Chapter 103
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၁၀၃)


"လှတယ်လို့ ကြားရနေတာကို မဒမ် ငြီးငွေ့နေပြီလားဟင်။"


ကျွန်မကို ကပွဲ သွားရန် ပြင်ဆင်ပေးနေရင်းဖြင့် အိုင်ရင်းက ပြောသည်။


ကျွန်မ 'အမ်'ဟု ရေရွတ်လိုက်ပြီး အိုင်ရင်းကို မှန်ထဲမှတစ်ဆင့် ကြည့်လိုက်သည်။


"မဟုတ်တာ ... အမြဲတမ်း ကြားနေရလဲ ကောင်းပါတယ်။"


"ဒါဆို ကျွန်မ ပြောမယ်နော်၊ မဒမ် အရမ်းလှတာပဲလို့!"


အိုင်ရင်းက လက်ဟန်ခြေဟန်ပါ ထည့်၍ အော်နေလေသည်။


ကျွန်မ ပြုံးလိုက်မိပြီး မှန်ထဲသို့ ကြည့်လိုက်မိသည်။


ယနေ့တွင် ကျွန်မ အင်ပါယာ၏ပုံမှန်ဒီဇိုင်းဖြင့် ချုပ်ထားသည့် ဝတ်စုံကို ဝတ်ဆင်ထားသည်။


၎င်းက သက်တောင့်သက်သာဖြစ်ပြီး သွားလာ၍ ကောင်းသည်။


အလွန်အရေးပါသော ကပွဲ မဟုတ်သည့်အလျောက် ရိုးရိုးရှင်းရှင်း ဝတ်လိုသဖြင့် ထိုဝတ်စုံကို ရွေးလိုက်သည့်တိုင် ကျွန်မနှင့် အံ့ဩဖွယ် ကြည့်ကောင်းနေခဲ့၏။


ဟုတ်တယ်လေ...ငါက အရမ်းလှလို့ပေါ့။


ကျွန်မ ပြုံး၍ အိုင်ရင်းကို ကြည့်လိုက်သည်။


"သိသားပဲ ... ငါက လှတယ်လေ။"


"မဒမ့်ရဲ့ယုံကြည်မှုရှိတာကိုလဲ ကျွန်မ သဘောကျတယ်!"


အိုင်ရင်းက ကျွန်မကို အမှန်တကယ်ပင် သဘောကျလေသည်။


ထို့ကြောင့် သူမကို ယခု မေးကြည့်သင့်ပြီဟု ထင်သည်။


"ဒီကို လာဦး"


ကျွန်မ အိုင်ရင်း၏လက်မောင်းကို လှမ်းဆွဲလိုက်ပြီး ကျွန်မ၏ရှေ့တွင် မတ်တပ်ရပ်နေစေလိုက်သည်။


"ငါ့မှာ ပြောစရာရှိတယ်။"


"ဟုတ်ကဲ့၊ကျေးဇူးပြုပြီး ပြောပါ မဒမ်။"


"နင် ..."


ကျွန်မ အိုင်ရင်း၏လက်ကို ကိုင်ထားလိုက်သည်။


"ငါ အိမ်တော်က ထွက်သွားခဲ့ရင် နင် ငါ့နောက်ကို လိုက်ခဲ့မလား။"


"ရှင်!"


"အခုလိုမျိုးတော့ နင့်ကို များများစားစား ပေးနိုင်မှာ မဟုတ်ဘူး။ဒါပေမဲ့ နင် လိုအပ်တာ မရှိရအောင်တော့ ငါ ဂရုစိုက်ပေးမှာပါ။"


အိုင်ရင်း၏မျက်လုံးများ လှုပ်ခတ်သွားခဲ့သည်။


သူမက နားမလည်မှုတစ်ဝက်၊စိတ်ရှုပ်ထွေးမှုတစ်ဝက်ဖြင့် ကျွန်မကို ကြည့်နေခဲ့သည်။


"ဘ ...ဘာကို ဆိုလိုတာလဲ မဒမ်။"


ကျွန်မ နူးညံ့စွာ ပြုံး၍ ပြောလိုက်သည်။


"ငါ ဆိုဗက်စ်စတာနဲ့ ကွာရှင်းမှာ။"


"မဒမ်!"


ထင်ထားသည့်အတိုင်း အိုင်ရင်းက အော်ဟစ်လေသည်။


"အိုး ... မဖြစ်ဘူး၊မဖြစ်ရဘူး။"


ထိုသို့ ဖြစ်လာမည်ကို ကျွန်မ သိသည်။


ကျွန်မ အနည်းငယ်ကြင်နာသော မျက်နှာဖြင့် အိုင်ရင်းကို ပြောလိုက်၏။


"နင်က ငါ့တို့ရဲ့ဆက်ဆံရေးကို ဘယ်လောက်အထိ စိုးရိမ်ပူပန်ပြီး ထောက်ခံပေးတယ်ဆိုတာ ငါ သိပါတယ်။ဒါပေမဲ့ ငါလဲ မတတ်နိုင်ဘူး။ငါ ဆုံးဖြတ်ထားပြီးပြီ၊ကွာရှင်းတော့မယ်။"


"မလုပ်ပါနဲ့ မဒမ်!"


ယခု အိုင်ရင်း ငိုနေလေပြီ။


သူမ၏မျက်နှာတစ်ခုလုံး မျက်ရည်များဖြင့် စိုရွှဲနေခဲ့၏။


"မငိုပါနဲ့၊နင် ဘာဖြစ်လို့ ဒီလောက်ထိ ငိုနေရတာလဲ။"


ကျွန်မ အိုင်ရင်း၏ကျောကုန်းကို ပုတ်ပေးလိုက်မိသည်။


တစ်ချိန်တည်းမှာပင် ကျွန်မနှင့်ဆိုဗက်စ်စတာ၏ ဆက်ဆံရေးအတွက် စိုးရိမ်ပူပန်ပေးနေသူ ရှိသဖြင့် အမှန်ပင် ထိရှသွားရပြီး ကျွန်မပါ ဝမ်းနည်းလာမိတော့သည်။


အိုင်ရင်းရယ်၊ထင်ထားတဲ့အတိုင်း နင်က ...


"သခင်နဲ့မဒမ်ကြားက ဆက်ဆံရေး ပိုကောင်းလာမဲ့ဘက်ကို ကျွန်မရဲ့ပိုက်ဆံတွေ လောင်းထားခဲ့တာ။"


"..."


"အား ... ကျွန်မရဲ့ပိုက်ဆံလေးတွေ!"


နင်က ကြောက်ဖို့ကောင်းတဲ့ ကလေးပဲ။


ဟား ဟား ဟား 


ရထားလုံး ယမ်းခါသွားခဲ့သည်။


ပြတင်းပေါက်ကို မှီထားခဲ့သော ကျွန်မလည်း အနည်းငယ် မျက်မှောင်ကြုတ်၍ ခေါင်းပြန်ခွာလိုက်ရသည်။


"ဒီနားက ဖြတ်တဲ့အချိန်တိုင်း ရထားလုံးက တဒုန်းဒုန်းနဲ့ မြည်နေရောပဲ။"


"ကိုယ် လမ်းအသစ်ဖောက်ပေးပါ့မယ်။"


"ရှင်!"


ကျွန်မ တအံ့တဩဖြင့် ခေါင်းခါလိုက်မိသည်။


"ရှင် ဒီလိုလုပ်စရာ မလိုပါဘူး၊ရပါတယ်။"


"မဟုတ်ဘူး ... မင်း မသက်မသာဖြစ်ရတယ်ဆိုရင် ကိုယ် ဒီလိုလုပ်ပေးသင့်တာပေါ့၊ဘာမှ မခက်ခဲပါဘူး။"


လမ်းသစ်ဖောက်ရတာ ခက်ခဲတယ်နော်။


ကျွန်မ ဆိုဗက်စ်စတာကို လက်လျှော့ထားလိုက်ပြီး ကျစ်ခနဲ စုတ်သပ်မိသည်။


ကျွန်မ သိချင်စိတ် ပြင်းပြလာခဲ့သည်။


ဆိုဗက်စ်စတာက ဘယ်လောက်ကြာတဲ့အထိ ဒီအတိုင်း ဖြစ်နေခဲ့မှာလဲ။


ဆိုဗက်စ်စတာက ဘယ်အချိန်အထိ ငါ့ကို ကြိုက်နေမှာလဲ မသိဘူး။


"ဟန်နီ"


ကျွန်မက သိချင်သည်ကို အောင့်မထားနိုင်သူဖြစ်လေရာ ဆိုဗက်စ်စတာကို ချက်ချင်း မေးကြည့်လိုက်မိသည်။


"ရှင် ဘယ်အချိန်အထိ ကျွန်မကို ကြိုက်နေမှာလဲ။"


"ဘာရယ်"


ဆိုဗက်စ်စတာ မျက်မှောင်ကြုတ်လိုက်သည်။


"မင်း အတည်ပေါက်ကြီး မေးနေတာလား။"


"အင်း ... အတည်ပေါက်ပေါ့။"


"ကိုယ် ရူးတော့မယ် ... တကယ်ပါပဲကွာ။"


ဆိုဗက်စ်စတာက ခေါင်းကို အနောက်သို့ မှီရင်း နှုတ်ခမ်းကို အားဖြင့် ကိုက်ထားလေသည်။


သူ ဒေါသထွက်နေသည်ဟု ကျွန်မ ထင်သည်။


ထို့ကြောင့် ကျွန်မလည်း လက်များကို ဆုပ်ထားရင်း တည်ငြိမ်စွာဖြင့် ဆိုဗက်စ်စတာ ပြောမည့်စကားများကို စောင့်နေခဲ့သည်။


မကြာခင်ပဲ ဆိုဗက်စ်စတာက ငုံ့ကြည့်လိုက်သည်။


"အိုဖီလီယာ"


"အင်း"


"ကိုယ့်ဘဝမှာ တစ်ယောက်ယောက်ကို ကြိုက်ဖူးခဲ့မယ်လို့ မင်း ထင်လား။"


"မထင်ဘူး ... ဘယ်တော့မှပဲ။"


ကျွန်မ ချက်ချင်း ပြန်ဖြေလိုက်သည်။

ဆိုဗက်စ်စတာက စိတ်ညစ်နေပုံရသော်လည်း မကြာခင်ပင် ခေါင်းငြိမ့်၍ ပြောလေသည်။


"အင်း ...တစ်ယောက်တောင် မရှိခဲ့တာ၊ကိုယ် တစ်ယောက်ကိုမှ မကြိုက်ခဲ့ဖူးဘူး။"


သူက ပြင်းပြင်းထန်ထန် အသက်ရှူနေရင်း လက်သီးကို ဆုပ်လိုက် ဖြန့်လိုက် လုပ်နေခဲ့သည်။


"ဒါကြောင့်မို့လို့ မင်းကို ကြိုက်နေမိတယ်လို့ ကိုယ့်ဘာသာ ဝန်ခံလိုက်ရပြီး မင်းဆီ ဖွင့်ပြောဖြစ်ခဲ့တယ်လေ။ဒါက ဘာအဓိပ္ပါယ်ဆိုတာ မင်း တွေးမိရဲ့လား။"


ဘာအဓိပ္ပါယ်များလဲ။


ကျွန်မက မေးခွန်းများ ဖြေရာတွင် မတော်ပါ။


"ကျွန်မ မသိဘူး။"


ထို့ကြောင့် မသိသည့်အတိုင်း ကျွန်မ ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။


ဟူး


ဆိုဗက်စ်စတာ သက်ပြင်းချလိုက်သည်။


"မင်းကို ကိုယ့်ရဲ့ကျန်နေတဲ့ ဘဝတစ်လျှောက်လုံး ချစ်သွားမယ်လို့ ဆိုလိုတယ်။"


သူက ကျွန်မကို ငေးကြည့်၍ ပြောလေသည်။


"အဲ့ဒါကြောင့်မို့လို့ ဒီလို ခပ်ညံ့ညံ့မေးခွန်းတွေ မမေးပါနဲ့လား။ဒီလိုမျိုး တွေးတောင် မတွေးကြည့်လိုက်နဲ့။"


မဟုတ်သေးပါဘူး ... ရှင် ဖွင့်ပြောတာက ဘာဖြစ်လို့ မညှာမတာဖြစ်နေရတာလဲ။


ကျွန်မ ညည်းတွားလိုက်မိသည်။သို့သော် ထုတ်မပြောရဲပါပေ။


ကျွန်မ၏နှလုံးသားက ထပ်မံ၍ အခုန်မြန်နေခဲ့သည်။


အား ... မဖြစ်ဘူး၊မဖြစ်ရဘူးလို့!


*


"အိုး ...ရောက်လာကြပါပြီလား၊ မြို့စားကြီးနဲ့ မြို့စားကြီးကတော်တို့ရှင်။"


ကျွန်မတို့ ဧည့်ခန်းမထဲ ဝင်လိုက်သည်နှင့် ကောင့်မြို့စားကတော်ကာဒယ်လ်က တောက်ပစွာပြုံး၍ ကြိုဆိုနှုတ်ဆက်သည်။


သူမ၏ဖော်ရွေမှုကြောင့် ကျွန်မနှင့် ဆိုဗက်စ်စတာလည်း ပြုံးလိုက်မိကြ၏။


"ကျွန်မရဲ့ခင်ပွန်းက အခုလေးပဲ အပေါ်ထပ်ကို တက်သွားလို့ပါ။သူ ဆင်းလာတာနဲ့ ရှင့်တို့ဆီ သွားနှုတ်ဆက်ဖို့ ပြောလိုက်ပါ့မယ်။" 


"ရှင် ပြောတဲ့အတိုင်းသာ လုပ်လိုက်ပါ။"


ကောင့်မြို့စားကတော်ကာဒယ်လ်က ကျွန်မအနားသို့ ရောက်လာပြီး ဘေးဘီဝဲယာကို ကြည့်နေခဲ့သည်။


ပြီးမှ ကျွန်မကို တိုးတိုးလေး ကပ်ပြောသည်။


"လူတွေရဲ့အမြင်က ပြောင်းလဲသွားတယ်လို့ ရှင် မခံစားရဘူးလား၊ မြို့စားကြီးကတော်ရေ။"


အဲ့လိုလား။


ကျွန်မ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်မိသည်။


အရင်ကမူ ကျွန်မ ပေါ်လာသည်နှင့် လူတွေ၏မျက်လုံးများကြောင့် အတော်လေး စပ်ဖျဥ်းဖျဥ်း ခံစားခဲ့ရသည်။လူအများကြီးက ကျွန်မကို စူးစိုက်ကြည့်နေသောကြောင့် ဖြစ်လေသည်။


သို့သော် ယခုတော့ ထိုသို့ မဖြစ်ခဲ့ပေ။


ကျွန်မ ရောက်နေသော်လည်း သူတို့က သင့်တင့်လျောက်ပတ်စွာ တစ်ချက်မျှ ကြည့်လိုက်ကြသည်။တစ်ချို့ကတော့ ကျွန်မကို အာသာငမ်းငမ်းဖြင့် ကြည့်နေကြသေး၏။ရှေ့တိုး၍ ခုန်အုပ်တော့မည်သကဲ့သို့။


"သူတို့ ကျွန်မကို နည်းနည်းလေး အကောင်းမြင်လာကြပြီ ထင်တယ်။"


"နည်းနည်းပဲ မဟုတ်ပါဘူး၊အများကြီးပါ။"


ကောင့်မြို့စားကတော်ကာဒယ်လ်က အပြုံးတစ်ပွင့်နှင့် ဖြေသည်။


"မကြာသေးခင်က အိမ်ရှေ့စံမင်းသားနဲ့ ရှင်က ဘယ်လောက်အထိ ရင်းနှီးတယ်ဆိုတာ ထုတ်ပြခဲ့တယ်လေ။"


"ဟုတ်တယ်"


"ပြီးတော့ ရှင်က လူတွေကို ရိုက်နှက်တယ်ဆိုပြီးလဲ အသံမထွက်လာတော့ဘူး။"


"ဒါလဲ အမှန်ပါပဲ။"


"ထပ်ပြီး ကျွန်မကလည်း ဒီနေ့တစ်နေ့လုံး မြို့စားကြီးကတော်ဝယ်ပေးထားတဲ့ ပရိဘောဂပစ္စည်းတွေကို ကြွားနေခဲ့တာ။လူတွေဆို မျက်လုံးတွေ ပြူးကုန်ကြရောပဲ။မြို့စားကြီးကတော်က ဒီလိုမျိုး မျက်နှာသာပေးတတ်တယ်ဆိုတာ သူတို့ မသိကြဘူးလေ!"


အိုး ... သူမက ငါ ဝယ်ပေးထားတဲ့ ပရိဘောဂတွေကို လိုက်ကြွားနေပုံပဲ။


ဒါကြောင့် လူတွေက ငါ့ကို အာသာငမ်းငမ်းတက်နေတဲ့ အကြည့်နဲ့ ကြည့်နေကြတာကိုး။


အခု ငါ သဘောပေါက်ပြီ။


"မြို့စားကြီးကတော်ရဲ့ဂုဏ်သတင်းက အများကြီးမြင့်တက်လာပြီ ကျွန်မ ထင်ပါတယ်၊အောင်ပွဲခံရမဲ့ အချိန်ပါပဲ။"


အင်း


ကျွန်မလည်း ထိုသို့ ထင်ပါသည်။


မကြာသေးမီက ကျွန်မနှင့်ပတ်သက်သော မကောင်းသတင်းများ မရှိတော့ပေ။


ထိုအစား ကျွန်မက ဖလဲရ်ကို မကြာခဏ တိုက်ခိုက်ခဲ့ကြောင်း၊ ကျွန်မနှင့်သူမတို့အကြားရှိ ဆက်ဆံရေးမှာ ပိုမိုဆိုးရွားလာခဲ့ကြောင်း စသဖြင့် အများအပြား ပြောနေကြလေသည်။


သို့သော် ထိုအကြောင်းအရာများကို ဂရုစိုက်ရန် မလိုခဲ့ပေ။


ကျွန်မနှင့်ဖလဲရ်က ဆက်ဆံရေးဆိုးရွားသည်ကို အင်ပါယာရှိ လူတိုင်းနီးပါး သိကြသည်။


မည်သို့ပင် ဖြစ်စေကာမူ ထိုကိစ္စမှ လွဲ၍ လူပြောခံစရာ အကြောင်းမရှိတော့သည့်အတွက် ကျွန်မလည်း ပျော်ရွှင်စွာဖြင့် ကောင့်မြို့စားကတော်ကာဒယ်လ်ကို ကြည့်လိုက်လေသည်။


"အားလုံးက ရှင့်ကျေးဇူးကြောင့်ပါပဲ။


"အမလေး ... ဒီစကားတွေက ကျွန််မကို ရှက်သွားအောင်လုပ်နေတာပါပဲ။ကျွန်မ တကယ်ကို ဘာတစ်ခုမှ မလုပ်ခဲ့ရပါဘူး။"


ကောင့်မြို့စားကတော်ကာဒယ်လ်က နှိမ့်ချတတ်သော တစ်ဖက်ခြမ်းကို ထုတ်ပြလာခဲ့သည်။


ကျွန်မ ပြုံး၍ ဘေးဘီဝဲယာကို နောက်တစ်ခါ ကြည့်လိုက်သည်။


ဖော်ရွေသော အကြည့်များသာ ရှိနေ၏။


ကျွန်မ၏အားစိုက်ထုတ်မှုများက အရာထင်ခဲ့ပုံရသဖြင့် ဂုဏ်ယူနေမိသည်။


ထိုအချိန်တွင် သံစုံတီးဝိုင်းအဖွဲ့၏ဂီတမှူးက အချက်ပြတုတ်တံလေးကို ဖြည်းဖြည်းချင်း မြှောက်တင်လိုက်လေသည်။


"အခု ကရမဲ့အချိန်ပဲ။"

သံစုံတီးဝိုင်းအဖွဲ့က ထိုသို့ ပြုမူလိုက်သည်နှင့် ကျွန်မအနားသို့ ဆိုဗက်စ်စတာ ရောက်လာခဲ့သည်။


"တီးခတ်ဖျော်ဖြေမှု စတင်တော့မယ်။"


ထိုသို့ ပြောရသည့် ရည်ရွယ်ချက်မှာ ရိုးရှင်းလှပါ၏။


သူနှင့်အတူတူ တွဲကရန် ဆိုလိုခြင်း ဖြစ်လေသည်။


ဖူး ... ကျွန်မ အရမ်းငြီးငွေ့လာပြီနော်။


"အိုကေ...အိုကေ။"


ကျွန်မ ကျစ်ခနဲ စုတ်သပ်လိုက်ပြီး ဆိုဗက်စ်စတာ၏လက်ကို ဆုပ်ကိုင်လိုက်သည်။


"ကကြမယ်"


ဆိုဗက်စ်စတာက ဝမ်းသာအားရဖြင့် ကျွန်မကို လမ်းပြပေးပြီး ကပွဲခန်းမ၏အလယ်တွင် နှစ်ယောက်သား ရပ်နေမိကြသည်။


*


ကျွန်မတို့နှစ်ယောက် ပေါ့ပေါ့ပါးပါး ဝေါ့ဇ်စုံတွဲအကကို စတင် ကခုန်ကြ၏။


"ကိုယ် အရင်ကလဲ တွေ့ဖူးတယ်ဆိုပေမဲ့ မင်းက ကတဲ့နေရာမှာ တကယ်ကို တော်လွန်းပါတယ်။"


"ကျွန်မ သိတယ်"


ကျွန်မ ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်ပြီး သူ၏လှုပ်ရှားမှုအတိုင်း လိုက်၍ ဆိုဗက်စ်စတာကို ဖက်ထားလိုက်သည်။


"ပထမဆုံး တွဲကချင်တာ မဟုတ်လား။အခု ရှင့်ဆန္ဒ ပြည့်သွားပြီနော်။"


"၉၉ ကြိမ် ကျန်ပါသေးတယ်ကွာ။"


"ရှင် တကယ်ပဲ အကြိမ်တစ်ရာပြည့်အောင် ဖြည့်မလို့လား။"


"အင်း ... မပြည့်မချင်း ကိုယ်တို့ ကွာရှင်းလို့ မရဘူးနော်။"


ဆိုဗက်စ်စတာက ပြုံး၍ ပြောလေသည်။ကျွန်မ မျက်လုံးကို မှေးကျဥ်းပြီး ကြည့်လိုက်၏။


"ရှင်က တကယ်ကို ကြောက်စရာကောင်းအောင် ပြောနေတော့တာပဲ။"


ဆိုဗက်စ်စတာက ပခုံးတွန့်၍သာ ပြန်ဖြေလေသည်။


ကျွန်မ သူ့ပခုံးကို ဖက်တွယ်လိုက်ပြီး ပခုံးပေါ်မှ ကျော်၍ လျှောက်ကြည့်နေလိုက်သည်။


"အခုထိ ဒုတိယမင်းသား ရောက်မလာသေးဘူးလို့ ထင်တယ်။"


ကျွန်မ လာဂိုကို မတွေ့မိပါ။


သူက ကျိန်းသေပေါက် လာမယ်ဆိုပြီးတော့ ဘာလို့ သူ့ကို မတွေ့ရသေးတာလဲ။


အင်း


ကျွန်မ ပါးစပ်ပိတ်ထားမိသည်။


ထိုအချိန်တွင် ဆိုဗက်စ်စတာက မေးလေသည်။


"မင်းက ဘာဖြစ်လို့ ဒုတိယမင်းသားကို ရှာနေရတာလဲ။"


သူက အနည်းငယ် စူပုတ်ပုတ်ဖြစ်နေသော မျက်နှာထားဖြင့် ပြောလေသည်။


"မင်း အဲ့ဒီကောင်နဲ့ ပြောစရာတစ်ခုခု ရှိနေလို့လား။"


ကျွန်မ ခေါင်းကို စောင်းငဲ့မိလိုက်၏။


"တစ်ခုခုရှိတယ်လို့ ကျွန်မက ပြောရင် ရှင် ဘာလုပ်မလို့လဲ။"


"အဲ့ဒါက ဘာကိစ္စပါဆိုပြီး မင်းပြောပြတာကို ကိုယ် နားထောင်ကြည့်မယ်၊ပြီးတော့ ဒီလောက်နဲ့ မလုံလောက်သေးဘူးဆိုရင် ..."


မလုံလောက်ရင်ရော။


"ကိုယ် မင်းနောက် လိုက်လာပြီး နားထောင်မယ်၊မင်းနဲ့ သူ ဘာတွေပြောနေမလဲလို့။"


"..."


ဒီလောက်ကလေးဆန်တဲ့ ကိစ္စတွေကို ရုပ်တည်ကြီးနဲ့ ရှင် ဘယ်လိုတောင် ပြောနိုင်ရတာလဲ။


အများကြီး လျှောက်လုပ်နေတော့တာပဲ။


"မင်းကို ပြောထားမယ်၊ကိုယ်က အတော်လေး သဝန်တိုတတ်တဲ့ လူနော်။"


"အိုကေ ...အိုကေ"


ကျွန်မလည်း ဆိုဗက်စ်စတာ၏ပခုံးကို ခပ်ဆတ်ဆတ် ပုတ်ပေးလိုက်ပြီး ဘေးဘီဝဲယာကို တစ်ခါ ပြန်ကြည့်လိုက်မိသည်။


ထိုအချိန်တွင် တစ်စုံတစ်ယောက်က ကျွန််မ၏မျက်စိထဲ ရောက်လာခဲ့သည်။


"အာ ... ဒုတိယအရှင့်သားပဲ"


ထိုသူမှာ လာဂိုဖြစ်သည်။


ဆိုဗက်စ်စတာ၏လက်မောင်းများကြားမှ ကျွန်မ အလျင်အမြန် ရုန်းထွက်လိုက်ရ၏။


"ကျွန်မ သွားပြီ ... ဘိုင်!"


"အိုဖီလီယာ!"


ဆိုဗက်စ်စတာက နောက်ဘက်မှ လှမ်းခေါ်နေသည်ကို ကြားရသော်လည်း ကျွန်မ လျစ်လျူရှု၍ ပြေးထွက်လာခဲ့သည်။


"ဘာဖြစ်လို့ ဆက်မကဘဲ ထွက်သွားရတာလဲ၊တစ်ကြိမ်လောက် ထပ်ကပေးရင် ကိုယ်က ရိုက်ပစ်မှာမှ မဟုတ်တာ။"


အာ ...တကယ်ပါပဲ။


ကလေးဆန်တဲ့ လူကတော့နော်။


TK Team
++++++++