ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ
အပိုင်း (၉၅)
"မဒမ် ဒီဝတ်စုံလေးနဲ့ အရမ်းကြည့်ကောင်းတာပဲ!"
မဒမ်အန်တဲ၏လက်ရာ ဝတ်စုံ ဝတ်ထားသော ကျွန်မကို ကြည့်၍ အိုင်ရင်းက အော်ဟစ်လိုက်သည်။
ဟူး
ကျွန်မလည်း မှန်ထဲသို့ ကြည့်ရင်း ကိုယ့်ဘာသာ ပြန်သဘောကျနေမိသည်။ဝတ်စုံမှာ ခမ်းနားထည်ဝါ၍ အလွန်လှပသဖြင့် မြင်ရသူတိုင်း၏မျက်လုံးများပါ ကျွတ်ကျလုမတတ်ပင်။
ကျွန်မ၏မြစိမ်းရောင်မျက်ဆန်များထက် အနည်းငယ် အရောင်ပိုရင့်သော ပိုးသားဖြင့် ချုပ်ထားသည့်ဝတ်စုံမှာ ပခုံးဖော်ဒီဇိုင်းဖြစ်လေရာ ဖြူဖွေးသော ပခုံးသားများကို လှစ်ဟဖော်ပြထား၏။
သို့သော် ဝတ်စုံ၏ရင်ဘတ်နေရာမှာ ပို၍ အံ့ဩဖွယ်ကောင်းသည်။
ပန်းပွင့်များဖြင့် အလှဆင်ထားသောကြောင့် ဖြစ်၏။
အလှဆင်ထားမှုမှာ ရင်ဘတ်နေရာမှစ၍ လက်အထိ ရှိပြီး ပန်းပွင့်များ၊သစ်ရွက်သစ်ခက်များဖြင့် အရောင်အသွေးစုံလင်နေကာ အဝေးမှ တစ်ချက်ကြည့်လိုက်လျှင်ပင် အသေးစိတ်အလှဆင်ထားမှန်း သိသာလှသည်။
ခရမ်းရောင်ဖဲကြိုးလေးပါသော ပုလဲနားဆွဲကို ဝတ်ဆင်လိုက်ခြင်းက အမှန်ပင် ပိုထင်းလင်းသွားစေ၏။ကျွန်မ၏ကိုယ်ပေါ်တွင် ၎င်းက ကြည့်ကောင်းသည်ထက်ပင် ပိုသေးသည်။
"လှသားပဲ"
ကျွန်မ စိတ်ထဲရှိသည့်အတိုင်း ပြောလိုက်သည်။
ထိုအခါ အိုင်ရင်းက ထပ်ဖြည့်ပြောလိုက်သည်။
"လှရုံလောက်ပဲ မဟုတ်ပါဘူး၊အရမ်း အရမ်းကို လှတာပါ။အကောင်းဆုံးပါပဲ!"
အိုင်ရင်းက လက်မထောင်ပြ၍ ချီးကျူးသည်။
"ကပွဲရောက်ရင် လူတွေက မဒမ့်ကိုပဲ မြင်နေကြမှာ၊တကယ်ပြောတာ၊ကျွန်မ ကျိန်ရဲတယ်။"
"နင်က ဘာလို့ ဒီအတွက် ကျိန်ပြောနေရတာလဲဟယ်။"
ကျွန်မ ရယ်မောလိုက်သည်။
"ဒါပေါ့!"
ကျွန်မ၏စကားကြောင့် အိုင်ရင်းက အားရပါးရ ရယ်မောလိုက်သည်။
"မဒမ်က တကယ်ကို အံ့ဩဖွယ် ခမ်းနားနေလို့လေ။"
သူမက ချီးမွမ်းစကားကို မထပ်သွားရအောင် နောက်တစ်နည်းဖြင့် ပြောနေသည်ဟု တွေးမိသည်။သို့သော် မသိချင်ယောင်ဆောင်နေလိုက်၏။
မှန်ထဲတွင် တစ်ပတ် ပတ်ကြည့်ပြီးနောက် ထပ်၍ ပြင်ဆင်စရာမလိုတော့သဖြင့် စိတ်ကျေနပ်သွားရပြီး ခြုံလွှာကို ကောက်ယူလိုက်သည်။၎င်းမှာ အဖြူရောင်သားမွေးဖြင့် ပြုလုပ်ထားသော ခြုံလွှာဖြစ်သည်။
"ဆိုဗက်စ်စတာ ရော"
"သခင်က ဧည့်ခန်းမမှာ စောင့်နေလိမ့်မယ် ထင်ပါတယ်။"
"ကျစ် ... သူ ငါနဲ့အတူမသွားဘူးလို့ ထင်ထားတာ။"
ကျွန်မ၏ညည်းညူသံကြောင့် အိုင်ရင်း၏မျက်လုံးများ ပြူးကျယ်သွားရ၏။
"ရှင်! မဒမ် ဘာကိုပြောချင်တာလဲ။"
သူမက အထစ်ထစ် အငေါ့ငေါ့ဖြင့် မေးလာသည်။
"မဖြစ်နိုင်တာ ... မဒမ်တို့နှစ်ယောက် ...ရန်ဖြစ်ထားကြတာလား။တကယ်ကြီးလေ!"
ကျွန်မသာ မှန်ကန်ကြောင်း ပြောလိုက်မည်ဆိုလျှင် အိုင်ရင်းမှာ ပါးစပ်မှ အမြှုပ်တစီစီထွက်၍ နေရာမှာတင် မေ့လဲသွားလောက်သည်။
ထို့ကြောင့် ကျွန်မ မြန်မြန်ဆန်ဆန် ခေါင်းခါပြလိုက်သည်။
"မဟုတ်ပါဘူး၊ဆိုဗက်စ်စတာက အလုပ်များနေတာဆိုတော့ ငါနဲ့အတူ မသွားနိုင်လောက်ဘူးလို့ တွေးမိရုံပါပဲ။"
"အာ ... ဒီလိုပေါ့၊မဒမ်တို့ ရန်မဖြစ်ထားပါဘူးနော်၊ဟုတ်တယ်မလား။"
"အင်း"
"ဖူး ... တော်သေးတာပေါ့။"
အိုင်ရင်း သက်ပြင်းချ၍ နဖူးကို လက်ဖဝါးဖြင့် ပွတ်သုတ်လိုက်မိသည်။
"အဲ့လိုဆိုရင်တောင်မှ သခင်က တကယ်ကို စိတ်ခံစားချက်မကောင်းတဲ့ အနေအထားမှာ ရှိနေတာပါ။ဒီတော့ ကျွန်မလဲ ထပ်ပြီး သိချင်သွားရတာ။"
"စိတ်ခံစားချက်မကောင်းတဲ့ အနေအထား ဟုတ်လား။"
"ဟုတ်ကဲ့၊သခင့်ရဲ့လက်ထောက်က ထပ်ပြီး အရိုက်အနှက်ခံနေရတယ်လို့ ကြားမိပါတယ်။"
"သူ တစ်ခုခုကို မရိုက်မနှက်ဘဲ နေတဲ့နေ့ဆိုလို့ တစ်ရက်မှ မရှိဘူးပဲ။"
ကျွန်မ ပြုံး၍ သားမွေးခြုံလွှာကို ပခုံးထက်တွင် လွှမ်းခြုံလိုက်သည်။အိုင်ရင်းက ကျွန်မ၏ဆံပင်ကို အလျင်အမြန် နေရာချပေးသည်။
"ငါလဲ စိတ်ခံစားချက်မကောင်းဘူး၊ဒီတော့ အတူတူပဲပေါ့။"
"... ဒါပေမဲ့ ရန်မဖြစ်ကြပါနဲ့ဦး။"
"ကောင်းပြီ၊ငါ ကြိုးစားကြည့်မယ်။"
ကျွန်မ ပြုံးနေရင်း ယပ်တောင်ကို ယူလိုက်သည်။
"အခု သွားကြစို့။"
"ဟုတ်ကဲ့!"
အိုင်ရင်းက ရှေ့မှ ဦးဆောင်ပြီး တံခါးကို ဖွင့်ပေးသည်။ပြီးမှ ကျွန်မက သူမ၏နောက်သို့ လိုက်လာခဲ့သည်။
*
ဆိုဗက်စ်စတာက ဧည့်ခန်းမထဲတွင် ရပ်စောင့်နေခဲ့သည်။
ယနေ့တွင် သူက အပြာရင့်ရောင်ဝတ်စုံကို ဝတ်ထား၏။
ထိုဝတ်စုံမှ သူနှင့် အလွန်တင့်တယ်ပြီး လိုက်ဖက်လှကြောင်းကို အကြိမ်တစ်ရာခန့်ပင် ပြော၍ပြီးမည် မဟုတ်ပေ။
ကျွန်မ ဝန်မခံချင်သော်ငြား ဝန်ခံရတော့မည်။
ဆိုဗက်စ်စတာက အမှန်တကယ်ပင် ချောမောခန့်ညားလွန်းသည်။
အပြင်ဘက်သို့ ကြည့်နေသော သူ့အကြည့်က ကျွန်မထံသို့ လှည့်လာလျှင် ကျွန်မ လက်ကို ဝှေ့ယမ်းပြလိုက်မိသည်။
"ရှင် အကြာကြီး စောင့်နေခဲ့တာလား။"
"အင်း"
"မကြာသေးပါဘူးဆိုပြီး ပြောပေးလို့ မရဘူးလား။"
"မရဘူး"
အာ၊ဒီငတုံးကောင်ကတော့ ...
ကျွန်မ အံကြိတ်၍ သူ့ကို ကြည့်လိုက်သည်။
"ရှင် ဒီနေ့တစ်နေ့လုံး ကျွန်မကို ဒီပုံစံအတိုင်းပဲ ဆက်ဆံမှာတော့ မဟုတ်လောက်ပါဘူးနော်။"
ဆိုဗက်စ်စတာက ပြန်မဖြေပဲ ကျွန်မကိုသာ စိုက်ကြည့်နေ၏။ကျွန်မ ဆက်ပြောလိုက်သည်။
"ရှင်က ကျွန်မတို့ ရန်ဖြစ်ထားတာကို ကြွားချင်လို့လား။"
"..."
"အသိုင်းအဝိုင်းထဲမှာ ကျွန်မတို့ ကွာရှင်းတော့မယ်ဆိုတဲ့ ကောလာဟာလတွေက ပျံ့နှံ့နေပုံပဲ။ဒီတော့ လောင်စာ ထပ်ထည့်ပေးလိုက်ကြရအောင်လား။"
ဆိုဗက်စ်စတာ၏မျက်နှာထားမှာ အနည်းငယ် လှုပ်ရှားသွား၏။သူက နဖူးတွန့်လိုက်သည်။
"ဟား ..."
သူ သက်ပြင်းချ၍ ကျစ်ခနဲ စုတ်သပ်လိုက်၏။
"မင်း အရမ်းကြည့်ကောင်းနေတာပဲ။"
သူက ကျွန်မကို ခေါင်းအစ ခြေအဆုံး ကြည့်နေလေသည်။
"ဒါကြောင့် ကိုယ် ပိုပြီး စိတ်တိုနေရတယ်။"
ကျွန်မ ကြည့်ကောင်းနေတာနဲ့ပဲ ရှင်က စိတ်တိုရရောလား။
ကျွန်မ မျက်ခုံးကို ပင့်လိုက်သည်။
"ဘာလို့များလဲ၊ ရှင် အိပ်မပျော်ခဲ့လို့ စိတ်မသက်မသာ ဖြစ်နေရတာလား။"
"ကိုယ် အိပ်မပျော်တာ မင်း ဘယ်လိုသိလဲ။"
အိုး ... သူ့မျက်လုံးအောက်က အခြေအနေ နည်းနည်းဆိုးနေပုံရလို့ ဒီလို ပြောလိုက်မိပေမဲ့ ငါ ပြောတာ မှန်သွားပါလား။
ကျွန်မ ပခုံးတွန့်လိုက်သည်။
"ဒီလိုပါပဲ ... ရှင့်အသားအရည်က ကြည့်ရဆိုးနေလို့လေ။"
"..."
ဆိုဗက်စ်စတာ တစ်ခုခုပြောရန် ကြိုးစားလိုက်သော်လည်း ပါးစပ်ကို ပြန်ပိတ်ထားလိုက်မိသည်။သူ နောက်တစ်ကြိမ် စုတ်သပ်ပြီး သက်ပြင်းချလိုက်ပြန်၏။
"ကောင်းပြီ...ရန်ဖြစ်နေတာကို ရပ်လိုက်ကြရအောင်။"
ပြီးနောက် သူက ကျွန်မဆီသို့ လက်မောင်းတစ်ဖက် ထိုးပေးလာသည်။ဆိုလိုသည်က သူ့လက်မောင်းကို ချိတ်တွယ်စေလိုသည် ဟူ၍။
"ရန်ဖြစ်တာကလဲ တကယ်ကို တိုတောင်းလိုက်တာ။"
ကျွန်မ၏လက်ဖြင့် သူ့လက်မောင်းကို ချိတ်ပြီး ပြောလိုက်သည်။
"ကျွန်မ အခုထိ ဒေါသထွက်နေတုန်းပဲ။"
ဆိုဗက်စ်စတာက မှင်တက်သွားရသည့်တိုင် ဘာမှ ထပ်မပြောလာခဲ့ပေ။
ကျွန်မ ပြောသည့်အတိုင်း ကျွန်မတို့ရန်ဖြစ်သည့်အချိန်က တိုတောင်းလှသည်။
*
ရထားလုံးထဲတွင် သူနှင့် မျက်နှာချင်းဆိုင် ထိုင်နေသော အိုဖီလီယာကို ဆိုဗက်စ်စတာ ကြည့်လိုက်သည်။
ယနေ့ အိုဖီလီယာ အလွန်လှပနေသည်။
သူမက အမြဲတမ်း လှနေသော်ငြား ယနေ့မှ ထူးထူးကဲကဲ ပိုလှနေခဲ့သည်။
သူမ၏မျက်ဆန်အရောင်များနှင့် ကောင်းမွန်စွာ လိုက်ဖက်သော ဝတ်စုံကို ဝတ်လာခဲ့ခြင်းကြောင့် ဖြစ်မည်။သို့မဟုတ် သူမ ပြင်ဆင်လာသော မိတ်ကပ်က ပုံမှန်ထက် ပို၍ ထင်းထင်းလင်းလင်း ဖြစ်နေသောကြောင့် ဖြစ်လိမ့်မည်။
ထိုသို့တွေးမိသဖြင့် သူ၏ကိုယ်ပိုင်မျက်လုံးများမှာ filter တစ်လွှာ တပ်ပြီးသား ဖြစ်နေကြောင်း ဝန်ခံရတော့မည်။
အိုဖီလီယာကို ပို၍ လှပစွာ မြင်နိုင်သော filter တစ်ခု။
သေစမ်းကွာ။
ဆိုဗက်စ်စတာသည် ကြမ်းတမ်းစွာ ရေရွတ်လိုက်ပြီး အိုဖီလီယာထံမှ အကြည့်လွှဲလိုက်ရသည်။
သို့သော် တစ်ချိန်တည်းမှာပင် သူ အိုဖီလီယာကို ဆက်ကြည့်နေမိပြီး သူ့ကို ရူးသွပ်သွားအောင် စေစားနေခဲ့သည်။
ထို့ကြောင့် သူ မျက်လုံး မှိတ်ထားရန် ရွေးချယ်လိုက်ရလေသည်။
သည်းခံလိုက်။
သည်းခံလိုက်စမ်းပါ။
အိုဖီလီယာကို ထပ်ပြီး မကြိုက်သင့်တော့ဘူး။
သူ ထပ်တလဲလဲ တွေးတောနေခဲ့သည်။
ထိုအချိန်တွင်
"ဒါနဲ့လေ ...ဟန်နီ"
တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော အိုဖီလီယာက သူ့ကို စကားပြောလာခဲ့၏။
ဆိုဗက်စ်စတာက မျက်လုံးမဖွင့်ဘဲ ပြန်ဖြေခဲ့သည်။
"ဟင် ... ဘာလဲ။"
"တစ်နေ့က ကျွန်မ ဖလဲရ်နဲ့ ရန်နည်းနည်း ဖြစ်ခဲ့တယ်။"
"ဘာရယ်"
နောက်ဆုံးတွင် ဆိုဗက်စ်စတာ မျက်လုံးဖွင့်လိုက်ရသည်။ပြီးနောက် အိုဖီလီယာကို ကြည့်လိုက်၏။
"ဘယ်လိုဖြစ်ပြီးတော့ ... ဘာကြောင့်လဲ။"
"မသိပါဘူး ... ကျွန်မ ဝတ်စုံဝယ်ဖို့ ထွက်လာတာပဲ။ဒါပေမဲ့ ဖလဲရ်က ကျွန်မ ရှိတဲ့ဆိုင်ကို ရောက်လာတယ်။ပြီးတော့ မဒမ်အန်တဲက မြို့စားကြီးကတော်ကိုကျတော့ ပန်းချီခန်းထဲ ခေါ်ဆောင်ပေးပြီး သူမတို့ကိုဘာလို့ အဲ့လိုမျိုး မလုပ်ပေးရတာလဲဆိုပြီး မေးနေကြတာ။"
"အဲ့ဒီတော့ ..."
"ဒါကို နားထောင်မိတော့ သူမ နည်းနည်းစိတ်ကြီးဝင်နေတယ်လို့ ထင်ပြီး ကျွန်မ တစ်ခုခု ပြောလိုက်မိတယ်။"
"အဲ့ဒီစကားက အရိုးထဲအထိ နာသွားလောက်တယ်။"
"အင်း ... မှန်တာပေါ့။"
အိုဖီလီယာက မျက်မှောင်ကြုတ်၍ ဆက်ပြောသည်။
"ဒါကြောင့်ပဲ ..."
"ဟမ်"
"ဒီနေ့ အရှင့်သားက ကျွန်မကို ဘယ်လောက်များ ဒေါသဖြစ်နေမလဲဟင်။"
ဆိုဗက်စ်စတာ စိတ်ထဲကမပါဘဲ ရယ်မောလိုက်သည်။
"မင်းက ကိုယ့်ကို လာမေးနေတယ်ပေါ့၊ဒီအဖြေကို မင်းက ပိုပြီး ကောင်းကောင်းသိမယ် ထင်တယ်။"
ထိုသို့ ဖြစ်လာမည်က ဖြစ်နိုင်ချေ ၁၀၀%ရှိသည်ဟု သူ တွေးမိသည်။
ကျစ်
အိုဖီလီယာက နှုတ်ခမ်းကိုကိုက်၍ ရေရွတ်သည်။
"ကျွန်မတို့ အတူတူ တွဲမကဘူးဆိုရင်ရော။"
ထိုအချိန်တွင် ဆိုဗက်စ်စတာ၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။
"အင်း ... ကိုယ်လဲ ဒါကို မေးချင်နေတာ။"
"ဘာကိုလဲ"
"အဲ့ဒီသောက်ကျိုးနည်းမင်းသားနဲ့ ပထမဦးဆုံး တွဲကနိုင်ဖို့ မင်း ဘာလို့များ ကြိုးစားနေရတာလဲ။"
သူ ဒီအကြောင်းကို ဘယ်ကနေ ကြားလာတာလဲ မသိဘူး။
ကျွန်မ မြို့စားမင်းကြီးကတော်နှင့် ဖလဲရ်တို့ထံ ထိုအကြောင်းကို ပြောခဲ့မိကတည်းက ထိုသတင်းမှာ ပေါက်ကြားသွားရန် လုံလောက်နေပြီ ဖြစ်၏။
အိုဖီလီယာက မေးဆတ်၍ ပြန်ဖြေသည်။
"ရှင် ဘာတွေ ပြောနေတာလဲ။ဒါက အိမ်ရှေ့စံမင်းသားကို ဖြားယောင်းမဲ့အစီအစဥ်ထဲက တစ်စိတ်တစ်ပိုင်းပဲ။ပြီးတော့ ဖလဲရ်ကို အကြပ်ရိုက်သွားအောင် လုပ်ဖို့ ရည်ရွယ်ထားတာ။"
"ဒါကြောင့်ပဲ ..."
ဆိုဗက်စ်စတာမှာ ဒေါသကို ထိန်းထားရသဖြင့် အသက်ကို ခဲရာခဲဆစ်ရှူနေရပြီး ပါးစပ်ကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ရ၏။
"သူ့ကို ဖြားယောင်းနေတာ ရပ်လိုက်ဖို့ ကိုယ် မင်းကို ပြောနေတာ။"
အိုဖီလီယာ ပခုံးတွန့်လိုက်လေသည်။
"ကျွန်မ ဒီစကားကို နားမထောင်ဘူးလို့ ရှင့်ကို ပြောခဲ့ပါတယ်။"
ဆိုဗက်စ်စတာ၏နှုတ်ခမ်းများ တင်းကြပ်သွား၏။
"မင်း ကိုယ့်ကို မရှုံးချင်ဘူး မဟုတ်လား။"
"ရှင်ကျတော့ရော ...ကျွန်မကို အနည်းဆုံး တစ်ခါလေးတောင် အရှုံးပေးဖူးလို့လား။"
ဆိုဗက်စ်စတာ၏ပါးစပ် ပွင့်လာခဲ့သည်။
သူ မပြောရသေးခင် အိုဖီလီယာက အလျင်အမြန် ဖြတ်ပြောလိုက်၏။
"ကျွန်မက ဒါတွေကို ကြိုက်လွန်းလို့ လုပ်နေတယ်များ ရှင် ထင်နေလား။ဒီလိုတွေ လုပ်နေရတာ ရှင့်အတွက်လဲ ပါတယ်။"
မှန်ပေ၏။
သူမ ကယ်လီယန်နှင့် အတိုင်းအတာတစ်ခုအထိ ရင်းနှီးနေမှသာ နောက်ပိုင်းတွင် ကယ်လီယန်က ဆိုဗက်စ်စတာအပေါ် သတ်ဖြတ်ရန် ကြိုးစားခြင်းကို တားဆီးနိုင်လိမ့်မည်။
ဒါကြောင့် ငါ ပြောလိုက်မိတာပါ။
"အိုဖီလီယာ"
ဆိုဗက်စ်စတာ၏အသံမှာ အလွန်အေးစက်နေ၏။
"ကိုယ့်အတွက် ဒီလိုလုပ်ပေးနေရတယ်ဆိုပြီး မပြောပါနဲ့လား။"
ထို့အပြင် ကြောက်စရာလည်း ကောင်းသည်။
"ကိုယ် ဒီစကားကို တကယ်ပဲ မကြားချင်တာကြောင့်မို့လို့။"
ထို့ကြောင့် အိုဖီလီယာမှာ အလိုလို တံတွေးမြိုချလိုက်မိသည်။
မဟုတ်သေးပါဘူး ... သူ ဘာလို့ ရုတ်တရက်ကြီး အေးစက်သွားရတာလဲ။
ကျောချမ်းစရာ အေးစိမ့်စိမ့်လေထုကြောင့် သူမ၏လက်များကို ပွတ်သပ်နေမိသည်။
ဆိုဗက်စ်စတာက အိုဖီလီယာကို တန်းတန်းမတ်မတ်ကြည့်၍ ပြောသည်။
"မင်း ကိုယ်နဲ့ဆက်ပြီး ရန်ဖြစ်နေမယ်ဆိုရင်တောင်မှ ကိုယ် နောက်ဆုတ်ပေးမှာ မဟုတ်ဘူး။"
သို့သော် အိုဖီလီယာကလည်း နောက်မဆုတ်ချင်ပေ။သူမက မျက်နှာကို ချီ၍ ပြန်ဖြေလိုက်သည်။
"ကျွန်မလဲ အတူတူပဲ။"
"အိုဖီလီယာ"
"ကျွန်မလဲ ရှင့်ကို ဘယ်တော့မှ အလျှော့ပေးမှာ မဟုတ်ဘူး။"
ဆိုဗက်စ်စတာ တစ်ချက် စိုက်ကြည့်လိုက်သည်။
"ဒီတော့ ဘယ်သူ အရင်ရှုံးမလဲ ဆုံးဖြတ်ရမဲ့ တိုက်ပွဲပေါ့။"
"ကျွန်မ မဟုတ်မှာ သေချာပေါက်ပဲ၊ဒီတော့ ရှင်ပဲ ရှုံးမှာ။"
အိုဖီလီယာ၏အဖြေကြောင့် ဆိုဗက်စ်စတာမှာ မျက်လုံးများကို တင်းတင်းကြပ်ကြပ် မှိတ်ထားမိသည်။
ပြီးနောက် ဒေါသများကို ထိန်းချုပ်၍ ခက်ခက်ခဲခဲ အသက်ရှူလိုက်ရ၏။
အိုဖီလီယာက မျက်လုံးများကို ပြတင်းပေါက်ဘက်သို့ အကြည့်လွှဲလိုက်ပြီး ဆိုဗက်စ်စတာကို သည်အတိုင်း ထားလိုက်သည်။
တစ်နည်းအားဖြင့် သူမ စိတ်ပျက်နေခဲ့သည်။
ရှင် ကျွန်မကို လုပ်ဖို့ပြောသမျှ အကုန်လုံး လုပ်ခဲ့ပြီးတော့ ရှင့်ရဲ့အနာဂတ်အတွက်လဲ ကျွန်မ စိတ်ပူနေရတာပါ။
ဆိုဗက်စ်စတာ ... ရှင် အရမ်းလွန်လွန်းတယ်။
ထို့ကြောင့် အိုဖီလီယာက ပြတင်းပေါက်အပြင်ဘက်ကိုသာ ကြည့်နေပြီး ဆိုဗက်စ်စတာ၏အကြည့်ကို လျစ်လျူရှုထားလိုက်သည်။
ဟွန့်
ကျွန်မလဲ ဒီတစ်ခါတော့ အတည်ပေါက် စိတ်တိုနေတာပါနော်။
ထိုသို့ ကျွန်မ တွေးမိသည်။
TK Team
++++++++