ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ
အပိုင်း (၁၀၉)
လာဂိုက ငါ့ကို ရှာနေတာလား။
ဘာကြောင့်များလဲ။
စိုးရိမ်ပူပန်စိတ်များ တစ်ဟုန်ထိုး တက်လာခဲ့သည်။
ထိုအချိန်တွင် ဆိုဗက်စ်စတာက အနားတိုးလာခဲ့၏။
"မင်း ပိုပြီးသန်မာနေတာကို သူ သိသွားပြီလို့ ကိုယ် ခန့်မှန်းမိတယ်။"
"ဒါပေမဲ့ ကျွန်မက သူခိုးတစ်ယောက်ကို ဖမ်းပေးခဲ့ရုံပဲလေ။"
ကျွန်မ မှော်နက်ကို များများစားစားပင် မသုံးခဲ့ပါ။
စွမ်းအင်အနည်းအကျဥ်းလေးမျှသာ ထုတ်သုံးခဲ့ပါသည်။
ထို့ကြောင့် စိုးရိမ်နေစရာမလိုဟု ထင်ခဲ့သည်။မူလအိုဖီလီယာလည်း ထိုမျှလောက် စွမ်းအင်ထုတ်သုံးတတ်လေသည်။
သို့သော်
"မင်းအနေနဲ့ တစ်စုံတစ်ယောက်ကို ကယ်ခဲ့တယ်ဆိုတဲ့အချက်က ဒုတိယမင်းသား ထင်မြင်ထားတာနဲ့တော့ အများကြီး ကွာဟနေမှာပဲလေ။"
သေစမ်း
ကျွန်မ ထိုသို့ မတွေးမိခဲ့ပါ။မူလအိုဖီလီယာသည် တစ်ပါးသူများကို မကူညီတတ်။ကူညီရမည့်အစား လူများကို ရိုက်နှက်တတ်သေးသည်။
ကျွန်မ ကူးပြောင်းလာကတည်းက အရာအားလုံး ပြောင်းလဲသွားရပြီးဖြစ်သည်။
ထိုပြောင်းလဲမှုက ဟိုးလေးတစ်ကျော်ကျော် ဖြစ်နေခဲ့ပြီး လူတိုင်းအတွက် ရင်းနှီးပြီးသားဖြစ်နေသည့်တိုင် ယခုတစ်လောမှသာ စစ်မြေပြင်မှ ပြန်ရောက်လာခဲ့သော ဒုတိယမင်းသားအတွက်မူ ထိုသို့ မဖြစ်နေလောက်ပေ။
ထို့ကြောင့် သူက ကျွန်မအပေါ် မသင်္ကာစရာအတွေးများ တွေးနေခြင်း ဖြစ်ပေမည်။
"ကျစ်!"
ကျွန်မ ခြေဆောင့်၍ မျက်မှောင်ကြုတ်လိုက်မိသည်။
"အရင်ဆုံး မင်းရဲ့ခန္ဓာကိုယ်က ထိခိုက်သွားတယ်ဆိုပြီး ပြောလိုက်ရအောင်။"
"ဘယ်လို"
"မင်းက မထင်မှတ်ပဲ သူခိုးဖမ်းတဲ့ကိစ္စမှာ ဝင်ပါမိသွားပြီး ဒဏ်ရာရလာတယ်လို့ ပြောလိုက်တယ်။ပြီးတော့ အဲ့ဒါကို မနက်ဖြန်ထုတ် သတင်းစာမှာ ထည့်ရေးခိုင်းလိုက်ပြီ။"
ဆိုဗက်စ်စတာက ပြောနေရင်း နက်ခ်တိုင်ကို အနည်းငယ် ဖြည်လျှော့လိုက်သည်။
"ဒါက ဒုတိယမင်းသား သံသယဖြစ်နေတာကို လျော့သွားအောင် လုပ်ပေးနိုင်မှာပါ။"
သူ ပြောသည့်အတိုင်း ကျွန်မက မမျှော်လင့်ဘဲ ထိုအဖြစ်အပျက်ထဲတွင် ဝင်ပါမိသွားပြီး ထိခိုက်ဒဏ်ရာရလာသည်ဟု သတင်းလွှင့်လိုက်ပါက ကျွန်မက ထူးထူးခြားခြား သန်မာနေသည်ဟု လာဂိုကိုယ်တိုင်တောင်မှ ထင်မြင်တော့မည် မဟုတ်ပေ။
ကျွန်မ အိမ်တော်ပြန်မရောက်ခင် အချိန်စပ်ကြားတွင် သူက ထိုသို့အရာအားလုံးကို နေသားတကျစီစဥ်ထားပြီး ဖြစ်နေလေရာ မယုံနိုင်လောက်စရာပင်။
"ရှင် ..."
ကျွန်မ အနည်းငယ်ခန့် ရင်ထဲထိသွားရပြီး ပြောလိုက်မိသည်။
"ရှင်က ကျွန်မအတွက် တကယ်ကို စဥ်းစားပေးနေတာပဲ မဟုတ်လား။"
ဆိုဗက်စ်စတာက လှောင်ပြုံးလေး ပြုံးလိုက်၏။
"ကိုယ်က မင်းအတွက်ကို စဥ်းစားမပေးရင် ဘယ်သူကများ စဥ်းစားပေးမှာလဲ။ကိုယ်က လွဲပြီး မင်းအတွက် ထည့်စဥ်းစားပေးမဲ့လူမှ မရှိတာကို။"
"မဟုတ်သေးပါဘူး ...တစ်ဆိတ်လောက်ပါ။"
ဒီ ပါးစပ်ဆိုးတဲ့သူကတော့ ...
"ရှင် ဘာလို့ ဒီလောက်အထိ ရိုင်းရိုင်းစိုင်းစိုင်း ပြောနေရတာလဲ။"
"အိုး ... ကိုယ့်ကို ရိုင်းစိုင်းတယ်ဆိုပြီး တည့်(ဒဲ့)မပြောချလိုက်ပါနဲ့ကွာ။"
"ဘာဖြစ်လို့လဲ။"
"ကိုယ် နာကျင်ခံစားသွားရမှာပေါ့။"
"..."
မည်သူပင် ကြည့်ပါစေဦး သူက နာကျင်ခံစားနေရပုံ မပေါ်ပါပေ။
ကျွန်မ မှင်တက်သွားရသဖြင့် စကားဆက်မပြောနိုင်ဘဲ ရယ်ချမိလိုက်သည်။
"ဘာပဲဖြစ်ဖြစ်ပါ ... ဒီလိုလုပ်ပေးတဲ့အတွက် ရှင့်ကို ကျေးဇူးတင်ပါတယ်။"
"ဒါပေမဲ့ ယာယီလောက်ပဲ ထိန်းထားပေးနိုင်မှာနော်။"
ဆိုဗက်စ်စတာ အနည်းငယ်ခန့် မျက်မှောင်ကြုတ်လိုက်သည်။
"ဒုတိယမင်းသားက မင်းကို စောင့်ကြည့်နေတုန်းပဲ။"
သူက အန္တရာယ်ကို သတိပေးချင်ပုံရသည်။
ဒုတိယမင်းသားက ဤမျှနှင့် ကျွန်မကို အလွတ်ပေးလိမ့်မည် မဟုတ်ဟူသော သတိပေးချက်။
သို့သော် ကျွန်မ မကြောက်ပါ။
"ဒါကြောင့်ပဲ ကျွန်မ ရှင့်ကို ပြောနေတာပေါ့။"
ကျွန်မ ပြုံးပြလိုက်ပြီး ကိုင်ထားသော ငှက်စာထုပ်ကို မြှောက်ပြလိုက်သည်။
"ကျွန်မ ဧကရာဇ်အရှင်ထံကို အခစားဝင်မှာ။"
ချက်ချင်းပင် စာတစ်စောင် ရေးရန် အိုင်ရင်းကို ခေါ်လိုက်၏။နောက်တစ်နေ့တွင် ဧကရာဇ်အရှင်ထံကို အခစားဝင်ရန် ခွင့်ပြုချက် ရလာခဲ့လေသည်။
*
[အိုဖီလီယာ ရိုင်ဇန်၊ ယခု ဓါးစားခံကို ကယ်တင်ရန် အချိန်ကျလေပြီ!]
"သတင်းခေါင်းစဥ်က ဘယ်လိုကြီးလဲဟ။"
ရထားလုံး စီးနေရင်း သတင်းစာကို ဖတ်မိလိုက်လျှင် ကျွန်မ ကြက်သေသေသွားရသည်။
"ဒါကိုမြင်ရင် ငါကပဲ တခြားသူကို ဓါးစာခံလုပ်ထားတယ်လို့ လူတိုင်း ထင်သွားကြမှာ။"
သတင်းရေးတဲ့လူက ရူးနေတာများလား။
ကျွန်မလည်း သတင်းအကြောင်းအရာကို ဆက်၍ ဖတ်လိုက်မိသည်။
[မနေ့က ရိုင်ဇန်မြို့စားကြီးပိုင်နက်နယ်မြေတွင် ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့၏။ခါးပိုက်နှိုက်တစ်ဦးက ကလေးငယ်ကို ဖမ်းခေါ်သွားပြီး ဓါးစာခံလုပ်ခဲ့သည်။ကံကောင်းထောက်မစွာဖြင့် အနီးအနားတွင် ရှိနေသော ရိုင်ဇန်မြို့စားကြီးကတော်က မှော်နက်ကို အသုံးပြု၍ ခါးပိုက်နှိုက်ကို ဖမ်းဆီးပေးခဲ့လေသည်။]
အိုး ... တော်သေးတာပေါ့၊သတင်းအကြောင်းအရာက သာမန်ပါပဲ။
[သို့သော် မြို့စားကြီးကတော်အိုဖီလီယာရိုင်ဇန်မှာ ထိခိုက်သွားရ၏။အသက်အန္တရာယ် မရှိခဲ့သော်ငြား ဒဏ်ရာမှာ စိုးရိမ်ပူပန်ဖွယ်ဖြစ်နေသဖြင့် မြို့စားကြီးမှာ အလွန်ဒေါသထွက်နေရသည်ဟု ဆိုပေ၏။]
၎င်းမှာ ကျွန်မ ထိခိုက်မိသွားရသည်ဆိုသော အကြောင်းပင်။
အကယ်၍ လာဂိုသာ ထိုသတင်းကို ဖတ်မိပါက ကျွန်မအပေါ် သံသယဖြစ်မှုများ အနည်းအကျဥ်း လျော့သွားနိုင်လေသည်။
သို့သော် ကျွန်မ စိတ်အေးလက်အေး မနေနိုင်သေးပါပေ။
လာဂို ပြောထားခဲ့သည့် စကားကြောင့်ပင်။
ဒါဆို မင်း ဘာဖြစ်လို့ အသက်ရှင်နေရသေးတာလဲ။
ကျရှုံးသွားရင် သေရမှာပဲ၊အသက်ဆက်ရှင်နေမှာ မဟုတ်ဘူး။ဒါပေမဲ့ ဘာဖြစ်ခဲ့တာလဲ။
ထူးဆန်းတယ်၊တကယ်ကို ထူးဆန်းနေတယ်။
မကြာသေးခင်က မင်း ပြောင်းလဲသွားခဲ့သေးတယ်။မဟုတ်မှလွဲရော မင်း ...
'မဟုတ်မှလွဲရော ... 'ဟူသော စကားလုံး၏နောက်တွင် ထွက်ပေါ်လာနိုင်သည့် စကားများကို ကျွန်မ နက်နက်နဲနဲ မတွေးမိခဲ့ပေ။
"ကျစ်"
ကျွန်မ ကူးပြောင်းလာခဲ့ခြင်းကို သူ ရှာမတွေ့နိုင်လောက်ဟု မျှော်လင့်ထားမိသည်။
ထိုကိစ္စကို သိသွား၍ မဖြစ်ပေ။သိသွားခဲ့ပါက အမှန်ပင် ရှုပ်ထွေးပွေလီလာရလိမ့်မည်။
လက်ဆုပ်လက်ကိုင်ပြစရာ သက်သေမရှိသဖြင့် အမှန်တရား ပေါ်ပေါက်လာမည်ကို စိုးရိမ်နေရန် မလိုပါ။သို့သော် သံသယမဖြစ်လာအောင် ရှောင်ရှားရပေလိမ့်မည်။
လာဂိုကို အာရုံထွေပြားအောင် လုပ်ပေးဖို့ ဧကရာဇ်ကို အသုံးချရလိမ့်မယ်။
ထို့သို့ တွေးရင်း အပေါ်ထပ်ဝတ်ရုံကို လှန်ချွတ်လိုက်သည်။
ဧကရာဇ်စံမြန်းရာ ပင်မနန်းဆောင်ကြီးသို့ ရောက်ရှိလာခဲ့လေပြီ။
*
"တိတ်တိတ်ဆိတ်ဆိတ်နေပေးပါ ခင်ဗျာ။"
ပင်မနန်းဆောင်ကြီးသို့ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် အစေခံက ပြောလေသည်။
ကျွန်မလည်း တည်ငြိမ်စွာ ခေါင်းငြိမ့်ပြလိုက်ပြီး ပါးစပ်ပေါ်သို့ လက်ညှိုးတစ်ချောင်း တင်လိုက်သည်။
ရှူး တိုးတိုး
ပင်မနန်းဆောင်ကြီးထဲတွင် အမှန်ပင် တိတ်ဆိတ်နေခဲ့၏။
ထိုမျှ တိတ်ဆိတ်နေရခြင်းမှာ မှော်ပညာဖြစ်နေနိုင်မလားဟု ကျွန်မ သိချင်နေခဲ့၏။
အဘယ့်ကြောင့်ဆိုသော် ပင်မနန်းဆောင်ကြီးထဲ၌ လေတိုက်သံမျှပင် မကြားရသည်အထိ တိတ်ဆိတ်နေခဲ့သောကြောင့် ဖြစ်လေသည်။
ဖိနပ်သံများက တိတ်ဆိတ်မှုကို ဖြိုခွဲသွားကြ၏။
ဧကရာဇ်၏အခန်းနှင့် နီးကပ်လာလျှင် ငှက်များ ပျံသန်းနေကြသည့် တောင်ပံခတ်သံများကို ကြားလိုက်ရသည်။ကျွန်မလည်း ခုန်ပေါက်နေသော နှလုံးသားကို ဂရုတစိုက်ဖြင့် တည်ငြိမ်နေအောင် လုပ်ပြီး လက်ထဲတွင် ကိုင်ထားသော သေတ္တာကို ပို၍တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်မိသည်။
ဒေါက် ဒေါက် ဒေါက်
အစေခံက ဧကရာဇ်၏အခန်းတံခါးကို ခေါက်လိုက်သည်။
"အရှင် ... မြို့စားကြီးကတော် အိုဖီလီယာရိုင်ဇန် ရောက်ရှိနေပါပြီ ခင်ဗျာ။"
သိပ်မကြာလိုက်ပဲ ဝင်လာရန် အမိန့်ပေးသည့်စကားများ ထွက်လာခဲ့သည်။
အစေခံက တံခါးကို ကျွမ်းကျွမ်းကျင်ကျင်ဖြင့် ဖွင့်ပေးလိုက်သည်။
ကျွန်မလည်း အနည်းငယ် ရင်းနှီးနေပါသော အခန်းထဲသို့ ဖြည်းဖြည်းချင်း ဝင်လာခဲ့၏။
ဖလပ် ဖလပ်
လှောင်အိမ်ထဲရှိ ငှက်များ ပျံသန်းနေကြသည်။
လွင့်ပျံနေသော ငှက်မွေးများကြားတွင် ဧကရာဇ်ရှိနေသည်ကို မြင်ရလျှင် ကျွန်မ သိမ်မွေ့စွာ ဦးညွှတ်ဂါရဝပြုလိုက်ရ၏။
"မတွေ့ရတာ အရမ်းပဲ ကြာခဲ့ပါပြီ ဧကရာဇ်အရှင် ...ကျန်းခန့်သာလို့ မာပါရဲ့လားရှင့်။"
သို့သော် ဧကရာဇ်၏စကားများက ထွက်ပေါ်လာခြင်း မရှိပေ။
အဓိပ္ပါယ်မှာ ဂါရဝပြုနေရာမှ ထပါရန် မိန့်ကြားခြင်းမရှိဟူ၍။
အာ ...ဂါရဝပြုတာက Squat ထိုင်နေရသလိုမျိုးပါလား။
ကျွန်မ၏ခြေထောက်များ တုန်ယင်လာခဲ့သည်။
ကျွန်မ တံတွေးမြိုချလိုက်ပြီး ဧကရာဇ်၏အမိန့်ကို စောင့်နေခဲ့သည်။
ဘယ်လောက်ကြာမလဲ မသိဘူး။
ကျွန်မ အနည်းငယ် ချွေးပြန်လာချိန်တွင် ဧကရာဇ်က ပြုံး၍ ပြောသည်။
"ခေါင်းမော့ပါ"
ကျွန်မ ဂါရဝပြုနေရာမှ ထလိုက်ရသည်။
"ကျွန်မ လဲကျတော့မတတ်ပါပဲ အရှင်။"
ကျွန်မ အပြုံးလေးဖြင့် ပြောလိုက်လျှင် ဧကရာဇ်၏နှုတ်ခမ်းများက ပို၍ပင် သိသိသာသာ တွန့်ကွေးသွားရသည်။
"မင်းက အတော်ဆုံးပဲ။"
"ရှင်!"
"မင်းက အကြာကြီး ဂါရဝပြုနိုင်တယ်လို့ ပြောနေတာ၊လေဒီအများစုဆို တစ်မိနစ်တောင် မခံနိုင်ကြဘူး။"
ငါက သန်မာတယ်လို့ သူ ပြောချင်နေတာပဲ။
ကျွန်မ တောက်တောက်ပပလေး ပြုံးလိုက်မိ၏။
"ကျွန်မ ပုံမှန်လေ့ကျင့်ထားတာကိုသာ ကျေးဇူးတင်ရမှာပါ။ဒီနေ့လဲ ခွန်အားတွေ အပြည့်ဖြည့်ထားခဲ့ပါတယ်။ချီးမွမ်းပေးလို့ ကျေးဇူးတင်ပါတယ် အရှင်။"
"မင်း မြို့စားကြီးဆီကနေ ဘယ်လိုစကားပြောရမလဲဆိုတာကို သင်ထားခဲ့တာလား။"
"မဟုတ်ရပါဘူး ...ကျွန်မရဲ့ခင်ပွန်းကသာ ကျွန်မဆီကနေ သင်ယူခဲ့တာပါရှင့်။"
"ဟား ..."
ဧကရာဇ်က အသက်ပြင်းပြင်း ရှူထုတ်လိုက်သည်။သို့သော် စိတ်ပျက်သွားပုံ မရပါ။
ကျွန်မ ဧကရာဇ်အနားသို့ တိုးကပ်သွားလိုက်သည်။သူ မျက်တောင်ခတ်လိုက်သည်နှင့် ကျွန်မလည်း မျက်နှာချင်းဆိုင်ရှိ ဆိုဖာတွင် ဝင်ထိုင်လိုက်သည်။
"အင်း"
ဧကရာဇ်က လက်နှစ်ဖက်ကို ထပ်၍ လက်ချောင်းများအချင်းချင်း သွယ်ယှက်လိုက်ပြီး ပြောလာသည်။
"မင်း ငါ့ဆီကို ရုတ်တရက် အခစားဝင်လာတာ အကြောင်းအရင်းတော့ ရှိမှာပဲ။"
"အကြောင်းအရင်း မရှိခဲ့ရင်ရော အရှင်။"
"ငါ့ကလေးတွေအတွက် မြေဩဇာ ဖြစ်လာရမှာပေါ့။"
(ကလေးများမှာ ငှက်များကို ဆိုလိုပါသည်။)
ကျွန်မကို သတ်ပစ်နိုင်ကြောင်း သူက လှလှပပလေး ပြောလာခဲ့သည်။
ကျွန်မလည်း ကြိုးစားပမ်းစား ပြုံးထားလိုက်ပြီး သေတ္တာကို စားပွဲပေါ်သို့ တင်လိုက်သည်။
"ကျွန်မ လက်ဆောင်သေးသေးလေး ယူလာခဲ့ပါတယ် အရှင်။"
"လက်ဆောင်လား"
ဧကရာဇ်၏မျက်ခုံးတစ်ဖက် မြင့်တက်သွားရသည်။
"ဟုတ်ကဲ့ ...ကလေးတွေအတွက် လက်ဆောင်ပါ။"
ဧကရာဇ်ထံသို့ သေတ္တာကို တန်းတန်းမတ်မတ် တွန်းပို့ပေးလိုက်သည်။
ဧကရာဇ်က သေတ္တာကို ဖွင့်ရန် ဖြည်းဖြည်းချင်း လက်လှမ်းလာခဲ့သည်။သူ သေတ္တာကို ဖွင့်နေစဥ် ကျွန်မ အလျင်အမြန် ပြောလိုက်သည်။
"ကျွန်မ နွယ်စားဘီလူးရဲ့အသားကို ကြိတ်ပြီး အစာနဲ့ သေသေချာချာ ရောလာခဲ့တာပါ။ကလေးတွေ ဒါကို ကြိုက်ကြမယ်လို့ ထင်ပါတယ် အရှင်။"
ဧကရာဇ်၏နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့သည်။သူက ခပ်တိုးတိုး ရယ်လိုက်ပြီး သေတ္တာကို ပိတ်လိုက်သည်။
"အတော်ကြာမှ လက်ဆောင်ကောင်းလေးတစ်ခု ရလာတာပဲ။ကလေးတွေအတွက် ကောင်းမှာပါ။"
"ဒီလိုဆိုရင်တော့ ကျွန်မ ကျေးဇူးတင်နေမိမှာပါရှင်။"
ချွေးအေးများဖြင့် စေးကပ်နေသော လက်နှစ်ဖက်ကို အချင်းချင်းဆုပ်ကိုင်ထားရင်း ကျွန်မ တုံ့ပြန်လိုက်သည်။
ထိုအခိုက်အတန့်တွင် ဧကရာဇ်၏မျက်လုံးများက စူးရှလာခဲ့သည်။
"ကောင်းပြီ"
သူက အနည်းငယ် ငုံ့ကိုင်းလာပြီး ကျွန်မကို ပြောခဲ့သည်။
"မင်းမှာ ပြောစရာတစ်ခုခု ရှိနေသေးတယ်ဆိုတာ သေချာတယ်။"
ဂလု
ကျွန်မ ထပ်ပြီး တံတွေးမြိုချလိုက်မိသည်။
ဧကရာဇ်ထံသို့ အခစားဝင်လာရသည့် အကြောင်းရင်း အစစ်အမှန်မှာ ...
"အရှင့်ကို ဒုတိယမင်းသားအကြောင်း လျှောက်ထားစရာလေး ရှိနေလို့ပါ။"
လာဂိုအကြောင်း
မနေ့က ကြေးစားစစ်သည်အစည်းအရုံးထံမှ ရရှိလာသော လာဂိုနှင့်ပတ်သက်သမျှ သတင်းအချက်အလက်များကို လေ့လာခဲ့သည်။
ကြေးစားစစ်သည်အစည်းအရုံးထက် လာဂိုအကြောင်းကို ပိုသိနိုင်မည့်နေရာဟူ၍ မရှိပေ။
လာဂိုသည် စစ်မြေပြင်တွင် အချိန်အတော်ကြာသည်အထိ ရှိနေခဲ့ပြီး ဘီလူးများနှင့် တိုက်ပွဲဖြစ်နေစဥ်အတောအတွင်း ကြေးစားစစ်သည်များနှင့် မရေမတွက်နိုင်အောင် ဆုံတွေ့ခဲ့ရပေလိမ့်မည်။
ထို့ကြောင့် ယူလာခဲ့သော အချက်အလက်များကြားမှ အမှန်တကယ် အံ့အားသင့်စရာကောင်းသော တစ်စုံတစ်ခုကို ကျွန်မ ရှာတွေ့နိုင်ခဲ့သည်။
ထိုအကြောင်းကို ကျွန်မ လျှောက်တင်ရလိမ့်မည်။
"ဒုတိယအရှင့်သားက စစ်မြေပြင်မှာ အချိန်အကြာကြီး ရှိနေခဲ့တယ်လို့ ကျွန်မ သိရပါတယ်ရှင်။"
"အမှန်ပဲ"
ဧကရာဇ်က မေးစေ့ကို ပွတ်၍ ပြန်ဖြေသည်။
"သူက အများကြီး စွမ်းဆောင်ပေးနိုင်ခဲ့တယ်။"
သူပြောသကဲ့သို့ပင် လာဂိုက ရွပ်ရွပ်ချွံချွံ စွမ်းဆောင်နိုင်ခဲ့ပေသည်။
လာဂိုက မြောက်ပိုင်းတွင် ရှိသမျှ ဘီလူးအားလုံးကို သုတ်သင်ရှင်းလင်းပစ်ခဲ့သည်။
သူက ဧကရာဇ်၏ချီးမြှောက်မှုနှင့် ထိုက်တန်ပေသည်။
"အမှန်ပါပဲ၊အံ့ဩစရာကောင်းတဲ့ ပုဂ္ဂိုလ်ပါ။"
ကျွန်မလည်း ထိုသို့ တုံ့ပြန်လိုက်သည်။
ဧကရာဇ်၏ခံစားချက်နှင့် ကိုက်ညီစေရန်အတွက်။
ကျွန်မ တစ်ချက် ခိုးကြည့်လိုက်ချိန်တွင် ဧကရာဇ်က ကျွန်မကို စကားဆက်ပြောရန် အကြည့်တစ်ချက် ပေးလာခဲ့၏။
"ဒါပေမဲ့ ..."
ကျွန်မ တံတွေးမျိုချလိုက်မိပြီး ပါးစပ်ကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။
"အဲ့ဒီအတောအတွင်းမှာ ဒုတိယအရှင့်သားက အမျိုးသမီးစစ်သည်တွေကို အဓမ္မကျင့်ဖို့ ကြိုးစားခဲ့တာကိုရော အရှင် သိထားခဲ့ပါသလား။"
ဂျွတ်
ဧကရာဇ် ကိုင်ထားခဲ့သော ကျိုင်းတံမှာ နှစ်ပိုင်း ကျိုးသွားလေသည်။
တစ်ခါမှ မမြင်တွေ့ဖူးသော ရက်စက်ကြမ်းကြုတ်ပြီး ကြောက်ရွံဖွယ်ကောင်းသည့် မျက်နှာထားဖြင့် ဧကရာဇ်က ကျွန်မကို ကြည့်လာခဲ့သည်။
ထို့ကြောင့် ကျွန်မ ခံစားမိလိုက်သည်။
အခု လာဂိုတော့ သွားပြီပဲ။
TK Team
++++++++