ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ
အပိုင်း (၁၀၈)
ဟန်းစ်သည် မြို့စားကြီးရိုင်ဇန်၏ပိုင်နက် လမ်းကြားများထဲတွင် နေထိုင်ပြီး ကလေးဘဝကတည်းက ခါးပိုက်နှိုက်သည့်အလုပ်တွင် ပါရမီပါခဲ့သည်။
ထို့ကြောင့် သူက ခါးပိုက်နှိုက်ကောင်းတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့၏။
ခါးပိုက်နှိုက်များကြားတွင် သူ့နာမည်ကို မသိသူဟူ၍ မရှိပေ။
အထက်တန်းလွှာတစ်ဦး၏နာရီကို အလစ်သုတ်လာပြီးနောက် ဟန်းစ်မှာ သာသာယာယာဖြင့် အိမ်ပြန်ရန်အလို့ငှာ နောက်ဖေးလမ်းကြားထဲသို့ ဝင်လာခဲ့သည်။
ဒါပေမဲ့ ဒီနေရာမှာ ဘာလို့များ ကပြီး လမ်းလျှောက်နေတဲ့ မိန်းမတစ်ယောက် ရှိနေရတာလဲ။
ထိုအမျိုးသမီး ဝတ်ထားသော ဝတ်ရုံရှည်၏အောက်ဘက်ရှိ အင်္ကျီလက်အနားစကို ဟန်းစ် သတိထားပြီး ကြည့်လိုက်သည်။အရောင်အသွေးစုံနေသော အင်္ကျီလက်အနားစကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုအမျိုးသမီးက တန်ဖိုးကြီးဝတ်စုံကို ဝတ်ဆင်ထားမှန်း သိလိုက်ရသည်။
ဈေးကြီးတဲ့ဝတ်စုံကို ဝတ်ထားတဲ့မိန်းမက နောက်ဖေးလမ်းကြားထဲကို ဘာလာလုပ်တာလဲ။
ဟန်းစ်က နံရံနောက်တွင် ပုန်းနေရင်း ထိုအမျိုးသမီးကို အကဲခတ်နေခဲ့သည်။
လမ်းလျှောက်ရင်း ကနေသော အမျိုးသမီး၏လက်ထဲတွင် ရတနာထုပ်ဖြစ်ပုံရသော အိတ်တစ်လုံးကို ကိုင်ထားခဲ့သည်။
ထိုအရာကို တွေ့လိုက်ရသည်နှင့် ဟန်းစ် ချက်ချင်းပဲ ခံစားမိလိုက်သည်။
ထိုအိတ်ထဲတွင် ရွှေ သို့မဟုတ် ငွေ၊တစ်ခုခု ရှိလိမ့်မည်။
အမျိုးသမီး ဝတ်ထားသော အဝတ်အစားများနှင့် ရူးကြောင်ကြောင်ကကွက်ကို ပေါင်းစပ်ကြည့်လိုက်ပါက ထိုသို့ အဖြေထွက်လာရ၏။
အဲ့လိုသာဆိုရင် ပွပေါက်တိုးပြီပဲ။
ထိုသို့ တွေးမိသော ဟန်းစ်က အပြေးအလွှား ထွက်လာပြီး သူမ၏အိတ်ကို ဆွဲလုလိုက်သည်။
"ဟား ဟား ဟား !"
မြန်မြန်ဆန်ဆန် ပြေးလွှားနေရင်း သူ့အနာဂတ်က တောက်ပလာပြီဟု တွေးနေမိသည်။
ဟီး ဟီး ! လုပ်နိုင်ခဲ့ပြီ၊လုပ်နိုင်ခဲ့ပြီကွ!
သူ ထိုသို့တွေးရင်း ပြေးလွှားနေခဲ့၏။
"ဟေး ...ဟိုအကောင်!အဲ့မှာ ရပ်မနေဘူးလား!!"
အမျိုးသမီးက သူ့နောက်သို့ လိုက်လာခဲ့သည်။
"ဘ ...ဘာလဲဟ၊သူမက ငါ့နောက်ကို လိုက်လာတာလား။"
ပုံမှန်အားဖြင့် အမျိုးသမီးများသည် ခါးပိုက်နှိုက်ခံလိုက်ရပါက စိတ်ပျက်သွားကြပြီး ခါးပိုက်နှိုက်များ၏နောက်သို့ လိုက်မလာတတ်ကြပေ။သူမတို့၏ပုံရိပ်ကို ထိန်းသိမ်းလို၍ ဖြစ်လေသည်။
သို့သော် ထိုအမျိုးသမီးက မတူပေ။
သူ့နောက်သို့ အသားကုန် ပြေးလိုက်လာခဲ့သည်။
ကျစ် ...သူ မှားသွားပြီ။
ဟန်းစ်က ပို၍ မြန်မြန် ပြေးတော့သည်။
သို့သော် ထိုအမျိုးသမီးကလည်း ပိုမြန်လာခဲ့၏။
"နင် ...ဟိုအကောင် !မရပ်ဘူးလား!"
အပြေးအလွှား လိုက်လာခဲ့သော အိုဖီလီယာမှာ ဟန်းစ်ကို မှီသွားရပြီး အော်ဟစ်၍ ဘေးခြင်းယှဥ်လျက် ဆက်လိုက်လာခဲ့လေသည်။
ဒီမိန်းမက ဘာလဲဟ!အရူးလားမသိဘူး!
"အား ... လက်လျော့လိုက်ပါတော့လို့!"
ဟန်းစ်မှာ အသားကုန်ပြေးနေရလေသည်။
သို့သော် အိုဖီလီယာကလည်း ခါးပိုက်နှိုက်ပင် ဖြုံရလောက်သည်အထိ လျင်မြန်နေခဲ့သည်။သူမက ဖိနပ်နိမ့်နိမ့်ကို စီးထားခဲ့လေရာ ပြေးလွှားရန် သင့်လျော်နေခဲ့၏။
"ဟိုအကောင် ... အထုပ်ကို ငါ့ဆီ ပြန်ပေး!"
အိုဖီလီယာက လျင်မြန်စွာ ပြေးလိုက်ရင် အပေါ်ဝတ်ရုံကို ချွတ်ချလိုက်သည်။
အရောင်တလက်လက်တောက်ပနေသော ငွေဖြူရောင်ဆံနွယ်များက လေထုထဲတွင် လှပစွာ ဝဲလွင့်နေခဲ့၏။
ထို့ကြောင့် သူမကို မှတ်မိသွားကြသူများ တစ်ယောက်စ၊နှစ်ယောက်စ ရှိလာခဲ့သည်။
"ဟမ်"
"မြို့စားကြီးကတော် မဟုတ်လား။"
"မဒမ်လား"
လူများ၏ရေရွတ်သံများက ပို၍ ကျယ်လောင်လာခဲ့သည်။
ဟန်းစ် မျက်လုံးပြူးသွားရတော့သည်။
ဘာ!
မြို့စားကြီးကတော် ဆိုပါလား။
ဟန်းစ်က အသည်းအသန် ပြေးနေရာမှ ထိုအမျိုးသမီးကို လှည့်ကြည့်လိုက်သည်။
တောက်ပသော ငွေဖြူရောင်ဆံပင်နှင့် မြစိမ်းရောင်ဖျော့ဖျော့ မျက်ဝန်းများ။ထို့အပြင် အမူအရာကင်းမဲ့ပြီး အေးစက်စက်နှင့် ကြောက်စရာကောင်းသော မျက်နှာ။
ဒေါသကြီးပြီး ကောက်ကျစ်စဥ်းလဲသော မြို့စားကြီးကတော် ပိုင်ဆိုင်သည့်အရာကိုမှ သူ ခိုးယူခဲ့မိကြောင်း ဟန်းစ် သဘောပေါက်သွားတော့သည်။
ငါတော့ သွားပြီ!
ဘာလုပ်ရမလဲ။
ဘယ်လိုလုပ်ရင် ကောင်းမလဲ။
ဟန်းစ်မှာ သူ့ဦးနှောက်ကို အလုပ်ပေးလိုက်ရသည်။
မြို့စားကြီးကတော်၏လက်မှ မရရအောင် ထွက်ပြေးရန် သူ တစ်ထိုင်တည်း ဆုံးဖြတ်လိုက်၏။
ထိုမှသာ သူ အသက်ရှင်နိုင်လိမ့်မည်။
သို့မဟုတ်ပါက သေသွားနိုင်သည်။
"ငါ့လမ်းကနေ ဖယ်ပေး!"
ပြေးနေရင်းဖြင့် သူ့ရှေ့တည့်တည့်တွင် မတ်တပ်ရပ်နေသော ကလေးတစ်ယောက်ကို ဟန်းစ် တွေ့လိုက်ရသည်။
အင်း ... ဒီကလေးကို အသုံးချလို့ရတယ်!
ဟန်းစ်က ကလေးဆီသို့ ပြေးသွားပြီး ကလေး၏လည်ပင်းကို ဆုပ်ကိုင်ထားလိုက်သည်။
"အူးဝါး ...."
"ရပ်လိုက်!"
ပြီးနောက် အိုဖီလီယာကို လှမ်းအော်လိုက်၏။
အိုဖီလီယာလည်း ပြေးနေရာမှ တုံ့ခနဲ ရပ်လိုက်ရလေသည်။
အခြေအနေက ထိုအထိ ဖြစ်လာခဲ့လေရာ ဟန်းစ်လည်း သူ့အင်္ကျီလက်ထဲမှ ဓါးကို ဆွဲထုတ်လိုက်ပြီး ကလေး၏လည်ပင်းကို ထောက်ထားလိုက်သည်။
"ခင်ဗျား ရှေ့ကို ခြေတစ်လှမ်း ထပ်တိုးရင် ဒီကလေးရဲ့အသက်ပျောက်သွားရမယ်၊နားလည်လား။"
ကလေးကို ဓါးစားခံ လုပ်လိုက်သည်။
ထို့ကြောင့် အိုဖီလီယာလည်း ကြက်သေသေသွားရ၏။
မဟုတ်သေးဘူး ...ဒီအကောင်ကတော့။
အဲ့ဒါ ငှက်စာတွေဟဲ့ ...ငှက်စာ။
သူက ငှက်စာတစ်ထုပ်အတွက် ကလေးကို ဘာလို့များ ဓါးစာခံလုပ်နေရတာလဲ။
အိုဖီလီယာ ခေါင်းခါလိုက်မိသည်။
"ကိစ္စမရှိဘူး။"
အိုဖီလီယာက လက်ပိုက်၍ မျက်နှာကို မော့ထားလိုက်သည်။
"အထုပ်ကို ချပြီး ထွက်သွားလိုက်။ဒါဆို ငါ နင့်ကို သက်ညှာပေးမယ်။"
ဟန်းစ်၏မျက်လုံးများ လှုပ်ခတ်သွားသည်။
တကယ်လား။
သူ့လက်ထဲရှိ အိတ်ကို တစ်ချက်ကြည့်လိုက်မိ၏။
ဒါကို ထားခဲ့ပြီးရင် သွားလို့ရပြီတဲ့။
သို့သော် မြို့စားကြီးကတော်အိုဖီလီယာက သူ့အပေါ် သက်ညှာပေးမည်ဆိုသော စကားမှာ အာမခံချက် ရှိမနေလောက်ပေ။
ထို့အပြင် မြို့စားကြီးကတော်က အိတ်ကို ပြန်လိုချင်နေသည်ဖြစ်ရာ ထိုအိတ်ထဲတွင် ရွှေငွေရတနာများ ရှိနေလောက်သည်။
ထို့ကြောင့် ယခု ကလေးကို ဓါးစာခံလုပ်ပြီး အိတ်ကို ပြန်မပေးဘဲ ထွက်ပြေးလိုက်သည်က ပိုကောင်းသည်။ထိုရတနာများနှင့် သူ ဘဝအသစ် ပြန်စနိုင်လောက်သည်။
"ဘာကို ချထားခဲ့ရမှာလဲ၊မရဘူး ...ခင်ဗျား ရှေ့တိုးမလာခဲ့နဲ့။"
"အူးဝါး ..."
ဟန်းစ် ဖမ်းဆီးထားသော ကလေးက တစ်ချိန်လုံး ငိုယိုနေခဲ့သည်။ဟန်းစ် တစ်ချက်ငေါက်လိုက်ပြီး ဓါးကို ကလေး၏လည်ပင်းနှင့် ပို၍ တိုးကပ်ထားလိုက်၏။
"ခင်ဗျား ကလေးကို မသေစေချင်ရင် ငြိမ်ငြိမ်နေလိုက်စမ်း။"
ဟူး ...
အိုဖီလီယာမှာ ထွက်သက်ကို ဖြည်းဖြည်းချင်း ရှူထုတ်လိုက်ရသည်။
"ဒါပေမဲ့ ဒီအကောင်ကို ငါ မြင်မိသလောက်..."
သူမ ဟန်းစ်ရှိသည့်နေရာသို့ လက်ကို ဆန့်လိုက်သည်။
"နင် ဘယ်သူ့ကို လာပြီး မလျော်မကန်တွေ ပြောနေတာလဲ။"
သူမ၏လက်ချောင်းထိပ်ဖျားများမှ အနက်ရောင်စွမ်းအင်များ ထွက်ကျလာခဲ့သည်။
သူမ မှော်နက်ကို အသုံးပြုလိုက်၏။
ထွက်လာသော စွမ်းအင်များက ဟန်းစ်ဆီသို့ တန်းတန်းမတ်မတ် ရောက်ရှိလာခဲ့သည်။
"ရိုင်းစိုင်းလိုက်တာ!"
"အား!"
ဟန်းစ်မှာ လေထဲသို့ မြောက်တက်သွားရသည်။
ချလွမ်
သူကိုင်ထားသော ဓါးက လမ်းပေါ်သို့ ပြုတ်ကျသွား၏။တစ်ဆက်တည်းမှာပင် ကလေးလည်း ပြုတ်ကျလာခဲ့သည်။အိုဖီလီယာက ပြုတ်ကျလာသောကလေးကို ဖမ်းယူရန် ပြေးသွားလိုက်သည်။
"ဟူး ..."
ကလေး၏လည်ပင်းကို အိုဖီလီယာ စစ်ဆေးကြည့်လိုက်သည်။
ကံကောင်းထောက်မစွာဖြင့် အနာတရဖြစ်မနေခဲ့ပေ။
"နင် အဆင်ပြေရဲ့လား။"
"ကွတ် .... ကွတ် ... အာ့။"
ကလေးက ကြောက်လန့်တကြားဖြင့် ကြို့ထိုးနေရင်း မျက်ရည်များ စီးကျလာကာ အိုဖီလီယာကို ကြည့်နေခဲ့သည်။
အင်း ...အရမ်းထိတ်လန့်သွားတော့ စကားပြောရတာ ခက်ခဲနေမှာပဲလေ။
အိုဖီလီယာက အင်္ကျီလက်အနားစဖြင့် ကလေး၏မျက်ရည်များကို သုတ်ပစ်ပြီး ပွေ့ဖက်ထားပေးလိုက်သည်။
"အဆင်ပြေတယ် ...အဆင်ပြေပါတယ်၊အခု အကုန်ပြီးသွားပြီနော်။"
သူမက တည်ငြိမ်စွာဖြင့် ကလေး၏ကျောကို ပုတ်ပေးလိုက်သည်။
ဘုရားရေ
ဘာတွေဖြစ်နေတာလဲ။
အိုဖီလီယာနှင့်ဟန်းစ်၏ ထိပ်တိုက်တွေ့ဆုံမှုကို စောင့်ကြည့်နေကြသော လူတိုင်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။
သူတို့ မယုံနိုင်ဖြစ်နေကြ၍ပင်။
ဒီတော့ အခု မြို့စားကြီးကတော်က ခါးပိုက်နှိုက်ကိုဖမ်းဖို့ ပြေးလိုက်လာတယ်။ခါးပိုက်နှိုက်က ကလေးကို ဓါးစာခံလုပ်လိုက်တော့ သူမက သူ့ကို ရိုက်နှက်ဆုံးမပြီး ကလေးကို ကယ်တင်ပေးလိုက်တာ မဟုတ်လား။
ပြီးတော့ သူမက ကလေးကို ဒီလိုမျိုး နှစ်သိမ့်ပေးနေခဲ့သေးတယ်လား။
'အဲ့ဒီမြို့စားကြီးကတော်' ကလေ။
မကြာသေးမီက ပျံ့နှံ့လာသော ကောလဟာလများအတိုင်း မြို့စားကြီးကတော် အိုဖီလီယာက ပြောင်းလဲသွားပြီး စိတ်ကောင်းနှလုံးကောင်းရှိလာသည် ဆိုသည့်စကားက မှန်ကန်နေနိုင်သည်ဟု လူတိုင်း တွေးမိနေကြသည်။
မဖြစ်နိုင်စရာပဲ။
လူတိုင်းက ပါးစပ်အဟောင်းသားဖြင့် အိုဖီလီယာကို ကြည့်နေကြလေသည်။
အိုဖီလီယာက အမှန်ပင် တည်ငြိမ်နေခဲ့သည်။
အိုဖီလီယာက ငိုနေသောကလေးကို ဖက်ထားရင်း လေထဲတွင် တွဲလောင်းဖြစ်နေသော ဟန်းစ်ကို ပြန်ကြည့်လိုက်သည်။
"အာ့ ... အားး!"
သူ ကောင်းကောင်းမွန်မွန် အသက်ရှု၍မရသဖြင့် လေထဲတွင် ရုန်းကန်နေခဲ့သည်။
ဘာ ဆက်လုပ်ရမလဲ။
ခဏကြာအောင် စိတ်သောကရောက်သွားရသော အိုဖီလီယာက လက်ကို ဆန့်ထုတ်လိုက်သည်။ပြီးနောက် ...
"အားးးး!"
သူမက ဟန်းစ်ကို ပြုတ်ကျလာစေခဲ့သည်။
ပြုတ်ကျလာသော ဟန်းစ်၏ဘေးနားသို့ အိုဖီလီယာ တိုးကပ်သွားခဲ့သည်။
"ဟေ့"
သူမက သူ့ကို ခြေထောက်ဖြင့် တို့လိုက်သည်။
"အဲ့ဒါ ဘာလဲဆိုတာ နင်သိလား။"
"အား!"
"မြန်မြန်ဖြေစမ်း!"
အိုဖီလီယာက ဟန်းစ်၏ပခုံးကို ခြေထောက်ဖြင့် တက်နင်းထားပြီး ပြောလိုက်သည်။ဟန်းစ်မှာ အသံထပ်မထွက်လာတော့သည်အထိ အော်နေရ၏။
"အဲ့ ...အဲ့ဒါက ရတနာတွေပါ!"
"ဟား..."
အိုဖီလီယာ နှာမှုတ်လိုက်သည်။
ထို့နောက် သူမက ချည်ထားသောအိတ်ကို ဖြည်၍ အထဲသို့ လက်ထည့်လိုက်ပြီး လက်တစ်ဆုပ်စာခန့် နှိုက်လိုက်ကာ ဟန်းစ်၏မျက်စိရှေ့တွင် ကြဲချပေးလိုက်သည်။
"ငှက်စာတွေပါ။"
ပြုတ်ကျလာသော ငှက်စာများကို ကြည့်၍ ဟန်းစ်၏မျက်နှာထက်တွင် စိတ်ရှုပ်ထွေးနေသောအမူအရာများ ထင်ဟပ်လာခဲ့သည်။
"ကျစ် ...ကျစ် ...သနားစရာပဲ။"
စုတ်သပ်လိုက်ပြီးနောက် အိုဖီလီယာက ပွက်လောရိုက်နေသော လူအုပ်ကြီးရှိရာသို့ ခေါင်းလှည့်လိုက်၏။
"ဘာတွေ လုပ်နေကြတာလဲ၊အစောင့်စစ်သည်တွေကို မခေါ်ကြဘဲနဲ့။"
"အာ ...ဟုတ်ကဲ့ပါ!"
ထိုအခါမှသာ လူများက အသိပြန်ဝင်လာပြီး စတင်လှုပ်ရှားကြတော့သည်။
အိုဖီလီယာက ထိုသူများကို ကြည့်၍ ပါးစပ်ကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြန်သည်။
"ပြီးတော့ ဒီနေ့ ဖြစ်ပျက်ခဲ့သမျှကို ..."
ယနေ့မှာ အရင်တစ်ခါကဲ့သို့ နေအိမ်အကျယ်ချုပ် ကျနေခဲ့သည့်အချိန် မဟုတ်ခဲ့ပေ။
အဓိပ္ပါယ်မှာ သူမအနေဖြင့် လူမသိအောင် ပုန်းလျှိုးကွယ်လျှိုး လုပ်နေရန်မလိုဟု ဆိုလိုသည်။
ထိုကြောင့် ...
"ဒါတွေကို လျှို့ဝှက်မထားကြနဲ့။"
အိုဖီလီယာက ပြုံး၍ ပြောလိုက်သည်။
"လူတိုင်း သိအောင် သတင်းဖြန့်လိုက်ကြ။"
ထိုလုပ်ရပ်ကြောင့် မည်သည့် အကျိုးသက်ရောက်မှုမျိုး ဖြစ်လာမည်ကို မသိခဲ့ပေ။
*
ညက မှောင်မိုက်လာချေပြီ။
ပင်ပန်းလိုက်တာ။
နောက်ဆုံးတွင် အိမ်တော်သို့ ပြန်ရောက်လာခဲ့ပါသော အိုဖီလီယာမှာ ပင်ပန်းနွမ်းနယ်စွာဖြင့် တံခါးကို တွန်းဖွင့်လိုက်ရသည်။
ထိုသို့ လုပ်လိုက်သည်နှင့် ရင်းနှီးနေသောမြင်ကွင်းက ထွက်ပေါ်လာခဲ့သည်။
အစေခံအားလုံးက တန်းစီ၍ မတ်တပ်ရပ်နေကြပြီး သူတို့၏အလယ်တွင် ဆိုဗက်စ်စတာလည်း ရှိနေခဲ့သည်။
ဘာလဲဟ၊သူ ဘာဖြစ်နေတာလဲ။
အိုဖီလီယာ မဝံ့မရဲဖြစ်သွားရပြီး နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။
ကျွန်မ ထိုသို့ ပြုမူလိုက်သည်နှင့် တစ်ပြိုင်နက် ဆိုဗက်စ်စတာက လက်မြှောက်လာခဲ့သည်။
"သူခိုးဖမ်းပြီး အိမ်တော်ကို ပြန်ရောက်လာတဲ့ အိုဖီလီယာအတွက် လက်ခုပ်ဩဘာသံလေး ချီးမြှင့်ပေးလိုက်ကြရအောင်!"
ဖြောင်း ဖြောင်း ဖြောင်း
ထိုအခါတွင် အစေခံအားလုံးက တညီတညွတ်တည်း လက်ခုပ်ဩဘာတီးပေးလာကြသည်။
ထိုကိစ္စမှာ အမှန်တကယ် ချီးကျူးဂုဏ်ပြသင့်သည့်အရာပင်။
အိုဖီလီယာ အနည်းငယ် ရှက်သွေးဖြာသွားခဲ့ရသည်။
သို့သော် ဆိုဗက်စ်စတာ ထပ်ပြောလိုက်သော စကားကြောင့် သူမ တောင့်ခဲသွားရ၏။
"ပြီးတော့ ဒုတိယမင်းသားကို လိမ်ထားတာ ပေါ်သွားတဲ့ အိုဖီလီယာအတွက် ဂုဏ်ပြုတဲ့အနေနဲ့ လက်ခုပ်သံလေး နောက်တစ်ကြိမ်လောက် ချီးမြှင့်လိုက်ရအောင်ပါ။"
ဘာ!
TK Team
++++++++