Chapter 46
Viewers 7k

Chapter-46

(ဗိုလ်ချုပ်ကြီး၏ ရိုမန့်တစ်ဆန်မှု)

 

ပြင်းထန်သောတိုက်ပွဲတစ်ခုအပြီးတွင် ပင်လယ်ဓါးပြများသည် သူတို့၏ခေါင်းဆောင်နှင့်အတူ တပ်ပြန်ဆုတ်သွားကြပြီး Dark Phoenix သည်လည်း အဘိုးကြီးမှလွဲ၍ ကျန်‌သောလူ အားလုံးကို အဖွဲ့ချုပ်မှ ဖမ်းဆီးရမိခဲ့သည်။

 

စီဆဲလ်သည် ကျောင်းမြန်အား ပင်မစစ်သင်္ဘောပေါ်သို့ ပွေ့ချီကာ ခေါ်ဆောင်လာခဲ့ပြီး ဖက်ဒရေးရှင်းသို့ ပြန်ရန်အလျင်လိုနေလေသည်။ဖမ်းဆီးရမိသည့် အကျဥ်းသားများအား ကြိုးဖြင့်တုပ်ကာ စစ်ဆေးမေးမြန်းရန်အတွက် ခေါ်ဆောင်လာလေသည်။

 

ဗိုလ်ချုပ်ကြီး မစိုးရိမ်ပါနဲ့...ဒါက..

 

ဒေါက်တာဖိုဒ့် ဆက်ပြော၏။

 

တိကျတဲ့ အကြောင်းရင်းတော့ သေချာမသိပေမယ့် ဗိုလ်ချုပ်‌ကျောင်းရဲ့ ပြန်လည်ကုသနိုင်စွမ်းက တော်တော်ကောင်းတယ်...အခု ကျွန်တော် သူ့အတွက် စိတ်ငြိမ်ဆေး နည်းနည်း ပြင်ပေးခဲ့မယ်...

 

ယခုအချိန်တွင် ကျောင်းမြန်သည် လူနာကုတင်ပေါ်တွင် ဖြူဖျော့ဖျော့ မျက်နှာဖြင့် မျက်ဝန်းများကို မှိတ်ထားလျက် လှဲလျောင်းနေပြီး စီဆဲလ်သည် သူ့အား ဆရာဝန်များနှင့်အတူ စက္ကန့်မလပ် စောင့်ကြည့်နေသည်။

 

စီဆဲလ်သည် ကျောင်းမြန်၏လက်အား တင်းကြပ်စွာ ဆုပ်ကိုင်ထားသည့်တိုင်အောင် ကျောင်းမြန်၏လက်များသည် အ‌နွေးဓာတ်မရှိဘဲ အေးစက်နေပြီး ချွေးစေးများထွက်ကာ တုန်ရီနေလေသည်။

 

ဒါပေမယ့် သူအခု တုန်နေတယ်

 

စီဆဲလ်သည် သူ့စိတ်ထဲမှ ဒေါသများကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းထားဖို့ ကြိုးစားနေသည်။

 

အာ့မြန်ကို ကြည့်ရတာ အဆင်မပြေဘူးထင်တယ်

 

ဒါက... ကျွန်တော်တို့လည်း ကူညီပေးလို့မရဘူး

 

ဖိုဒ့်က ခါးခါးသီးသီးပြောလိုက်သည်။

 

ဒါက အပြင်ပိုင်းဒဏ်ရာ မဟုတ်ဘူး၊ သူ့ရဲ့ စိတ်ဝိဉာဥ်နဲ့ အသိစိတ်ကို နှိုးဆွခံထားရတာဆိုတော့ ဗိုလ်ချုပ်ကျောင်းကိုယ်တိုင် ရင်ဆိုင်ပြီး ကျော်ဖြတ်မှ ရမှာ..

 

အတော်ပဲ....ဗိုလ်ချုပ်ကြီး မင်းရဲ့လက်မောင်း.... ဒဏ်ရာက တော်တော်နက်‌နေတာ...ပတ်တီး ပုံမှန်လဲဖို့ မမေ့ပါနဲ့

 

ဖိုဒ့် ပြောတာ မှန်ပါတယ်

 

အယ်ဗင်မှ ဆက်ပြော၏။

 

ဗိုလ်ချုပ်ကြီး အရမ်းလည်းစိတ်မပူပါနဲ့ ဗိုလ်ချုပ်ကျောင်း ကိုယ်တိုင်ကလည်း ဗိုလ်ချုပ်တစ်‌‌ယောက်ပဲဆိုတော့ သူ ရင်ဆိုင်ဖို့ ဆုံးဖြတ်ထားရင် သေချာပေါက် ကျော်လွှားနိုင်မှာပါ...

 

ထို့နောက် ကယ်ဗင်သည် ဆရာဝန်များအား သူကြည့်ထားပေးမည့်အကြောင်း ပြောကာ သူတို့အား အမြန်ထွက်သွားစေလိုက်သည်။

 

ထိုအခါမှ စီဆဲလ် သက်ပြင်းချလိုက်သည်။

 

အယ်ဗင်သည် အကြောင်းအရာအား အမြန်ပြောင်းကာ ပြောလိုက်သည်။

 

မိုချင်းက ဝရမ်းပြေးဖြစ်သွားပြီး B6ကို ယာဉ်ပျံနဲ့ ထွက်ပြေးသွားလို့ အခု ကတ်စပါက ဦးဆောင်ပြီး သူ့ကိုလိုက်ရှာ‌နေကြပါတယ် သိပ်မကြာခင် အစီရင်ခံစာတွေ ရလာတော့မှာပါ..

 

အင်း

 

စီဆဲလ်သည် သူ့မျက်နှာအား ပွတ်သုတ်လိုက်ပြီး ပြန်ပြောလိုက်သည်။

 

အဲ့ကိစ္စ‌တွေကို မင်းနဲ့ လွှဲထားမယ်...အခု‌ အရင်ဆုံး မင်း သွားလို့ရပြီ...

 

ဟုတ်ကဲ့ပါ.

 

အခန်းထဲတွင် စီဆဲလ် နှင့် ကျောင်းမြန် သာကျန်ခဲ့ပြီး စီဆဲလ်သည် ကျောင်းမြန်အား လွတ်လွတ်လပ်လပ် ထိုင်ကြည့်နေခဲ့သည်။

 

သူ ဒီလူတစ်ယောက်တည်းကို ဆယ်ရှစ်နှစ်လောက်ချစ်ခဲ့ရတာ...ဆယ်နှစ်နှစ်လောက်ကို ရှာခဲ့ရတာ......။

 

ယခုအချိန်တွင် ကျောင်းမြန်သည် သူ့ရှေ့မှာ လဲလျောင်းနေ‌လေသည်။

 

စီဆဲလ်သည် သူ့လက်ကိုဆန့်ကာ ကျောင်းမြန်၏ နဖူးလေးပေါ် ညင်သာစွာတင်လိုက်သည်။

 

ထို့နောက် လက်ကို ဖြည်းညှင်းစွာ ရွှေ့လိုက်ပြီး စီဆဲလ်သည် သူ၏ လက်ညှိုးထိပ်လေးဖြင့် ကျောင်းမြန်၏ မျက်ခုံး၊ မျက်လုံးများနှင့် မျက်တောင်လေးများအား တစ်နေရာချင်းစီ ခြေရာခံပြီးသည့်နောက် နောက်ဆုံး ကျောင်းမြန်၏ နှာတံစင်းစင်းလေးတွင် အဆုံးသတ်သွားသည်။

 

စီဆဲလ် မျက်လုံးများကို မှိတ်ထားလိုက်သည်။

 

သူ့လက်ညိုး‌လေးသည် ကျောင်းမြန်၏ အပေါ်နှုတ်ခမ်းနှင့် အောက်နှုတ်ခမ်းလေးကို ဖြည်းညှင်းစွာ ပွတ်သပ်လိုက်သည်။

 

ဤနည်းဖြင့် စီဆဲလ်သည် ကျောင်းမြန်၏မျက်နှာသွင်ပြင်လက္ခဏာငါးရပ်အား သူ့လက်ချောင်းထိပ်လေးကို အသုံးပြုကာ သူ့နှလုံးသားထဲတွင် ခိုင်မာစွာ ရေးထိုးထားသကဲ့သို့ မှတ်ထားလိုက်သည်။

 

ထိုသို့ ကြည့်ပြီး‌နောက် စီဆဲလ်သည် ရုတ်တရက် ခေါင်းကို ညိတ်ကာ ပြုံးလိုက်သည်။

 

သူ့ကို(ကျောင်းမြန်) သတိမရလောက်အောင် သူဘယ်လို‌တောင်မှ မိုက်မဲခဲ့တာလဲ....။

 

သူတို့အား နှစ်တွေအကြာကြီး ခွဲထားတာတောင်‌ ကျောင်းမြန်သည် သူ၏အိမ်ထောင်ဖက်ဖြစ်လာသည်မှာ ကံကြမ္မာက ဘယ်လောက်တောင်တိုက်ဆိုင်‌နေရတာလဲ...။

 

ဟင်း....

 

ကျောင်းမြန်သည် လှုပ်လာပြီး မျက်လုံးများလည်း ဖြည်းညင်းစွာပွင့်လာသည်။

 

အာ့မြန်...

 

စီဆဲလ်သည် ချက်ချင်း ရှေ့သို့ တိုးလာသည်။

 

ကျောင်းမြန်သည် မျက်လုံးများကို ပြန်မှိတ်ကာ အသက်ပြင်းပြင်းရှူလိုက်ပြီး‌နောက် ဖြည်းဖြည်းချင်း ပြန်ဖွင့်ကာ သူရောက်နေသည့်ပတ်ဝန်းကျင်အား ကြည့်လိုက်ပြီး အတန်ငယ်ကြာမှ မှတ်မိသွားပုံရသည်။

 

အာ့မြန်...!

 

စီဆဲလ်သည် သူ့အား ချက်ချင်းပွေ့ဖက်လိုက်ပြီး ကျောင်းမြန်ကို သူ့ရင်ခွင်ထဲတွင်မှီထားစေလိုက်ပြီး တိုးတိုးလေးမေးလိုက်သည်။

 

အာ့မြန်...ကိုယ့်ကို မှတ်မိလား

 

ကျောင်းမြန်သည် သူ့ခေါင်းကို လက်ဖြင့်ဖိလိုက်ပြီး မျက်မှောင်ကြုတ်ထားသောကြောင့် အနည်းငယ် ရှုံ့မဲ့နေသည်။

 

အင်း...

 

အာ့မြန် ဘာဖြစ်လို့လဲ...ဘယ်နားနာနေလို့လဲ... အဆင်မပြေတဲ့နေရာ ရှိနေတာလား..

 

ကျွန်တော်.....

 

ကျောင်းမြန် မျက်မှောင်ကြုတ်ပြီး ဆို၏။

 

အရမ်း ရှုပ်ထွေးနေတယ်..

 

သူ့စိတ်ထဲတွင် တကယ် ရှုပ်ထွေးနေလေသည်။သူ့ဦး‌‌နှောက်တစ်ခုလုံးတွင် ဖမ်းဆုပ်ထားလို့မရသည့် လွင့်မျောနေသည့် မှတ်ဉာဏ်အပိုင်းအစများဖြင့် ပြည့်နှက်နေကာ ဘယ်အချိန်၊ ဘယ်နေရာတွင် သူကိုယ်တိုင် ဘာလုပ်မိမှန်းမသိသည့် လူများနှင့်သာ သူ့စိတ်ထဲတွင်ပြည့်နေ‌သောကြောင့် ရူးသွပ်ချင်စိတ်ကို မနည်း ထိန်းထားနေရသည်။

 

သူသည် ငယ်စဉ်ကလေးဘဝက အကြောင်းအရာများကို မမှတ်မိသေးသော်လည်း၊ သူ့စိတ်ထဲတွင် စွန်ပစ်ကြယ်..၊  ပင်လယ်ဓားပြသင်္ဘော‌ပေါ်ရှိ ချင်းယင်၏ အနီရောင်ပုံရိပ်၊ မီးရောင်တွေ၊ ညနေဆည်းဆာ...*အချင်းချင်းတွန်းထိုးရုန်းကန်ကာ ကျောင်းမြန်၏ခေါင်းထဲတွင် ပွစာကျဲကာ အသံမျိုးစုံဖြင့် ပြည့်နှက်နေသည့်ကို ခံစားလိုက်ရသည်။

 

(T/N-တစ်ပုံပြီးတစ်ပုံ ဆက်တိုက်ဆက်တိုက် ပေါ်လာတာမျိုး)

 

ကျောင်းမြန်သည် ခေါင်းကို ကိုင်ကာ အသံထွက်ကာ မညည်းဘဲ မနေနိုင်တော့ပေ။

 

အာ့မြန်...မင်း ဘာကို မြင်လိုက်ရလဲဆိုတာ ကိုယ့်ကိုပြော..

 

စီဆဲလ်သည် သူ၏ တုန်လှုပ်ခြောက်ခြားနေမှုကို ထုတ်မပြဝံ့ဘဲ တုန်ရီနေသော ကျောင်းမြန်ကို ပွေ့ဖက်ကာ လက်ကလေးများကို ထွေးကိုင်ကာ ဆုပ်ထားလိုက်သည်။

 

‌စီဆဲလ်၏ ပွေ့ဖက်ထားခြင်းသည် အားပါလွန်းလှသဖြင့် ကျောင်းမြန် တစ်ကိုယ်လုံးတုန်ရီနေသော်လည်း သူ၏အင်အားကို ခံစားမိနေသည်။

 

မီး..

 

ကျောင်းမြန်၏ မျက်လုံးများ နီရဲလာပြီး

 

ကျွန်တော် သူတို့ကို သတ်လိုက်လိုက်တာ

 

ကျွန်.....ကျွန်တော် သူတို့ကိုသတ်ခဲ့တာ

 

ဒါတွေအကုန်လုံးက အတိတ်မှာကျန်ခဲ့ပြီ၊ အခု ကိုယ့်ကိုကြည့်

 

စီဆဲလ်သည် ကျောင်းမြန်၏ မေး‌စေ့လေးကို ဆွဲမေ့လိုက်ပြီး ထပ်‌ပြောလိုက်၏။

 

ဒါတွေအားလုံးက အတု‌တွေပဲ...ဒါ‌ပေမယ့် ကိုယ်က အစစ်ပါ...

 

ကျောင်းမြန် သည် စီဆဲလ်အား အံ့အားသင့်စွာ ကြည့်လိုက်သည်။

 

 အာ့မြန်...ကိုယ်ကတော့ အစစ်အမှန်ပဲ‌လေ

 

ကျောင်းမြန်၏ မျက်လုံးများသည် ရုတ်တရက် စိုစွတ်လာသည်။

 

စီဆဲလ်သည် သူ့ကုတ်အင်္ကျီမှ အလယ်ကြယ်သီးကို ဖြုတ်ကာ ကျောင်းမြန်၏ တုန်ရီနေသော ကိုယ်လေးကို ကုတ်အင်္ကျီထဲသို့ ဆွဲသိမ်းကာ သူ့လက်မောင်းများထဲတွင် တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်သည်။

 

စီဆဲလ်....ကျွန်တော်က အပြစ်သားပဲ..

 

မဟုတ်ဘူး...

 

စီဆဲလ်သည် ကျောင်းမြန်အား လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်ပြီး သူ့ခေါင်းအား ကျောင်းမြန်၏ပုခုံးပေါ်သို့ မှီကာ တိုးတိုးလေးပြောလိုက်သည်။

 

မင်းက ကိုယ့်ရဲ့ အာ့မြန်ပဲလေ..

 

ကျွန်တော် ဗိုလ်ချုပ်ကုကို နာကျင်စေခဲ့တယ်..

 

ကျောင်းမြန်၏လက်သည် စီဆဲလ်၏အင်္ကျီစကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး ပြော၏။

 

ကျွန်တော် သူတို့ကို နာကျင်အောင်လုပ်မိတာ..

 

ချင်းယင်သည် အဖွဲ့ချုပ်ကို အားနည်းစေရန် သပ်သပ် မဟုတ်ဘဲ သူ့အား သတိပေးရန် တမင်လာခြင်းဖြစ်သည်။ မဟုတ်လျှင် သူ(ချင်းယင်)က ဒီလို အန္တရာယ်များတဲ့ ကိစ္စမျိုးကို ရွေးကာ လုပ်မည် မဟုတ်ပေ။

 

အဲလို မဟုတ်ဘူးလေ....မင်းက သူ့ကို ကယ်လိုက်တာ

 

စီဆဲလ်သည် သူ့အား လေးနက်စွာဖြင့် သေချာ ပြန်ပြောလိုက်သည်။

 

ကိုယ့်ရဲ့ အာ့မြန်က စိတ်ကောင်းရှိပြီး ကြင်နာတတ်တဲ့သူလေ ပြီးတော့ လူ‌တွေအများကြီးရဲ့ အသက်‌တွေကိုလည်း ကယ်တင်ထားတာကို ဘယ်လိုလုပ် အပြစ်သားဖြစ်ရမှာလဲ...

 

ထိုအချိန် ရုတ်တရက် ကျောင်းမြန် ငို‌လေသည်။

 

စီဆဲလ် နေရာမှာတွင် အေးခဲသွားသည်။

 

သူနှင့် ကျောင်းမြန်သည် အချိန်အတော်ကြာ အတူရှိနေခဲ့သောကြောင့် ကျောင်းမြန်သည် ပြဿနာ တစ်ခုခုနှင့် ရင်ဆိုင်ရပါက အလျင်စလိုမဆုံးဖြတ်ဘဲ စ်တ်အေးအေးဖြင့် အမြဲတစေ ထူးဆန်းစွာဖြေရှင်းတတ်ပြီး သူ၏ အားနည်းသည့်ဘက်ခြမ်းအား တစ်ခါမျှ ထုတ်မပြဖူးပေ။

 

ယခုအချိန်တွင်ပင် ကျောင်းမြန်သည် တိတ်တိတ်လေး ငိုကြွေးနေသော်လည်း စီဆဲလ်သည် သူ့အားတစ်ခုခုဖြင့် ပြင်းထန်စွာ ရိုက်ခံနေရသကဲ့သို့ သူ့ရင်ထဲတွင် နာကျင် တုန်လှုပ်နေကာ မည်သည့်စကားမှ မပြောနိုင်တော့ပေ။

 

သူ့စကားကြောင့် ကျောင်းမြန် ဘာလို့ ရုတ်တရက် တစ်ခုခုအားဆုံးရှုံးသွားသလို ခံစားလိုက်ရမှန်း သူမသိပေ။

 

ကျောင်းမြန်သည် ထိုစကားအား ကြားရဖို့ အချိန်ဘယ်လောက်ကြာတဲ့ထိ စောင့်နေခဲ့ရမှန်း စီဆဲလ်မသိခဲ့ချေ။

 

သူ စောင့်ပြီးရင်း စောင့်နေခဲ့သည်.....နောက်ဆုံးတော့ သူကြားလိုက်ရ‌လေပြီ....။

 

ကျောင်းမြန် တစ်ခုခုပြောပြီးသည်နှင့် စီဆဲလ်မှ သူပြောသည်အား နားမလည်‌နိုင်‌ခင်မှာပင် သူက မှေးခနဲ ပြန်အိပ်ပျော်သွားပြီဖြစ်သည်။

 

စီဆဲလ်သည် ကျောင်းမြန်အား ကုတင်ပေါ်အသာအယာ တင်‌ပေးလိုက်ပြီး  သူ၏ ရှုပ်ပွနေသော ဆံပင်များကို သပ်ပေးလိုက်ကာ သူ့စိတ်ထဲမှ တိတ်တဆိတ်ရေရွတ်ကာ ကတိပေးလိုက်သည်။

 

-အနာဂတ်မှာ ကိုယ် မင်းကို စောင့်ရှောက်မယ်...။

 

--------------------------------xxxx---------------------------------

 

ထို့နောက် စီဆဲလ်သည် ကျောင်းမြန်အား စံအိမ်သို့ပြန်ခေါ်သွားခဲ့ပြီး ရှောင်လဲ့ကိုလည်း ပြန်လိုက်မလိုက်အား ရွေးချယ်‌စေခဲ့သည်။

 

နောက်နှစ်ရက်လောက်အထိ ကျောင်းမြန်သည် မကြာခဏအိပ်ပျော်တတ်ပြီး နိုးလာသည့်အခါတိုင်းလည်း မူးဝေနေတတ်ပြီး တစ်ခါတစ်ရံသူ့‌‌ခေါင်းထဲရှိ ရှုပ်ထွေးနေသည့် ပုံရိပ်တွေကြောင့် မူးနောက်ကာ ပြိုလဲ လုနီးပါးဖြစ်ဖြစ်သွားတတ်သည်။

 

ထိုအချိန်တွင် စီဆဲလ်သည် သူ့ဘေးတွင် အချိန်ပြည့်ရှိနေခဲ့သည်။

 

ကျောင်းမြန် ပြန်ပေးဆွဲခံရကြောင်းသိလိုက်ရသည့် အ‌စောပိုင်းအခြေအနေတွင် ကလေးငယ်သည် လူဆိုးများက သူ့အား မေ့ဆေးပေးသွားသောကြောင့် တစ်နေကုန်စောင့်ကြည့်နေရာမှနိုးလာစဥ် ပြန်ပေးသမားများ မည်သို့ ပြုလုပ်သွားသည်ကိုသိချင်နေလေသည်။ထို့နောက် ဖြစ်စဥ် အကျဉ်းချုံးကို သိလိုက်ရပြီးသည့်နောက်တွင် မည်သည့်စကားမှ‌မပြော‌တော့ဘဲ ကျောင်းမြန်၏ အိပ်ရာကိုသာ စောင့်ကြည့်နေတော့သည်။

 

အဲဒီ့လူဆိုးတွေက သားအမေကိုလည်း ခေါ်သွားကြတယ်.....

 

ရှောင်လဲ့သည် ကုတင်အစွန်းတွင်ထိုင်ကာ ကျောင်းမြန်အား တည်ငြိမ်စွာကြည့်ကာ သူ့လက်ချောင်းများ တုန်ရီနေသည်။

 

မကြောက်ပါနဲ့၊ မင်းရဲ့ အာ့မြန်ကို ဘယ်သူမှ လုယူလို့မရဘူး

 

စီဆဲလ်သည် ရှောင်လဲ့၏ ဆံပင်ထိပ်လေးအား ပွတ်ပေးလိုက်ပြီး ပြောလိုက်သည်။

 

သူပြန်လာနိုင်မယ်လို့ မင်းထင်တယ်မလား

 

ရှောင်လဲ့ အံကြိတ်ကာ ပြောလိုက်သည်။

 

သား ကိုယ်ခံပညာသင်ချင်တယ်...

 

စီဆဲလ် အံ့သြသွား‌တော့သည်။

 

ရှောင်လဲ့သည့် သူ့လက်သီးလေးကို တင်းကြပ်စွာ ဆုပ်ထားရင်း ပြောလိုက်သည်။

 

သားလည်း အားကြီးချင်တယ်..

 

ကောင်းပြီ

 

စီဆဲလ်သည် ရှောင်လဲ့အား ပြုံးကာ ပြောလိုက်သည်။

 

ကဲ..အခု အားကြီးတဲ့ ရှောင်လဲ့ အိပ်ချိန်ရောက်ပြီနော်...မင်းအခုထက် အရပ်ပိုရှည်အောင် ကောင်းကောင်းစားပြီး ကောင်းကောင်းအိပ်ရမယ်....အဲ့ဒါဆို မင်းကြီးလာရင် လူဆိုးတွေကို တိုက်ခိုက်လို့ရပြီ...

 

ရှောင်လဲ့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

 

မင်းရဲ့ အကိုအာ့မြန် နေပြန်ကောင်းပြီးနိုးလာရင်မင်းကို ချီးကျူးလိမ့်မယ်...

 

ထို့နောက် အိမ်ထိန်းသည် ရှောင်လဲ့အား ခေါ်သွားခဲ့သည်။

 

အခန်းထဲတွင် စီဆဲလ်နှင် ကျောင်းမြန် နှစ်ယောက်ပဲ ကျန်တော့ပြီး တိတ်ဆိတ်သွားသည်။

 

စီဆဲလ်သည် ကုတင်အစွန်းတွင် ထိုင်ကာ စာရွက် စာတမ်းများကို လှန်ကြည့်‌နေလိုက်သည်။

 

မိုချင်းသည် နောက်ဆုံးတွင် အဖမ်းခံရပြီး ယခုအခါ ထောင်ထဲတွင်ရှိနေသည်။မင်ရန်နှင့် အခြားအတွင်း‌ရေးမှူးများသည် စိတ်ဓာတ်‌‌ပျော့ညံ့ကြသဖြင့် သူတို့နှင့် နှစ်ရှည်လများ အတူတကွ လက်တွဲလုပ်ကိုင်လာသည့် လုပ်ဖော်ကိုင်ဖက်သည် သူလျှိုဖြစ်နေသည့် အချက်အား မည်သူမှ အလွယ်တကူ လက်ခံနိုင်မည်မဟုတ်ပေ။

 

စီဆဲလ်သည် မိုချင်းအား မည်သို့ အဆုံးသတ်ရမည်ကို တွေးနေစဉ် ခုတင်ပေါ်မှ ညည်းတွားသံတိုးတိုးကြောင့် ထိတ်လန့်သွားသည်။

 

ကျောင်းမြန် လန့်နိုးလာသည်ကို စီဆဲလ်မြင်လိုက်ရသဖြင့် လက်ထဲမှ စာရွက်စာတမ်းများကိုချကာ ကျောင်းမြန်၏ခါးကို လက်တစ်ဖက်ဖြင့် ထိန်းကိုင်ပေးလိုက်ပြီး ကျန်တစ်ဖက်ဖြင့် ရေခွက်ကို လှမ်းယူကာ ကျောင်းမြန်၏ပါးစပ်နားသို့‌ တေ့ပေးလိုက်သည်။

 

ဘယ်လို‌နေသေးလဲ....နာနေသေးလား

 

ကျောင်းမြန် တစ်ငုံသောက်လိုက်ပြီး နှုတ်ခမ်းလေးများ တွန့်ကွေးကာ ပြုံးလိုက်သည်။

 

ကျွန်တော် ပိုကောင်းလာပါပြီ

 

ကျောင်းမြန်သည် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းတွင် စီဆဲလ်သာ် သူ့ဘေးတွင် တစ်ချိန်လုံးရှိနေပေးသည်ကို သိလိုက်ရချိန် သူ့နှလုံးသား‌လေး တုန်လှုပ်သွားပြီး အပြစ်မကင်းသည့် စိတ်ကလေးဝင်မိသွားသည်။ထို့ကြောင့် သူ့ခေါင်းထဲရှိ ရှုပ်ထွေးနေသည့် ရုပ်ပုံများကို အမြန်ဆုံးရှင်းလင်းနိုင်ရန် နေမြန်မြန်ပြန်ကောင်းချင်နေပြီဖြစ်သည်။

 

ဗိုလ်ချုပ်ကြီး စီဆဲလ်..

 

ရှူး....

 

စီဆဲလ်သည် ကျောင်းမြန်၏ နှုတ်ခမ်းလေးများကို အသာပွတ်လိုက်ပြီး ပြောလေသည်။

 

မင်း ကိုယ့်နာမည်ကို မခေါ်သေးဘူးဆိုရင် ကိုယ် ဒီကို နောက်တစ်ခါ ထပ်မလာတော့ဘူး..

 

ကျောင်းမြန်လည်း အံ့သြသွားပြီး ‌ပြန်ဖြေလိုက်သည်။

 

အင်း.....ကျွန်တော် အဆင်‌ပြေပါတယ်...မနေ့ကထက်စာရင် ဒီနေ့ပိုပြီး နေလို့ကောင်းပြီး အားလည်းပိုပြည့်လာသလိုပဲ...

 

အဲဒါကောင်းတယ်

 

စီဆဲလ်သည် သူ့စိတ်ထဲတွင် ထိုသူမှာ ရှောင်ကျစ်ဖြစ်သည်မှာ သေချာနေပြီဖြစ်သည်။နောက်ဆုံးတော့ စီဆဲလ်သည် ကျောင်းမြန်၏ ခန္ဓာကိုယ်မှ အဆိပ်ဖြေနိုင်စွမ်းနှင့် ကောင်းမွန်လှသည့် ပြန်လည်ကုသနိုင်စွမ်းတို့အား သေချာစွာနားလည်နိုင်ပြီးဖြစ်သည်။အဲဒီနေ့က Dark Phoenix အား အချိန်မီ ဖမ်းမိသည်မှာ တော်သေးသည်ဟုပြောရမည်။ကျောင်းမြန် မို့လို့သာ အခုဒီနေရာတွင်ထိုင်ပြီး အဆင်ပြေသည်ဟု ပြောနေနိုင်ခြင်းဖြစ်သည်။တခြား သာမန်လူသာဆိုလျှင် ရူးသွားတာကြာလှပြီဖြစ်သည်။

 

ကျောင်းမြန်၏ စိတ်အခြေအနေပြန်ကောင်းလာသည်အား မြင်လိုက်ရသဖြင့် စီဆဲလ်သည် အားရပါးရ ရယ်မောပြီး‌ပြောလိုက်သည်။

 

ကိုယ် မင်းကို အပြင်မှာလမ်းလျှောက်ဖို့‌ခေါ်သွားမလားလို့....အခန်းထဲမှာဘဲ အပျင်းတစ်မနေနဲ့...

 

ကျောင်းမြန်၏ မျက်လုံးများ တောက်ပသွားသည်။

 

သူ၏ ကလေးဆန်‌သည့်အသွင်အပြင်‌လေးကိုမြင်လိုက်ရချိန်တွင် စီဆဲလ်လည်း ပြုံးလိုက်ပြီး သူ့ကို လာခေါ်ရန် ခြေလှမ်းပြင်လိုက်သည်။

 

စီဆဲလ်......!

 

ကျောင်းမြန် ဆက်ပြောလိုက်သည်။

 

ကျွန်တော့်ဘာသာ ကျွန်တော် သွားမယ်..

 

ဒုက္ခမရှာနဲ့....

 

ခင်ဗျားလက်မောင်းက.....

 

ကိုယ် အဆင်ပြေတယ်

 

ကျောင်းမြန်၏ ခြေထောက်တွင် ဒဏ်ရာရထားသောကြောင့် အားအများကြီးသုံးလို့မရသဖြင့် စီဆဲလ်သည် သူ့၏ဒဏ်ရာမရှိသော လက်တစ်ဖက်ဖြင့် ကျောင်းမြန်၏ခါးလေးအား ဖက်ထားတာ ထိန်းပေးထားလိုက်သည်။

 

စီဆဲလ်သည် ကျောင်းမြန်အား ဥယျာဉ်ဘက်သို့ ခေါ်ဆောင်သွားသဖြင့် နောက်ဆုံးတွင် ကျောင်းမြန်သည် နွေးထွေးသော နေရောင်ခြည်ကို ခံစားလိုက်ရသဖြင့် သူ့တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းသွား‌‌လေသည်။

 

ဟိုဘက်ကို လှမ်းကြည့်လိုက်

 

စီဆဲလ်၏ အပြောကြောင့် ကျောင်းမြန်သည် မူလက ခေါင်းငုံ့ကာ အတွေးများနေသော်လည်း ခေါင်းမော့ကာ စီဆဲလ် ညွှန်ပြသည့်နေရာအား မသိစိတ်မှ မျက်လုံးလေးနည်းနည်း စွေကာ လှမ်းကြည့်လိုက်သည်။

 

ထိုသို့ကြည့်လိုက်ချိန်တွင် သူအံ့ဩသွားသည်။

 

အိမ်အနောက်ဘက်တွင် တစ်ယောက်ယောက်က မှန်လုံအိမ်တစ်ခုဆောက်ထားသည့်အကြောင်းအား သူမသိခဲ့ပေ။

 

ကျောင်းမြန်သည် သူနှင့် မနီးမဝေး‌တွင် ကြီးမားသော စက်ဝိုင်းပုံစံ ဖန်လုံအိမ်ကြီးတစ်ခုကို မြင်လိုက်ရသည်။၄င်း၏ ဘေးဘက်အား သံမဏိဘောင်များဖြင့် ပြုလုပ်ထားပြီး ထိုဘောင်များတွင်‌သေချာစွာ စိုက်ပျိုးထားသည့် ပန်းပင်များ၊စပျစ်ပင်းများ၊ စသည့် နွယ်ပင်များသည် အောက်မှတဆင့် တဖြေး‌ဖြေး‌ရစ်ပတ်ကာ ရှိနေသဖြင့် အရောင်အသွေးစုံလင်ကာ လှပနေလေသည်။ဖန်လုံအိမ်ရှိ အတွင်းဘက်သို့ဖောက်မြင်ရသည့်မှန်များမှတဆင့် အရမ်းပူလွန်းသည် မဟုတ်ဘဲ အတော်အသင့်‌‌နွေးထွေးသည့် နေရောင်ခြည်‌များ ဖောက်ဝင်လာသည်ကို ခံစားရနိုင်သည်။

 

အပြင်ဘက်မှ ကြည့်လျှင်ပင် ထိုနေရာသည်ဒဏ္ဍာရီထဲမှ အဲလစ်နေသည့် ကမ္ဘာကဲ့သို့ အလွန်အံသြစရာကောင်းသည့် စိတ်ကူးယဉ်နယ်မြေတစ်ခုကဲ့သို့ ဖြစ်နေလေသည်။

 

ခင်ဗျား....

 

ကျောင်းမြန် အရမ်းအံ့အားသင့်သွားပြီး စီဆဲလ်ဟာ ယခုလိုမျိုး ရိုမန့်တစ်ဆန်သည့် အရာမျိုးအားလုပ်‌‌ပေးလိမ့်မည်ဟု သူတစ်ခါမှ စိတ်ကူးထဲမှာတောင် မတွေးဖူးပေ။

 

စီဆဲလ်သည် ပြုံးကာ ပြောလိုက်သည်။

 

ဒါ ကိုယ် မင်းအတွင် ပြင်ထားတာ...

 

ကျောင်းမြန်သည် အခု ပို၍ပင် အံ့ဩသွားသည်။

 

ဘာရယ်....!

 

စီဆဲလ် : မင်း နေပြန်‌ကောင်းလာတဲ့အချိန်ကျရင် နေပူဆာလှုံချင်နေမှာ သေချာတယ်လေ အဲ့ဒါကြောင့် ကိုယ် သူများ‌တွေကို မေးပြီး လုပ်ခိုင်းထားတာ...မင်း မကြိုက်ဘူးလား...

 

ကျောင်းမြန်လည်း အံ့သြသွားပြီး ဘာစကားမှ မပြောနိုင်တော့ပေ။

 

အဟွန်း... မင်းဘယ်လိုလုပ် မကြိုက်ဘဲ နေမလဲ

 

စီဆဲလ်သည် သူနှာခေါင်းထိပ်‌လေးအား ထိကာ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ဖြင့် တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။ထို့နောက် သူကိုယ်တိုင် သေချာလှည်းကျင်းထားသည့် အထူးကောင်းမွန်သော‌ နေရာသို့ ကျောင်းမြန်အား ခေါ်သွားသည်။

 

လျှောက်လမ်းအဆုံးတွင် ကျောင်းမြန်သည် ပန်းဥယျာဉ် အလယ်တွင်ရှိနေသည့် စန္ဒယားတစ်လုံးအား တွေ့လိုက်ရသည်။

 

နေရောင်ခြည်သည် အနက်ရောင်သလင်းကျောက်ဖြင့် ပြုလုပ်ထားသည့် စန္ဒယားပေါ်သို့ ကျို့တို့ကျဲတဲ‌လေး ကျရောက်နေပြီး ပန်းပွင့်လေးများသည်လည်း ထိုစနဒယား၏ ဘေးပတ်ပတ်လည်တွင် ပြန့်ကျဲကာ ကျနေသည်

 

စီဆဲလ်သည် ကျောင်းမြန်အား စန္ဒယားရှေ့ရှိ ခုံလေးပေါ်တွင် ထိုင်ခိုင်းလိုက်သည်။ထိုခုံလေးပေါ်တွင် ပျော့ပျောင်းနူးညံ့သည့် ကူရှင်တစ်ခုအား တင်ထားသောကြောင့် ထိုင်ရသည်မှာ သက်တောင့်သက်သာရှိလှသည်။

 

ကျောင်းမြန်သည် သူ့ရှေ့တွင်ရှိ‌နေသည့် အလွန်လှပသောစန္ဒယားအား ကြည့်ကာ အလွန်သဘောကျနေ‌မိသည်။

 

ဒါက...

 

မင်းအတွက်လေ..

 

ကျောင်းမြန် နောက်လှည့်ကာ စီဆဲလ်အားကြည့်လိုက်ချိန်တွင် ထိတ်လန့်သွားလေသည်။

 

စီဆဲလ်သည် သူ့ရှေ့တွင် နူးညံ့သော အကိုကြီးတစ်ယောက်ကဲ့သို့ အပြုံးလေးဖြင့် သူ့အားကြည့်နေလေသည်။