ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ
အပိုင်း (၁၂၇)
လာဂိုနှင့် စကားစမြည် ပြောခဲ့ခြင်းက အံ့ဩဖွယ်ပင် ကောင်းမွန်နေခဲ့ပါသည်။
ဖလဲရ်၏ရှုထောင့်မှဆိုလျှင် ...
လာဂိုက ဖလဲရ်လိုချင်သည့်အရာကို အတိအကျ သိလေသည်။ဧကရီနေရာကို ရယူလိုသည့် လောဘ။
ကယ်လီယန်အပေါ် ထားရှိသည့် အချစ်ထက် သူမ၏လောဘက ပိုများမှန်း လာဂိုက သိသည်။
သူ မည်သို့မည်ပုံ သိသွားသည်က အရေးမကြီးပါ။
သူမ၏အတွင်းအကျဆုံး အတွေးများကို နားလည်ပေးနိုင်သဖြင့် ဖလဲရ်က လာဂို့အပေါ် ကျေးဇူးတင်မိပြီး သူ့ကို နာခံရန် ဆုံးဖြတ်လိုက်သည်။
အိုဖီလီယာကို သတ်လိုက်။
သူမကို သတ်ပစ်လိုက်။
ဒီလိုစကားတစ်ခွန်းက ရိုးရိုးရှင်းရှင်းနဲ့ ရက်စက်ကြမ်းတမ်းနိုင်တယ်တဲ့လား။
ထိုသို့အခွင့်အရေးက ထပ်မရှိနိုင်ကြောင်း ဖလဲရ် အတည်ပြုလိုက်သည်။
ဖလဲရ်မှာ သူမ၏ရှေ့တွင် ရှိသော အိုဖီလီယာကို ကြည့်လိုက်သည်။
အိုဖီလီယာက တခြားသူများထက် ပို၍ ထင်ရှားသက်ဝင်နေပုံ ပေါ်သည်။
သူမ၏မျက်နှာက အသက်ဝင်လွန်းပြီး မျက်လုံးများ၌ လိမ္မာပါးနပ်မှုဖြင့် ပြည့်နေသည်။ဘယ်တော့မှ မသေနိုင်တော့သကဲ့သို့။သို့သော် ထိုသို့သော အိုဖီလီယာကို ဖလဲရ် သတ်ပစ်ရမည်။
သူမ ဧကရီဖြစ်လာဖို့ အတွက်။
ကယ်လီယန်မှာ ဧကရာဇ်ဖြစ်လာရန် အလားအလာမရှိတော့ဟု လာဂိုက ပြောခဲ့သည်။
ဧကရာဇ်က သူ့ကို ပို၍သဘောကျသည်ဟု ပြောခဲ့ပြီး သူ့ထက် ရာထူးမြင့်သောသူများ၏ ယုံကြည်မှုကိုလည်း ရရှိထားခဲ့သည်။
ဖလဲရ်က ထိုအချက်ကို သဘောတူပါသည်။အဘယ့်ကြောင့်ဆိုသော် ယခုအချိန်တွင် ကယ်လီယန်ထံ၌ ဩဇာအာဏာရှိနေပုံ မရပါ။
လာဂိုက သူသာ ဧကရာဇ်ဖြစ်လာမည်ဟု အခိုင်အမာဆိုခဲ့ပြီး ဖလဲရ်ထံသို့ ကမ်းလှမ်းမှုတစ်ခု ပြုလာခဲ့သည်။
မင်းသာ အိုဖီလီယာကို သတ်ပေးမယ်ဆိုရင် မင်းက ကိုယ့်ရဲ့ကြင်ယာတော် ဖြစ်လာစေရမယ်။
မင်းက ဧကရီ ဖြစ်လာမှာပဲ။
ဧကရီ
အိုး ... လှလိုက်တဲ့ နေရာလေး။
ထိုအခိုက်အတန့်တွင် ဖလဲရ်မှာ စိတ်ကူးယဥ်ကမ္ဘာထဲသို့ ကျရောက်သွားရသည်။သူမက ပြည်သူများ၏မိခင် ဧကရီတစ်ပါး ဖြစ်လာမည့်အခိုက်အတန့်ကို စိတ်ကူးယဥ်ကြည့်နေမိသည်။
"ရှင် ဘာလုပ်နေတာလဲ။"
သို့သော် ရုတ်တရက် ကြားလိုက်ရသော အိုဖီလီယာ၏စကားကြောင့် သူမ အသိစိတ် ပြန်ဝင်လာခဲ့သည်။ဖလဲရ်က အိုဖီလီယာနှင့် မျက်လုံးချင်းဆုံအောင် ကြည့်လိုက်သည်။
"ရှင်က အတွေးလွန်နေတဲ့ပုံပဲ၊ပြောစရာစကားမရှိရင် ကျွန်မရဲ့လမ်းကနေ ဖယ်ပေးပါ။ကျွန်မ အထဲဝင်ရဦးမယ်။"
အိုဖီလီယာက အခိုင်အမာဆိုလေသည်။ဖလဲရ်က အိုဖီလီယာကို ကြည့်ပြီး ပြုံးပြလိုက်သည်။
"ကျွန်မက မြို့စားကြီးကတော်ရဲ့အလှတရားမှာ နစ်မြောသွားရတယ်လို့ ပြောရင် ရှင် ယုံနိုင်မလား။"
"ကျွန်မ ရှင့်ကို မယုံဘူး။"
"ကျွန်မ သိပါတယ်။"
ဖလဲရ်က တိုးတိုးလေး ရယ်မောလိုက်သည်။
"ကျွန်မ သတင်းကောင်းလေး ကြားထားလို့ ရှင့်အတွက် ဂုဏ်ယူကြောင်း လာပြီးပြောတာပါ။"
အိုဖီလီယာက ဖလဲရ်ကို စိုက်ကြည့်လိုက်သည်။
"ရှင့်မှာ ပျော်စရာကိစ္စလေး ရှိတယ်လို့ ကျွန်မ ကြားခဲ့ပါတယ်။ဂုဏ်ယူပါတယ်ရှင့်။"
ဒီတော့ ကိုယ်ဝန်ဇာတ်လမ်းပဲပေါ့။
ဒါကြောင့်ပဲ အရမ်းရယ်ချင်စရာကောင်းနေတာ။
သူမက သန္ဓေတားဆေးတွေ ပို့ထားပြီးမှ ငါ့ရဲ့ကိုယ်ဝန်အတွက် ဂုဏ်ပြုပေးချင်နေသေးတာလား။
ဘယ်လိုတောင် ကောက်ကျစ်စဥ်းလဲတဲ့ မိန်းမလဲ!
အိုဖီလီယာက ဖလဲရ်အတွက် ဂုဏ်ပုဒ်အသစ်တစ်ခု ပေးလိုက်သည်။
"အင်း ... ပျော်ရွှင်စရာလေးတစ်ခုပါ။"
အိုဖီလီယာက လက်ပိုက်၍ ခေါင်းခါလိုက်သည်။
"ရှင် လက်ဆောင်ပေးထားတဲ့ လက်ဖက်ရည်ကို ကျွန်မ မသောက်ခဲ့မိလို့ အခုလို ဂုဏ်ယူဖို့ကောင်းတဲ့ကိစ္စ ရှိလာတာ ဖြစ်မယ်ထင်တယ်။"
ဖလဲရ်၏နှုတ်ခမ်းများက အနည်းငယ်တောင့်တင်းသွားရသည်။သို့သော် မကြာခင်ပဲ သူမ၏မူလအနေအထားသို့ ပြန်ရောက်သွားခဲ့သည်။သူမက ဘာမှမဖြစ်သလို လုပ်နေကျမျက်နှာထားဖြင့် ပခုံးတွန့်လိုက်လေသည်။
"ရှင် ဘာတွေ ပြောနေလဲဆိုတာ ကျွန်မ မသိပါဘူး။"
ဖလဲရ်က သိမ်မွေ့သောအပြုံးလေးဖြင့် မေးသည်။
"ကျွန်မ ရှင့်ကို လက်ဖက်ရည် လက်ဆောင်ပေးမိခဲ့လို့လား။"
ထိုသို့ ဖြစ်လာလျှင် အိုဖီလီယာက နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။ပြီးနောက် သူမ၏ဘေးနားတွင် ရပ်နေရင်း ဂနာမငြိမ်ဖြစ်နေသော ကောင့်မြို့စားကတော်ကာဒယ်လ်ကို ပြောလိုက်၏။
"ရှင် အခု နောက်ဆုတ်ပြီး နေပေးပါလား။"
"ရှင်!"
ကောင့်မြို့စားကတော်ကာဒယ်လ်က သူမကို ကြောင်အအဖြင့် ကြည့်လိုက်ပြီးမှ ခေါင်းငြိမ့်လေသည်။
"ဟုတ်ကဲ့၊ကျွန်မ နားလည်ပါပြီ။"
ကောင့်မြို့စားကတော်ကာဒယ်လ် အနောက်ဆုတ်သွားသည်နှင့် အိုဖီလီယာက ဖလဲရ်၏အနားသို့ ခြေတစ်လှမ်း တိုးလိုက်သည်။
"ရှင်က မသိသလို ဟန်ဆောင်နေတာမလား။"
"မသိသလို ဟန်ဆောင်နေတယ်ဆိုပြီး ရှင်က ဘာကို ပြောချင်တာပါလဲ။"
ဖလဲရ်က အပြုံးလေးဖြင့် ပြန်ဖြေသည်။
"ကျွန်မ တကယ်ကို မသိတဲ့အတွက် မသိပါဘူးလို ရှင့်ကို ပြောနေတာပါ။"
သူမက ဒုက္ခပေးထားပြီးမှ ကြောက်ပြနေတာပဲ။
အိုဖီလီယာက ပါးစပ်မှ လေမှုတ်ထုတ်၍ ရှေ့ဆံပင်များကို လွင့်ပျံသွားစေပြီးလျှင် မျက်လုံးများကို ကျယ်ကျယ်ဖွင့်လိုက်သည်။
"ရှင်က ကျွန်မကို ဒေါသထွက်လာအောင် လုပ်နေတာပဲ။"
သူမက ဖလဲရ်၏အနားသို့ ပို၍တိုးကပ်လိုက်ပြီး မျက်လုံးထဲသို့ တည့်တည့်ကြည့်လိုက်သည်။
"ဖလဲရ်"
အိုဖီလီယာက ဖလဲရ်၏နဖူးကို လက်ညှိုးတစ်ချောင်းဖြင့် တွန်းပစ်လိုက်သည်။
"အသိရှိစမ်းပါ။"
အိုဖီလီယာက ဖလဲရ်၏နဖူးကို အကြိမ်အနည်းငယ်ခန့် ထပ်တလဲလဲ တွန်းထုတ်ပစ်လေသည်။
"ဒီလိုလုပ်နေလဲ ရှင့်အတွက် ကောင်းတာတစ်ခုမှ မရှိဘူး။"
ဖလဲရ်၏မျက်လုံးများက အပြင်းအထန် တုန်လှုပ်သွားခဲ့သည်။
သူမ၏ပန်းရောင်မျက်ဆန်များထဲတွင် အိုဖီလီယာကိုသာ မြင်ရသည်။
ဘယ့်တော့မှ ကြောက်ရွံ့မနေတတ်သော အိုဖီလီယာ ...လူတိုင်း၏အာရုံစိုက်မှုကို အမြဲတမ်းရရှိနေတတ်သော အိုဖီလီယာ။
ဖလဲရ်၏မျက်လုံးများ မှေးကျဥ်းသွားရပြီး ထို့နောက်တွင် ...
"အား ...အဟင့်!"
ဖလဲရ်က အော်ပြီး မြေပြင်ပေါ်သို့ ထိုင်ချလိုက်သည်။
ထို့နောက် သူမ၏ပါးကို လက်ဝါးဖြင့်အုပ်၍ မျက်လုံးများကို မှိတ်ထားခဲ့၏။
"ကျ ...ကျွန်မ တောင်းပန်ပါတယ် မြို့စားကြီးကတော်ရယ်။"
ဘာလဲ၊သူမ ဘာဖြစ်သွားတာလဲ။
ထိုအခိုက်အတန့်တွင် အိုဖီလီယာ ရှက်သွားပြီး တုံ့ဆိုင်းသွားမိလေသည်။
ချက်ချင်းဆိုသလို ဘေးပတ်ဝန်းကျင်မှ တီးတိုးပြောသံများကို စတင်၍ ကြားလိုက်ရသည်။
လက်ဖက်ရည် သောက်ပြီးသွားကြသော လေဒီများက လမ်းလျှောက်ထွက်လာကြလေသည်။
ထိုလေဒီများကို ဖလဲရ်က မြင်သွားပြီး တမင်တကာ လဲကျချင်ယောင်ဆောင်လိုက်သည်မှာ သိသာလွန်းပါ၏။
"ကျွန်မ တောင်းပန်ပါတယ်၊ကျေးဇူးပြုပြီး တစ်ခါလောက် ခွင့်လွှတ်ပေးပါရှင်။"
ရူးနေတာလား။
အိုဖီလီယာက နဖူးကို လက်ဖြင့် ညွှန်ပြလိုက်ပြီး ဗလာသက်သက် ပြုံးလိုက်မိ၏။
"အိုး ...ဒီမှာ ဘာတွေ ဖြစ်နေတာလဲ။"
"မြို့စားကြီးကတော်က ကောင့်မြို့စားကတော်ကို ထပ်ပြီး ရိုက်လိုက်ပြန်ပြီ ထင်တယ်။"
"ဘုရားသခင် ! သူမက နည်းနည်းတော့ ပြောင်းလဲသွားလောက်ပြီလို့ ထင်ထားခဲ့တာ၊လတ်စသတ်တော့ အဲ့လို မဟုတ်ပုံပဲ။"
အိုဖီလီယာက ဖလဲရ်ကို ရိုက်လိုက်သည်ဟု လူတိုင်း သိသွားကြသည်။
ဒါ့ကြောင့် သူတို့တွေ ပြောနေကြတာဖြစ်မယ်။
အိုဖီလီယာ မျက်လုံးမှိတ်လိုက်ပြီး အသက်ကို ဖြည်းဖြည်းချင်း ရှူနေလိုက်သည်။
သူမထံတွင် ထိုသို့ဖြစ်လာသည်က ပထမဆုံးအကြိမ် မဟုတ်ပေ။ထို့ကြောင့် ဖလဲရ်ကို မည်သို့ ကိုင်တွယ်သင့်မှန်း သူမက ကောင်းကောင်းကြီး သိပါသည်။
"ဟေ့"
အိုဖီလီယာ မျက်လုံးကို ပြူးကျယ်ထားလိုက်သည်။
"ကျွန်မက ဒီလိုအကွက်ထဲကို နှစ်ခါတိတိ ဝင်လာလိမ့်မယ်လို့ ရှင် ထင်နေတာလား။"
ပြီးနောက် သူမ၏လက်ကို မြှောက်လိုက်သည်။
ဖြန်း!
ဖလဲရ်၏မျက်နှာ လည်ထွက်သွားလေသည်။
သူမ အမှန်တကယ် အရိုက်ခံလိုက်ရသည်ကို မယုံနိုင်သဖြင့် ဖလဲရ်က အိုဖီလီယာကို ကြောင်အပြီး ကြည့်နေမိလေသည်။
ထို့နောက် နာကျင်မှုကို ခံစားလိုက်ရသဖြင့် သူမက အရိုက်ခံလိုက်ရသည့်ပါးပြင်ကို လက်ဖြင့်အုပ်၍ အံကြိတ်ထားလိုက်သည်။
"ရှင် ...ရှင် ရိုက်လိုက်တာလား။"
"အင်း ...ကျွန်မ ရိုက်လိုက်တာပဲ။"
အိုဖီလီယာက အင်္ကျီလက်ကို ပင့်တင်လိုက်သည်။
"ထပ်ပြီး ရိုက်ဦးမှာ၊ရှင်က ဒီထက်ပိုပြီး အရိုက်ခံရသင့်တယ်။"
"အား !"
အိုဖီလီယာက ဖလဲရ်၏ဆံပင်ကို ဆောင့်ဆွဲလိုက်ပြီး သူမကို မိုးရွာသည့်နေ့တစ်နေ့မှာ ဖုန်မှုန့်တစ်မှုန့် ဖြစ်သွားသည်အထိ အမှန်ပင် ပါးရိုက်ပစ်လေသည်။
အခြားသော ကတော်မယားများ ထွက်လာပြီး သူမတို့ကို ဝိုင်းဆွဲကြသည်အထိ။
"ကျွန်မကို လွှတ်၊သူမကို သတ်ပစ်ရမယ်!"
*
ဟူး ဟူး
ကျွန်မ အခုထိ ဒေါသထွက်၍ မပြီးသေးပေ။
အိမ်တော်အပြန်လမ်းတွင် လက်ဖြင့် ယပ်ခတ်နေရပြီး ဒေါသကြောင့် ပူလောင်နေသောမျက်နှာကို အေးမြလာစေရန် ကြိုးစားမိသည်။
ကျွန်မ၏လက်ဖဝါးများကိုလည်း ရေအေးအေးဖြင့် ဆေးကြောထားရသည်။၎င်းတို့က အလွန်ပူနေခဲ့သည်။ဖလဲရ်ကို အကြိမ်များရွာ အားရပါးရ ရိုက်ပစ်ခဲ့သောကြောင့် ဖြစ်လေသည်။
ဖလဲရ်မှာ နှာခေါင်းမှ သွေးထွက်ကျသည်အထိ အရိုက်ခံလိုက်ရသဖြင့် ထွက်ပြေးသွားခဲ့သည်။ထိုမတိုင်ခင်အထိ အိုဖီလီယာမှာ ရူးသွားမတတ် ဒေါသတကြီးဖြစ်နေခဲ့ပြီး ဒေါသကို ထိန်းချုပ်ထားနိုင်ခြင်း မရှိခဲ့ပေ။
"အခုမှ လန်းလန်းဆန်းဆန်း ဖြစ်သွားရတာပဲ။"
ကျွန်မ ဖလဲရ်ကို မြင်လိုက်ချိန်တိုင်း သေသည်အထိ ရိုကိပစ်ချင်စိတ်များ တဖွားဖွား ဖြစ်လာတတ်သည်။ယခုကဲ့သို့ သူမကို ရိုက်နှက်လိုက်ပြီးချိန်တွင် လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က စားထားပြီး အစာမကြေဖြစ်နေသည့် ပြည်ကြီးငါးလက်တံများက လျှောလျှောရှူရှူ ကျဆင်းသွားရသလိုပင် ခံစားလိုက်ရ၏။
သို့သော် ယခုကဲ့သို့ ဖြေရှင်းလိုက်သည့်လုပ်ရပ်အတွက် အနည်းငယ် မရေမရာ ဖြစ်နေရသေးသည်။
မနက်ဖြန် မနက် သတင်းစာများထဲတွင် ဝေဝေဆာဆာနှင့် သတင်းထွက်လာလောက်သည်။
[အိုဖီလီယာရိုင်ဇန်၊ ထပ်ပြီး ဒုက္ခပေးပြန်ပြီ!]
သို့မဟုတ်ပါက
[အိုဖီလီယာ ရိုင်ဇန်၊ အချစ်ကြောင့် မျက်ကန်းဖြစ်ပြီး ပွဲကြမ်းပစ်ခဲ့!]
ဒီလောက်တောင် ဆိုးဆိုးဝါးဝါး ဖြစ်လာလောက်မလား။
ဘာပဲဖြစ်ဖြစ် ခဲရာခဲဆစ် တည်ဆောက်ထားရတဲ့ နာမည်ကောင်းလေးကတော့ ပျက်စီးသွားတော့မှာ အမှန်ပဲ။
ဒါပေမဲ့ ငါ ဘာများလုပ်နိုင်လို့လဲ။
ငါ စိတ်တိုနေတယ်လေ။
ဖလဲရ်ကပဲ ငါ့အပေါ် အဆက်မပြတ် တိုက်ခိုက်နေတာကို ပြလို့မှ မကောင်းတာ။ငါကလဲ သူမကို အချိန်မရွေး ဖမ်းဆုပ်နိုင်ပြီး အဲ့လို ရိုက်ပစ်နိုင်တဲ့စွမ်းအားလဲ ရှိနေတယ်ဆိုတာကို တစ်ကမ္ဘာလုံးသိအောင် ပြလိုက်ချင်တယ်။
ဖလဲရ်လဲ အတူတူပဲနေမယ်။ဒီနေ့ ဒီလောက်တောင် အရိုက်ခံလိုက်ရတယ်ဆိုတော့ အခုတလော ငြိမ်နေဦးမှာပဲ။
လှပသောနှာခေါင်းမှ သွေးများ ယိုစီးနေရင်း ထွက်ပြေးသွားရသည့် သူမ၏ပုံရိပ်ကို ပြန်တွေးရင်း ကျွန်မ ရယ်လိုက်မိလေသည်။
"မဒမ် ... အိမ်တော်ကို ရောက်ပါပြီခင်ဗျာ။"
ရထားလုံးမောင်းသူ၏စကားကြောင့် ကျွန်မ အလျင်အမြန် ထရပ်လိုက်သည်။ရထားလုံးတံခါးကို ဖွင့်လိုက်လျှင် ဆိုဗက်စ်စတာက အိမ်တော်ဂိတ်တံခါးတွင် ကျွန်မအား စောင့်နေခဲ့သည်ကို မြင်လိုက်ရသည်။
သူ ဤသို့ ထွက်စောင့်နေရသည့် အကြောင်းပြချက်မှာ သိသာလွန်းသည်။
"ကိုယ်က သူမရဲ့စိတ်ကြီးဝင်နေတာကို ဖိနှိပ်ခဲ့လို့ပဲ ပြောလိုက်တာပါ။မင်းက သူမကို နှာခေါင်းက သွေးထွက်ကျတဲ့အထိ တကယ်ကြီး ရိုက်ပစ်ခဲ့တယ်လား။"
သူက ငါ့ကို ဆူပစ်ဖို့ ကြိုးစားနေတာပဲ။
ကျစ်
ကျွန််မ တည်ငြိမ်စွာဖြင့် လက်နှစ်ဖက်ကို ယှက်ထားလိုက်ပြီး ပခုံးတွန့်လိုက်သည်။
"ကျွန််မက အဲ့လိုလုပ်ချင်တာ မဟုတ်ဘူး။"
"ဘာရယ်"
"သူမက အရှက်မရှိလွန်းလို့၊ကျွန်မရဲ့သည်းခံနိုင်တဲ့အတိုင်းအတာကို ကျော်သွားခဲ့တယ်လေ။"
ကျွန်မ စကားပြောနေရင်း ထူးဆန်းစွာပင် ဒေါသဖြစ်လာရသည်။ထို့ကြောင့် ရုတ်တရက်ကြီး မျက်နှာကို မော်ထားလိုက်ပြီး အသံကို မြှင့်လိုက်မိ၏။
"အခု ကျွန်မက အိမ်ရှေ့စံမင်းသားဖြစ်ဖြစ် ၊ဖလဲရ်ဖြစ်ဖြစ် ဂရုစိုက်နေဖို့ မလိုတော့ဘူး။ဒါကြောင့်ပဲ သူမကို ရိုက်ပစ်လိုက်တာ။ဘာလဲ ...ဘာဖြစ်လဲလို့!"
ပြောနေရင်း ပို၍ စိတ်ညစ်စရာကောင်းလာသဖြင့် ကျွန်မလည်း ဆိုဗက်စ်စတာကို ဒေါသဖြစ်လာလေသည်။
ထိုအခါ ဆိုဗက်စ်စတာက ဇဝေဇဝါဖြစ်နေသောမျက်နှာထားဖြင့် ကျွန်မကို ကြည့်လာခဲ့လေသည်။
"မင်း အဲ့ဒီမှာ ဘာပဲလုပ်ခဲ့လုပ်ခဲ့ ကိုယ် ဂရုမစိုက်ပါဘူး။"
သူက ကျွန်မ၏ပခုံးပေါ်သို့ လက်များကို တင်လိုက်ပြီး ပြောခဲ့သည်။
"ဒါပေမဲ့ မင်း ဂရုတစိုက် နေရမယ်။အခုက မင်းမှာ ကိုယ်ဝန်ရှိနေတဲ့ အခြေအနေ ဖြစ်နေတာကြောင့်လေ။"
သူ ဆိုလိုသည်ကို ကျွန်မ အနည်းငယ်ခန့် နားမလည်သလို ဖြစ်သွားသဖြင့် ခေါင်းကို စောင်းငဲ့လိုက်မိသည်။ပြီးမှ ချက်ချင်း သဘောပေါက်သွားရပြီး "အာ!"ဟု ရေရွတ်၍ ခေါင်းငြိမ့်လိုက်မိသည်။
"ဒီတော့ ရှင်က လိမ်ထားတာနဲ့ပတ်သက်ပြီး ဂရုစိုက်ဖို့ ကျွန်မကို ပြောနေတာလား။"
"အင်း"
"ဖလဲရ်ကို ရိုက်လိုက်တဲ့အတွက် ရှင် ကျွန််မကို အပြစ်မတင်ပါဘူးနော်။"
"အင်း ... မင်း သူမကို ကောင်းကောင်းကြီး ရိုက်ပစ်ခဲ့တာပဲ။"
အိုး ... ဒီလိုပေါ့။
"ထင်ထားတဲ့အတိုင်း ကျွန်မရဲ့ခင်ပွန်း ပီသပါပေတယ်။"
ကျွန်မ တခစ်ခစ်နှင့် ရယ်လိုက်သည်။
ထိုစဥ်
"တဆိတ်လောက်ပါ မဒမ်ခင်ဗျ။"
နေးလ်က ကျွန်မအနားသို့ တိုးကပ်လာပြီး သတိကြီးကြီးထားသော အမူအရာဖြင့် ကျွန်မကို ခေါ်လေသည်။
ဘာဖြစ်လို့လဲ။
ကျွန်မ ခေါင်းလှည့်ကြည့်လိုက်သည်။
"ဘာကိစ္စများလဲ။"
"အဲ ...အဲ့ဒါက"
နေးလ်က အခက်တွေ့နေသောမျက်နှာဖြင့် ပြောလေသည်။
ပြီးနောက် သူက ကျွန်မကို စာတစ်စောင် ကမ်းပေးလာသည်။
စာထဲတွင် ရေးထားသည်မှာ အတော်လေး ထင်သာမြင်သာ ရှိပါ၏။
[အခုချက်ချင်း ဒီကို လာခဲ့။]
အားရှ်
TK Team (Chapter 127)
++++++++