Chapter 124
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၁၂၄)

သီယိုခမျာ တံတွေးမျိုချလိုက်မိလေသည်။

ယခုမတိုင်ခင် အိုဖီလီယာ၏ပြုမူပုံများက ထူးဆန်းခဲ့သလို သူမ တောင်းဆိုလာသော ကိစ္စကလည်း ထူးဆန်းနေသောကြောင့် ဖြစ်လေသည်။

ဒါပေမဲ့ အိုဖီလီယာက ဘယ်သူမို့လို့လဲ။

သူ့ကို ကယ်တင်ပေးခဲ့တဲ့ တစ်ဦးတည်းသောမဒမ် မဟုတ်ဘူးလား!

နဂါးကို သတ်လာခဲ့လို့ သူမက အမိန့်ပေးလာရင်တောင် အမိန့်ကို နာခံရမှာပဲ။

သီယိုက သူ့စိတ်ကို ပြင်ဆင်ထားလိုက်ပြီး အိုဖီလီယာ ထပ်ပြောလာမည့်စကားများကို စောင့်နေလိုက်သည်။

"အမှန်တော့  ငါ့ရဲ့ခင်ပွန်းမသိအောင် ငါ့ဘာသာ လုပ်နေတဲ့ လုပ်ငန်းတစ်ခု ရှိတယ်။"

"လုပ်ငန်း လား"

"အင်း ... လုပ်ငန်းတစ်ခု။"

အိုဖီလီယာ၏မျက်လုံးများ တဖျတ်ဖျတ်လက်နေခဲ့သည်။

"ဒါပေမဲ့ ငါ့အနေနဲ့ အဲ့ဒီနေရာကို မကြာခဏသွားဖို့ မဖြစ်နိုင်ဘူး။ မြို့စားကြီးကတော်ရဲ့ဂုဏ်သိက္ခာဆိုတာက ရှိနေသေးတယ်လေ။"

မြို့စားကြီးကတော် ...အင်း ...အိုဖီလီယာက မြို့စားကြီးကတော်ပဲ။သူ ဘယ်တော့မှ မကျော်ဖြတ်နိုင်တဲ့ မြို့စားကြီးရဲ့ဇနီးပေါ့။

သီယို ခါးသက်သက်ဖြင့် ပြုံးလိုက်မိသည်။ပြီးမှ ခေါင်းငြိမ့်ပြလိုက်သည်။အိုဖီလီယာက ဆက်ပြောလာ၏။

"အဲ့ဒီနေရာကို ငါ့ကိုယ်စား နင့်ကို သွားစေချင်တာ။နင် လုပ်ရမှာက သူတို့ပေးလိုက်တဲ့အရာကို သွားပြီး ယူပေးရုံပဲ။အဲ့ဒီကိစ္စကို နင်တစ်ယောက်တည်းကလွဲပြီး တခြားသူကို အသိပေးလို့ မရဘူး။"

"အဲ့လို လုပ်ရမှာပါလား။"

"အင်း"

သီယို သက်ပြင်းချလိုက်လေသည်။အိုဖီလီယာက သီယိုကို ကြည့်နေရင်း ခေါင်းကို စောင်းငဲ့လိုက်မိသည်။

"နင်က ဘာဖြစ်လို့ အဲ့လိုမျိုး တုံ့ပြန်ရတာလဲ။"

သီယိုက ပါးပြင်ကို ကုတ်ခြစ်ရင်း ရှိုးတိုးရှန့်တန့်ဖြင့် ပြန်ဖြေသည်။

"မဒမ်က ကျွန်တော့်ကို ကိစ္စကြီးကြီးမားမားတွေ လုပ်ခိုင်းမယ်လို့ ထင်ထားခဲ့တာ။ဒါပေမဲ့ လွယ်ကူတဲ့ကိစ္စဆိုတော့ ဝမ်းသာမိပါတယ်။စိတ်မပူပါနဲ့။"

"လွယ်တယ် ဟုတ်လား။"

အိုဖီလီယာက လှောင်ပြုံးလေး ပြုံးလိုက်သည်။

"နင် သွားရမဲ့နေရာက ကြေးစားစစ်သားအစည်းအရုံးကိုပဲ။"

သူမက သီယို၏ပခုံးကို ပုတ်ပေးပြီး ပြောခဲ့သည်။

"နင့်လိုမျိုး သန်မာတဲ့ကလေးတစ်ယောက်ကို သူတို့ သဘောကျကြမှာပါ။"

သန်မာတဲ့ကလေး

အိုဖီလီယာက သူ့အပေါ် ထိုသို့ မြင်သဖြင့် သီယိုမှာ အံ့ဩပြီး ရှက်ရွံ့သွားခဲ့သည်။သူက ခေါင်းငုံ့ထားလိုက်ပါ၏။

"နင့်မျက်နှာက ဘာဖြစ်လို့ နီရဲနေရတာလဲ။"

အိုဖီလီယာက သူ ဘာဖြစ်နေမှန်းမသိသဖြင့် ခေါင်းကို စောင်းငဲ့လိုက်မိသည်။

"ဘာဖြစ်လို့လဲ။"

သို့သော် သီယိုက ပြန်မဖြေပေ။

အဘယ့်ကြောင့်ဆိုသော် ယခုအချိန်တွင် သူ့နှလုံးသားကို သူ့ဘာသာ ထိန်းသိမ်းထားချင်သောကြောင့် ဖြစ်လေသည်။

*

ကယ်လီယန်၏ စိတ်ခံစားချက်များ အလွန်ဆိုးရွားနေခဲ့သည်။

မြို့စားကြီး ဆိုဗက်စ်စတာရိုင်ဇန်က သူ့ဆီသို့ လာရောက်လည်ပတ်ခဲ့သောကြောင့် ဖြစ်၏။

ကျစ်

ကယ်လီယန်၏မျက်နှာတစ်ခုလုံး ရှုံ့တွနေခဲ့သည်။

စာအိတ်ပေါ်မှာ 'မြို့စားကြီးရိုင်ဇန် အိမ်တော်' ဆိုတဲ့ စာလုံးကို မြင်ရတော့ သူ ဘယ်လောက်ထိ စိတ်လှုပ်ရှားသွားရတယ်ဆိုတာ ဘယ်သူကများ သိမှာလဲ။

အိုဖီလီယာ လာမယ်လို့ ထင်ထားတာ။ဒါပေမဲ့ စာကိုလဲ ဖောက်ဖတ်လိုက်ရော စာရေးလာတဲ့သူက ဆိုဗက်စ်စတာရိုင်ဇန် ဖြစ်နေခဲ့တယ်လေ။

အဲ့ဒီလူက ဒီနေရာကို ဘာဖြစ်လို့ လာမှာလဲ။

တွေ့ဆုံဖို့ကို လက်မခံဘဲ ငြင်းပယ်လိုက်ချင်ပေမဲ့ ဆိုဗက်စ်စတာက သူ့ဆီကို အခုမှ ပထမဆုံး လာရောက်လည်ပတ်တာဆိုတော့ ငြင်းလို့လဲ မရပြန်ဘူး။တွေ့ဖို့ငြင်းလိုက်ရင် သူ ဘာတွေ လာပြောတာလဲဆိုတာ ဘယ်လိုလုပ်ပြီး သိနိုင်ပါတော့မလဲ။

ထို့ကြောင့် ကယ်လီယန်မှာ ဆိုဗက်စ်စတာနှင့် တွေ့ဆုံရန် မနည်းကြိုးစားလိုက်ရသည်။

ထို့အပြင် သူက အိုဖီလီယာကို စောင့်မျှော်နေမိသဖြင့် အနည်းငယ် အံ့ဩသွားမိပါ၏။

သူ့ကိုယ်သူတောင် မသိဘဲနဲ့ အိုဖီလီယာက သူ့နှလုံးသားထဲမှာ ဘယ်လောက်အထိ နေရာယူထားပြီးပြီလဲ။

ကယ်လီယန်သည် သူ့အနေဖြင့် ဖလဲရ်၏အကြောင်းကို တွေးမိသည်ထက် အိုဖီလီယာ၏အကြောင်းကို တွေးရင်း ပို၍ အချိန်ကုန်နေမိသည်ကို အတော်လေး နောက်ကျမှ သိသွားရသည်။

ဒါက အသိသာကြီးကို အန္တရာယ်များတဲ့ လက္ခဏာပဲ။

ဧကရာဇ် အမိန့်ပေးထားတာလဲ ရှိနေတယ် မဟုတ်ဘူးလား။

အိုဖီလီယာကို သူ့အပိုင်ဖြစ်အောင် လုပ်ထားဆိုတဲ့ အမိန့်လေ။

ငါ တကယ်ပဲ ဒါကို မုန်းတယ်၊ဒါပေမဲ့ ငါ ဘာမှ မတတ်နိုင်ဘူး။

ဧကရာဇ်၏အမိန့်အတိုင်း ဆောင်ရွက်ရမည်ဖြစ်ပြီး ကယ်လီယန် အေးအေးဆေးဆေး နေ၍ မရချေ။

အိုဖီလီယာ၏နှလုံးသားကို ရရှိရန် တစ်နည်းမဟုတ် တစ်နည်းဖြင့် ကြိုးစားပြီး ဧကရာဇ်၏မျက်လုံးထဲသို့ ရောက်နိုင်အောင် လုပ်ရမည်။

ဘယ်က ဘယ်လို စလုပ်ရမလဲတော့ ငါ မသိဘူး။

ဒီနေ့ ဆိုဗက်စ်စတာကို တွေ့ပြီးရင် အနှေးနဲ့အမြန် အိုဖီလီယာကို လှမ်းခေါ်သင့်တယ်လို့ ထင်တယ်။

ကယ်လီယန်က ထိုသို့ တွေးတောလိုက်ပြီး ပန်းချီခန်းရှိရာသို့ ဦးတည်လာလိုက်သည်။

အစေခံဖွင့်ထားပေးသော တံခါးမှတစ်ဆင့် အထဲသို့ ဝင်လိုက်လျှင် ဆိုဗက်စ်စတာကို တွေ့လိုက်ရသည်။

"အတော်ကြာခဲ့ပါပြီ အရှင့်သား။"

ထိုင်နေသော ဆိုဗက်စ်စတာက ပြုံး၍ ကယ်လီယန်ကို နှုတ်ဆက်သည်။

ထိုအခိုက်အတန့်တွင် ကယ်လီယန်မှာ ထိုလူ၏မျက်နှာကို တစ်စစီလုပ်ပစ်လိုက်ချင်သည့် အတွေးများ ဖြစ်လာရသည်။သို့သော် ကြီးမားသော ဆင်ခြင်တုံတရားနှင့် ကိုယ့်ကိုကိုယ် ထိန်းချုပ်မှုတို့ဖြင့် ထိုဆန္ဒကို အောင့်အည်းသည်းခံထားခဲ့သည်။

ပြီးနောက် ဆိုဗက်စ်စတာကို သူ ကြိုဆိုလိုက်သည်။

"အင်း ... မတွေ့ရတာ ကြာပြီ။"

ကယ်လီယန်က ဆိုဗက်စ်စတာနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။

"ဘာကိစ္စလဲ။"

ပြီးနောက် သူ ချက်ချင်း ထုတ်မေးလိုက်သည်။

ဆိုဗက်စ်စတာက မျက်ခုံးကို တွန့်၍ မဲ့ပြုံး ပြုံးလေသည်။

"အရှင့်သားက ဟယ်လိုလို့တောင် မပြောဘဲ ဒီလို တန်းပြီး အေးလာမယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး။အရှင့်သားက အတော်လေး စိတ်မရှည်တတ်တာပဲနော်။"

"ဒီလိုနေ့မျိုးမှာ ငါ့ဆီလာလည်တဲ့ မင်းထက်တော့ ငါက ပိုပြီးသာပါသေးတယ်။ဒီတော့ ငါ့ကိုပြော ... ဘာကိစ္စလဲ။"

ဆိုဗက်စ်စတာ ပခုံးတွန့်လိုက်သည်။

"ကျွန်တော် ဒီနေရာကို လာလည်ရတာက အကဲဖြတ်ချင်တာလေး ရှိလို့ပါ။"

"ဘာရယ်"

"ဘယ်သူ့ကို ပံ့ပိုးပေးရမလဲလို့ပေါ့၊ အရှင့်သားကိုလား ...ဒါမှမဟုတ် ဒုတိယမင်းသားကိုလား ... သေချာအကဲဖြတ်ကြည့်ချင်လို့လေ။"

ဟ ...

သူက ဘယ်လိုသောက်ကျိုးနည်းတွေ ပြောနေတာလဲ။

ကယ်လီယန်က မယုံနိုင်စွာဖြင့် နှာမှုတ်လိုက်သည်။

"အရှင့်သား သဘောမကျဘူးဆိုရင် ကျွန်တော် သွားမှာပါ။"

"မဟုတ်ဘူး၊နေဦး ...နေပါဦး!"

ကယ်လီယန် အော်ဟစ်လိုက်သည်။

သူက ဆိုဗက်စ်စတာကို ဤသို့ အလဲမထိုးနိုင်ပါပေ။

ဆိုဗက်စ်စတာက အထက်တန်းလွှာအသိုင်းအဝိုင်း၏ အကြီးအမှူးဖြစ်သည်။

သူ့အနေဖြင့် ဆိုဗက်စ်စတာအပေါ် မည်မျှပင် ခံစားချက်ဆိုးရွားသည်ဖြစ်စေ ထိုသူ၏ဩဇာအာဏာကို မုန်းတီးမိသည်ဟု မဆိုလိုပါ။

ကယ်လီယန်က စိတ်ခံစားချက်များကို အတတ်နိုင်ဆုံး ဖိနှိပ်ထားလိုက်ပြီး ဆိုဗက်စ်စတာ၏စကားများကို နားထောင်လိုက်သည်။

"ထပ်ပြီး ပြောဦး။"

ထို့ကြောင့် သူက မျက်နှာပေါ်တွင် ခန့်ညားသောအမူအရာကို ပြင်ဆင်လိုက်ပြီး ထိုသို့ ပြောခဲ့သည်။ဆိုဗက်စ်စတာ၏နှုတ်ခမ်းထောင့်စွန်းလေးများ မြင့်တက်သွားခဲ့ပါ၏။

"အခုကနေစပြီး ကျွန်တော် ပြောသမျှအရာတွေကို အရှင့်သားအနေနဲ့ လျှို့ဝှက်ပေးထားရပါလိမ့်မယ်။"

"ငါ သိပြီ"

"အကယ်၍ ပေါက်ကြားသွားခဲ့ရင် ..."

"ငါ သိတယ်၊ဒီတော့ မင်း ပြောမဲ့ဟာကိုသာ ပြောပါ ... မြန်မြန်။"

ဆိုဗက်စ်စတာက လှောင်ပြုံးလေး ပြုံးလိုက်သည်။

ထို့နောက် သူက အရှေ့ဘက်သို့ အနည်းငယ် ငုံ့ကိုင်းလိုက်ပြီး ပေါင်ပေါ်သို့ တံတောင်ဖြင့် ထောက်လိုက်သည်။လက်နှစ်ဖက်ကိုလည်း အတူတကွ ပူးကပ်ပြီး ယှက်ထားလိုက်၏။

"အလဲအလှယ်အနေနဲ့ ကျွန်တော့်ရဲ့ပိုင်နက်နယ်မြေကို အင်ပါယာလက်အောက်ကနေ လွတ်မြောက်ခွင့် ရချင်ပါတယ်။"

ထိုစကားများကို ကြားရသည်နှင့် ကယ်လီယန်၏မျက်နှာက တောင့်တင်းသွားခဲ့သည်။

"အာ ... အမ်း ..."

သူက မျက်နှာကို လက်ဖဝါးများဖြင့် ပွတ်သပ်မိလိုက်ပြီး နှုတ်ခမ်းကို ကိုက်ထားလိုက်သည်။ပြီးမှ ဆိုဗက်စ်စတာကို သတ်ပစ်ချင်သည့်အတိုင်း စိုက်ကြည့်လေသည်။

"မင်း စိတ်မှ မှန်သေးရဲ့လား။"

"အရမ်းပါပဲ။"

"မင်း စိတ်မှန်နေတယ်လို့ ငါတော့ မထင်ဘူး။"

ကယ်လီယန် အံကြိတ်လိုက်သည်။

"မင်းရဲ့နယ်မြေက အင်ပါယာရဲ့ပိုင်ဆိုင်မှုကွ!ဘယ်နေရာကိုမှ ယူထုတ်သွားလို့ မရဘူး!"

ထိုသို့ ဖြစ်လာမည်ကို သူ သိသည်။

ဆိုဗက်စ်စတာက ခပ်တိုးတိုး ရယ်လိုက်ပြီး ခေါင်းခါသည်။

"ကောင်းပါပြီ၊ဒါဆို ကျွန်တော့်ဘက်က တတ်နိုင်တာ မရှိတော့ပါဘူး။ကျွန်တော် ဒုတိယမင်းသားနဲ့ သွားတွေ့လိုက်ပါဦးမယ်။"

သူက ထချင်ယောင်ဆောင်လိုက်သည်။

"ဒုတိယအရှင့်သားကတော့ ကျွန်တော့်ရဲ့ကမ်းလှမ်းမှုကို လက်ခံထားပါတယ်။"

"ဘာ!"

ကယ်လီယန်၏မျက်လုံးများ လှုပ်ခတ်သွားခဲ့သည်။

ဒီကမ်းလှမ်းမှုကို ဒုတိယမင်းသားက သဘောတူထားပြီးသားလား။

ဒါဆို သူ့ဘက်က ငြင်းလိုက်တာနဲ့ ဆိုဗက်စ်စတာက ဒုတိယမင်းသားနဲ့ ပူးပေါင်းပြီးသား ဖြစ်သွားမှာ။

လာမဲ့ အထက်တန်းလွှာမင်းမျိုးစိုးမျိုးတွေရဲ့ ညှိနှိုင်းဆွေးနွေးပွဲမှာ ဆိုဗက်စ်စတာက ဒုတိယမင်းသားအပေါ် အားကြိုးမာန်တက်နဲ့ ထောက်ခံပေးလိုက်မယ်ဆိုရင် ...

မဖြစ်သင့်ဘူး။

အဲ့ဒါကို တားဆီးရမယ်။

"ပြန်ထိုင်ပါ ...အရင်ဆုံး ပြန်ထိုင်လိုက်ပါဦး။"

ကယ်လီယန်က ဆိုဗက်စ်စတာကို လှမ်းတားလိုက်သည်။

ဆိုဗက်စ်စတာက ကူကယ်ရာမဲ့သော မျက်နှာထားဖြင့် ပြန်ထိုင်ချလိုက်လေသည်။

"လွတ်မြောက်ခွင့် ဟုတ်လား။မင်းက ဘာဖြစ်လို့ ဒါကို လိုချင်ရတာလဲ။"

"အင်ပါယာရဲ့ဝင်ရောက်စွက်ဖက်မှုကို ထပ်ပြီး မလိုချင်တော့တာကြောင့်ပါ။"

ဆိုဗက်စ်စတာက ထိုစကားကို စောင့်နေရသကဲ့သို့ တောက်လျှောက် ပြောလာခဲ့သည်။

"မြောက်ပိုင်းနယ်မြေဆိုတာ အစကတည်းက တစ်နယ်မြေတည်း သီးခြားရပ်တည်နေခဲ့တာပါ။အရှင့်သားက အသေအချာ မကြည့်ပါဘဲနဲ့ အင်ပါယာရဲ့ပိုင်နက်နယ်မြေပါလို့ ဆိုလိုချင်နေတာလား။"

"မင်း ... စကားကို ဒီလိုမျိုးပဲ ဆက်ပြောနေမယ်ဆိုရင် ထွက်သွားလိုက်တော့။"

"အရှင့်သားက ကျွန်တော့်ကို ပြန်ထိုင်ဖို့ ပြောပြီးတော့ စကားကိုကျ အမျိုးမျိုး ပြောင်းပြောနေတုန်းပဲနော်။"

ဆိုဗက်စ်စတာက ခပ်တိုးတိုး ရယ်လိုက်သည်။

"တွေးကြည့်ပါဦး အရှင့်သား။"

ထို့နောက် သူက အရှေ့ဘက်သို့ အနည်းငယ် ငုံ့ကိုင်းလိုက်ပြန်သည်။

"အရမ်းပဲ ရိုးရှင်းပါတယ်။ကျွန်တော်တို့နယ်မြေက နိုင်ငံငယ်တစ်ခုအဖြစ် လွတ်လွတ်လပ်လပ် ဖြစ်လာခဲ့ရင်တောင်မှ အင်ပါယာကနေ လုံးလုံးလျားလျား ခွဲထွက်သွားမှာတော့ မဟုတ်ပါဘူး။အခုထက်စာရင် အခွန်ပေးရတဲ့ပမာဏ နည်းသွားလောက်ရုံပါ။ဒီလောက်ပါပဲ ... အရှင့်သား ဘာဖြစ်လို့ ငြင်းနေဦးမှာလဲ။"

"..."

"အပြန်အလှန်အနေနဲ့ အရှင့်သားက ထီးနန်းတက်ခွင့် ရမှာပါ၊မထိုက်တန်ပေဘူးလား။"

ကယ်လီယန် သက်ပြင်းမောကြီး ချလိုက်မိလေသည်။

ပြီးနောက် သူ့ခေါင်းကို အနောက်သို့ မှီထားလိုက်မိသည်။

ဂလု

သူ့လည်ဇလုတ်က ပြင်းပြင်းထန်ထန် လှုပ်ရှားသွားပါ၏။

"ငါ့ရဲ့ညီတော်ကလဲ ဒီကမ်းလှမ်းမှုကို လက်ခံခဲ့တယ်လို့ ပြောခဲ့တာမဟုတ်လား။"

"ဟုတ်ပါတယ်"

"ဒါဆိုရင် မင်းက ငါ့ဆီကို ဘာဖြစ်လို့ လာရတာလဲ။"

ဆိုဗက်စ်စတာက ထိုင်ခုံကို ခေါင်းမှီထားသော ကယ်လီယန်ကို ကြည့်လိုက်သည်။

သူက လာဂိုကို စွန့်ပစ်ပြီး ကယ်လီယန်ကို ဘာဖြစ်လို့ လာရှာရတာလဲ။

အကြောင်းပြချက်တစ်ခုသာ ရှိသည်။

သူက အိုဖီလီယာကို ထိခိုက်အောင်လုပ်ရန် ကြိုးစားခဲ့၍ပင်။

ကယ်လီယန်က အိုဖီလီယာကို မုန်းတီးသော်လည်း သူမကို ထိခိုက်အောင် လုပ်မည်မဟုတ်ပေ။

သို့သော် လာဂိုက မတူပါ။

သူက အိုဖီလီယာကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တာ မဟုတ်လား! 

အဲ့လိုလူကို သူ့လက်တွေနဲ့ ရာဇပလ္လင်ပေါ် ရောက်အောင် တင်ပေးမည်မဟုတ်ပါ။

"စိတ်အနှောင့်အယှက် ဖြစ်ရလွန်းလို့ပါ။"

"အကြောင်းပြချက်က ဘာများလဲ။"

"သူက ဒေါသကြီးလွန်းတယ်။"

ကယ်လီယန်က စိတ်ညစ်နေရသော အပြုံးတစ်ခုဖြင့် ပြန်လှည့်ကြည့်လာလေသည်။

အင်ပါယာ၏ဒုတိယမင်းသားကို စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းပြီး ဒေါသကြီးလွန်းသည်ဟု ပြောနိုင်သူမှာ ဆိုဗက်စ်စတာတစ်ဦးတည်းသာ ရှိပေလိမ့်မည်။

တကယ်ကို အရှက်မရှိတဲ့ကောင်ပဲ။

ဒါပေမဲ့ ...

လက်ရှိအခြေအနေအရ ဒီလိုအရှက်မရှိတဲ့လူဆီကပဲ ပံ့ပိုးမှုရအောင် သူ လုပ်ရလိမ့်မယ်။

ပြီးတော့ 

မြို့စားပိုင်နက်နယ်မြေကို တသီးတခြား ခွဲထုတ်ပေးပြီးပြီဆိုရင် အဲ့ဒီလူက တော်ဝင်မိသားစုအပေါ်မှာ ထပ်ပြီးတော့ ဩဇာလွှမ်းနိုးနိုင်တော့မှာ မဟုတ်ဘူး။

ဒါက ဘာပဲဖြစ်ဖြစ် ကောင်းတဲ့ကိစ္စပဲ။

ဒါဆို လာဂိုဘက်ကလဲ ဒါကို ခွင့်ပြုပေးမဲ့ပုံ ပေါ်တယ်။

ကယ်လီယန် ခေါင်းကို ခပ်ကြမ်းကြမ်း လှည့်လိုက်သည်။

"ငါ့အနေနဲ့ ပိုပြီးစဥ်းစားဖို့ လိုတယ်။"

ဆိုဗက်စ်စတာက ပြုံး၍ ခေါင်းငြိမ့်လိုက်သည်။

"အရှင့်သား ကျွန်တော့်ဆီကို အဖြေတစ်ခုတော့ တတ်နိုင်သလောက် မြန်မြန်လေး ပေးဖို့လိုပါတယ်။"

ထို့နောက် သူက ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး ပန်းချီခန်းထဲမှ ထွက်သွားလေသည်။

"မြောက်ပိုင်းနယ်မြေက လူတွေ မစောင့်နိုင်တော့ပါဘူး။"

သူက ညည်းညည်းညူညူ ပြောသည်။

ဆိုဗက်စ်စတာ အိမ်ပြန်ရောက်သည်နှင့် သူတို့၏အခန်းထဲသို့ တန်းတန်းမတ်မတ် လျှောက်လာခဲ့သည်။

ဂျလောက်

သူ တံခါးကို ဖွင့်လိုက်သည်။

အိုဖီလီယာက ဆိုဖာပေါ်တွင် ကိုယ်တစ်ပိုင်းလှဲလျောင်းရင်း စာဖတ်နေသည်ကို မြင်လိုက်ရသည်။

"အိုး ... ရှင် ပြန်လာပြီလား။"

အိုဖီလီယာက ဆိုဗက်စ်စတာကို လှမ်းကြည့်လိုက်ပြီး လက်ကို ဝှေ့ယမ်းပြသည်။

ဆိုဗက်စ်စတာက အသက်ပြင်းပြင်း ရှူပြီး နက်ခ်တိုင်ကို ဆွဲဖြည်လိုက်သည်။ 

"အမ်း ... ကိုယ် ပင်ပန်းနေပြီ။"

"အဲ့ဒီတော့ ..."

"ဘာကို ပြောချင်တာလဲကွာ။"

ဆိုဗက်စ်စတာက အိုဖီလီယာအနားသို့ တိုးကပ်သွားလိုက်သည်။ 

ပြီးနောက် သူမ၏လက်ကို လှမ်းဆွဲလိုက်၏။

"အခုပဲ အိပ်ကြရအောင်။"


TK Team (Chapter 124)
++++++++