ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ
အပိုင်း (၁၂၅)
ရှင် အိပ်ချင်နေတာလား။
အတူတူလေ။
ကျွန်မလည်း လက်နှစ်ဖက်ယှက်၍ ရင်ဘတ်ပေါ်သို့ ကာကွယ်လိုက်သည်။ထိုအခါ ဆိုဗက်စ်စတာက ကျွန်မကို ပြုံးပြလာလေသည်။
"ဒီအတိုင်း အိပ်တာကိုပဲ ပြောနေတာ။ကိုယ်က မင်းကို ဖက်ထားမှပဲ ကောင်းကောင်း အိပ်ပျော်တယ်လေ။"
"အော် ..."
အဲ့ဒါက အဲ့လိုပဲလား။
ကျွန်မမှာ ပျော်တစ်ဝက်၊နောင်တရတစ်ဝက်ဖြင့် အသက်ရှူသွင်းလိုက်မိသည်။
မဟုတ်ဘူး ...ခဏနေဦး၊နောင်တရတယ်ဆိုတာက ဘာကြီးလဲ။
ကျွန်မလည်း လက်နှစ်ဖက်ကို ယှက်၍ ရင်ဘတ်ကို ကာထားလိုက်ပြန်သည်။ဆိုဗက်စ်စတာ၏မျက်ခုံးများ မြင့်တက်သွားတော့သည်။
"ဘာလဲ ... မင်း ဘာတွေ တွေးနေတာလဲ။"
သူက ကျွန်မ၏မျက်နှာကို တည့်တည့်ကြည့်၍ မေးလေသည်။ကျွန်မလည်း အမြန်အဆန် ခေါင်းခါပြလိုက်ရသည်။
"ဘာ ...ဘာမှ မတွေးပါဘူး။"
"ကိုယ့်ကို မညာနဲ့၊မင်းရဲ့မျက်နှာပေါ်က အရာအားလုံးကို ကိုယ် မြင်နေရတယ်နော်။"
"အဲ့လို မဟုတ်ပါဘူး ဆိုနေ!"
ဆိုဗက်စ်စတာက အားရပါးရ ရယ်မောလေသည်။
"ချစ်စရာလေးကွာ"
ထို့နောက် ဆိုဗက်စ်စတာက ကျွန်မကို လှမ်းဆွဲလိုက်သည်။
ကျွန်မ၏ခန္ဓာကိုယ်က မြှောက်တက်သွားရသဖြင့် သဘာဝကျစွာပဲ သူ့ကို ဖက်တွယ်လိုက်ရသည်။သူက ကျွန်မ၏ဒူးအောက်နှင့် နောက်ကျောဘက်သို့ လက်များကို လျှိုသွင်းလိုက်ပြီး ကျွန်မကို မင်းသမီးလေးပွေ့ဖက်နည်းဖြင့် ပွေ့ချီလိုက်လေ
သည်။
"ဘ ... ဘာလဲ၊ကျွန်မကို ဘာဖြစ်လို့ ပွေ့ချီလာရတာလဲ။"
"အိပ်ရာပေါ်ကို သွားကြရအောင်။"
ဆိုဗက်စ်စတာက ခြေလှမ်းကျဲကျဲဖြင့် အိပ်ရာပေါ်သို့ တက်လိုက်ပြီး ကျွန်မကို အိပ်ရာထက်သို့ ချပေးလေသည်။
ပြီးနောက် သူက ဟန်ဆောင်မနေတော့ဘဲ ကျွန်မအပေါ်သို့ အုပ်မိုးလာခဲ့သည်။
"နေ ...နေပါဦး၊ရှင် ပြောတော့ ဒီအတိုင်းပဲ အိပ်မှာဆို!"
"လိမ်ပြောတာ။"
ဆိုဗက်စ်စတာက ကျွန်မ၏ပါးပြင်ကို နမ်းရင်း ပြုံးလိုက်သည်။
"မင်း ဒီကိစ္စကို ရှောင်နေလို့ မရဘူးနော်။ကိုယ်တို့က ကိုယ်ဝန်ရှိနေတယ်ဆိုပြီး လိမ်ထားတာ။ဒီတော့ အဲ့ဒီစကားကို အမှန်အတိုင်း ဖြစ်လာအောင် ဖန်တီးဖို့ လိုတယ်။"
"ကျွန်မတို့ ဆိုတာက ဘာကိုပြောချင်တာလဲ။အဲ့လိုမျိုး လိမ်ခဲ့တာ ကျွန်မ မဟုတ်ဘူး!"
"ကိုယ်ပြောလိုက်ပြီဆိုမှတော့ လင်မယားနှစ်ယောက်လုံး အတူတူပဲပေါ့၊မင်း မသိဘူးလားကွာ။"
ကျွန်မ မသိဘူး။
ကျွန်မ တကယ်ကို မသိဘူးလေ။
ထိုသို့ အံ့ဩမိနေစဥ်တွင် ဆိုဗက်စ်စတာက ကျွန်မ၏လည်တိုင်ထက်သို့ မျက်နှာအပ်လာခဲ့သည်။သူ၏ပူနွေးသော အသက်ရှူငွေ့များက လွှမ်းမိုးလာခဲ့လျှင် ကျွန်မမှာ တစ်ကိုယ်လုံး တောင့်တင်းသွားရတော့သည်။
"ကိုယ် ဒီနေ့ အိမ်ရှေ့စံမင်းသားနဲ့ တွေ့ခဲ့တယ်။"
"နေပါဦး ... ဘာရယ်!"
"ကိုယ် အိမ်ရှေ့စံမင်းသားနဲ့ တွေ့ခဲ့တယ်။"
ဆိုဗက်စ်စတာက ကျွန်မ၏လည်တိုင်ထက်သို့ တိုးဝှေ့နေရင်း ပြောလာခဲ့သည်။
"ပြီးတော့ ကိုယ် ပြောခဲ့တယ်။ကိုယ်တို့ရဲ့မြို့စားပိုင်နက်နယ်မြေကို အင်ပါယာလက်အောက်ကနေ လွတ်မြောက်ခွင့်ပေးမယ်ဆိုရင် အပြန်အလှန်အနေနဲ့ သူ့ကို ပံ့ပိုးပေးမယ်ဆိုပြီး။"
"အဲ့...အဲ့ဒီတော့ သူက ဘာပြောလဲ။"
"သူ စဥ်းစားကြည့်ဦးမယ်တဲ့။"
ကျွန်မလည်း ဆိုဗက်စ်စတာ၏ပါးပြင်များကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်လိုက်ပြီး သူ့ကို ခေါင်းမော့စေလိုက်သည်။
ဆိုဗက်စ်စတာက ကျွန်မ၏လက်များကို အသာတကြည်ပဲ လက်ခံပေးပြီး ခေါင်းမော့လိုက်လေသည်။ထိုအခါ ကျွန်မတို့ အကြည့်ချင်း ဆုံသွားကြ၏။
"ရှင်က ဒုတိယမင်းသားကို ဒီလိုမျိုးပဲ ကမ်းလှမ်းမှာ မဟုတ်လား။"
"ဟင့်အင်း"
ဆိုဗက်စ်စတာက အခိုင်အမာ ငြင်းဆိုသည်။
"မင်းကို ခြိမ်းခြောက်တဲ့သူနဲ့ ကိုယ်က ဘာဖြစ်လို့ လက်တွဲရမှာလဲ။"
ထိုသို့ ကြားရသဖြင့် ကျွန်မ ဝမ်းသာမိသည်။
သို့သော်လည်း ...
"အိမ်ရှေ့စံအရှင့်သားကလဲ ကျွန်မကို အများကြီး ဒုက္ခပေးခဲ့တယ်လေ။"
ဒုက္ခပေးတဲ့နေရာမှာ ကယ်လီယန်က ဒုတိယနေရာက လိုက်နေတယ်ဆိုတော့ ဝမ်းနည်းစရာ မကောင်းဘူးလား။
ဆိုဗက်စ်စတာလဲ ဒါကို သိမှာပဲ။ပြန်တွေးကြည့်ရင် ကြောက်ဖို့တောင် ကောင်းသေးတယ်။
"မင်းလဲ အိမ်ရှေ့စံမင်းသားကို အနှောင့်အယှက်ပေးခဲ့တာပဲလေ။ဒီတော့ နှစ်ဦးနှစ်ဖက်လုံး သရေကျသွားပြီလို့ပဲ ထားလိုက်ရအောင်။"
သူက ထိုသို့ ပြောလာသည်။
"အဟား ..."
၎င်းက အကျိုးသင့်အကြောင်းသင့် ဖြစ်နေလေရာ ကျွန်မ ခေါင်းငြိမ့်လိုက်မိသည်။ထို့နောက် ဆိုဗက်စ်စတာက ကျွန်မ၏ပါးပြင်ကို ထပ်နမ်းလိုက်ပြီး နားသန်သီးလေးများအထိ ယားယံလာစေတော့သည်။
"အမ်း ... ရှင် နည်းနည်းလောက် ဖယ်ပေးလို့ မရဘူးလား။
"မရဘူး"
သို့သော် ဆိုဗက်စ်စတာက ကျွန်မ၏လက်ကို ဆွဲမြှောက်လိုက်ပြီး လွှတ်မပေးတော့မည့်အတိုင်း တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ ကျွန်မ၏မျက်လုံးများထဲသို့ ကြည့်လာခဲ့သည်။
"ဒီညတော့ မအိပ်ဘဲ နေကြရအောင်။"
ဆိုဗက်စ်စတာ၏မျက်လုံးများက ဟန်မဆောင်နိုင်အောင် စစ်မှန်နေခဲ့ပါ၏။
ယနေ့က ကြီးကျယ်ခမ်းနားသော နေ့တစ်နေ့ဖြစ်လာတော့မည်ဟု ကျွန်မ ခံစားမိလိုက်သည်။
မ ...မရဘူးလို့။
ကျွန်မ မျက်လုံးစုံမှိတ်၍ အော်လိုက်မိသည်။
"ကျ ...ကျွန်မ အရမ်းရှက်တယ်လို့!"
ကျွန်မ ထိုသို့ပြောလိုက်လျှင် ဆိုဗက်စ်စတာ ရယ်လိမ့်မည်ဟု ထင်ထားခဲ့သည်။အရွယ်ရောက်ပြီးသားလူတစ်ယောက်က ထိုကိစ္စမျိုးကို ရှက်ရွံ့မနေသင့်ဆိုပြီး ပြောလာလိမ့်မည်ဟု ထင်ထားမိသည်။
"ကိုယ်ရောပဲ"
ထိုသို့ မဟုတ်ခဲ့ပေ။
ဆိုဗက်စ်စတာက ကျွန်မ၏လက်ကို ဆွဲယူပြီး သူ့ရင်ဘတ်ပေါ်သို့ တင်ပေးလိုက်သည်။
ဒုတ် ဒုတ် ဒုတ် ဒုတ်
သူ့နှလုံးသားက မြန်မြန်ဆန်ဆန် ခုန်ပေါက်နေသည်ကို ခံစားမိသဖြင့် ကျွန်မမှာ မျက်လုံးများပင် ပြူးကျယ်သွားရသည်။
"ကိုယ်ကရော ဒီလိုကိစ္စမျိုးကို တွေ့ကြုံဖူးလိမ့်မယ်လို့ မင်း ထင်နေတာလား ... ဟမ်။"
ကောင်းပြီလေ။
ဆိုဗက်စ်စတာက လက်ထပ်ရမည့် အသက်အရွယ်ရောက်သည်နှင့် ချက်ချင်းဆိုသလို ကျွန်မကို လက်ထပ်ခဲ့သည်။ထို့ကြောင့် သူ့အနေဖြင့် တစ်စုံတစ်ယောက်နှင့် အတွေ့အကြုံ ရှိစရာအကြောင်း မရှိပါပေ။ထို့ကြောင့် သူ့နှလုံးသားက အလွန်အမင်း မြန်မြန်ဆန်ဆန် ခုန်နေခဲ့သည်။ကျွန်မ ကဲ့သို့ပင်။
"အဲ့ဒါကြောင့်ပဲ ..."
ဆိုဗက်စ်စတာက ဆုပ်ကိုင်ထားသည်ကို ဖြေလျှော့ပေးလိုက်ပြီး သူ့လက်ကို ကျွန်မ၏ကျောပြင်အောက်သို့ ထည့်လိုက်ပြီး ပခုံးကို ဆုပ်ကိုင်လာခဲ့သည်။
"ကိုယ်တို့ အစကနေ အတူတူ ကြိုးစားကြည့်ရအောင်လေ ...နော်။"
သူ့နှုတ်ခမ်းများက ကျွန်မ၏နဖူး၊မျက်ခုံး၊မျက်လုံးများနှင့် နှုတ်ခမ်းများသို့ တစ်စတစ်စ ထိတွေ့လာခဲ့သည်။သူ၏ပွင့်ဟနေသော နှုတ်ခမ်းများမှတစ်ဆင့် ပူနွေးသောအသက်ရှူငွေ့များက ထွက်ကျလာခဲ့သည်။
ဆိုဗက်စ်စတာက ကျွန်မကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားခဲ့၏။
ပြီးမှ သူ့နှုတ်ခမ်းများကို နူးညံ့စွာ လှုပ်ရှားလိုက်ပြီး တိုးဖွဖွနှင့် ညင်ညင်သာသာလေး ပြောလေသည်။
"ကိုယ် သေတဲ့အထိ မင်းကို ချစ်သွားပါမယ်။"
ဘုရားရေ။
ကျွန််မမှာ ဘာလုပ်ရမှန်း မသိတော့သဖြင့် မတတ်သာပါဘဲ မျက်လုံးများကိုသာ တင်းကြပ်စွာ မှိတ်ထားလိုက်ရတော့၏။
*
"အား ..."
မနက်ခင်း နေရောင်က ကျွန်မ၏မျက်လုံးများကို စူးသွားစေခဲ့သည်။
ခန္ဓာကိုယ်တစ်ခုလုံးက နာကျင်နေသဖြင့် တစ်ချိန်တည်းဆိုသလို အော်ဟစ်ညည်းတွားလိုက်မိသည်။ခါးမှစပြီး ခြေထောက်များအထိ မနာကျင်သောနေရာဟူ၍ မရှိပေ။
အား!
ကျွန်မလည်း မျက်နှာကို ခေါင်းအုံးထဲတွင် ဖွက်ထားပြီး ကွေးကွေးလေး အိပ်နေလိုက်ရသည်။
"မင်း နိုးလာပြီလား။"
ဆိုဗက်စ်စတာ၏အသံကို ကြားလိုက်ရသည်။
ကျွန်မ ဆိုဗက်စ်စတာကို လှမ်းကြည့်လိုက်မိ၏။
သေလုနီးပါး နာကျင်ကိုက်ခဲနေရသော ကျွန်မနှင့်မတူစွာ ဆိုဗက်စ်စတာက အမှန်ပင် အဆင်ပြေနေခဲ့သည်။ယခင်ထက်ပင် ပို၍သက်ဝင်တက်ကြွနေသည်ပင် ပြောရလိမ့်မည်။
ထို့ကြောင့် ကျွန်မမှာ သူ့ကို ပိုပြီး မုန်းတီးမိတော့သည်။
"မသိဘူး ...ကျွန်မ ထပ်အိပ်ဦးမယ်။"
ကျွန်မ ပြောရင်း စောင်ကို ခေါင်းအထိ ဆွဲခြုံလိုက်သည်။ထိုအခါ ဆိုဗက်စ်စတာက ကျွန်မ၏ဘေးနားတွင် ဝင်ထိုင်လာခဲ့သဖြင့် အိပ်ရာက သိမ့်ခနဲ ဖြစ်သွားသည်ကို ခံစားလိုက်ရသည်။
"ဒါပေမဲ့ ကိုယ်က မင်းအတွက် မနက်စာ ယူလာပေးတယ်လေ။"
သူက ကျွန်မခြုံထားသော စောင်ကို ညင်ညင်သာသာလေး ဆွဲဖယ်လိုက်သည်။ကျွန်မလည်း စောင်ခြုံထဲမှ ခေါင်းထွက်ပြလိုက်ရသည်။
"ရှင် ဘာတွေ ယူလာခဲ့လဲ။"
"စွပ်ပြုတ်နွေးနွေးလေးနဲ့ ပေါင်မုန့်။ဒါက မင်းအတွက် သင့်တော်မယ်လို့ ကိုယ် တွေးမိတယ်။"
"ကောင်းသားပဲ"
ကျွန်မ အကြောဆန့်လိုက်သည်။ထိုအခါ အဆစ်အမြစ်များအားလုံး နာကျင်သွားရပြန်သဖြင့် ကျွန်မ အော်လိုက်မိလေသည်။
ကျွန်မ ညည်းတွားရင်း ပခုံးများကို လှည့်လိုက်မိသည်။
"မင်း ဘာဖြစ်လို့ ဒီလောက်တောင် နာကျင်နေရတာလဲ။"
ဆိုဗက်စ်စတာက ကျွန်မကို နားမလည်နိုင်သကဲ့သို့ ခေါင်းကို စောင်းငဲ့ပြီး ကြည့်လာသည်။
"ကိုယ်လဲ ကိုယ့်ကိုကိုယ် ထိန်းချုပ်ဖို့ အကောင်းဆုံး ကြိုးစားခဲ့တယ်လေ။"
ဘုရားရေ!
ကျွန်မမှာ အလွန်တရာ အံ့ဩမိသဖြင့် ပါးစပ်ကို လက်ဖြင့် အုပ်ထားလိုက်ရသည်။
"နှစ်ကြိမ်နှစ်ခါ ထိန်းချုပ်ပြီးတဲ့နောက် ကျွန်မ သေရတော့မလို့ပဲ!"
"ကိုယ် အဲ့လို မလုပ်ပါဘူး၊ကိုယ်ရဲ့ဇနီးချောလေး သေသွားမယ်ဆိုရင် အကြီးအကျယ် ဒုက္ခရောက်ပြီလေ။"
ဆိုဗက်စ်စတာက လှောင်ပြုံးလေး ပြုံးပြီး ကျွန်မ၏နဖူးကို နမ်း၍ မနက်စာလင်ဗန်းကို ကျွန်မ၏ပေါင်ပေါ်သို့ တင်ပေးသည်။
"စားလိုက်ဦး၊ကိုယ် မသွားခင် မင်း စားနေတာလေး ကြည့်ချင်လို့။"
"ရှင် အလုပ်မများဘူးလား။"
"အလုပ်များတာပေါ့ ...ဒါပေမဲ့ မနက်ခင်းလေးကို မင်းနဲ့အတူ ကုန်ဆုံးဖို့တော့ ကိုယ့်မှာ အချိန်ရှိပါတယ်။"
သူက ထိုစကားကို အလွန်ချိုသာစွာ ပြောလာခဲ့သည်။ကျွန်မလည်း စွပ်ပြုတ်တစ်ဇွန်း သောက်လိုက်ပြီး သူ့ကို ဖြည်းဖြည်းချင်း စကားပြောလိုက်သည်။
"ရှင်က ဒီလောက်အထိ ချိုချိုသာသာနဲ့ နှစ်လိုဖွယ်ကောင်းတဲ့လူဆိုတာ ကျွန်မ မသိခဲ့ဘူး။"
ကျွန်မ ပြောခဲ့သည့်အတိုင်းပင် ဆိုဗက်စ်စတာက ခံစားချက်များကို ဖွင့်ဟဝန်ခံလာခဲ့ပြီးနောက် အမှန်တကယ်ပင် ချိုသာသောလူတစ်ယောက် ဖြစ်လာခဲ့သည်။
စကားပြောပုံပြောနည်းနှင့် အမူအရာက မယဥ်ကျေးမြဲဖြစ်သော်လည်း စကားလုံးများတွင် ပါဝင်သော နူးညံ့ကြင်နာသည့် အဓိပ္ပါယ်ကြောင့် မယဥ်ကျေးမှုများကို နားလည်ခွင့်လွှတ်ပေးနိုင်ပါသည်။
ထို့အခါ ဆိုဗက်စ်စတာ၏မျက်ဝန်းများက လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။
"ကိုယ်ရောပဲ"
သူက ပြုံးလေသည်။
"ကိုယ်လဲ ဒီလောက်ထိ ချိုသာတတ်လိမ့်မယ်လို့ မသိခဲ့ဘူး။"
ပြီးနောက် သူက ကျွန်မကို ကြည့်လာခဲ့သည်။ထိုအကြည့်ထဲတွင် ချစ်ခြင်းများဖြင့် ပြည့်နေလေရာ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ပျားရည်များ ထွက်ကျနေသကဲ့သို့ ချိုမြိန်နေကြောင်း သိနိုင်သည်။
ကျွန်မ နောက်တစ်ခါ ရှက်ရွံ့သွားရပြီး ခေါင်းငုံ့လိုက်မိသည်။
ထိုအခါ ဆိုဗက်စ်စတာက သူ့မေးစေ့ကို ပွတ်၍ ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလေသည်။
"ကိုယ်က အရမ်းပဲ ကြည့်ကောင်းနေတယ်လို့ မင်း တွေးနေတာ၊ဟုတ်တယ်မလား။"
"ရှင် ဒီလိုတွေ မပြောဘူးဆိုရင်တော့ ကြည့်ကောင်းတယ်ဆိုပြီး ကျွန်မ ပြောမိမှာပါ။"
သူက အမြဲတမ်း မအပ်မရာတွေ ပြောနိုင်လွန်းသည်။
ကျွန်မ စုတ်တစ်ချက် သပ်ပြီး ခေါင်းခါပြလိုက်သည်။
ဆိုဗက်စ်စတာက ကျွန်မကို ထပ်ပြုံးပြလိုက်ပြီး လက်ချောင်းများဖြင့် အိပ်ရာ၏အစွန်းကို ခေါက်နေခဲ့သည်။
"သန်ဘက်ခါပဲ။"
"ဘာရယ်"
"ကျောင်းနဲ့မိဘမဲ့ဂေဟာရဲ့ ပြီးမြောက်အောင်မြင်ခြင်းအခမ်းအနားလေ။"
"အာ!"
မကြာခင်က ၎င်းတို့ကို ဆောက်လုပ်ခဲ့ပြီးနောက် ယခု ပြီးစီးသွားရသဖြင့် ကျွန်မ အံ့ဩနေခဲ့၏။အတော်လေး ကြာခဲ့ပြီဟု တွေးမိပြီး ကျွန်မ ပြန်ဖြေလိုက်သည်။
"အကုန်လုံး ဆောက်လို့ ပြီးသွားပြီပေါ့။"
"အင်း"
ဆိုဗက်စ်စတာက ဆက်ပြောသည်။
"မြို့စားမင်းကြီးကတော်က မိဘမဲ့ဂေဟာ ဖွင့်ပွဲကို ကြွရောက်ပြီး ဂုဏ်ပြုအမှာစကား ချီးမြှင့်မယ်လို့ ပြောခဲ့တယ်။"
"အင်း ... ကျွန်မ မှတ်မိတယ်။"
"ဒါပေမဲ့ ကိုယ်က ကျောင်းအတွက် စိတ်ပူနေတာ။"
သူက လက်ပိုက်ပြီး အသံတိုးတိုးဖြင့် ရေရွတ်နေသည်။
"ဘယ်သူက ပိုကောင်းမလဲ။"
သူ့မျက်ဝန်းများက တဖျတ်ဖျတ်လက်နေသဖြင့် ကျွန်မမှာ သူ့စိတ်ထဲက အကြောင်းအရာများကို ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။
ကျွန်မ အော်ရယ်လိုက်မိသည်။
"ရှင်က ကျွန်မတွေးသလိုမျိုး အတူတူ လိုက်တွေးနေတယ်လို့ ထင်တာပဲ။"
ဆိုဗက်စ်စတာ၏နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့သည်။
"အိမ်ရှေ့စံမင်းသား လား။"
"အင်း"
ကျွန်မ ခေါင်းငြိမ့်လိုက်သည်။
"မိန့်ခွန်းပြောပေးဖို့ဆိုတာ မနေ့က အပေးအယူကိစ္စနဲ့ ဆက်စပ်နေတဲ့အခြေအနေဆိုပြီး အိမ်ရှေ့စံအရှင့်သားကို ဖြောင်းဖြနိုင်ရင် ကောင်းမယ်။"
"ကိုယ်လဲ အဲ့လိုတွေးမိတယ်။ဒါဆို အဲ့ဒီအတိုင်းပဲ ပြောကြည့်လိုက်ရအောင်။"
"ကောင်းပြီလေ"
ကျွန်မ ပေါင်မုန့်ကို ဖဲ့လိုက်ပြီး စွပ်ပြုတ်ထဲတွင် နှစ်၍ ပြန်ဖြေလိုက်သည်။ဆိုဗက်စ်စတာက စွပ်ပြုတ်သောက်နေသောကျွန်မကို တစ်ချက်ကြည့်လိုက်ပြီး ထရယ်လေသည်။ပြီးမှ သူက လက်မတစ်ချောင်း ထောင်ပြီး နောက်ကျောဘက်သို့ ညွန်ပြလိုက်၏။
"ပြီးတော့ မင်းအတွက် စာတွေအများကြီး ရောက်နေတယ်။"
"အာ ...တကယ်"
"ကိုယ် ယူပေးမယ်။"
သူအနေဖြင့် ထိုမျှအထိ လုပ်ပေးရန် မလိုသော်လည်း ဆိုဗက်စ်စတာက ထိုင်ရာမှ ထလိုက်ပြီး စာများကို ကျွန်မဆီသို့ ယူလာပေးသည်။
အိုး ... ချိုမြိန်လိုက်တာ။
ကသိကအောက် ဖြစ်ရတဲ့အထိပဲ။
ဒါပေမဲ့ ငါ့အနေနဲ့ ကျင့်သားရအောင်လုပ်သင့်တယ်၊ဟုတ်တယ်မလား။
ကျွန်မ တခစ်ခစ်နှင့် ရယ်ပြီး ဆိုဗက်စ်စတာ ယူလာပေးသည့်စာများကို လက်ခံလိုက်ရသည်။
ထို့နောက် စာများကို တစ်စောင်ပြီး တစ်စောင် စစ်ဆေးကြည့်လိုက်သည်။
"အရေးမပါတဲ့လူတွေ ...ဟမ် ...ကောင့်မြို့စားကတော်ကာဒယ်လ်ဆီက စာရောက်နေပါလား။"
ယခုဆိုလျှင် ကောင့်မြို့စားကတော်ကာဒယ်လ်နှင့်မတွေ့ဖြစ်သည်က အချိန်အတော်ကြာသွားလေပြီ။
သူမကို အနှေးနှင့်အမြန် ဆက်သွယ်ရမည်ဟု တွေးနေချိန်တွင် ဤသို့ ကွက်တိဖြစ်လာရသည်။
ထိုသို့တွေးရင်း စာကို ဖောက်ဖတ်လိုက်သည်။
"ဘာဖြစ်လို့ ဒီလောက်တောင် နဖူးတွန့်ထားရတာတုန်း၊ဘာကိစ္စမို့လို့လဲ။"
ကျွန်မက အာရုံစိုက်ထားလျှင် နဖူးတွန့်ထားတတ်ပုံ ရသည်။
ကျွန်မ အလျင်အမြန်ပဲ ခေါင်းခါလိုက်ရသည်။
"အိုး ... ဘာမှ ကြီးကြီးမားမား မဟုတ်ပါဘူး။သူမက လက်ဖက်ရည်ပါတီပွဲ လုပ်တာပါ။"
"ဘယ်တော့လဲ"
"ဒီနေ့ပဲ"
"ကိုယ် သိပြီ"
"ဒါပေမဲ့ ..."
အင်း
ကျွန်မ ခေါင်းကို စောင်းငဲ့လိုက်ပြီး အသံနိမ့်နိမ့်ဖြင့် ညည်းညူလိုက်သည်။
"ကောင့်မြို့စားကတော်ဖလဲရ်ရော လာမှာတဲ့။"
"အဲ့လိုလား။"
ဆိုဗက်စ်စတာက မျက်ခုံးပင့်ပြီး စာကို တစ်ချက်စိုက်ကြည့်လိုက်သည်။
"သွား"
သူက ကျွန်မ၏ခေါင်းပေါ်သို့ လက်တင်လိုက်ပြီး ပြောသည်။
"သွားပြီး စိတ်ကြီးဝင်နေတဲ့မိန်းမကို ဖိနှိပ်ပစ်ခဲ့။"
ကျွန်မလည်း ယုံကြည်မှုအပြည့်ဖြင့် ထိုသို့ ပြောလာသော ဆိုဗက်စ်စတာဆီသို့ ခေါင်းငြိမ့်ပြလိုက်သည်။
ပြီးနောက် မတော်တဆတစ်ခု ထပ်ဖြစ်လာခဲ့ပြန်သည်။
TK Team (Chapter 125)
++++++++