ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ
အပိုင်း (၁၀၄)
လာဂိုက အိမ်တော် အနောက်ဘက်ဥယျာဥ်ရှိရာသို့ ဦးတည်နေခဲ့သည်။
သူ့ကို ဥယျာဥ်ထဲ သွားအောင် ဘယ်အရာက လုပ်နေတာဖြစ်မလဲ။
ကျွန်မ သိချင်သဖြင့် သူ့နောက်ကို ဖြည်းဖြည်းချင်း လိုက်သွားခဲ့သည်။
ယနေ့ သက်တောင့်သက်သာနှင့် သွားရလာရလွယ်ကူသော ဝတ်စုံကို ဝတ်ခဲ့မိသဖြင့် ဝမ်းသာမိသည်။ပို၍ကံကောင်းသည်က ဖိနပ်နိမ့်နိမ့်များ စီးခဲ့မိခြင်းပင်။
ကျွန်မ တတ်နိုင်သမျှ ကိုယ်ကို နှိမ့်ချပြီး ပုန်းလျှိုးကွယ်လျှိုးဖြင့် လာဂိုနောက်သို့ လိုက်လာခဲ့မိသည်။
လာဂိုရပ်တန့်သွားသော နေရာမှာ အနောက်ဘက်ဥယျာဥ်ရှိ အစွန်အဖျားကျသော နေရာတစ်ခု ဖြစ်လေသည်။
သူက အဝေးသို့ ခဏခဏ ခေါင်းလှည့်ကြည့်နေခဲ့သည်။
တစ်စုံတစ်ယောက်ကို စောင့်မျှော်နေသကဲ့သို့။
ဘယ်သူ့ကို ဖြစ်မလဲ။
အမှန်တွင် လာဂိုက မည်သူ့ကို စောင့်နေသည်ဖြစ်စေ ကျွန်မအတွက် ဘာမှလုပ်စရာအကြောင်း မရှိပေ။သို့တိုင် ကျွန်မ သိချင်နေသေးသည်။
အတိတ်တွင် လာဂိုနှင့် အိုဖီလီယာမှာ ဆက်ဆံရေးတစ်ချို့ ရှိထားခဲ့သဖြင့် ယခု လာဂိုနှင့် လာရောက်တွေ့ဆုံမည့်သူက အတိတ်တွင် အိုဖီလီယာနှင့် ပတ်သက်မှုရှိနိုင်သည်ဟု တွေးမိသောကြောင့် ဖြစ်၏။
ထို့ကြောင့် ကျွန်မလည်း အသက်အောင့်ထားပြီး လာဂိုကို စောင့်ကြည့်နေခဲ့သည်။
ထိုအချိန်တွင် တစ်စုံတစ်ယောက် ရောက်ရှိလာခဲ့သည်။
ထိုသူမှာ ...
ကောင့်မြို့စား!
ကောင့်မြို့စားကာဒယ်လ် ဖြစ်နေလေသည်။
"..."
ထိုနေရာမှာ အစကတည်းက ကောင့်မြို့စားကာဒယ်လ်၏အိမ်တော် ဖြစ်လေရာ ကောင့်မြို့စားကာဒယ်လ် ရှိနေမည်ဖြစ်သည်။ထိုသူနှစ်ဦး တွေ့ဆုံခြင်းမှာ အိမ်ရှင်က ဖိတ်ကြားထားသောဧည့်သည်ကို ထွက်၍ ကြိုဆိုနေသည့်အတိုင်း ဖြစ်နေ၏။
ကျစ် ... သွားပြီ။
ကျွန်မ စိတ်ပျက်သွားပြီး လှည့်ပြန်ရန် ကြိုးစားလိုက်သည်။သို့သော် ...
"ဒီတော့ မင်း မှော်အစီအရင်ကို ရှာတွေ့ပြီလား။"
ဘာလဲဟ
ရုတ်တရက် ထွက်လာသော စကားသံကြောင့် ကျွန်မ ခေါင်းပြန်လှည့်လိုက်မိသည်။ပြီးနောက် ကိုယ်ကို ညွှတ်ကိုင်း၍ ပုန်းကွယ်လိုက်ပြီး သူတို့၏စကားများကို နားထောင်လိုက်မိသည်။
"ကျွန်တော် အခုထိ ရှာမတွေ့သေးပါဘူး။တိုက်ကြီး တစ်တိုက်လုံး နေရာအနှံ့ ရှာခဲ့ပြီးပါပြီ၊ဒါပေမဲ့ အစအနလေးတောင် မတွေ့ခဲ့ရပါဘူး။"
မှော်အစီအရင်စက်ဝန်း
နတ်ဆိုးများ ချန်ရစ်ခဲ့သော ရှေးဟောင်းအမွေအနှစ်
မှော်အစီအရင်စက်ဝန်းမှာ အစွမ်းမရှိသော မှော်ဆရာတစ်ယောက်ပင်လျှင် မှော်အစွမ်းများကို ချက်ချင်းအသုံးပြုနိုင်အောင် လုပ်ပေးနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။အသုံးပြုရသည်က လျင်မြန်ပြီး လွယ်ကူသည်။
သို့သော် မှော်အစီအရင်စက်ဝန်းမှာ တစ်ကြိမ်သာ အသုံးပြုနိုင်လေသည်။ထို့ကြောင့် အလွန်ပင် ရှားပါးလှပြီး ရှာတွေ့ရန် ခက်ခဲ၏။
လာဂိုက မှော်အစီအရင်စက်ဝန်းကို ရှာဖွေနေပုံရသည်။
မည်သည့်နေရာတွင် အသုံးချမည်မှာ သိသာနေ၏။
ကယ်လီယန်ကို ဒုက္ခပေးရန် ကြိုးစားမည်မှာ သေချာသည်။
"သေစမ်း!"
လာဂိုက ခြေဆောင့်နင်းလိုက်ပြီး ဆဲရေးတိုင်းထွာသည်။
"ငါ မင်းအပေါ်မှာ သုံးထားတဲ့ ပိုက်ဆံတွေကို စဥ်းစားထားလိုက်။အဲ့ဒါတွေအတွက် ပြန်ပေးဆပ်ရမှာပဲ။"
"ကျွန်တော် တောင်းပန်ပါတယ်။"
"မင်းက တောင်းပန်ပါတယ်ပဲ ပြောနိုင်မှာပေါ့ ...ဟမ့် ...အသုံးမကျတဲ့ကောင်။"
ဖြောင်း!
လာဂိုက ကောင့်မြို့စားကာဒယ်လ်၏ပါးကို ရိုက်ချလိုက်သည်။
အမလေး
ဒရာမာဇာတ်လမ်းလား ...ဘာလားပဲ။
ဤသို့ စိတ်လှုပ်ရှားစရာအခြေအနေတွင် စားရန် ပြောင်းဖူးပေါက်ပေါက် မရှိသဖြင့် နောင်တများစွာနှင့် ကျွန်မ သူတို့ကို ကြည့်နေလိုက်ရသည်။
"ကျွန်တော် တောင်းပန်ပါတယ်၊ထပ်ပြီး ရှာကြည့်ပေးပါ့မယ်ဗျာ။"
ကောင့်မြို့စားကာဒယ်လ်က အရှက်ရနေသောမျက်နှာဖြင့် ပြောသည်။
"တစ်လ"
လာဂိုက သက်ပြင်းချ၍ လက်သီးဆုပ်လိုက်သည်။
"လကုန်တဲ့အထိ တစ်လတိတိ အချိန်ပေးမယ်။ဒီတော့ ရအောင် ရှာခဲ့၊မဟုတ်ရင်တော့ !"
သူက လည်ပင်းကို လက်ချောင်းများဖြင့် ဖြတ်ပြလိုက်သည်။
"မင်းမိန်းမ အရင်ဆုံး သေရမယ်၊သဘောပေါက်လား။"
"ကျ ...ကျွန်တော် နားလည်ပါတယ်၊ကျေး ...ကျေးဇူးပြုပြီး ညှာတာပေးပါဦးဗျာ။"
ဘုရားရေ
ကောင့်မြို့စားကတော်ကာဒယ်လ်ကို ဓါးစာခံလုပ်မယ်ဆိုပြီး ပြောလိုက်တာပေါ့!
ဒီလူက အတော်လေး ကြောက်စရာကောင်းတာပဲ။
ကျွန်မ မြန်မြန်ပြန်ပြီး ဆိုဗက်စ်စတာကို ထိုအကြောင်း ပြောပြသင့်သည်ဟု တွေးမိသည်။
ဆိုဗက်စ်စတာ သိ၊မသိ စစ်ဆေးကြည့်ပြီးတော့ သူသာ သိမယ်ဆိုရင် ဘာဖြစ်နေတာလဲဆိုတာ မေးကြည့်ရမယ်။
ဤအတွေးဖြင့် ကျွန်မ ခန္ဓာကိုယ်ကို လူမမြင်အောင် ညွှတ်ကိုင်းထားပြီး လှည့်ထွက်ရန် လုပ်လိုက်သည်။
ထိုစဥ်
"သေစမ်း ... ဒီလို ဖြစ်မယ်ဆိုတာ ကြိုသိရင် ငါ အိုဖီလီယာကို မှော်အစီအရင်စက်ဝန်းတစ်ခု ပေးခဲ့မှာ မဟုတ်ဘူး။"
ဘာ
*
[ဖေဖော်ဝါရီ ၁၂ရက်
ငါ ဘယ်လိုမျိုးလုပ်မှ ဖလဲရ်ကို သတ်ပစ်နိုင်မှာလဲ။]
အိုဖီလီယာ၏ဒိုင်ယာရီထဲမှ အကြောင်းအရာများကို ကျွန်မ အရင်ကတည်းက မှတ်မိသည်။
[မတ်လ ၈ရက်
ငါ ဖလဲရ်ကို သတ်နိုင်မဲ့ နည်းလမ်း ရှာတွေ့ပြီ။
ဒါက ငါ ပိုပြီး သန်မာလာရင် လုပ်လို့ ရမဲ့ အရာပဲ။
ငါ့ရဲ့ မှော်နက်စွမ်းအားကို ပိုသန်မာအားကောင်းလာအောင် လုပ်ဖို့ပဲ လိုတယ်။
ဖလဲရ်ကိုသာ သတ်ပစ်နိုင်မယ်ဆိုရင် ငါ ဒါကို လုပ်နိုင်တယ်။]
နောက်တစ်မျက်နှာတွင် မှော်အစီအရင်စက်ဝန်း၏ပုံကို ရေးဆွဲထားသည်။
[ဧပြီ ၂ရက်
ဒါက ငါ့ရဲ့မှော်နက်စွမ်းအားတွေကို တိုးမြှင့်ပေးနိုင်မည့် အစီအရင်စက်ဝန်းတစ်ခုပဲ။
အဲ့ဒီပုဂ္ဂိုလ်က စုန်းမတစ်ယောက်ဆီကနေ ရလာတဲ့ တန်ဖိုးကြီး အစီအရင်တစ်ခု။]
'အဲ့ဒီပုဂ္ဂိုလ်'
အဲ့ဒီပုဂ္ဂိုလ်က ...
"ငါသာ အိုဖီလီယာကို အဲ့ဒီမှော်အစီအရင်စက်ဝန်း မပေးဖြစ်ခဲ့ရင် အခု သုံးလို့ရနေပြီ၊ သေစမ်းကွာ!"
ထိုပုဂ္ဂိုလ်မှာ ဒုတိယမင်းသားလာဂို ဖြစ်နေခဲ့သည်။
အခုမှသာ အားလုံးက အစီအစဥ်တကျ ဖြစ်သွားသည်ဟု ခံစားမိ၏။
လာဂိုက ကျွန်မကို မြင်တိုင်း အဘယ့်ကြောင့် လွန်လွန်ကဲကဲ ဖြစ်နေရသနည်း။သူက ကျွန်မထံမှ တစ်ခုခု ပြန်ယူချင်သကဲ့သို့ နားမလည်နိုင်စရာစကားများကို အဘယ့်ကြောင့် ပြောနေခဲ့ရသနည်း။အရာအားလုံးက အံဝင်ခွင်ကျ ဖြစ်သွားရသည်။
ဘုရားရေ
ဒီတော့ ဘာဖြစ်မလဲ။
အရှုပ်အထွေးထဲ ဝင်မပါမိထားဖူးဆိုရင် ဒီခန္ဓာကိုယ်က အစကတည်းက လွတ်မြောက်နေပြီးသား ဖြစ်ခဲ့မှာပေါ့။
ကျွန်မ စိတ်ထဲတွင် အော်ဟစ်နေမိသည်။
အား ...ငါ ငိုနေရပါပြီ။
ငါ ရူးတော့မယ်။
ကျွန်မ အတွေးများကို စုစည်းပြီး ကပွဲရှိရာသို့ ပြန်သွားရမည်ဟု ဆုံးဖြတ်လိုက်၏။
သို့သော်
ဂျွတ်!
ပြုတ်ကျနေသော သစ်ကိုင်းတစ်ကိုင်းပေါ်သို့ တက်နင်းမိသွားရ၏။
အသံက အလွန်ကျယ်လောင်သည်။
Manhwa ထဲကလိုပါပဲလား ... ဟား ဟား ဟား
"အိုဖီလီယာ ရိုင်ဇန်"
ထင်ထားသည့်အတိုင်း ကျွန်မကို ဖမ်းမိသွားခဲ့သည်။
အား ... သွားပါပြီ!
ကျွန်မ မျက်စိစုံမှိတ်၍ ညည်းတွားလိုက်မိ၏။
"မင်းက ကြွက်ပေါက်လေးတစ်ကောင်လို ပုန်းပြီး ဘာတွေလုပ်နေတာလဲ ... ဟမ်။"
လာဂိုက အနားသို့ ရောက်လာပြီး ကျွန်မ၏ပခုံးကို ဆတ်ခနဲ ဆောင့်ဆွဲ၍ ပြောသည်။
"ကြွက်ဆိုတာ ဘာကို ဆိုလိုချင်တာပါလဲ ဒုတိယအရှင့်သား။"
ကျွန််မ အမူအရာကို တည်ငြိမ်နေအောင် ကြိုးစားလိုက်ပြီး ဖြည်းဖြည်းချင်း ခေါင်းလှည့်ကြည့်လိုက်သည်။
"ကျွန်မက ဒီအတိုင်း ဖြတ်သွားရုံပါ။"
"ဒီအတွက်တော့ မင်းရဲ့ကိုယ်ဟန်အနေအထားက အရမ်း ကသိကအောက်ဖြစ်စရာ ကောင်းနေတယ်နော်။"
လာဂိုက ပြောသကဲ့သို့ပင် ကျွန်မက ထိုင်နေရာမှ ထရပ်တော့မလို မပြတ်မသား အနေအထားမျိုး လုပ်နေခဲ့မိသည်။
ဖမ်းမိသွားလေပြီ။
ကျွန်မလည်း ကသိကအောက်ဖြင့် ပြုံးလိုက်ပြီး လည်ကုပ်ပေါ်မှ ချွေးအေးများကို သုတ်ပစ်လိုက်ရ၏။
"ကျွန်မ တကယ်ကို အမှတ်မထင် လမ်းကြုံသွားရတာပါ။"
"မင်း တစ်ခုခု ကြားခဲ့သေးလား။"
"ဘာများပါလိမ့်၊ဒုတိယအရှင့်သား ပြောနေတာကို ကျွန်မ မသိပါဘူး၊ဟိုး ဟိုး ဟိုး။"
"အိုဖီလီယာ ရိုင်ဇန်!"
လာဂိုက အော်ဟစ်လိုက်သည်။
"မင်း ဒီလိုမျိုး ဘယ်လောက်ကြာကြာ သရုပ်ဆောင်နေဦးမှာလဲ။"
သူက အံကြိတ်လိုက်ပြီး ကျွန်မ၏ခြေချောင်းများနှင့် သူ့ခြေထောက် ထိသည်အထိ တိုးကပ်လာခဲ့သည်။
"မင်း ငါ့ဆီက မှော်အစီအရင်စက်ဝန်း ရထားပြီးပြီဆိုတော့ မင်းအနေနဲ့ တန်ရာတန်ကြေးပေးရမှာပဲ။"
"ဒါပေမဲ့ ကျွန်မမှ မမှတ်မိတာကို!"
ကျွန်မ ပထမဆုံး အပြစ်ကင်းစင်ချင်ယောင် ဆောင်ရမည်ဟု တွေးလိုက်၏။
သို့မဟုတ်ပါက လာဂိုက ချောင်ပိတ်ဖမ်းလိမ့်မည်ဟု ထင်သည်။
"ကျွန်မ မမှတ်မိပါဘူး၊ဒီနေ့ ဒုတိယအရှင့်သားတို့ စကားစမြည်ပြောနေတာကို မတော်တဆကြားလိုက်ရမှပဲ ကျွန်မလည်း မှော်အစီအရင်စက်ဝန်း ရခဲ့တယ်ဆိုတာကို သိရတာပါရှင်။"
လာဂိုကို ကြည့်ရင်း ကျွန်မ သတိထား၍ ထပ်ဖြည့်ပြောလိုက်သည်။
"ဒါက ဘေးထွက်ဆိုးကျိုး ဖြစ်ပုံပါပဲ။"
ငါ ဒီလောက်အထိ ပြောပြနေတာဆိုတော့ နင် သဘောပေါက်လောက်ပါတယ်၊ဟုတ်တယ်မလား။
ကျွန်မ တံတွေးမျိုချလိုက်မိသည်။
"သေစမ်း!"
လာဂိုက ခြေဆောင့်နင်း၍ နောက်တစ်ကြိမ် အော်ဟစ်လိုက်ပြန်သည်။
ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ကောင့်မြို့စားကာဒယ်လ်က ပြေးထွက်သွားခဲ့သည်ကို ကျွန်မ တွေ့လိုက်ရသည်။
ဟား ဟား ... ဒီအကောင်ကတော့ ... နင် တကယ်ကို ကောင်းကောင်းကြီး ပြေးနေပါလား။နောက်မှ တွေ့ကြတာပေါ့။
ကျွန်မ ကောင့်မြို့စားကာဒယ်လ်ကို ကြည့်၍ ထိုသို့ တွေးလိုက်၏။
ထိုအချိန်တွင် လာဂိုက ကျွန်မ၏လက်ကောက်ဝတ်ကို ကြမ်းကြမ်းတမ်းတမ်း ဆုပ်ကိုင်လိုက်သည်။
"အာ့ !"
"မင်း ပိုပြီး သန်မာလာပြီ၊ဟုတ်တယ်မလား။"
လာဂိုက ကျွန်မ၏ခန္ဓာကိုယ်ကို ကြည့်ပြီး ပြောသည်။
"မင်း ပိုပြီး သန်မာလာပါတယ်၊မင်း ပိုပြီးတော့ကို သန်မာလာရမယ်၊မှန်တယ်မလား။"
သူက အရူးတစ်ယောက်နှင့် တူသည်။ကျွန်မ လက်ခါပြရန် ကြိုးစားသော်လည်း လာဂို၏စွမ်းအားက အလွန်ကောင်းနေသဖြင့် ထိုသို့ မလုပ်နိုင်ခဲ့ချေ။
"မ ... မဟုတ်ပါဘူး။"
ထို့ကြောင့် ကျွန််မ ခေါင်းခါပြလိုက်ရသည်။
"ကျွန်မက အရင်အတိုင်းပါပဲ၊ကျရှုံးသွားခဲ့ပါတယ်။"
"ဘာ"
လာဂို၏မျက်နှာထားက ပြေလျော့သွားသည်ကို တွေ့လိုက်ရသည်။သူက ခဏကြာသည်အထိ ဘာမှမသိတော့သလို ပုံစံဖြင့် ကျွန်မကို ကြည့်နေခဲ့သည်။ပြီးမှ တစ်စုံတစ်ရာကို စဥ်းစားမိပုံဖြင့် မျက်လုံးများက အားကောင်းစွာ စူးရဲတောက်ပလာခဲ့၏။
"ဒါဆို မင်း ဘာဖြစ်လို့ အသက်ရှင်နေရသေးတာလဲ။"
" ...ဘာကို"
"ကျရှုံးသွားရင် သေရမှာပဲ၊အသက်ဆက်ရှင်နေမှာ မဟုတ်ဘူး။ဒါပေမဲ့ ဘာတွေ ဖြစ်ခဲ့တာလဲ။"
လာဂိုက စိတ်ရှုပ်ထွေးနေသည့်အတိုင်း ညည်းတွားနေခဲ့သည်။
ထိုအချက်ကိုလည်း ဒိုင်ယာရီထဲတွင် ရေးထားခဲ့သည်။
ကျရှုံးလျှင် သေဆုံးရမည်။
ပြီးနောက် အိုဖီလီယာက ချက်ချင်း သေဆုံးသွားခဲ့၏။
ထိုအခါ ကျွန်မက ဤခန္ဓာကိုယ်ထဲ ဝင်ရောက်လာခဲ့သည်။
ဒီလိုမျိုး ဖမ်းမိသွားလို့မရဘူး။ငါ့ကို ဖမ်းမိသွားရင် အကုန်လုံး သွားပြီပဲ။အဆုံးသတ်ပြီ။
"ကျေးဇူးပြုပြီးတော့ ကြမ်းတမ်းတဲ့အကြောင်းအရာတွေကို ပေါ့ပေါ့လေး မပြောပါနဲ့လား ဒုတိယအရှင့်သား။ကျွန်မ သေချာပေါက် အသက်ရှင်နေခဲ့တာပါ။"
ထို့ကြောင့် တည်ငြိမ်နေသလို တမင်တကာ ဟန်ဆောင်၍ ပြောလိုက်ရသည်။
"ထူးဆန်းတယ်"
ထိုအခါ လာဂို၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။
"တကယ်ကို ထူးဆန်းနေတယ်။"
သူက ကျွန်မ၏လက်ကောက်ဝတ်ကို လွှဲယမ်းပြီး ရေရွတ်သည်။
"မကြာသေးခင်က မင်း ပြောင်းလဲသွားခဲ့သေးတယ်။"
သူက ခေါင်းလှည့်၍ ကျွန်မကို စိုက်ကြည့်သည်။
"မဟုတ်မှလွဲရော မင်း ..."
ကျစ်
"ကျွန်မ ဒုတိယအရှင့်သားကို ပြန်ပေးပါ့မယ်!"
ကျွန်မ မျက်စိစုံမှိတ်၍ အော်ဟစ်လိုက်သည်။
"တကယ်တော့ ကျွန်မ ဘာမှမမှတ်မိဘူး၊ဒါပေမဲ့ တစ်ခုခု ယူထားပြီးပြီဆိုတော့ အဲ့ဒီအတွက် ပြန်ပေးဆပ်ရမှာပဲ။ကျွန်မ တစ်နည်းမဟုတ် တစ်နည်းနဲ့ ပြန်ပေးပါမယ်။ဒါဆိုရင် အဆင်ပြေပါပြီလား။"
ဝိညာဥ်ကူးပြောင်းလာသည်ကို လူမိခံရမည့်အစား လာဂို၏ဘက်တွင် ရပ်တည်သကဲ့သို့ ဟန်ဆောင်ခြင်းက ပိုကောင်းသည်။
ထို့ကြောင့် ကျွန်မ ဤသို့ ပြောလိုက်သည်။
လာဂို ဘာလုပ်မည်ကို ကျွန််မ မသိပါ။
"တကယ်လား"
လာဂိုက မေးစေ့ကို ကုတ်ခြစ်၍ နှုတ်ခမ်းတွန့်လိုက်သည်။
"ဒါဆို ကောင်းတာပေါ့။"
သူက ကျွန််မအနားသို့ တိုးကပ်လာပြန်သည်။
"ငါ မင်းကို တောင်းဆိုစရာတစ်ခုပဲ ရှိတယ်။"
ပြီးနောက် သူက ကျွန်မ၏ကုပ်ပိုးကို ဆုပ်ကိုင်လိုက်သည်။
အား!
ကုပ်ပိုးကိုကိုင်၍ နောက်ဖက်သို့ ဆွဲလှန်ချလိုက်သဖြင့် ကျွန်မ လည်ပင်းမော့သွားရသည်။
လာဂိုနှင့် မျက်လုံးချင်း ဆုံသွားရ၏။
"အိမ်ရှေ့စံမင်းသားကို သတ်လိုက်။"
လာဂို၏အနီရောင်မျက်ဆန်များက မထင်မှတ်ထားလောက်အောင် ရွံရှာဖွယ်ကောင်းသည့် စိတ်ဆန္ဒများဖြင့် တောက်ပနေခဲ့သည်။
"ဒါဆို ငါက မင်းရဲ့အသက်ကို ညှာတာပေးလိုက်မယ်။"
အာ ...
ငါတော့ ကံဆိုးမိုးမှောင်ကျပြီပဲ။
ကျွန်မလည်း မျက်လုံးများကို တင်းတင်းကြပ်ကြပ် မှိတ်ထားလိုက်မိ၏။
TK Team
++++++++