Chapter 128
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၁၂၈)


"ဘယ်သူ့ဆီကလဲ။"


ဆိုဗက်စ်စတာက ပြောသည်။


ကျွန်မလည်း စာကို ဖြစ်သလို ပြန်ခေါက်နေရင်း ပြန်ဖြေလိုက်သည်။


"အိမ်ရှေ့စံအရှင့်သား"


"သူက ဘာဖြစ်လို့ စာပို့ရတာလဲ။"


ဆိုဗက်စ်စတာက စိတ်မကျေမနပ်ဖြစ်နေသော အမူအရာကို မျက်နှာတစ်ခုလုံးတွင် ဖော်ပြရင်း ပြောလေသည်။


"ဘာကြောင့် ဖြစ်ရမှာလဲ။ကောင့်မြို့စားကတော်ဖလဲရ်ကို ကျွန်မ ရိုက်ပစ်လိုက်တာ ကြားပြီး စာရေးလိုက်တာနေမှာပေါ့။" 

"အာ"


ဆိုဗက်စ်စတာက ခေါင်းငြိမ့်သည်။


ပြီးနောက် မျက်မှောင်ကြုတ်ထားရင်း ပြောလေသည်။


"မသွားနဲ့"


"ဘယ်လို"


"မသွားနဲ့လို့ ၊မင်း သွားဖို့မလိုဘူးလေ၊မဟုတ်ဘူးလား။"


"ဒါပေမဲ့ ..."


အမှန်ပင် ဖြစ်ပါ၏။


ကယ်လီယန်က လှမ်းခေါ်လိုက်သည်နှင့် ဟုတ်ကဲ့ပါဟု ပြန်ဖြေပြီး အပြေးအလွှားသွားနေစရာ အကြောင်းမရှိပေ။


ယခု ကျွန်မမှာ ကယ်လီယန်ကို ထပ်၍ သွေးဆောင်ဖြားယောင်းနေစရာ မရှိတော့သဖြင့် သူနှင့် ဆက်ဆံရေးကောင်းတစ်ခုကို ထိန်းသိမ်းနေစရာ မလိုတော့ပါ။ဆိုဗက်စ်စတာနှင့်သာ ကောင်းကောင်းမွန်မွန် နေထိုင်သင့်ပါသည်။


သို့သော်


ကျွန်မ မျက်တောင်ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်သည်။


"ကျွန်မ သွားရမယ်။"


"ဘာအတွက်လဲ။"


"သွားပြီး သေချာအောင် လုပ်ပြချင်လို့။"


ကျွန်မ လှောင်ပြုံးလေးဖြင့် ပြောလိုက်သည်။


"အခု ကျွန်မ ထပ်ပြီး ခံစားမနေတော့ဘူး လို့လေ။"



ကယ်လီယန်မှာ အလွန့်အလွန် အလွန်အမင်းဆိုးရွားသော စိတ်အခြေအနေ၌ ရှိနေခဲ့သည်။


ဤသို့ဖြစ်နေရခြင်းမှာ ဖလဲရ်ကို အိုဖီလီယာက ရိုက်နှက်ခဲ့သောကြောင့်သာ မဟုတ်ပေ။ထိုထက် ပို၍ ရှုပ်ထွေးသည်။


မူလတုန်းက ကယ်လီယန်သည် အိုဖီလီယာက ဖလဲရ်ကို မိုးရွာသောနေ့တွင် ဖုန်မှုန့်ဖြစ်သည်အထိ ရိုက်နှက်ခဲ့ကြောင်း သိရလျှင် ဒေါသတကြီး ဖြစ်နေလိမ့်မည်။သူက အိုဖီလီယာကို သေသည်အထိ ခြိမ်းခြောက်ပစ်ပြီး ဖလဲရ်ကို နှစ်သိမ့်ပေးနေလိမ့်မည်။


သို့သော် ယခု ကယ်လီယန်က ...


သူက ဖလဲရ်ထံသို့ ဖြေသိမ့်ပေးသည့် စာတစ်စောင်သာ ပို့ပေးခဲ့ပြီး သူမကို နန်းဆောင်သို့ လှမ်းမခေါ်ခဲ့ပေ။ထိုအစား သူက အိုဖီလီယာကို ဆင့်ခေါ်ခဲ့သည်။


အိုဖီလီယာကို ဆင့်ခေါ်ထားသည့် အတောအတွင်း၌ ကယ်လီယန်က ဤသို့ တွေးနေသေးသည်။


အိုး ...သူမကို မြင်နိုင်ဖို့အတွက် သူ့မှာ အကြောင်းပြချက်တစ်ခု ရလာပြီပဲ။


သူ့နှလုံးသားက အနည်းငယ်သာမကဘဲ အများကြီး ပြောင်းလဲသွားခဲ့ပြီဟု ကယ်လီယန် တွေးမိတော့သည်။


ဖလဲရ်အပေါ်ထားရှိသော သူ၏အချစ်မှာ ယခင်ကနှင့် မတူတော့သည့်အပြင် သူက အိုဖီလီယာ၏အကြောင်းကို မကြာခဏဆိုသလို ပို၍တွေးမိနေမှန်း သိသွားရသည်။


ထို့ကြောင့် ကယ်လီယန်မှာ စိတ်ခံစားချက် ဆိုးရွားနေရသည်။


ဘာကြောင့်လဲ။


ဘယ်လို သောက်ကျိုးနည်းတွေကြောင့်လဲ။


သူ ဖလဲရ်ကို ချစ်တယ်။


ဒါပေမဲ့ သူမကို အခုထိ ဆက်ချစ်နေသေးတာပဲ ဖြစ်ဖြစ်၊အရင်တုန်းက ချစ်ခဲ့တာပဲ ဖြစ်ဖြစ် အရာအားလုံးက ပျောက်ကွယ်သွားခဲ့ပြီ။ကိုယ် မင်းကို ချစ်ခဲ့ပါတယ်'ဆိုတာနဲ့ တော်တော်နီးစပ်သွားသလိုပဲ။


ဒါပေမဲ့ အိုဖီလီယာနဲ့ ပတ်သက်ရင် ...


သူ့မျက်လုံးတွေကို မှိတ်ထားရင်တောင်မှ သူမအကြောင်းကို ဆက်တွေးနေမိတယ်။


သူမရဲ့ရဲရင့်ပြတ်သားသော စကားတွေ ၊ခနဲ့တဲ့တဲ့ အပြုံးလေးတွေ၊ သူ့ကို ကူညီပေးမယ်ဆိုပြီး ပြောခဲ့တဲ့လုပ်ရပ်တွေ ...ဒါတွေ အားလုံးကို ဆက်တိုက် တွေးကြည့်နေမိတယ်။


သေစမ်းကွာ


ယခု ကယ်လီယန် ဝန်ခံရပေတော့မည်။


သူ့စိတ်ထဲတွင် အိုဖီလီယာ၏လွှမ်းမိုးထားမှုက အလွန်ကြီးမားနေခဲ့သည်ဆိုသော အမှန်တရား။ဖလဲရ်ထက်ပင် ပိုများနေသေးသည်။


သို့သော် အိုဖီလီယာကမူ ဆိုဗက်စ်စတာကို ကြိုက်သည်ဟု ပြောခဲ့၏။


သူတို့၏ဆက်ဆံရေးမှာ ယခင်ကထက် ပိုကောင်းလာပုံရသည်။လူတိုင်းက ပြောမဆုံးနိုင်ပေ။


သူ ကြားဝင်နိုင်စရာ နေရာလွတ်လေးများ ရှိလေမလား။


မဖြစ်နိုင်လောက်ပါ။


သို့သော် သူက သည်အတိုင်း လက်လျှော့ပေးလိုက်စရာ မရှိပေ။


သူက အိမ်ရှေ့စံမင်းသားတစ်ပါးဖြစ်ပြီး သူ ဆန္ဒရှိသမျှ အရာအားလုံးကို ရနိုင်သည့် နေရာတစ်ခုတွင် ရှိနေသည်။


သူ ရအောင် လုပ်မည်။


ဧကရာဇ် ပြောထားသည့်အတိုင်း သူက သူမကို ဘယ်တော့မှ လက်လွှတ်ပေးမည် မဟုတ်ပေ။


ကယ်လီယန်က ပန်းချီခန်းတံခါးကို ဖွင့်ပြီး အထဲသို့ ဝင်လိုက်သည်။


"အိုး ... မင်း ရောက်ပြီလား။"


ကယ်လီယန်၏နှလုံးသားအကြောင်း ဘာတစ်ခုမှ မသိသော အိုဖီလီယာက တောက်ပသောအပြုံးတစ်ပွင့်ဖြင့် သူ့ကို နှုတ်ဆက်လာသည်။


ယနေ့ အိုဖီလီယာ၏ဝတ်စားဆင်ယင်ပုံမှာ ယခင်ကထက် ပို၍ ရိုးရှင်းနေသည်။


သို့သော် ရိုးရှင်းသော အပြင်အဆင်က သူမ၏တောက်ပလင်းလက်သည့် ဖြစ်တည်မှုကို လျော့ကျမသွားစေခဲ့ပေ။


ကယ်လီယန်က အိုဖီလီယာနှင့် ဖလဲရ်ကို တစ်ချိန်တည်း နှိုင်းယှဥ်ကြည့်နေခဲ့သည်။


ပြီးနောက် အိုဖီလီယာက အများကြီး ပို၍လှသည်ဟု တွေးမိသွားလေသည်။


သေလိုက်ပါတော့ကွာ။


ကယ်လီယန်မှာ သူ၏မသိစိတ်ထဲတွင် လွှမ်းမိုးနေသော သူမကို ဒေါသထွက်နေသဖြင့် အပြင်မှ အိုဖီလီယာကိုပါ ဒေါသထွက်လာရတော့သည်။

ထို့ကြောင့် သူက အိုဖီလီယာကို အတော်လေး မချေမငံ ပြုမူဆက်ဆံလိုက်တော့သည်။


"မင်းရဲ့အမှားကို မင်း သိလား။"


သူက အိုဖီလီယာနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ရင်း ပြောခဲ့သည်။ထိုအခါ အိုဖီလီယာက ခေါင်းကို စောင်းငဲ့လိုက်လေသည်။


"ကျွန်မ မသိပါဘူး။"


အိုဖီလီယာက အပြုံးမပျက် ပြောလေသည်။


"ကျွန်မကို အရှင့်သားက ဘာကြောင့် ခေါ်လိုက်ရတာလဲဆိုတာ မသိခဲ့ပါဘူး။အရှင့်သား ကျွန်မကို ဘာအတွက်ကြောင့် ဆင့်ခေါ်ရတာပါလဲ။"


"အိုဖီလီယာ ရိုင်ဇန်"


"ကျွန်မက ဖလဲရ်ကို ရိုက်ခဲ့လို့လား။"


"အမှန်ပဲပေါ့!"


ကယ်လီယန်က အသံကို မြှင့်လိုက်သည်။


"မင်းက ငါ့အတွက် ဒုက္ခတွေ တစ်လှေကြီး ပေးနေတာပဲ။မင်းက လေဒီတစ်ယောက်ရဲ့မျက်နှာကို နှာခေါင်းသွေးထွက်ကျတဲ့အထိ ရိုက်ပစ်တာက ဘာအတွက်များလဲ။"


"ကျွန်မသာ အဲ့လို မလုပ်ခဲ့ရင် သူမက ထပ်ပြီးတော့ လိမ်နေဦးမှာပါ။"


အိုဖီလီယာက အမှန်ပင် တည်ငြိမ်အေးဆေးနေသော အမူအရာဖြင့် ပြောလေသည်။


"ကျွန်မဖြင့် ဘာမှမလုပ်ရသေးပါဘူး။ဒါကို ကျွန်မက သူမကို ရိုက်နေပါတယ်ဆိုပြီး အော်ဟစ်နေတယ်လေ။ဒါကြောင့် ကျွန်မကလဲ သူမပြောတဲ့အတိုင်း မှန်အောင် လုပ်ပေးလိုက်တာပါ။ဒါပါပဲ ... ကျွန်မ အမှား လုပ်မိခဲ့လို့ပါလား။"


ကယ်လီယန်၏မျက်လုံးများ ကျဥ်းမြောင်းသွားခဲ့သည်။


အိုဖီလီယာပြောတာ အမှန်ဆိုရင် ဖလဲရ်က လိမ်ညာပြီး သူမကို စွပ်စွဲခဲ့တာပေါ့။ မဟုတ်ဘူး ... ဒါပေမဲ့ အကြမ်းဖက်တာကတော့ မှန်မနေဘူးလေ!


ကယ်လီယန်၏ခေါင်းက ပေါက်ထွက်မတတ် ကိုက်ခဲနေသဖြင့် ဆိုဖာကို မှီထားလိုက်ပြီး မျက်မှောင်ကြုတ်၍ အိုဖီလီယာကို ကြည့်လိုက်သည်။


"ဒါကို ဒီအတိုင်း ထားလိုက်ဖို့တော့ ခက်တယ်။"


"ကျွန်မလဲ နားလည်ပါတယ်၊ဒါပေမဲ့ ကျွန်မ ဘာများ တတ်နိုင်လို့လဲ။ဖြစ်တာက ဖြစ်ခဲ့ပြီးပြီလေ။"


အိုဖီလီယာက ပခုံးတွန့်ပြလိုက်သည်။ 

"မင်းကိုတော့ ငါ တကယ် မတားဆီးနိုင်တာပဲ။"


ကယ်လီယန်က ကြေကွဲစွာ ပြုံးရင်း ခေါင်းခါလိုက်သည်။


"ဒီကိစ္စအတွက် ငါ့ဘက်က တာဝန်ယူဖြေရှင်းပေးမှာ မဟုတ်ဘူး။"


"ကျွန်မ သိပါတယ်။အရှင့်သားက ကောင့်မြို့စားကတော်ဖလဲရ်ကို ချစ်တယ်လေ။ဒီတော့ သူမကို ရိုက်လိုက်တဲ့အတွက် ကျွန်မကို အရှင့်သား ဒေါသဖြစ်သင့်ပါတယ်။"


အိုဖီလီယာက ထိုသို့ပြောလျှင် ကယ်လီယန် မျက်မှောင်ကြုတ်သွားလေသည်။


"ဘယ်သူက ဒီစကားကို ပြောတာလဲ။ငါက ကောင့်မြို့စားကတော်ဖလဲရ်ကို ချစ်တယ်လို့ ဘယ်သူကများ ပြောရဲတာလဲ။"


"ဘယ်လို"


အိုဖီလီယာမှာ စိတ်ရှုပ်ထွေးသွားရလေသည်။


ဒါက ဘယ်လိုအဓိပ္ပါယ်မရှိတာမျိုးလဲ။


"မင်းက ဒီလိုအတင်းအဖျင်းစကားတွေကို နားထောင်ခဲ့မိတာလား။ဒါဆို ငါက ထပ်ပြီး ပြောပြပေးမယ်။ကောင့်မြို့စားကတော်ဖလဲရ်နဲ့ ငါက ချစ်နေကြတာ မဟုတ်ဘူး၊ဒါပေမဲ့ သူမနဲ့ အရမ်းရင်းနှီးတယ်။"


ထိုသို့ ပြောလိုက်ချိန်တွင် ကယ်လီယန်၏နှလုံးသားက နာကျင်နေခဲ့သည်။သို့သော် ထိုသို့သေချာစေရန် သူ လုပ်ရလိမ့်မည်။သို့မှသာ အိုဖီလီယာ၏ယုံကြည်မှုကို ရနိုင်လိမ့်မည်။


၎င်းမှာ သူဖြေသင့်သည့် အဖြေမှန် ဖြစ်နေသကဲ့သို့ အိုဖီလီယာ၏မျက်လုံးများက အနည်းငယ် တုန်လှုပ်သွားခဲ့သည်။


"အဲ့ဒါက ... အရမ်းစိတ်ပျက်ဖို့ကောင်းတာပဲ။"


အိုဖီလီယာ၏ခေါင်းမှာ ကိုက်ခဲလာခဲ့၏။


ဘာလဲဟ။


ကယ်လီယန်က အစီအစဥ် ပြောင်းသွားပြီလား။


ဖလဲရ်ကိုပါ မသိချင်ယောင်ဆောင်နေတော့မဲ့အထိလေ။


ပြီးတော့ သူက ဖလဲရ်ကို ဧကရီဖြစ်အောင် လုပ်ပေးဖို့ ကြိုးစားနေတာ မဟုတ်လား။


မဟုတ်သေးဘူး၊အခုလို အခြေအနေမျိုးမှာဆိုရင် ဖလဲရ်အပေါ် သူ့ရဲ့အချစ်တွေကို အကုန်လုံး ထုတ်ပြလာရမယ်လေ။ဘာဖြစ်လို့ ဒီလို သောက်ကျိုးနည်းသွားရတာလဲ။


အိုဖီလီယာ အလွန် ရှုပ်ထွေးနေခဲ့ရသည်။


"ဘယ်လိုပဲပြောပြော အဲ့လို ဖြစ်ခဲ့တယ်ဆိုတာပဲ။ဒါဆို မင်း သိလောက်ပါပြီ။"


"အရှင့်သား ဆိုလိုချင်တဲ့အရာကို ကျွန်မ မသိပါဘူး၊ဒါပေမဲ့ ကျွန်မ သဘောပေါက်ပါပြီ။"


ဤကိစ္စကို နောက်မှ ဖြည်းဖြည်းချင်း ပြန်စဥ်းစားရမည်ဟု တွေးရင်း သူမ ခေါင်းငြိမ့်ပြလိုက်သည်။


ကယ်လီယန်၏နှုတ်ခမ်းများက ကျေနပ်အားရစွာ မြင့်တက်သွားလေသည်။


"စကားမစပ် မြို့စားကြီးအကြောင်း ပြောရဦးမယ်။"


"ဟုတ်ကဲ့၊ကျေးဇူးပြုပြီး ပြောပါ အရှင့်သား။"


"မြို့စားကြီးက ငါ့ဆီကို လာပြီး အပေးအယူတစ်ခု လုပ်ဖို့ ကမ်းလှမ်းလာခဲ့တယ်။"


ကယ်လီယန်က မျက်လုံးများ တောက်ပလျက် ပြောလာသည်။


"ငါက သူ့ရဲ့ကမ်းလှမ်းမှုအပေါ် သတ်မှတ်ချက်တစ်ခုလောက် အပိုထပ်ဆောင်းပြီး ထည့်ချင်တယ်။"


"သတ်မှတ်ချက် ဟုတ်ပါသလား။"


"အင်း"


ထိုသတ်မှတ်ချက်က ဘာများလဲဟု အိုဖီလီယာ သိချင်နေမိသည်။သို့သော် တစ်ဖက်တွင် သူမ ထိုသို့ ထုတ်မမေးသင့်ဟုလည်း အလိုလို သိနေခဲ့သည်။သူမ နှုတ်ခမ်းကို အားဖြင့် ကိုက်ထားလိုက်ရ၏။


"ငါက သူနဲ့ အပေးအယူ ဖြစ်မြောက်နိုင်ဖို့ဆိုရင် သူ့ဘက်က ဒီသက်မှတ်ချက်ကို လက်ခံပေးဖို့တော့ လိုအပ်လိမ့်မယ်။"


ကယ်လီယန်က အိုဖီလီယာ၏မျက်လုံးထဲသို့ တည့်တည့်ကြည့်ပြီး မေးလိုက်သည်။


"မင်းရော ဘယ်လိုထင်လဲ။"


ငါ့အထင်လား။


ဘယ်လိုမှ မထင်ပါဘူး။


အိုဖီလီယာ ပါးပြင်ကို ကုတ်နေမိသည်။

ပြီးမှ ကယ်လီယန် သဘောကျလောက်မည့် စကားတစ်ခွန်းကို ပြောရန် သူမ ဆုံးဖြတ်လိုက်သည်။


သူက ဘာပဲဖြစ်ဖြစ် ဆိုဗက်စ်စတာနဲ့ လက်တွဲမှာပဲ မဟုတ်လား။သူရဲ့ခံစားချက်ကို တိုးမြှင့်ပေးတာက ကောင်းတယ်မဟုတ်လား။


"အရှင့်သားက ဒုတိယမင်းသားထက် ပိုကောင်းပါတယ်။"


"အဲ့ဒါကို ငါ သိပြီးသားပဲ။"


ကယ်လီယန်က ယုံကြည်မှုအပြည့်ဖြင့် ရဲရဲတင်းတင်း ပြုံးလိုက်ပြီး ဆိုဖာကို မှီထားခဲ့သည်။


"သတ်မှတ်ချက်က ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။"


သူမ တစ်ခုခု ပြောရန်လိုအပ်သည်ဟု မထင်ပါ။အိုဖီလီယာ အနည်းငယ် စိတ်လှုပ်ရှားနေပြီး ခေါင်းယမ်းလိုက်မိသည်။


"ဒီအကြောင်းကို ကျွန်မရဲ့ခင်ပွန်းနဲ့ပဲ ပြောသင့်တယ်လို့ ထင်ပါတယ်။"


သို့သော် ကယ်လီယန်က အိုဖီလီယာ၏နှလုံးသားကို နားမလည်ခဲ့ပါ။


"မင်းတို့နှစ်ယောက် ကွာရှင်းပေးရမယ်။"


သူက ဆက်ပြောသည်။


"ဒါက ငါ လိုချင်တဲ့ သတ်မှတ်ချက်ပဲ။"


*


လာဂိုမှာ အခန်းထဲတွင် ပတ်၍ လမ်းလျှောက်နေခဲ့သည်။


ဧကရာဇ်၏အမျက်ဒေါသကြောင့် သူ့မှာ အပြင်မထွက်နိုင်သဖြင့် မတော်လေး စိတ်ပျက်စရာကောင်းနေသည်။


သို့သော် ထိုကိစ္စက အချိန်ကြာမြှင့်နေမည် မဟုတ်ပါ။



ရက်အနည်းငယ်အတောအတွင်း အကျယ်ချုပ်ပြစ်ဒဏ်က ပြီးမြောက်သွားမည်ဖြစ်ပြီး ထိုအခါ သူ ဆန္ဒရှိသမျှ နေရာတိုင်းသို့ သွားလာနိုင်လိမ့်မည်။


ပထမဆုံး လုပ်မည့်အရာက ...


အိုဖီလီယာ ရိုင်ဇန်


သူမက ဩဇာအာဏာ များများစားစား မရှိသဖြင့် သူမကို သည်အတိုင်း လျစ်လျူရှုထားလျှင်ပင် သူ၏စိတ်နှင့်ခန္ဓာကိုယ်အတွက် အကျိုးရှိပေလိမ့်မည်။


သို့သော် လာဂို၏အလိုလိုသိစိတ်က ပြောနေသည်။


သူ ဤအတိုင်း နေလိုက်လျှင် သူ့ကို ကျိန်းသေပေါက် ထိခိုက်လာလိမ့်မည်။


ထို့ကြောင့် လာဂိုက နန်းဆောင်မှ ထွက်နိုင်သည်နှင့် တစ်ပြိုင်နက် အိုဖီလီယာ ရိုင်ဇန်ကို ဖျက်ဆီးချေမှုန်းပစ်ရန် စီစဥ်ထားသည်။


ထိုသို့ လုပ်နိုင်ရန် ...


"သစ္စာဖောက်မဲ့ သူ"


ထိုသို့ လုပ်လျှင် အကောင်းဆုံးဖြစ်လိမ့်မည်။


လာဂိုက စားပွဲခုံရှိရာသို့ ရောက်သွားခဲ့သည်။


စားပွဲခုံပေါ်၌ မြို့စားကြီးရိုင်ဇန်အတွက် အလုပ်လုပ်နေကြသော လူများ၏ကိုယ်ရေးကိုယ်တာ အချက်အလက်များဖြင့် ပြည့်နေခဲ့သည်။


"ငါ ဘယ်သူ့ကို ရွေးချယ်သင့်လဲ။"


သူက ထိုသို့ ရေရွတ်ရင်း ချက်ချင်းပင် ပြုံးဖြဲဖြဲဖြစ်သွားပြီး စာရွက်တစ်ခုကို ဆွဲယူလိုက်သည်။


"မင်းဆို အဆင်ပြေလောက်တယ်။"


သူ၏အဓိပ္ပါယ်ပါသော ရယ်သံက တစ်ခန်းလုံးသို့ ပြည့်နှက်သွားလေသည်။


TK Team (Chapter 128)
++++++++