💘Chapter 199
ညဥ့်နက်စကားဝိုင်း
ဝေ့ဟွားက ဆီးသွားချင်လာသောကြောင့် ညလယ်ကြီးတွင် နိုးလာခဲ့သည်။ အလွန်အကျွံသောက်လိုက်ခြင်းက ထလာသည့်အခါ ခေါင်းမူးခြင်းကိုဖြစ်စေသည်။ သူက နဖူးကိုနှိပ်နယ်လိုက်ပြီး ဖိနပ်ပါးများကိုစီး၍ အခန်းထဲမှ ထွက်လာလိုက်သည်။
ဧည့်သည်အခန်းက အောက်ထပ်တွင်ရှိကာ ရေချိုးခန်းက အခန်းအပြင်ဘက်တွင်ရှိသည်။ ဝေ့ဟွားက ဖိနပ်ပါးများစီး၍ လျင်မြန်စွာ ဖြေရှင်းပြီးနောက်တွင် အခန်းထဲသို့ ပြန်လာလိုက်သည်။ သို့သော်လည်း မျက်လုံးထောင့်တစ်နေရာမှ ဧည့်ခန်းထဲတွင် တစ်ယောက်ယောက်ထိုင်နေသည်ကို တွေ့လိုက်သည်။
ဝေ့ဟွားလန့်သွားကာ ကျန်နေသေးသည့် အရက်အရှိန်များပါပြယ်သွားသည်။ သူက သူ့ကိုယ်သူ စိတ်ထိန်း၍ ထိုလူ၏ နောက်ကျောကို သေချာလေး ကြည့်လိုက်သည်။ မကြာခင်တွင် ဧည့်ခန်းထဲတွင် ထိုင်နေသည့်သူမှာ သူ၏ အနာဂတ်ယောက္ခမဖြစ်ကြောင်း သိလိုက်သည်။ အောင့်ထားသည့်များကို နောက်ဆုံးတွင် ဝေ့ဟွား အသက်ရှူထုတ်လိုက်၏။ သူက အခန်းထဲသို့ပြန်မသွားဘဲ ဧည့်ခန်းထဲသို့သွားလိုက်သည်။
ထိုအချိန်တွင် ရှန့်ကျားချီက စိတ်နှင့်ကိုယ်နှင့်ကပ်နေပုံမရချေ။ ဧည့်ခန်းထဲမှ မီးများက ပိတ်ထား၏။ သို့သော်လည်း ဒီနေ့၏ လရောင်က ထိန်ထိန်လင်းနေကာ ပြတင်းပေါက်မှဖြတ်၍ အခန်းထဲသို့ အလင်းများ ဖြာကျနေသည်။
ဝေ့ဟွားလျှောက်သွားလိုက်ပြီး မီးများကိုဖွင့်လိုက်ရာ ရှန့်ကျားချီ၏ မျက်လုံးများကို ကျိန်းသွားစေသည်။ သူက လက်ဖြင့် မျက်လုံးကိုကွယ်လိုက်ကာ မီးများကိုမည်သူဖွင့်လိုက်ကြောင်း သိချင်သောကြောင့် မီးခလုတ်ရှိရာသို့ကြည့်လိုက်သည်။
ကြည့်လိုက်သည့်အချိန်တွင် သူ့အကြည့်များက ဝေ့ဟွား၏ ပြုံးရယ်နေသည့်အကြည့်များနှင့်ဆုံသွားသည်။
“ဦးလေးရှန့်…ဘာလို့နောက်ကျတဲ့အထိ နေနေတာလဲ” ဝေ့ဟွားဆီက ဆိုဖာဆီသို့လျှောက်လာရင်း အပြုံးလေးနှင့် မေးလိုက်သည်။
“ထိုင်” ရှန့်ကျားချီက ဝေ့ဟွားကို ထိုင်ရန်ပြောလိုက်သည်။ သူ၏ ပုံမှန်မပြုံးမရယ်သည့် မျက်နှာက အနည်းငယ် လေးနက်နေသည့်ပုံပေါ်နေသည်။
ရှန့်ကျားချီက လေးနက်သည့်စကားဝိုင်းတစ်ခု စတင်တော့မည်ကို ခံစားမိသောကြောင့် ဝေ့ဟွား နာနာခံခံနှင့် ထိုင်လိုက်သည်။
“ကွတ်ကီးကို ဘယ်အချိန်တွေ့ခဲ့တာလဲ…တစ်ယောက်နဲ့တစ်ယောက်သိတာ ဘယ်လောက်ကြာသွားပြီလဲ” ရှန့်ကျားချီက ဝေ့ဟွား၏မျက်လုံးများကို စိုက်ကြည့်၍မေးလာသည်။
“ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက်သိတာ ငါးနှစ်၊ခြောက်နှစ်လောက်ရှိပါပြီ”
ဝေ့ဟွားက ပြန်တွေးရင်း ပြောလိုက်သည်။
“ကျွန်တော်က ကောလိပ်မှာ စီနီယာနှစ်၊ ရှောင်ချီ…” ဝေ့ဟွားက “ရှောင်ချီချီ” ဟု ပြောထွက်တော့မည့်အချိန်တွင် သူ၏အနာဂတ်ယောက္ခမကြီးနှင့် မျက်နှာချင်းဆိုင်ရှိနေသည်ကို သတိရရင်း ထိုကဲ့သို့ ခေါ်ခြင်းက မသင့်တော်ကြောင်း တွေးလိုက်သည်။
“အာ…ရှောင်ချီနှင့် ကျွန်တော်နဲ့က တက္ကသိုလ်မှာ တွေ့ခဲ့ကြတာပါ”
ကွတ်ကီးလည်း Qတက္ကသိုလ်ကို တက်ခဲ့သည်ပင်။ အစက စစ်တပ်အကယ်ဒမီ ကောလိပ်ဝင်ခွင့်လျှောက်ခဲ့သော်လည်း ကြားထဲတွင် ပြဿနာများဖြစ်သွားခဲ့ရာ စစ်တပ်အကယ်ဒမီသို့ တက်ရောက်ရန် အခွင့်အရေးကို ဆုံးရှုံးစေခဲ့သည်။ သေချာသည်ကတော့ ထိုအကြောင်းများကို ဝေ့ဟွား မသိပေ။
ဝေ့ဟွားနှင့် ကွတ်ကီးတို့က Qတက္ကသိုလ်တွင် ကလပ်လှုပ်ရှားမှုအတွင်း တွေ့ခဲ့တာဖြစ်သည်။ ပွဲကျင်းပနေစဥ်အတွင်း ဌာနှစ်ခုမှ အဖွဲ့ဝင်များကြား ပဋိပက္ခများဖြစ်ပြီး ရန်ဖြစ်လုနီးပင်ဖြစ်ခဲ့၏။ ကွတ်ကီးက ဘေးတွင်ရပ်နေရင်း ပဋိပက္ခအားဖြေရှင်းသည်ကို ရပ်ကြည့်နေခဲ့တာဖြစ်သည်။
ပြင်းထန်မှုမြင့်နေသည့်အချိန်တွင် ကျောင်းသားကောင်စီ၏ဥက္ကဌဖြစ်သည့် ဝေ့ဟွားရောက်လာခဲ့သည်။ သူ့တွင် မည်သို့သော မှော်စွမ်းအားများပိုင်ဆိုင်ထားလဲမသိချေ။ စကားအနည်းငယ် ပြောလိုက်ရုံနှင့်တင် အခြေအနေကို ထိန်းနိုင်လိုက်ကာ ဌာနခေါင်းဆောင်နှစ်ယောက်ကြားမှ ပဋိပက္ခကို ဖြေရှင်းနိုင်ခဲ့၏။
၎င်းက သူတို့နှစ်ယောက် ပထမဆုံးစတွေ့ခြင်းဖြစ်သည်။ ဝေ့ဟွားက ကွတ်ကီးကိုကြည့်၍ ဘာမှမခံစားမိခဲ့သော်လည်း ကွတ်ကီးကတော့ ဝေ့ဟွား၏ပုံရိပ်ကို နှလုံးသားပေါ်တွင် ရေးထိုးထားခဲ့လေသည်။
နောက်ပိုင်း သူတို့နောက်တစ်ကြိမ်ထပ်တွေ့သည်က Q တက္ကသိုလ်နှင့် အခြားတက္ကသိုလ်တို့ ပူးပေါင်းကျင်းပသည့် ပွဲတွင်ဖြစ်သည်။ ထိုပွဲက ကွတ်ကီး၏ ဘလူးစ်ကော်ဖီဆိုင်တွင် ကျင်းပခဲ့တာဖြစ်၏။
သူတို့နှစ်ယောက်က ဘလူးစ်ကော်ဖီဆိုင်တွင် ဒုတိယကြိမ်အဖြစ် ဆုံခဲ့ကြသည်။ နောက်ပိုင်းတွင် ဝေ့ဟွားက ထိုကော်ဖီဆိုင်၏ ကော်ဖီအရသာကို ကြိုက်နှစ်သက်သွားပုံရ၏။ ဆိုင်သို့ မကြာခဏ ရောက်လာခဲ့သည်။
အချိန်ကြာလာသည့်အခါ ဝေ့ဟွားနှင့် ကွတ်ကီးတို့ တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးလာကြသည်။ သို့သော်လည်း အနည်းဆုံးတော့ ဝေ့ဟွား၏မျက်လုံးထဲတွင် ၎င်းက သာမန် ကော်ဖီဆိုင်ပိုင်ရှင်နှင့် ပုံမှန်လာနေကျ ဧည့်သည့်ကြားထဲမှ ဆက်ဆံရေးတစ်ခုသာဖြစ်ခဲ့၏။
မကြာခဏ အပြန်အလှန်ဆက်ဆံမှုများကြားတွင် ကွတ်ကီးကတော့ ဝေ့ဟွားအတွက် ခံစားချက်များ ရှိလာခဲ့သည်။
ဝေ့ဟွားက ယူအက်စ်တွင် သွားရောက်စာသင်ရန် တရုတ်နိုင်ငံမှ ထွက်သွားသည်အထိ ကွတ်ကီးက သူ၏ခံစားချက်များကို ဝေ့ဟွားအား ထုတ်မပြခဲ့ချေ။
မဟုတ်…သူထုတ်ပြခဲ့သည်။ ထိုဆင်ခြင်မှုကင်းမဲ့ခဲ့သည့်ညက ဝေ့ဟွား အသိစိတ်ကင်းမဲ့နေချိန်၌ သူထုတ်ပြောခဲ့သည်။ သို့သော်လည်း တုံ့ပြန်မှုတော့မရခဲ့ချေ။
တကယ်တမ်းက ဘလူးစ်ကော်ဖီိဆိုင်က ကွတ်ကီး၏ စိတ်ပျော်အောင်ဖွင့်ခဲ့သည့်ရလဒ်ဖြစ်သည်။ မူလက ကော်ဖီဆိုင်ကို ပိတ်ပစ်ရန် ရည်ရွယ်ထားခဲ့သော်လည်း ဝေ့ဟွားက မကြာခဏလာနေသောကြောင့် ကော်ဖီဆိုင်ကို ဆက်ဖွင့်ထားခဲ့တာဖြစ်သည်။
သို့သော်လည်း ဝေ့ဟွားက ၎င်းကို သတိမပြုမိခဲ့ချေ။ သူ့စိတ်ထဲတွင် နိုင်ငံခြားသို့မသွားခင် သူနှင့် ကွတ်ကီး၏ ဆက်ဆံရေးက တက္ကသိုလ်တစ်ခုတည်းမှ ကျောင်းသားများအနေဖြင့်သာဖြစ်ခဲ့သည်။ လေးလေးနက်နက်ပြောရလျှင် ဘလူးစ်ကော်ဖီဆိုင်သို့ လာလျှင် သူစကားပြောနိုင်သည့် ကော်ဖီဆိုင်ပိုင်ရှင်နှင့် သာမန်ဧည့်သည့်ကြားမှ ဆက်ဆံရေးတစ်ခုသာပင်။
“တကယ် မင်းပြောတဲ့အတိုင်းပဲလား…မင်းနိုင်ငံခြားကို မသွားခင်တုန်းက မင်းနဲ့ကွတ်ကီးက သူငယ်ချင်းတွေပဲလား” ရှန့်ကျားချီ၏ အကြည့်များက ဝေ့ဟွား၏ မျက်လုံးကိုသာကြည့်နေသည်။ ထိုမေးခွန်းကို မေးလိုက်ချိန်တွင် သူ့အကြည့်များက ထက်ရှနေ၏။
ဝေ့ဟွားခေါင်းညိတ်လာသည်။
“အဲ့လိုဆက်ဆံရေးပါပဲ” ဝေ့ဟွား အနည်းငယ် ပဟေဠိဖြစ်သွားသည်။ ရှန့်ကျားချီ ဘာကြောင့် ထိုမေးခွန်းကိုမေးလာမှန်း သူမသိချေ။ သူနဲ့ကွတ်ကီးရဲ့ ဆက်ဆံရေးနဲ့ပတ်သက်ပြီး ဒီမေးခွန်းက တကယ်ကြီး အရေးပါနေတာလား…။
ဝေ့ဟွား သံသယများဖြစ်လာသော်လည်း ထုတ်မမေးလိုက်ဘဲ တည်တည်ငြိမ်ငြိမ်သာဆက်နေလိုက်သည်။
“ဘီစကစ်လေးကရော…ဘီစကစ်လေးရဲ့ တည်ရှိမှုကို မင်းဘယ်လိုမြင်လဲ…ဒါမှမဟုတ် ဘီစကစ်လေးနဲ့ ပတ်သက်ပြီး ကွတ်ကီးရဲ့ အတိတ်ကို မင်းဘယ်လိုမြင်လဲ” ရှန့်ကျားချီက ပြီးခဲ့သည့်မေးခွန်းအပေါ်တွင် အကြာကြီးအချိန်ဆွဲမနေဘဲ အဓိကအချက်ဖြစ်သည့် ဘီစကစ်လေးအကြောင်းကို တန်းမေးလိုက်သည်။
ဝေ့ဟွားက ကွတ်ကီးနှင့် အတူရှိချင်မှတော့ ကွတ်ကီး၏သားဖြစ်သည့် ဘီစကစ်လေးကို အာရုံစိုက်ရမည်ပင်။ ဘီစကစ်လေး၏ အဖိုးတစ်ယောက်အနေနှင့် သူ့မြေးခံစားရမည်ကို ရှန့်ကျားချီ နည်းနည်းလေးတောင် ခွင့်ပြုပေးလိမ့်မည်မဟုတ်ပေ။
ရှန့်ကျားချီ၏မေးခွန်းကိုကြားပြီးနောက် ဝေ့ဟွားနားလည်လိုက်သည်။ သူကွတ်ကီးကို ပိုးပန်းချင်သည့်အချိန်ကလည်း သူ့ကိုယ်သူ ထိုကဲ့သို့ မေးခဲ့၏။
“ရှောင်ချီနဲ့ကျွန်တော်နှစ်ယောက်လုံးက ယောက်ျားလေးတွေပါ…ပြီးတော့ ကျွန်တော်တို့ဘဝမှာ ကလေးယူဖို့ ကံကြမ္မာမပါပါဘူး…ဘီစကစ်လေးကသာ ကျွန်တော်တို့ရဲ့ တစ်ဦးတည်းသောကလေးပါ…ဘီစကစ်လေးနဲ့ပတ်သက်တဲ့ ရှောင်ချီရဲ့ အတိတ်ကတော့ အတိတ်မှာ ကျန်ခဲ့ပါပြီ…နောက်တစ်ခေါက်ထပ်ဆွေးနွေးလို့ အဓိပ္ပာယ်မရှိတော့ပါဘူး” ဝေ့ဟွား တလေးတနက်ဖြင့် ဖြေလိုက်သည်။ ၎င်းတို့က သူ့နှလုံးသားထဲစကားများနှင့် ရည်ရွယ်ချက်များဖြစ်သည်။
ရှန့်ကျားချီက ထိုအဖြေကို မှတ်ချက်မပေးလိုက်သော်လည်း သူလိုချင်သည့်အဖြေက စိတ်ထဲတွင် ရှိနေပြီးသားဖြစ်သည်။ ကွတ်ကီး ပြောထားသကဲ့သို့ ဘီစကစ်လေးမှာ သူ့သားဖြစ်ကြောင်း ဝေ့ဟွား တကယ်ကိုမသိသည့်ပုံပင်။ သူ့တွင် ထိုညနှင့်ပတ်သက်သည့် မှတ်ဉာဏ်များရှိမနေချေ။
ကွတ်ကီးက သူ့ကိုမလိမ်နိုင်ချေ။ ရှန့်ကျားချီ သူ့ကိုယုံသည်။ သူ့အရှေ့ရှိ လူငယ်လေးကလည်း သူ့ကို လိမ်လိမ့်မည်မဟုတ်ပေ။
ရှန့်ကျားချီ စိတ်ထဲ၌ အတွေးအချို့ရှိနေ၏။ ဝေ့ဟွားကိုခဏကြည့်လိုက်ပြီးနောက် သူ နောက်ထပ်မေးခွန်းကို မေးလိုက်သည်။
“မင်းသိလား…ငါ့မှာ ကလေးဆိုလို့ ကွတ်ကီးပဲရှိတာ…တကယ်လို့…တကယ်လို့ လို့ ပြောတာနော်…တကယ်လို့ မင်းနဲ့ကွတ်ကီးကို ငါသဘောတူပေးမယ်ဆိုရင် ငါတို့နဲ့အတူလာနေဖို့ စိတ်ကူးရှိလား” ပြောပြီးနောက် ရှန့်ကျားချီက ဆိုဖာကိုမှီလိုက်ကာ ဝေ့ဟွား၏အဖြေကိုစောင့်နေလိုက်သည်။
တကယ်တမ်းတွင် ယောက်ျားလေးနှစ်ယောက် လက်ထပ်သည့်အခါ လိင်ကွဲအိမ်ထောင်ရေးလောက် အခြေအနေများက မရှင်းလင်းချေ။ သို့သော် ရှန့်ကျားချီ၏ မြင့်မားသည့်အဆင့်အတန်းကြောင့် ဝေ့ဟွားနှင့် ကွတ်ကီးတို့ လက်ထပ်သွားပြီး ရှန့်မိသားစုသို့လာနေရသည့်အခါ အများကြီးပြောင်းလဲသွားလိမ့်မည်။ ဝေ့ဟွားအကြောင်း အတင်းအဖျင်းများနှင့် ခန့်မှန်းချက်များ ပြောလာလိမ့်မည်။
ထို့ကြောင့် ဤအခြေအနေကို ဝေ့ဟွားလက်ခံနိုင်မလား ရှန့်ကျားချီ သိချင်မိသည်။ ဝေ့ဟွားက သူ၏မာနနှင့် ကွတ်ကီး မည်သည့်အရာကို ပို၍တန်ဖိုးထားလဲ ကြည့်ချင်သည်။
“ဘယ်နေရာပဲနေရနေရ၊ ရှောင်ချီနဲ့ အတူရှိနေသရွေ့ ကိစ္စမရှိပါဘူး” ဝေ့ဟွားဖြေလိုက်သည်။ ဤစကားဝိုင်းတွင် တွန့်ဆုတ်မှု အရိပ်အယောင်များရှိနေပြီး ဘာကြောင့်လဲ သူမသိချေ။
သို့သော်လည်း ရှန့်ကျားချီက ထိုတွန့်ဆုတ်မှု သေးသေးလေးကို ဖမ်းမိသွားသည်။ “မင်းအခု တွန့်ဆုတ်သွားတယ်… အဲ့ တွန့်ဆုတ်နေတဲ့ အချိန်အတွင်းဘာတွေးလိုက်လဲ ပြောပြနိုင်မလား”
ဝေ့ဟွား ဘာကိုမှဖုံးမထားလိုက်ချေ။
“ကျွန်တော့်တည်ရှိမှုကို ဦးလေးရှန့် နေသားကျပါ့မလားတွေးရင်း တွန့်ဆုတ်မိသွားတာပါ”
“ဘာလို့ အဲ့လိုတွေးရတာလဲ” ရှန့်ကျားချီ ပဟေဠိဖြစ်သွားသည်။
“အခုတောင် ကျွန်တော့်ကို သဘောမကျနေတာ…ဦးလေးအရှေ့မှာ ရှောင်ချီ့ကို ချစ်ကြောင်းကြိုက်ကြောင်း ပြရင် သည်းမခံနိုင်ဖြစ်မှာမဟုတ်ဘူးလား”
ဝေ့ဟွား ရဲဝံ့စွာဖြင့် ပြောလိုက်သည်။ သူ့မျက်နှာပေါ်ရှိ အမူအရာက လေးနက်နေသော်လည်း မျက်လုံးများတွင် ရွှတ်နောက်နောက်နိုင်မှုများ ရှိနေသည်။
လေးနက်နေသည့်လေထုက ဝေ့ဟွား၏ စကားများကြောင့် ပြိုကွဲသွားရသည်။ ရှန့်ကျားချီက ရုတ်တရက် ဝေ့ဟွား၏ မေးခွန်းကို မည်သို့တုံ့ပြန်ရမလဲ မသိဖြစ်သွားသည်။ သူက လက်ခါပြ၍ ထရပ်လိုက်သည်။
“ငါပင်ပန်းနေပြီ…မင်းလည်းအိပ်ရာဝင်သင့်နေပြီ”
ဝေ့ဟွားက ရှန့်ကျားချီဘက်သို့ လှည့်၍ပြောလိုက်သည်။ “ဦးလေးရှန့်…ကျွန်တော်နဲ့ ကွတ်ကီးကို သဘောတူတယ်လို့ ဆိုလိုလိုက်တာလား”
“ငါ တကယ်လို့လို့ ပြောတယ်လေ” ရှန့်ကျားချီ ချက်ချင်း ပြောလာ၏။ “မင်း ဆက်ပြောနေမယ်ဆိုရင် ဘယ်အချိန်ရှိနေပါစေ၊ အခုချက်ချင်း အိမ်ကနေကန်ထုတ်ပစ်မယ်”
စကားဝိုင်းပြီးသွားသည်နှင့် ရှန့်ကျားချီချက်ချင်း ထွက်သွားတော့သည်။ ဝေ့ဟွားက ရှန့်ကျားချီအနောက်မှ ထရပ်လိုက်၍ အရူးတစ်ယောက်လိုပြုံးလိုက်သည်။ ရှန့်ကျားချီ၏ အပြုအမူများပြောင်းလဲသွားသည်ကို သူခံစားမိ၏။ သိပ်မကြာခင်တွင် ရှန့်ကျားချီ၏အိမ်တွင် အတူတကွ နေနိုင်တော့မည်ဖြစ်ကြောင်း သူယုံကြည်သည်။
ဝေ့ဟွားက ရှန့်ကျားချီ၏ ထွက်သွားသည့် ပုံရိပ်ကိုကြည့်၍ တွေးလိုက်သည်။ “ရှောင်ချီချီရဲ့ ကိုယ်ကျင့်စရိုက်တွေက ဦးလေးရှန့်ဆီက အမွေဆက်ဆံခဲ့တာပဲ”
အရူးတစ်ယောက်လုံး ပြုံးရင်းဖြင့်ပင် ဝေ့ဟွားက သူ၏ဧည့်သည်အခန်းဆီသို့ သွားလိုက်သည်။ သူက အိပ်ရာတွင်ပေါ်တွင် လှဲလိုက်သော်လည်း မည်မျှပင်ပန်းနေပါစေ၊ အိပ်မပျော်နိုင်ဖြစ်နေသည်။
သူက ဖုန်းကိုထုတ်၍ ကွတ်ကီးဆီသို့ စာပို့လိုက်သည်။ နေကာမျက်မှန်နှင့် ဆေးလိပ်ပုံပါသည့် အီမိုဂျီများပါသော ရိုးရှင်းသည့်စာတစ်စောင်သာဖြစ်၏။
[ကမ္ဘာပေါ်က အချောဆုံးသစ်ပင်: ဂုဏ်ယူနေ…]
ဝေ့ဟွားက ကွတ်ကီးအိပ်ပျော်နေသည်ဟုထင်ကာ ထိုအီမိုဂျီများက ယခုအချိန်တွင် သူမည်မျှ စိတ်လှုပ်ရှားနေကြောင်း ဖော်ပြသည့်နည်းလမ်းဖြစ်ပြီး ဤခံစားချက်အား ကွက်ကီးကို ပြောပြရန်လိုကြောင်း တွေးမိသည်။
သူအံ့ဩသွားသည်က သူ့စာပို့လိုက်ပြီး သိပ်မကြာခင်တွင် ဝေ့ဟွား ကွက်ကီးဆီမှ စာပြန်ရလိုက်သည်။
[ကွတ်ကီး : မင်းငါ့အဖေကိုပြောနေတာတွေ ကြားလိုက်တယ်…]
[ကမ္ဘာပေါ်က အချောဆုံးသစ်ပင် : လန့်ဖြန့်/လန့်ဖြန့်/လန့်ဖြန့်…]
[ကမ္ဘာပေါ်က အချောဆုံးသစ်ပင် : ဘာလို့ မအိပ်သေးတာလဲ…အိပ်တော့လေ ဘယ်အချိန်ရှိနေပြီလဲ] အံ့ဩသွားပြီးနောက် ဝေ့ဟွား ကွတ်ကီးကို စိတ်ပူသွားသည်။ ယခုအချိန်အထိ နောက်ကျအောင်နေခြင်းက ကျန်းမာရေးအတွက် မကောင်းပေ။
[ကွတ်ကီး : ငါတို့လက်ထပ်လိုက်တာနဲ့ တကယ်ပဲ ငါ့အိမ်မှာလာနေဖို့ ဆန္ဒရှိတာလား] ကွတ်ကီးက ဝေ့ဟွား၏ မေးခွန်းကိုမဖြေလိုက်ဘဲ ရှန့်ကျားချီ၏ မေးခွန်းကိုသာမေးလိုက်သည်။ သို့သော်လည်း သူက စစ်ဆေးနေသည်မျိုးမဟုတ်ပေ။ သူက ဒီအတိုင်း အဖြေကိုသိချင်တာဖြစ်သည်။
[ကမ္ဘာပေါ်က အချောဆုံးသစ်ပင် : အတူတူပဲ…မင်းဘယ်ရောက်ရောက် ကိုယ်အမြဲရှိနေမယ်]
[ကွတ်ကီး : ငါနားလည်ပြီ…တံခါးဖွင့်ပေး]
ထိုစာကိုမြင်ပြီးနောက် ဝေ့ဟွား၏ဖုန်းက အိပ်ရာပေါ်သို့ ကျသွားတော့သည်။ သူ့တွင် အံ့ဩစရာအချိန်မရှိချေ။ သူက ဖိနပ်ပါးများပင်မစီးဘဲ တံခါးကိုသွားဖွင့်လိုက်သည်။
တံခါးဖွင့်လိုက်သည်နှင့် ကွတ်ကီးက တံခါးအပြင်ဘက်တွင် ညအိပ်ဝတ်စုံလေးနှင့် ရပ်နေသည်ကို တွေ့လိုက်ရသည်။
“ရှောင်ချီချီ…မင်း…” ဝေ့ဟွား စကားပင်သေချာမပြောနိုင်လိုက်ချေ။ ကွတ်ကီးက သူ့အပေါ်သို့ ခုန်ဝင်လာကာ တင်းကြပ်စွာ ဖက်လာလေတော့သည်။
💘