Chapter 65
Viewers 18k

🤒အခန်း ၆၅




မူလကမူ ကျူးထုန်မှာ မည်သည့်အရာများထွက်ကျလာမှန်းမသိသေးရှာပေ။ သူ့နှာခေါင်းအောက်က အနည်းငယ်ယားယံလာသည်ကိုသာခံစားရလေသည်။ သူက မသိစိတ်အရ လက်မြှောက်ပြီးသုတ်ကြည့်လိုက်မှ လက်ချောင်းထိပ်တွင်ပါလာသည်က သွေးစအနည်းငယ်ဖြစ်နေလေသည်။


"......"


'အော်..နှာခေါင်းသွေးလျှံတာကိုး' 


ကျူးထုန်က ခပ်ပေါ့ပေါ့သာတွေးလိုက်သည်။ သူ့အတွက် ၎င်းက ကြုံနေကျအရာဖြစ်နေလေ၏။


ရုတ်တရက်ပင် သူ့ဦးနှောက်ထဲ၌ တဝီဝီအသံများမြည်လာပြီး ရုတ်ချည်း မျက်လုံးပြူးသွားမိသည်။ 


'နေစမ်းပါဦး၊ ငါကဘာလို့နှာခေါင်းသွေးလျှံရတာလဲ၊ အခုကိုလေ၊ ရှောက်မင်ရှေ့ကြီးမှာလေ'


သူက အလိုအလျောက်မော့ကြည့်လိုက်မိကာ ရှောက်မင်ကလည်းသူ့အား အံ့အားသင့်နေသောအကြည့်ဖြင့် ပြန်ကြည့်နေသည်ကိုတွေ့လိုက်ရပြီး ထိုသူ၏မျက်လုံးအိမ်တို့ကလည်း တဖြည်းဖြည်းကျယ်လာလေသည်။


မမြင်နိုင်သောအရှက်တရားတို့က လေထဲတွင် အလျင်အမြန်ပျံ့သွားခဲ့သည်။ 


တစ်စက္ကန့်၊ နှစ်စက္ကန့်....


"မင်းထင်နေသလိုမဟုတ်ဘူးနော်..." 


ကျူးထုန် ရှက်ရမ်းရမ်းမိလိုက်သည်။


သခင်လေးကျူးမှာ သူပြောလိုက်မိသည့်စကားနှင့်ပတ်သက်ပြီး စကားပုံရှိသည်ကိုသိပုံမရချေ။ ဖုံးကာမှပေါ်သည်။ ရှောက်မင်၏စိုးရိမ်ပူပန်မှုတို့က တမဟုတ်ချင်းအငွေ့ပျံသွားလေသည်။ သူက တစ်ခုခုကိုနားလည်လိုက်ပုံရပြီး သူ၏ဗလာဖြစ်နေသောခန္ဓာကိုယ်အပေါ်ပိုင်းကို ငုံ့ကြည့်မိလိုက်သည်။


ကျူးထုန်မှာ မျက်နှာရဲသွားပြီး ခေါင်းငုံ့လျက် သူ့နှာခေါင်းသူအုပ်လိုက်မိသည်။


 "ငါရေချိုးခန်းထဲသွားကြည့်လိုက်မယ်..."


"မင်း...."


သူမတားရသေးခင်မှာပင် ရှက်သွေးဖြာနေသောလူငယ်လေးက တချိုးတည်းထွက်ပြေးသွားလေသည်။


ရှောက်မင်: "....."


ရေချိုးခန်းထဲ၌ ကျူးထုန်မှာ ရေပိုက်ခေါင်းကိုလှည့်ဖွင့်ပြီး စိတ်ထဲတွင်အော်ဟစ်နေမိသည်။ 


'ဖြောင်း..ဖြောင်း..ဒီမိမစစ်ဖမစစ်ကောင်၊ အမျိုးယုတ်ရဲ့'


'မင်းကတကယ်ကိုအဆင့်အတန်းမရှိဘူး'


ကျူးထုန်မှာ ပြိုင်ငြင်းရန်ပင် ပျင်းနေမိသည်။ 


'မင်းငါ့ကိုအသုံးဝင်တယ်ဆိုပြီးပေးတဲ့ဆုက ဒါလား၊ ငါကဘာလို့နှာခေါင်းသွေးလျှံရတာလဲ'


သူက အသေးစားနာမကျန်းမှုနဲ့မတော်တဆမှုလေးတွေကို ရှောင်နိုင်ပြီမလား။ ဘာလို့ ဒီလိုမျိုးနှာခေါင်းသွေးလျှံရတာလဲ။


စနစ်: 'Host ရဲ့ခန္ဓာကိုယ်ကို ဒေတာဖတ်ကြည့်လိုက်တော့ ခန္ဓာကိုယ်ကပုံမှန်မဟုတ်တဲ့အခြေအနေမှာရှိနေတယ်၊ စနစ်ပေးထားတဲ့ဆုက ပုံမှန်ပါပဲ၊ Host နှာခေါင်းသွေးလျှံရတဲ့အကြောင်းအရင်းကတော့ စိတ်လှုပ်ရှားလွန်သွားတဲ့အခါ သွေးကဦးနှောက်ရှိရာကို ပုံမှန်ထက်မြန်ပြီးပို့လွှတ်ခံလိုက်ရတယ်၊ အရမ်းများသွားတဲ့အတွက် အားနည်းတဲ့ အသက်ရှူလမ်းကြောင်းကိုပါရောက်သွားတာ၊ နှာခေါင်းသွေးလျှံတာက ဆေးပညာသဘောတရားမှာ ပုံမှန်ပါပဲ'


ကျူးထုန်: "......"

'စိတ်လှုပ်ရှားလွန်သွားတယ်လို့ရှိရသေးတယ်...'


ဘာလို့လဲ။ ရှောက်မင်ရဲ့အဝတ်မပါတဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကိုမြင်လိုက်ရလို့လား။

ဆေးပညာသဘောတရားမှာပုံမှန်ပဲ။


တကယ်သာဆိုရင်တော့ မြစ်ဝါမြစ်ထဲကိုခုန်ချပြီး ကိုယ့်ကိုယ်ကိုယ်ဆေးကြောပစ်လိုက်ဖို့မစောင့်နိုင်တော့ဘူး။


'မဟုတ်ဘူး၊ မဟုတ်သေးဘူး။ စိတ်လျှော့ဦး'


ကျူးထုန် ရေအပူများကို လက်နှစ်ဖက်အပြည့်ဖြင့်ခပ်ပြီး မျက်နှာကိုပက်လိုက်သည်။ နှာခေါင်းသွေးလျှံနေသည်မှာရပ်သွားပြီး ယခုတော့ သွေးစက်များလည်းပြောင်သွားပြီဖြစ်သည်။ နီရဲနေသောမျက်နှာလည်းအရောင်လျော့သွားပြီ။ ကောင်းသားပဲ။ အဲဒါကြောင့်နဲ့ ဘာမှထပ်မဖြစ်နိုင်တော့ပါဘူး။ မဟုတ်ဘူး။ ဘာမှမဖြစ်ခဲ့ဘူး။ ဟုတ်တယ်။ ဟုတ်တယ်။


သူ့ခမျာ သူ့ကိုယ်သူမှန်ထဲတွင်ကြည့်ပြီး အသက်ကိုခပ်ပြင်းပြင်းရှူလိုက်သည်။


ထို့နောက် ရေချိုးခန်းတံခါးက "ကလစ်" ဆိုသောအသံဖြင့် အပြင်ဘက်မှတွန်းဖွင့်ခံလိုက်ရလေသည်။


သူက တံခါးဝတွင်ပေါ်လာသူကို ရန်စောင်သည့်အကြည့်မျိုးပေးလိုက်သည်။ ယခုလေးတင်ရပ်သွားခဲ့သော နှာခေါင်းသွေးများက နောက်တကြိမ်ထပ်ပြီးလျှံကျလာတော့မလိုပင်။


'ကြွက်သားတွေ၊ ကြွက်သားတွေ'


'ရှောက်မင်မှာ တကယ်ကြီး အမြောင်းခြောက်ကြောင်းရှိတယ်ဟ၊ ပြီးတော့ သူ့ခန္ဓာကိုယ်အပေါ်ပိုင်းက ကြွက်သွားတွေနဲ့ပြဲထွက်တော့မယ့်ပုံ၊ အဲဒီရင်အုပ်၊ တောင့်တင်းနေတဲ့လက်မောင်းတွေ...အား...လမ်းလျှောက်နေတဲ့ဟော်မုန်းထုတ်စက်ကြီးကျနေတာပဲ၊ ဘယ်သူတောင့်ခံနိုင်မှာလဲ'


'သူကဘာလို့ အဝတ်အစားမဝတ်ရတာလဲ'


ကျူးထုန်မှာ ရင်ထဲအသည်းထဲမှအော်ဟစ်လိုက်ပြန်သော်လည်း အပေါ်ယံတွင်တော့ တည်ငြိမ်နေလေ၏။


ရှောက်မင်က ဦးစွာမေးလိုက်သည်။


 "ရရဲ့လား..."


ကျူးထုန်က တစ်ရှူးအစိုကိုယူကာ မျက်နှာကိုသုတ်လိုက်သည်။ ထို့နောက် ခေါင်းငုံ့ပြီးဖြေလိုက်၏။ 


"ရပါတယ်.."


ကျူးထုန် သုံးပြီးသားတစ်ရှူးကိုအမှိုက်ပုံးထဲပစ်ထည့်ကာ တံခါးရှိရာကို တည်တည်ငြိမ်ငြိမ်ပင်သွားလိုက်ပြီး ခေါင်းငုံ့ကာမေးလိုက်သည်။ 


"မနက်စာရပြီလား၊ ငါတို့..."


'မနက်စာသွားစားသင့်ပြီ' ယင်းက သူပြောချင်နေသည့်စကားပင်။


သို့ရာတွင် သူပင်မပြောရသေးခင် သူ့အရှေ့မှလူက လက်ကိုနောက်ပစ်ပြီး လမ်းကိုပိတ်ရပ်ထားလေသည်။


"......"


ကျူးထုန်မှာ နေရာတွင်ပင် ရုတ်ချည်းအေးခဲသွားရလေသည်။


ရှောက်မင်က လက်ကိုတံခါးဘောင်တွင်ထောက်ကာ ခန္ဓာကိုယ်ဖြင့် ကျူးထုန်ထွက်မည့်အပေါက်ဝကိုပိတ်ထားလိုက်သည်။ သူက စိတ်လှုပ်ရှားမှုကြောင့် တဖျတ်ဖျတ်ခတ်နေသော လူငယ်လေး၏ထူထဲသောမျက်တောင်မွှေးလေးများကိုငုံ့ကြည့်ကာ ပြောလိုက်လေသည်။ 


"မရသေးဘူး၊ ကြက်ဥက မတော်တဆတူးသွားလို့ ပြန်ကြော်ရတော့မယ်..."


ကျူးထုန်: "......"


ပြန်ကြော်ရတော့မယ်။ ကိစ္စမရှိဘူး။ သူက မနက်စာပြင်ပေးဖို့အကြံနဲ့အစောကြီးထလာတာလေ။ 


"ဒါဆိုရင်တော့ ငါပဲ..."


"မင်း...ဘာလို့နှာခေါင်းသွေးလျှံတာလဲ..."


"....."


ယင်းအသံက သူ၏နားသန်သီးလေးကို ပွတ်သပ်သွားလုနီးပါးပင်။ ကျူးထုန်မှာ ယားကျိကျိဖြစ်သွား၍ ခေါင်းမော့လိုက်လေရာ ရှောက်မင်မျက်လုံးများနှင့်ဆုံတွေ့သွားလေ၏။


ရှောက်မင်၏မျက်လုံးလေးများက လှပလေသည်။ နက်မှောင််သိပ်သည်းသော်လည်း အလွန်တရာတောက်ပလှသည်။ ကြယ်ရောင်စုံညကောင်းကင်ယံလိုပင်။


ထိုသူက လူတစ်ယောက်ကိုငုံ့ကြည့်လိုက်လျှင် သေစေနိုင်လောက်သောစွမ်းအားက နျူကလီးယားဗုံးတစ်လုံးနှင့်ပင်ညီမျှလေသည်။


၎င်းအပြင် ကျူးထုန်၏ အပေါ်ယံတည်ငြိမ်မှုကိုလည်း အရည်ပျော်ကျသွားစေသည်။


'Host ကိုယ့်ခံစားချက်ကိုယ်ထိန်းဦး' 

စိတ်ထဲမှစနစ်က ရုတ်တရက်အသံပေးလာသည်။ 

'ငါခွဲခြမ်းစိတ်ဖြာကြည့်မယ်၊ မင်းကငယ်ရွယ်ပြီး အားအင်အပြည့်ရှိတယ်၊ မနက်ပိုင်းမှာ ယောကျ်ားလေးတစ်ယောက် "တက်ကြွ" တတ်တာပုံမှန်ပဲ၊ ပြီးတော့ မင်းကဘဝကို ဆွဲဆောင်ခံရမှုမရှိဘဲနေလာရတာလေ၊ ယခုလည်းကျရော၊ မင်းအရှေ့မှာအလှလေးတစ်ယောက်ရောက်နေတယ်လေ၊ ဒီတော့ နှာခေါင်းသွေးလျှံတာ ဘာမှားလို့လဲ၊ ဒါကပုံမှန်ပဲမလား၊ အမှန်အတိုင်းပြောနေသရွေ့တော့ လရောင်ဖြူလေးက မင်းကိုသေချာပေါက်နားလည်ပေးလိမ့်မယ်'


ကျူးထုန်: "......"


အင်း...အဓိပ္ပါယ်တော့ရှိပါတယ်။ ဒါပေမဲ့....


'မင်း ငါ့ကိုသေစေချင်နေတာလား' 

သူ စနစ်ကို ပြန်ဟောက်လိုက်သည်။


အမှန်အတိုင်းပြောရမယ် ဟုတ်လား။ ရှောက်မင်က သူ့ကိုတန်းပြီး အပိုင်းပိုင်းဖြတ်ပစ်လိမ့်မယ်။


အဝတ်မပါတဲ့လူရှေမှာ နှာခေါင်းသွေးလျှံတာက သူက တဏှာရူးပါလို့ပြောလိုက်တာပဲမလား။ 


ဒါပေမဲ့ သူက တဏှာရူးမှမဟုတ်တာ။ ဘာလို့ နှာခေါင်းသွေးလျှံရတာလဲ။ ရှောက်မင်ရဲ့ခန္ဓာကိုယ်က အရမ်းကြည့်ကောင်းပေမဲ့ သူ့ကိုနှာခေါင်းသွေးလျှံစေတဲ့အထိတော့မဟုတ်ဘူးလေ ဟုတ်တယ်မလား။ သူလည်း လက်ပူးလက်ကြပ်မိတာပဲလေ။


'ရေချိုးခန်းထဲမှာ အပေါက်တစ်ပေါက်သာရှိရင် ဝင်ပုန်းနေမှာပဲ...မဖြစ်ဘူး.မဖြစ်ဘူး...မဖြစ်ဘူး...ညစ်ပတ်တယ်'


စနစ်: "....."


စနစ်ထံမှ အနှောင့်အယှက်ပေးခံရပြီးသည့်အခါ ကျူးထုန်၏စိတ်က အနည်းငယ်ငြိမ်သွားခဲ့သည်။ သူက ရှောက်မင်မျက်လုံးထဲသို့တည့်တည့်ကြည့်ကာ မျက်တောင်လေးခတ်ပြလိုက်သည်။ 


"ငါကနေမကောင်းတဲ့လူဆိုတော့ နှာခေါင်းသွေးလျှံတာပေါ့၊ မဟုတ်ဘူးလား..."


ရှောက်မင်က မျက်ခုံးပင့်လိုက်သည်။ 


"တကယ်လား.."


ထိုသူက စကားပြောနေရင်း ရုတ်တရက် ကျူးထုန်အနားကို ခြေတစ်လှမ်းကပ်လာသည်။


ထောင့်မှရေချိုးခန်းတံခါးကပွင့်နေပြီး ကျူးထုန်က ထွက်ရန်ပြင်သည်။ ရှောက်မင်ကိုရှောင်ရန်အတွက် သူက ဘေးရှိရေချိုးခန်းတံခါးတွင်ဘေးတိုက်ရပ်နေလိုက်သည်။


ရှောက်မင်က ရုတ်တရက်ကြီးတိုးကပ်လာသည်။ သူ မသိစိတ်အရ အနောက်သို့ပြန်ဆုတ်လိုက်ကာ ကျောဘက်တွင် တစွန်းတစအေးစက်မှုက ကျရောက်လာလေသည်။


ရှောက်မင်က အရှေ့ဘက်မှကပ်လာပြီး သူ့အားပြုံး၍ကြည့်နေရင်းဆိုလိုက်လေ၏။ 


"သိပ်တော့ အကျိုးအကြောင်းမဆီလျော်ဘူးနော်.."


ထိုသူ၏အသံက လေးနက်နေသည့်တိုင် ပေါ့ပေါ့ပါးပါးလည်းရှိနေသည်။


ကျူးထုန်မှာ ထပ်ပြီးပျာယာခတ်သွားရပြန်သည်။ သူ့ခမျာ ရှင်းပြရန်ကြိုးစားနေသောကြောင့် မျက်တောင်ခတ်နေသည့်အရှိန်ကပိုမြန်လာလေသည်။ 


"တကယ်ပြောတာ၊ ငါကကျန်းမာရေးမကောင်းဘူးလေ မင်းလည်းသိတာပဲ၊ ရာသီဥတုကလည်း ပုံမှန်မဟုတ်ဘဲ အရင်ကထက်ပိုပူလာတယ်လေ၊ ဒီတော့ အပူတွေကငါ့ခေါင်းထဲကိုရောက်တာပိုလွယ်တာပေါ့၊ ပြီးတော့ ငါမီးဖိုချောင်ထဲဝင်လာတော့ အနံ့ကအရမ်းပြင်းနေတာ၊ ငါလည်း ခဏလောက်အသက်ရှူရခက်သွားတယ်၊ အဲဒါနဲ့..."


"အင်း၊ အဲဒါနဲ့ ကိုယ့်အမှားဖြစ်သွားတယ်ပေါ့၊ မင်းဒီနေ့ ဆေးကြောတာအရမ်းမြန်မယ်လို့ ကိုယ်လည်းမထင်ထားခဲ့ဘူး..."


"မဟုတ်ဘူး...မဟုတ်ဘူး..."

ရှောက်မင်က သူ့ကိုယ်သူအပြစ်တင်နေသည့်စကားမျိုး ကြားလိုက်ရသည့်အခါ ကျူးထုန်မှာ ယခင်ကထက်ပင်ပိုပြီး ထိတ်ပျာသွားလေသည်။ 

"ငါမင်းကိုအပြစ်ပြောတာမဟုတ်ပါဘူး...ငါက..အင်း...မင်း..."


'အနားကိုထပ်မကပ်ပါနဲ့တော့လို့ အား...အား...'


သူတို့နှစ်ယောက်ကြားမှ အကွာအဝေးက နီးပြီးရင်းနီးလာပြီး ကျူးထုန်ဦးနှောက်မှာလည်း အချက်ပေးသံများဖြင့်ညံလာလေသည်။ သူ့ခေါင်းထဲတွင် ဖြူဖွေးပြီးကျယ်ပြန့်သောအသားအရည်ဖြင့်သာ ပြည့်နေလေသည်။


ရှောက်မင်၏အသားအရေက အလွန်အမင်းဖြူသော်လည်း ကျူးထုန်၏နေမကောင်း၍ဖြူဖတ်ဖြူရော်ဖြစ်နေသောအသားဖြူပုံနှင့်မတူပေ။ ၎င်းက ကျန်းမာသည့် အရောင်မျိုးပင်။


ကျူးထုန်မှာ မျက်လုံးပင့်မကြည့်ရဲသော်လည်း သူ အရှေ့ကိုကြည့်လိုက်သည့်အခါ ရှောက်မင်၏ခုန်ပေါက်နေသော လည်စလုတ်နှင့် ထောင်နေသောညှပ်ရိုးတို့ကိုမြင်လိုက်ရသည်။ သူ မည်သည့်နေရာကိုကြည့်ရမည်ကို မသိတော့ပေ။


ထိုအခိုက် ရှောက်မင်၏တံခါးပေါ်ရှိလက်တို့ကလျော့ရဲသွားကာ ထောင့်ရှိလက်တို့ကမူ ကျူးထုန်ကိုပိတ်ထားခဲ့သည်။ ပိုပြီးပင် တင်းကျပ်လာသေး၏။


နွေးထွေးသောလေတို့က ကျူးထုန်၏မျက်နှာပေါ်ကို တိုးဝှေ့သွားခဲ့သည်။ သူနားထဲတွင် ခပ်အက်အက်မေးသံအား ကြားလိုက်ရသည်။


"မင်းဘာတွေကြံစည်နေတာလဲ.."


ကျူးထုန်: "....." မနက်စာပြင်ပေးချင်ရုံလေးပါ။


သူ့မှာ စိတ်လှုပ်ရှားရလွန်း၍ စကားပင်မပြောနိုင်ပေ။ ခေါင်းမော့ကာ သူ့လက်တို့ကို ကယ်ရာမဲ့စွာကြည့်လိုက်ကာ မသိလိုက်မသိဘာသာဖြင့် သူ့အသားပေါ်မှအချို့နေရာတို့ကိုပွတ်သပ်နေမိ၏။ လက်ချောင်းထိပ်ဖျားလေးများက အေးစက်နေသည့်တိုင် ထိကြည့်လိုက်သည့်အခါ မီးကဲ့သို့ပူပြင်းနေလေသည်။


သူ့မှာ ဆက်ပြီးသည်းမခံနိုင်တော့ပါချေ။ 


"မင်း...အဝတ်အစားလေးအရင်ဝတ်ပါလား..."


"....."


ရေချိုးခန်းတစ်ခန်းလုံး တိတ်ဆိတ်သွားသည်။ လူနှစ်ယောက်အသက်ရှူနေသည့်အသံကိုသာကြားနိုင်၏။ တစ်ယောက်ကတည်ငြိမ်နေပြီး တစ်ယောက်၏အသက်ရှူသံကမူ ဆောက်တည်ရာမရဖြစ်နေလေသည်။


သို့ရာတွင် ရှောက်မင်က အဖြေကိုလိုချင်နေသေး၏။


"ဘာလို့လဲ..."


ကျူးထုန်မှာ တိတ်ဆိတ်သွားရပြန်သည်။ သူက မော့မကြည့်ရဲလေရာ ရှောက်မင်၏မျက်နှာပေါ်မှ လေးနက်ပြီးတောက်ပနေမှုတို့ကိုမမြင်ရပေ။


သူ့အရှေ့မှလူငယ်လေးက ရှက်သွေးဖြာနေသည်။ ရှောက်မင်မှာ အစက ထိုသူကို ကမ္ဘာမြေအားဉာဏ်အလင်းပေးမည့် သံမဏိသစ်ပင်နှယ် ဘယ်သောအခါမှ ပန်းပွင့်မည်မဟုတ်ဟုထင်မြင်ခဲ့သည်။ ယခုတော့ ထိုသူက ရှက်နေကာ အင်မတန်ပျာယာခတ်နေပြီး ချစ်စရာကောင်းသော ခရမ်းချဥ်သီးလေးတစ်လုံးနှယ်ဖြစ်နေ၏။


'သူတကယ်ကိုဘာမှမသိရှာဘူးပဲ'


သို့သော်လည်း အမြဲတမ်း "ကံဆိုးရှာသော" ထိုလူငယ်လေးက ရှက်နေပြီး မျက်နှာမှာနီရဲနေသည့်အဖြစ်သို့ပြောင်းလဲသွားခဲ့သည်။


ဒါပေမဲ့ ဘယ်အချိန်တည်းက သူက တခြားသူတွေရဲ့အပေါ်ယံပုံစံကိုကြည့်ပြီး စိတ်ဝင်စားတတ်သွားတာလဲ။


ရှောက်မင်မှာ ကျောင်းတွင်သူ့ကိုစိတ်ဝင်စား၍ ဖွင့်ပြောလာကြသူအများအပြားနှင့်ဆုံခဲ့ရဖူးသည်။ လူတိုင်းနီးပါးကသူ့အား "ကြည့်ကောင်း" ၍သဘောကျသည်ဟုသာ ပြောခဲ့ကြသည်။


သူက ထိုလူများကို ရေပေါ်ဆီများဟုသတ်မှတ်ခဲ့သည်။ သို့သော် ယခုတော့သူ၏ရုပ်ရည်က လူသားများအတွက် ရေပေါ်ဆီဖြစ်နေပုံရသည်။


'ကောင်းပြီလေ၊ အံ့အားသင့်စရာလေးတွေဖြစ်နေတာမလား' 

ရှောက်မင်၏နှုတ်ခမ်းလေးများက မြင့်တက်နေဆဲပင်ဖြစ်၏။


ကျူးထုန်မှာ သူ့အမေးကြောင့် ပြောစရာစကားများပင်ပျောက်ဆုံးသွားလေသည်။


ပြီးတော့ ရှောက်မင်က ဘာလို့အင်္ကျီဝတ်ဖို့လိုရမှာလဲ။ ယောကျ်ားလေးတွေက အိမ်မှာနေရင် အင်္ကျီမဝတ်တတ်ကြတာပုံမှန်ပဲလေ။ အထူးသဖြင့် ရာသီဥတုပူရင်ပေါ့။


ဒါပေမဲ့ သူကလည်း ရှောက်မင်ရဲ့ပုံစံကအရမ်းကို သည်းမခံနိုင်စရာပဲလို့ပြောလို့မရဘူးလေ၊ ဟုတ်တယ်မလား။


"ငါက..."


ကျူးထုန်မှာ ဘာပြောရမှန်းမသိတော့ချေ။ သူပြောမည့်အစား ရှောက်မင်က ဖြတ်ပြောလိုက်သည်။ 


"ကိုယ့်ခန္ဓာကိုယ်ကအရမ်းကြည့်ကောင်းတယ်ဆိုတာကို ထုတ်ပြောလိုက်ဖို့က အဲဒီလောက်ခက်နေတာလား.."


"....."


အာ...


သူ့အရှေ့မှ ဖိနှိပ်ထားမှုက အနည်းငယ်ပြေလျော့သွားပြီး ကျူးထုန်ကသူ့ကို ကြောင်တောင်တောင်ဖြင့်ကြည့်လိုက်မိသည်။


ရှောက်မင်က သူ့ကို ထူးဆန်သည့်အကြည့်မျိုးပေးလိုက်၏။


ယင်းကြောင့် ကျူးထုန်မှာ အံ့အားသင့်သွားရသည်။


ရှောက်မင်က မျက်လုံးမှေးကာ ကျူးထုန်၏ပူခြစ်နေသောနားရွက်တို့ကိုကြည့်လိုက်သည်။ သူသာ ဤအခြေအနေတွင်ဆက်ပြီးဖိအားပေးနေပါက သခင်လေးက ကြောက်လွန်း၍ထွက်ပြေးသွားတော့မည်ကို သူသိနေ၏။


သူက အလျှော့ပေးသည့်ပုံစံဖြင့် သက်ပြင်းချလိုက်သည်။ 


"မင်းကျန်းမာရေးမကောင်းတာလည်း မင်းဟာမင်းသိတယ်၊ ပြီးတော့ အဲဒီအေးစက်နေတဲ့ ဖန်တံခါးကိုလည်းမှီထားသေးတယ်၊ အအေးမိမှာကိုမကြောက်ဘူးလား..."


ကျူးထုန်: "....."


'မင်းပဲငါ့ကိုချောင်ပိတ်ထားတာလေ'


သူပင် မတုံ့ပြန်သေးမီ အရပ်ပိုရှည်သောလူငယ်လေးက သူ့ကို ဖန်တံခါးမှဆွဲခေါ်လိုက်သည်။


ရှောက်မင်က တဖက်လှည့်ကာပြောလိုက်၏။ 


"ဆေးကြောပြီးရင် မနက်စာလာစားတော့၊ ခဏနေရင် အေးသွားတော့မယ်.."


ကျူးထုန်မှာ မသိလိုက်ဘဲပြန်မေးမိသွားသည်။ 


"တူးသွားတာဆို..."


ရှောက်မင်က လှည့်ပင်မကြည့်ဘဲပြန်ဖြေသည်။ 


"အော်..လိမ်လိုက်တာ၊ ကိုယ်မင်းကို စ ချင်လို့.."


ကျူးထုန်: "....."


'ဒီလူမှာ ခပ်ဆိုးဆိုး အကျင့်စရိုက်လည်းရှိတာပဲလား'


သူက တွေးနေစဥ်မှာပင် စိတ်ထဲမှစနစ်ကအသံထွက်လာသည်။ 


'ဂုဏ်ယူပါတယ်၊ လရောင်ဖြူလေးရဲ့ နှစ်သက်မှုရာခိုင်နှုန်းကို ငါးရာခိုင်နှုန်းရရှိသွားပါပြီ၊ လက်ရှိနှစ်သက်မှုရာခိုင်နှုန်းက လေးဆယ့်ခြောက်ရာခိုင်နှုန်းပါ'


"......"


ကျူးထုန်မှာ ရေချိုးခန်းတံခါးနားတွင်တစ်ယောက်တည်းရပ်ရင်း ရှောက်မင် မီးဖိုချောင်ဘက်သို့ပြန်လှည့်ကာ ဝင်သွားသည်ကိုကြောင်ကြည့်နေမိသည်။ ရှောက်မင်က နံနက်စာကို စားပွဲပေါ်သို့ယူလာမှ မအူမလည်ဖြင့် ထမင်းစားခန်းထဲသို့ဝင်လာခဲ့၏။


မနက်စာမှာ ကြက်ဥကြော်နှစ်ပွဲနှင့် ဝက်ပေါင်ခြောက်ကင်။ သူမနေ့ညက ကြံစည်ထားခဲ့သောဟင်းလျာများပင်ဖြစ်လေသည်။


သူကိုယ်တိုင်ချက်ထားခြင်းမဟုတ်ဘဲ ရှောက်မင်က သူဟာသူချက်ထားခဲ့သည်။


"ဘာမှမလုပ်လိုက်ရသော" ကျူးထုန်မှာ စားပွဲပေါ်မှဟင်းပွဲများကို မျက်နှာသေဖြင့်သာကြည့်နေလိုက်ရလေသည်။


ယခုလေးတင် ရေချိုးခန်းထဲတွင်ရှိခဲ့စဥ်က ရှောက်မင်၏ ရုတ်တရက်စိတ်ပြောင်းလဲသွားမှာ အနည်းငယ်မျှ ထူးဆန်းနေသလိုရှိသည်။


အစပိုင်း၌ ထိုသူက အလွန်အမင်းစိတ်ဝင်စားနေပြီး နောက်ပိုင်း၌မူ လုံးဝစိတ်မပူနေတော့ပေ။ မပျော်မရွှင်ဖြစ်သွားသသည်ဟုထင်ရသော်လည်း နှစ်သက်မှုရာခိုင်နှုန်းကမြင့်သွားသေးသည်။ 


အားလုံးက နားမလည်နိုင်စရာများဖြစ်နေလေ၏။





🤒