ဇာတ်လိုက်လား? ငါ သူ့ကိုမလိုချင်ဘူး chapter 110
* * *
ဒဲဗောရာသည် ဘာမှမဖြစ်ခဲ့သလို သူမအခန်းထဲသို့ ပြန်ရောက်လာပြီးနောက် ခြေထောက်များ ခွေယိုင်သွားသလို ခံစားရကာ ထိုင်ခုံပေါ်လဲကျသွားခဲ့၏။
အဆင်ပြေသလိုဟန်ဆောင်ပြီး သာမန်လိုပြုမူရတာက လွယ်ကူသောအရာ မဟုတ်ပေ။
ထို့အပြင် သူမသည် အဆင်ပြေအောင်နေဖို့ ကြိုးစားသော်လည်း သူမ၏ စိတ်ထဲမှာတော့ သူမအမေအတွက် စိုးရိမ်ပူပန်လွန်းတာကြောင့် လောင်ကျွမ်းတော့မလိုခံစားနေရသည်။သူမကိုယ်တိုင် သွားတွေ့ပြီးမြင်ချင်ပေမယ့် လက်ရှိအခြေအနေတွင် ဘယ်လိုမှ မဖြစ်နိုင်မှန်းသိတာကြောင့် မျက်ရည်များ ဝေ့သီလာခဲ့ရသည်။
"နင့်အမေအတွက်မစိုးရိမ်နဲ့။သူမ တကယ်အဆင်ပြေနေတယ်။ငါ တွေ့လို့ရအောင် စီစဉ်ပေးဖို့ သူတို့ ပေါ့လျော့တဲ့အချိန်ကိုရှာပေးမယ်။အဲ့ဒါကြောင့် ခဏလောက်တော့ စိတ်ရှည်ရှည်ထား"
ဒဲဗောရာ၏ခံစားချက်များကို ခံစားနိုင်ပုံရသော အစေခံက သူမကို နှစ်သိမ့်ပေးခဲ့သည်။ဒဲဗောရာသည် မျက်ရည်များကို ထိန်းပြီး ခေါင်းညိတ်ပြလိုက်သည်။
တကယ်တမ်းတွင် အစေခံပြောသမျှစကားများကို သူမကိုယ်ပိုင်မျက်လုံးနှင့် မမြင်ရသေးသောကြောင့် အမှန်လား အမှားလားဆိုတာကို ဆုံးဖြတ်၍မရသော်လည်း ဒဲဗောရာတွင် သူမကို ယုံကြည်ရန်မှတပါး အခြားရွေးချယ်စရာမရှိပေ။
"ပြီးတော့ သခင်လေး ဖယ်ဆန်က ဆိုးတဲ့သူမဟုတ်လို့ ဘာမှဆိုးရွားတာမျိုးဖြစ်လာမှာမဟုတ်ဘူး"
ဒါပေါ့ 'သေချာပေါက်' လို့တော့မပြောနိုင်ချေ။
၎င်းက သူတို့ ဒဲဗောရာကို အန္တရာယ်တွင်းထဲ ဒီတိုင်းလွှတ်လိုက်မယ်လို့ ပြောတာ မဟုတ်ပေ။ဘာပဲဖြစ်ဖြစ် ဖယ်ဆန်သည် လက်ရှိအခြေအနေအရ သူ့ဘာသာသူတောင် ဘာမှလုပ်နိုင်စွမ်းမရှိတာကြောင့် သူ့ စကားလုံးများကို ရှောင်ရှားတာက အကောင်းဆုံးဖြစ်သည်။
ဒဲဗောရာသည် ရေမိုးချိုးပြီးနောက် အစေခံ၏အကူအညီဖြင့် သူမ အရင်က တခါမှမမြင်ဖူးခဲ့သော အလှကုန်မျိုးစုံကိုခြယ်သခဲ့သည်။
ခဏအကြာတွင် အစေခံသည် ဒဲဗောရာ၏ အသွင်အပြင်ကို ရှုထောင့်မျိုးစုံမှ စစ်ဆေးကြည့်ပြီးနောက် အာမေဋိတ်သံတစ်ခု ထုတ်လိုက်သည်။
"…ဘယ်သူပဲကြည့်ကြည့် နင့်ကိုလူနာပဲလ်လို့ပဲထင်ကြလိမ့်မယ်"
တကယ်တမ်းတွင် ဒဲဗောရာသည် လူနာနှင့် ဆင်တူသော်လည်း အနီးကပ်ကြည့်ပါက ကွာခြားမှုအချို့တော့ရှိပေသည်။သို့သော် မိတ်ကပ်ပြင်ဆင်မှုအပြီးတွင် ဒဲဗောရာသည် လူနာနှင့် ခွဲလို့မရအောင်ပင် ချွတ်စွပ်တူသွားခဲ့သည်။
"ဟုတ်လား..."
ဒဲဗောရာသည် မှန်ထဲရှိ သူမကိုယ်သူမအား ကြည့်ကာ တုန်လှုပ်သောအမူအရာဖြင့် မေးလိုက်သည်။
ဒီတော့ ဒါက လူနာပဲလ်ပုံစံပေါ့။
မှန်ထဲရှိရုပ်ပုံသည် သူမနှင့်တူသော်လည်း ယခုတွင် ပိုလှပကာ ဖြူလာပြီး မျက်လုံးများ ပိုကြည်လင်နေသည်။
ဒဲဗောရာသည် ရင်းနှီးပြီး အနည်းငယ် ကွဲပြားပြီး သူမ၏ မူလမျက်နှာနှင့် တူညီသော မှန်ထဲရှိ အသွင်အပြင်ကို ဆက်လက် ငေးကြည့်နေစဉ် အစေခံက တစ်စုံတစ်ခုကို ပေးလာခဲ့သည်။
"သခင်လေးဖယ်ဆန်နဲ့ စကားနည်းနည်းလောက်စမြည်ပြောပြီးတော့ သူ့ကို ဒါကျွေးလိုက်"
ဒဲဗောရာ အောက်သို့ငုံ့ကြည့်လိုက်ရာ သေးငယ်ပြီး လုံးဝန်းသော ဆေးလုံးတစ်လုံးကို တွေ့လိုက်ရသည်။ဒဲဗောရာက အဲ့ဒါဘာလဲဟု မျက်လုံးများဖြင့် မေးလိုက်ချိန် အစေခံက အဆင်သင့်ပြန်ဖြေခဲ့သည်။
"ဒါက အိပ်ဆေးပဲ။သောက်ပြီးတာနဲ့ မိနစ်ပိုင်းအတွင်း အိပ်ပျော်သွားလိမ့်မယ်။ စိတ်မပူနဲ့။အဲဒါက သူ့ကို ထိခိုက်မှာ မဟုတ်ဘူး"
အစေခံက ခန္ဓာကိုယ်ကို ဘာပြဿနာမှရှိစေမှာမဟုတ်ဘူးလို့ အာမခံခဲ့သည်။
"ငါ နင့်ကို နေ့တိုင်း ဆေးတစ်လုံးစီ ပေးမှာမို့လို့ မှန်မှန်ကန်ကန် အသုံးချပြီး သခင်လေးဖယ်ဆန်ကို အိပ်အောင်လုပ်။ပြီးတော့ မြို့စားကတော်ကြီး နင့်ကို အရင်က ပြောခဲ့တာကို မမေ့သင့်ဘူး"
ဒဲဗောရာက ဆေးလုံးကို ဝှက်ထားလိုက်ပြီး လေးနက်သောအမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။မည်သည့်အမှားကိုမဆို ခွင့်မပြုနိုင်ပေ။သူမ တစ်စုံတစ်ခု လွဲချော်သွားရင် သူမတင်မက လူတိုင်း အန္တရာယ်ရှိနိုင်သည်။
ဒဲဗောရာက သူမစိတ်ကိုပြင်ဆင်လိုက်ပြီး အစေခံနှင့်အတူ အခန်းထဲမှထွက်ကာ အိမ်တော်ထိန်းအား ရှာဖွေခဲ့သည်။ ပြင်ဆင်မှုများက ချို့ယွင်းချက်ရှိလားမရှိလား သေချာစေဖို့အတွက် အတည်ပြုရန် သူ့ကိုလိုပေသည်။
"တစ်ပုံစံထဲပဲ။အခုချိန်ကစပြီး နေ့တိုင်း အိပ်တာကလွဲလို့ အချိန်တိုင်းဒီလိုပုံစံမျိုးနဲ့ပဲ ရှိနေရမယ်"
ဒီအိမ်ကြီး၌ ဖယ်ဆန်မှလွဲ၍ လူနာ၏မျက်နှာကို အခြားသူများထက်ပိုမြင်ဖူးခဲ့သော အိမ်တော်ထိန်းက အာမခံခဲ့တာကြောင့် အဆင်ပြေကြောင်း သေချာသွားခဲ့သည်။
ဒဲဗောရာသည် စိတ်သက်သာရာစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် အိမ်တော်ထိန်းက ဆောင်ရန်ရှောင်ရန်များကို နောက်ထပ်တစ်ကြိမ် ပြောပြီးနောက် ဒဲဗောရာကို ဖယ်ဆန်၏အခန်းဆီ ခေါ်ဆောင်သွားခဲ့သည်။
သူ့အခန်းသည် အိမ်ကြီးထဲ နေရောင်ခြည်အရဆုံးနှင့် အလှပဆုံးနေရာတွင် တည်ရှိသည်။
"နောက်ဆုံးအနေနဲ့ မင်း အမှားလုပ်မိတယ်လို့ ခံစားရရင် ဒီတိုင်း ပါးစပ်ပိတ်ထားလိုက်။ဘာပဲဖြစ်ဖြစ် ဒီနေ့က မျက်နှာပြတဲ့အနေနဲ့ပဲ ဆိုတော့ မလိုအပ်တဲ့ စကားတွေ မပြောနဲ့"
နားများနာကျင်လုနီးပါးအထိ ပြင်းထန်စွာ အကြံဉာဏ်ပေးပြီးနောက် အိမ်တော်ထိန်းသည် ဒဲဗောရာကို တစ်ချက်ကြည့်၍ နင်ရှိုင်းစွာ သက်ပြင်းချကာ တံခါးကိုခေါက်လိုက်သည်။
ဒေါက်၊ ဒေါက်။
"သခင်လေးဖယ်ဆန် ဧည့်သည်ရောက်လာပါတယ်"
သူတို့သည် အတွင်းဘက်မှ တုံ့ပြန်မှု မရှိသော်လည်း အဖြေကို မျှော်လင့်ထားပြီးသကဲ့သို့ ထပ်မစောင့်နေတော့ဘဲ အစေခံကို အချက်ပြလိုက်သည်။အစေခံက တံခါးကို ချက်ချင်းဖွင့်လိုက်၏။
"…!"
တံခါစဖွင့်လိုက်သည်နှင့် မရင်းနှီးသော ရနံ့တစ်ခုက လွင့်ပျံလာခဲ့သည်။ဒဲဗောရာသည် မတွေးနေဘဲ သူမ၏ နှာခေါင်းနှင့် ပါးစပ်ကို ဖုံးအုပ်ခဲ့လိုက်သည်။
အစေခံက အနံ့အကြောင်း ရှင်းပြခဲ့သည်။
"အဲ့ဒါက သူ့စိတ်နဲ့ကိုယ်ကို တည်ငြိမ်စေတဲ့ ဆေးအမွှေးနံ့တစ်မျိုးပဲ"
ထိုအခါမှ ဒဲဗောရာသည် လက်ကိုဖယ်ပြီး ထပ်အနံ့ခံကြည့်လိုက်ရာ မှိန်ဖျော့သော ဆေးရနံ့တစ်ခု ရောနှောနေတာကို ခံစားမိလိုက်သည်။
စိတ်တည်ငြိမ်ဖို့ ရနံ့တွေကို အားကိုးနေရတာက ဘာအခြေအနေကြီးလဲ။
သူမသည် အားလုံးပြီပြည့်စုံစွာ ပြင်ဆင်ထားသည်ဟု ကြားချိန်၌ စိတ်သက်သာရာရခဲ့သော်လည်း စိတ်ငြိမ်သက်ဖို့ ရနံ့ကိုအသုံးပြုနေရကြောင်းသိလိုက်ချိန်တွင် သူမ၏နှလုံးသားမှာ ထပ်ပြီးခုန်ပေါက်လာခဲ့ပြန်သည်။
"အထဲဝင်လိုက်"
ဒဲဗောရာ စိတ်တည်ငြိမ်အောင် မလုပ်ရသေးခင်မှာပင် အိမ်တော်ထိန်းက သူမကို အထဲတွန်းထည့်ပြီး သူတို့လည်း သူမ နောက်မှ လိုက်ခဲ့မည်ဟု အချက်ပြခဲ့သည်။သူမ၏ ပထမဆုံးအကြိမ်ဖြစ်ပေမယ့် အိမ်တော်ထိန်းနဲ့ အစေခံနှစ်ယောက်လုံး သူမနှင့်အတူ ပါလာတာကြောင့် နှစ်သိမ့်မှုဖြစ်မိခဲ့သည်။
ဒဲဗောရာသည် သတိကြီးစွာဖြင့် အထဲဝင်လာလိုက်ပြီး အိပ်ယာကျယ်ကြီးပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေသော ဖယ်ဆန်ကို ကြည့်လိုက်သည်။ ဟိုဘက်လှည့်နေတာကြောင့် သူ့မျက်နှာကို မမြင်ရသော်လည်း ပတ်တီးများစွာသည် သူ့ခန္ဓာကိုယ်အစိတ်အပိုင်းများ၌ ဒဏ်ရာများရထားသကဲ့သို့ ပတ်ထားသည်ကိုတွေ့လိုက်ရသည်။
ကံကောင်းထောက်မစွာဖြင့်အခြေအနေက အသက်အန္တရာယ်ရှိနေပုံတော့မရချေ။
"သခင်လေးဖယ်ဆန် လေဒီလူနာပဲလ် လာလည်ပါတယ်။သူမက နောက်ဆုံးအဖြစ်အပျက်က မရည်ရွယ်ဘဲဖြစ်တာလို့ပြောပြီး တောင်းပန်ချင်ပါတယ်တဲ့"
ဒဲဗောရာ တွေးတောစဉ်းစားနေချိန်တွင် အိမ်တော်ထိန်းက သူမအကြောင်းကို ဖယ်ဆန်ကို ပြောခဲ့သည်။ထိုအချိန်တွင် မတိုင်ခင်အထိ ဘာမှမလှုပ်ရှားဘဲ ငြိမ်သပ်စွာ လဲလျောင်းနေခဲ့သော ဖယ်ဆန်သည် သိသိသာသာပင် သတင်လှုပ်ရှားလာခဲ့သည်။
"ဘယ်သူလာတာလဲ...လူနာလား!"
ထို့နောက် သူက ခေါင်းကိုလှည့်လာပြီး နောက်ဆုံးတွင် ဒဲဗောရာသည် ဖယ်ဆန်၏မျက်နှာကို တွေ့လိုက်ရသည်။
"ဟမ်...ငါတွေးထားတာနဲ့ တော်တော်ကွာတာပဲ...''
ကွာတာတင်ဘူး။ လုံးဝကို မတူနေတာပင်။
သူက သူ မသိသော အမျိုးသမီးကို စာချုပ်ချုပ်ပြီး အတူအိပ်ဖို့လိုသည့် မျက်နှာဆိုးကြီးမဟုတ်နေချေ။
သူသည် နူးညံ့သိမ်မွေ့စွာ ပြုံးပြီး စိတ်ဝင်စားမှုပြရုံဖြင့် သူ့အတွက် မိန်းမပျိုလေးအမြောက်အများ ကြွေဆင်းလာမည့် ပုံစံမျိုးဖြစ်သည်။
ဒီဆို ဘယ်လိုလုပ်ပြီး ဒီလိုအခြေအနေမျိုး ဖြစ်ခဲ့ရတာလဲ။
ထို့နောက် ဖယ်ဆန်သည် ဒဲဗောရာကို မျက်နှာချင်းဆိုင်ပြီးသည်နှင့် သူ့ မျက်နှာက တဖြေးဖြေးရှုံ့တွလာ၍ မမျှော်လင့်ထားသော စကားကို ပြောလာခဲ့သည်။
"....လူနာ ဘယ်မှာလဲ"
* * *
ရို့စ်မယ်ရီက စံအိမ်သို့ပြန်ရောက်သည်နှင့် ချက်ချင်းပင် အိမ်ရှေ့မင်းသားကလ်လီယွန်ထံသို့ သူမတွင် အရေးကြီးတာတစ်ခုခုရှိပြီး အရေးတကြီးလုပ်ဖို့လိုတာကြောင့် တွေ့ကြရန် တောင်းဆိုထားသော စာတစ်စောင်ရေးခဲ့သည်။
ကလ်လီယွနါသည် ထိုစာကိုလက်ခံရရှိပြီးနောက် အလိုအလျောက် မျက်မှောင်ကြုတ်မိသွားခဲ့သည်။၎င်းမှာ မားကွစ်ဗင်းဆင့်မြို့စားမဟုတ်ဘဲ အမွေဆက်ခံသူက သူနှင့်တွေ့ဖို့တောင်းဆိုသောစာတစ်စောင် ပေးပို့လာသောကြောင့်ဖြစ်သည်။
သေချာစွာပင် သူ သူမကို ငြင်းလိုက်မည်ဟုတော့ မဆိုလိုပေ။သူတို့ အကြိမ်အနည်းငယ်သာ ဆုံဖူးခဲ့ကြသော်လည်း တွေ့လိုက်တိုင်း အမြဲလိုလို ထူးဆန်းစွာ ပြုမူတတ်သော သူမက အဘယ်ကြောင့် သူ့အား ထိုကဲ့သို့ စာတစ်စောင် ပေးပို့ခဲ့သည်ကို သိချင်မိသည်။
ထို့ကြောင့် သူ့ကိုယ်စား အကြောင်းပြန်ရန် သူ့လက်ထောက်ကို ခေါ်လိုက်သည်။
"ဒီနေ့ကလွဲပြီး တခြားနေ့တွေ တွေ့ဖို့အချိန်မရှိဘူးလို့ သူမကို အကြောင်းပြန်လိုက်ပါ"
ရို့စ်မယ်ရီက စာပြန်တာကို စောင့်နေသလိုမျိုး သူ့တုံ့ပြန်မှုကို ရပြီးသည်နှင့် ချက်ချင်းပင် အင်ပါယာနန်းတော်သို့ ရောက်လာခဲ့သည်။
"ကိုယ် မင်းကို မကြာခဏ တွေ့ဖြစ်နေတာပဲ လေဒီဗင်းဆင့်"
"အိမ်ရှေ့စံအရှင်သားက ကျွန်မကို သတိရလို့ ဂုဏ်ယူမိပါရဲ့"
သူ့ကို တကယ် နောက်ထပ် ထပ်မတွေ့ချင်နေသော ရို့စ်မယ်ရီက ယဉ်ကျေးသော်လည်း အထူးမနှစ်သက်သော အကြည့်ဖြင့် နှုတ်ဆက်ပြီးနောက် ကလ်လီယွန်၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။
"ဆိုစမ်းပါအုံး ကိုယ့်လို အလုပ်များနေတဲ့လူကို မင်းနဲ့တွေ့ဖို့ တောင်းဆိုရတဲ့ အကြောင်းကဘာလဲ"
ကလ်လီယွန်က ခါတိုင်းလိုပင် ရို့စ်မယ်ရီကို မောက်မာသောလေသံဖြင့် မေးလိုက်သည်။
သူမ တောင်းဆိုခဲ့တာမဟုတ်ပေ။သူမက ဒီတိုင်း အရေးကြီးကိစ္စရှိတာကြောင့် တွေ့ဆုံလိုကြောင်း ပြောခဲ့သော်လည်း ကလ်လီယွန်၏ မလိုအပ်ဘဲ ချဲ့ကားမှုကြောင့် ရို့စ်မယ်ရီသည် မျက်မှောင်ကုတ်သွားခဲ့သည်။
သို့သော် သူမသည် ထိုအချက်ကို ထောက်ပြရန် အခြေအနေတွင်မရှိနေချေ။သူမ၏ အမူအရာများကို ထိန်းရန် ကြိုးစားပြီးနောက် အဓိကအကြောင်းအရာကိုပြောခဲ့လိုက်သည်။
"အရင်းနှီးဆုံး သူငယ်ချင်းရဲ့ ချစ်ရသူကို ခိုးယူသွားတဲ့ လူတစ်ယောက်အပေါ် အရှင့်သားဘယ်လိုမြင်လဲ"
"...ရုတ်တရက်ကြီးလား"
သူမ၏ ရုတ်တရက်စကားများက သူ့ကိုစိတ်ရှုပ်ထွေးသွားစေခဲ့သည်။
ရို့စ်မယ်ရီသည် သူက အပြစ်ကျူးလွန်ခဲ့သူဖြစ်တာကြောင့် ထိုစကားကို နားလည်လိမ့်မည်ဟု သူမထင်ခဲ့သော်လည်း ဘာတွေဖြစ်နေမှန်းမသိနေသော ကလ်လီယွန်၏ မျက်နှာအမူအရာကြောင့် ရို့စ်မယ်ရီသည် လုပ်ချောင်းဆိုးလိုက်ပြီး ဖြည်းညှင်းစွာ ရှင်းလင်းပြလိုက်သည်။
"အာ အရှင့်သားကတော့ အဲ့လိုမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်လောက်ဘူးပေါ့နော်။ဒီတော့ ကျွန်မမေးချင်တာက သူငယ်ချင်းရဲ့ချစ်သူကို ခိုးဖို့ ကြိုးစားသလိုမျိုး အရှက်မဲ့တဲ့ လုပ်ရပ်တွေ ကျူးလွန်သူတွေကို အရှင့်သား ဘယ်လိုမြင်လဲလို့ပါ"
"…"
ဒါဆို မင်း ဘာလို့ ငါ့ကို အဲ့ဒါလာမေးနေတာလဲ။
ကံမကောင်းစွာပင် ကလ်လီယွန်သည် ဒီတစ်ကြိမ်လည်း ရို့စ်မယ်ရီ ဘာကိုပြောချင်နေတာလဲဆိုတာကို နားမလည်နိုင်ခဲါပေ။
ကလ်လီယွန်က အမှန်တကယ် ပဟေဠိဖြစ်သောအမူအရာကိုပြပြီး ဘာမှပြန်မဖြေခဲ့ချိန်တွင် ရို့စ်မယ်ရီက ၎င်းကို အပြစ်ရှိစိတ်ကြောင့်ဟု ယူဆကာ သူ့ကိုအကြံပေးခဲ့လိုက်သည်။
"ဒါပေါ့ ရှင် တစ်ယောက်ယောက်က အဲ့လိုမျိုးလုပ်နေတာကို တွေ့ရင် သူတို့ကို တားလိုက်သင့်တယ် ဟုတ်တယ်မလား။ကျွန်မလည်း အဲ့လိုပဲထင်တယ်။မှန်တာပေါ့ လူဆိုတာက ခံစားချက်တွေကို မထိန်းချုပ်နိုင်ဘူးဆိုပေမယ့် အဲ့ဒါက မဆိုလို...."
ရို့စ်မယ်ရီက ဆက်တိုက်ပြောနေပြီး သူမကြည့်ရတာ ပြောစရာတွေ အများကြီးရှိနေပုံရသည်။
အကြောင်းအရာကို အနှစ်ချုပ်ရရင်တော့ - သူငယ်ချင်းရဲ့ ချစ်သူကို မခိုးသင့်ဘူး။ အဲ့လိုလူမျိုးက လူဖြစ်ဖို့မတန်ဘူး။တစ်ဖက်လူက သူတို့ကြောင့် ဘယ်လောက်ထိ နာကျင်ခံစားသွားရမှန်းသူတို့မသိကြဘူးလား။ စသည်ဖြင့်ဖြစ်သည်။
ကလ်လီယွန်သည် တိတ်တိတ်ဆိတ်ဆိတ် နားထောင်ရင်း တရိပ်ရိပ် တိုးလာသော ထူးဆန်းသည့် ခံစားချက်များကို မဖယ်ရှားနိုင်တော့ပေ။
ရို့စ်မယ်ရီက ဘယ်သူ့ကို အတိအကျ ရည်ညွှန်းပြောဆိုနေမှန်း သူမသိပေမယ့် အဲ့ဒါက သူဖြစ်နိုင်တယ်လို့ ခံစားနေရသည်။
"ဒါပေမယ့် လေဒီပြောသလိုပဲ လူတစ်ယောက်ရဲ့ ခံစားချက်တွေကို ထိန်းချုပ်လို့မရဘူးမလား။သူတို့ရပ်တန့်ဖို့ အကြံပေးရင်တောင် မရပ်တန့်နိုင်ဘူးလေ"
ထို့ကြောင့် အဲ့ဒါက အမှန်လားဆိုတာသိဖို့ သူ စမ်းကြည့်လိုက်သည်။
ရို့စ်မယ်ရီက ရုတ်တရက် မျက်လုံးများပြူးကျယ်ကာ စကားပြောတာ ရပ်သွားခဲ့သည်။ထို့နောက် ချက်ချင်းပင် သူမ၏မျက်နှာက ဒေါသကြောင့် ရှုံ့တွလာခဲ့သည်။
"ရှင် ဘယ်လိုလုပ်ပြီး အဲ့လိုပြောနိုင်ရတာလဲ...! ဒါဆို ရှင် အဲ့လိုပဲ ဆက်ပြုမူမယ်လို့ပြောနေတာလား"
ဘာလဲဟ တကယ်ကြီး ငါလား။ငါ ဘာမှမလုပ်ခဲ့ဘူးလေ။ဘာလို့ ရုတ်တရက်ကြီး ဒီဟာတွေလာပြောနေတာလဲ။သူငယ်ချင်းရဲ့ ရည်းစားကိုခိုးတာလား။သူမက အန်းသန့်စ်နဲ့ လူနာကို ရည်ညွှန်းနေတာတော့မဟုတ်ဘူးမလား။
သူဒီလိုလုပ်ဖို့ လုံးဝမရည်ရွယ်ခဲ့သည့်အတွက် သူမကို 'မင်း ဘာတွေ ယပြောနေတာလဲ'လို့ မေးပြီး အမှန်ပြန်ပြင်ပေးသင့်သော်လည်း အခြေအနေက တကယ်ကို ရယ်စရာကောင်းနေသည်။
ပျင်းနေသော ကလ်လီယွန်က ၎င်းကို အကြံကောင်းတစ်ခုလို့ ထင်ပြီး ရို့စ်မယ်ရီနှင့် လိုက်ကစားပေးဖို့ ဆုံးဖြတ်လိုက်သည်။
"မင်းကိုပြောသားပဲ။လူတစ်ယောက်ရဲ့ ခံစားချက်က အဲ့လောက်လွယ်လွယ်နဲ့ မပြောင်းနိုင်ပါဘူးဆို"
ရို့စ်မယ်ရီသည် သူ့၏ လေးနက်သောအဖြေကြောင့် အတွေးများထဲပျောက်ဆုံးသွားခဲ့သည်။လက်ဖက်ရည်ခွက်ကို ကိုင်ထားသော သူမလက်များက တုန်ယင်နေခဲ့သည်။
ဒီလို တုံ့ပြန်မှုမျိုးမြင်ရချိန်မှာ အဲ့ဒါကို ဘယ်လိုလုပ် နားလည်မှုလွဲတာဆိုပြီး ပြောနိုင်တော့မှာလဲ။အန်းသန့်စ်က ရယ်စရာကောင်းတယ်လို့ ထင်ခဲ့ပေမယ့် ရို့စ်မယ်ရီသည်လည်း ရယ်စရာကောင်းလှသည်။
ထို့ကြောင့် ကလ်လီယွန်သည် ဒုက္ခရောက်သလို ဟန်ဆောင်ကာ သူ့ပါးစပ်ကို လက်ဖြင့်အုပ်ပြီး ခဏလောက် ကြိတ်ပြုံးမိခဲ့သည်။ထို့နောက် သူက ရှုတည်တည်မျက်နှာပေးဖြင့် သူ့အတွေးများကို ရို့စ်မယ်ရီအား ထပ်မံပြောပြလိုက်သည်။
"ဒါပေါ့ ပိုစိတ်ဝင်စားစရာကောင်းတဲ့ တစ်စုံတစ်ယောက်ပေါ်လာရင်တော့ ကိစ္စတွေက ပြောင်းလဲသွားနိုင်တယ်။ဒါပေမယ့် အခုတော့ ကိုယ်လည်းမသေချာဘူး"
TK Team (chapter 110)