ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ
အပိုင်း (၈၅)
"ရှင် ဘာတွေ ပြောနေတာလဲ။"
ကျွန်မ အလွန်စူးရှသော လေသံဖြင့် ပြောလိုက်သည်။
အရက်သောက်ထားသူများကို ကျွန်မ မုန်းတီးသည်။
၎င်းက ကျွန်မ အဖေ သက်ရှိထင်ရှား ရှိနေစဥ် ယခင်ဘဝကို ပြန်လည်အမှတ်ရစေသည်။
ကျွန်မ၏အဖေမှာ အမြဲတမ်း အရက်သောက်နေတတ်သည်။ချွေးပေါက်များမှ အရက်နံ့ တထောင်းထောင်းထွက်နေသည် အထိပင်။
ကံကောင်းသည်မှာ သူက ကျွန်မကို မရိုက်တတ်ခြင်းဖြစ်၏။သို့သော် ထိုအချက်တစ်ခုတည်းကသာ ကောင်းကွက် ဖြစ်သည်။
အဖေက အရက်သောက်ထားချိန်တိုင်း ကျွန်မကို ရင့်သီးကြမ်းတမ်းသော စကားများဖြင့် ပြောဆိုနေတတ်သည်။အမေဖြစ်သူကို စားသုံး၍ မွေးလာသော သမီး၊မိုက်မဲသော၊ကြမ်းတမ်းသော ကလေး စသဖြင့်။
ကျွန်မ နေမကောင်းဖြစ်ရခြင်း၏ ၉၀%သော အကြောင်းရင်းမှာ အဖေကြောင့်ဟု တွေးမိသည်အထိ။
ထို့ကြောင့် အရက်သောက်ထားသော ယောကျ်ားများကို ကျွန်မ မုန်းတီးလေသည်။
သို့သော် ဆိုဗက်စ်စတာက အခန်းထဲသို့ မလာခင် အရက်သောက်ထားခဲ့သည်။
ကျွန်မ မျက်လုံးများကို မှေးကျဥ်းလိုက်မိ၏။
"ရှင် အရက်မူးနေတယ်ဆိုရင် အိပ်နေလိုက်ပါတော့လား။ဘာလို့ ဒီအထိ ရောက်လာပြီး အရှုပ်အထွေးတွေ လုပ်နေရပြန်တာလဲ။"
"အရက်မူးနေတယ် ဟုတ်လား။"
ဆိုဗက်စ်စတာက ဘာမှမသိသည့်ပုံစံဖြင့် ကျွန်မကို ကြည့်လေသည်။
"ကိုယ် ဘာမှ မလုပ်ထားပါဘူး။"
သူက အနည်းငယ် စိတ်ဓါတ်ကျပုံ ပေါက်နေ၏။
ဟမ့် ... အမ်း
သူက ကျွန်မ ထင်ထားသလို အရက်မူးသမားတစ်ယောက် မဟုတ်ပေ။
ကျွန်မ အနည်းငယ် တည်ငြိမ်သွားရပြီး ဆိုဗက်စ်စတာကို ကြည့်လိုက်သည်။
"ကိုယ်က မင်းနဲ့စကားပြောဖို့ ဒီကို လာခဲ့ရုံပါ။မင်း မကြိုက်ရင် ကိုယ် ပြန်သွားတော့မယ်။"
ဆိုဗက်စ်စတာက ထိုသို့ပြောရင်း ပခုံးများက ညွှတ်ကိုင်းကျနေခဲ့သည်။
ဆိုဗက်စ်စတာသည် အမြဲတမ်း ယုံကြည်မှုအပြည့်နှင့် မာန်ပါပါ တက်ကြွနေတတ်သောလူ ဖြစ်သည်။သူ့ကို ဤပုံစံနှင့် တစ်ခါမှ မမြင်ဖူးပေ။ထို့ကြောင့် ကျွန်မ စိတ်ပျက်မိသည်ထက် ပို၍ သိချင်စိတ်ပြင်းပြလာရသည်။
စိတ်ဓါတ်ကျနေသော ဆိုဗက်စ်စတာကို ကြည့်ရင်း ထိုသူမှာ ကျွန်မကို စကားဖြင့် ကြမ်းတမ်းစွာ ပြောဆို၍ ဒေါသတကြီးဖြစ်နေမည်မဟုတ်ဟု တွေးမိခဲ့သည်။
အဆင်ပြေလောက်ပါတယ်၊ဟုတ်တယ်မလား။
ကျွန်မ အိုင်ရင်းကို တစ်ချက်ကြည့်လိုက်သည်။
"နင် တံခါးရှေ့မှာ နေလိုက်။ငါ အော်လိုက်ပြီဆိုတာနဲ့ နင် အထဲဝင်လာခဲ့ချေ။"
"အာ ... ဟုတ်ကဲ့"
အိုင်ရင်း အခန်းထဲမှ အမြန်ပြေးထွက်သွားသည်။ထို့နောက် အနည်းငယ် ဖွင့်ဟထားသော တံခါးရှေ့တွင် မတ်တပ်ရပ်နေပေးခဲ့၏။
ဒါက အဆင်ပြေမှာပါ။
ကျွန်မ ဆိုဗက်စ်စတာကို စိုက်ကြည့်လိုက်သည်။
"ရှင် ဘာအကြောင်း ပြောချင်တာလဲ။"
"ဘာအကြောင်းလဲ ဆိုတော့ ..."
ဆိုဗက်စ်စတာ လေးပင်စွာ အသက်ရှူလိုက်ပြီး သူ့ပါးစပ်သူ လက်ဖမိုးဖြင့် ပွတ်သုတ်လိုက်သည်။
ပြီးနောက် ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်သည်။
အနည်းငယ် ဖွင့်ထားသော မျက်ဝန်းများက ပို၍ ရီဝေဝေ ဖြစ်နေ၏။ ထိုအကြည့်မှာ အနည်းငယ် အကျင့်ပျက်ပြားသော ခံစားမှုတစ်ခုကို ပေးနိုင်လေသည်။ထို့ကြောင့် ကျွန်မ မသိလိုက်ပဲ သူ့မျက်လုံးများမှ အကြည့်လွှဲလိုက်မိ၏။
ထို့နောက် ဆိုဗက်စ်စတာက ဖြည်းဖြည်းချင်း ပါးစပ်ဟလာသည်။
"မင်း ...မင်း ကိုယ့်ကို ဘယ်လိုထင်လဲ။"
"ဘာကိုလဲ"
သူ ဘာဆိုလိုသည်ကို ကျွန်မ နားမလည်သဖြင့် ပြန်မေးလိုက်မိသည်။
ဆိုဗက်စ်စတာက အခါအားလျော်စွာ ဆက်ပြောသည်၊။
"မင်း နေ့တိုင်း ဒီလိုမျိုး စကားပြောရင်း ဘယ်လိုတွေ တွေးနေလဲလို့။"
ဒါက ဘာကို ဆိုလိုတာလဲ။
ထို့နောက် ကျွန်မ တွေးမိသွားသည်။
ဘုရားရေ
"ကျွန်မ ပိုက်ဆံတောင်းလိုက်မိလို့လား။"
ကျွန်မ အံ့ဩလွန်းသဖြင့် ပါးစပ် အကျယ်ကြီး ဟမိသွားရသည်။
"ရှင် ကျွန်မကို ပိုက်ဆံမပေးချင်လို့လား။"
"အဲ့လိုမျိုး မဟုတ်ဘူး။"
ဆိုဗက်စ်စတာက ရှေ့ဆံပင်များကို ဖွ၍ နှုတ်ခမ်းကိုက်နေခဲ့သည်။
"ကိုယ် မင်းကို အရာအားလုံး ပေးနိုင်တယ်၊ပိုက်ဆံပဲ ဖြစ်ဖြစ်။"
ဒါဆို ပေးလေ။
ကျွန်မ ထိုသို့ ပြောမိလုနီးပါးပင်။
ထိုစကားကို ကျွန်မဘာသာ မြိုသိပ်ထားလိုက်ရသည်။
"မင်းက ကိုယ့်မျက်နှာကို ကြည့်နေရုံနဲ့ အသက်ရှင်နိုင်တယ်ဆိုပြီး တစ်ခါတစ်လေ သူတို့ ပြောကြတယ်။"
"မဟုတ်တာ ... အဲ့လို မဟုတ်ဘူး။"
"အခု စိတ်ပြောင်းသွားတဲ့ မင်းကို ကိုယ် မုန်းတယ်။"
ဆိုဗက်စ်စတာက အနည်းငယ် ညည်းညူ၍ ပြောသည်။
သူ ညည်းနေတာလား။
ဒီဆိုဗက်စ်စတာကလေ။
ကျွန်မ ပါးစပ်အကျယ်ကြီး ဟလိုက်မိသည်။
ဤအခြေအနေကို ကျွန်မ မယုံနိုင်ခဲ့ပေ။
"ကျွန်မ စိတ်မပြောင်းပါဘူး၊အမြဲတမ်း ဒီလိုပဲ။"
"မင်း အစကတည်းက အိမ်ရှေ့စံမင်းသားကို အမြဲတမ်းကြိုက်နေခဲ့တာလို့ ဆိုလိုတာလား။"
အိုး ... ဒီတော့ ငါက ကယ်လီယန်ကို ဘယ်လောက်အထိ ကြိုက်တယ်ဆိုတဲ့ အကြောင်းပေါ့။
ထိုသို့ နားလည်မှုလွဲနေသည်ကို ဘယ်ပုံဘယ်နည်းဖြင့် ဖြေရှင်းရမည်မှန်း ကျွန်မ တကယ်ပင် မသိတော့ပေ။မဟုတ်ပါဟု အကြိမ်ပေါင်းများစွာ ပြောနေသည့်တိုင် သူက မယုံကြည်နိုင်ခဲ့ပေ။ထို့ကြောင့် မတတ်သာဘဲ ယခု ကျွန်မ တိတ်တိတ်နေဖို့သာ ရှိတော့၏။
ဆိုဗက်စ်စတာ၏မျက်ဝန်းများက ကျွန်မဆီ လှည့်လာသည်။သူက သက်ပြင်းမောကြီးတစ်ခုချလိုက်ပြီး သူ့မျက်နှာသူ လက်ဖြင့် ပွတ်သပ်နေခဲ့သည်။
"မင်း ... ကိုယ် မင်းကို မုန်းတယ်။"
ထိုသို့ ပြောနေသော သူ့ကို ကြည့်ရင်း အနည်းငယ် ချစ်စရာကောင်းသည်ဟု ခံစားမိလာသည်။အရက်မူးနေသော ယောကျ်ားတစ်ယောက်က ထိုသို့ ချစ်စရာကောင်းမည်ဟု ကျွန်မ မယုံနိုင်ပေ။
ကျွန်မလဲ အတူတူပါပဲနော်။
"ကောင်းပြီလေ၊ရှင် မုန်းတီးနေရတဲ့ တစ်စုံတစ်ယောက်ကို ပြောစရာစကားတွေ ရှိသေးလား။"
"ကိုယ် အိပ်ချင်နေပြီ။"
"ဘာ"
"ကိုယ် အိပ်ချင်နေပြီလို့ ပြောနေတယ်လေ။"
ဆိုဗက်စ်စတာက နှေးကွေးစွာ ထ၍ ကျွန်မဆီသို့ ရောက်လာခဲ့သည်။
သူက ကျွန်မ၏လက်ကို ညင်သာစွာ ကိုင်၍ ဆွဲထူပေးလိုက်သည်။
"အတူတူ အိပ်ရအောင်။"
အာ ...
ထိုအချိန်တွင် ကျွန်မ ဘာသာ သတိမထားမိပါဘဲ အိပ်ရာထဲ ရောက်လာခဲ့သည်။
ကျွန်မ၏ခန္ဓာကိုယ်က အိပ်ရာပေါ်သို့ လဲကျသွားသည်။
ဆိုဗက်စ်စတာက ကျွန်မ၏ဘေးနားတွင် လဲလျောင်း၍ ကျွန်မ၏လက်ကို ကိုင်ထားဆဲ ဖြစ်သည်။သူက ကျွန်မကို ကြည့်၍ ပြုံးပြ၏။
"ကိုယ် အိပ်တော့မလို့ ... ဒီတော့ ကိုယ့်ကို မထိနဲ့တော့။"
ဒါက ကျွန်မ ပြောရမဲ့စကားလေ။
"ကောင်းသောညပါ အိုဖီလီယာ။"
သူက ကလေးတစ်ယောက်သဖွယ် တောက်ပစွာ ပြုံးလိုက်ပြီး ကျွန်မ၏နဖူးကို ညင်ညင်သာသာ နမ်းရှိုက်လိုက်သည်။
ဟမ်
နေဦး။
သူက ငါ့ကို နမ်းလိုက်တယ်လား။
ကျွန်မနဖူးထက်တွင် သူ၏ဝင်သက်ထွက်သက်က ကပ်ငြိနေဆဲ ဖြစ်သည်။ကျွန်မ၏နှလုံးသားက ပေါက်ကွဲထွက်မတတ် မြန်ဆန်စွာ ခုန်ပေါက်နေခဲ့ပြီး ခန္ဓာကိုယ်က တောင့်တင်းနေခဲ့၏။
သို့သော် ဆိုဗက်စ်စတာက အိပ်မောကျသွားခဲ့သည်။
"ဝါး ..."
ရှင်က ဒီလိုမျိုး အိပ်သွားတယ်ပေါ့လေ။
ကျွန်မ အလွန်မှင်တက်နေမိပြီး ထိန်းချုပ်ထားရန် မတတ်သာဘဲ ဆိုဗက်စ်စတာကို ကြည့်လိုက်မိသည်။
ဒုတ် ဒုတ် ဒုတ် ဒုတ်
နှလုံးသားမှာ အခုန်မြန်နေဆဲ ဖြစ်၏။
နဖူးထက်ရှိ ထိုသူ၏အငွေ့အသက်လေးမှာ အလွယ်တကူ ပျောက်ပျက်မသွားခဲ့ပေ။
ယနေ့ညတွင် ကျွန်မ ကောင်းစွာ အိပ်ပျော်နိုင်မည်ဟု မထင်ပါ။
*
မနက်ခင်း ကျွန်မ နိုးလာချိန်တွင် အခန်းထဲ၌ ဆိုဗက်စ်စတာ မရှိတော့ပေ။
ကောင်းပြီ၊ဒီလိုပေါ့။
မနေ့က သူ အလွန်ပုံဆိုးပန်းဆိုး ဖြစ်နေခဲ့သဖြင့် ရှက်ရွံ့နေပြီး ကျွန်မနှင့် မျက်နှာချင်း မဆိုင်ရဲခြင်း ဖြစ်လိမ့်မည်။
တစ်ချိန်တည်းတွင် ကျွန်မလည်း စိတ်သက်သာရာရသွားခဲ့သည်၊
ကျွန်မလည်း ဆိုဗက်စ်စတာနှင့် မျက်နှာချင်းဆိုင်ရန် ရှက်ရွံ့နေခဲ့သောကြောင့် ဖြစ်လေသည်။
မနေ့ညက အကြောင်းကို ဆိုဗက်စ်စတာအား ပြန်မမှတ်မိစေချင်ပါ။ကျွန်မ တစ်ယောက်တည်းသာ မှတ်မိနိုင်သည့် တစ်စုံတစ်ခု ဖြစ်စေချင်မိသည်။
တွေးကြည့်မှ ငါက အရက်သောက်ထားတဲ့ ယောကျ်ားတွေကို တကယ် သဘောမကျဘူး။
မနေ့ညက ဆိုဗက်စ်စတာမှာ အလွန်ချစ်စရာကောင်းသည်။
သူ မကြာခဏ အရက်သောက်ပြီး ကျွန်မအပေါ် ထိုသို့ ဆက်ဆံလျှင် ကောင်းလိမ့်မည်ဟုပင် တွေးမိ၏။
အာ ... ဒါက အန္တရာယ်ရှိတယ်။
ဆိုဗက်စ်စတာနှင့် ပတ်သက်လျှင် နှလုံးသားကို တည်ငြိမ်နေအောင် လုပ်ထားခဲ့သည့်တိုင် ၎င်းက တစ်ဖန်ပြန်၍ ရှင်သန်နိုးထလာခဲ့သည်ကို မယုံနိုင်ပေ။
မဖြစ်ဘူး၊ငါ အဲ့လို ဖြစ်လို့ မရဘူး။
ကျွန်မ ဆိုဗက်စ်စတာကို မကြိုက်သင့်ပေ။
ဘယ်တော့မှ၊ဘယ်တော့မှ မဖြစ်ရဘူး။
ကျွန်မ ထိုသို့ စိတ်ပိုင်းဖြတ်ပြီးနောက် ခေါင်းလောင်းကြိုးကို ဆွဲလိုက်သည်။
မကြာခင် အိုင်ရင်း ဝင်လာ၏။
"မဒမ် နိုးပါပြီလား။"
"အင်း"
အိုင်ရင်း ယူလာသော မျက်နှာသစ်ရေဇလုံရှေ့တွင် ထိုင်ရင်း ကျွန်မ ပြန်ဖြေလိုက်သည်။
"မဒမ် မနေ့ညက ကောင်းကောင်း အိပ်ပျော်ပါသလား။"
အိုင်ရင်းက ကျွန်မကို မသိမသာ အကဲခတ်လိုသော လေသံဖြင့် မေးသည်။
ကျွန်မ သူမကို တစ်ချက်ကြည့်လိုက်သည်။
"အင်း ... ငါ ကောင်းကောင်း အိပ်ပျော်တယ်။ဒီတော့ နင့်မျက်နှာပေါ်က အဲ့ဒီမျက်နှာထားကို ရပ်ပေးလို့ မရဘူးလား။"
"အိုင်း ၊ဒါပေမဲ့ ..."
အိုင်ရင်းက တုန်တုန်ယင်ယင်ဖြင့် ပြောသည်။
"သခင်နဲ့မဒမ်တို့ ကြားက ဆက်ဆံရေး တိုးတက်လာတာကို မြင်ရတော့ ကျွန်မ ဘယ်လောက်ထိ ပျော်နေရတယ်ဆိုတာကို မဒမ် သိမှာမဟုတ်ပါဘူး၊တကယ်ပါနော်။"
"ပိုဆိုးလာတာပါ"
ကျွန်မ ခေါင်းလှည့်၍ ရေရွတ်လိုက်သည်။
"ဟုတ်ရင်လဲ ဟုတ်မှာပေါ့။"
"တွေ့လား!ပိုကောင်းလာတာ ဖြစ်မှာပါ။"
"ငါက မဟုတ်ဘူးလို့ ပြောတာလေ။"
ကျွန်မ ဤသို့ ငြင်းဆန်နေသည့်တိုင် ဆက်ဆံရေး ပိုကောင်းလာသည်က အမှန်တရားပင်။
ယခင်က အိုဖီလီယာနှင့် ဆိုဗက်စ်စတာကြားရှိ ဆက်ဆံရေးမှာ ဘယ်အချိန် ထပေါက်မည်မှန်း တပ်အပ်မသိနိုင်သော ချိန်ကိုက်ဗုံးတစ်လုံးနှင့် တူခဲ့သည်။
အိုင်ရင်း၏ရှုထောင့်မှဆိုလျှင် ကြိုးတန်းပေါ် လမ်းလျှောက်နေရသလို ခံစားနေရလိမ့်မည်။
သို့သော် ယခု မတူတော့ပေ။
ကျွန်မက ဆိုဗက်စ်စတာနှင့် အဆင်ပြေပြေ နေနိုင်လာခဲ့သည်။ထိုအချက်ကို အိုင်ရင်းက ရွေးထုတ်လိုက်ပုံ ရသည်။
သို့သော် ကျွန်မ ...
ငါ ဒီလို လုပ်လို့ မရဘူး။
ကျွန်မတို့ အတူတကွ ပို၍ အဆင်ပြေလာလျှင် ပြန်လှည့်စရာလမ်း မရှိတော့ပေ။
၎င်းမှာ ကျွန်မ၏မဟာအစီအစဥ်ကြီး အလဟဿ ဖြစ်သွားတော့မည်ဟု ဆိုလိုသည်။
ထို့ကြောင့် ကျွန်မ သူ့ကို မကြိုက်သင့်ပေ။
အမှန်တကယ်ပင်။
"မြန်မြန် ထပြီး အဆင်သင့်ပြင်တော့။ငါ ဒီနေ့ အပြင်သွားရမယ်။"
"အာ... ဟုတ်ကဲ့၊ကျွန်မ နားလည်ပါပြီ။"
အိုင်ရင်းက ကျွန်မ၏ဆံပင်ကို အလျင်အမြန် ဖြည်၍ ဖြီးသင်ပေးသည်။
ထိုအချိန်တွင်
"မင်း နိုးလာပြီလား။"
အံ့ဩစရာ အသံတစ်ခုကို ကြားလိုက်ရသည်။
"ဟန်နီလား"
ထိုသူမှာ ဆိုဗက်စ်စတာ ဖြစ်သည်။
မနေ့က တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့သဖြင့် ယနေ့ ကျွန်မတို့ မျက်နှာချင်း မဆိုင်သင့်ပေ။သို့သော် သူက တံခါးကို ဖွင့်၍ ဝင်လာခဲ့သည်။
ကျွန်မ ဆိုဗက်စ်စတာကို တအံ့တဩဖြင့် ကြည့်လိုက်မိသည်။
ဆိုဗက်စ်စတာက ပါးပြင်ကို ကုတ်ခြစ်၍ ကျွန်မအနားသို့ ရောက်လာခဲ့၏။
"မင်း ကောင်းကောင်း အိပ်ပျော်ရဲ့လား။"
"ဟမ် ...အာ ... အင်း၊ ကျွန်မ ကောင်းကောင်း အိပ်ပျော်ပါတယ်။"
"အင်း ... ကိုယ် ရောပဲ။"
ထို့နောက် တိတ်ဆိတ်သွား၏။
ဆိုဗက်စ်စတာက ဘာပြောရမှန်း သိပုံ မရသလို ကျွန်မလည်း အတူတူပင် ဖြစ်ရာ ဘာမှ မပြောနိုင်ခဲ့ပေ။
ကသိကအောက် တိတ်ဆိတ်မှုကြီးက ကျွန်မတို့ကြားရှိ နေရာတိုင်းတွင် ပြည့်နှက်သွားရသည်။
"မနေ့ညက ..."
ဂလု
ကျွန်မ တံတွေးမြိုချလိုက်မိပြီး သူ ဆက်ပြောမည့် စကားများကို စောင့်နေခဲ့သည်။
"ကိုယ် ဘာတစ်ခုမှ မမှတ်မိဘူး။"
ကျွန်မ မျက်လုံးများ ပြူးကျယ်ဝိုင်းစက်သွားရသည်။
"ကိုယ် ထူးဆန်းတာ တစ်ခုခု မပြောမိပါဘူးနော်။"
"မပြောဘူး!"
ကျွန်မ အော်ဟစ်လိုက်သည်။
"တကယ်ပါ ... ရှင် ဘာမှ မလုပ်ခဲ့ဘူး!"
"အဲ့လိုလား"
နောက်ဆုံးတွင် ဆိုဗက်စ်စတာမှာ အနည်းငယ် စိတ်သက်သာရာရသွားဟန်ဖြင့် သူ့ရင်ဘတ်သူ သပ်ချလိုက်သည်။
"တော်သေးတာပေါ့။"
ထို့နောက် သူက ကတိပေးသည့်အတိုင်း ပြောလာသည်။
"ကိုယ် နောက်ဆို ဒီလိုမျိုး ထပ်ပြီး အရက်မသောက်တော့ပါဘူး။ကိုယ် တောင်းပန်ပါတယ်။"
မဟုတ်ဘူး၊ရှင် ဒီလိုမျိုး သောက်လို့ ရပါတယ်။
ကျွန်မ ထိုသို့ မပြောနိုင်ရကား အရင်ဆုံး သဘောတူလိုက်ရသည်။
"အင်း ... ကျွန်မ နားလည်ပြီ။"
ပြန်၍ တိတ်ဆိတ်သွားပြန်သည်။ကျွန်မတို့ကြားတွင် လေထုက ကသိကအောက် ဖြစ်ဖွယ်အတိ။
အိုင်ရင်းကရော ဒါဆို ခံစားမိနိုင်လောက်လား။
သူမက နောက်သို့ မသိမသာ ဆုတ်သွားပြီး ပါးစပ်ကို လက်ဖြင့်အုပ်၍ မတ်တပ်ရပ်နေခဲ့သည်။
"အဟမ်း"
ဆိုဗက်စ်စတာ ချောင်းဆိုးလိုက်သည်။
"မင်း အပြင်သွားမယ်လို့ ကိုယ် ကြားတယ်။ဂရုစိုက်ဦး။"
"အင်း ... ညနေကျမှ တွေ့မယ်။"
"အင်း"
ဆိုဗက်စ်စတာမှာ ချက်ချင်းပင် အခန်းထဲမှ ထွက်သွား၏။
ထွက်သွားသော ဆိုဗက်စ်စတာ၏နောက်ကျောကို ကြည့်ရင်း ဘာကြောင့်မှန်းမသိ စိတ်ပျက်သလို ခံစားလိုက်ရသည်။
မဟုတ်ဘူးလေ၊ငါက ဆိုဗက်စ်စတာကို မမှတ်မိစေချင်တာ သေချာတယ်။
ဒါဆို ငါက ဘာလို့ စိတ်ပျက်နေရတာလဲ။
ငါ့ကိုယ်ငါ သေချာမသိတော့ဘူး။
TK Team
++++++++