Chapter 101
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၁၀၁) 

ဘုရားရေ!

ရှင် ချက်ချင်းကြီး ဘာကြောင့် ဒီလိုတွေ ဖြစ်သွားရတာလဲ။

ဆိုဗက်စ်စတာ၏ရယ်ချင်စရာကောင်းပြီး တည့်တိုးဆန်သော အပြုအမူကြောင့် ကျွန်မ ရှက်ရွံ့မိသွားသဖြင့် ခဏကြာသည်အထိ ပြောစရာစကား ပျောက်ဆုံးသွားရသည်။

ဆိုဗက်စ်စတာက ကျွန်မကို ကြည့်ပြီး ပြုံးလိုက်၏။

"မင်း ရင်ခုန်သွားတယ် မဟုတ်လား။"

"မဟုတ်ပါဘူး"

"ဒါပေမဲ့ မင်း ရင်ခုန်သွားတဲ့ပုံ ပေါက်နေတာကို။"

ဆိုဗက်စ်စတာက ကျွန်မ၏ပါးပြင်ကို ဖွဖွလေး ပုတ်၍ ပြောသည်။

မဟုတ်သေးပါဘူး ... ဒီလူကတော့ တကယ်ပါပဲ!

ကျွန်မ စိတ်ထဲတွင် ညည်းတွား၍ ဆိုဗက်စ်စတာကို ကြည့်လိုက်မိသည်။

ထိုအခါ ဆိုဗက်စ်စတာက အနည်းငယ် စူပုတ်ပုတ်ဖြစ်နေသော မျက်နှာထားဖြင့် ပြောလေသည်။

"ကိုယ် ဒီလိုလုပ်ပေးရင် အမျိုးသမီးတွေက သဘောကျသွားမှာပဲတဲ့၊နေးလ် ပြောပြတာ။"

"နေးလ်မှာ ဘာဖြစ်လို့ ချစ်သူမရှိတာလဲဆိုတာ ပြန်တွေးကြည့်ပါဦးလေ။"

"အာ ... ဒီကလေကချေကောင်ကတော့ကွာ။"

သူ မျက်မှောင်ကြုတ်၍ ဆဲရေးလိုက်သည်။

သို့တိုင် သူက ကျွန်မကို ရင်းနှီးသောအကြည့်များဖြင့် ကြည့်ရန် မမေ့ပေ။ထိုသို့ ပြောင်းလဲသွားမှုက ကျွန်မကို အနည်းငယ် အံ့ဩသွားစေခဲ့သည်။

လူတစ်ယောက်က တစ်ကြိမ်လေး ဖွင့်ပြောလိုက်ပြီးတာ ဒီလောက်အထိ ပြောင်းလဲသွားနိုင်တယ်လား။

အခြေခံအားဖြင့် သူက ရိုင်းတတ်တာပေါ့။ဒါပေမဲ့ ဘယ်လိုပြောရမလဲ။ရိုင်းစိုင်းတာမျိုးမရှိဘဲ ထူးထူးခြားခြားကို နွေးထွေးသလို ခံစားနေရတာ။

ဒီလိုတွေးမိတာက နည်းနည်းလေး ထူးဆန်းနေတယ်လို့ ခံစားရတယ်။

ထင်ရတာတော့ ဆိုဗက်စ်စတာကြောင့် ငါ စိတ်ပြောင်းသွားတာပဲ။

အကွာအဝေးတစ်ခု ခြားထားသင့်တယ်။

ကျွန်မ မသိမသာလေး တင်ပါးကို ကြွလိုက်ပြီး သူနှင့်ခွာ၍ ဘေးသို့ တိုးကပ်လိုက်သည်။

သို့သော် ဆိုဗက်စ်စတာက ကျွန်မအနားသို့ လိုက်ကပ်လာ၏။

ထို့ကြောင့် ကျွန်မ ဘေးဘက်သို့ နည်းနည်း ပိုတိုးသွားလိုက်လျှင် ဆိုဗက်စ်စတာကလည်း ကျွန်မအနား ထပ်ပြီးတိုးကပ်လာပြန်သည်။

အား ... တကယ်ပါပဲ။

"ရှင် ဘာလို့ ကျွန်မနား လိုက်ကပ်နေရတာလဲ။"

"မင်းကို လွမ်းလို့ ဒီကိုလာခဲ့တယ်ဆိုပြီး ကိုယ် ပြောခဲ့တယ်လေ။ဒါကြောင့်မို့လို့ ကိုယ်က မင်းရဲ့ဘေးနားမှာ ရှိနေချင်တယ်။"

တကယ်ကြီးလား!ရှင် ဘာလို့ ဒီလိုတွေ ပြောနေရတာလဲ။

ရှက်စရာကောင်းတယ်လို့!

ကျွန်မ မျက်နှာကို လက်ဖြင့် အုပ်ထားမိပြီး ပခုံးတွန့်လိုက်ရသည်။

ဘေးနားတွင် ရှိနေသော ဆိုဗက်စ်စတာက စိတ်ကျေနပ်စွာဖြင့် ရယ်မောလိုက်၏။

"ရှင် ဒီလိုပဲ ဆက်လုပ်နေဦးမှာလား။"

"ဘာကိုလဲ"

"ဒီလိုမျိုးတွေ ဆက်လုပ်နေတာလေ ... မဟုတ်သေးဘူး၊ရှင် ကျွန်မကို ဒီလိုထပ်ပြီး တိုက်ခိုက်နေဦးမှာလားလို့။"

"အင်း"

ဆိုဗက်စ်စတာက တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေ၏။

"ကိုယ် ပြောခဲ့ပြီးသားပါ၊ မင်း ကိုယ့်ကို ကြိုက်လာအောင် လုပ်မယ်လို့လေ။"

ကျွန်မ သူ့မျက်ဝန်းများထဲသို့ စိုက်ကြည့်လိုက်မိသည်။

လှပသောမျက်ဝန်းပြာများထဲတွင် ရိုးသားစစ်မှန်မှုတစ်ခုတည်းသာ ရှိလေသည်။

ထို့ကြောင့် ကျွန်မ၏စိတ်ထဲ၌ ရီဝေဝေဖြစ်လာသည်ကိုပင် ခံစားလာရ၏။

အာ ... မရဘူးနော် အိုဖီလီယာရေ။

အသိစိတ်ဝင်ပါတော့။

နင် ဒီလိုမျိုး ကျရှုံးသွားလို့ မရဘူးလေ။

နင် ကွာရှင်းမှ ရမှာ။

ကျွန်မ ကိုယ့်ပါးကိုယ် နှစ်ချက်လောက် ရိုက်လိုက်ပြီး အသိစိတ်ဝင်လာအောင် ကြိုးစားခဲ့သည်။

"ဟူး ..."

ကျွန်မ သက်ပြင်းချ၍ ဆိုဗက်စ်စတာကို ကြည့်လိုက်သည်။

"ဒါပေမဲ့ ဘာဖြစ်လို့ ရှင်က ဒီအချိန်အတောအတွင်း ရောက်မလာခဲ့ရတာလဲ။"

"ဘာကိုလဲ"

"ကျွန်မ ရှင့်ကို ကြိုက်လာအောင် လုပ်မယ်ဆိုပြီး ရှင်ပဲ ပြောခဲ့တာလေ။ဒါပေမဲ့ စဥ်းစားကြည့်တော့ ရှင် ကျွန်မကို ရှောင်နေခဲ့တာပဲ။"

ဆိုဗက်စ်စတာ ပါးစပ်ပိတ်ထားခဲ့သည်။

ထိုနေရာတွင် အတန်ငယ် ကြာသည်အထိ တိတ်ဆိတ်သွားရ၏။

တိတ်ဆိတ်မှု တဖြည်းဖြည်း လျော့နည်းလာချိန်တွင် ဆိုဗက်စ်စတာက ရုတ်တရတ် ပါးစပ်ဖွင့်လာခဲ့သည်။

"ကိုယ် ရိုးရိုးသားသား ပြောဖို့ လိုလား။"

"အင်း"

ဟား ...

ဆိုဗက်စ်စတာက သက်ပြင်းမောကြီးတစ်ခု ချလိုက်ပြီး ဆံပင်ကို သပ်တင်လိုက်သည်။

"ဘာကြောင့်လဲဆိုတော့ ကိုယ် ရှက်နေလို့။"

"ဘာရယ် ..."

"မင်းကို ဖွင့်ပြောပြီးတော့ ကိုယ် ပြန်လည်လန်းဆန်းသွားရသလို ခံစားရတယ်။ဒါပေမဲ့ ပြီးတော့ ကိုယ် ဘာလုပ်ရမှန်း မသိတော့လို့ နည်းနည်း ဟိုယောင်ယောင် ဒီယောင်ယောင် ဖြစ်သွားတာ။"

အိုး ...

ဒီလူက တော်တော်ရိုးသားတာပဲ။

ကျွန်မ ဘာပြောရမှန်း မသိသဖြင့် မျက်လုံးသာ လှိမ့်လိုက်ရသည်။

ထိုအခါတွင် ဆိုဗက်စ်စတာက ချက်ချင်း ပြောလာခဲ့သည်။

"ဒီတော့ ကိုယ် ဒါကို ပြင်ဆင်ထားတယ်။"

"ရှင် ဘာတွေ ပြင်ဆင်နေရတာလဲ။"

"မင်း ကိုယ့်ကို ကြိုက်လာအောင် လုပ်မယ်လို့ ကိုယ် ပြောဖူးပါတယ်လေ။"

"အဲ့ဒီတော့ ..."

"ဒါ ..."

ဆိုဗက်စ်စတာက သူ့လက်မောင်းကြားတွင် ညှပ်ထားသော တစ်စုံတစ်ရာကို ထုတ်ပြလိုက်သည်။

၎င်းမှာ စာရွက်တစ်ထပ်ကြီး ဖြစ်နေသည်။၎င်းက ဘာအတွက်ဖြစ်သည်ကို သိချင်နေချိန်တွင် ဆိုဗက်စ်စတာက ပါးစပ်ဖွင့်လာခဲ့သည်။

"ကိုယ် အစီအစဥ်တစ်ခု ဆွဲထားတယ်။"

"..."

ဒီလူကတော့ ...

တကယ်ကို ရူးနေတာပဲ ဖြစ်ရမယ်။

ဆိုဗက်စ်စတာ၏အစီအစဥ်မှာ အမှန်ပင် အသေးစိတ်ကျသည်။

သူ လုပ်ရမည့်ကိစ္စများနှင့် သူ့လုပ်ရပ်အပေါ် ကျွန်မ၏တုံ့ပြန်ပုံကို ရှင်းရှင်းလင်းလင်း သိနိုင်ရန် ခေါင်းစဥ်မျိုးမျိုး ခွဲထားသေး၏။

အားလုံးထဲတွင် အသိသာဆုံးမှာ 'ကပွဲတွင် ပထမဦးဆုံးတွဲကဖို့ ခွင့်တောင်းရန်' ဆိုသည့်အချက် ဖြစ်သည်။ကယ်လီယန်နှင့် ကျွန်မ ပထမဦးဆုံး တွဲကခဲ့ချိန်၌ သူအတော်လေး ရှော့ခ်ရသွားလိမ့်မည်။

"စကားမစပ် ကျွန်မ တွဲကဖို့ ငြင်းခဲ့တာကို ရှင် ချရေးမှာတော့ မဟုတ်ဘူးမလား။"

ဤမျှ စေ့စပ်သေချာသောလူက ကျွန်မ ငြင်းပယ်ခဲ့သမျှကိစ္စတိုင်းကို အဘယ်မှာ မတွေးမိဘဲ နေလိမ့်မည်နည်း။

ကျွန်မ မေးလိုက်လျှင် ဆိုဗက်စ်စတာ ပြန်ဖြေခဲ့သည်။

"မင်း လက်ခံလာမှာပါ။"

"ဟေး ... ရှင် ကျွန်မကို ဘယ်လိုထင်နေလဲ၊ကျွန်မ ဒါကို သဘောမတူရသေးဘူးနော်။"

"ကိုယ် မင်းကို ပိုက်ဆံပေးမယ်လေ။"

"ကျွန်မတို့ ဘယ်အချိန် သွားမလဲဟင်။"

ဆိုဗက်စ်စတာက ကျွန်မအကြောင်းကို ကောင်းကောင်း သိသူ ဖြစ်လေသည်။

"ရှင် ကျွန်မကို ဘယ်လောက်ပေးမှာလဲ။"

"မင်း လိုချင်သလောက်ပေါ့။"

ကျွန်မ၏မျက်လုံးများ သူ့အလိုလို တောက်ပလာခဲ့သည်။

ငါ လိုချင်သလောက်ဆိုတာ ဘာကို ဆိုလိုတာလဲ။

ဘယ်လောက်လို့ ပြောလိုက်ရင် ကောင်းမလဲ။

ရွှေဒင်္ဂါးအပြားငါးဆယ်လောက်ဆို လုံလောက်ပြီလို့ ထင်တာပဲ။

ဓါးပြတိုက်နေတာမှ မဟုတ်ဘဲလေ။

ဒုတ် ဒုတ် ဒုတ် ဒုတ်

နှလုံးသားလေးမှာ အရင်းရှင်ဝါဒ၏လွှမ်းမိုးမှုကြောင့် အခုန်မြန်လာခဲ့သည်။

ကျွန်မ ဤသို့ စိတ်လှုပ်ရှားနေချိန်တွင် ဆိုဗက်စ်စတာက ဖြည်းဖြည်းချင်း နှုတ်ခမ်းများကို ဖွင့်ဟလိုက်သည်။

"ဒီတော့ ...အိုဖီလီယာ"

"အင်း"

"ကိုယ် မင်းကို ပိုက်ဆံတွေ ပေးမယ်ဆိုရင် ကိုယ်တို့ရဲ့အိမ်ထောင်ရေးကို တည်တံ့နေအောင် မင်း အကြာကြီး ဆက်ထိန်းထားပေးလို့ ရမလား။"

ထိုအခိုက်အတန့်တွင် ကျွန်မ တုန်လှုပ်သွားရသည်။

ကျွန်မ ပြောခဲ့သည့်အတိုင်း နှလုံးသားက အရင်းရှင်ဝါဒကြောင့် လှုပ်ရှားနေခြင်း ဖြစ်သည်။

သို့သော်လည်း ဆင်ခြင်တုံတရားက မြန်မြန်ဆန်ဆန် ပြန်ရောက်လာခဲ့သည်။

ကျွန်မ ကွာရှင်းဖို့ လိုသည်။

ထို့ကြောင့် ဆိုဗက်စ်စတာ၏နှလုံးသားကိုလည်း ငြင်းပယ်ရလိမ့်မည်။

မတတ်နိုင်ပေ။

ကျွန်မ အသက်ဆက်ရှင်နိုင်ရန်အတွက် မူလဇာတ်ကြောင်းတွင် ဝင်မပါရန် လိုပေသည်။

ထို့ကြောင့် ကျွန်မ သတိထား၍ ပြန်ဖြေခဲ့သည်။

"မရဘူး ... ဒါက နည်းနည်းတော့ ..."

"မင်း ဆုံးဖြတ်ထားပြီးပြီပဲ။"

ဆိုဗက်စ်စတာက နက်ခ်တိုင်ကို ဖြည်ရင်း မသိမသာ မျက်မှောင်ကြုတ်လိုက်သည်။

"မင်းက သောက်ကျိုးနည်းအိမ်ရှေ့စံမင်းသားကို ဒီလောက်ထိ ကြိုက်တာပဲလား။"

"အားရှ် ... တကယ်ပါပဲ!"

ကျွန်မ ခုန်ထပြီး အော်ပစ်လိုက်သည်။

"ကျွန်မ မကြိုက်ဘူးလို့ အကြိမ်တစ်ရာလောက် ပြောပြီးပြီ ထင်တယ်နော်!"

"မင်း ငါးကြိမ်ပဲ ပြောရသေးတယ်။"

"ကျွန်မ အဲ့လိုမျိုး ဆိုလိုချင်တာလေ။"

"နည်းနည်းတော့ ကွာခြားမှုရှိတာပဲ။အကြိမ်တစ်ရာနဲ့ ငါးကြိမ်ဆိုတာ လုံးဝမတူတဲ့ဟာကို။"

"ဒါက အရေးမကြီးဘူး!ကျွန်မတို့ ဒီလိုထိုင်နေကြတာက ဒီအကြောင်းပြောဖို့ မဟုတ်ဘူးနော် ... ရမလား။"

"အင်း"

ဆိုဗက်စ်စတာက နာခံစွာ ပြန်ဖြေသည်။

သူက အိပ်ရာပေါ်တွင် ထိုင်နေသည်ဖြစ်ရာ ကျွန်မ သူ့ရှေ့တွင် မတ်တပ်ရပ်ပြီး သူ့ကို စိုက်ကြည့်ပေးလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ကျွန်မ အိမ်ရှေ့စံအရှင့်သားကို မကြိုက်ဘူး။ဒါက ကျွန်မ ကွာရှင်းချင်နေရတဲ့ အကြောင်းအရင်း ဘယ်တော့မှ ဖြစ်လာမှာလဲ မဟုတ်ဘူး။ရပြီလား ... ကျွန်မကို အထင်မလွဲနေနဲ့!"

ဆိုဗက်စ်စတာက ဖြည်းဖြည်းချင်း မျက်တောင်ပုတ်ခတ် ပုတ်ခတ် လုပ်နေခဲ့သည်။

သူ ကျွန်မကို နားလည်ပေးဖို့ ကြိုးစားနေခဲ့သလိုပင်။

"ဒီတော့ ..."

ဆိုဗက်စ်စတာက နဖူးနည်းနည်းတွန့်၍ ပြောသည်။

"မင်း အေးအေးချမ်းချမ်း နေချင်လို့ ကွာရှင်းဖို့ ဆုံးဖြတ်လိုက်တာလား။"

"အမှန်ပဲ"

"နိုင်ငံရေးကိစ္စတွေမှာ ဝင်မပါချင်လို့လား။"

"အင်း"

ဆိုဗက်စ်စတာ လက်ပိုက်လိုက်သည်။

"ဒါဆို ..."

သူက အချိန်ခဏကြာသည်အထိ တစိမ့်စိမ့်တွေးတောပြီးမှ ပြောသည်။

"အကယ်၍ ကိုယ်ကသာ နိုင်ငံရေးလောကကြီးကို အမြန်အဆန်ပဲ တည်ငြိမ်သွားစေလိုက်ရင် မင်း ကိုယ့်ကို ကွာရှင်းစရာ အကြောင်းပြချက် မရှိတော့ဘူးပေါ့။"

ဟမ်

ကျွန်မ ခေါင်းစောင်းကြည့်လိုက်မိသည်။

"ရှင် ဘာတွေ ပြောနေတာလဲ။"

"မင်း ဘာကို ဆိုလိုချင်တာလဲကွာ။"

ဆိုဗက်စ်စတာက အပြုံးလေးဖြင့် ကျွန်မ၏လက်မောင်းကို လှမ်းဆွဲလာခဲ့သည်။ချက်ချင်းဆိုသလို ကျွန်မ၏ခန္ဓာကိုယ်က သူ့ဒူးနှစ်ဖက်ကြားတွင် ပိတ်မိသွားရ၏။

"ဒါဆို ကိုယ်က ဒုတိယမင်းသားကို ပလ္လင်ပေါ် တင်ပေးလိုက်ရင် အရာအားလုံး တည်ငြိမ်သွားမယ်လေ။ကိုယ် အဲ့လို လုပ်မှာပါ။"

သူက ကျွန်မ၏လက်ကို ဆုပ်ကိုင်ထားရင်း မော့ကြည့်လာခဲ့သည်။

ကျွန်မ တံတွေးမျိုချလိုက်မိ၏။

"ရှင် ... ဒုတိယမင်းသားကို ပံ့ပိုးပေးနေရတဲ့ တကယ့်အကြောင်းရင်းက ဘာများလဲ။"

"ကိုယ် မင်းကို ပြောပြခဲ့ဖူးတယ်။"

ဆိုဗက်စ်စတာက ချက်ချင်း ပြန်ဖြေသည်။

"ကိုယ့်မှာ မရှိတဲ့အရာက သူ့ဆီမှာ ရှိနေတယ်လို့။"

ကျွန်မ မျက်လုံးများကို ကျဥ်းမြောင်းပြီး ကြည့်လိုက်သည်။

"အဲ့ဒါက ဘာဆိုတာ ရှင် ကျွန်မကို မပြောပြဘူး မဟုတ်လား။"

"အင်း"

"အရမ်းရိုင်းတာပဲ။"

"ကိုယ် ကြားရတယ်နော်၊ ဒါပေမဲ့ မင်းကတော့ ချစ်ဖို့ကောင်းပါတယ်။"

သူက အပြုံးလေးနှင့် ပြန်ဖြေသည်။

မဟုတ်ဘူးလေ။

ချစ်စရာကောင်းတာလဲ ဘာတစ်ခုမှ မလုပ်ရဘဲနဲ့။

ကျစ်

သို့တိုင် ချစ်စရာကောင်းသည်ဟု ကြားရသဖြင့် ကျွန်မ၏စိတ်ခံစားချက် ကောင်းသွားခဲ့သည်။

ကျွန်မ ပြုံး၍ ဆိုဗက်စ်စတာကို တစ်ချက်လှမ်းကြည့်လိုက်သည်။

ထိုအခိုက်အတန့်တွင် မှိတ်တုတ်မှိတ်တုတ် လှုပ်ရှားနေသော မီးအိမ်မှ အလင်းရောင်က သူ့မျက်နှာထက်တွင် ဖြာကျနေခဲ့၏။

မြင့်မားသောနှာတံနှင့် ပါးလွှာသေသပ်သော နှုတ်ခမ်းများ၏အရိပ်က ကျွန်မကို အချက်ပြနေခဲ့သည်။

အခု ဆိုဗက်စ်စတာကို အရှုံးပေးလိုက်ပါတော့ ဟူ၍။

ငါ အရှုံးပေးလို့ မရဘူး။

ကျွန်မ အသိစိတ် ပြန်ဝင်လာခဲ့သည်။

ဆိုဗက်စ်စတာက မည်မျှပင် ချောမောခန့်ညားနေသည် ဖြစ်စေ ...

ဆိုဗက်စ်စတာက ပိုက်ဆံအများကြီး ရှိနေသည်ဖြစ်စေ ...

ကျွန်မ အရှုံးပေးလိုက်၍ မရပါ။

အကယ်၍ ဆိုဗက်စ်စတာကသာ လာဂိုကို မထောက်ပံ့တော့ဟု ပြောလာမည်ဆိုပါက အခြေအနေက အနည်းငယ် ပြောင်းလဲသွားလောက်သည်။

သို့သော် သူက ထိုသို့ လုပ်မည်မဟုတ်။သူ ပြောခဲ့သလိုပင် သူ လာဂိုထံမှ ရစရာ တစ်စုံတစ်ခု ရှိနေခဲ့သည်။

ထို့ကြောင့် ကျွန်မ ရွေးချယ်ရန် လမ်းနှစ်လမ်းသာ ရှိလေသည်။

ဆိုဗက်စ်စတာကို လျစ်လျူရှုပြီး ကွာရှင်းပစ်ရန်။

သို့မဟုတ် ဆိုဗက်စ်စတာ၏ လာဂိုအပေါ် ပံ့ပိုးနေခြင်းကို တားဆီးပစ်ရန်။

အခုထိ မည်သည့်လမ်းကို ရွေးချယ်ရမည်မှန်း မသိသေးသဖြင့် နှစ်လမ်းလုံးကို စဥ်းစားကြည့်ရလိမ့်မည်။

ကျွန်မ ထိုသို့ တွေးလိုက်ပြီး ဆိုဗက်စ်စတာကို ငုံ့ကြည့်လိုက်သည်။

"ကောင့်မြို့စားကာဒယ်လ်ရဲ့အိမ်တော်မှာ ကပွဲရှိတယ်။"

"အဲ့ဒီတော့"

"ဘာကြောင့်မှန်းတော့ မသိပေမဲ့ ရှင် လာမယ်ဆိုရင် ဒုတိယမင်းသားလဲ လာမယ်တဲ့။ဒါကြောင့်မို့လို့ ကျေးဇူးပြုပြီး ကျွန်မနဲ့အတူ ပွဲတက်ပေးပါ။"

အင်း

ဆိုဗက်စ်စတာက ခေါင်းမော့လိုက်သည်။

"ပထမဆုံး တွဲကတာကို ကျတော့ရော။"

အာ... တကယ်ပါပဲ။

ကျွန်မ အံကြိတ်၍ ပြန်ဖြေလိုက်သည်။

"ကကြမယ်... ကမယ်လို့ ...အကြိမ်တစ်ရာလောက်။"

ကျွန်မ ထိုသို့ ပြောလိုက်လျှင် ဆိုဗက်စ်စတာက တောက်တောက်ပပ ပြုံးလိုက်လေသည်။

"အကြိမ်တစ်ရာနော် ...မင်း ကတိပေးပြီးသွားပြီ။"

ဝါး ... ရှင်က ဘယ်လိုဖြစ်ပြီး ဒီလို နလပိန်းတုံး ဖြစ်နေရတာလဲ။

ထိုသူ၏မစဥ်းစားတတ်မှုကို ကျွန်မ စိတ်ထဲတွင် လက်ခုပ်ဩဘာပေးလိုက်ချင်သည်။

ဖြောင်း ဖြောင်း ဖြောင်း

"အခု အိပ်ဖို့ ကောင်းပြီ။"

ကျွန်မ ခံစားရသည်ကို သူ သိ၊မသိ မသေချာသော်လည်း ဆိုဗက်စ်စတာက ကျွန်မ၏လက်မောင်းကို သူ့ဘက်သို့ အနည်းငယ် ပို၍ဆွဲယူလိုက်ပြီး ပြောခဲ့သည်။

"ဒီကိုလာခဲ့ ... အတူတူ အိပ်ကြရအောင်။"

ဟ ...ဟမ်

သူက အတူတူ အိပ်ချင်တာလား။

ကျွန်မ ချွေးအေးတစ်လွှာ ထွက်လာရ၏။

"ကျွန်မ ... မလုပ်ချင် ..."

"မင်း ဘာကို မလုပ်ချင်ရတာလဲ။"

ဆိုဗက်စ်စတာ၏မျက်ဝန်းများက ညှိုးငယ်စွာဖြင့် ကျွန်မကို ကြည့်လာခဲ့သည်။

"တကယ်လားကွာ"

"..."

"မင်းက ကိုယ့်ကို အဝေးမှာ ပစ်ထားပြီး တကယ်ပဲ အိပ်တော့မလို့လား။"

မဟုတ်သေးဘူးလေ၊ဒီလို သနားစရာအမူအရာလေးနဲ့ ကြည့်လာပြီး ကျွန်မကို စိတ်ပျော့သွားအောင် လုပ်နေတာပဲ။

"ဘုရားရေ!"

ကျွန်မ ထိုသို့ တုန်လှုပ်သွားခဲ့သည်ကို အခွင့်ကောင်းယူ၍ ဆိုဗက်စ်စတာက ကျွန်မကို ပွေ့ဖက်လိုက်ပြီး အိပ်ရာပေါ်တွင် လှဲအိပ်စေလိုက်သည်။

"အာ ...ရှင် တကယ်ပါပဲ!"

ကျွန်မ ရုန်းကန်နေမိသည်။ထိုအခါ ဆိုဗက်စ်စတာက ကျွန်မကို ပို၍တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားပြီး ပြောလာခဲ့သည်။

"မင်း ဒါကို မုန်းလား။"

ကျွန်မတို့ မျက်လုံးချင်း ဆုံသွားရသည်။

သူ၏အပြစ်ကင်းစင်ပြီး သနားစဖွယ် မျက်ဝန်းပြာများကို ကြည့်မိလျှင် ကျွန်မ သူ့ကို မငြင်းပယ်နိုင်တော့ပေ။

ဝါး ...သူက တကယ်ကို ခိုးကြောင်ခိုးဝှက် လုပ်တတ်တဲ့သူနဲ့ တူတယ်။

ဟူး ...

ကျွန်မ အသက်ရှူထုတ်ပြီး တောင့်ထားသော ခန္ဓာကိုယ်ကို ဖြေလျှော့ပေးလိုက်မိသည်။

ထိုအခါ ဆိုဗက်စ်စတာက ရွှင်လန်းစွာ ပြုံးလိုက်ပြီး ကျွန်မကို ပို၍ပင် ဖက်တွယ်လာခဲ့၏။

"မင်းရဲ့ခန္ဓာကိုယ်လေးက အရမ်းနူးညံ့တာပဲ ... ဖက်လို့ အရမ်းကောင်းတယ်။"

သူက ထိုသို့ပြောရင်း ကျွန်မ၏ကုပ်ပိုးထက်တွင် မျက်နှာအပ်ထားခဲ့သည်။

"ကောင်းသောညပါ ... အိမ်မက်လှလှမက်ပါစေ။"

ကျွန်မကို ကြက်သီးထအောင် လုပ်သည့်နေရာတွင် သူ အလွန်တော်သည်။

ကျွန်မလည်း မျက်လုံးများ မှိတ်ထားလိုက်ရပြီး ဆိုဗက်စ်စတာကိုလည်း မြန်မြန်လေး အိပ်ပျော်သွားစေချင်မိသည်။

သူ မအိပ်မချင်း ကျွန်မလည်း အိပ်ပျော်နိုင်လိမ့်မည် မဟုတ်ဟု တွေးမိခြင်းကြောင့် ဖြစ်လေသည်။


TK Team