ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ
အပိုင်း (၁၀၂)
မနက်ခင်း နိုးလာချိန်တွင် ဆိုဗက်စ်စတာ မရှိတော့ပေ။
ထိုသို့ ဖြစ်မည်ကို ကျွန်မ သိသည်။
ဆိုဗက်စ်စတာက အလုပ်များလေရာ ကျွန်မတို့နှစ်ယောက်မှာ မနက်ခင်းအထိ အတူရှိနေနိုင်ခြင်း မရှိပါ။
ထို့သို့တွေးလိုက်သည့်တိုင် ထူးထူးဆန်းဆန်း ဝမ်းနည်းနေမိခြင်းကို ဖျောက်ဖျက်၍ မရခဲ့ပေ။
သို့သော် ထိုအချိန်တွင်
"မင်း နိုးလာပြီလား။"
ဆိုဗက်စ်စတာ အခန်းထဲသို့ ဝင်လာခဲ့သည်။
ဟမ် ... ရှင် ရုံးခန်းထဲမှာ မရှိဘဲ ဘာဖြစ်လို့ ဒီကို ရောက်နေရတာလဲ။
ကျွန်မ သိချင်သဖြင့် ခေါင်းစောင်းကြည့်လိုက်မိသည်။
"မင်း မနက်စာစားဖို့ ကိုယ် တစ်ခုခု ယူလာခဲ့တယ်။"
တွေးကြည့်မှ ဆိုဗက်စ်စတာက လင်ဗန်းတစ်ချပ်ကို သယ်လာခဲ့သည်၊
ဒါပေမဲ့ ဘာလဲ... ရှင် ကျွန်မအတွက် မနက်စာ ယူလာပေးခဲ့တာလား။
"နေးလ် ပြောခဲ့တယ်... မနက်စာပြင်ဆင်ပေးတဲ့ ယောကျ်ားတစ်ယောက်က လူကြိုက်များတယ်တဲ့။"
"အာ ... မှန်တော့ မှန်ပါတယ်၊ဒါပေမဲ့ ..."
"ဒါပေမဲ့ ဘာလဲ"
"ရုတ်တရက်ကြီး ဒီလို ပြောင်းလဲပစ်လိုက်တော့ နည်းနည်းလေး ထူးဆန်းနေသလားလို့ပါ။ရှင် လုပ်နေကျအတိုင်းပဲ လုပ်ပါလား။"
ဆိုဗက်စ်စတာ၏မျက်နှာမှာ သိသိသာသာ ရှုံ့မဲ့သွားလေသည်။
သူက ကျွန်မကို စိုက်ကြည့်၍ ပြောလာသည်။
"ကိုယ်က မင်းအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံပေးနေတာကို ဒီအတိုင်း လက်ခံပေးပါလားကွာ။"
"အင်း"
ကျွန်မ တိတ်တဆိတ် ခေါင်းငြိမ့်လိုက်သည်။
ပြီးနောက် ဆိုဗက်စ်စတာ ယူလာပေးသော မနက်စာကို လက်ခံလိုက်သည်။
ရိုးရိုးရှင်းရှင်း အဆာပြေစာနှင့် ကော်ဖီဖြစ်လေသည်။ကျွန်မ မနက်တိုင်းစားနေကျ အရာများ ဖြစ်၏။
"မင်း ဘာစားတတ်လဲလို့ စားဖိုမှူးကို ကိုယ် မေးထားတာ။"
"ဒါကြောင့် ရှင် ဒါတွေ ယူလာပေးတာလား။"
"အမှန်ပဲ ...ဒါပေမဲ့ ဒီတိုင်းပဲ စားနေတာက ကောင်းလို့လား။မင်း အသားတစ်ခုခု စားဖို့ မလိုဘူးလား။"
"အဆင်ပြေပါတယ်၊ဒါပေမဲ့ ခုနက ကျွန်မပြောထားတာကို ရှင် မေ့သွားပြီ ထင်ပါရဲ့။ကျေးဇူးပြုပြီးတော့ အရင်အတိုင်းပဲ နေပေးပါလား။"
"ဒီအတိုင်းသာ မင်း ဆက်ပြီး စားနေမယ်ဆိုရင် တစ်ကိုယ်လုံး ခြောက်ကပ်ပြီး ပျောက်ကွယ်သွားလိမ့်မယ်လို့ ကိုယ် ခံစားရတယ်။"
ဆိုဗက်စ်စတာက ကျွန်မ၏သေးသွယ်သော လက်ကောက်ဝတ်နေရာကို တစ်ချက်ကြည့်၍ ပြောခဲ့သည်။
ဒါ တကယ်ကို ရင်ထဲ ထိပါတယ်။
ရှင် ကျွန်မကို စိုးရိမ်ပေးနေတယ်လေ။
သို့သော်
"ကောင်းပြီ ... မင်းက သန်မာပြီးသားဆိုတော့ အဲ့လောက်အထိ ဖြစ်လာမှာ မဟုတ်ပါဘူး။"
သူက ပြဿနာကို မီးထွန်းရှာသည့် စကားများ အမြဲလိုလို ထပ်ထည့်ပြောတတ်လေသည်။
ကျွန်မ နှုတ်ခမ်းဆူလိုက်မိ၏။
"မြန်မြန်လေး စားလိုက်တော့လေ၊ကိုယ်က မင်းစားနေတာကို ကြည့်ပြီးတာနဲ့ သွားရတော့မှာ။"
"ရှင် ကျွန်မကို စောင့်ကြည့်နေရင် ဘယ်လိုလုပ်ပြီး မြိုကျတော့မှာလဲ၊သွားမှာသာ သွားပါ။"
"ကိုယ် အဲ့လို မလုပ်ချင်ဘူး။"
ဆိုဗက်စ်စတာက အခိုင်အမာ တုံ့ပြန်သည်။
"အခုတစ်ခါ ကိုယ် ကြည့်ပြီးရင်တောင်မှ ညနေရောက်ရင် ထပ်ပြီး ကြည့်နေဦးမှာပဲ။"
"ဘာအတွက်လဲ"
"ကိုယ် မင်းကို ဒီလိုမျိုး ကြည့်နေနိုင်ဖို့ ဘယ်လောက်တောင် သည်းခံနေခဲ့ရလဲ။"
"..."
ကျစ် ... တကယ်ပါပဲ။
ကျွန်မ မျက်နှာကို လက်ဖြင့် အုပ်ထားမိသည်။ပါးပြင်နှစ်ဖက်လုံးက မီးတောက်မတတ် ပူလောင်နေသည်ကို ခံစားမိပါ၏။
"ရှင် ..."
ကျွန်မ ခေါင်းပြန်မော့၍ ဆိုဗက်စ်စတာကို ကြည့်လိုက်သည်။
"ရှင် တကယ်ကို ရူးနေပြီပဲ။"
"အင်း"
ရှင် ဘာလို့ လွယ်လွယ်လေး ဝန်ခံလိုက်ရတာလဲ။
ကျွန်မ မှင်တက်ပြီး ပါးစပ်အဟောင်းသား ဖြစ်နေမိသည်။
"ကိုယ်က ရူးနေတာလေ၊ဒါကြောင့်ပဲ ကိုယ် မင်းကို ကြိုက်ပါတယ်ဆိုပြီး ပွင့်ပွင့်လင်းလင်း ပြောမိသွားတာပေါ့။"
ဆိုဗက်စ်စတာက ပြောရင်း ရှေ့ဆံပင်များကို ဆွဲဖွနေခဲ့သည်။
"ကိုယ်သာ ရူးမနေဘူးဆိုရင် ခံစားချက်တွေကို ကိုယ့်ဘာသာပဲ မြိုသိပ်ထားလိုက်မိမှာ။မဟုတ်သေးဘူး ... အစက ကိုယ် အဲ့လိုမျိုး မကြိုက်ခဲ့ဘူး၊ရူးနေလို့သာ ဒီလိုလုပ်မိတာ။"
သူ့ဘာသာသူ ပြန်ပြောနေသည့်အတိုင်း ညည်းညူရေရွတ်နေခဲ့သည်။
ကျွန်မ ပြန်မဖြေဘဲ ဆိုဗက်စ်စတာကို ငေးကြည့်နေမိသည်။
ထို့နောက် ဆိုဗက်စ်စတာကလည်း ခေါင်းလှည့်၍ ကျွန်မကို ကြည့်လိုက်သည်။နှစ်ယောက်သား မျက်လုံးချင်း ဆုံသွားကြ၏။
"ဒီတော့ အိုဖီလီယာ ..."
သူက ကျွန်မအနားသို့ တိုးကပ်လာခဲ့သည်။
ပြီးနောက် အိပ်ရာပေါ်တွင် ထိုင်နေဆဲဖြစ်သော ကျွန်မ၏လက်ဖမိုးပေါ်သို့ သူ့လက်ကို တင်လိုက်သည်။
"ကိုယ့်လို အရူးတစ်ယောက်ကို ချစ်ပေးဖို့ ကြိုးစားကြည့်ပါလားကွာ။"
သူ ကျွန်မ၏လက်ကို ဆုပ်ကိုင်လိုက်သည်။
"ကိုယ်လဲ အကောင်းဆုံး ကြိုးစားပါ့မယ်နော်။"
ထို့နောက် သူက ကျွန်မ၏နဖူးပေါ်သို့ နမ်းရှိုက်လိုက်လေသည်။
"..."
ရှင် ဘာလို့ တစ်ချိန်လုံး လိုက်နမ်းနေရတာလဲ။
ကျွန်မ ရူးချင်နေပြီ။
နီရဲနေသောမျက်နှာကို ဖုံးကွယ်ရန်အလို့ငှာ ကျွန်မ ခေါင်းငုံ့ထားမိသည်။
ဒုတ် ဒုတ် ဒုတ် ဒုတ်
အရင်းရှင်ဝါဒတစ်မျိုးတည်းကိုသာ တုံ့ပြန်တတ်သော ကျွန်မ၏နှလုံးသားက မြန်မြန်ဆန်ဆန် လှုပ်ခတ်နေခဲ့လေသည်။
*
ကောင့်မြို့စားကာဒယ်လ်၏ကပွဲအခမ်းအနားမှာ မနက်ဖြန်တွင် ဖြစ်သည်။
ထို့ကြောင့် ကျွန်မ အချိန်အတော်ကြာသည်အထိ အိမ်တော်ထဲတွင် လှည့်ပတ်သွားလာနေမိသည်။
လမ်းလျှောက်ရန်နှင့် အတွေးစများကို စုစည်းရန် ဖြစ်၏။
ကောင်းကင်က မိုးရွာတော့မည့်နှယ် အုံ့မှိုင်းနေ၏။လေကလည်း ထန်လွန်းသည်။တိုင်ဖွန်းမုန်တိုင်း ရှိနေ၍လား မသိပေ။ထိုမျှအထိ ကျွန်မ လိုက်သိချင်နေခဲ့သည်။
ရာသီဥတုမှာ ဤသို့ဖြစ်နေသဖြင့် အိုဖီလီယာ၏ခန္ဓာကိုယ်အတွင်းသို့ ကူးပြောင်းလာခဲ့ရသည့်နေ့ကို ပြန်သတိရသွားမိသည်။
ထို့နေ့က မိုးသည်းထန်စွာ ရွာသွန်းနေခဲ့သဖြင့် မျက်စိရှေ့ကို တစ်လက်မခန့်ပင် မမြင်ရတော့သည်အထိ။ထို့နောက် ကျွန်မ ကူးပြောင်းလာခဲ့သည်။ကူးပြောင်းပြီးနောက် စိတ်က ဗလာဖြစ်နေသည့်တိုင် ရာသီဥတု ကြည်လင်သွားသည်ကို ကျွန်မ မှတ်မိပါ၏။
မဒမ် မမှတ်မိတော့ဘူးလား။ကောင်းကင်မှာ အပေါက်ကြီးဖြစ်နေတဲ့အတိုင်း မိုးမရွာခင် နေ့ကလေ၊ အဲ့ဒီနေ့က မဒမ် စာအုပ်တွေ အကုန်လုံးကို မီးရှို့ပစ်ခဲ့တာပါ။
ထိုနေ့တွင် မူလအိုဖီလီယာ သေဆုံးခဲ့ရသည်။
စုန်းမ၏မှော်အစီအရင်စက်ဝန်းကို မမှန်မကန် အသုံးပြုမိသဖြင့်။
သို့သော်
မူလအိုဖီလီယာက မှော်အစီအရင်ကို မည်သို့ရလာခဲ့သနည်း။ဒိုင်ယာရီထဲရှိ အကြောင်းအရာများကို ကျွန်မ ပြန်သတိရသွားသည်။
[ဒါက ငါ့ရဲ့မှော်နက်စွမ်းအားတွေကို တိုးမြှင့်ပေးနိုင်မည့် အစီအရင်စက်ဝန်းတစ်ခုပဲ။
အဲ့ဒီပုဂ္ဂိုလ်က စုန်းမတစ်ယောက်ဆီကနေ ရလာတဲ့ တန်ဖိုးကြီးအစီအရင်တစ်ခု။]
ထိုသို့ အတိအကျ ပြောထားခဲ့သည်။
ဒီတော့ 'အဲ့ဒီပုဂ္ဂိုလ်' ဆိုတာ ဘယ်သူ ဖြစ်မလဲ။
အာ ... ငါ မသိတော့ဘူး။
စဥ်းစားကြည့်နေရင်း ပို၍ပင် ရှုပ်ထွေးပွေလီလာရသည်။
ငါ မသိတော့ဘူး၊ဘာတစ်ခုမှ မသိသလိုပဲ ထွက်ပြေးသွားလိုက်ချင်တယ်။
ဆိုဗက်စ်စတာ ဖြစ်ဖြစ်၊ဘာပဲဖြစ်ဖြစ် ...ငါ တကယ်မသိတော့ဘူး။
ထိုသို့တွေးရင်း ခြေလှမ်းများကို အရှိန်တင်လိုက်သည်။
ထိုအချိန်တွင်
"မဒမ်"
ရင်းနှီးနေသော အသံတစ်ခုကို ကြားရသည်။
အသံကြားရာသို့ ခေါင်းလှည့်ကြည့်မိလိုက်လျှင် ထိုသူမှာ သီယိုဖြစ်နေခဲ့၏။
ဝါး! သီယိုပဲ ...မတွေ့ရတာ ဘယ်လောက်တောင် ကြာနေပြီလဲ။
ရထားလုံးနှင့် အတိုက်ခံရတော့မည့် ဖြစ်ရပ်မှ ကယ်တင်ပေးခဲ့ပြီးနောက် ကျွန်မတို့၏သီယိုကို ထပ်မတွေ့ရတော့ခြင်း ဖြစ်လေသည်။
"ဘုရားသခင်!"
ကျွန်မ ပျော်ရွှင်နေမိသည်ကို မဖုံးထားနိုင်တော့ဘဲ သီယိုအနားသို့ ရောက်သွားခဲ့သည်။
ဓါးရေးလေ့ကျင့်နေသော သီယိုက ဓါးကို အလျင်အမြန် ပြန်ထည့်လိုက်ပြီး ကျွန်မကို နှုတ်ဆက်လာခဲ့သည်။
"အတော်ကြာခဲ့ပါပြီ မဒမ်၊နေကောင်းပါရဲ့လား။"
အချိန်အကြာကြီး မတွေ့ခဲ့ရသော သီယိုမှာ ယခင်ကထက် ပို၍ ယုံကြည်မှု ရှိလာခဲ့သည်။
သူ အနည်းငယ် ပို၍ ထွားကျိုင်းလာသည်ဟု ထင်သည်။
"အင်း၊ငါ နေကောင်းပါတယ်၊နင့်ကို ဒီနေရာခေါ်လာပြီး နောက်ပိုင်းထဲက နင့်ဆီ လာမရှာမိခဲ့ဘူး၊တောင်းပန်တယ်နော်။"
"မဟုတ်တာပဲ မဒမ်၊မဒမ့်ရဲ့ကျေးဇူးကြောင့် ကျွန်တော် အရမ်းပဲ အဆင်ပြေပြေရှိနေပါတယ်။"
သီယိုက အပြုံးလေးဖြင့် ပြောလိုက်ရင်း တောက်ပနေသော မျက်ဝန်းများကို လှပစွာ မျက်လွှာချလိုက်၏။
အရမ်းချောတယ်။
နင် ဘာလို့ အရမ်းချောနေရတာလဲ။
ထင်ထားသည့်အတိုင်း သူက မူလဇာတ်ကြောင်း၏ ဒုတိယအမျိုးသားဇာတ်လိုက် ဖြစ်လေသည်။
အမ်း ... ဒါကို တွေးမိမှ ...
မူလဇာတ်ကြောင်းတွင် သီယိုသည် မိဘမဲ့ဂေဟာ၌ ဖလဲရ်နှင့် တွေ့ဆုံခဲ့သည်။
ထို့နောက် သီယိုက သူမနှင့် ပို၍ရင်းနှီးလာခဲ့ပြီး ဖလဲရ်၏ကိုယ်ရံတော်အဖြစ် သတ်မှတ်ခံခဲ့ရ၏။
ထိုသို့ဖြင့် သူက ဒုတိယအမျိုးသားဇာတ်လိုက်၏ ဇာတ်ကြောင်းအတိုင်း အဆုံးသတ်သွားရသည်။
သို့သော် ယခုလက်ရှိ သီယိုမှာ ဖလဲရ်နှင့် မဆုံတွေ့ခဲ့ပေ။
ဒီတော့ ဘယ်လိုဖြစ်လာမလဲ။
ကျွန်မ ခေါင်းစောင်းမိလိုက်သည်။
"ဒါနဲ့လေ..."
ကျွန်မ သီယိုကို မေးကြည့်လိုက်သည်။
"အခု နင့်နှလုံးသားထဲမှာ မိန်းကလေးတစ်ယောက် ရှိနေပြီလား။"
"ဗျာ!"
ကျွန်မ ရုတ်တရက်ကြီး မေးချလိုက်သဖြင့် သီယို၏မျက်နှာက နီရဲသွားခဲ့သည်။
"မရှိ...လုံးဝမရှိပါဘူး!"
သူက လက်ကိုပါ ယမ်းခါ၍ အသည်းအသန် ငြင်းလေသည်။
ကောင်းပြီလေ...သူက ဖလဲရ်နဲ့မှ မတွေ့ဖူးတာ၊ဒီတော့ သူမကို ကြိုက်သွားစရာအကြောင်းလဲ မရှိလောက်ပါဘူး။
ကျွန်မ ထိုသို့ မေးကြည့်ရသည့် အကြောင်းအရင်းမှာ သီယိုနှင့် ရန်သူမဖြစ်ချင်သောကြောင့် ဖြစ်ပါသည်။
သီယိုသာ ဖလဲရ်ကို ကြိုက်နေပါက ကျွန်မတို့ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်လာမည်မှာ သိသာသည်။
ဒါကို တားဆီးသင့်တာ မဟုတ်ဘူးလား။
"အိုကေ ...ဒီလိုဆိုတော့ ဝမ်းသာပါတယ်။"
ကျွန်မ စိတ်ကျေနပ်စွာ ပြုံး၍ ခေါင်းငြိမ့်လိုက်မိသည်။
ထိုအခါ သီယို၏မျက်နှာက အနည်းငယ် ထူးဆန်းစွာ ပြောင်းလဲသွားလေသည်။
သူက သတိထား၍ ပြန်မေးခဲ့သည်။
"ဒါပေမဲ့ မဒမ်က ကျွန်တော့်ကို ဘာလို့ ဒါတွေ မေးနေရတာလဲ။"
အာ ... ဟုတ်သား။
ငါ ဘယ်လို ရှင်းပြသင့်လဲ။
"နင်က ငါ့ရဲ့သူရဲကောင်းစစ်သည် ဖြစ်လာမှာပဲလေ။ဒီတော့ ကြိုပြီး မေးထားရတာပေါ့။"
"အာ ..."
သီယိုက ကျောကို မတ်မတ်ထားလိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။ပြီးမှ စိတ်ပိုင်းဖြတ်ထားသော မျက်နှာထားဖြင့် သူ့မေးစေ့ကို ပင့်လိုက်သည်။
"ဟုတ်ကဲ့ပါ မဒမ်"
သူက ဘယ်ဘက်ရင်အုံသို့ လက်ဖြင့်ထုရိုက်၍ ပြောလေသည်။
"ကျွန်တော် အကောင်းဆုံး ဆောင်ရွက်ပါ့မယ်။"
ထိုသို့ပြောနေချိန်၌ သီယို၏မျက်နှာမှာ နီမြန်းနေဆဲ ဖြစ်လေသည်။
ဘာပါလိမ့်။
သူ့ကို ရှက်သွားစေရမဲ့ တစ်ခုခု ရှိနေလို့လား။
*
"အင်း ..."
ဆိုဗက်စ်စတာ သက်ပြင်းမောကြီး ချပြီးနောက် ခန္ဓာကိုယ်ကို အနောက်ဖက်သို့ မှီထားလိုက်သည်။
သူ့ကို ကြည့်လိုက်ပါက အလွန်အတွေးများနေပုံ ရလေသည်။
ပြီးနောက် လက်ထဲက ဖောင်တိန်ကို အကြိမ်များစွာ လှည့်နေခဲ့၏။
နေးလ်မှာ စိုးရိမ်နေသော မျက်နှာထားဖြင့် ဆိုဗက်စ်စတာကို ကြည့်နေမိသည်။
ဒုတိယမင်းသား ပြန်ရောက်လာပြီးနောက် သူ့ကို ဆက်တိုက်အလုပ်ရှုပ်စေခဲ့သည်မှာ သေချာပါ၏။
ဒုတိယအရှင့်သားမှာ တော်ဝင်မိသားစုနှင့် အချိန်အတော်ကြာသည်အထိ ဝေးကွာနေခဲ့သဖြင့် မင်းသား၏ဩဇာအာဏာကလည်း ယခုလတ်တလောတွင် အနည်းငယ် ယုတ်လျော့နေခဲ့သည်။
ဒီအကြပ်အတည်းကို ဖြေရှင်းနိုင်ဖို့ သူ တွေးတောနေတာ ဖြစ်မှာပဲ။
အာ ... ငါတို့ရဲ့သခင်မြို့စားကြီးက တကယ်ကို အံ့ဩဖို့ကောင်းတယ်။
သူက ဘယ်တော့ပဲဖြစ်ဖြစ် မကောင်းတဲ့အစီအစဥ်တွေကို ရပ်တန့်မသွားစေခဲ့ဘူး!
နေးလ်မှ ထိုခံစားချက်ကြောင့် ရင်ထဲ ထိသွားရပြီး လက်များကိုပင် အချင်းချင်း ဆုပ်ကိုင်ထားမိသည်အထိ။
"သခင် ...ကျွန်တော် ကူညီပေးနိုင်တာများ ရှိသလားခင်ဗျာ။"
ဆိုဗက်စ်စတာ၏ဇဝေဇဝါဖြစ်နေသော မျက်ဝန်းများမှာ နောက်ဆုံး၌ အာရုံစိုက်စရာတစ်ခု ရသွားခဲ့လေပြီ။
သူက ဖြည်းဖြည်းချင်း ခေါင်းပြန်လှည့်လာပြီး နေးလ်ကို ကြည့်လိုက်သည်။
"ရှိတယ်"
အိုး ... အိုး!
ဆိုဗက်စ်စတာကို ကူညီပေးနိုင်ပြီဟု တွေးမိသဖြင့် နေးလ်၏မျက်လုံးများက ပျော်ရွှင်မှုဖြင့် အရောင်တောက်ပလာခဲ့သည်။
ဆိုဗက်စ်စတာက နေးလ်ထံသို့ စာရွက်စာတမ်းများကို ပစ်ပေးလိုက်သည်။
နေးလ် စာရွက်များကို မြန်မြန်ဆန်ဆန် ကြည့်လိုက်မိသည်။
စာရွက်စာတမ်းများ၏ခေါင်းစဥ်မှာ ...
"အစီအစဥ်အသစ်တစ်ခု ထပ်ဆွဲရအောင်။"
အထူး မစ်ရှင်၊ အိုဖီလီယာ၏နှလုံးသားကို လှုပ်ရှားလာစေရန် ...
နေးလ်မှာ အမှားတစ်ခုခု တွေ့လိုက်ရသည်ဟု ထင်သဖြင့် မျက်လုံးများကို အကြိမ်အနည်းငယ်ခန့် ပွတ်သပ်လိုက်မိသည်။
သို့သော် မြင်နေရသည့်အရာက မပြောင်းလဲပါပေ။
အမှန်ပင် 'အိုဖီလီယာ၏နှလုံးသားကို လှုပ်ရှားလာစေရန်' ဖြစ်နေလေသည်။
"ငါ အိုဖီလီယာကို ပိုပြီး လေးလေးနက်နက်နဲ့ ဆွဲဆောင်နိုင်ဖို့ လိုအပ်တယ်။အခုအစီအစဥ်က ကောင်းတယ်လို့ ငါ မထင်မိဘူး။မင်းရော ဘယ်လိုထင်လဲ။"
"..."
နေးလ် နှုတ်ခမ်းကိုက်လိုက်မိသည်။
"ကျွန်တော် အလုပ်ထွက်တော့မယ်။"
ဒီလို ပေါက်တတ်ကရအလုပ်ကနေ...
အလုပ်ထွက်လိုက်သည်က ပိုကောင်းမည်ဟု တွေးမိလေသည်။
"လေးလေးနက်နက်နဲ့ကို တကယ်ပါ။"
TK Team
++++++++