Chapter 105
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၁၀၅)


လာဂို ထွက်သွားပြီးနောက်


ကျွန်မ တစ်ယောက်တည်း ပြန်လာခဲ့ပြီး နံရံကို ခေါင်းမှီ၍ နာကျင်နေသော ကုပ်ပိုးကို နှိပ်နယ်နေမိသည်။


အာ ...ငါတော့ ကံဆိုးမိုးမှောင်ကျပြီပဲ။


မူလအိုဖီလီယာက လာဂိုနဲ့အပေးအယူ လုပ်ထားခဲ့မယ်လို့ ဘယ်သူကများ သိမှာလဲ။


သူက ကြီးမားသောတန်ရာတန်ကြေးကို မျှော်မှန်းနေမည်ဟု ကျွန်မ တစ်ခါမှပင် မတွေးမိပါ။


ငါသာ သိထားခဲ့ရင် ဒါကို ကြားဝင်ဖျက်ဆီးလိုက်မိမှာပဲ။


အား ... တကယ်ပါပဲ။


ကျွန်မ ဒုတိယအရှင့်သားကို ပြန်ပေးပါ့မယ်!


ထိုသို့ ပြောပြီးဖြစ်လေရာ ဘာမှမတတ်နိုင်တော့ပေ။


လာဂိုက ကျွန်မ သူ့စကားကို အတိအကျ နားထောင်လိမ့်မည်ဟု ထင်ထားပုံရ၏။


အင်း


အိမ်ရှေ့စံမင်းသားကို သတ်လိုက်။


ကယ်လီယန်ကို သတ်ရန်


မထွက်ခွာခင် လာဂိုက စကားတစ်ခွန်း ပြောခဲ့သေးသည်။


"ကျရှုံးခဲ့ရင် မင်း ငါ့လက်ထဲမှာ သေရမယ်၊ ကျိန်းသေပေါက်ပဲ။"


ဘုရားရေ


ကျွန်မ၏မျက်လုံးထဲတွင် မျက်ရည်များ ပြည့်လာခဲ့၏။


ကယ်လီယန်ကို မသတ်ရင် ငါ သေမှာ။


ဒါပေမဲ့ နင်က ငါ ကယ်လီယန်ကို သတ်ပစ်တာ လိုချင်တာလား။


အင်း၊ဒါဆို ငါလဲ သေမှာပဲ။


ဘာပဲဖြစ်ဖြစ် ငါက သေဖို့ ကံပါလာတာပါလား။


မှောင်မိုက်နေသော အနာဂတ်ကြောင့် ကျွန််မ၏မျက်လုံးများ ဝေဝါးနေရသည်။


ငါ ဘာလုပ်သင့်လဲ။


ဘယ်လိုလုပ်မှ ဒီလို လက်တွေ့ဖြစ်ရပ်ကြီးကို ကျော်လွှားနိုင်မှာလဲ၊ဒုက္ခရောက်ပြီ။


ထိုအချိန်တွင်


"အိုဖီလီယာ"


ကျွန်မ၏မျက်နှာပေါ်သို့ အရိပ်တစ်ခု အုပ်မိုးလာခဲ့သည်။


ကျွန်မ ဖြည်းဖြည်းချင်း မျက်လွှာပင့်၍ ကြည့်လိုက်၏။


ဆိုဗက်စ်စတာက စိတ်ပူနေသောမျက်နှာထားဖြင့် ကျွန်မ၏ရှေ့တွင် ရပ်နေခဲ့သည်။


"ပြန်လာပြီးကတည်းက မင်း မျက်နှာမကောင်းဘူး ဖြစ်နေတယ်။"


ဆိုဗက်စ်စတာက ကျွန်မ၏ပါးပြင်ကို ထိတွေ့ပြီး ပြောသည်။


"ဒုတိယမင်းသားနဲ့ ဘာဖြစ်ခဲ့လို့လဲ။"


ဘာဖြစ်ခဲ့လဲ။


အများကြီးပါပဲ။


အခုထိ ကျွန်မရဲ့ကုပ်ပိုး နာနေတုန်းပဲလေ။


လာဂို၏ စိတ်ပျက်စရာကောင်းသောမျက်နှာကို ပြန်မြင်ယောင်ရင်း ကျွန်မ တဆတ်ဆတ်တုန်ယင်သွားရသည်။


"ဟန်နီ"


"ဟမ် ..."


"ရှင် သိထားပြီးသား ... ဟုတ်တယ်မလား။"


ဆိုဗက်စ်စတာက ကျွန်မ မေးနေသည်ကို ကြည့်နေခဲ့၏။ကျွန်မ ဆက်ပြောလိုက်မိသည်။


"ကောင့်မြို့စားကာဒယ်လ်နဲ့ ဒုတိယမင်းသားက အပေးအယူတစ်ခုခု လုပ်နေခဲ့တယ်။"


"အာ ... မှော်အစီအရင်စက်ဝန်းကိစ္စလား။"


"ရှင် ဒါကိုလဲ သိတာပဲပေါ့!"


ကျွန်မ လက်သီးဆုပ်၍ ကိုယ့်နဖူးကိုယ် ထုလိုက်မိပြီး နှုတ်ခမ်းကို ကိုက်လိုက်သည်။


"မှော်အစီအရင်စက်ဝန်းကို ရှာတွေ့ရင် ဘာလုပ်မလို့လဲ။အဲ့ဒါကို ဘာအတွက် အသုံးချမှာလဲ။"


"အဲ့ဒါ လျှို့ဝှက်ချက်လေ။"


"ဘာ လျှို့ဝှက်ချက်လဲ ! ကျွန်မ အကုန် သိပြီးပြီ၊အိမ်ရှေ့စံကို ထိခိုက်အောင် လုပ်ဖို့ ကြိုးစားနေတာပဲ !"


"တိုးတိုး ပြောပါကွာ၊ကိုယ် ကြားရပါတယ်။"


"ရှင် အခုမှ တိုးတိုးလေး ပြောချင်နေတာလား!"


ကျွန်မ အသံကို မြှင့်လိုက်သည်။ဆိုဗက်စ်စတာ ပျာယာခတ်သွားသည်ဟု ခံစားရ၏။


"ဒီကနေ အရင်ဆုံး သွားရအောင်။"


ဆိုဗက်စ်စတာက ကျွန်မ၏လက်ကို ဆွဲ၍ လသာဆောင်ဘက်သို့ ခေါ်သွားခဲ့သည်။ကျွန်မတို့ လသာဆောင်သို့ ရောက်လာသည်နှင့် သူက တံခါးကို လော့ချပြီး လိုက်ကာကို ဆွဲပိတ်လိုက်သည်။ပြီးမှ ပြန်လှည့်၍ ကျွန်မကို ကြည့်လာခဲ့သည်။


"မင်း ဘာဖြစ်လာလို့လဲ။"


ကျွန်မ မျက်လုံးမှိတ်ထားမိသည်။


"ဟူး ..."


ပြီးမှ သက်ပြင်းမောကြီး ချလိုက်၏။


"မသိဘူး၊ ကျွန်မ ဘာဖြစ်နေတာလဲ။"


ကျွန်မအနားသို့ ဆိုဗက်စ်စတာ တိုးကပ်လာသည်ကို ခံစားမိသည်။သူ၏အေးစက်သော လက်ချောင်းထိပ်များက ကျွန်မ၏လက်ကို ထိတွေ့လာခဲ့သည်။


"ကိုယ့်ကို ပြော ....ဘာဖြစ်ခဲ့တာလဲ။"


သူက ထို့သို့ ပြောလိုက်သည်နှင့် ဆိုဗက်စ်စတာထံသို့ အရာအားလုံး ထုတ်ပြောပြလိုက်ချင်သော စိတ်ဆန္ဒက ကျွန်မ၏လည်ချောင်းဝအထိ ထိုးတက်လာခဲ့သည်။


သို့သော် ထိုသို့ ပြောလိုက်မိသည်နှင့် လှည့်ပြန်စရာလမ်း မရှိတော့ပေ။


မူလဇာတ်ကြောင်းမှာကဲ့သို့ ကျွန်မ နက်နက်နဲနဲ ပါဝင်ပတ်သက်မိသွား
လိမ့်မည်။


သာယာအေးချမ်းသော ဘဝလေးကို လက်လွှတ်လိုက်ရမည်။


သို့သော် 


ကျရှုံးခဲ့ရင် မင်း ငါ့လက်ထဲမှာ သေရမယ်၊ ကျိန်းသေပေါက်ပဲ။


ဘာပဲဖြစ်ဖြစ် ငါက သေရမယ်ဆိုရင်တောင် ရှင်သန်နိုင်ဖို့အတွက် ကောက်ရိုးတစ်မျှင်ကိုတော့ မဆွဲလိုက်သင့်ဘူးလား။


ကျွန်မ မျက်လုံးများကို ကျယ်ကျယ်ဖွင့်ထားလိုက်သည်။


"ရှင် ကျွန်မကို ကူညီပေးနိုင်မလား။"


ပြီးနောက် ဆိုဗက်စ်စတာ၏လက်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားလိုက်မိသည်။


"ဒါဆို ကျွန်မ ရှင့်ကို ကြိုက်မယ်လေ။"


"..."


ဆိုဗက်စ်စတာက အသက်မပါသောမျက်နှာဖြင့် ကျွန်မကို ငုံ့ကြည့်လာခဲ့သည်။


ပြီးမှ နှုတ်ခမ်းကို တွန့်၍ လှောင်ပြုံးလေး ပြုံးလိုက်သည်။


"ကိုယ့်ဇနီးလေးက အရမ်းယုတ်မာတာပဲ။"


သူက ကျွန်မ၏ပါးပြင်ကို နောက်တစ်ကြိမ် တို့ထိလိုက်ပြီး ပြောလေသည်။


"ကိုယ့်နှလုံးသားကို အသုံးချပြီး အပေးအယူလုပ်လာမယ်လို့ယုံတောင် မယုံနိုင်ဘူးကွာ။"


"ဒီတော့ ရှင် မကြိုက်လို့လား။"

"မဟုတ်ပါဘူး၊မင်းက အမြဲတမ်း ဒီလိုပဲလို့ ကိုယ် တွေးမိရုံပါ။"


ဆိုဗက်စ်စတာက ဖြည်းဖြည်းချင်း ငုံ့ကိုင်းလာခဲ့သည်။


ပြီးနောက် ကျွန်မ၏နားရှိရာသို့ တိုးကပ်ပြီး အသံနိမ့်နိမ့်ဖြင့် ပြောလာခဲ့သည်။


"ကိုယ့်ကို ပြော ..."


နတ်ဆိုးတစ်ကောင်၏ ဖြားယောင်းမှုနှင့် အလားတူ၏။


"မင်း ဘာပြောပြော ကိုယ် နားထောင်ပေးမယ်။"


သူက အမှန်ပင် ပြောသမျှ နားထောင်ပေးလိမ့်မည်ဟု ကျွန်မ ခံစားမိသည်။ထို့ကြောင့် ဆိုဗက်စ်စတာ ဟူသော နောက်ဆုံး ကောက်ရိုးမျှင်လေးတစ်ခုကို ဆွဲထားရလိမ့်မည်။ 


"မရဘူး"


"ရှင် ...ရှင် စောစောကပဲ ပြောသမျှ အကုန်နားထောင်မယ်လို့ ပြောခဲ့တယ်လေ။"


"ဒါပေမဲ့ ဒီတစ်ခု မပါဘူး။"


လှုပ်ယမ်းနေသော ရထားလုံးထဲတွင် ကျွန်မတို့ စကားစစ်ထိုးနေခဲ့၏။


"ဒုတိယမင်းသားကို သစ္စာဖောက်ရမယ်တဲ့၊မင်း စိတ်မှ မှန်သေးရဲ့လားကွာ။"


ဒုတိယမင်းသားကို သစ္စာဖောက်ရန် ဆိုဗက်စ်စတာကို အကြံပေးလိုက်မိသည်။


သို့သော် သူက ခေါင်းမာမာဖြင့် ငြင်းဆန်နေခဲ့၏။


ကျွန်မလည်း နှုတ်ခမ်းကို အားသုံး၍ ကိုက်ထားလိုက်ရသည်။


"အဲ့လိုမလုပ်ရင် ကျွန်မ သေသွားလိမ့်မယ်။"


"မင်း မသေနိုင်ပါဘူးလို့ ကိုယ် ဘယ်နကြိမ်လောက် ပြောပေးရမလဲ။"


"မဟုတ်ဘူး ... မဟုတ်ဘူးလို့!"


ကျွန်မ အော်ဟစ်မိသွားပြီး အသက်ပြင်းပြင်း ရှူလိုက်ရသည်။


"နားထောင်"


ကျွန်မ တံတွေးမျိုချပြီး ပြောလိုက်သည်။


"အရင်တုန်းက ကျွန်မ ဒုတိယမင်းသားနဲ့ အပေးအယူတစ်ခုလုပ်ခဲ့တယ်။"


"ဘာ!"


ဤအချိန်တွင် အော်ဟစ်လိုက်သူက ဆိုဗက်စ်စတာ ဖြစ်သည်။


သူက ညည်းညူ၍ နဖူးကို လက်ဖြင့် ထောက်ထားလိုက်သည်။


"အိုး ... ကိုယ့်ခေါင်းက ချာချာလည်နေသလိုပဲ။အိမ်တော် ပြန်ရောက်ရင် ဆေးသောက်ရတော့မယ်။"


ဆိုဗက်စ်စတာက နားထင်ကို ဖိနှိပ်ရင်း မျက်မှောင်ကြုတ်ထားလေသည်။


"ဒီတော့ မင်း ဘယ်လိုအပေးအယူမျိုး လုပ်ခဲ့တာလဲ။"


"ဒါက ..."


ကျွန်မ လေးပင်စွာ အသက်ရှူပြီးမှ အသံသေးသေးလေးဖြင့် ပြောလိုက်မိသည်။


"ကျွန်မ စုန်းမတစ်ယောက်ရဲ့မှော်အစီအရင်စက်ဝန်းတစ်ခု ရခဲ့တယ်။"


"အိုဖီလီယာ!"


မောင်းနှင်နေသော ရထားလုံးထဲတွင်သာ မဟုတ်ပါက ဆိုဗက်စ်စတာ ထခုန်မိလိမ့်မည်။


ရထားလုံးပေါ်တွင် ရှိနေခဲ့သဖြင့် ကံကောင်းသည်ဟုပင် ဆိုရမည်။


ဟူး...


"အဲ့ဒီအချိန်တုန်းက ကျွန်မက ဒီလိုမျိုးပဲ၊အရမ်းသန်မာချင်ခဲ့တယ်။"


ဆိုဗက်စ်စတာ၏မျက်လုံးများ မှေးကျဥ်းသွားခဲ့သည်။


"ဒါကြောင့် မင်းက ရုတ်တရက် ပိုပြီးသန်မာလာခဲ့တာလား။"


"အင်း ...ဒါပေမဲ့ ဒီကိစ္စက လျှို့ဝှက်ချက်နော်။ကျွန်မ ကျရှုံးခဲ့တယ်လို့ သူ့ကို ပြောထားတယ်။"


"မင်း ရူးနေပြီပဲ။"


ဆိုဗက်စ်စတာက သက်ပြင်းချ၍ နားထင်များကို ပွတ်သပ်နေခဲ့သည်။


"ဆက်ပြောဦး"


"အင်း"


ကျွန်မ သတိထား၍ ဆက်ပြောလိုက်သည်။


"သူက ကျွန်မဆီကနေ တန်ရာတန်ကြေးတစ်ခု တောင်းနေတယ်၊မှော်အစီအရင်စက်ဝန်းအတွက် တန်ကြေး။"


"ဟုတ်တာပေါ့ ... ဘာတဲ့လဲ။"


"အိမ်ရှေ့စံမင်းသားကို သတ်ပေးဖို့ သူ ကျွန်မကို ပြောတယ်။"


ဆိုဗက်စ်စတာက ထိုစကားကို ကြိုတင်ခန့်မှန်းထားမိသည့် ပုံစံဖြစ်နေသည်။


"ကျွန်မ အဲ့လို မလုပ်နိုင်ဘူး။"


ကျွန်မ အလျင်အမြန် ခေါင်းခါလိုက်သည်။


"ကျွန်မရဲ့ရည်မှန်းချက်က အေးအေးချမ်းချမ်းနဲ့ သက်တောင့်သက်သာနေရဖို့ပဲလေ။အခုတော့ သူက ကျွန်မကို ကြောက်စရာကောင်းတဲ့ကိစ္စတွေကြားထဲ ဝင်ပါခိုင်းနေတာ။ကျွန်မ မလုပ်နိုင်ဘူး ... ဘယ်တော့မှပဲ။"


"မင်း ကောင့်မြို့စားကတော်ကို သတ်ဖို့ ဘယ်အချိန်တုန်းက ကြိုးစားခဲ့တာလဲ။"


"အာ ... အဲ့ဒါက အဲ့ဒါ၊ အခုက အခုလေ!"


ကျွန်မ အော်ပစ်လိုက်ပြီး ဆိုဗက်စ်စတာ၏လက်ကို လှမ်းဆွဲထားလိုက်သည်။


"ဒါကြောင့်မို့လို့ ရှင် ကျွန်မကို ကူညီပေးစေချင်ပါတယ်။"


ဆိုဗက်စ်စတာ ကြောင်အသွားရသဖြင့် ရယ်ချလိုက်မိသည်။


"မင်းဘာသာ အရာအားလုံး လျှောက်လုပ်ထားပြီးပြီလေ။အခုမှ ကိုယ့်ကို ကူညီပေးစေချင်တာလား။"


"အင်း"


"ကိုယ် ရူးတော့မှာပဲ။"


သူက ကျစ်ခနဲ စုတ်သပ်လိုက်ပြီး နဖူးကို လက်ချောင်းထိပ်များဖြင့် ဖိနေခဲ့သည်။


"ဒီမိန်းကလေးကတော့ ... မင်း ဘာလို့ ဒီလိုတွေ လျှောက်လုပ်ခဲ့ရတာလဲ။"


"ဒီလို ဖြစ်လာမယ်လို့ ကျွန်မမှ မသိတာ။"


ထို့အပြင် အစကတည်းက ကျွန််မ မသိခဲ့သောကိစ္စလည်း ဖြစ်နေသေးသည်။


ရှင်က ကျွန်မကို မူလအိုဖီလီယာနဲ့ ဘာဖြစ်စေချင်နေတာလဲ ဟမ်။


ကျွန်မ အော်ဟစ်လိုက်ချင်သော်လည်း ထိုသို့ထုတ်ဖော်ပြောပြနိုင်ခြင်းမရှိ၍ သည်းညည်းခံလိုက်ရ၏။


ထိုအခိုက်အတန့်တွင် တိတ်ဆိတ်မှုက ဖုံးလွှမ်းလာခဲ့သည်။


ဆိုဗက်စ်စတာ အတွေးထဲ နစ်မျောနေခဲ့သည်။


ကျွန်မတို့ ဘယ်အချိန်အထိ တိတ်ဆိတ်နေရဦးမှာလဲ။


ကျွန်မ အနည်းငယ် စိတ်လှုပ်ရှားလာချိန်တွင် ဆိုဗက်စ်စတာက ပါးစပ်ဖွင့်လာခဲ့သည်၊


"ကိုယ် ဒုတိယမင်းသားဆီကနေ ရစရာတစ်ခု ရှိတယ်။"


သူက တိတ်တဆိတ် သက်ပြင်းချ၍ ဆက်ပြောသည်။


"ကိုယ့်အတွက် ရမှဖြစ်မဲ့ အရာတစ်ခုပါ။ဒါကြောင့်မို့လို့ပဲ ကိုယ်က ဒုတိယမင်းသားကို သစ္စာမဖောက်နိုင်တာ။"


"ဒါဆို ကျွန်မ ဘာလုပ်သင့်လဲ။"

"ဒီလိုပြောရတာက အိမ်ရှေ့စံမင်းသားကို သတ်ပေးဖို့ ကိုယ် တောင်းဆိုနေတာ မဟုတ်ဘူးနော်။မင်းက ဘယ်သူ့ကိုမှ သတ်ပစ်ဖူးတာ မဟုတ်ဘူး ...အဲ့လို ထင်ရတာပဲ။"


'အဲ့လို ထင်ရတာပဲ' ဆိုတာက ဘာကို ပြောချင်တာလဲ။


ဆိုဗက်စ်စတာ ... ရှင်က ရှင့်ဇနီးကိုတောင် မယုံနိုင်ဘူးပေါ့လေ။


ကျွန်မ ပြောစရာစကား မရှိတော့သဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။


နောက်ထပ်စကားတစ်ခုက အမှန်ပင် ကိုးရို့ကားရားနိုင်လွန်း၏။


"ဒီတော့ ကိုယ်က အိမ်ရှေ့စံမင်းသားကို သတ်လိုက်မယ်လေ ... မကောင်းဘူးလား။"


ဘုရားရေ


ကျွန်မ မျက်နှာကို လက်ဖြင့် အုပ်ထားလိုက်မိ၏။


"မလုပ်ရဘူး!"


ပြီးနောက် ကျွန်မ အော်လိုက်သည်။


"မရဘူး !ရှင် ဘယ်တော့မှ မလုပ်ရဘူး!"


ထိုသို့ ဖြစ်လာပါက မူလဇာတ်ကြောင်းအတိုင်းသာ အဆုံးသတ်သွားရပေလိမ့်မည်။


မူလဇာတ်ကြောင်းမှာ မည်သို့ဖြစ်မည်နည်း။


ဆိုဗက်စ်စတာနှင့် ကျွန်မတို့ နှစ်ယောက်လုံး အသတ်ခံလိုက်ရသည်။


ထိုသို့ ဖြစ်လာမည်ကို တားဆီးရမည်။


"ရှင် သေသွားရင် ဘယ်လိုလုပ်မလဲ။"


"ကိုယ် မသေနိုင်ပါဘူး။"


"ရှင် သေသွားမှာ!"


ကျွန်မ မျက်စိစုံမှိတ်၍ အော်ဟစ်လိုက်သည်။


"ကျွန်မရဲ့လက်ထဲမှာ ရှင် သေသွားနိုင်တယ် သိရဲ့လား!"


"..."


အသံတစ်သံမှ မကြားရသည်အထိ တိတ်ဆိတ်သွားသည်။


အိုး ... ငါ ပြောချလိုက်မိပြီ၊ဒါပေမဲ့ ငါ ဒါကို ထပ်ပြောရမှာပဲ။


ကျွန်မလည်း ဖြည်းဖြည်းချင်း ဖွင့်ဟလာသော ဆိုဗက်စ်စတာ၏နှုတ်ခမ်းများကို ကြည့်နေလိုက်သည်။


"မင်းက ကိုယ့်ကို သတ်ပစ်မှာလား။"


" ... အင်း"


ကျွန်မ ဖြည်းဖြည်းချင်း ဆက်ပြောလိုက်သည်။


"ရှင့်ကို ဘယ်လိုသတ်ရမလဲဆိုတာ ကျွန်မ သိတယ်။"


"ဘယ်လိုလဲ"


"စွမ်းအင်ရင်းမြစ် ပေါက်ကွဲအောင်လုပ်ပြီးတော့ ...ဒါကို အရှင့်သားလဲ သိနေလောက်တယ်။"


ဆိုဗက်စ်စတာ၏သက်ပြင်းချသံက လေးနက်သွားခဲ့သည်။သူက ရှေ့ဆံပင်များကို ဆွဲဖွရင်း ခြေတံရှည်များကို ဆန့်ထုတ်လိုက်၏။ပြီးနောက် ခေါင်းကိုက်နေသည့်အတိုင်း နဖူးကို လက်ချောင်းများဖြင့် ဖိနှိပ်နေခဲ့၏။


"မင်း ပြောချင်တာက သူက မင်းကို အဲ့လိုလုပ်ခိုင်းလာနိုင်တယ်ပေါ့ ဟုတ်လား။"


"အမှန်ပဲ"


ဆိုဗက်စ်စတာ မရယ်ချင်ဘဲ ရယ်ချလိုက်သည်။သူက ကျစ်ခနဲ စုတ်သပ်လိုက်ပြီး စောင်းပါးရိပ်ခြည်အသွင်ဖြင့် မျက်လုံးများကို ပင့်ပြီး ကြည့်လိုက်သည်။


"အင်း ... ဒါဆို မင်း ဘာကို ရွေးချယ်မလဲ။"


"ဘာကို ရွေးရမှာလဲ။"


"မင်း ကိုယ့်ကို သတ်မှာလား ၊ဒါမှမဟုတ် ကယ်လီယန်ကို သတ်မှာလားလို့ ကိုယ် မေးနေတာ။"


"ကျွန်မ ရှင်တို့နှစ်ယောက်လုံးကို သတ်ပစ်မှာ မဟုတ်ဘူး!ဘာလို့ ဒီလိုကြောက်စရာကောင်းတာတွေ ပြောနေရတာလဲ။"


ကျွန်မ အော်လိုက်လျှင် ဆိုဗက်စ်စတာ မျက်မှောင်ကြုတ်သွားသည်။သူက ကျွန်မကို မေး၏။


"ဒါဆို မင်း ဘာဆက်လုပ်မှာလဲ။"


"အဲ့ဒါကြောင့်ပဲ ရှင့်ကို အကူအညီတောင်းနေရတာပေါ့။"


ကျွန်မ ဆိုဗက်စ်စတာ၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။


"ကျွန်မ ဒုတိယမင်းသားကို ဒုက္ခပေးမလို့။"


"ဒုက္ခပေးမယ်။"


"အင်း"


ကျွန်မ စိတ်ပိုင်းဖြတ်ထားပြီး ပြန်ဖြေခဲ့သည်။


"သူ ကျွန်မကို ကြောက်နေရင် တခြားဘယ်သူ့ကိုမှ ခြိမ်းခြောက်နိုင်တော့မှာ မဟုတ်ဘူး။"


ကျွန်မ၏စကားကြောင့် ဆိုဗက်စ်စတာ၏နှုတ်ခမ်းများက ကွေးတက်သွားခဲ့သည်။


"တကယ်ပါပဲ ၊ ကိုယ့်ဇနီးလေးကတော့ ..."


ကျွန်မ၏ဆံပင်များကို ညင်သာစွာ ပွတ်သပ်နေရင်း ဆိုဗက်စ်စတာက ပြောခဲ့သည်။


"တကယ့်အဆိုးလေးပဲ။"


ပြီးနောက် သူက ကျွန်မ၏ဆံပင်ထိပ်ဖျားလေးများကို နမ်းရှိုက်လိုက်ပြီး မျက်လုံးကို ပင့်၍ ကြည့်လာခဲ့သည်။


"ဒါကြောင့်လဲ မင်းကို ကိုယ်က ပိုပြီးသဘောကျနေရတာ။"


အာ 


ဒီအခြေအနေမျိုးမှာ ဖွင့်ပြောနေတာကြီးက ...


ဆိုဗက်စ်စတာက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ။


TK Team
++++++++