Chapter 106
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၁၀၆)


အိမ်တော်ပြန်ရောက်ပြီးနောက် လာဂိုအပေါ် မည်သို့မည်ပုံ ဒုက္ခပေးရမည်ကို ကျွန်မ တွေးတောနေခဲ့သည်။သို့သော် ကြာရှည်စိုးရိမ်နေရခြင်း မရှိခဲ့ပေ။


ငါ အဲဒီနည်းလမ်းကို သုံးလို့ရတယ်။


ကျွန်မ နောက်မဆုတ်လိုပါ။


အိပ်ရာပေါ်တွင် ထိုင်နေရင်း နာကျင်နေသော ကုပ်ပိုးကို ကိုင်ထားမိသည်။


ဆိုဗက်စ်စတာက ကူညီပေးမည်ဟု ပြောခဲ့သဖြင့် ကျွန်မ လာဂိုကို ကောင်းကောင်းကြီး ခြောက်လန့်ပစ်နိုင်မည်ဟု တွေးထားသည်။


ဒါသာ အလုပ်မဖြစ်ခဲ့ရင် ...


ကျွန်မ တခြားတစ်ဖက်တွင် ရပ်ရမည်ဟု ဆိုလို၏။


ကိုယ် ဒုတိယမင်းသားဆီကနေ ရစရာတစ်ခု ရှိတယ်။


ကိုယ့်အတွက် ရမှဖြစ်မဲ့ အရာတစ်ခုပါ။ဒါကြောင့်မို့လို့ပဲ ကိုယ်က ဒုတိယမင်းသားကို သစ္စာမဖောက်နိုင်တာ။


ဆိုဗက်စ်စတာက ထိုသို့ပြောခဲ့သဖြင့် သူကို့ ကျွန်မ၏ဘက်သို့ လုံးလုံးလျားလျား ရောက်လာအောင် ခေါ်ဆောင်နိုင်မည်ဟု မထင်ပေ။


မဟုတ်ဘူး ... မဟုတ်သေးဘူး။


လာဂိုဆီကနေ ဆိုဗက်စ်စတာ လိုချင်နေတဲ့အရာကို ငါက ယူလာပေးနိုင်ရင်ရော ...


ဒါဆို ဆိုဗက်စ်စတာလဲ လာဂိုကို ထောက်ပံ့ပေးနေစရာအကြောင်း မရှိတော့ဘူးပေါ့။


သူသာ ဆိုဗက်စ်စတာကို လက်လွှတ်လိုက်ရရင် ပံ့ပိုးမှုအကြီးကြီးကို ဆုံးရှုံးသွားတော့မှာ။လာဂိုက သူ့အလိုလို ရှင်းထုတ်ခံလိုက်ရပြီးတော့ ကယ်လီယန်က ထီးနန်းဆက်ခံနိုင်မှာပဲ။


ဒါဆို ပျော်စရာအဆုံးသတ်လေး ဖြစ်လာမယ်။


ဘယ်သူမှ မသေတော့ဘူး၊ဘယ်သူမှ မနာကျင်ရတော့ဘူးပေါ့။


ကောင်းလိုက်တာ!


ထို့နောက် လာဂိုထံတွင် ရှိနေသည့်အရာကို ယူထုတ်နိုင်မည့် နည်းလမ်းတစ်ခု ရှာဖွေသင့်သည်ဟု တွေးလိုက်မိ၏။


စိတ်ထဲတွင် အစီအစဥ်ချပြီးနောက် ပင်ပန်းနေသော မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်ထားလိုက်တော့သည်။


အိုး ... ဒီနေ့ ဒါတွေ တကယ် ဖြစ်သွားတာပဲ။


ထိုသို့ တွေးမိ၏။



နတ်ဆိုးဘုံသို့ သွားနိုင်သော မှော်အစီအရင်စက်ဝန်းတစ်ခု


ထိုသို့ ဆိုဗက်စ်စတာ ရေရွတ်ပြီး လက်ချောင်းထိပ်လေးများဖြင့် စားပွဲခုံကို တတောက်တောက် ခေါက်နေမိသည်။


နတ်ဆိုးဘုံသို့ သွားနိုင်သော မှော်အစီအရင်စက်ဝန်း


သူ့အမေကို တွေ့ဆုံနိုင်မည့် တစ်ခုတည်းသော နည်းလမ်း


လာဂိုတွင် ထိုအရာ ရှိနေခဲ့သည်။


ထိုအတွက်သာ မဟုတ်ပါက ရူးသွပ်နေသော လာဂို၏ဘက်တွင် ရပ်တည်နေစရာအကြောင်း မရှိပေ။


အိုဖီလီယာ ပြောခဲ့သည့်အတိုင်း လာဂိုကို သစ္စာဖောက်နိုင်သည်။


သို့သော် ယခုလက်ရှိတွင် သူ့လက်ထဲ၌ မှော်အစီအရင်စက်ဝန်း မရှိပါ။ထို့ကြောင့် လာဂို့အပေါ် သစ္စာဖောက်၍ မရနိုင် ဖြစ်နေခဲ့သည်။


"ဟူး ..."


ဆိုဗက်စ်စတာ ခေါင်းကို အနောက်သို့ မှီထားရင်း သက်ပြင်းချလိုက်မိသည်။


သူ သိသည်။တစ်ချိန်လုံး လက်မလွှတ်ပေးနိုင်ခဲ့သော သူ့အမေကို ယခုတော့ လက်လွှတ်ပေးလိုက်သင့်ပြီဟု ခေါင်းထဲတွင် သိနေပြီးဖြစ်သည်။


သို့သော် သူ့နှလုံးသားက လက်ခံပေးရန် ခက်ခဲနေခဲ့၏။


သူ့အမေကို တွေ့ချင်မိသည်။


ပြီးနောက် သူ မေးချင်သည်။


အမေ ကျွန်တော့်ကို ဘာဖြစ်လို့ ထားသွားခဲ့ရတာလဲ။


အမေ ကျွန်တော့်ကို တစ်ခါမှ မချစ်ခဲ့ဘူးလား။


ပြီးနောက် သူ့ကို စွန့်ပစ်ထားခဲ့သည့်အတွက် လက်စားချေချင်သည်။


ထိုသို့ ပြုလုပ်လိုခြင်းမှာ အချစ်နှင့်အမုန်းကြောင့် ဖြစ်ရသည်ကို တခြားသူများထက် ဆိုဗက်စ်စတာက ပို၍ ကောင်းကောင်းသိသည်။


သို့သော် ယခု သူ လက်မလွှတ်နိုင်ခဲ့ပေ။


ပြောခဲ့သည့်အတိုင်း သူ့နှလုံးသားက လက်မခံခဲ့ပါ။


"သခင်"


ထိုအချိန်တွင် တံခါးက အနည်းငယ်ပွင့်လာပြီး နေးလ်၏ခေါင်းက ထိုကြားထဲမှ တိုးဝင်လာခဲ့သည်။ဆိုဗက်စ်စတာက ခပ်ဆတ်ဆတ် ခေါင်းငြိမ့်ပြလိုက်လျှင် နေးလ်က အထဲဝင်လာခဲ့သည်။


"ဒုတိယမင်းသားက ကျွန်တော့်ကို ဆက်သွယ်လာပါတယ်။"


ဆိုဗက်စ်စတာ၏မျက်ခုံးများ တွန့်သွားသည်။


"သူ ဘာပြောလဲ။"


"အဲ့ဒါက ..."


နေးလ်က အနည်းငယ် ဦးနှောက်ခြောက်နေသောမျက်နှာထားဖြင့် လက်များကို အတူတကွ ပူးကပ်ထားခဲ့၏။


"မြို့စားကြီးကတော်နဲ့ ပတ်သက်တာပါ။"


"အိုဖီလီယာလား"


"သူက ကျွန်တော်တို့ကို သူမအပေါ် စောင့်ကြည့်နေစေလိုပါတယ်။အမိန့်က အဲ့လိုမျိုး ရောက်လာတာပါ။"


ဟား ...


ဆိုဗက်စ်စတာ သက်ပြင်းချပြီး နဖူးကို လက်ဖြင့် ထောက်ထားလိုက်မိသည်။ထိုသို့ဖြစ်လာမည်ကို သူ သိသည်။သူ မျက်မှောင်ကြုတ်ထားရင်း လက်ခါပြလိုက်သည်။


"ဒီတိုင်းပဲ အဆင်ပြေပါတယ်လို့ ပြောပြီး သူ့ဆီ စာပို့လိုက်။"


ထိုသို့ ပြောနေရင်း ဆိုဗက်စ်စတာထံတွင် အလိုလိုသိစိတ်တစ်ခု ပြင်းပြင်းထန်ထန် ဖြစ်ပေါ်လာရသည်။


သိပ်မကြာခင် သူ့အမေနှင့်အိုဖီလီယာကြားတွင် ရွေးချယ်မှုလုပ်ရမည့် အနေအထားတစ်ခု ရောက်လာတော့မည်။



ကောင်းသော မနက်ခင်းလေးပါ!


ကျွန်မ မျက်လုံးများဖွင့်ကာ ကြည်ကြည်လင်လင် နိုးထလာခဲ့သည်။


ဘေးဘီဝဲယာသို့ ကြည့်လိုက်လျှင် ဆိုဗက်စ်စတာက ရှိမနေပါ။အိပ်ရာပေါ်တွင် အနေအထားပျက်ယွင်းနေခြင်း မရှိသည်ကို ကြည့်ခြင်းဖြင့် မနေ့ညက သူ ပြန်မလာခဲ့ပုံ ရလေသည်။


ရှင်က ကျွန််မကို ကြိုက်တယ်လို့ ပြောထားပြီးမှ ဒီလိုမျိုး ပတ်ပြေးနေတာလား။ကျွန်မလဲ ဒီလို ထပ်မလုပ်တော့ဘူး။


ဟွန့်


ကျွန်မ နှာမှုတ်လိုက်ပြီး အိပ်ရာပေါ်မှ ထလိုက်သည်။


ပြီးနောက် ခေါင်းလောင်းကြိုးကို ဆွဲလိုက်၏။


အိုင်ရင်းက ကြိုတင်စောင့်စားနေသည့်အတိုင်း ချက်ချင်းဝင်ရောက်လာခဲ့သည်။


"မဒမ် အစောကြီး နိုးနေတာပါလား!"


"အင်း ... ငါ ဒီနေ့ စောစောနိုးတယ်။"


သူမ ယူလာပေးသော မျက်နှာသစ်ရေဇလုံရှေ့တွင် ကျွန်မ ထိုင်ချလိုက်ပြီး ခေါင်းပြန်မော့လိုက်သည်။


"ဆိုဗက်စ်စတာရော"


"သခင်က ရုံးခန်းထဲမှာ ရှိနေမှာပါ၊အိုး ...မကြာခင် သခင်က မနက်စာ စားတော့မယ်လို့ ကျွန်မ ကြားလိုက်မိတယ် မဒမ်။"


"ဒါဆို ငါလဲ သွားသင့်တာပေါ့။"


"ကျွန်မ မဒမ့်ကို ပြင်ဆင်ပေးပါမယ်။"


အိုင်ရင်းက သဘက်စိုစိုဖြင့် ကျွန်မ၏မျက်နှာကို စတင်၍ သန့်ရှင်းပေးသည်။


သက်တောင့်သက်သာ ဖြစ်လွန်းသဖြင့် ကျွန်မ မျက်လုံးမှိတ်ထားရင်း သူမ၏အထိအတွေ့ကို ခံစားနေခဲ့သည်။


ဒါလေးက ဘယ်လောက်ကြာမှာလဲ။


"ဒါပေမဲ့ မဒမ် ..."


အိုင်ရင်းက သတိထား၍ ပြောလိုက်သည်။


ကျွန်မ မျက်လုံးတစ်ဖက် ဖွင့်ပြီး အိုင်ရင်းကို ကြည့်လိုက်သည်။


"ဘာကိစ္စလဲ"


"ကျွန်မ မဒမ့်ကို ပြောစရာ ရှိပါတယ်။"


"ပြောလေ"


"အဲ့ဒါက ..."


အိုင်ရင်းက ကျွန်မ၏မျက်လုံးများကို ကြည့်ပြီး ဂရုတစိုက် မေးလာခဲ့သည်။


"မဒမ် တကယ်ပဲ ကွာရှင်းတော့မလို့လား။"


"ဘာရယ်"


"ကျွန်မ ပိုက်ဆံရှုံးသွားလို့ ဒီလိုတွေ မေးနေမိတာ မဟုတ်ပါဘူး။တကယ်ပဲ စိုးရိမ်လို့ မေးကြည့်မိတာပါ။"


နင် လောင်းထားတာ ရှုံးသွားလို့ မေးတယ်ပဲ ငါက ထင်နေတယ်လေ။


ကျွန်မ၏မျက်လုံးများ မှေးကျဥ်းသွားခဲ့သည်။


"နင် ဘာကို စိုးရိမ်နေရတာလဲ။"


အိုင်ရင်းက ထိုစကားကို စောင့်နေသည့်အတိုင်း ချက်ချင်း ပြန်ဖြေ
သည်။


"မဒမ်တစ်ယောက်တည်း ဆင်းဆင်းရဲရဲနဲ့ နေရမှာကိုပါ ...ဘုရားရေ။"


"ငိုချင်ယောင်ဆောင်မနေနဲ့ ...သိသာနေတယ်။"


"ဟုတ်ကဲ့"


သူမက ခေါင်းငြိမ့်ပြီး မျက်ရည်သုတ်ရန် ကိုင်ထားသော လက်ကိုင်ပဝါကို ပြန်ခေါက်လိုက်လေသည်။


ပြီးနောက် သူမက ဒူးအနည်းငယ် ကွေး၍ ကျွန်မကို ကြည့်လာခဲ့သည်။


"ဒီလိုဆိုပေမဲ့ မဒမ်"


ပြီးနောက် သူမက ပြောသည်။


"တကယ်ပါ ...ကျွန်မ တကယ် စိုးရိမ်နေတာပါ။"


သူမ၏မျက်နှာထက်တွင် ကျွန်မအတွက် စိုးရိမ်ပူပန်နေသော စိတ်ရင်းက ပေါ်လွင်နေခဲ့သည်။


"အိုင်ရင်းရေ"


ကျွန်မလည်း အိုင်ရင်း၏လက်ကို ကိုင်လိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။


"ငါ့မှာ ပိုက်ဆံအများကြီး ရှိပါတယ်။"


ထို့ထက်ပင် ပိုများဦးမည်။


"ငါက လိမ္မာပါးနပ်တယ်လေ။"


ထို့အပြင် ကျွန််မက မူလဇာတ်ကြောင်းကို အားလုံး သိထားခဲ့သည်။


"အဆင်ပြေသွားမှာပါ။"


အဆင်ပြေမှာပါ။


အဆင်မပြေစရာအကြောင်းကို မရှိဘူး။


ကျွန်မ ထိုသို့ တွေးလိုက်ပြီး မေးစေ့ကို မော့ထားလိုက်သည်။


အိုင်ရင်းက အပြုံးတုတစ်ခုဖြင့် ခေါင်းခါလိုက်သည်။


"မဒမ်ရဲ့ယုံကြည်မှုရှိတာကို လိုက်မှီနိုင်တဲ့သူ ရှိမယ်လို့ ကျွန်မ မထင်ဘူး။"


"ဒါက ချီးကျူးတာလား။"


"ဟုတ်ပါတယ်"


သူမက မတ်မတ်ပြန်ရပ်လိုက်ပြီး ကျွန်မအနားသို့ တိုးကပ်၍ ဆံပင်များကို ဖြီးသင်ပေးလာခဲ့သည်။


"ဒီတော့ မဒမ် တကယ်ပဲ ကွာရှင်းမှာပေါ့နော်။"


သူမ ထပ်မေးလိုက်ချိန်တွင် မနေ့က ဆိုဗက်စ်စတာကို ကျွန်မ ပြောခဲ့သည့် စကားများအား ပြန်သတိရသွားခဲ့သည်။


ရှင် ကျွန်မကို ကူညီပေးနိုင်မလား။


ဒါဆို ကျွန်မ ရှင့်ကို ကြိုက်မယ်လေ။


အိုဖီလီယာက လာဂိုနှင့် လက်တွဲထားခဲ့ပြီး ဖြစ်လေရာ ကျွန်မတွင် ထွက်ပြေးလွတ်မြောက်စရာ လမ်းကြောင်းမရှိတော့သဖြင့် ထိုသို့ ပြောလိုက်မိသည်။


ကျွန်မမှာ အစကတည်းက ရှုပ်ထွေးပွေလီနေသော မူလဇတ်ကြောင်းထဲတွင် နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်ပြီးသား ဖြစ်နေလေရာ ကမ္ဘာပေါ်တွင် ကျွန်မကို ကြိုက်နေသည့် တစ်ဦးတည်းသောသူ ဆိုဗက်စ်စတာကို အဘယ့်ကြောင့် အကူအညီမတောင်းဘဲ နေလိုက်ရမည်နည်း။


ထိုကြောင့် ကျွန်မ ပြောလိုက်မိသည်။


"ဒါက ခက်ခဲနိုင်တယ်ဆိုတာ ငါ တွေးမိပါတယ်။"


ကျွန်မ ပါးပြင်ကို ကုတ်ခြစ်ပြီး ပြောလိုက်မိသည်။


"ငါ မသိတော့ဘူး၊စောင့်ကြည့်ဖို့ လိုမယ်ထင်တာပဲ။"


မည်သို့ပင် ဖြစ်စေကာမူ ကျွန်မ၏ခံစားချက်များကို အရင်ဦးဆုံး စောင့်ကြည့်ရန် လိုသည်။


ယခု ကျွန်မ ဆိုဗက်စ်စတာကို သဘောကျနေသည်။


သို့သော် ဆင်ခြင်တွက်ချက်ပြီး သဘောကျနေခြင်း မဟုတ်ပါဘဲ လူသားဆန်စွာ သဘောကျခြင်းမျိုး ဖြစ်ပုံရလေသည်။


ဆိုဗက်စ်စတာ ကျွန်မကို ဖွင့်ဟဝန်ခံလာသည့် အချိန်တိုင်း နှလုံးသားက ပြင်းပြင်းထန်ထန် ခုန်ပေါက်နေခဲ့သည်။သို့သော် ကျွန်မ ရင်ခုန်နေရခြင်းမှာ သူက အလွန်ချောမောခန့်ညားနေခြင်းကြောင့်နှင့် စိတ်လှုပ်ရှားဖွယ် စကားများကို ပြောတတ်ခြင်းကြောင့် ဖြစ်မည်ဟုလည်း တွေးမိသည်။


ဒီလောက်နဲ့ သူ့ကို ကြိုက်နေပြီလို့ ပြောလို့ မရသေးဘူး။


ကျွန်မ၏စိတ်ခံစားချက်များကို ကြည့်ရမည်။


အကယ်၍ ကျွန်မသာ ဆိုဗက်စ်စတာကို အမှန်တကယ် ကြိုက်နေခဲ့လျှင် ...


မကွာရှင်းတော့ဘဲ အတူတူ နေသွားကြမယ်။


သို့သော် ယခုချက်ချင်း မသိနိုင်သေးပေ။


ထို့ကြောင့် မတတ်သာပါပဲ စောင့်ကြည့်ရပေဦးမည်။

"ကျွန်မကတော့ မဒမ်တို့ကို မကွာရှင်းစေချင်ပါဘူး။"


အိုင်ရင်းက ပြောသည်။


"မဒမ်တို့နှစ်ယောက်က တကယ်ကို လိုက်ဖက်တာပါ။"


အင်း


ငါတို့နှစ်ယောက်က တကယ်ကို လိုက်ဖက်ပါတယ် ... မကောင်းတဲ့နည်းနဲ့။


ကျွန်မ ပြုံး၍ အိုင်ရင်းကို ကြည့်လိုက်သည်။


"ငါ ဒါကို ထပ်ပြီး စဥ်းစားကြည့်ပေးမယ်။"


နောက်ပိုင်းတွင် ထိုစကားကို အိုင်ရင်းက ဆိုဗက်စ်စတာထံသို့ အပြေးအလွှား သံတော်ဦးတင်မည်ကို မသိသဖြင့် ကျွန်မ ထိုသို့ ပြောလိုက်မိလေသည်။


"ငါတို့ မကွာရှင်းဖြစ်တာလဲ ဖြစ်ရင်ဖြစ်မှာပေါ့။" 


"ဟန်နီ!"


ထမင်းစားခန်းတံခါးကို ဖွင့်ရင်း ကျွန်မ အော်ခေါ်လိုက်သည်။


ထမင်းစားပွဲအလယ်တည့်တည့်တွင် ထိုင်၍ ကော်ဖီသောက်ရင်း သတင်းစာဖတ်နေခဲ့သော ဆိုဗက်စ်စတာက အနည်းငယ် မျက်လုံးပင့်ကြည့်လာခဲ့သည်။


"မင်း စောစော နိုးနေပါလား။"


သူက ဖတ်လက်စသတင်းစာကို ခေါက်၍ ပြောလာခဲ့သည်။


"ဒီကို လာလေ"


"အင်း"


သူ လက်ဆန့်ထားသည့်ဘက်သို့ ကျွန်မ လျှောက်သွားလိုက်ပြီး သူ့ဘေးနားတွင် ထိုင်ချလိုက်သည်။


"မင်း ဒီနေ့မှ ဘာဖြစ်လို့ ကိုယ်ပြောတာကို ချစ်စရာကောင်းအောင် နားထောင်နေရတာလဲကွာ။"


"ရှင့်ကို တောင်းဆိုချင်တာ ရှိနေလို့လေ။"


"အင်း ... ပယ်ချတယ်။"


"အိုး ... ရှင်က ဒီလိုမျိုးပဲလား။"


ကျွန််မ ခါးထောက်ရင်း မျက်လုံးလှိမ့်လိုက်မိသည်။


မဟုတ်သေးဘူး၊ငါ့ကို ကြိုက်ပါတယ်လို့ ထပ်တလဲလဲ ပြောနေပြီးမှ အကျင့်စရိုက်ကတော့ လုံးဝ မပြောင်းသွားဘူးပဲ!


ထို့ကြောင့် ကျွန််မ အနည်းငယ် ဒေါသဖြစ်လာရပြီး ပြောလိုက်သည်။


"ရှင် ကျွန်မကို ကြိုက်တယ်လို့ ပြောထားပြီးတော့ ကျွန်မအပေါ် ဒီလိုမျိုးပဲ ဆက်ဆံနေတော့မှာလား။"


သို့သော် လေထုမှာ ရုတ်တရက် အေးခဲသွားခဲ့သည်။


ဆိုဗက်စ်စတာ၏မျက်နှာထားက တင်းမာသွားသောကြောင့် ဖြစ်လေသည်။


"မင်း ..."


သူက ရေခဲရိုက်ထားသောမျက်နှာထားဖြင့် ကျွန်မကို ငုံ့ကြည့်လာခဲ့သည်။ကော်ဖီခွက်ကို ကိုင်ထားသော သူ့လက်က အနည်းငယ် တုန်ယင်နေပုံ ရလေသည်။


"ကိုယ် မင်းကို ကြိုက်နေတယ်ဆိုတဲ့ အချက်ကို မင်းက လက်နက်တစ်ခုလို အသုံးချချင်နေပုံရတယ်။"


ဂလု


ကျွန်မ တံတွေးမြိုချလိုက်မိသည်။


အမှားလုပ်မိပြီ ထင်တယ်။


ဟုတ်တာပေါ့။


ကျွန်မက သူ့ခံစားချက်ကို အခွင့်အရေးယူရန် ကြိုးစားလိုက်သဖြင့် သူ ဒေါသဖြစ်သွားလောက်ပေသည်။


ထို့ကြောင့် တောင်းပန်ရမည်။


"ကျွန်မ တောင်းပန်ပါတယ်။"


"လုပ်လိုက်"


"... ဘယ်လို"


ဆိုဗက်စ်စတာက ကျွန်မ၏ခေါင်းပေါ်သို့ သူ့လက်ကိုတင်ပြီး ပြုံးပြလေသည်။


"လက်နက်တစ်ခုလို အသုံးချလိုက်လို့ ၊ကိုယ်က မင်းအတွက် လက်နက်တစ်ခု ဖြစ်ပေးမယ်။"


ထိုအရာမှာ ကျွန်မ မတွေးထားမိသောအရာဖြစ်နေသဖြင့် ဆိုဗက်စ်စတာကိုသာ မှင်တက်ပြီး စိုက်ကြည့်နေမိသည်။ထို့နောက် ဆိုဗက်စ်စတာက ကျွန်မ၏ဆံပင်များကို ရှုပ်ပွအောင် ဖွလိုက်ပြီး ပြောလာခဲ့သည်။


"မင်း လုပ်လိုက်တဲ့အရာတွေအတွက်လဲ ပြန်ပေးဆပ်ဖို့ မလိုပါဘူး။"


အာ


ရှင် ဘာကြောင့်များ ကျွန်မရဲ့နှလုံးသားကို တဖျတ်ဖျတ် လှုပ်ခါသွားစေမဲ့စကားတွေကိုပဲ အမြဲတမ်း ပြောနေရတာလဲ။


ကျွန်မ ရူးတော့မယ်လို့။


TK Team
++++++++