Chapter 66
Viewers 18k

🤒အခန်း ၆၆



ယခုလေးတင် ရေချိုးခန်းထဲတွင်ရှိခဲ့စဥ်က ရှောက်မင်၏ ရုတ်တရက်စိတ်ပြောင်းလဲသွားမှာ အနည်းငယ်မျှ ထူးဆန်းနေသလိုရှိသည်။


အစပိုင်း၌ ထိုသူက အလွန်အမင်းစိတ်ဝင်စားနေပြီး နောက်ပိုင်း၌မူ လုံးဝစိတ်မပူနေတော့ပေ။ မပျော်မရွှင်ဖြစ်သွားသည်ဟုထင်ရသော်လည်း နှစ်သက်မှုရာခိုင်နှုန်းကမြင့်သွားသေးသည်။ 


အားလုံးက နားမလည်နိုင်စရာများဖြစ်နေလေ၏။


နှစ်သက်မှုရာခိုင်နှုန်းတိုးလာသည်က ကောင်းသည့်အချက်ဆိုသော်လည်း သူကမူ ရှက်နေမိသေးသည်။


ကျူးထုန်မှာ မျက်နှာကိုသာအုပ်ထားလိုက်မိ၏။


ရုတ်ချည်းပင် ရှောက်မင်၏အခန်းဘက်မှ ခပ်အုပ်အုပ်အသံတစ်စထွက်လာသည်။ ကျူးထုန်မှာ ကြောင်အသွားရကာ ချက်ချင်းပင်ဓားနှင့်ခက်ရင်းကိုကောက်ကိုင်ပြီး မနက်စာကိုစတင်စားလေတော့၏။


ရှောက်မင်က အဝတ်အစားဝတ်ပြီး အခန်းအပြင်ကိုထွက်လာသည်။ အခန်းဖော်လေး၏ ရေကြီးသုတ်ပျာဖြစ်နေပုံကိုမြင်သည့်အခါ မနေနိုင်ဘဲပြုံးမိကာ တွေးလိုက်လေသည်။ 


'အာ..သူက ငါရှေ့ဆက်တိုးမယ်လို့ထင်နေတာလား၊ ဒီသခင်လေးက...တော်တော်လေးကြောက်တတ်ပုံရတယ်'


သူက ဖြည်းဖြည်းချင်းလျှောက်သွားလိုက်ကာ ကျူးထုန်နှင့်မျက်နှာချင်းဆိုင်တွင် ထိုင်ချလိုက်ပြီး ညင်သာသောအသံဖြင့် မေးလိုက်လေသည်။ 


"အရသာဘယ်လိုလဲ.."


ကျူးထုန်: "အရမ်း..ကောင်းတယ်..."


ရှောက်မင် စကားပြောနေသည်ကိုရပ်လိုက်ပြီး မနက်စာကိုသာ အာရုံစိုက်ပြီးစားလိုက်သည်။


မနက်စာစားပြီးသည့်အချိန်တွင် ခုနစ်နာရီခွဲကျော်သွားပြီဖြစ်ကာ "ချိန်းဆိုထားသောအချိန်" ရောက်ရန် သိပ်မကြာတော့ပေ။


နှစ်ယောက်သား ရိုးရိုးရှင်းရှင်းပင်သန့်ရှင်းရေးလုပ်လိုက်ကြပြီး အခန်းကိုယ်စီမှ နို့လက်ဖက်ရည်ဆိုင်ရှိရာသို့ တန်းပြီးသွားလိုက်ကြသည်။


ခြံဝန်းထဲမှအထွက်တွင် ရှောက်မင်က စက်ဘီးကိုတွန်းထုတ်လာပြီး ထုံးစံအတိုင်း ကျူးထုန်က အနောက်ခုံတွင်ထိုင်ရန်စီစဥ်လိုက်သည်။ သို့ရာတွင် ရုတ်တရက် အရှေ့ကိုသွားနေရာမှ ခြေလှမ်းတို့ကရုတ်ချည်းရပ်သွားခဲ့၏။


သူကစက်ဘီးပေါ်မှ ရှောက်မင်ကိုကြည့်ကာ တမဟုတ်ချင်း မီးဖိုချောင်ထဲတွင်တွေ့ခဲ့ရသောပုံရိပ်တို့က သူ့အား လွှမ်းမိုးသွားလေသည်။


ရှောက်မင်၏ခါး၊ ရှောက်မင်၏ကျောပြင်...


သူ့ခမျာ စက်ဘီး၏အနောက်ခုံတွင်ထိုင်နေပြီး ရှောက်မင်၏ခါးတဖက်ကိုကိုင်ထားရကာ သူ၏ကျောပြင်ရှိကြွက်သားများနှင့် တစ်လက်မထက်မနည်းခွာထားလိုက်လေ၏။


"......"


ယခုလေးတင် ငြိမ်သွားရုံရှိသေးသောကျူးထုန်၏ဦးနှောက်က ချက်ချင်းပင် ပူကျစ်လာပြန်သည်။


ရှောက်မင်က နားမလည်နိုင်သည့်ပုံစံဖြင့်လှည့်ကြည့်လာ၏။


ကျူးထုန်မှာ ခဏတွင်းချင်းပင် အပြစ်ရှိစိတ်ဝင်သွားမိလေသည်။ 


"ငါ...ငါ အခုမှသတိရတယ်၊ ငါဦးလေးလျိုနှင့်လုပ်စရာရှိသေးတယ်၊ မင်းအရင်သွားနှင့်လိုက်၊ ငါခဏနေမှ အဲဒီအထိ ဦးလေးလျိုကိုလိုက်ပို့ခိုင်းလိုက်မယ်..."


ရှောက်မင်: "....."


သူ့မှာ သခင်လေး အဝေးကြီးသို့ထွက်ပြေးသွားမည်ကို တကယ်ပင်ကြောက်နေခဲ့ရသည်။


သူ ဖုန်းထဲမှအချိန်ကိုငုံ့ကြည့်မိသည်။ သခင်လေး၏ အရိုးအတွင်းထဲအထိစွဲလုနီးပါးဖြစ်နေသော "တာဝန်သိစိတ်" ကို သိနေသောကြောင့် ထိုသူမှာ အချိန်ပိုင်းအလုပ်မှထွက်ပြေးမည်တော့မဟုတ်ပေ။ ရှောက်မင်က လက်မခံချင်သော်လည်း ပြုံးပြလိုက်သည်။ 


"အိုကေ၊ ဒါဆို ကိုယ်အရင်သွားနှင့်ပြီ..."


ကျူးထုန်က ခေါင်းညိတ်ပြလိုက်သည်။ ပြီးနောက် လှည့်သွားကာ ဦးလေးလျို၏အခန်းတံခါးကိုခေါက်လိုက်၏။


တံခါးက အလျင်အမြန်ပွင့်သွားကာ ဟသွားရုံရှိသေးစဥ် ကျူးထုန်မှာ မစောင့်နိုင်တော့ဘဲ အထဲသို့ဝင်သွားပြီး အထဲသို့ရောက်သည်နှင့် တံခါးပိတ်လိုက်သည်။


သို့ရာတွင် မကြာခင်မှာပင် ပြတင်းပေါက်ရှိလိုက်ကာ၏ထောင့်လေးက အသာလေးပင့်တက်သွား၏။


ရှောက်မင်ကနှုတ်ခမ်းတို့ကိုဖိလိုက်ပြီး မျက်နှာကိုပြန်တည်လိုက်သည်။ ဘာကိုမှသတိမထားမိသလိုဟန်ဆောင်ကာ ခြံအဝမှတဆင့် စက်ဘီးကိုနင်းကာထွက်သွားလေတော့သည်။


ငှားနေသည့်အိမ်ထဲမှကျူးထုန်ကမူ လိုက်ကာအနောက်တွင်ပုန်းနေရင်း ရှောက်မင်ထွက်သွားသည်ကိုမြင်မှ စိတ်အေးသွားလေသည်။


သူ့အနောက်မှဦးလေးလျိုကမူ ထူးဆန်းနေသည့်မျက်နှာဖြင့်မေးလာလေ၏။ 


"သခင်လေး ဘာကိုကြည့်နေတာလဲ.."


ဒီနေ့က အမျိုးသားနေ့အားလပ်ရက်လေ။ ဘာလို့ အိပ်ရေးဝအောင်မအိပ်တာလဲ သခင်လေးရဲ့။ မနက်စောစောစီးစီး သူ့အခန်းထဲလာပြီး ပုန်းလျှိုးကွယ်လျှိုးနဲ့။


ကျူးထုန်က ဦးလေးလျိုကို လှည့်ကြည့်လိုက်သည်။ သူ့မှာ ရှက်စရာကောင်းသောကိစ္စကိုမပြောရဲသောကြောင့် သက်ပြင်းရှိုက်လိုက်လေသည်။


သူဘာလို့နှာခေါင်းသွေးလျှံရတာလဲ။


စနစ်က သူ့အား တားလာလေသည်။ 


'မင်းအတွေးတွေကိုထိန်းဦးဟ'


ကျူးထုန်: "....."


'မင်းလိုအရွယ်နဲ့ကောင်လေးတစ်ယောက်မှာ လိင်ရဲ့လိုအင်ဆန္ဒတွေရှိလာတတ်တယ်၊ မင်းက ကျန်းမာရေးမကောင်းလို့သာ အဲဒါမျိုးမကြုံရဖူးတာ၊ အခုမင်းရဲ့ခန္ဓာကိုယ်က နည်းနည်းသက်သာလာတော့ ရုတ်တရက်ကြီး တက်ကြွလာတာပေါ့၊ မင်းရဲ့တုံ့ပြန်မှုကပြင်းထန်နေတာ ပုံမှန်ပဲ'


ကျူးထုန်: "....."


ဒါပေမဲ့ ရှောက်မင်ကို တုံ့ပြန်တာကတော့မဟုတ်သေးဘူးလေ။ သူ့ရဲ့အချစ်ဦးက "မိန်းကလေး" ဖြစ်သင့်တာမလား။


ကျူးထုန်က သူ၏လော့ဂျစ်ကျလှသော ဆန်းစစ်ကြောင့် တွန့်ခနဲဖြစ်သွားလေသည်။


'ငါက ယောကျ်ားတွေကိုကြိုက်တာများလား'


အစက သူ ကျန်းမာရေးမကောင်းခဲ့သောကြောင့် လက်ထပ်ဖို့အရေးကို တစ်ခါမှမတွေးခဲ့မိပေ။ ပုံမှန်တွင် သူ၏ လိင်ဆန္ဒနှင့်ပတ်သက်၍ တွေးမိသည့်အရာမရှိ။ အားလုံးက သူ မိန်းကလေးတစ်ယောက်ကိုလက်ထပ်လိမ့်မည်ဟုမျှော်လင့်ထားခဲ့လေရာ သူ့ထံတွင်မေးခွန်းမရှိခဲ့သလို မည်သူ့အပေါ်မှလည်းခံစားချက်မရှိခဲ့ဖူးပေ။


သို့ရာတွင် ယနေ့ ရှောက်မင်ကြောင့် သူနှာခေါင်းသွေးလျှံခဲ့ရသည်။


မီးဖိုချောင်ထဲမှ သူ၏ရှက်ရွံ့စရာအခြေအနေကို ပြန်တွေးမိသည့်အခါ ကျူးထုန်မှာ သူ့မျက်နှာကိုထပ်အုပ်လိုက်မိပြန်သည်။


အသက်ရှင်နေရတာ မတန်တော့ဘူး။


အခု သူ့မျက်နှာကိုဘယ်နားသွားထားရတော့မှာလဲ။


သူဘာလုပ်ရတော့မှာလဲ။


ရှောက်မင်က သူ့ကို နှာဘူးလို့တော့ မထင်သွားလောက်ပါဘူးနော်။


ဦးလေးလျိုက သူ၏တိုင်ပတ်နေပုံကိုကြည့်ကာ စိတ်ပူသွားသည့်မျက်နှာဖြင့်မေးလာရှာလေ၏။ 


"သခင်လေး၊ နေကောင်းရဲ့လား၊ မသက်မသာဖြစ်နေလို့လား၊ ဆေးရုံကိုခေါ်သွားပေးရမလား..."


ကျူးထုန်: "...."


"မလိုပါဘူး.." 

ကျူးထုန်ကပြန်ဖြေလိုက်သည်။ 

"ဦးလေးလျို၊ အခု ဘယ်အချိန်ရှိပြီလဲ.."


ဦးလေးလျိုက သူ့လက်ပတ်နာရီကို တစ်ချက်ကြည့်လိုက်သည်။ 

"ခုနစ်နာရီ ငါးဆယ့်ခြောက်..."


ကျူးထုန် လန့်ဖျတ်သွားလေသည်။ 

"ခုနစ်နာရီငါးဆယ့်ခြောက်..."


ဦးလေးလျိုကပြန်မေးလာသည်။ 

"ဟုတ်တယ်လေ၊ ဘာဖြစ်လို့လဲ သခင်လေး..."


"သွားပြီ၊ နောက်ကျတော့မယ်..." 

ကျူးထုန်က ဦးလေးလျိုကို အပြင်အထိတွန်းထုတ်သွားလေ၏။

 "သွားမယ် ဦးလေးလျို ကျွန်တော့်ကို အခုပဲ ရှင်းရှင်းပလာဇာကိုလိုက်ပို့ပေးပါ.."


ဦးလေးလျို: "...."


'ဘာကိုနောက်ကျတာလဲ၊ ဒီနေ့က အားလပ်ရက်လေ၊ မနက်အစောကြီးကို သူဘာလုပ်မလို့လဲ'


သူတို့မှာ သုတ်သီးသုတ်ပြာဖြင့် ပြေးလာခဲ့ကြရ၏။ ကံကောင်း၍ ဆယ်မိနစ်အကျော်တွင်ရောက်သွားခဲ့ပြီး နို့လက်ဖက်ရည်ဆိုင်ကမူ မဖွင့်သေးပေ။


နို့လက်ဖက်ရည်ဆိုင်က ကိုးနာရီခွဲမှဖွင့်ခြင်းဖြစ်သည်။ ကျူးထုန်ရောက်သွားချိန်တွင် ရှောက်မင်က ကောင်တာအနောက်တွင် နို့လက်ဖက်ရည်အတွက်လိုအပ်သော ပါဝင်ပစ္စည်းများကို ပြင်ဆင်နေပြီး အမေဖြစ်သူကမူ သန့်ရှင်းရေးလုပ်နေလေ၏။


ကျူးထုန်ကတံခါးကိုတွန်းဖွင့်ကာ အထဲသို့ဝင်သွားလိုက်ပြီး "ဒေါ်လေး" ဟု ယဥ်ယဥ်ကျေးကျေးနှုတ်ဆက်လိုက်သည်။


ရှောက်ယွိကျယ်က လူငယ်လေးအသံကိုကြားရသည့်အခါ လှည့်ကြည့်လာပြီး အနည်းငယ်အံ့ဩသွားလေသည်။ 


"ကျူးထုန် ဘာလို့အစောကြီးလာတာလဲ..."


ရှောက်ယွိကျယ်က ယခုလိုသန့်ပြန့်ပြီးချစ်စရာကောင်းသော ဆယ်ကျော်သက်လေးများဆိုလျှင်သဘောကျတတ်သည်။ အထူးသဖြင့် ရှောက်မင်ထံမှ အထူးအရေးပေးဆက်ဆံခံရသူမှန်း သိထားချိန်တွင်ဖြစ်လေ၏။


ဒါပေမဲ့ ဒီကောင်လေးက ဆိုင်တောင်မဖွင့်သေးတာကို ဘာလို့ရောက်လာတာလဲ။


ကျူးထုန်က ကောင်တာကိုဖျတ်ခနဲလှမ်းကြည့်သည်။ 


"ကျွန်တော်က အချိန်ပိုင်းအလုပ်လုပ်ဖို့လာတာပါ.."


ရှောက်ယွိကျယ်မှာ မှင်သက်သွားရ၏။ 


"အချိန်ပိုင်းအလုပ်အတွက်လား..."


သူမက ကြည့်တတ်သည့် မျက်လုံးတစ်စုံကိုပိုင်ဆိုင်ထားသည်။ ကျူးထုန်၏ ဈေးကြီးမည့်အဝတ်အစားများကို ကြည့်လိုက်သည်နှင့် အချိန်ပိုင်းအလုပ်လိုအပ်နေသူမဟုတ်မှန်းသိနိုင်၏။


ဘဝအတွေ့အကြုံလိုချင်လို့များလား။


သူမမှာ ရှောက်မင်ကို ထပ်ကြည့်မိပြန်၏။


ရှောက်မင်က သူ့ကိုလှမ်းကြည့်လာကာ မျက်နှာပေါ်တွင်အပြုံးတစ်ပွင့်ပေါ်လာလေသည်။ 


"ဦးလေးလျိုကို ပြောခဲ့လား..."


ကျူးထုန်: "....."


သူက မုသားပြောရမည်ကိုမုန်းတီးသည်။


ရှောက်မင်၏စကားကို ကြားကြားချင်းမှာပင် သူ့မှာအပြစ်ရှိစိတ်ကိုခံစားလိုက်ရပြီး မျက်နှာပူလာလေ၏။


သူက တဖက်လှည့်လိုက်ကာ တွန်းဖွင့်ထားသည့်တံခါးကိုအသာပြန်ပိတ်လိုက်ပြီး စိတ်လှုပ်ရှားမှုလှိုင်းတို့က သူ့တကိုယ်လုံးတွင်ဖြာထွက်လာလေသည်။


ရှောက်ယွိကျယ်: "?"


သူမမှာ နားမလည်နိုင်ဖြစ်နေသော်လည်း ရှည်ရှည်ဝေးဝေးထပ်မမေးတော့ပေ။


ရှောက်မင်က ကောင်တာအနောက်မှတဆင့် သူ့အားလှမ်းခေါ်နေ၏။ 


"ဒီကိုလာခဲ့၊ ပိုက်ဆံကိုဘယ်လိုစာရင်းသွင်းလဲဆိုတာသင်ပေးမယ်..."


ကျူးထုန်: "....."


သူ ပြောစကားနားထောင်ပြီး သွားလိုက်သည်။ ယခင်က သူဘာမှမသိခဲ့ရသော်လည်း ယခုတော့ သူသင်ယူရတော့မည်။ ရှောက်မင်၏စကားက ပုံမှန်ပြောနေကျအတိုင်းပင်။


မနက်ကဖြစ်ခဲ့သည့်ကိစ္စကိုပင် တကယ် စိတ်ထဲမထားတော့ပုံရသည်။

ကျူးထုန်က ကောင်တာအနောက်ကိုလျှောက်သွားလိုက်၏။


ရှောက်မင်က သူအာရုံမရှိမှန်းသိနေသည့်တိုင် ဘာမှမပြောပေ။ ဘာကိုမှသတိမထားမိသလို ပိုက်ဆံစာရင်းသွင်းစက်ကို သူ့ထံ တိုးပေးပြီး လုပ်ငန်းစဥ်တို့ကိုစတင်ရှင်းပြလာလေသည်။


တစ်ခုခုကိုသင်ယူနေချိန်တွင် ကျူးထုန်က အမြဲအာရုံစိုက်နိုင်သည်။ ခဏအကြာ၌ ပိုက်ဆံစာရင်းသွင်းစက်၏အလုပ်လုပ်ပုံကိုနားလည်သွားပြီး တကိုယ်လုံးတင်းထားသမျှမှာ အတော်လေးပြေလျော့သွားခဲ့သည်။


ပိုက်ဆံစာရင်းသွင်းစက်၏လုပ်ဆောင်ပုံက ရိုးရှင်းပါသည်။ နို့လက်ဖက်ရည်ဆိုင်မှ အဝယ်စာရင်းအတိုင်း ဈေးနှုန်းကိုတွက်ချက်ပြီး ဝယ်သူ၏ QR ကုဒ်ကို အတည်ပြုပြီးသည်နှင့် ဘေလ်ကိုရိုက်ထုတ်လိုက်ရုံသာဖြစ်သည်။


"လာ...စမ်းလုပ်ကြည့်..."


တစ်ခါသင်ပြပြီးသည့်နောက် ရှောက်မင်က အနည်းငယ်နောက်ဆုတ်လိုက်ပြီး ကျူးထုန်ကိုစမ်းလုပ်ကြည့်ခိုင်းလိုက်သည်။


ကျူးထုန်က ကစားစရာအသစ်ရသွားသလိုမျိုး စိတ်ဝင်စားမှုအပြည့်ဖြစ်နေလေသည်။


သူက ရှောက်မင်သင်သွားသည့်အတိုင်း လုပ်လိုက်၏။ ကောင်းမွန်စွာလုပ်နိုင်ခဲ့သော်လည်း လက်နှေးနေသေးသည်။


သူက စိုးရိမ်စိတ်ဖြင့်မေးလိုက်ပါ၏။


 "ငါဒီလိုလုပ်နေရင် ဆိုင်အလုပ်တွေနှေးသွားမှာလား..."


"မနှေးပါဘူး.." 

ရှောက်မင်က ပြန်ဖြေသည်။ 

"နောက်တစ်လုံးရှိသေးတယ်၊ မင်းဘက်မှာလူအရမ်းများနေရင် ကိုယ်က အဲဒီဘက်မှာလုပ်နေမှာ.."


 á€›á€žá€ąá€Źá€€á€şá€™á€„á€şá€€á€œá€Šá€şá€¸ သူ့အား အလုပ်လုပ်မလုပ်ခိုင်းချင်ပေ။ ထိုသူကို ယခုအတိုင်းလေး ရှိနေစေချင်ရုံသာ။


ကျူးထုန်က စိတ်ချသွားပုံရသည်။ ထိုသူက ခေါင်းညိတ်ပြလိုက်ပြီး ပြောစရာရှိသလိုမျိုးပြန်လှည့်လာပြန်သည်။ ရှောက်မင်၏မျက်လုံးများနှင့်ဆုံလိုက်ရသောအခါ သူပြောမည့်စကားများက လည်ချောင်းထဲတွင်တစ်သွားလေ၏။ မျက်နှာထက်မှအပူဓာတ်က နောက်တဖန် ဆောင့်တက်လာပြန်သည်။


သူက အမြန်ခေါင်းပြန်လှည့်လိုက်ပြီး မကြာသေးခင်ကပုံစံအတိုင်း အာရုံစိုက်ပြီးပြန်လုပ်နေပြန်သည်။ အံ့အားသင့်စရာကောင်းစွာဖြင့် ဤတခေါက်က ပိုမြန်နေ၏။


ရှောက်မင်: "....."


သူ့မျက်နှာက ဒီလောက်တောင် သက်ရောက်မှုရှိတာလား။


ကျူးထုန်၏လက်တို့က ရှောက်မင်၏ "စောင့်ကြည့်မှု" အောက်၌ ပိုက်ဆံစာရင်းသွင်းစက်အပေါ်တွင် အလျင်အမြန်လှုပ်ရှားနေ၏။ သူ၏အလုပ်လုပ်ပုံက အံ့ဩဖွယ်ရာကောင်းသော်လည်း ရှောက်မင်၏မျက်နှာကိုမူ လုံးဝပြန်လှည့်မကြည့်ရဲပေ။ ကြည့်မိလိုက်သည်နှင့် သူ့နားရွက်များ ရဲနေသည်ကိုတွေ့သွားလိမ့်မည်။


ရှောက်မင်က သူ့အားမနှောင့်ယှက်မိစေရန် ပါးစပ်မဟ၊ အသံမထွက်ဘဲသူ့ကိုကြည့်နေလိုက်၏။


ကိုးနာရီမထိုးမှီတွင် လော့ရှိုးက တံခါးကိုတွန်းဖွင့်ကာ ဆိုင်ထဲဝင်လာ၏။ အလုပ်လုပ်သည့်အဝတ်အစားကိုဝတ်ပြီးသည့်နောက် အချို့သောပြင်ဆင်စရာများအတွက် ကောင်တာကိုရောက်လာသည်။ မကြာခင်မှာပင် နှစ်ယောက်ကြားမှ ထူးဆန်းနေသည့်လေထုကို သိရှိသွားလေသည်။


ကျူးထုန်က ကောင်တာရှေ့တွင် လေ့ကျင့်နေစဥ် လော့ရှိုးက ရှောက်မင်အနားကိုအသာလေးကပ်သွားပြီး ပြောလိုက်၏။


 "မင်းတို့နှစ်ယောက် ရန်ဖြစ်နေကြတာလား..."


ရှောက်မင်က မျက်ခုံးပင့်သွားပြီး ပြန်မေးလေ၏။ 


"မင်းကဘာလို့အဲဒီလိုထင်ရတာလဲ.."


လော့ရှိုးက ကျူးထုန်ကိုလှည့်ကြည့်သည်။


ရန်ဖြစ်တာမဟုတ်ဘူးဆိုရင်လည်း ဘာလို့သူတို့ပုံစံက ထူးဆန်းနေတာလဲ။ ရှောက်မင်က ဘယ်လိုလုပ် လိုလိုလားလားနဲ့ ကျူးထုန်ကို ကောင်ရှေ့မှာထားနိုင်ရတာလဲ။


မနေ့ညက သူတို့နှစ်ယောက်ပြန်သွားတုန်းကအထိ အဆင်တွေပြေနေခဲ့ကြတာမဟုတ်ဘူးလား။


သူပဲ အတွေးလွန်နေတာလား။


လော့ရှိုးက သူကိုယ်တိုင်ပင်တစ်ခုခုကို အထင်လွဲသွားသလားဟု သံသယဝင်သွားမိသည်။ ရှောက်မင်က ရုတ်တရက်ပြုံးကာပြန်ဖြေလိုက်၏။ 


"အင်း...နည်းနည်းတော့ထူးဆန်းနေတယ်..."


လော့ရှိုး: "......"


ဒီကောင့်ပုံစံက ဘာလို့ဒီလောက်တောင်ပျော်နေရတာလဲ။


"မင်းသူ့ကို စိတ်ဆိုးအောင်လုပ်ထားတယ်မလား၊ ဘာလို့မချော့တာလဲ..." 


လော့ရှိုးက ထူးဆန်းနေသောတိတ်ဆိတ်မှုအပြီးတွင် မေးလိုက်သည်။


နေဦး။ ဘာလို့ "ချော့တယ်" ဆိုတဲ့စကားလုံးကြီးကို သုံးရတာလဲ။


ဘယ်သူက ဘယ်သူ့ကိုချော့ရမှာလဲ။ သူကရော ဘာလို့စိတ်ရှုပ်နေရတာလဲ။


ရှောက်မင်က အကူအညီမဲ့စွာဖြင့်ပြန်ဖြေပါ၏။ 


"ငါချော့ပြီသွားပြီ.."


လော့ရှိုးက ကောင်တာအရှေ့တွင် ပိုက်ဆံသွင်းစက်နှင့်ရန်ဖြစ်နေသူကိုကြည့်လိုက်သည်။ သူ၏စိတ်အခြေအနေကရှုပ်ထွေးသွားလေ၏။ 


"ဒါလား ချော့လိုက်တဲ့ရလဒ်ကလေ..."


ရှောက်မင်ကလည်း ကျူးထုန်ကိုလှည့်ကြည့်လိုက်သည်။ သူ၏ သဘောကျနေသောအပြုံးက ပို၍

ကျယ်ပြန့်လာလေ၏။ 


"ရပါတယ်၊ သူ့ကိုအရင်စိတ်ပြေသွားအောင် လွှတ်ထားပေးလိုက်..."


လော့ရှိုးကမူ ထိုသူ၏တွေးခေါ်ပုံကို လုံးဝနားမလည်နိုင်တော့ပေ။


ဒီလိုစစ်အေးတိုက်ပွဲမျိုးမှာ "သူဟာသူစိတ်ပြေသွားအောင် လွှတ်ထားပေးလိုက်" ဆိုတာမျိုးက အကြီးမားဆုံး အတားအဆီးကြီးပဲကွ၊ မင်းသိရဲ့လား။


သူက စကားပြောနေသည်ကိုခဏရပ်လိုက်သည်။ လှောင်ချင်နေသောမျက်လုံးများဖြင့် သူပြောလိုက်ပါ၏။ 


"မင်ကော၊ မင်းက ငတုံးနဲ့တူတယ်..."


ရှောက်မင်က သူ့ကို မကန်ဘဲမနေနိုင်တော့ပေ။ 


"လူလိုပြောစမ်း.."


လော့ရှိုးက ကိုယ်ကိုကိုင်းပြီး သူကန်လိုက်သည့်နေရာကိုပုတ်လိုက်ကာ ခပ်တည်တည်ပင်ပြောလေသည်။ 


"ငါလူလိုပြောနေတာပဲ.."


"......"


"အာ..ဘာဖြစ်ဖြစ်..ငါ့ဦးလေးကပြောတယ်၊ ချိုးရှောက်ဖျင်က မကြာခင်လွတ်လာတော့မယ်တဲ့၊ မင်းဘယ်လိုလုပ်မှာလဲ.."


လော့ရှိုးဦးလေးက ထောင်စောင့်အလုပ်လုပ်နေသည်။ ရာထူးသိပ်မကြီးသည့်တိုင် သတင်းအမြောက်အမြားကို ကြိုသိနိုင်သည်။ ယင်းအပြင် ရဲစခန်းတွင် သူနှင့်သိသည့် မိတ်ဆွေအများအပြားလည်းရှိနေသေးသည်။

လွန်ခဲ့သောငါးနှစ်က ရှောက်မင်က ချိုးရှောက်ဖျင်ကိုထောင်ထဲပို့ခဲ့ပြီး လော့ရှိုး၏ဦးလေးကလည်း သူ့ကို အမြောက်အများကူညီပေးခဲ့သည်။


သိူ့ရာတွင် ရာဇဝတ်သားဥပဒေက ထိုသူကို ထောင်ထဲ၌အချိန်အတန်ကြာထိန်းသိမ်းပေးထားရုံသာတတ်နိုင်သည်။ အပြစ်ဒဏ်ခံရသည့်နှစ်ပြည့်သွားသည်နှင့် မလွဲဧကန်ပြန်လွတ်လာမည်သာ။


ရှောက်မင်မှာ တဒင်္ဂမျှအံ့အားသင့်သွားပြီး ဂရုမစိုက်သလိုပင်ပြန်ဖြေလိုက်သည်။ 


"သူလွတ်လာမှထပ်ပြောကြမယ်.."


လော့ရှိုးက တံတွေးနင်သွားလေသည်။ 

'အဲဒီအချိန်မှဆိုရင်တော့ အရမ်းနောက်ကျသွားပြီ'


"သူလွတ်လာတာနဲ့ မင်းကိုလာရှာမှာကိုမကြောက်ဘူးလား.."


ရှောက်မင်က တည်တည်ငြိမ်ငြိမ်ပင်ပြောလာခဲ့သည်။ 


"ငါကဘာလို့သူ့ကိုကြောက်ရမှာလဲ၊ လုပ်ရဲလုပ်ကြည့်လေ၊ ငါသူ့ကိုထောင်ထဲပြန်ထည့်ပေးလိုက်မယ်.."


သူ့အနေဖြင့် ဤမြို့မှထွက်သွားနိုင်လျှင်အကောင်းဆုံးပင်ဆိုသော်လည်း သူတို့က ဤနေရာတွင် ဆယ်နှစ်ထက်မနည်းနေခဲ့ကြသည်။ မည်သည့်စိတ်နှင့်များ ပြောင်းနိုင်ပါမည်နည်း။


"ဘာပဲဖြစ်ဖြစ် ကိုယ်ဟာကိုယ်သတိထားနေ၊ ငါ့ဦးလေးကပြောတယ်၊ ချိုးရှောက်ဖျင်က လွန်ခဲ့တဲ့နှစ်နှစ်ကနဲ့မတူတော့ဘူးတဲ့..." 


လော့ရှိုးက တိုးတိုးလေးသတိပေးလာသည်။

ထိုသူက သူ၏လုံခြုံရေးကိုစိတ်ပူနေမှန်းသိနေသောကြောင့် ရှောက်မင်က သူ၏ဂရုစိုက်ပေးမှုကိုလက်ခံလိုက်ကာ ခပ်တိုးတိုးသာစကားပြန်လိုက်၏။

ထိုသူက အလုပ်အသစ်တစ်ခုကိုလုပ်ကိုင်ရချိန်တိုင်း အပြည့်အဝအာရုံစူးစိုက်ထားနိုင်ပြီး မနားမနေလုပ်ကိုင်နိုင်သည်။


နို့လက်ဖက်ရည်ဆိုင်က ကိုးနာရီခွဲတွင် အချိန်မီဖွင့်နိုင်ခဲ့သည်။ လုကျစ်ယွီကလည်း အချိန်မီရောက်လာပါ၏။ အချိန်မတိုင်မီမှာပင် အွန်လိုင်းအလုပ်အချို့ကို အပြီးသတ်နိုင်ခဲ့သည်။

ဆိုင်ဖွင့်လိုက်ပြီးသည်နှင့် ဝယ်သူများက တစ်ယောက်ပြီးတစ်ယောက်ရောက်လာကြသည်။ ကျူးထုန်က အစပိုင်းတွင် အနည်းငယ်စိတ်တင်းကျပ်နေသော်လည်း မကြာခင်မှာပင် အဆင်ပြေသွားခဲ့၏။


"မှာထားတာရပါပြီ.."


သူ့အသံက အနည်းငယ်တောင့်တင်းနေသည့်တိုင် ရှိသင့်သလောက် ယဥ်ကျေးပြီး ကျွမ်းကျင်မှုကိုပြသနေသည်။

ဆိုင်ကိုလာအားပေးသည့် ဖောက်သည်များပင် ထို "ဝန်ထမ်း" အသစ်လေးကြောင့် ချွင်းချွက်မရှိ စိတ်ဝင်စားသွားကြလေသည်။


"သူက ချစ်စရာကောင်းလိုက်တာဟယ်၊ ဒီကအလုပ်သမားတွေအကုန်လုံးက မျက်နှာလေးတွေပဲကြည့်ပြီးရွေးကြတာလားမသိဘူးနော်.."


"ယာယီဝင်လုပ်ပေးတဲ့လူတွေလည်း အတော်လေး ကြည့်ကောင်းတာပါပဲ၊ ရုပ်ချောတဲ့လူတွေရဲ့ သူငယ်ချင်းတွေကလည်း ချောတာပဲ..."


"ဓာတ်ပုံရိုက်လို့ရမလား.." 


ရုတ်တရက် မိန်းကလေးတစ်ယောက်က မျက်လုံးထဲတွင်ကြယ်များအပြည့်ဖြင့် အနားကပ်လာသည်။ သူမက ကျူးထုန်ကို မျှော်လင့်ခြင်းကြီးစွာဖြင့်ကြည့်လာလေ၏။


"....."


ကျူးထုန်မှာ အရင်က ရှောက်မင် အုပ်စုလိုက်ဓာတ်ပုံရိုက်ခိုင်းသည်ကိုတွေ့ခဲ့ဖူးသည်။ အဲဒီတုန်းက ရှောက်မင် ဘာပြောခဲ့တာပါလိမ့်။


သူမမှတ်မိတော့ပေ။


သူက နှုတ်ခမ်းတို့ကိုလှုပ်ရှားလိုက်ပြီး ဘယ်လိုငြင်းရမှန်းမသိပေ။


ရုတ်ချည်းပင် လက်တစ်ဖက် ရောက်လာသည်။ ရှောက်မင်က စကေးကျစွာဖြင့် လက်ကို ကျူးထုန်ပုခုံးတွင်ချိတ်လိုက်သည်။ ထိုသူ၏အသံက သူ့နားရွက် အနီးမှတဆင့် ကျယ်လောင်စွာဖြင့်ထွက်လာလေ၏။ 


"ဆောရီးပါ၊ ဒီနေရာက 'လူလွတ်မဟုတ်သူ' တွေရဲ့ ဧရိယာပါ၊ ဓာတ်ပုံမရိုက်ရလို့လည်းတင်းကျပ်ထားပါတယ်၊ တစ်ပုံလောက်လိုချင်တယ်ဆိုရင်တော့ လူလွတ်တွေပဲရှိတဲ့နေရာကိုပဲသွားပေးပါ၊ ကျေးဇူးတင်ပါတယ်ဗျ..."


သူက တဖက်ကောင်တာအနောက်မှ လော့ရှိုးနှင့်လုကျစ်ယွီတို့ကို ညွှန်ပြလိုက်သည်။


လုကျစ်ယွီက တလောကလုံးမှအသံတို့ကိုမကြားရသလိုဟန်ဆောင်နေပြီး လော့ရှိုးကမူ ပြောစရာစကားများပင်ပျောက်ရှနေလေသည်။


ဘာလို့ ဗြုန်းစားကြီး တစ်ကိုယ်တော်ခွေးတွေကိုတိုက်ခိုက်ရတာလဲ။ လူလွတ်ဖြစ်နေတော့ရော ဘာဖြစ်လဲ။ လူလွတ်ဖြစ်တော့မကောင်းဘူးလား။ မင်းတို့နှစ်ယောက်က ရန်ဖြစ်ထားတာမဟုတ်ဘူးလား။ ဘာလို့ထပ်ပြီး ပေါင်းကြံကြပြန်တာလဲ။


ရှောက်မင်မှာ သူ့လက်မောင်းအောက်မှကျူးထုန်၏ကိုယ်လေးက အနည်းငယ်တောင့်တင်းသွားသည်ကိုခံစားမိနေပြီး မသိစိတ်အလျောက် ငုံ့ကြည့်မိလိုက်သည်။


ရုတ်တရက်ပင် ထိုသူကိုမှီချလိုက်ကာ "သူ့ပါးကိုကျူးထုန်၏ကျောဖြင့်ကပ်ထား" လိုက်၏။ ကောက်ကာငင်ကာရလိုက်သောအနွေးဓာတ်ကိုခံစားလိုက်ရသည့် သခင်လေးကျူးမှာ ဘာကိုတွေးရမည်အား မသိတော့ပေ။ သူ့လက်များက ယက်ကန်ယက်ကန်ဖြစ်နေပြီး ပါးပေါ်မှနီမြန်းနေမှုက နားရွက်အထိရောက်လာသည်မှာ သာမန်မျက်စိဖြင့်ပင်မြင်နိုင်၏။


"....."


ကောင်တာတွင် ဓာတ်ပုံရိုက်ခွင့်တောင်းနေသည့်မိန်းကလေးက နောက်ကိုတစ်လှမ်းဆုတ်သွားပြီး သူမပါးစပ်ကိုအုပ်ထားလိုက်သည်။


ရှောက်မင်က "လူလွတ်ကင်းမဲ့ဇုန်" နှင့် "လူလွတ်ဇုန်" ကိုပိုင်းခြားလိုက်သော်လည်း သူတို့၏ပတ်သက်မှုကိုမူ မပြောပြခဲ့ပေ။

'ဒီလူချောလေးရဲ့တုံ့ပြန်မှုကိုကြည့်ပါဦး၊ သူမငြင်းဘူးပဲ' 

ရှောက်မင်က ကျေနပ်အားရသည့် ညစ်ကျယ်ကျယ်အပြုံးဖြင့်တွေးလိုက်လေသည်။


......


စာရေးသူမှာ ပြောစရာရှိပါတယ်။


ကျူးထုန်: တသက်လုံးမှာ ငါ့မျက်နှာက တစ်ခါမှ ဒီလောက်ထိ ရဲတက်မလာဖူးဘူး။


မင်ကော: တစ်ယောက်ယောက် ချော့နည်းလေးသင်ပေးကြပါ။ အွန်လိုင်းပေါ်မှာ အရေးတကြီးစောင့်မျှော်နေပါတယ်။



🤒