Chapter 84
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၈၄)

"မင်း တကယ်ပါပဲ ..."

ဆိုဗက်စ်စတာက ထိုသို့ ပြော၍ ကျွန်မကို စိုက်ကြည့်လေသည်။

ပြီးနောက် အခန်းထဲမှ ချက်ချင်း ထွက်သွားလေသည်။

သူ ဘာဖြစ်သွားတာလဲ။

သူက ငါ့ကို ပိုက်ဆံပေးဖို့ ငြင်းဆန်နေတာလား။

၎င်းက အကြောင်းရင်းဖြစ်မည်ဟု ကျွန်မ တွေးမိသည်။

မဟုတ်ဘူး၊ရှင် ကျွန်မကို ပိုက်ဆံ မပေးချင်ဘူးဆိုရင် ဘာကြောင့် အရမ်းဒေါသထွက်နေရတာလဲ။

ဆိုဗက်စ်စတာ ထွက်သွားသည့်ဘက်သို့ လှမ်းကြည့်၍ နှုတ်ခမ်းဆူလိုက်မိသည်။

ပြီးနောက် ဆိုဖာပေါ် ပြန်ထိုင်ချလိုက်မိသည်။ကျွန်မ စဥ်းစားရန် အချိန်တစ်ချို့ လို၏။

တစ်နည်းနည်းဖြင့် ကျွန်မ ကယ်လီယန်နှင့် အဆင်ပြေပြေ ဖြစ်လာခဲ့သည်။

အကယ်၍ အိုဖီလီယာက မင်းကို ကွာရှင်းပြီး ငါနဲ့ လက်ထပ်လိုက်မယ်ဆိုရင် အချစ်ဇာတ်လမ်းခင်းနေတာမျိုး မဟုတ်တော့ဘူးပေါ့။

သူက ထိုသို့ပင် ပြောခဲ့သေး၏။

မှန်ပါသည်။ကယ်လီယန်က ထိုစကားကို စိတ်ရင်းဖြင့် ရိုးသားစစ်မှန်စွာ ပြောဆိုခြင်း မဟုတ်ပေ။

သို့သော် အတိတ်ကို ပြန်စဥ်းစားကြည့်ပါက ၎င်းမှာ အမှန်တကယ် ကြီးမားလှသော တိုးတက်မှု ဖြစ်လေသည်။

ထင်ထားတဲ့အတိုင်း ငါ့ရဲ့ ဆွဲဆောင်မှုက အဆုံးမရှိဘူး။

ဟိုး ဟိုး

ကိုယ့်ကိုကိုယ် ဂုဏ်ယူဝံကြွားစွာဖြင့် လက်မောင်းကို ပုတ်လိုက်မိသည်။

ကယ်လီယန်နှင့်ဆက်ဆံရေးမှာ ဤမျှအထိ တိုးတက်လာပြီဖြစ်၍ ၎င်းကို ဆိုဗက်စ်စတာ သဘောကျလိမ့်မည်ဟု တွေးထားခဲ့သည်။

သို့သော် ဆိုဗက်စ်စတာက ထိုသို့ မဟုတ်ပေ။

သူက တစ်မျိုးတစ်ဖုံ စိတ်ခံစားချက် မကောင်းသည့်ပုံစံ ပေါက်နေ၏။

သူ ဘာဖြစ်နေတာလဲ။

ကျွန်မ ကောင်းစွာ နားမလည်နိုင်ပါ။

အရင်တစ်ခါတွင် ကယ်လီယန်အပေါ် တတ်နိုင်သမျှ သွေးဆောင်ဖြားယောင်းရန် ကျွန်မကို သူ ပြောခဲ့သည်။

ကျွန်မ ကယ်လီယန်ကို သွေးဆောင်ဖြားယောင်းခဲ့ခြင်းကြောင့် သူ ဒေါသဖြစ်သွားလိမ့်မည်ဟု မယုံကြည်နိုင်ခဲ့ပေ။

သူက ခန့်မှန်း၍ မရနိုင်သော လူတစ်ယောက်ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ငါ ပိုက်ဆံရသင့်တယ်လေ။

ရွှေဒင်္ဂါးအပြား တစ်ရာအထိ ရမယ်ဆိုရင်တောင် မလုံလောက်သေးဘူးမလား။

ဒုတ် ဒုတ် ဒုတ် ဒုတ် 

အရင်းရှင်ဝါဒ၏ နှလုံးသားလေးမှာ ပြင်းပြင်းထန်ထန် ခုန်ပေါက်နေခဲ့၏။

ကျွန်မ မတ်တပ်ထရပ်လိုက်ပြီး ဆိုဗက်စ်စတာထံမှ ရွှေဒင်္ဂါးအပြား တစ်ရာ ရစေရမည်ဟု သန္နိဋ္ဌာန်ချမှတ်လိုက်သည်။

ကျွန်မ ယနေ့ လုပ်စရာတစ်ခု ရှိသောကြောင့် ဖြစ်၏။

ဂျူလီယာ အမ်ဘာ

သူမ ကျွန်မထံပို့ထားသော စာကို ရှာဖွေရမည်။
*

ဂျူလီယာ အမ်ဘာ

ဖလဲရ် ဂုဏ်ယူနေခဲ့သည့် ရေမွှေး၏အကြောင်းရင်းမှန်ကို သိရှိခဲ့သော ပထမဆုံးသူ။

ထို့အပြင် ဖလဲရ်ကို သဘောမကျသော တစ်စုံတစ်ယောက်။

သူမက ကျွန်မကို အကူအညီ တောင်းနေသည်။

ဂျူလီယာ အမ်ဘာမှာ ကောင့်မြို့စားကတော်တစ်ဦးဖြစ်၏။

ထို့အပြင် ဧကရာဇ်၏ယုံကြည်ကိုးစားခြင်းကို ခံရသော နိုင်ငံတည်ထောင်သူ အမ်ဘာမိသားစု၏မဒမ်လည်း ဖြစ်သည်။

ကျွန်မ၏ဂုဏ်သတင်းကို မြှင့်တင်ရန်နှင့် ခင်မင်ရင်းနှီးမှုကို တည်ဆောက်ရန် မည်သူက သူမထက် ပို၍ ပြီးပြည့်စုံနိုင်လိမ့်မည်နည်း။

ကျွန်မ မည်သူ့ကိုမှ မထင်ပေ။

ထို့အပြင် ဂျူလီယာ အမ်ဘာမှာ မူလဇာတ်ကြောင်းတွင် ပါဝင်သော ဇာတ်ကောင်တစ်ဦး ဖြစ်လေသည်။

ကျွန်မအား ရွေးချယ်ခဲ့သူကို ကြောက်မက်ဖွယ် အနာဂတ်နှင့် ပေးရင်ဆိုင်လိုက်ရမည့်အစား ချီးမြှောက်ပေးရလိမ့်မည်။

ကျွန်မ ဂျူလီယာ အမ်ဘာကို ကယ်တင်ပေးနိုင်သည်။

ထို့ကြောင့် ကျွန်မ အခန်းထဲသို့ အလျင်အမြန် ပြန်၍ စာကို ရှာဖွေလိုက်သည်။

"ဂျူလီယာ အမ်ဘာ ... အမ်ဘာ"

ဒီမှာပဲ

စားပွဲခုံပေါ်ရှိ မရေမတွက်နိုင်သော စာများကြားမှ ပန်းရောင်စာအိတ်တစ်လုံးကို ကျွန်မ ဆွဲထုတ်လိုက်သည်။

ထိုစာကို ယူလိုက်သည်နှင့် မွှေးရနံ့တစ်ခုကို ရလိုက်သည်။စိတ်ခံစားချက် ပိုကောင်းလာစေနိုင်သော မွှေးရနံ့လေးတစ်ခု ဖြစ်သည်။

ကျွန်မ စာအိတ်ကို အမြန်ဖြဲပစ်၍ အထဲမှ စာကို ထုတ်ယူလိုက်သည်။

[ချစ်ရပါသော မြို့စားကြီးကတော်ရှင့်]

အမ်း

အရင်က ငါတို့ ဟယ်လိုတောင် မပြောဖူးဘူးထင်တယ်နော်။

ပထမဆုံး စာကို အရင် ဖတ်ကြည့်လိုက်မိသည်။

[ကျွန်မ မြို့စားကြီးကတော်ကို သင့်တင့်လျောက်ပတ်စွာ မနှုတ်ဆက်နိုင်ခဲ့လို့ စိတ်မသက်မသာ ဖြစ်ရပါတယ်။

ရှင်သာ စိတ်မရှိဘူးဆိုရင် ကျွန်မရဲ့ လက်ဖက်ရည်ပါတီပွဲလေးကို ကြွရောက်ချီးမြှင့်ပေးလို့ ရနိုင်ပါသလား။

မြို့စားကြီးကတော်ကသာ ကျွန်မတို့နဲ့အတူရှိနေရင် လူတွေအများကြီး ပျော်ရွှင်နေကြမှာပါ။ဟုတ်ကဲ့၊ကျွန်မ အပါအဝင်ပေါ့ရှင်။]

မျှော်လင့်ထားသည့်အတိုင်း အစပိုင်းတွင် သူမ၏အစစ်အမှန် ခံစားချက်များကို ထုတ်မပြလောက်ဟု ထင်ခဲ့သည်၊

ထို့ကြောင့် သူမက အရင်ဆုံး ဤသို့ ဖိတ်ကြားမှုတစ်ခုကို ပြုလုပ်လိမ့်မည်ဟု ကျွန်မ မှန်းဆထားမိ၏။

ကျွန်မနှင့် ပို၍ ရင်းနှီးလာမှသာ သူမက တောင်းဆိုမှုတစ်ခု ပြုလုပ်လာလိမ့်မည်။

ထိုတောင်းဆိုမှုကို လက်ခံသည်က ပိုကောင်း၏ဟု ကျွန်မ စဥ်းစားထားသည်။တောင်းဆိုမှုကို လက်ခံလိုက်ပါက ကျွန်မတို့ ပို၍ ရင်းနှီးလာပြီး ကျွန်မအတွက် အကျိုးအမြတ် ရှိလာနိုင်သည်မှာ သေချာ၏။

လုပ်လိုက်ရအောင်။

ကျွန်မ စာ၏အဆုံးသတ်ကို ဖတ်လိုက်သည်။

ပါတီပွဲနေ့က ...

မနက်ဖြန်

မနက်ဖြန် ဖြစ်၍ ကျွန်မအတွက် ပြင်ဆင်ရန် အချိန်လုံလောက်သည်။

ကျွန်မ ပြုံး၍ စာကို ဖျစ်ညှစ်လိုက်သည်။

*
ဆိုဗက်စ်စတာမှာ ဆိုးရွားစွာ ဒေါသဖြစ်နေရလေသည်။

ဒီသောက်ကျိုးနည်း မင်းသားကတော့!

ငတုံးကောင်!

သူ အသက်ပြင်းပြင်းရှူ၍ နဖူးကို ပွတ်သပ်လိုက်သည်။သူ့တွင် အဖျားရှိနေသလို ခံစားနေရသည်အထိ အလွန် ဒေါသထွက်နေမိသည်။

အကယ်၍ အိုဖီလီယာက မင်းကို ကွာရှင်းပြီး ငါနဲ့ လက်ထပ်လိုက်မယ်ဆိုရင် အချစ်ဇာတ်လမ်းခင်းနေတာမျိုး မဟုတ်တော့ဘူးပေါ့။

အိုဖီလီယာကတော့ ထိုစကားကို အလေးထားပုံ မရပေ။

သို့သော် ဆိုဗက်စ်စတာက ထိုသို့ မဟုတ်ပါ။

ကယ်လီယန်မှာ အနှစ်သာရကင်းမဲ့သော စကားများကို ရံဖန်ရံခါမှသာ ပြောတတ်သူဟု ဆိုဗက်စ်စတာ ကောင်းစွာ သိထားသည်။ထို့ကြောင့်သာ ကယ်လီယန်နှင့် အိုဖီလီယာကြား၌ တစ်စတစ်စ တိုးတက်လာသော ကြောက်စရာအနာဂတ်ကို သူ စိတ်ကူးယဥ်ကြည့်နေရမိလေသည်။

သေစမ်းကွာ!

ဆိုဗက်စ်စတာမှာ ဆိုဖာပေါ်တွင် ထိုင်ရင်း မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ထားမိသည်။

ဟူး...

သူ ပုံမှန်အတိုင်း အသက်ရှူပြီး အတွေးများကို စုစည်းရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့သည်။

ပထမဆုံးအားဖြင့် ကယ်လီယန်က အိုဖီလီယာကို သဘောကျနေသည်။မျှော်လင့်ထားသည်ထက် အများကြီး ပိုသည်။

ဒုတိယအနေဖြင့် အနာဂတ်တွင် ကယ်လီယန်နှင့် အိုဖီလီယာသာ အတူရှိသွားကြပါက ဆိုဗက်စ်စတာအတွက် အကျိုးရှိသည်။

သို့သော် တတိယအချက်မှာ ဆိုဗက်စ်စတာက ထိုသို့ မဖြစ်စေချင်ပေ။

အတိအကျ ပြောရလျှင် ဆိုဗက်စ်စတာသည် အနာဂတ်တွင် အိုဖီလီယာနှင့် ကယ်လီယန်က်ု စကားစမြည်တစ်ခွန်းလောက်ပင် မပြောစေချင်မိပေ။

သို့သော် သူ ထိုသို့ ပြော၍မရနိုင်ခဲ့။

ကယ်လီယန်အပေါ် သွေးဆောင်ဖြားယောင်းရန် အိုဖီလီယာကို ဆိုဗက်စ်စတာ ပြောထားခဲ့ပြီး အိုဖီလီယာကလည်း သူ၏ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်၍ ကယ်လီယန်ကို သွေးဆောင်ဖြားယောင်းနေသည်။

ပြောခဲ့သည့်အတိုင်းပင် ကယ်လီယန်နှင့် အိုဖီလီယာက ပို၍ နီးစပ်လာလေ၊ဆိုဗက်စ်စတာအတွက် ပို၍ အကျိုးရှိလေ ဖြစ်သည်။

အင်း

သူတို့ နှစ်ယောက်ကို နီးစပ်သွားအောင် လုပ်ပြီး အိုဖီလီယာကို ကွာရှင်းရမယ် ... ဒါပဲ။

"စိတ်ညစ်လိုက်တာကွာ"

အတော်လေးကြာမှ သူ သောက်သင့်သည်ဟု ဆိုဗက်စ်စတာ တွေးမိသွားသည်။

များပြားလှသော ခံစားချက်များကို တောင့်မခံနိုင်တော့သောကြောင့် ဖြစ်လေသည်။

သူက ဗီရိုရှိရာသို့ သွား၍ ဝိုင်တစ်ပုလင်းကို ဖွင့်လိုက်ပြီး ဖန်ခွက်ထဲပင် မထည့်ဘဲ ပုလင်းလိုက် မော့သောက်ပစ်လိုက်သည်။

အနီရောင် အရည်များက သူ့နှုတ်ခမ်းများထက် စီးဆင်းသွားသည်။

ဆိုဗက်စ်စတာမှာ ဖြည်းဖြည်းချင်း မျက်လုံးကို မှိတ်ထားလိုက်မိ၏။

ပြီးနောက် သူ ဤစကားကို ပြန်တွေးမိလေသည်။

ရှင် အိမ်ရှေ့စံမင်းသားဆီက ဒီစကားကို ကြားရပြီဆိုတော့ ကျွန်မ ဘယ်လောက်များများ ရနိုင်လဲဟင်။

အိုဖီလီယာ၏တက်ကြွနေသော အသံ။

သူ၏ခံစားချက်များကို သူမက အမှန်တကယ်ပင် မသိခဲ့ပါ။

ထို့ကြောင့် စိတ်ပျက်စရာကောင်းလှသည်။

သူမ၏အမှား မဟုတ်သည့်တိုင်။

*

ကိုယ်လက်ဆေးကြောပြီးနောက် ကျွန်မ ပင်ပန်းနေသော အခြေအနေဖြင့်သာ အိုင်ရင်းကို နှုတ်ဆက်လိုက်ရသည်။

အိုင်ရင်းက ကျွန်မကို ခေါင်းဖြီးပေးနေသော်လည်း ကျွန်မ၏မျက်လုံးများက မှိတ်နေလေ၏။

ယနေ့ ကျွန်မ အမှန်တကယ် ပင်ပန်းခဲ့ရသည်။

ကောင်းပြီ၊ မတတ်နိုင်ဘူးလေ။

ကျွန်မ မြို့စားမင်းကြီးကတော်နှင့် တွေ့ဆုံပြီးနောက်၊သတင်းစာထဲရှိ သတင်းကို တွေ့သွားရသည့်အပြင် ကယ်လီယန်နှင့် ဆုံတွေ့ခဲ့ရသေးသည်။

ကျွန်မ မပင်ပန်းနေမှသာ ပို၍ထူးဆန်းနေလိမ့်မည်။

သို့သော် တစ်ချိန်တည်းတွင် ကျွန်မ အနည်းငယ် ပျော်ရွှင်မိသည်။

ကျွန်မ၏ကောင်းမွန်သော သက်လုံအကြောင်း ပြောရမည်။

ယခင်က ဆိုလျှင် ကျွန်မ ဆေးရုံခန်းပြင်ပသို့ ထွက်လိုက်လျှင်ပင် မောပန်းနေရပြီး မေ့မြောသွားတတ်သည်။

သို့သော် ယခုတွင်

မည်မျှပင် လုပ်စရာကိစ္စ များသည်ဖြစ်စေ မောပန်းရုံမျှသာ ဖြစ်ပြီး နေမကောင်းမဖြစ်တော့ပေ။

ထိုအချက်က ကျွန်မကို ပျော်ရွှင်စေသည်။

ထို့ကြောင့် ကျွန်မကိုယ်ကျွန်မ သတိမထားမိဘဲ သံစဥ်လေးတစ်ခု ညည်းလိုက်မိသည်။

"အို ဘုရားရေ ... မဒမ် စိတ်အခြေအနေကောင်းနေတာပါလား။"

အိုင်ရင်းက ပြောသည်။

ကျွန်မ အိုင်ရင်းကို မှန်ထဲမှ တစ်ဆင့် ကြည့်၍ ပြောလိုက်သည်။

"အင်း ... ငါ ကျန်းမာရေးကောင်းတာကို သဘောကျလို့လေ။"

အိုင်ရင်း၏မျက်လုံးများ ဝိုင်းစက်သွားပြီး ချက်ချင်းပင် အပြုံးဖြင့် ပြန်ဖြေသည်။

"ဟုတ်တာပေါ့၊ကျွန်မတို့မဒမ်က ထူးထူးခြားခြားကို ကျန်းမာရေးကောင်းပါတယ်။"

"ငါက ထူးထူးခြားခြားကို ကျန်းမာရေးကောင်းတာလား။"

ကျွန်မ အတန်ငယ် နားမလည်သဖြင့် ပြန်မေးမိသည်။အိုင်ရင်းက ပြန်ဖြေ၏။

"တခြားအထက်တန်းလွှာ အမျိုးသမီးတွေကို မဒမ် ကြည့်လိုက်ရင် အရမ်းအားနည်းတာကို တွေ့မှာပါ။အဲ့လိုထက်စာရင် မဒမ်ရဲ့အသွင်အပြင်က အရမ်းကောင်းပါတယ်။"

"ငါက အရပ်မြင့်လို့ နင်က ဝေဖန်နေတယ်လို့ ထင်တာပဲ။"

"မဟုတ်ပါဘူး၊မဖြစ်နိုင်တာ၊မဒမ့်ရဲ့အရပ်မြင့်မြင့်လေးကို ကျွန်မ အမြဲတမ်း မနာလိုဖြစ်နေရတာပါနော်။"

"အင်း"

ကျွန်မ ခေါင်းလှည့်လိုက်သည်။အိုင်ရင်းက ရယ်မော၍ ကျွန်မ၏ ဆံပင်ကို ညင်သာစွာ ကိုင်တွယ်လိုက်သည်။

"ကျွန်မတို့ ဒီလိုမျိုး ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ အချိန်အကြာကြီး အတူတူ ရှိသွားရပါစေလို့ မျှော်လင့်ပါတယ်။"

ထိုစကားများကြောင့် ကိုယ့်ဘာသာပင် မသိဘဲ ကျွန်မ အသက်ပြင်းပြင်း ရှူလိုက်မိသည်။

အချိန်အကြာကြီး အတူတူရှိသွားမယ်။

ငါ မသိဘူး။

ဖြစ်နိုင်ပါ့မလား။

ယခုနှစ် မကျော်လွန်ခင် ကျွန်မ ဆိုဗက်စ်စတာကို ကွာရှင်းပြီး အဝေးထွက်သွားတော့မည်။

ထိုအခါ အိုင်ရင်းက ...

သူမ ငါ့နောက်ကို လိုက်လာမယ်လို့တော့ မထင်ပါဘူး။

ကျွန်မ တံတွေးမြိုချလိုက်မိသည်။

ထို့ကြောင့် ကျွန်မ အိုင်ရင်းနှင့် စကားပြောလျှင် ကောင်းမည်ဟု တွေးမိ၏။

"အိုင်ရင်း"

"ဟုတ်ကဲ့ မဒမ်"

အိုင်ရင်းက ကျွန်မခေါင်းအနောက်မှ မှန်ထဲသို့ ချောင်းကြည့်၍ ချစ်စဖွယ်မျက်နှာလေးကို ထုတ်ပြလာသည်။ကျွန်မ သူမ၏မျက်လုံးထဲသို့ ကြည့်၍ ပါးစပ်ကို ဂရုတစိုက် ဖွင့်ဟလိုက်မိသည်။

"နင် ..."

စကားပြောရန် ကြိုးစားနေချိန်တွင် အခန်းတံခါးက ရုတ်တရက် ပွင့်လာ၏။

"အိုဖီလီယာ!"

၎င်းမှာ ဆိုဗက်စ်စတာ ဖြစ်သည်။

"ကျေးဇူးပြုပြီး ကိုယ့်ကို အချိန်နည်းနည်းလောက် ပေးပါဦး။"

သူက လမ်းလျှောက်ရင်း စကားပြောလာသည်။

သူက ဘာလို့ ဒီလိုပုံစံနဲ့ လမ်းလျှောက်နေရတာလဲ။

ထူးဆန်းသော ခံစားချက်များကြားတွင် အနံ့တစ်ခုကြောင့် ကျွန်မ မျက်မှောင်ကြုတ်မိသွားရ၏။

အရက်နံ့နှင့် တူသည်။

အနံ့က အလွန်ဆိုးရွားလွန်း၏။

မဟုတ်သေးပါဘူး၊ ရှင် အခု အရက်သောက်လာတာလား။

ကျွန်မ အံ့အားသင့်နေသော အကြည့်ဖြင့် ဆိုဗက်စ်စတာကို ကြည့်လိုက်သည်။

"ရှင် ဘာဖြစ်နေတာလဲ။"

ထိုသို့သာ ကျွန်မ ပြောလိုက်နိုင်သည်။

ကျွန်မ ပါးစပ်အဟောင်းသားဖြင့် မှင်တက်နေခဲ့မိ၏။


TK Team
++++++++