Chapter 200
Viewers 49k

💘Chapter 200 

ရှယ်ယာလွှဲပြောင်းခြင်း




ဝေ့ဟွား မတုံ့ပြန်နိုင်ခင်မှာပင် ကွတ်ကီးက အရင်ဦးဆောင်၍ ဝေ့ဟွား၏ နှုတ်ခမ်းများကို နမ်းလိုက်သည်။ ကွတ်ကီးဘက်မှ အရင်စတင်လာသည်မှာ ရှားပါးသောကြောင့် ဝေ့ဟွားကို အံ့ဩသွားစေ၏။


အံ့ဩသွားပြီးနောက်တွင် ဝေ့ဟွားက ပို၍ပြင်းပြပြီးပူလောင်သည့်အနမ်းများဖြင့် တုံ့ပြန်လိုက်သည်။ 


ခံစားချက်များမြင့်တက်နေပြီး ပြင်းပြမှုများ‌တောက်လောင်နေသည့်အရွယ်တွင် ကိစ္စများက ထိန်းချုပ်နိုင်စွမ်းကို ကျော်လွန်ကုန်ကြ၏။ နောက်ဆုံးအချိန်လေးတွင် ဝေ့ဟွားက ကိုယ့်ကိုကိုယ်ထိန်းနိုင်လိုက်သည်။ 


သူက ကွတ်ကီး၏ နှုတ်ခမ်းကိုနမ်းလိုက်ကာ ကွတ်ကီး၏ဘေးတွင် အသက်ပြင်းပြင်းရှူရင်း သူ့ကိုယ်တွင်းမှ တောက်လောင်နေမှုများကို တည်ငြိမ်အောင်လုပ်လိုက်သည်။ 


ကွတ်ကီး ဝေ့ဟွားကို ရှုပ်ထွေးစွာကြည့်ရင်း မေးလာ၏။ “ဘာလို့...ရပ်လိုက်တာလဲ” သူ့၏ အလိုဆန္ဒများက တောက်လောင်နေပြီဖြစ်ရာ ထိုအခိုက်အတန့်တွင် ထိန်းချုပ်မှုကင်းလွတ်သွားလိမ့်မည်ဟု သူ့ကိုယ်သူ ခံစားနေရသည်။ 


ကွတ်ကီး၏မျက်နှာက အနည်းငယ် နီရဲနေကာ အလိုဆန္ဒများကြောင့်လား၊ ရှက်ရွံ့နေသောကြောင့်ပဲလား မသိရချေ။ သူ၏မျက်လုံးတွင်တော့ အရည်ကြည်များလဲ့နေ၏။ ထိုအချိန်တွင် ကွတ်ကီးက အနံ့အရသာနှင့် ပြည့်စုံသည့် နူးညံ့သောဆွဲဆောင်မှုများကိုလွှတ်ထုတ်နေသော အသားဖြစ်နေပြီး ဝေ့ဟွားကတော့ ရက်အနည်းငယ် မစားရသေး၍ ဆာလောင်မွတ်သိပ်နေသော ခရီးသည်နှင့်တူနေသည်။ 


သို့သော်လည်း ဝေ့ဟွား ကိုယ့်ကိုကိုယ် ထိန်းချုပ်လိုက်၏။ ကွတ်ကီး၏ ထိုပုံစံကို မကြည့်ခြင်းက သူ့ကို ဆန်ကုန်မြေ‌လေးကောင်အဖြစ်မှ ကာကွယ်ပေးနေသည့်အလား သူက ကွတ်ကီး၏ မျက်လုံးများကို လက်ဖြင့် ကာလိုက်သည်။ သူ့အသံက အက်ရှနေ၏။


 “ကိုယ့်ကိုအဲ့လိုမကြည့်နဲ့...ကိုယ်မထိန်းနိုင်မှာစိုးရိမ်မိတယ်”


“ဘာလို့လဲ” ကွတ်ကီးက ဝေ့ဟွား၏လက်ကိုမဖယ်လိုက်ပေ။ သူ့နှလုံးသားတွင်တော့ ရှုပ်ထွေးမှုများဖြင့် ပြည့်သွားရသည်။ 


ဝေ့ဟွားက အသက်ပြင်းပြင်းရှူလိုက်ကာ သူ့ကိုယ်တွင်းမှ တောက်လောင်နေသည့်အပူကို တည်ငြိမ်ရန် ကြိုးပမ်းနေ၏။ သူပြောလာသည်။


 “ကိုယ်မင်းနဲ့ မင်းအဖေကို လေးစားချင်တယ်”


ဟုတ်သည်။ ဒါကြောင့်သာ ဝေ့ဟွားက ဤကဲ့သို့ အရေးကြီးသည့်အချိန်တွင် ရပ်တန့်လိုက်ခြင်းဖြစ်၏။ 


လက်ရှိတွင် ရှန့်ကျားချီက သူနှင့် ကွတ်ကီး၏ဆက်ဆံရေးကို အသိအမှတ်မပြုသေးသည့်အချိန်၌ ကွတ်ကီးနှင့် အတူရှိနေခြင်းက လုံးလုံး ပွင့်လင်း၍မရချေ။ ထို့ကြောင့် သူ မသင့်လျော်သည့်ကိစ္စများကို လုပ်လိမ့်မည်မဟုတ်ပေ။ ယင်းက ရှန့်ကျားချီကိုလေးစားရာရောက်သလို၊ ကွတ်ကီးအပေါ်ကို ပို၍လေးစားရာရောက်သည်။ 


ကွတ်ကီးက ဝေ့ဟွား၏သဘောထားကို နားလည်လိုက်၏။ သူက တိတ်ဆိတ်နေကာ ဝေ့ဟွား၏ဘေးတွင် လှဲနေသည်။ နောက်ဆုံးတွင်တော့ သူပြောလာ၏။


 “ငါ ကိုယ့်အခန်းကို သွား‌တော့မယ်”


ဝေ့ဟွား ခေါင်းညိတ်လိုက်သည်။ “အင်း...ကိုယ်လိုက်ပို့ပေးမယ်”


ကွတ်ကီးက ထလိုက်ကာ မသေမသပ်ဖြစ်နေသည့် အဝတ်အစားကို ဆွဲချ၍ ပြော၏။


 “မလိုဘူး...အပေါ်ထပ်လေးတင်ဟာကို”


ကွတ်ကီးက ထိုသို့ ပြောနေသော်လည်း ဝေ့ဟွားက ကွတ်ကီးကိုအပေါ်ထပ်အထိ လိုက်ပို့ပေးသည်။ ကွတ်ကီး အခန်းတံခါးသို့ရောက်သောအခါ ဝေ့ဟွားက ကွတ်ကီးကို နံရံတွင်ကပ်၍ ပြင်းပြစွာနမ်းလိုက်သည်။ ထို့နောက် တင်းကြပ်စွာဖက်ထားလိုက်၏။ သူက ကွတ်ကီး၏နားထဲသို့ တီးတိုးဆိုလိုက်သည်။ 


“ကိုယ့်ကို အကြွေးတင်နေတယ်လို့ မှတ်ထားပေး”


ကွတ်ကီး ငြင်းဆန်လာလိမ့်မည်ဟု ဝေ့ဟွားထင်ခဲ့သော်လည်း အံ့ဩစရာကောင်းစွာဖြင့် ကွတ်ကီးက ခေါင်းညိတ်ကာ သူ့ကိုတွန်း၍ တံခါးကိုပိတ်လိုက်တော့သည်။ ဝေ့ဟွားကတော့ အပြင်တွင်ရပ်နေရင်း ကွက်ကီး၏ အပူဓာတ်များကို ဆောင်ကျဥ်းလာသည့် နှုတ်ခမ်းပါးများကိုသာ တွေးနေမိ၏။


“အဟမ်း...” ချောင်းဟန့်သံက ဝေ့ဟွား၏အတွေးများကို နှောင့်ယှက်လိုက်သည်။ အသံလာရာကိုကြည့်လိုက်ရာ ရှန့်ကျားချီက သူ့အခန်းတံခါးဝတွင်ရပ်နေရင်း သူ့ကို ဒေါသတကြီးဖြင့် ကြည့်နေသည်ကိုတွေ့လိုက်ရသည်။ 


ဝေ့ဟွားက မျက်နှာပေါ်မှ အပြုံးကို ချက်ချင်းဖယ်လိုက်ကာ သမ်းဝေပြရင်းပြောလိုက်၏။


 “အရမ်းပင်ပန်းလိုက်တာ...ဘာလို့ ဒီလောက်ပင်ပန်းနေရတာပါလိမ့်”


ထို့နောက် သူက အောက်ထပ်ရှိ သူ့အခန်းသို့ ပြေးတော့သည်။ 


ရှန့်ကျားချီက ဝေ့ဟွား၏ ထွက်ခွာသွားသည့် ပုံရိပ်ကိုကြည့်၍ နှုတ်ခမ်းကအနည်းငယ် ကွေ့းညွှတ်သွားသည်။ ယခုလေးတင် ဝေ့ဟွားနှင့် ကွတ်ကီးဘာဖြစ်ခဲ့သလဲ သူသိ၏။ ဆက်ဆံရေးတစ်ခု၏ ပြင်းပြသည့်အစောပိုင်း အခြေအနေတွင် ရှိနေသော ယောက်ျားလေးနှစ်ယောက် အခန်းတစ်ခန်းတည်းမျှနေခြင်းက...ဘာတွေဖြစ်လာနိုင်လဲ ရှန့်ကျားချီသိနေပြီးဖြစ်သည်။ 


အရိုးသားဆုံးပြောရလျှင် ရှန့်ကျားချီ ထိုခန့်မှန်းချက်နှင့် ပတ်သက်၍ မပျော်ပေ။ ကွတ်ကီးက သူ့သားဖြစ်ပြီး သူ့သားနှင့် ဝေ့ဟွားကြားမှ ဆက်ဆံရေးကို သူအသိအမှတ်မပြုရသေးချေ။ သူတို့၏ ဆက်ဆံရေးကို သူအသိအမှတ်မပြုရသေးဘဲ သူ့အိမ်ထဲတွင် ထိုကဲ့သို့လုပ်ရပ်ကိုလုပ်လာပါက ဝေ့ဟွားက သူ့သားအား တန်ဖိုးမထားရာ ရောက်သည်ပင်။


သို့သော်လည်း ရှန့်ကျားချီက ရလဒ်ကြောင့် အံ့ဩသွားရသည်။ ဝေ့ဟွားက ထင်မှတ်မထားဘဲ ရင့်မှည့်နေသည့် အခွင့်အရေးကို ပြန်ပို့လိုက်၏။ သူက လျိုရှဟွေ့လို ဆွဲဆောင်မှုတွေကို သည်းခံနိုင်တဲ့လူလား ဒါမှမဟုတ် ကွတ်ကီးကို နှလုံးသားထဲမှာ တကယ်မြတ်နိုးလို့ ပြန်ပို့လိုက်တာလား...။


ရှန့်ကျားချီကတော့ ဒုတိယတစ်ချက်ကိုယုံသည်။ ထို့ကြောင့် ဝေ့ဟွား၏ အပြုအမူကို သူစိတ်ကျေနပ်မိ၏။


ရှန့်ကျားချီက သူပြုံးနေသည်ကို သတိထားမိသောကြောင့် နှာခေါင်းရှုံ့၍ အပြုံးကို ဖုံးကွယ်လိုက်ကာ အခန်းထဲသို့ ဝင်သွားတော့သည်။ 


ဒီတစ်ခေါက်တွင် ဝေ့ဟွားကောင်းကောင်းလုပ်နိုင်ခဲ့သော်လည်း ဝေ့ဟွားနှင့် သူ့သားကြားမှ ကိစ္စများကို သူလွယ်လွယ်ကူကူနှင့် ခွင့်ပြုပေးလိမ့်မည်မဟုတ်ချေ။ 


...


ဒီနေ့ကည အိပ်မပျော်ရန်ကံပါလာသည့်ညဖြစ်၏။ ကွတ်ကီးက အခန်းထဲသို့ ရောက်သောအခါ အိပ်ရာပေါ်တွင် ဟိုဘက်ဒီဘက်လှိမ့်ရင်း စိတ်ထဲတွင် ဝေ့ဟွား၏ပုံရိပ်များကသာ ကြီးစိုးနေလေသည်။ သူ့နှုတ်ခမ်းထောင့်လေးများက တွန့်ကွေးသွား၏။ ဝေ့ဟွား၏ ဂရုစိုက်မှုနှင့် အာရုံစိုက်ခြင်းများက သူ့ကို ပျော်ရွှင်စေသည်။ 


သူ့အဖေက ဝေ့ဟွားကိုဘာကြောင့် ထိုမေးခွန်းမေးခဲ့လဲ သူ သိသည်။ ပထမတစ်ချက်မှာ သူ့အဖေက ကွတ်ကီးကို နှလုံးသားထဲတွင် မည်သို့ထားကြောင်း ဝေ့ဟွားကို စမ်းသပ်ချင်၍ဖြစ်သည်။ ဒုတိယအချက်ကတော့ သူ့အဖေက တွန့်ဆုတ်နေတာဖြစ်၏။ နောက်ဆုံးတော့လည်း ကွတ်ကီးက သူ၏တစ်ဦးတည်း‌သောသားဖြစ်ပြီး ကလေးဘဝမှ အရွယ်ရောက်သည်အထိ သူက ရှန့်ကျားချီနှင့် အချိန်အကြာကြး ခွဲ၍မနေဖူးချေ။ 


ကွတ်ကီးနှင့်ဝေ့ဟွားသာအတူရှိသွားပါက သူ့အဖေ၏မျက်လုံးထဲတွင် သူတို့ ဒီအိမ်မှာထွက်သွားရမည်။ လူတိုင်းက အပြင်ဘက်က အတင်းအဖျင်းများကို သည်းမခံနိုင်ကြချေ။ 


ထို့ကြောင့် သူ့အဖေက တွန့်ဆုတ်နေကာ သူတို့၏ဆက်ဆံရေးနှင့်ပတ်သက်၍ သူ ကသိကအောက်ခံစားရနေသည်။ အတိတ်က ဖြစ်ရပ်များတွင် ဝေ့ဟွားကအပြစ်ကင်းကြောင်း သိပြီးသွားသည့်တိုင် ဝေ့ဟွားကိုစမ်းသပ်နေဆဲဖြစ်သည်။ 


သို့သော်လည်း ဝေ့ဟွားဆီမှ ရခဲ့သည့်အဖြေက ကွတ်ကီးနှင့် ရှန့်ကျားချီနှစ်ယောက်လုံးကို အံ့ဩသွားစေခဲ့၏။ 


ဝေ့ဟွားက ရှန့်မိသားစုအိမ်တွင်နေရန် သဘောတူလာလိမ့်မည်ဟု သူတို့ထင်မှတ်မထားခဲ့ကြချေ။ တခြားနည်းဖြင့်ပြောရလျှင် အပြင်ဘက်တွင် လူများက သူ့ကိုမည်သို့ အတင်းအဖျင်းပြောပါစေ၊ ဝေ့ဟွား ဂရုစိုက်လိမ့်မည်မဟုတ်ပေ။ 


သို့မဟုတ် ဖြစ်နိုင်သည်က...


ကွတ်ကီးမနေနိုင်ဘဲ တွေးလိုက်၏။ သူနှင့်အတူရှိပြီးသည့်နောက်တွင် ဝေ့ဟွားကတကယ်ပဲ ရှန့်မိသားစုတွင် နေရန် ပြင်ဆင်ပြီးနေပြီလား...။ ထို့ကြောင့် သူ့အဖေက သူ့ကိုမေးခွန်းမေးလိုက်ချိန်တွင် ထိုကဲ့သို့ တည့်တိုးဆန်သည့်အဖြေပေးလိုက်သည်ပင်။ ‘


သူ တွေးလေ၊ အိပ်မပျော်လေဖြစ်လာ၏။ သူ့နှလုံးသားက အချိုဓာတ်များဖြင့် ပြည့်နေသည်ကိုခံစားရပြီး သူ့ဝင်သက်ထွက်သက်များကပင် ချိုမြိန်သည့်ရနံ့ကိုဆောင်ကျဥ်းနေ၏။


တစ်ညတာ တိုးလှိမ့်နေမှုများက မနက်ခင်းအထိ‌ရောက်သွားတော့သည်။ 


သူ ဘယ်အချိန်အိပ်ပျော်သွားလဲ မသိလိုက်ချေ။ လူတိုင်းနိုးလာပြီး ထမင်းစားပွဲတွင် စုနေသည့်အချိန်၌ ကွတ်ကီး အိပ်ပျော်နေဆဲဖြစ်သည်။ 


သို့သော်လည်း ကွတ်ကီးက နိုးသည်အထိ အိပ်တတ်သောကြောင့် ရှန့်ကျားချီက သူ့ကိုမနှိုးခိုင်းလိုက်ချေ။ 


...


မနက်စာစားပြီးနောက် ဝေ့ချန်နှင့် ချန်လီတို့က နှုတ်ဆက်၍ အိမ်သို့ ပြန်လာခဲ့ကြသည်။ သို့‌သော်လည်း ဝေ့ချန်က ဝေ့ဟွား၏တားဆီးခြင်းကိုခံလိုက်ရပြီး နှစ်ယောက်က ဝေ့ဟွားနေသည့် ဧည့်သည်အခန်းသို့သွားလိုက်သည်။ 


“မနေ့ညက ငါမူးတာနဲ့ မင်းကိုမွေးနေ့လက်ဆောင်အချိန်မီမပေးနိုင်လိုက်ဘူး...တောင်းပန်ပါတယ်ကွာ” ဝေ့ဟွားက ဖိုင်တွဲနှစ်ခုကို ဝေ့ချန်အားပေး၍ ပြောလာသည်။ 


ဝေ့ချန်က ဝေ့ဟွားပေးလာသည့် ဖိုင်အိတ်များကို ယူ၍ပြောလိုက်သည်။ “ဘယ်အချိန်ပေးပေးအတူတူပါပဲ” 


ဝေ့ချန်က ဖွင့်ကြည့်ရန်ရည်ရွယ်ချက်မရှိသည်ကိုတွေ့သောခါ ‌ဝေ့ဟွားမေးလိုက်သည်။ “မကြည့်တော့ဘူးလား” 


ဝေ့ဟွား၏ အကြံပြုချက်အတိုင်း ဝေ့ချန်က ဖိုင်အိတ်များကို ဖွင့်ကြည့်လိုက်သည်။ ပါဝင်သည့် အကြောင်းအရာများကိုမြင်သောအခါ သူဝေ့ဟွားကို အံ့ဩနေလျက်ကြည့်လာ၏။ “ရှယ်ယာလွှဲပြောင်းတဲ့ ဖိုင်တွေ?”


ဟုတ်သည်။ ဝေ့ဟွားဝေ့ချန်ကိုပေးသည့် ပထမဆုံးလက်ဆောင်က ပေကျင်းမြို့ရှိ ဝေ့မိသားစု၏စီးပွားရေးလုပ်ငန်းများမှ ရှယ်ယာ ဆယ့်သုံးရာခိုင်နှုန်းဖြစ်သည်။ အရေးကြီးစရာသိထားရမည့် အချက်က မြို့တော်ရှိ ဝေ့မိသားစုစီးပွားရေးလုပ်ငန်း၏ ရှယ်ယာများကို အဖိုးကြီးဝေ့က ကိုင်တွယ်ထားတာဖြစ်သည်။ အခြားရှယ်ယာကိုင်ဆောင်ထားသူများ၏ ရှယ်ယာများက အနည်းငယ်ပြန့်ကျဲနေသောကြောင့် ဆယ့်သုံးရာခိုင်နှုန်းက ဝေ့ချန်အတွက်မနည်းပေ။ 


“ဟုတ်တယ်...ကြည့်ကြည့်ဦး...အဆင်ပြေရင်လက်မှတ်ထိုးလိုက်” ဝေ့ဟွားက နှစ်ဝက်လောက်ကြာအောင် စုဆောင်းခဲ့ရသည့် ရှယ်ယာများ၏ ဆယ့်သုံးရာခိုင်နှုန်းကို နောင်တတစ်စုံတစ်ရာမရှိဘဲ ဝေ့ချန်အား ပေးနေလေသည်။ 


သို့သော်လည်း ဝေ့ချန်က လက်မှတ်မထိုးဘဲ မေးလာ၏။ “ဒါကိုဘာလို့ ငါ့ကိုပေးတာလဲ”


“တကယ်တမ်း...ငါဝေ့မိသားစုနဲ့နေဖို့ အစီအစဥ်မရှိဘူး...နိုင်ငံကိုပြန်ရောက်ရင် ကိုယ်ပိုင်စီးပွားရေးထောင်ဖို့ ပြင်ဆင်ထားခဲ့တာ...ဒါပေမယ့်လည်း ထင်မှတ်မထားဘဲနဲ့ အဖိုးက မြို့တော်ကဝေ့မိသားစုစီးပွားရေးကို ခဏကိုင်ပေးဖို့ ပြောလာတယ်လေ...စီးပွားရေးလုပ်ငန်းထောင်ဖို့ လုပ်ထားတဲ့ ငါ့ရဲ့အစီအစဥ်တွေက အခုလောလောဆယ် ရပ်တန့်ထားရတယ်” ဝေ့ဟွားရှင်းပြလာ၏။ “အစက ဝေ့မိသားစုရဲ့လုပ်ငန်း လမ်းကြောင်းပေါ် ရောက်လာတာနဲ့ နှုတ်ထွက်ဖို့ ပြင်ထားတာ...ဒါပေမယ့် ငါအခု အစီအစဥ်ပြောင်းသွားပြီ”


ဝေ့ဟွားက ဝေ့ချန်ကိုကြည့်၍ ဆက်ပြောလာသည်။ “ချန်မိသားစုရဲ့ ငါတို့ဝေ့မိသားစုအပေါ် ရည်ရွယ်ချက်တွေကို မင်းသိပြီးပြီလားငါမသိဘူး...ဒါပေမယ့် အမှန်တရားက သူတို့ဘက်က လှုပ်ရှားနေပြီဆိုတာပဲ...ဒီတော့ ဝေ့မိသားစုဝင်တစ်ယောက်အနေနဲ့ ငါတစ်ခုခုလုပ်ရမယ်...ဒါကြောင့် ငါဝေ့ကုမ္ပဏီမှာ ဆက်အလုပ်လုပ်နေသေးတာ...ဒီရှယ်ယာတွေကို မင်းကိုလွှဲပေးရတဲ့အကြောင်းအရင်းက အနာဂတ်မှာ မင်း ချန်မိသားစုကို ခုခံမယ်လို့ ခန့်မှန်းမိလို့ပဲ...မင်းရဲ့လက်ထဲမှာ ဝေ့မိသားစုရဲ့ ရှယ်ယာများများရှိထားတာက ရလဒ်ဆိုးတွေ ဖြစ်လာနိုင်ချေကိုလျော့ချပေးလိမ့်မယ်...မနေ့ကလည်း မင်းမွေးနေ့ဖြစ်တယ်လေ...ဒီတော့ ဒါတွေကို မင်းကိုမွေးနေ့လက်ဆောင်အနေနဲ့ပေးတာ...မင်းရဲ့အစ်ကိုဆီက လက်ဆောင်ကိုမငြင်းနဲ့...ဒါလေးက လက်ဆောင် အသေးအမွှားလေးရယ်” 


ပြောပြီးနောက် ဝေ့ဟွားက ဝေ့ချန်မှတ်မိနေသည့် ပုံရိပ်အတိုင်း အပူအပင်ကင်းပြီးယုံကြည်ချက်ပြည့်နေသည့် အပြုံးလေးပြုံးပြလာ၏။ အရင်ဘဝက အခက်အခဲဆုံးအချိန်များနှင့် ရင်ဆိုင်ရသည့်အခါတွင်တောင် အရာအားလုံးကို အလွယ်တကူဖြေရှင်းနိုင်သည့်အလား ဝေ့ဟွားတွင် အပူအပင်ကင်းသည့် အပြုံးလေးရှိနေခဲ့သည်။ 


ထိုအပြုံးက အရင်ဘဝတွင် ဝေ့ချန်မနာလိုဝန်တိုခဲ့ရသည့်အရာဖြစ်သော်လည်း ယခုတွင်တော့ ဝေ့ဟွား၏ အပြုံးကြောင့် ဝေ့ချန် စိတ်လှုပ်ရှားသွားရသည်။ သူက ဝေ့ဟွား၏ပခုံးကိုပုတ်၍ ပြောလိုက်၏။ 


“ကျေးဇူးပဲ”


“ညီအစ်ကိုတွေကြားမှာ ဘာကျေးဇူးတင်စရာရှိလို့လဲ...မြန်မြန်လေး ရှယ်ယာလွှဲပြောင်းတဲ့ဖိုင်ကို လက်မှတ်ထိုးလိုက်” ဝေ့ဟွားက ဝေ့ချန်၏နှလုံးသားထဲမှ လှိုင်းထလာသည့် ခံစားချက်များကို ခံစားမိသည်။ အကြောင်းအရင်းကိုမသိသော်လည်း ဝေ့ချန်၏မျက်လုံးများတွင် လေးနက်များကို သူမြင်လိုက်ရ၏။


ဝေ့ချန် မငြင်းတော့ဘဲ ဘောပင်ကိုယူ၍ ရှယ်ယာလွှဲပြောင်းသည့်ဖိုင်တွင် သူ့အမည်ကို လက်မှတ်ထိုးလိုက်သည်။ 


“တကယ်တမ်း...ငါ့မှာ ဝေ့ကုမ္ပဏီရဲ့ ရှယ်ယာနှစ်ဆယ်ရာခိုင်နှုန်း ရှိသေးတယ်” ဝေ့ချန်က လက်မှတ်ထိုးပြီးနောက် ဝေ့ဟွားကို ဝန်ခံလိုက်သည်။ 


ဤရှယ်ယာနှစ်ဆယ်ရာခိုင်နှုန်းက အဖိုးဝေ့ဆီမှ ငါးရာခိုင်နှုန်း၊ ဝေ့ချန်၏ ကိုယ်ပိုင်လုပ်‌ဆောင်ချက်များမှ ဆယ့်ငါးရာခိုင်နှုန်းတို့ ပေါင်းထားခြင်းဖြစ်သည်။ ဝေ့ဟွား သူ့ကိုပေးသည့် ဆယ့်သုံးရာခိုင်နှုန်းပါပေါင်းလျှင် ယခု ဝေ့ချန်က ပေကျင်းရှိဝေ့ကုမ္ပဏီ၌ ရှယ်ယာစုစုပေါင်း သုံးဆယ့်သုံးရာခိုင်နှုန်း ကိုင်ဆောင်ထားလေသည်။ ရှယ်ယာ လေးဆယ့်နှစ်ရာခိုင်နှုန်းကိုင်ဆောင်ထားသည့် အဖိုးဝေ့ပြီးလျှင် ဝေ့ချန်က ဝေ့ကုမ္ပဏီ၌ ဒုတိယမြောက် ရှယ်ယာအများဆုံး ကိုင်ဆောင်သူဖြစ်သည်။ 


“ငါခန့်မှန်းမိပါတယ်” ဝေ့ဟွား အံ့ဩမှုတို့ ပြမလာချေ။ 


တကယ်တမ်း သူဤရှယ်ယာများကို တိတ်တဆိတ်ရယူနေချိန်တွင် ရှယ်ယာ၏နှစ်ဆယ်ရာခိုင်နှုန်းကို လျှို့ဝှက်ဆန်းကြယ်သည့်လူတစ်ယောက်က ကိုင်ဆောင်ထားကြောင်း သူသိခဲ့သည်။ ဝေ့ချန်ဖြစ်လိမ့်မည်ဟု သူတွေးခဲ့ပြီး ယခုတွင် အမှန်တကယ်ဖြစ်နေသည်။ 


၎င်းက အမူအရာမဲ့သည့်မျက်နှာနှင့် ဝေ့ချန်ဖြစ်သည်။ သူ၏ အတွေးများကို အခြားသူများ ဘယ်တော့မှ နားလည်သဘောပေါက်လိမ့်မည်မဟုတ်ချေ။ ဝေ့မိသားစုတွင်နေထိုင်နေသည့်သူများတောင်မှ ငယ်သေးသည့်ဝေ့ဝေ့မှလွဲ၍ ဝေ့ယန်၊ ဝေ့ချန်နှင့် သူကိုယ်တိုင်ကြားထဲတွင် ဝေ့ချန်က ငယ်ရွယ်စဥ်ကတည်းက သူ့အတွေးများမှာ အပါးနပ်ဆုံးဖြစ်ပြီး အကျင့်စရိုက်ကလည်း သူတို့ထက်စာလျှင် ပို၍တည်ငြိမ်သည်။ ထို့ကြောင့်လည်း အဖိုးဝေ့ကိုယ်တိုင်ပျိုးထောင်ခြင်းကိုခံရပြီး ငယ်ငယ်လေးနှင့်တင် ‌ဝေ့မိသားစု၏ ဆက်ဆံသူအဖြစ် လျာထားခြင်းခံခဲ့ရသည်။ 


သို့သော်လည်း ဝေ့ဟွားနှင့် ဝေ့ယန်တို့က ၎င်းကိုမနာလိုမဖြစ်ကြချေ။ အကြောင်းမှာ ဝေ့ချန်က ထူးချွန်၍ဖြစ်၏။ မနာလိုမဖြစ်နိုင်လောက်အောင်အထိ ထူးချွန်သည်။ ဝေ့ချန်၏ ကိုယ်ရောင်ကိုယ်ဝါအောက်တွင် မိသားစု အမွေများအတွက် ဝေ့ချန်နှင့်ယှဥ်ပြိုင်ရန် ဝေ့ဟွားတစ်ခါမှမတွေးခဲ့ဖူးချေ။ 


ဝေ့ယန်တွင်လည်း ထိုကဲ့သို့ အတွေးမရှိဟု ဝေ့ဟွားထင်သည်။ သို့မဟုတ်လျှင် မိသားစုစီးပွားရေးကို လက်လွှဲယူရန် ရည်ရွယ်ချက်မရှိကြောင်းကို ဝေ့မိသားစုရှိ လူတိုင်းသိစေရန် နှစ်တိုင်းလိုလို လှည့်လည်သွားလာနေလိမ့်မည်မဟုတ်ချေ။ 


အပြင်လူများ မျက်လုံးထဲတွင် ဝေ့မိသားစု၏ ညီအစ်ကိုသုံးယောက်၌ ကောင်းမွန်သည့်ဆက်ဆံရေးမရှိဟု ထင်ကြသည်။ လတ်တလောနှစ်များတွင် ညီအစ်ကိုသုံးယောက် သွေးကွဲစေရန်အလို့ငှာ သူတို့အရှေ့၌ပင် ကောလဟလများကို ဖြန့်ကြသည်။


သို့သော်လည်း ညီအစ်ကိုသုံးယောက်ကြားတွင် ထုတ်မပြောသည့်နားလည်မှုမျိုးရှိနေကြကြောင်း မည်သူမှမသိကြပေ။ သူတို့က ဘယ်တော့ ကိစ္စများကို ထင်ထင်ပေါ်ပေါ်မဆွေးနွေးကြ‌သော်လည်း နှလုံးသားထဲတွင် စည်းကမ်းများကိုလိုက်နာကြသည်။ သူတို့က အေးအေးချမ်းချမ်းနေရန် လုပ်ဆောင်နိုင်ခဲ့ကြပြီး အန္တရာယ်များကျရောက်လာလျှင်တောင် အတူတကွလျင်မြန်စွာပေါင်းစည်း၍ ပြင်ပမှုခြိမ်းခြောက်မှုများကို ကာကွယ်နိုင်သည်။ 


ရှယ်ယာလွှဲပြောင်းရေးဖိုင်ကို လက်မှတ်ထိုးပြီးနောက် ဝေ့ချန်က ဖိုင်အိတ်ထဲသို့ ပြန်ထည့်လိုက်သည်။ 


“အားချန်...နောက်ကျ ပြဿနာတစ်ခုခုကြုံလာရင် ငါ့ကိုမမေ့နဲ့နော်... ငါလည်း ဝေ့မိသားစုဝင် တစ်ယောက်ဖြစ်နေပါသေးတယ်” ဝေ့ဟွားက ရုတ်တရက် အပြုံးကိုဖယ်၍ လေးနက်စွာပြောလာသည်။ 


ချန်မိသားစုက ကြီးမားသည့်ပြဿနာဖြစ်သည်။ သူတို့ တကယ်ပဲ ဝေ့မိသားစုနှင့် ရင်ဆိုင်ချင်ပါက ‌ဝေ့မိသားစုအတွက် ကပ်ဆိုးကြီးသာဖြစ်သည်။ ထိုအချိန်ရောက်လာသည့်အခါ ဝေ့ချန်က အားလုံးကို ဘေးကင်းစေရန် တွန်းထုတ်လိမ့်မည်ကို ဝေ့ဟွားစိုးရိမ်မိ၏။ ထို့ကြောင့် သူ ရုတ်တရက် ပြောလာခြင်းဖြစ်သည်။ 


“စိတ်ချပါ...ငါတို့က မိသားစုတွေပဲ...သေအတူရှင်မကွဲပေါ့” ဝေ့ချန်၏ ဝေ့ဟွား၏ လေးနက်နေသည့် အကြည့်များကိုရင်ဆိုင်ရင်း တည်ငြိမ်စွာပြောလိုက်၏။


“ကောင်းတယ်...ငါတို့ကမိသားစုတွေ...သေအတူရှင်မကွဲပဲ” ဝေ့ဟွားလည်း လက်သီးဆုပ်၍မြှောက်လိုက်သည်။ ၎င်းကိုမြင်သောအခါ ဝေ့ချန်လည်း လက်သီးဆုပ်၍ ဝေ့ဟွားနှင့် လက်သီးချင်းတိုက်လိုက်၏။


သူဘယ်တော့မှ သူ့အရင်ဘဝက ဝမ်းနည်းကြေကွဲစရာကောင်းတဲ့ ကိစ္စတွေ နောက်ထပ်ဖြစ်လာဖို့ခွင့်ပြုမှာမဟုတ်ဘူး...။ 


ဝေ့ဟွားက လက်ကိုပြန်ရုတ်လိုက်ပြီး တစ်ခုခုကိုသတိရသွားသည့်ပုံဖြင့် ဝေ့ချန်ကိုပြောလာသည်။  


 “စကားမစပ်...အားချန်...ချန်မိသားစုနဲ့လက်တွဲတဲ့အကြောင်း ငါအဖိုးကိုပြောထားပြီးပြီ”


****


T/N လျိုရှဟွေ့သည် ထင်ရှားကျော်ကြားသည့် မွန်မြတ်သောအကျင့်ရှိသူတစ်ဦးဖြစ်ကာ အမျိုးသမီးတစ်ယောက် သူ့ပေါင်ပေါ်တွင်ရှိနေသည့်တိုင် သူ၏ကောင်းမွန်သည့်အကျင့်သိက္ခာများကို နည်းနည်းလေးမှ ယိုင်လဲမသွားအောင် ထိန်းနိုင်သည်ဟုဆိုကြသည်။





💘