ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ
အပိုင်း (၉၄)
ထိုနေရာတွင် ဖလဲရ် ရှိနေခဲ့သည်။
ထူးဆန်းလှ၏။
ဖလဲရ်သည် များသောအားဖြင့် ရိုးရိုးကုပ်ကုပ်နှင့် တော်ရုံသင့်ရုံဝတ်စုံများကိုသာ ဝတ်လေ့ရှိရာ မဒမ်အန်တဲ၏ဝတ်စုံဒီဇိုင်းများမှာ ဖလဲရ်ဝတ်နေကျနှင့် ကိုက်ညီမှု မရှိပေ။
ဒါပေမဲ့ သူမက ဘာလို့များ ဒီနေရာကို ရောက်နေရတာလဲ။
သူမက ဂျက်စမင်လိုမျိုး အခြားသူတွေ အဝတ်အစားဝယ်တာကို လိုက်ကြည့်ပေးခဲ့တာလား။
ကျွန်မ သိချင်သွားသဖြင့် ခေါင်းကို စောင်းငဲ့မိလိုက်သည်။
သို့သော် ပြောနေသောစကားများကို မကြားနိုင်လေရာ စောင့်ကြည့်နေရုံမျှသာ တတ်နိုင်၏။
ထိုအချိန်တွင် ဂျက်စမင်က စကားပြောနေသည်ကို အစအဆုံး ကြားရသွားသည့်နှယ် ခုန်ဆွခုန်ဆွဖြင့် မျက်ကလူးဆန်ပျာဖြစ်နေခဲ့သည်။
"အဲ့ဒါ ကောင့်မြို့စားကတော် ဖလဲရ်ပါ။"
"ကျွန်မလဲ တွေ့လိုက်တယ်။"
"မဒမ် မကြားလိုက်ရဘူး မဟုတ်လား၊သူမတို့ ဘာအကြောင်းတွေ ပြောနေကြတယ်ဆိုတာလေ!"
ဂျက်စမင် ဆက်ပြောပါ၏။
"သူမက တော်ဝင်ကပွဲမှာ ဝတ်မဲ့ဝတ်စုံကို အပ်နှံဖို့ မေးမြန်းနေတာပါ။ဒါပေမဲ့ မဒမ်အန်တဲက ငြင်းလိုက်ပါတယ်။ဝတ်စုံချုပ်ဖို့ အချိန်မရလို့ ဖြစ်ပါလိမ့်မယ်။ဒါပေမဲ့ ကောင့်မြို့စားကတော်က လက်ခံချင်ပုံ မရပါဘူး။"
"သူမက လက်မခံဘူးတဲ့လား၊ယုံတောင် မယုံနိုင်ဘူး၊ဘာကြောင့်ပါလိမ့်။"
"ကျွန်မ မသိပါဘူး။သူမက ဆိုင်ပြင်မှာ ရပ်ထားတဲ့ မြို့စားကြီးရိုင်ဇန်အိမ်တော် ရထားလုံးကို မြင်သွားတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။"
"ကျွန်မရဲ့ရထားလုံးလား။"
"ဟုတ်ပါတယ်၊မဒမ် ဒီနေရာမှာ ရှိတာကို သိသွားတော့ သူမတို့ ပိုပြီး ဒေါသဖြစ်နေကြပါတယ်!"
ဂျက်စမင် ပြောသည်သာ မှန်ပါက ဇာတ်လမ်းလေးမှာ ပျော်စရာကောင်းလောက်မည်။
"အပြင်ထွက်ကြစို့။"
"ရှင် ...တကယ်လား!"
"အင်း"
ကျွန်မ ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။
"ပျော်စရာကောင်းမယ်လို့ ထင်တာပဲ။"
ပြီးနောက် ဂျက်စမင်၏လက်မောင်းကို ဆွဲလိုက်၏။
ဂျက်စမင်မှာ အနည်းငယ် ရှက်ရွံ့နေပုံရသော်လည်း ကျွန်မခေါ်ရာနောက်သို့ အသာတကြည် လိုက်လာခဲ့သည်။
ကျွန်မတို့ ပန်းချီခန်းထဲမှ ထွက်လာလိုက်ကြသည်။
ထိုအခါ ဖလဲရ်နှင့် အပေါင်းအပါများက မဒမ်အန်တဲအား ဝိုင်းရံထားသည်ကို မြင်လိုက်ရ၏။
အရင်တစ်ခါ ကျွန်မကို ရေမွှေးများ ပေကျံအောင် လုပ်ခဲ့သူ အန်ဂျလာရစ်ချယ်ကိုလည်း တွေ့နေရသည်။
သူမက အပေါင်းအပါတွေကို ခေါ်ပြီး ဒီကို ဘာဖြစ်လို့ လာရတာလဲ။
ကျွန်မ နှေးကွေးစွာဖြင့် သူမတို့အနားသို့ တိုးကပ်သွားခဲ့သည်။
"မြို့စားကြီးကတော် ပါလား။"
ကျွန်မ လူလုံးထွက်ပြလိမ့်မည်ဟု ဖလဲရ် မထင်မှတ်ထားပုံရ၏။
သူမက စိတ်ရှုပ်ထွေးနေမှုကို ဖုံးကွယ်မနေဘဲ ကျွန်မကို ကြည့်လာခဲ့သည်။
ပြီးနောက် ကျွန်မ ထွက်လာခဲ့သည့်အခန်းကို ကြည့်လိုက်၏။
သူမက မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး အန်ဂျလာကို လက်တို့လိုက်သည်။
ထိုသို့ လုပ်လိုက်သည်နှင့် အန်ဂျလာက အချက်ပြလာမည်ကို ကြိုတင်စောင့်ဆိုင်းနေရသကဲ့သို့ စကားပြောလာခဲ့သည်။
"ရှင်က မြို့စားကြီးကတော်ကိုတော့ ပန်းချီခန်းထဲ ခေါ်သွားပေးတယ်လေ။"
"ရှင်!"
မဒမ်အန်တဲက 'ဒါက ဘာလဲ' ဟူသောအကြည့်ဖြင့် အန်ဂျလာကို ကြည့်လိုက်သည်။
"ဒါက ပြဿနာ ရှိလို့ပါလား။"
အန်ဂျလာ အံကြိတ်လိုက်လေသည်။
"ဒီမှာ ပန်းချီခန်းတစ်ခန်း ရှိနေရက်သားနဲ့ ကောင့်မြို့စားကတော်ကို အပြင်မှာ ထားထားတာက မှားနေတယ်လို့ ရှင် မတွေးမိဘူးလား။"
"အိုး ... ဒါကလေ"
မဒမ်အန်တဲက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
"ကျွန်မရဲ့ဆိုင်မှာက ပန်းချီခန်း သုံးခန်း ရှိပါတယ်။နှစ်ခန်းက အတွင်းပိုင်း ပြန်လည်ပြင်ဆင်တာလေးတွေ လုပ်နေခဲ့လို့ တစ်ခန်းပဲ ကျန်တော့တာပါ။ဒီတော့ ကျွန်မလဲ မတတ်နိုင်လို့ပါရှင်။"
"ဘာကိုများ မတတ်နိုင်ရမှာလဲ။"
"ကျွန်မက မြို့စားကြီးကတော်ကို ဒီအတိုင်း ပြန်သွားစေပြီးတော့ ကောင့်မြို့စားကတော်ကိုပဲ ဝန်ဆောင်မှု ပေးနေလို့ မရပါဘူး၊မှန်ပါရဲ့လားရှင်။"
အကြိမ်တစ်ရာမက မှန်ပေ၏။
သို့သော် အန်ဂျလာကမူ သဘောတူပုံမရပေ။
အန်ဂျလာ၏မျက်နှာက နီလိုက် ပြာလိုက် ဖြစ်နေခဲ့ပြီး သူမက ဖလဲရ်ကို ညွှန်ပြ၍ မဒမ်အန်တဲကို အသံကျယ်ကျယ်နှင့် ပြောလိုက်သည်။
"သူမက အိမ်ရှေ့စံမင်းသားရဲ့ကြင်ယာတော် ဖြစ်လာမဲ့သူပဲ!"
"ဒါပေမဲ့ အခုမှ ဖြစ်မလာသေးပဲရှင်။"
"သတ္တိရှိနေလိုက်တာများ!"
သူမက လက်ကို မြှောက်လိုက်သည်။
ထိုအချိန်တွင် ကျွန်မ ပါးစပ်ဖွင့်လိုက်ရသည်။
"ရပ်လိုက်"
ပြီးနောက် အန်ဂျလာ၏လက်ကောက်ဝတ်ကို ဆတ်ခနဲ ဖမ်းဆွဲထားလိုက်ရသည်။
"ရှင် အခု ဘာတွေ လုပ်နေတာလဲ။"
ကျွန်မ အန်ဂျလာကို တွန်းလွှတ်လိုက်ပြီး ဖလဲရ်ကို ကြည့်လိုက်သည်။
ဖလဲရ်က ဘာကိုမှ မသိသလို၊ဘာကိုမှ အမိန့်မပေးခဲ့သလိုပုံစံဖြင့် အပြစ်ကင်းစင်သည့် အသွင်အပြင် ဖြစ်နေခဲ့သည်၊
ထိုမျက်နှာထားကို ကျွန်မ အလွန်မုန်းတီးမိသည်။
တခြားသူတွေကို မကောင်းတာ မှန်သမျှ လုပ်ခိုင်းပြီး နင်ကျတော့ သဘောကောင်းချင်ယောင်ဆောင်နေရဲတယ်ပေါ့။
"သူမက ဝတ်စုံအပ်ဖို့ လက်မခံနိုင်ဘူးဆိုရင်လဲ ရှင်တို့ တခြားတစ်နေရာမှာ သွားအပ်လို့ရပါတယ်။ဒါပေမဲ့ ဘာလို့ ဒီလို လုပ်နေရတာလဲ။"
"ရှင် ဘာကို ဆိုလိုတာလဲ၊ မြို့စားကြီးကတော်!ရှင်က ဒီလို ရိုင်းပြတဲ့စကားကို ပြောရဲတယ်ပေါ့၊"
"အန်ဂျလာ ရစ်ချယ်!"
ကြားဖြတ်ဝင်ပြောလာသော အန်ဂျလာကို ကျွန်မ ပြောလိုက်ရသည်။
"ရှင့်ပါးစပ်ကို ပိတ်ထားလိုက်။"
အန်ဂျလာမှာ အံ့ဩတကြီးဖြင့် လေးပင်စွာ အသက်ရှူလိုက်ရ၏။
ကျွန်မ ဆံပင်သပ်တင်၍ မျက်လုံးလှိမ့်လိုက်မိသည်။
"ကျွန်မ တကယ်ကို စိတ်တိုလာရပြီ မို့လို့ပဲ။"
အမှန်ပင် ထိုသို့ ဆိုလို၏။
ပျော်စရာ နည်းသထက် နည်းလာခဲ့ပြီ ဖြစ်သည်။
ဒီလို ပျင်းစရာကောင်းတဲ့ ကစားပွဲကို ငါ ဆက်ကစားနေသင့်လား။
ကျွန်မ ဂျက်စမင်ကို တစ်ချက် ကြည့်လိုက်သည်။
"တော်ပြီ ...အထဲဝင်ကြစို့။"
"ဟုတ်ကဲ့ပါ မဒမ်။"
ဂျက်စမင်က ပြုံး၍ သူမ၏လက်များဖြင့် ကျွန်မကို ဖက်လိုက်သည်။သူမက မဒမ်အန်တဲကို ပြောရန်လည်း မမေ့ပေ။
"ကျွန်မ ကတ်တလောက်ထဲ ကြည့်ပြီးပြီ၊မေးစရာလေးတစ်ခု ရှိနေလို့ ရှင်နဲ့ တွေ့ချင်ပါတယ်၊အဆင်ပြေမလား။"
မျှော်လင့်ထားသည့်အတိုင်း ဂျက်စမင်ကတော့ ...
ကျွန်မ စိတ်ထဲတွင် သီချင်းလေး ညည်းနေရင်း နှုတ်ခမ်းတွန့်လိုက်မိသည်။
"ဟုတ်ပါရဲ့!ကျွန်မ ရှင့်တို့ဆီ အခုချက်ချင်း လိုက်လာခဲ့မှာပါ။"
မဒမ်အန်တဲ၏စကားများမှာ သိသိသာသာဂုဏ်ယူဝမ်းမြောက်နေပါကြောင်း ဖလဲရ်တို့အုပ်စု သိစေရန် သတင်းပါးနေသည့်နှယ်။
၎င်းကို သတိထားမိသော အန်ဂျလာ၏မျက်နှာမှာ နောက်တစ်ကြိမ် ပျက်ယွင်းသွားရပြန်ပါ၏။ပြုံးနေသော ဖလဲရ်၏မျက်နှာမှာလည်း ခက်ထန်မာကြောသွားရသည်။
အာ ... ကောင်းလိုက်တာ။
ကျွန်မ သူမတို့ကို ချန်ထားခဲ့ပြီး ပန်းချီခန်းထဲသို့ ဝင်ရန် ခြေလှမ်းပြင်လိုက်သည်။
ထိုအချိန်တွင်
"ရှင် ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်နေတာလား။"
ဖလဲရ်၏စကားသံက ကျွန်မ၏ခြေလှမ်းများကို ရပ်တန့်သွားစေသည်။
သူမပြောလိုက်သည့် စကားကို အံ့ဩသွားရသဖြင့် ကျွန်မ ခေါင်းပြန်လှည့်ပြီး ကြည့်လိုက်မိသည်။
ဖလဲရ်မှာ ခေါင်းငုံ့ရင်း အသက်ကို လေးပင်စွာ ရှူရှိုက်နေခဲ့၏။
"ရှင်က ကိစ္စတိုင်းကို ရည်ရွယ်ချက်ရှိရှိနဲ့ လိုက်လုပ်ပြီး ကျွန်မကို တားဆီးဖို့ လုပ်နေတာ၊မှန်ရဲ့လား။"
"ရှင် ဘာတွေ ပြောနေတာလဲ။"
"သိပ်မကြာခင် မြို့တော်ထဲက ပရိဘောဂဆိုင်မှာ တစ်ခါ၊ အခုလဲ တစ်ခါ။"
ဖလဲရ် ခေါင်းမော့လိုက်သည်။
"ကျွန်မ မြို့စားကြီးကတော်အပေါ် အမှားကြီးကြီးမားမား လုပ်ထားမိလို့ပါလား။"
သူမ ခေါင်းမော့လိုက်ချိန်တွင် မျက်လုံးများ၌ မျက်ရည်များ ပြည့်နေခဲ့၏။
သောက်ကျိုးနည်း ဟ။
နင် ဘာလို့ ငိုပြီး သရုပ်ဆောင်နေရပြန်တာလဲ။
ဖလဲရ်မှာ သရုပ်ဆောင်ထူးချွန်ဆုရရန် အမှန်ပင် ထိုက်တန်လှပေသည်။
ကျွန်မ စုတ်သပ်လိုက်မိသည်။
"ဟုတ်တယ်"
ပြီးနောက် ဖလဲရ်ရှိရာသို့ လှည့်လိုက်သည်။
"ရှင် တစ်ခုခု အမှားလုပ်ထားတယ်၊ပြီးတော့ တကယ်ကို အမှားအကြီးကြီးပဲ။"
"ရှင် ..."
ကျွန်မ ထိုသို့ ပြောလာမည်ဟု မသိထားသဖြင့် ဖလဲရ်၏မျက်လုံးများမှာ လှုပ်ခတ်နေခဲ့သည်။
ကျွန်မ ပြုံးပြီး သူမကို ငုံ့ကြည့်လိုက်သည်။
"ရှင့်အကြောင်း ရှင်မသိတာက လုပ်ခဲ့သမျှထဲမှာ အကြီးဆုံးအမှားတစ်ခုပဲလေ။"
ပြီးနောက် ဖလဲရ်၏ပခုံးပေါ်သို့ ကျွန်မ လက်တင်လိုက်သည်။
"ကျေးဇူးပြုပြီး စိတ်ကြီးဝင်မနေစမ်းပါနဲ့လား ဖလဲရ်ရေ။"
သူမ ကြောင်အသွားပြီး ပခုံးများ တုန်ယင်လာခဲ့၏။
ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုလိုက် ခြင်းက အလွန်ကြောက်စရာကောင်းသည်။
သူမ၏ပါးပြင်ကို ထိတွေ့လိုက်ပြီး ကျွန်မ နောက်ဆုံးစကားတစ်ခွန်း ပြောလိုက်သည်။
"ကျွန်မ တကယ် ဒေါသထွက်မလာခင်ပေါ့။"
*
"စောစောက မဒမ် အရမ်းမိုက်တာပဲ။"
အခန်းထဲသို့ ရောက်လျှင် ဂျက်စမင်က အော်ဟစ်လိုက်၏။
"ကောင့်မြို့စားကတော်ဖလဲရ်ရဲ့ မျက်နှာက လုံးဝဖြူလျော်သွားတာပဲ။သူမ တကယ်ကို ကြောက်သွားပုံရတယ်။"
"ထင်သားပဲ၊သူမကို ခြောက်လန့်ဖို့ ကျွန်မ အဲ့လို ပြောလိုက်တာလေ။"
ကျွန်မ ပေါ့ပါးစွာ ပြန်ဖြေလျှင် ဂျက်စမင်က မျက်လုံးများ ပြူးကျယ်သွားပြီး ပြန်ပြောလာ၏။
"မဒမ် ဒီနေ့ အံ့ဩစရာကောင်းတဲ့ ကိစ္စတစ်ခုကို လုပ်ခဲ့တာပါပဲ။"
ကျွန်မအနားသို့ တိုးကပ်လာရင်း ဂျက်စမင်က ပြောလိုက်သည်။
"မဒမ်က ကျိန်စာတိုက်တာ၊ဒေါသထွက်ပြီး ရိုက်နှက်တာတွေ မလုပ်ဘဲနဲ့ ကောင့်မြို့စားကတော်ကို ကောင်းကောင်းကြီး ထိုးနှက်လိုက်နိုင်ပါတယ်။"
မှန်ပေ၏။
အမှန်တွင် ဒေါသထွက်ရမည်မှာ ရယ်စရာဖြစ်နေသေး၏။ထို့ကြောင့် ကျွန်မ ဒေါသမထွက်ပြခဲ့ပေ။
နင်ရော ဒီလို မတွေးမိဘူးလား။
ဘာမဟုတ်သည့်ကိစ္စလေးအတွက် ဒေါသထွက်ပြနေမည်ဆိုလျှင် ရယ်စရာကောင်းနေမည့်သူက ကျွန်မကိုယ်တိုင်သာ ဖြစ်လိမ့်မည်။
ထို့ကြောင့် ကျွန်မ ပေါ့ပေါ့ပါးပါး ပြောလိုက်သည့်တိုင် ဂျက်စမင်ကတော့ ပို၍ ရင်ထဲ ထိသွားခဲ့ပုံ ရသည်။
"ဒီနေ့ ဖြစ်ခဲ့တဲ့ကိစ္စတွေကို မနက်ဖြန်မှာ အတင်းအဖျင်းအနေနဲ့ ပြောကြမှာပဲ။ဒီတော့ ဘာဖြစ်လာလိမ့်မလဲ။"
ကျွန်မ မျက်ခုံးပင့်လိုက်သည်။ဂျက်စမင်က ထိုစကားကို စောင့်နေသကဲ့သို့ ပါးစပ်ဖွင့်လာခဲ့သည်။
"မဒမ်ရဲ့ပြောင်းလဲသွားမှုနဲ့ ပတ်သက်တဲ့ ကောလာဟာလတွေက ပိုပြီးတောင် ပျံ့နှံ့သွားရပါလိမ့်မယ်။"
အာ
သူမက လက်များကို အချင်းချင်း ဆုပ်ကိုင်ထားပြီး မျက်လုံးများက အရောင်လက်နေခဲ့သည်။
"သန်ဘက်ခါ တော်ဝင်ကပွဲအခမ်းအနားကို ကျွန်မ တကယ်ပဲ စောင့်မျှော်နေမိပါပြီ။"
ကျွန်မ ပြုံးလိုက်သည်။
ဂျက်စမင်၏စကားများအတိုင်းသာ ဖြစ်ခဲ့ပါလျှင် ထိုထက် ပိုကောင်းသည်က မရှိတော့ပေ။
ထိုသို့ မျှော်လင့်ရင်း ကျွန်မ ကတ်တလောက်ကို လှန်လှောလိုက်သည်။
"အရင်ဆုံး ဝတ်စုံကို ရွေးရအောင်၊ မဒမ်အန်တဲ ဝင်လာခဲ့ပါ။"
အပြင်ဘက်တွင် မတ်တပ်ရပ်နေသော မဒမ်အန်တဲကို ကျွန်မ ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ မြို့စားကြီးကတော်"
မဒမ်အန်တဲက အခန်းတွင်းသို့ လျင်မြန်စွာ ဝင်လာခဲ့သည်။သူမ ထိုင်လိုက်သည်နှင့် ကျွန်မ မေးခွန်းတစ်ခု မေးလိုက်၏။
"ဒီမှာ ကောင့်မြို့စားကတော်ဖလဲရ် ရွေးချယ်ထားတဲ့ ဝတ်စုံရှိလို့လား။"
"မရှိပါဘူး၊သူမ တခြားဆိုင်တစ်ဆိုင်ကို သွားပါတယ်။"
"သူမ ဘယ်လိုဝတ်စုံမျိုး ဝတ်မယ်ဆိုတာ ရှင် သိလား။"
"အခုတစ်ခါတော့ သူမက ဝတ်နေကျဒီဇိုင်းကို ပြောင်းလဲပစ်ချင်နေတဲ့ပုံစံပါပဲ။"
"အဲ့လိုလား။"
အင်း
ကျွန်မ လက်ပိုက်ထားမိသည်။
"ဘယ်လိုမျိုးတဲ့လဲ။"
"ကျွန်မတို့ဆိုင်မှာ ဖန်တီးပေးနေကျ ဝတ်စုံဒီဇိုင်းအတိုင်း တစ်စုံချုပ်ပေးဖို့ သူမက ဆန္ဒရှိခဲ့တာပါ။"
"သူမက ဆန်းပြားတဲ့ ဝတ်စုံ လိုချင်နေတာလား။"
ပရိဘောဂကနေ ဝတ်စုံအထိ
အမြဲလိုလို ခြိုးခြံချွေတာသော ပုံရိပ်ရှိသည့် ဖလဲရ်နှင့် ထိုအရာများက မလိုက်ဖက်ချေ။
သူမက ဘာလို့ စိတ်ပြောင်းသွားရတာလဲ။
ဖြစ်နိုင်တာက ...
သူမက ကျွန်မကို လိုက်အတုခိုးနေသည်ဟု တွေးမိ၏။
ထိုသို့သာ အမှန်ဖြစ်ခဲ့ပါမူ အလွန်ရယ်စရာကောင်းလှသည်။
အဘယ့်ကြောင့်ဆိုသော် မူလဇာတ်ကြောင်းမှ လုံးလုံးလျားလျား သွေဖီသွားရသောကြောင့် ဖြစ်၏။
မူလဇာတ်ကြောင်းတွင် အိုဖီလီယာက ဖလဲရ်ကို အတုခိုးခဲ့သည်။
ဖလဲရ်၏စတိုင်မှာ အင်ပါယာတွင် အလွန်ရေပန်းစားခဲ့သည်သာမက ကယ်လီယန်ကလည်း နှစ်သက်ခဲ့သောကြောင့် အတုလိုက်ခိုးခဲ့၏။
သို့သော် ယခု၌ ကွာခြားသွားခဲ့သည်။
ဂျက်စမင် ပြောသကဲ့သို့ ဖက်ရှင်ရေစီးကြောင်းကို ဦးဆောင်သူမှာ ကျွန်မ ဖြစ်လာခဲ့၏။
ဖလဲရ်မှာ နောက်ကျကျန်ခဲ့မည်ကို ကြောက်သဖြင့် ကျွန်မကို လိုက်အတုခိုးနေခဲ့ရလေသည်။
အိုး ... တကယ်ကို ပျော်ဖို့ကောင်းတာပဲ။
"ဒါဆိုရင် ကျွန်မအတွက် ပိုပြီး ခမ်းနားထည်ဝါတဲ့ ဝတ်စုံတစ်စုံ ဖန်တီးပေးပါ။"
ကျွန်မ ရယ်မော၍ လက်ဖျောက်တစ်ချက် တီးလိုက်မိသည်။
"ကျွန်မဆီကနေ ဘယ်သူမှ အကြည့်မလွှဲနိုင်တဲ့အထိပေါ့။"
မဒမ်အန်တဲက ဟုတ်ကဲ့ပါ ဟု ပြောခဲ့ပြီး နှစ်ရက်အကြာတွင် ကျွန်မမှာ အမှန်တကယ် ခမ်းနားထည်ဝါလွန်းသော ဝတ်စုံတစ်စုံကို လက်ခံရရှိခဲ့သည်။
TK Team
++++++++