ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ
အပိုင်း (၁၀၇)
"ရှင် ဒီစကားတွေကို ဘယ်နေရာကနေ သင်လာတာလဲ။"
"အဲ့လို ခံစားရတယ်လို့ ကြားရတော့ ဝမ်းသာပါတယ်။ဒါတွေအကုန်လုံး ကိုယ့်ခေါင်းထဲက လာတာပဲ။မင်း ဘယ်လိုထင်လဲ...ကောင်းတယ် မဟုတ်လား။"
ကောင်းတယ် ပြောသင့်လား၊မကောင်းဘူးလို့ ပြောသင့်လား။
မကောင်းဘူးဟု ပြောလိုက်လျှင် သူ စိတ်ညစ်သွားလောက်သဖြင့် 'ကောင်းတယ်'ဆိုပြီး ပြောပေးသင့်သည်ဟု ကျွန်မ တွေးမိသည်။
"အင်း ...ကျွန်မ သဘောကျပါတယ်။"
"ကိုယ် သိသားပဲ။"
ဆိုဗက်စ်စတာက ဂုဏ်ယူနေသောအမူအရာဖြင့် ပခုံးကို မတ်မတ်ထားလိုက်လေသည်။
ထိုအမူအရာကို မြင်ရလျှင် အနည်းငယ် ရယ်ချင်စရာကောင်းပြီး ချစ်စရာလေးဖြစ်နေသဖြင့် ကျွန်မ အကျယ်ကြီး အော်ရယ်မိတော့သည်။
အိုး ...ဆိုဗက်စ်စတာက ငါထင်ထားတာထက် ပိုပြီးရယ်စရာကောင်းတဲ့သူပဲ။
ကျွန်မ၏နှလုံးသားလေးမှာ ယစ်မူးရီဝေသွားသလို ခံစားလိုက်ရပြီး ခန္ဓာကိုယ်ကို အရှေ့သို့ အနည်းငယ် ငုံ့ကိုင်းလိုက်မိသည်။
"ဒါကြောင့် ကျေးဇူးပြုပြီး ကျွန်မကို မျက်နှာသာပေးပါဦး...နော်။"
"ဘာကိုလဲ။"
"ဒုတိယမင်းသားကို ဒုက္ခပေးဖို့လေ။"
ဆိုဗက်စ်စတာ မျက်ခုံးတစ်ဖက် ပင့်လိုက်မိသည်။
"မင်း ဘာတွေလုပ်မလို့လဲ။"
သူ့မေးခွန်းကြောင့် ကျွန်မ ပြုံးလိုက်မိသည်။ပြီးမှ ခြေချိတ်ထိုင်လိုက်ပြီး ကိုယ်ဟန်အနေအထားကို ပြောင်းလိုက်သည်။
"ကျွန်မ ..."
ပြီးနောက် ကျွန်မ မျက်မှောင်ကြုတ်လိုက်သည်။
"ကျွန်မ ဧကရာဇ်အရှင် ရှေ့မှောက်ကို အခစားဝင်ရမယ်။"
"ဘာ"
"ကျွန်မ သူ့ကို သွားလျှောက်တင်ရမယ်။လာဂိုက ကျွန်မကို ခြိမ်းခြောက်ထားတယ်လေ။"
ထိုစကားက ရယ်စရာကောင်းနေသကဲ့သို့ ဆိုဗက်စ်စတာမှာ စိတ်ပျက်နေသလို ပြုံးလိုက်သည်။
ပြီးနောက် သူက ဖြည်းဖြည်းချင်း မျက်မှောင်ကြုတ်သွား၏။
"ဒါက မင်းရဲ့အစီအစဥ်လား။"
"အလုပ်ဖြစ်မှာပါ။"
ကျွန်မ ယုံကြည်မှုအပြည့်နှင့် ပြောလိုက်သည်။
"အရှင့်ရဲ့ငှက်တွေ ကြိုက်မဲ့တစ်စုံတစ်ခုကို ကျွန်မ ယူသွားရမယ်လေ။"
*
ထိုအရာကို ရရှိရန် ကျွန်မ အပြင်ထွက်ရလိမ့်မည်။
ကျွန်မ အိုင်ရင်းကို လှမ်းခေါ်လိုက်ပြီး ဝတ်စားပြင်ဆင်ပေးရန် အကူအညီတောင်းလိုက်သည်။
မြို့တော်ထဲသို့ သွားမည်ဖြစ်ရာ တတ်နိုင်သမျှ သိုသိုသိပ်သိပ်နှင့် သွားရလာရ လွယ်ကူအောင် ပြင်ဆင်သွားရပေမည်။
အိုင်ရင်းက အစိမ်းနုရောင်ဝတ်စုံကို ယူလာပေးသည်။ထိုဝတ်စုံမှာ ပခုံးပေါ် ဒီဇိုင်းကို ဇာအထပ်အတွန့်များဖြင့် ချုပ်ထား၏။
"အိုင်ရင်း"
ကျွန်မ သက်ပြင်းချလိုက်ပြီး ဝတ်စုံကို လက်ချောင်းလေးများဖြင့် ထိတွေ့လိုက်သည်။
"ရိုးရိုးရှင်းရှင်းလေး တစ်စုံလောက် ယူခဲ့လို့ ငါ နင့်ကို သေချာပေါက် ပြောလိုက်တာ မဟုတ်ဘူးလား။"
"ဟုတ်ကဲ့ ... ဒါပေမဲ့ ကျွန််မလဲ မတတ်နိုင်လို့ပါ!"
အိုင်ရင်းက အနည်းငယ် စိတ်ပျက်နေသလို အော်လိုက်လေသည်။
"သခင့်ရဲ့အမိန့်အတိုင်း ရိုးရှင်းတဲ့ဝတ်စုံမှန်သမျှကို ကျွန်မ လွှင့်ပစ်ထားပြီးပါပြီ။"
"ဘာ"
ကျွန်မ မျက်မှောင်ကြုတ်လိုက်သည်။
"မဟုတ်တာပဲ ...ဘာကြောင့်လဲ။"
"မြို့စားကြီးရိုင်ဇန်အိမ်တော်ရဲ့သခင်မ ပီသအောင် မဒမ့်အနေနဲ့ စွဲမက်ဖွယ်ကောင်းပြီး သစ်လွင်တောက်ပတဲ့ဝတ်စုံတွေပဲ ဝတ်သင့်ပါတယ်။ဒါကြောင့်မို့လို့ ရိုးရိုးကုပ်ကုပ်ဝတ်စုံတွေ ဝတ်ပြီး အပြင်ထွက်တာကို တားမြစ်ထားပါတယ်၊ မဝတ်ရပါဘူး!"
ဘုရားရေ
ကျွန်မ ခေါင်းကိုက်လာသည်ဟု ခံစားရသဖြင့် နဖူးကို လက်ဖြင့် ထိတွေ့နေမိသည်။
ပြီးနောက် ကျေနပ်နေသော အမူအရာဖြစ်နေသည့် အိုင်ရင်းကို တစ်ချက်ကြည့်လိုက်သည်။
ကျွန်မ မျက်စိများကို မှေးကျဥ်းလိုက်မိ၏။
"နင် ဘာဖြစ်လို့ ဒီလောက်ပျော်နေတာလဲဆိုတာ ငါ သိချင်မိတယ်။"
"ကျွန်မက မဒမ့်အပေါ် အလှဆင်ပေးရတာကို ကြိုက်လို့ပါ။"
အိုင်ရင်းက မလိုမုန်းထားစိတ်မပါသော ဖြူဖြူစင်စင်မျက်နှာလေးဖြင့် ပြောလေသည်။
အင်း
ငါ နင့်ဆီက ဘာတွေ မျှော်လင့်နေမိတာလဲ။
ကျွန်မ သက်ပြင်းချပြီး လက်ကို ပြန်ချလိုက်မိသည်။
"ငါ အခု သဘောပေါက်ပြီ၊ဒါပဲ ဝတ်ပေးတော့။ပြီးတော့ အပေါ်ထပ်ဝတ်ရုံရှည်တစ်ချို့ ယူလာပေး။"
"အပေါ်ထပ်ဝတ်ရုံလား။"
"အင်း ... ဒီနေ့သွားရမဲ့နေရာက ငါကို လူသိမခံသင့်တဲ့နေရာလေ။"
"ဝတ်ရုံထပ်ဝတ်သွားတာက မများလွန်းဘူးလား၊သခင်က ဒါကို သဘောကျမှာ မဟုတ်ဘူး။"
ဪ ... အဲ့လိုလား။
ကျွန်မ၏မျက်စိများ ကျဥ်းမြောင်းသွားရ၏။
"ဒါဆို နင် သွားပေးမလား။"
"ဘယ်ကိုလဲ မဒမ်။"
"ကြေးစားစစ်သားတွေရဲ့အစည်းအရုံးကို"
"ဘုရား ဘုရား!"
အိုင်ရင်း ထိတ်လန့်သွားပြီး နောက်တစ်လှမ်း ဆုတ်လိုက်မိသည်။
"ဘာဖြစ်လို့လဲ ...နင် အရင်တစ်ခါကတောင် အဆင်ပြေပြေဖြစ်ခဲ့တာပဲလေ။"
"ဒါပေမဲ့ ကြောက်စရာကောင်းပါတယ်။အဲ့ဒီတုန်းက ကျွန်မ မဒမ်နဲ့ သိကျွမ်းခါစမို့လို့ ရွေးချယ်စရာမရှိဘဲ သွားလိုက်ရတာ။"
"အဲ့လိုလား"
"အခု ကျွန်မတို့ အရမ်းရင်းနှီးနေကြပြီဆိုတော့ မဒမ့်ကို ပြောရမှာပဲ။ကျွန်မ မသွားနိုင်ပါဘူး!"
အိုင်ရင်းက တကယ့်ကို အစေခံကောင်းတစ်ယောက်အဖြစ် ကြီးပြင်းလာပြီပဲ ...ဟမ့်။
ကောင်မစုတ်လေး
ကျွန်မလည်း သဘောတူသည့်အနေဖြင့် အိုင်ရင်း၏ကျောကုန်းကို ပုတ်ပေးလိုက်သည်။
"ဒါကြောင့်မို့လို့ ငါ့ကို အပေါ်ထပ်ဝတ်ရုံသာ ယူလာပေး။"
"ဒါ ...ဒါပေမဲ့"
"တိတ်တိတ်လေး သွားပြီး ပြန်လာခဲ့ရုံပဲ။"
အိုင်ရင်းက မျက်လုံးမှိတ်လိုက်ပြီး မတတ်နိုင်တော့သည့်အလား ခေါင်းငြိမ့်ပြလေသည်။
အင်း
ငါ ကြေးစားစစ်သားအစည်းအရုံးကို သွားရုံပဲ၊ ဘာဖြစ်မှာ မို့လို့လဲ။
ငါ တိတ်တိတ်လေး ပြန်ရောက်လာမှာပဲ။
ထိုအတွေးဖြင့် ကျွန်မ အိမ်တော်မှ ထွက်လာခဲ့ပြီးနောက် မတော်တဆတစ်ခု ထပ်ဖြစ်လာခဲ့လေသည်။
*
ကျွန်မကိုယ်တိုင် ကြေးစားစစ်သည်အစည်းအရုံးသို့ လာရောက်ခဲ့သည်က အလွန်ကြာမြင့်ခဲ့ပြီး ဖြစ်၏။
ထိုအဖွဲ့အစည်းကို ရှာတွေ့ပြီးနောက် ကိုယ်တိုင်ကိုယ်ကျ သွားနေစရာ မလိုတော့ပါ။
နောက်ပိုင်းတွင် အိုင်ရင်းကို သွားခိုင်းသည်ဖြစ်စေ ၊စာအလဲအလှယ် လုပ်၍ဖြစ်စေ ဆက်သွယ်ခဲ့သည်။
ယခုအကြိမ်တွင် ထိုသို့ ဆက်သွယ်ချင်သော်လည်း အချိန်အတော်ကြာခဲ့ပြီဖြစ်၍ မျက်နှာသွားပြလိုက်သည်က ပိုကောင်းမည့်ပုံပင်။ထို့ကြောင့် ကျွန်မဘာသာ ထွက်လာခဲ့လိုက်သည်။
ထို့အပြင် ယခု ကျွန်မလိုချင်သည့်အရာကို တိုက်ရိုက်မှာကြားသည်က ပိုကောင်းလိမ့်မည်။
တကျွီကျွီမြည်နေသော တံခါးကို တွန်းဖွင့်ပြီး ဆိုင်ထဲသို့ ဝင်လာခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်း ဆိုင်ထဲတွင် ဘယ်သူမှ မရှိပေ။
ကျွန်မ ဘဲလ်တီးလိုက်ပြီး စိတ်ရှည်ရှည်နှင့် စောင့်နေလိုက်သည်။
ထို့နောက် သိပ်မကြာခင်ပဲ ဂျိုးဆက် ရောက်လာခဲ့သည်။
"ဘယ်သူပါလဲ။"
သူက ကျွန်မကို ကြည့်ပြီး သိပ်မသေချာသလို ဖြစ်နေခဲ့သည်။
ကျွန်မလည်း ဝတ်လာခဲ့သော အပေါ်ထပ်ဝတ်ရုံကို အနည်းငယ်ပင့်မလိုက်ပြီး မျက်နှာပြလိုက်ရ၏။
ထိုအခါမှသာ ဂျိုးဆက်က "အိုး!" ဟု ရေရွတ်ပြီး လက်ခုပ်တီးလိုက်လေသည်။
"အတော်ကြာခဲ့ပြီနော် ယူဂျင်။"
ကျွန််မကို ယူဂျင်ဟု ခေါ်ရန် ပြောထားသည်အား သူက မှတ်မိပုံရ၏။ထင်ထားသည့်အတိုင်း ဤနေရာတွင် ကျွန််မ၏နာမည်အရင်းကို ကြားလိုက်ရလျှင် ကသိကအောက်ဖြစ်သွားခဲ့သည်။
ကျွန်မ ပခုံးတွန့်လိုက်ပြီး ဂျိုးဆက်အနားသို့ သွားလိုက်၏။
"ငါ ဒီနေရာကို လာရတာ နင့်ဆီကနေ တစ်ခုခု တောင်းဆိုမလို့ပဲ။"
"ကျေးဇူးပြုပြီး ပြောပါ ဘော့စ်။"
"နွယ်စားဘီလူးအသားကို ညက်နေအောင် ကြိတ်ပေးစေချင်တယ်။"
"ဘယ်လို"
"အဲ့ဒါကို ကြိတ်ပြီး ငှက်စာနဲ့ သေချာသမအောင် ရောပေးပါ။"
မှန်ပေ၏။
ကျွန်မ ဤနေရာသို့ လာရခြင်းမှာ ဘီလူးသားနှင့်ရောစပ်ထားသော ငှက်စာကို လိုချင်သောကြောင့် ဖြစ်သည်။
ဧကရာဇ်ကို ဆက်သရန်အတွက်။
၎င်းကို ဘီလူးအသားမှန်း မသိသာစေရန်။
အဘယ့်ကြောင့်ဆိုသော် စောင့်ကြည့်နေသော မျက်လုံးများ ရှိနေသောကြောင့် ဖြစ်၏။
ထို့ကြောင့် ကျွန်မ ဆိုဗက်စ်စတာကို မေးကြည့်လိုက်လျှင် သူက ဤသို့ ပြောပြသည်။
သူတို့က ဘီလူးသားကို ကြိတ်ပြီး ငှက်စာကျွေးတယ်လို့ ပြောကြတယ်။
ကိုယ်တော့ အဲ့ဒီဧကရာဇ် လျှောက်လုပ်နေတဲ့ကိစ္စတွေကို အရမ်းစိတ်ပျက်နေမိပြီ။
ဤသို့ ကြားရလျှင် ထိုအရာကိုသာ ဧကရာဇ်ထံသို့ ဆက်သရန် ကျွန်မ တွေးထားလိုက်၏။
ဂျိုးဆက်ကို အကူအညီတောင်းလိုက်သည်။
သူ့ကို ဘီလူးသားနှင့် ငှက်စာအား ရောခိုင်းစေလိုသည်။
ထိုအခြင်းအရာကို မသိရှာသော ဂျိုးဆက်မှာ ရယ်ချင်နေသောမျက်လုံးများဖြင့် ကျွန်မကို ကြည့်နေခဲ့သည်။
"ခင်ဗျား စိတ်လွတ်သွားပြီလား။"
ကျွန်မ ပြုံးပြလိုက်သည်။
"ငါ စိတ်လွတ်သွားပြီ၊ဒီတော့ ပြောသလိုသာ လုပ်ပေးပါ။"
ဂျိုးဆက်က စုတ်တစ်ချက် သပ်လိုက်သည်။
"အထက်တန်းလွှာတွေ ဘာတွေးနေကြလဲဆိုတာ ကျွန်တော် တကယ် မသိနိုင်ဘူးပဲ။"
ပြီးနောက် သူက ညည်းညူသလို ရေရွတ်လိုက်၏။၎င်းက ကြီးကြီးမားမားကိစ္စ မဟုတ်လောက်ဟု တွေးမိသဖြင့် တစ်ဖက်နားက ဝင်လာသော စကားကို တစ်ဖက်နားက ပြန်ထုတ်ပစ်ရန် ကြိုးစားလိုက်သည်။
"မကြာသေးခင်ကပဲ ဆိုင်ကို မိန်းမလှလေးတစ်ယောက် ရောက်လာပြီး ဘီလူးအသားအကြောင်း မေးနေသေးတာ။"
"ဘာ"
သို့သော် ကျွန်မ မလုပ်နိုင်ခဲ့ပေ။
မိန်းမလှလေးတစ်ယောက် လာပြီး ဘီလူးအသားအကြောင်း မေးနေတယ်။
ဖလဲရ်များလား။
ဖလဲရ်ပဲ ဖြစ်ရမယ်။
မူလဇာတ်ကြောင်းအတိုင်းပင်။
ကျွန််မ မျက်လုံးများ ပြူးကျယ်သွားရပြီး ဂျိုးဆက်အနားသို့ တိုးကပ်သွားမိသည်။
"ဒီနေရာကို ကောင့်မြို့စားကတော်ဖလဲရ် ရောက်လာခဲ့တယ်လို့ နင် ပြောနေတာလား။"
"ဖလဲ ... ဘယ်သူကြီးလဲ။"
ဂျိုးဆက်က မျက်မှောင်ကြုတ်၍ ခေါင်းခါသည်။
"သူမရဲ့နာမည်ကို မမေးကြည့်မိခဲ့ဘူး။ကျွန်တော် သူမကို အသားမရောင်းခဲ့ဘူးဆိုတော့လေ။"
"ဘာကြောင့် ...နင် အသားမရောင်းပေးလိုက်ဘူးလား။"
"သူမက အရမ်းလှနေလို့ မရောင်းပေးလိုက်တာပါ။ဒီအသားတွေ စားပြီးမှ နေမကောင်းဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ဒါကြောင့် ကျွန်တော် မရောင်းပေးလိုက်ဘူး။"
အိုး ... တော်သေးတာပေါ့။
ဖလဲရ်သာ အသားဝယ်ခဲ့ပြီး ကယ်လီယန်ကို ဆက်သလိုက်ပါက ဤဆိုင်၏တည်နေရာကို ကယ်လီယန် သိသွားလိမ့်မည်။
ထိုအခါ သူက ကျွန်မ၏သတင်းအချက်အလက်များကို လိုအပ်နေတော့မည် မဟုတ်ပေ။
ဟူး ...
ကျွန်မလည်း ရင်ဘတ်ကို သပ်ချလိုက်ပြီး သက်ပြင်းချ၍ ဂျိုးဆက်၏ပခုံးကို ပုတ်ပေးလိုက်သည်။
"ကျေးဇူးပြုပြီး အဲ့ဒီအတိုင်းပဲ ဆက်လုပ်ပေးပါ။"
"ခင်ဗျား ဘာအကြောင်း ပြောနေလဲတော့ မသိဘူး၊ဒါပေမဲ့ ကျွန်တော် သဘောပေါက်ပါတယ်။"
"ပြီးတော့"
ကျွန်မ ရွှေဒင်္ဂါးတစ်အိတ် ယူထုတ်လိုက်သည်။
"ငါ သတင်းတစ်ချို့ ဝယ်ချင်တယ်။"
ချလွင် ချလွင်
ဂျိုးဆက်၏မျက်စိရှေ့တွင် ရွှေဒင်္ဂါးအိတ်ကို ဝှေ့ယမ်းပြလိုက်သည်။
"ဒုတိယမင်းသားလာဂိုနဲ့ ပတ်သက်သမျှ အရာအားလုံး ယူလာခဲ့။"
ဂျိုးဆက်က ချက်ချင်းဆိုသလို ရွှေဒင်္ဂါးအိတ်ကို ဆွဲယူလိုက်ပြီး အထဲသို့ အပြေးအလွှားဝင်သွားပြီးနောက် လာဂိုနှင့်ပတ်သက်သမျှ စာရွက်စာတန်းအားလုံးကို ယူထုတ်လာခဲ့သည်။
*
လူး ...လူး...လား...လာ
ပျော်စရာနေ့လေးပါလား။
ပေါ့ပါးသောခြေလှမ်းများဖြင် ဆိုင်ထဲမှ ထွက်လာပြီး နောက်ဖေးလမ်းကြားထဲသို့ လျှောက်လာခဲ့သည်။
ယနေ့ ကျွန်မ အတော်လေး ခံစားချက်ကောင်းနေခဲ့သည်။
မနေ့က လာဂို၏ဆုပ်ကိုင်ခြင်းကို ခံထားရသော လည်ကုပ်မှာ သက်သာသွားရပြီး ထိုသူကို ဒုက္ခပေးနိုင်မည့် နည်းလမ်းတစ်ခု ရှာတွေ့ခဲ့သည်သာမက ဆိုဗက်စ်စတာကလည်း ကူညီရန် ကတိပေးခဲ့သည်။
ထို့အပြင် ဧကရာဇ်အရှင်ထံ လျှောက်ထားရမည့် သတင်းအချက်အလက်နှင့် ဆက်သစရာ လက်ဆောင်လည်း ရရှိလာခဲ့လေရာ ယနေ့ထက် ပိုကောင်းသောနေ့ မရှိနိုင်တော့ပေ။
အာ ... ငါ အရမ်းပျော်တာပဲ။
အိမ်တော်သို့ အမြန်ပြန်၍ ဧကရာဇ်ထံ စာတစ်စောင်ရေးရမည်ဟု ကျွန်မ တွေးထားခဲ့သည်။
ထို့ကြောင့် ကျွန်မ အနည်းငယ်ခန့် မြန်မြန်လေး လမ်းလျှောက်လာခဲ့သည်။လက်တစ်ဖက်တွင် ငှက်စာထုပ်ကို တင်းတင်းကြပ်ကြပ် ကိုင်ထားရ၏။
ထိုအချိန်တွင်
ဖတ်!
"အာ့!"
လမ်းကြားထဲမှ လူတစ်ယောက် ခုန်ထွက်လာပြီး ကျွန်မ၏ပခုံးကို ရိုက်၍ ပြေးထွက်သွားခဲ့သည်။
"ကျစ် ... ဘာလဲဟ!"
ထွက်လာသောဒေါသကို ထိန်းထားရန် ကြိုးစားလိုက်ရသည်။သို့သော် ထိုသူက ခပ်လှမ်းလှမ်းသို့ ရောက်သွားခဲ့လေပြီ။
အိုး ... တောင်းပန်တာလေးတောင် မလုပ်သွားပါလား။"
ဒီအရိုင်းအစိုင်းကောင်ကတော့ ...အမ်!
ကျွန််မ ဗလာဖြစ်နေသောလက်ကို ငုံ့ကြည့်လိုက်မိသည်။
ဘေးဘီဝဲယာသို့ ကြည့်လိုက်လျှင် ကျွန်မနှင့်တိုက်မိသွားသောလူ၏လက်ထဲ၌ ထိုအိတ်ကို တွေ့လိုက်ရ၏။
" ဟေ့ ... ဟေး!"
ကျွန်မလည်း ထိုသူရှိရာသို့ အလျင်အမြန် ပြေးလိုက်ရတော့သည်။
"အဲ့ဒါ ငှက်စာတွေဟဲ့ ... အရူးကောင်ရဲ့။"
TK Team
++++++++