်။


သို့ရာတွင် သေချာပေါက် သူ့ဘက်မှဝန်မခံနိုင်ပေ။


ကျူးထုန်က ခေါင်းယမ်းပြကာပြောလိုက်သည်။ 


"မဟုတ်ပါဘူး..မင်းသန့်စင်ခန်းထဲဝင်ချင်လို့လား၊ ငါပြီးပြီ၊ မင်းဝင်လို့ရပြီ.."


သူလှည့်ပြီး အပြင်ထွက်တော့မည့်အချိန်တွင် ရှောက်မင်က ရုတ်တရက် သူ့ကိုတားလာပြီးပြောလေသည်။ 


"မင်းကိုယ့်ကို တစ်မနက်လုံးရှောင်နေခဲ့တာ၊ အခုထိရှောင်နေတုန်းပဲလား.."


ကျူးထုန်က မသိလိုက်မသိဘာသာဖြင့် သူ့ကိုယ်သူကာကွယ်ပြောဆိုလိုက်သည်။ 


"ငါမင်းကိုရှောင်နေတာမဟုတ်ဘူး၊ ငါမင်းကိုရှောင်နေရင် ဆိုင်ကိုဘာလို့လာနေမလဲ..."


ဒါပေါ့။ သူလည်းအစကရှောင်ချင်တာပဲ။ ဒါပေမဲ့ အလုပ်ရှိနေမှတော့လာရပြီပေါ့။


ရှောက်မင်က သူ့စကားကိုကြားဖြတ်ပြောလေ၏။ 


"မနက်က ထွက်လာတုန်းကလည်း လိုက်ကာနောက်ကနေပြီး မင်းကိုယ့်ကိုချောင်းကြည့်နေတာ ကိုယ်မြင်တယ်.."


ကျူးထုန် အထိတ်တလန့်ဖြင့်မော့ကြည့်မိသွားသည်။


ရှောက်မင်ကမူ သနားစိတ်လေးပင်မရှိဘဲဆက်ပြောနေလေ၏။ 


"ကိုယ်မင်းကိုငွေရှင်းစက်အကြောင်းရှင်းပြပေးနေချိန်လေးပဲ မင်းကိုယ့်ကို တစ်ခုခုပြောတာ ဒါပေမဲ့ ရှင်းပြလို့ပြီးသွားရော မင်းကိုယ့်ကို စကားထပ်မပြောတော့ဘူးလေ.."


"....."


"ကိုယ် နို့လက်ဖက်ရည်ဖျော်နေတုန်းကလည်း မင်းကိုမတော်တဆထိလိုက်မိတယ်၊ အဲဒါလည်းပြီးရော မင်းငွေရှင်းကောင်တာကနေမခွာတော့ဘူး.."


"...."


သူ ငြိမ်နေသည်ကိုမြင်သည့်အခါ ရှောက်မင်ကသူ့အား အေးဆေးစွာပင်ကြည့်လာပြီး ပြုံးကာဆိုလာလေ၏။


 "ငြင်းဦးမှာလား.."


ကျူးထုန်: "...."


သခင်လေးမှာ ပြောစရာစကားမရှိတော့ချေ။


'ရှောက်မင်က အကုန်လုံးကို သတိထားမိနေတာလား'


ကျူးထုန်မှာ မနက်အိမ်မှထွက်လာတည်းက လုပ်ခဲ့သောအပြုအမူတိုင်းကို ပြန်တွေးကြည့်သည်။ သူက တကယ်ကို အခြားလူတစ်ယောက်အား အပြစ်ရှိစိတ်ခံစားရအောင် ပြုလုပ်နေသလိုမျိုး ဖြစ်နေခဲ့၏။


သူ သတိမထားမိခင်မှာ တစ်ခုခုကိုဖော်မိသွားတာလား။


ကျူးထုန် မျက်တောင်လေးခတ်နေကာ ရှောက်မင်ကသူ့အားကြည့်လာလေသည်။ 


"မင်းကိုယ့်ကို ဘာလို့ရှောင်နေတာလဲ..."


သခင်လေးအတွက် သူ၏ "စိတ်တည်ငြိမ်အောင်လွှတ်ပေးထားသောနည်းလမ်း" က အလုပ်မဖြစ်သည်ကို သိလိုက်ပြီဖြစ်သောကြောင့် ထိုသူအား တိုက်ရိုက်နှစ်သိမ့်ပေးလိုက်လျှင် ပိုကောင်းလိမ့်မည်။


ကျူးထုန်မှာ ဘာလုပ်ရမလဲမသိတော့ပေ။ မူလက ထိတ်ပျာနေခဲ့ပြီး အသေးစားထိတွေ့မှုလေးကပင် သူ့အားအပြစ်ရှိသလိုခံစားရစေခဲ့သည်။ ရှောက်မင်ထံမှ တိုက်ရိုက်အမေးခံလိုက်ရမှ သူ အလွန်အမင်းစိတ်သက်သာသွားခဲ့၏။


သူ ရှောက်မင်ကိုကြည့်ကာ ဖြေရခက်နေမိသည်။


ရှောက်မင်ကသူ့အား စကားလမ်းကြောင်းဖော်ပေးလာ၏။ 


"မနက်က ကိစ္စကြောင့်လား.."


"......"


"ကိုယ့်ကြောင့်ဆိုရင်တော့..."


"ငါမင်းကိုရှောင်နေဖို့ မရည်ရွယ်ပါဘူး.." 


ကျူးထုန်က ရုတ်တရက်ပြန်ဖြေလိုက်သည်။


ရှောက်မင်မှာ တဒင်္ဂမျှအေးခဲသွားလေသည်။


ကျူးထုန်မှာ မည်သို့ပင်ဖြေပါစေ သူသေရတော့မည်ဖြစ်၍ အမြန်လက်စသတ်လိုက်ရန် တွေးထားခဲ့သည်။ သူက ခေါင်းငုံ့ကာဖြေလိုက်၏။


 "မင်းက မနက်ဆို အစောကြီးထတတ်တယ်ဆိုတာ ငါမသိခဲ့ဘူး၊ မင်းအင်္ကျီမဝတ်ထားမှန်းလည်းမသိခဲ့ဘူး၊ ငါ ဘာလို့နှာခေါင်းသွေးလျှံတာလဲဆိုတာ ငါမသိခဲ့ဘူး၊ ဒါပေမဲ့ ငါ့ဘက်ကမရည်ရွယ်ခဲ့ပါဘူး၊ မင်းတွေးနေသလိုလည်း လုံးဝမဟုတ်ပါဘူး၊ မင်း တစ်ခုခုကိုအထင်လွဲသွားမှာစိုးလို့ ငါလည်း ရှောင်နေမိတာ.."


ရှောက်မင်: "....."


လုံးဝမမျှော်လင့်ထားခဲ့သော အကြောင်းပြချက်ပင်။


သူက တခဏမျှမှင်သက်သွားကာ ပြုံး၍မေးလိုက်သည်။ 


"ဒါကြောင့်လား..."


သူက မနက်ပိုင်းကပြောလိုက်သည့်စကားကြောင့် တဖက်လူကစိတ်ရှုပ်နေရသည်ဟုထင်ပြီး တမင်ပြောလိုက်ခြင်းဖြစ်သည်။ သို့ရာတွင် သူကသာ အတွေးလွန်နေခဲ့သည်ထင်၏။


ကျူးထုန် ခေါင်းညိတ်လိုက်သည်။


ရှောက်မင်က ဆက်ပြောလိုက်သည်။ 


"ဘာတွေရှက်နေတာလဲ၊ ဒီလိုကိစ္စမျိုးက ပုံမှန်ပဲလေ.."


"...."


ဒီလိုကိစ္စမျိုးက ပုံမှန်ပဲလား။


ရှောက်မင်: "ရာသီဥတုက ခြောက်သွေ့နေတော့ မင်းခေါင်းထဲကို အပူတွေဝင်နေမှာပေါ့၊ မင်းအရင်ကပြောခဲ့သလိုပဲလေ.."


ကျူးထုန်: "....."


နေစမ်းပါဦး။ အရင်က ဒီလိုမျိုးအကြောင်းပြရင် ရှောက်မင်က မယုံတတ်ပါဘူး။


တကယ်လည်း ရှောက်မင်က မယုံကြည်ပါချေ။ သို့သော်လည်း တကယ့်အကြောင်းအရင်းမှန်က သခင်လေးအတွက် အလွန်တရာမှရှက်စရာကောင်းနေမည်ကိုသိထား၍ မသိသလိုသာဟန်ဆောင်နေလိုက်ရလေသည်။


တဖက်ရှုထောင့်မှကြည့်ပါက သူလည်း ကိုယ်လုံးတီးဖြင့်လူတစ်ယောက်ကိုတွေ့လျှင် နှာခေါင်းသွေးလျှံနိုင်သည်။ တွေးကြည့်ရုံဖြင့်ပင် ကြက်သီးထစရာကောင်းနေသည်။


ရှောက်မင်: "အခြားလူသာဆိုရင်တော့ ဖြစ်နိုင်မှာပေါ့၊ မင်းသာဆိုရင်တော့ ကိုယ်မရွံပါဘူး.."


ကျူးထုန်က နားမလည်သောမျက်နှာဖြင့်မေးမိလေ၏။ 


"ဘာလို့လဲ.."


ရှောက်မင်က သူ့အား နင့်နင့်နဲနဲကြည့်လိုက်သည်။ သူက တခဏမျှအတွေးနက်နေပြီးသည့်အခါ နှစ်သိမ့်ပေးရန်ဆုံးဖြတ်လိုက်၏။


 "ဘာလို့လဲဆိုတော့ မင်းက ကိုယ့်အပေါ်ရိုးသားလို့၊ ဟုတ်တယ်မလား၊ အဲဒါကြောင့် မင်းကဘယ်တော့မှ ရည်ရွယ်ပြီးလုပ်မှာမဟုတ်ဘူး.."


ကျူးထုန်: "...."


ဒီတော့ ရှောက်မင်က သူ့ကိုအတော်လေးယုံကြည်ထားတာပေါ့။ အဲဒီ နှစ်သက်မှုလေးဆယ့်ခြောက်ရာခိုင်နှုန်းက နောက်နေတာမဟုတ်ဘူးပဲ။


ဒါပေမဲ့ သူကတော့ အပြစ်ရှိစိတ်ဝင်နေတုန်းပဲ။


ရှောက်မင်၏ အဝတ်မပါသောခန္ဓာကိုယ်က သူ့ကိုနှာခေါင်းသွေးလျှံစေသည်အထိ ဆွဲဆောင်နိုင်သည်။


၎င်းက ပြင်းထန်သည်။ မလွန်ဆန်နိုင်ဖြစ်စေသည်။


ရှောက်မင်: "....."


'ဒါပေမဲ့ အဲဒီအတွေးမျိုးဝင်လာအောင် မင်းပဲခွင့်ပြုပေးခဲ့တာလေ'


သူ့မှာ ဖွင့်ပြောမိလုနီးပင်။


 [တကယ်တော့ မင်းကိုယ့်ကိုစိတ်ဝင်စားလည်း ကိုယ်စိတ်မဆိုးပါဘူး..]


သို့သော်လည်း နောက်ဆုံး၌ စိတ်တည်ငြိမ်သွားပြီဖြစ်သော သူ၏ထိုင်ခုံဖော်လေးကို ထပ်မစရဲတော့ပေ။


ရှောက်မင်ကပြုံးရုံသာပြုံးပါသည်။ 


"ဒါဆို မင်းဘာလို့ကိုယ့်ကိုရှောင်နေတာလဲ.."


ကျူးထုန်: "မရှောင်ပါဘူး.."


"ဒါဆိုလည်း အလုပ်ပြန်လုပ်ကြမယ်.."


ရှောက်မင်က ထုံးစံအတိုင်း သူ့ပုခုံးကိုကိုင်ချင်သလိုမျိုး လက်ကိုဆန့်ထုတ်ရင်းပြောလိုက်သည်။ သို့ရာတွင် သူလက်မြှောက်လိုက်သည်နှင့် ကျူးထုန်က ချက်ချင်းနောက်ဆုတ်သွားတော့၏။


"....."


ရှောက်မင်က အသာလေးမျက်ခုံးပင့်သည်။


ကျူးထုန်က အေးအေးလူလူပင် ပြောလာပါ၏။ 


"အခြေအနေအရ တုံ့ပြန်မှု..."


သူရှောင်ရန် မရည်ရွယ်ခဲ့ပေ။


ရှောက်မင်က သူ့ကို အချိန်အနည်းငယ်ကြာသည်အထိကြည့်နေပြီးနောက် ကယ်ရာမဲ့စွာဖြင့်ပြုံးလိုက်ပေ၏။


 "ကိုယ့်အမှားပါ၊ မင်းရှက်သွားမယ်ဆိုတာသိရဲ့သားနဲ့ မနက်က မင်းကို မစလိုက်သင့်ဘူး၊ တောင်းပန်ပါတယ်.."


ကျူးထုန်: "မင်းကြောင့်မဟုတ်ပါဘူး.."


"ဒါဆို ပြန်လျော်ပေးတဲ့အနေနဲ့၊ ကိုယ်မင်းကို အခြေအနေအရဘယ်လိုတုံ့ပြန်ရမလဲဆိုတာ သင်ပေးမယ်..."


ကျူးထုန်: "ဘယ်လိုမျိုးလဲ..."


ရှောက်မင်က သူ့ကိုလက်ဖြန့်ပြလာသည်။


 "မင်းလက် ကိုယ့်ကိုပေး.."


ကျူးထုန်က ဆန့်ထုတ်ထားသောထိုသူ၏လက်ဖဝါးကိုကြည့်ကာ တခဏမျှတွေဝေနေလင့်ကစား လက်ကိုမူပေးလိုက်ပါ၏။ တဖက်လက်အပေါ်ကိုထပ်ပေးလိုက်ပြီးနောက် ထိုသူ၏လက်ချောင်းများက သူ့လက်ကိုတင်းကြပ်နေသည်အထိဆုပ်ထွေးလာခဲ့သည်။


"......"


ကျူးထုန်မှာ မသိလိုက်ခင်မှာပင် သူ့လက်ကိုပြန်ရုတ်ချင်စိတ်ပေါ်လာလေ၏။


ရှောက်မင်က အပြုံးလေးနှင့်ပြောလာခဲ့သည်။ 


"ဘာလို့ကိုယ့်လက်ကနေရုန်းနေတာလဲ.."


ကျူးထုန် သူ့စကားကိုငြင်းဆန်ချင်သည့်အတိုင်း နှုတ်ခမ်းတို့ကိုဖိလိုက်သည်။


ရှောက်မင်က သူ့စကားသူဆက်ပြောပါ၏။ 


"အခြေအနေအရ တုံ့ပြန်မှုကြောင့်လေ ဟုတ်တယ်မလား..."


ကျူးထုန်: "....."


သူ တိတ်ဆိတ်နေသည့်အခါ ရှောက်မင်က ပုံမှန်အတိုင်းသာပြောလာ၏။ 


"ကိုင်ထားဦး..."


ကျူးထုန်မှာ အကြောင်းအရင်းကိုသေချာမသိပါဘဲ မလှုပ်ရှားမိပေ။ သူ့အနေဖြင့် ရှောက်မင်ပြောသော "အခြေအနေအရတုံ့ပြန်မှု" ဆိုသည့်အဓိပ္ပါယ်ကိုသိချင်နေမိသည်။


သို့ရာတွင် အချိန်အတန်ကြာအောင်စောင့်နေပါသော်လည်း တဖက်က ထပ်မလှုပ်ရှားလာတော့၍ သူ့မှာ မနေနိုင်တော့ဘဲ စိတ်ရှုပ်ထွေးနေသောမျက်နှာဖြင့် မော့ကြည့်လိုက်မိသည်။


ရှောက်မင်က သူ့ကိုကြည့်ကာပြောလာလေ၏။ 


"မင်းအခု လက်ပြန်ရုတ်ချင်သေးလား..."


ကျူးထုန်: "....."


ရုတ်တရက်ပင် ကျူးထုန်မှာ တဖက်လူပြောသည့်စကားကိုနားလည်သွားပြီး ခါးသက်သက်ပြုံးလိုက်မိသည်။ 


"မင်းကတော့လေ..."


ရှောက်မင်: "ဒါကို အဆိပ်ကိုအဆိပ်နဲ့ပြန်တိုက်တယ်လို့ခေါ်တယ်၊ ထိရောက်ပြီးလွယ်ကူတယ်မလား..."


ကျူးထုန်: "မင်းကငါ့ကို အကျင့်ဖြစ်အောင်လုပ်နေတာပဲ.."


ရှောက်မင်က မငြင်းနေတော့ပေ။ ကိုင်ထားသည့်လက်ကိုဖြေလျှော့ပေးလိုက်ကာ ကျူးထုန်၏လက်ချောင်းများကြားထဲသို့ သူ့လက်ချောင်းများကိုထည့်ပြီး အပြန်အလှန်ရစ်ပတ်ထားလိုက်၏။


သူ့လက်ဖဝါးက ရှောက်မင်၏လက်ဖဝါးနှင့်ထိကပ်နေခဲ့သည်။ မနက်ပိုင်းက ထိတွေ့ခဲ့ရသောအေးစက်စက်ခံစားချက်မျိုးမရတော့ဘဲ ယခုမူ ရှောက်မင်၏လက်ဖဝါးပြင်မှာနွေးထွေးနေလေသည်။


ကျူးထုန်မှာ တဒင်္ဂမျှမှင်သက်သွားကာ ယခုပုံစံက အလွန်တရာထူးဆန်းနေသလိုခံစားရလေ၏။


သူက လက်ပြန်ရုတ်ချင်လာသော်လည်း ရှောက်မင်က သူ့လက်တို့ကိုအသာလေးအားထည့်လိုက်သည်။ သူက ကျူးထုန်၏မျက်လုံးတို့ကို တည့်တည့်စိုက်ကြည့်နေလေ၏။ 


"အခုရော အကျင့်ဖြစ်သွားပြီလား..."


ကျူးထုန်: "ငါ..."


"မင်ကော...ဒီလောက်ကြာနေပြီ ဘာလို့ထွက်မလာသေးတာလဲ၊ လောင်အာ့က မေးခိုင်းလိုက်တယ်၊ ရေခဲပိုက်ကြီးတွေရ.."


"....."


"......"


အလျင်လိုနေသောအသံက သန့်စင်ခန်းတံခါးဝတွင်ပင်ရပ်သွားခဲ့သည်။ လူနှစ်ယောက် အပြန်အလှန် လက်ချင်းယှက်ထားကြစဥ်အတွင်း လေထုမှာ တမျိုးတမည် ရိုမန့်တစ်ဆန်နေလေသည်။


လော့ရှိုးမျက်လုံးတို့မှာ ယုံကြည်ရခက်နေသည့်နှယ် ပြူးကျယ်သွားခဲ့သည်။


"မင်းတို့နှစ်ယောက်..."


ကျူးထုန်က သူကြည့်သည့်အတိုင်း ငုံ့ကြည့်မိသည်။ သူ့လက်ချောင်းများကြားမှ အထိအတွေ့လေးမှာ ပျောက်ကွယ်သွားခဲ့ပြီ။ သူက အနည်းငယ်မှင်သက်နေပြီးမှ လက်ကိုအမြန်ပြန်ရုတ်လိုက်သည်။ 


လက်ဖဝါးပေါ်မှ စိတ်ကျေနပ်ဖွယ် နူးညံ့သည့်ပွတ်တိုက်မှုလေးနှင့် လျှပ်စီးကြောင်းပမာထိတွေ့မှုလေးက တပြိုင်တည်းပျောက်ကွယ်သွားခဲ့သည်။ ရှောက်မင်မှာ အနည်းငယ် မကျေမနပ်ဖြစ်နေပြီးမှ တံခါးဘက်သို့လှည့်ကာစိုက်ကြည့်နေလေ၏။


လော့ရှိုးမှာ ခဏတွင်းချင်းကြောင်အသွားကာ ခေါင်းလေးပုဝင်သွားလေသည်။ 


"ဆောရီး၊ ငါဘာမှမမြင်လိုက်ဘူးနော်.."


ထို့နောက် သူက စက္ကန့်ပိုင်းအတွင်း ထွက်ပြေးသွားတော့သည်။


နောက်တစ်စက္ကန့်အကြာ၌ သန့်စင်ခန်းတံခါးကိုပြန်ပိတ်ရန်အတွက်နှင့် နောက်တစ်ခါပြန်ပေါ်လာပြန်သည်။


"ဘန်း"


"....."


မီးမဖွင့်ထားသောသန့်စင်ခန်းမှာ ချက်ချင်းဆိုသလို မည်းမှောင်သွားလေတော့၏။


ပိတ်ထားသောသန့်စင်ခန်းတံခါး၊ ခပ်မှိန်မှိန်မီးရောင်၊ နစ်ဝင်မတတ်နီးကပ်နေသောလူနှစ်ယောက်၊ ယှက်နွယ်နေသောအသက်ရှူသံများ...။


ယခုလေးတင် တွယ်ဆက်နေခဲ့သောလက်ချောင်းများမှ အာရုံခံစားမှုလေးက ကျန်ရစ်နေသေးသည်။ တစ္ဆေဆန်သောထိတွေ့မှုက သူ၏အခုန်မြန်နေသောနှလုံးကို တုန်ယင်သွားစေခဲ့၏။


ယခုလိုအခြေအနေမျိုးကို အထင်မလွဲဘဲရှင်းပြ၍မဖြစ်ပေ။


ကျူးထုန်မှာ ကြောင်အသွားပြီးနောက် နားလည်သွားလေသည်။ 


"သူ..."


ရှောက်မင်: "လော့ရှိုးက ဦးနှောက်ကောင်းတဲ့ကောင်မဟုတ်ဘူး၊ သူ့ကိုဂရုစိုက်မနေနဲ့..."


"......"


"ကိုယ်တို့လည်းအပြင်ထွက်ရအောင်.."


ကျူးထုန် ခေါင်းညိတ်လိုက်၏။


 "အိုကေ..."


လက်တစ်ဖက်က သူ့ပုခုံးပေါ်ကို တွယ်ချိတ်လာသည်။ သို့သော်လည်း ယခုလေးတင် "ဖြေရှင်းပြီး"ဖြစ်၍ ကျူးထုန်မှာ တဒင်္ဂမျှသာတုန့်ဆိုင်းအေးသွားပြီး ခပ်မြန်မြန်ပင် အသားကျသွားပြန်သည်။


ရှောက်မင်က ကျေနပ်ပျော်ရွှင်စွာဖြင့် နှုတ်ခမ်းတို့ကိုတွန့်ကွေးလိုက်လေသည်။



🤒