ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ
အပိုင်း (၈၃)
"အချစ်ဇာတ်လမ်း ဟုတ်လား။"
ကယ်လီယန်မှာ စိတ်ရှုပ်ထွေးသွားပြီး ပြန်မေးလိုက်သည်။
ကျွန်မလည်း အံ့ဩသွားရ၏။
အချစ်ဇာတ်လမ်းဆိုတာ ဘာကို ဆိုလိုတာလဲ။
ဘာတွေပဲ ဖြစ်နေပါစေဦး ရှင် အခု ဒီလိုမျိုးတော့ မပြောသင့်သေးပါဘူး။
သို့သော် ကျွန်မတို့၏စိတ်ရှုပ်ထွေးနေသော အမူအရာများကို မြင်သည့်တိုင် ဆိုဗက်စ်စတာက ဂရုစိုက်ပုံ မရပေ။
ထို့အပြင် ဆိုဗက်စ်စတာ၏လှပသော မျက်နှာမှာ ကယ်လီယန်ကို စော်ကားပြောဆိုချင်နေပုံ ရ၏။
ကယ်လီယန်ကလည်း ဒေါသထွက်နေသော မျက်နှာထားဖြင့် ဆိုဗက်စ်စတာကို ပြန်ကြည့်လိုက်သည်။
"မင်း ဘာကို ဆိုလိုချင်တာလဲ၊မဟုတ်ဘူး ... မင်း ရူးနေပြီလား။"
"ကျွန်တော်က ဒီလို ပြောချင်တာပါ။"
သို့သော် ဆိုဗက်စ်စတာကလည်း အရှုံးမပေးပေ။
သူက အနည်းငယ် မျက်မှောင်ကြုတ်၍ ပြောသည်။
"အရှင့်သားက အကြောင်းမကြားပဲ ရောက်ချလာပြီးတော့ ကျွန်တော့်ဇနီးနဲ့ နှစ်ယောက်တည်း အတူရှိနေကြတာကို ကျွန်တော်က ဘယ်လို တွေးပေးသင့်တယ်လို့ ထင်ပါသလဲ။"
ကျွန်မ ပြန်ဖြေလိုက်သည်။
"ကျွန်မတို့ ခင်မင်ရင်းနှီးနေလို့ပါ။"
"အိုဖီလီယာ၊ တိတ်တိတ်နေ။"
"ဟုတ်ကဲ့"
သို့သော် ဆိုဗက်စ်စတာ၏တည်ကြည်သော စကားလုံးများက ကျွန်မကို ပါးစပ်ပိတ်သွားစေခဲ့သည်။
သူက အရမ်းကို တည်ကြည်လွန်းတယ်။
"အာ ... အင်း"
ကယ်လီယန်က ဆိုဗက်စ်စတာကို ခေါင်းအစ ခြေအဆုံး အကဲခတ်လိုက်သည်။
"ဒီတော့ မင်းက ငါနဲ့အိုဖီလီယာ အတူရှိနေတာကို မကြိုက်ဘူးပေါ့။"
ကယ်လီယန်က နှုတ်ခမ်းထောင့်များကို တွန့်လိုက်သည်။
"အဲ့လို မဟုတ်ပါဘူး၊ဒီနေရာကို ကြိုတင်အကြောင်းမကြားဘဲနဲ့ ရောက်လာတာက ကျင့်ဝတ်ထုံးတမ်းနဲ့ မလျော်ညီရာ ရောက်ပါတယ်။"
"ငါ ဘယ်အချိန်ကတည်းက မင်းဆီကနေ ခွင့်ပြုချက်ယူဖို့ လိုသွားရတာလဲ။"
ဆိုဗက်စ်စတာ၏စကားများက မမှားပေ။
သို့သော် ပြိုင်ဖက်မှာ ကယ်လီယန် ဖြစ်နေသည်။
ကယ်လီယန်မှာ အိမ်ရှေ့စံမင်းသားဖြစ်ပြီး ဧကရာဇ်တစ်ပါးတည်းကသာ အိမ်ရှေ့စံမင်းသားကယ်လီယန်၏ လာရောက်လည်ပတ်မှုကို ငြင်းပယ်၍ ရလေသည်။
"ပြီးတော့ မင်း ဒီလို မပြောခဲ့ဘူးလား၊မင်းရဲ့ဇနီးနဲ့ နှစ်ယောက်တည်း ရှိနေတာကို မုန်းတယ်ဆိုပြီးလေ။"
"ကျွန်တော် အဲ့လိုမျိုး တစ်ခါမှ မပြောမိပါဘူး။"
"ဒါပေမဲ့ အခုက ငါတို့နှစ်ယောက်တည်း သီးသန့်တွေ့ဆုံတာမျိုး မဟုတ်ဘူးဆိုတာ အသိသာကြီး မဟုတ်လား။"
ကယ်လီယန်က ဆိုဗက်စ်စတာ၏ခံစားချက်များကို ညင်ညင်သာသာ ကုတ်ခြစ်နေလေသည်။
"ဒါပေမဲ့ ငါ ဘာလုပ်သင့်လဲ။"
ကယ်လီယန်က ပခုံးတွန့်၍ နှုတ်ခမ်းများကို ယခင်ထက်ပင် ကွေးညွှတ်လိုက်၏။
"မင်းရဲ့ဇနီးက ငါ့ကို ပိုပြီး သဘောကျနေပြီ။"
၎င်းက မမှန်ပေ။သို့သော် ကျွန်မ ကယ်လီယန်၏ရှေ့တွင် အငြင်းအခုံ မလုပ်နိုင်သဖြင့် ပါးစပ်သာ ပိတ်ထားလိုက်ရသည်။ဆိုဗက်စ်စတာ၏မျက်လုံးများ ကျဥ်းမြောင်းသွားရ၏။
"ဟူး..."
ဆိုဗက်စ်စတာ သက်ပြင်းချ၍ နဖူးကို လက်ဖြင့် ထိတွေ့လိုက်သည်။
"ဒီလိုဆိုရင်တောင် အခုလို သတင်းထွက်နေတဲ့အချိန်မှာ ကျွန်တော့်ဇနီးဆီ လာရောက်လည်ပတ်တာမျိုးက သူမရဲ့နာမည်ဂုဏ်သတင်းအတွက် ကူညီပေးရာ မရောက်ပါဘူး။"
"ငါ့ကိုယ်ငါ ရုပ်ဖျက်ပြီး လာခဲ့တယ်လေ၊မရဘူးလား။"
ဆိုဗက်စ်စတာက ပြောစရာစကား မရှိတော့ပုံ ရ၏။
သူက သူတတ်နိုင်သမျှ အစွမ်းကုန်ဖြင့် ကယ်လီယန်ကို စိုက်ကြည့်လိုက်သည်။
"ဘာပဲဖြစ်ဖြစ်ပါ၊သူမနဲ့ အချစ်ဇာတ်လမ်းခင်းနေတယ်လို့ သတ်မှတ်ခံနေရသရွေ့ ကျွန်တော်ကတော့ အရှင့်သားကို ကျွန်တော့်ဇနီးနဲ့ မတွေ့စေချင်ပါဘူး။ ကျွန်တော့်ဇနီးရဲ့ဂုဏ်သိက္ခာက အရေးကြီးပါတယ်။"
ကောင်းပြီ၊ဒါက မှန်တယ်။ဒါပေမဲ့ ...
ကယ်လီယန်ကို သွေးဆောင်ဖြားယောင်းပါရန် ကျွန်မအား ပြောခဲ့သည့် ဆိုဗက်စ်စတာမှာ ဘာမှ ထပ်ပြောတော့မည့်ပုံ မရပေ။
ထို့ကြောင့် ကျွန်မ ကြားဖြတ်၍ ဝင်ပြောချင်သော်လည်း ကယ်လီယန်က ဤသို့ ပြောချလိုက်သဖြင့် ရပ်တန့်သွားရသည်။
"အချစ်ဇာတ်လမ်းခင်းနေတာမျိုး မဟုတ်တော့ဘူးဆိုရင်ရော အဆင်ပြေလား။"
"ဒါက ဘာကို ဆိုလိုတာပါလဲ။"
"ကောင်းပြီ"
ကယ်လီယန်က ခေါင်းကို တစ်ဖက်သို့ စောင်းလိုက်သည်။
"အကယ်၍ အိုဖီလီယာက မင်းကို ကွာရှင်းပြီး ငါနဲ့လက်ထပ်လိုက်မယ်ဆိုရင် အချစ်ဇာတ်လမ်းခင်းနေတာမျိုး မဟုတ်တော့ဘူးပေါ့။"
"အရှင့်သား ဘာတွေ ပြောနေတာပါလဲ။"
"မင်း ကြားလိုက်တဲ့အတိုင်း အတိအကျပဲလေ။"
ကယ်လီယန်သည် မျက်နှာနီမြန်းနေသော ဆိုဗက်စ်စတာကို ကြည့်လိုက်၏။
သူ့မျက်နှာပေါ်တွင် အောင်မြင်မှုများ ပြည့်လျက်။
သူ ပြောခဲ့သည့်အတိုင်း ကျွန်မက သူ့အပေါ် သဘောကျနေသည်ဟု ယုံကြည်ချက်အပြည့် ရှိနေသောကြောင့် ဤသို့ပြောလိုက်ပုံ ရလေသည်။
"အရှင့်သားက ဒီလိုမျိုး ရောက်လာတာဆိုတော့ ကျွန်တော့်အနေနဲ့ အနည်းဆုံး တစ်ကြိမ်ဖြစ်ဖြစ် တွေးတောဆင်ခြင်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။"
ဒါဆို ဘာလို့ ဒီလိုတွေ ပြောနေရသေးလဲ။
ကျွန်မ ဂနာမငြိမ် ဖြစ်ပြီး စိတ်ပူပန်လာမိသည်။
ကျွန်မတို့ စကားပြောနေသည်ကို ဤနေစာတွင် ရပ်တန့်သင့်ပြီဟု တွေးမိသည်။ကြားဖြတ်ဝင်ပြောရန် အခွင့်အရေး ရှာရင်း ကျွန်မ မျက်လုံးလှိမ့်လိုက်မိသည်။
ထိုအချိန်တွင်
"အိုဖီလီယာ"
ကယ်လီယန်က ကျွန်မဘက်သို့ ခေါင်းလှည့်လာခဲ့သည်။
"ဟု ...ဟုတ်ကဲ့"
ကျွန်မ စိတ်ရှုပ်ထွေးမှုကြောင့် တုန်ယင်နေသော အသံဖြင့် ပြန်ဖြေလိုက်လျှင် ကယ်လီယန်က ရယ်မောလေသည်။
"နောက်မှပဲ ငါ မင်းကို စာပို့လိုက်တော့မယ်။အဲ့ဒီအခါကျရင် ငါ့ကို လာပြီး တွေ့ပေါ့။"
"အာ ..."
ကျွန်မ ဆိုဗက်စ်စတာ၏မျက်ဝန်းများထဲသို့ ကြည့်လိုက်မိသည်။
ကျွန်မ အခု အိုကေလို့ ပြောလို့ရလား ဟင်။
သို့သော် အရင်က ဆိုဗက်စ်စတာသည် ကျွန်မကို ကယ်လီယန်အပေါ် သွေးဆောင်ဖြားယောင်းရန် ပြောထား၏။
အဆင်ပြေလောက်တယ်မလား။
ကျွန်မ ခေါင်းငြိမ့်လိုက်သည်။
"ကောင်းပါပြီ"
ကယ်လီယန်က ကျေနပ်စွာ ပြုံးလိုက်ပြီး သူ ဝတ်လာသော ဝတ်ရုံဟောင်းကို ပြန်ဝတ်၍ ပန်းချီခန်းထဲမှ ထွက်သွား၏။
ချက်ချင်းဆိုသလို ဆိုဗက်စ်စတာက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး စကားကြမ်းကြမ်းများကို ထုတ်လွှတ်လိုက်တော့သည်။
"သေစမ်းကွာ!"
သူ၏မျက်နှာက နီရဲနေ၏။
သူက ကယ်လီယန်ကို ရှုံးနိမ့်သွားသည်ဆိုသော အတွေးကြောင့် ထိုသို့ ပြုမူနေပုံရသည်။
ငါ ဘာပြောသင့်လဲ။
ကျွန်မ ဆိုဗက်စ်စတာ၏မျက်ဝန်းများကို ကြည့်လိုက်သည်။
"ဟန်နီ"
"ဘာလဲ"
ဆိုဗက်စ်စတာက အေးစက်စွာ တုံ့ပြန်၏။
ကျွန်မ ပါးစပ်ကိုသတိထား၍ ဖွင့်ဟလိုက်ရသည်။
"ရှင် အိမ်ရှေ့စံမင်းသားဆီက ဒီစကားကို ကြားရပြီဆိုတော့ ကျွန်မ ဘယ်လောက်များများ ရနိုင်လဲဟင်။"
ထိုအခါ ဆိုဗက်စ်စတာ အလွန်ထိတ်လန့်တုန်လှုပ်သွားရသည့်ပုံစံကို ကျွန်မ တစ်ခါမှ မမြင်ဖူးပေ။
မဟုတ်ဘူး၊ငါ လိုအပ်တာကို ရအောင်လုပ်ဖို့ လိုနေတုန်းပဲလေ။
*
ကယ်လီယန်က ရထားလုံးထဲ ဝင်လိုက်ပြီး အပေါ်ဝတ်ရုံကို ချွတ်၍ ခေါင်းကို အနောက်သို့ မှီထားခဲ့သည်။
သတင်းစာထဲမှ သတင်းကို မြင်မြင်ချင်း သူ့မှာ လူမသိအောင် အိမ်ရှေ့စံမင်းသားနန်းတော်မှ ခိုးထွက်လာရသည်ဖြစ်ရာ ရထားလုံးမှာ အလွန်သာမန်ဆန်စွာ ရိုးကုပ်လှ၏။
ထိုသို့ သွားလာရသည်က ခက်ခဲသော်လည်း သူ လုပ်နိုင်သည်က များများစားစား မရှိပေ။
ထိုသတင်းမျိုး ထွက်လာသဖြင့် သူက အိုဖီလီယာကို လာတွေ့သည့်အကြောင်း ရှာတွေ့သွား၍ မဖြစ်ပေ။
သူ ယနေ့ အိုဖီလီယာကို တွေ့သင့်၊မတွေ့သင့် အများကြီး စဥ်းစားခဲ့သည်။
သို့သော် သူတို့ တွေ့ဆုံလိုက်မှသာ သူမနှင့်တွေ့ဆုံမိသည်က ကောင်းသည်ဟု တွေးမိလေသည်။
အရှင့်သားမှာ ကျွန်မ ရှိပါတယ်။
အရှင့်သားရဲ့ဘက်မှာ ကျွန်မ ရှိနေမှာပါ။
ထိုသို့ ပြောနေချိန်တွင် အိုဖီလီယာမှာ စစ်မှန်သော သူတော်စင်မတစ်ဦးပုံစံ ဖြစ်နေခဲ့၏။
ထို့ကြောင့် သတိမထားမိပါဘဲ သူ့နှလုံးသားက အရည်ပျော်နေသည်ဟု ကယ်လီယန် ခံစားမိသည်။
သေစမ်း
အိုဖီလီယာအပေါ်မှာ ဒီလိုခံစားချက်တွေ ရှိနေတယ်။
သူ့ကိုယ်သူ အမှန်တကယ် နားမလည်နိုင်သော်လည်း ကယ်လီယန်မှာ ဝန်ခံလိုက်ရသည်။
အိုဖီလီယာအပေါ် အရင်ကထက် အကောင်းမြင်နေမိပြီ။
"ဒါက အများကြီး ပျော်စရာကောင်းပါတယ်။"
သူ ရေရွတ်လိုက်သည်။
သိပ်မကြာခင်က သူမကို သတ်ရကောင်းမလားဟု တွေးနေမိသော်လည်း ယခုတွင် သူတို့က ဤသို့ အဆင်ပြေပြေ နေလာနိုင်ခဲ့သည်။
လူသားများတွင် ထိုသို့ ဖြစ်လာတတ်သည်ကို သူ နားမလည်နိုင်ဟု ခံစားရ၏။
ဒါတွေအားလုံးက အိုဖီလီယာ ပြောင်းလဲသွားလို့ပဲ။
သူမ ဘာကြောင့် ပြောင်းလဲသွားသည်ကို သူ သိချင်နေမိသည်။
သူမ ဘာကြောင့် ပြောင်းလဲသွားတာလဲ။
ကောလာဟာလတွေ ထွက်နေသလို မိုးကြိုးပစ်ခံရလို့ သူမ ပြောင်းလဲသွားရတယ်ဆိုတာ တကယ်ကို အမှန်ပဲလား။
ကယ်လီယန် သိချင်နေခဲ့သည်။
ထိုအချိန်၌
ရထားလုံးက ဖြည်းဖြည်းချင်း ရပ်တန့်သွားခဲ့သည်။
ကယ်လီယန်က ခြေထောက်ချိတ်ထိုင်၍ လက်ပိုက်လိုက်သည်။
ရထားလုံးထဲသို့ မည်သူရောက်လာမည်ကို သူ သိသည်။
"ဟူး ... ကျွန်တော် လွတ်သွားတော့မလို့ပါပဲ။"
ရထားလုံးထဲ ဝင်လာသူမှာ ကယ်လီယန်၏လက်ထောက်ဖြစ်သူ ရီယန် ဖြစ်သည်။
"မင်းကို မတွေ့ရတာ အတော်ကြာပြီ။"
"ဟုတ်ကဲ့၊မတွေ့ရတာ ကြာပါပြီခင်ဗျ။တစ်စုံတစ်ယောက်က ကျွန်တော့်ကို လုပ်ဖို့ အမိန့်ပေးထားတာတွေ လုပ်ရင်းနဲ့ အလုပ်များနေရလို့ပါ။"
"ဒီလိုမျိုး အရှက်မရှိတဲ့ အကျင့်စရိုက်က ရှိနေတုန်းပဲ။မင်းက ဒီလိုလေသံကို ဘယ်လောက်ကြာတဲ့အထိ ဆက်သုံးနေဦးမှာလဲ။"
"အရှင့်သား ကျွန်တော်လည်ပင်းကို ဖြတ်တဲ့အချိန်အထိပါ။"
"ဒါဆို မကြာခင် အလုပ်ဖြုတ်ပစ်ရတော့မှာပဲ။"
ရီယန်က ရယ်မောလိုက်လျှင် ကယ်လီယန်ကပါ လိုက်၍ အတူရယ်မောလာခဲ့သည်။
ရယ်မောပြီးချိန်တွင် ရီယန်က အလွန်လေးနက်သော မျက်နှာထားဖြင့် စာရွက်စာတမ်းများကို ကယ်လီယန်ဆီသို့ လှမ်းပေးလာသည်။
"အရှင့်သား ပြောခဲ့သလိုမျိုး ကောင့်မြို့စားဝီလီယမ်ရဲ့နောက်ကွယ်က အကြောင်းအရာတွေကို ကျွန်တော် ရှာကြည့်ခဲ့ပါတယ်။"
ကောင့်မြို့စားဝီလီယမ်
စာရွက်စာတမ်းများအရ ထိုသူမှာ ဖလဲရ်၏ခင်ပွန်းဖြစ်သည်။
သူမတို့ ကွာရှင်းနိုင်စေရန်အတွက် ကယ်လီယန်က ရီယန်ကို ကောင့်မြို့စားဝီလီယမ်၏နောက်ကြောင်း စုံစမ်းရန် အမိန့်ပေးထားခြင်း ဖြစ်၏။
"ဒါက အတော်လေးကို ညစ်ပတ်ပါတယ်။အလွဲသုံးစားလုပ်တယ်၊အခွန်ရှောင်တယ်။အခုထိ ဒီလူကို မဖမ်းနိုင်သေးတာ အံ့ဩစရာပါ။"
"ဒီလိုလား"
ကယ်လီယန်က စာရွက်စာတမ်းများကို လှန်လှောကြည့်လိုက်သည်။
ရီယန်ပြောသလိုပင် ကောင့်မြို့စားဝီလီယမ်မှာ အလွဲသုံးစားလုပ်၍ အခွန်ရှောင်နေကျ ဖြစ်သည်။
ထိုအနေအထားဖြင့်ဆိုလျှင် သူ၏ကောင့်မြို့စားရာထူးမှာ ပြုတ်တော့မည့်ပုံ ဖြစ်၏။
"သူတို့ရဲ့လက်ထပ်မှုကို လိမ်လည်လက်ထပ်ခြင်းအဖြစ် တင်သွင်းပြီး အဲ့ဒီလူကလည်း ရာထူးကနေ ပိတ်ပင်ခံရလိုက်မယ်ဆိုရင်တော့ လက်ထပ်မှုကို ဖျက်သိမ်းပစ်ဖို့ အဆင်ပြေပုံရပါတယ်။"
"ငါ သိပြီ။"
"ဒါဆို ကျွန်တော်တို့ ဒီလိုမျိုး စတင်ဆောင်ရွက်သင့်ပါပြီလား။"
ထိုအခိုက်အတန့်တွင် ကယ်လီယန် တိတ်ဆိတ်သွားခဲ့သည်။ပြီးမှ ခေါင်းပြန်ထောင်လာပြီး တုံ့ပြန်လိုက်၏။
"အင်း ... အဲ့လိုမျိုး ဆောင်ရွက်ပါ။"
ရီယန်၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။
"အရှင့်သားက ပျော်နေပုံ မရသလိုပါပဲ။"
သူက ကယ်လီယန်၏ပြောင်းလဲမှုကို မြန်မြန်ဆန်ဆန် သတိထားမိသည်။
"အရင်ကဆို အရှင့်သား ဒါကို အရမ်းသဘောကျပြီး ခုန်ပေါက်နေမှာပါ။"
"အဲ့လိုလား"
ကယ်လီယန် အသက်ပြင်းပြင်း ရှူလိုက်သည်။
ပြီးနောက် သူက အနောက်သို့ ခေါင်းပြန်မှီရင်း သက်ပြင်းမောကြီးချ၍ ရထားလုံးအတွင်း မျက်နှာကြက်ကို ကြည့်နေမိသည်။
"ဟမ် ... အရှင့်သား စိတ်ပြောင်းသွားပြီလား။"
ရီယန်၏စကားကြောင့် ကယ်လီယန်၏အသက်ရှူသံမှာ မတည်မငြိမ် ဖြစ်သွားရ၏။
သူက နှုတ်ခမ်းကို ကိုက်၍ မျက်လုံးများကို မှိတ်ထားလိုက်သည်။
"မရဘူး"
ကယ်လီယန်က သူ့ကိုယ်သူ သန္နိဋ္ဌာန်ချသကဲ့သို့ ရေရွတ်လိုက်သည်။
"ငါ ဒီလို လုပ်လို့ မရဘူး။"
အင်း
သူ ဖလဲရ်နှင့် အတူရှိပေးရမည်။
အရှင့်သားမှာ ကျွန်မ ရှိပါတယ်။
အရှင့်သားရဲ့ဘက်မှာ ကျွန်မ ရှိနေမှာပါ။
သူ့စိတ်ထဲတွင် ရောက်နေသော စကားလုံးများကို သူ လျစ်လျူရှုထားရမည်။
TK Team
++++++++