Chapter 86
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၈၆)

ထူးဆန်းစွာ စိတ်ပျက်နေရသည်ကို သည်အတိုင်း ထားလိုက်ပြီး ကျွန်မ၏ကိုယ်ကို အိုင်ရင်းထံ အပ်ထားလိုက်၏။

ကျွန်မ ပြင်ဆင်ရန် လိုသည်။

ဂျူလီယာအမ်ဘာ၏ လက်ဖက်ရည်ပါတီပွဲ

၎င်းမှာ မနက်စာစားချိန်တွင် ကျင်းပသော လက်ဖက်ရည်ပါတီ ဖြစ်သည်။

ထိုနေရာတွင် အထက်တန်းလွှာ အမျိုးသမီး အများအပြားရှိနေမည်ဟု ထင်သည်။

ထို့ကြောင့် ကျွန်မ ပို၍ အပြည့်အစုံ ဝတ်စားဆင်ယင်သွားရန် ဆုံးဖြတ်လိုက်ရ၏။

"ငါ ဒီနေ့ ဘာဝတ်သင့်လဲ။"

ကျွန်မ အနောက်ဘက်သို့ ခေါင်းစောင်း၍ အိုင်ရင်းကို မေးလိုက်သည်။

ကျွန်မ၏မျက်နှာကို နှံ့နှံ့စပ်စပ် သုတ်ပေးနေရင်း အိုင်ရင်းက ပြန်ဖြေသည်။

"မဒမ် ဒီနေ့ ဘယ်နေရာကို သွားမှာပါလဲ။"

"ကောင့်မြို့စားကတော်အမ်ဘာရဲ့ လက်ဖက်ရည်ပါတီပွဲကို သွားမှာ။"

"အိုး ... ဘုရားရေ"

အိုင်ရင်းက လက်ကို မြှောက်လိုက်သည်။

"ဒီလိုမျိုးဆိုမှ ကျွန်မခေါင်းထဲ တစ်ခုခု ပေါ်လာသလိုပဲ။"

သူမက ဝတ်ထားသော အေပရွန်ဖြင့် လက်သုတ်လိုက်ပြီး အဝတ်လဲခန်းထဲသို့ ပြေးဝင်၍ ဂါဝန်တစ်ထည်ကို သွားယူလေသည်။

ဒီလိုမျိုး ဆိုတာ နင် ဘာကို ဆိုလိုတာလဲ။

တစ်ခုခု ထူးဆန်းသည်။

"ဒါဆို ဘယ်လိုပါလဲ။"

သူမ ယူလာသော ခရမ်းရောင်ဂါဝန်မှာ ရှေ့ဘက်တွင် လည်ပင်းကို တင်းကြပ်စွာ သိုင်းယှက်ထားပြီး ပခုံးသားများကို အတိုင်းသား ဖော်ထားသောပုံစံဖြင့် ဂါဝန်တစ်ထည်ဖြစ်သည်။

ဟာ ... အမ်း

ဒါက လှပါတယ်၊ဒါပေမဲ့ ...

အရမ်း ဖော်ပြလွန်းရာကျနေတယ်။

ကျွန်မ ကြည့်၍ ရယ်မောလိုက်မိသည်။

"ဒါက အရမ်းမများလွန်းဘူးလား။"

"ရှင်!"

အိုင်ရင်း မျက်လုံး ပြူးလိုက်သည်။

"မဒမ်က အမြဲတမ်း ဝတ်နေကျအတိုင်း သေသပ်လုံခြုံတဲ့ ဂါဝန်ကို ဝတ်သွားမှာတော့ မဟုတ်ပါဘူးနော်။မဟုတ်သေးဘူး ၊တကယ်ပဲလား၊ မဖြစ်နိုင်တာပဲ!"

အိုင်ရင်းက ထိတ်လန့်စွာဖြင့် ခေါင်းခါလိုက်သည်။

"ဂျူလီယာအမ်ဘာက အရမ်းကို တက်ကြွလှုပ်ရှားတတ်တဲ့ အမျိုးသမီးပါ။ သူမက မဒမ့်ကို မယှဥ်နိုင်ဘူးဆိုပေမဲ့ အစထဲက ဖိအားပေးထားဖို့ လိုပါတယ်။"

"တ...တကယ်လား"

"ဟုတ်ကဲ့၊ဒါကြောင့် မဒမ် ဒီဝတ်စုံကို ဝတ်သွားသင့်တယ်လို့ အခိုင်အမာ အကြံပေးချင်ပါတယ်။"

သူမက အော်ဟစ်လိုက်သေးသည်။

"ကြယ်ငါးပွင့်အထိ ပေးပါတယ်!"

ကျွန်မ ကြောက်ရွံ့နေသော်လည်း ဤကမ္ဘာကို အိုင်ရင်းက ကျွန်မထပ် ပိုသိသဖြင့် သူမ ပြောသလို လိုက်လုပ်လျှင် ပိုကောင်းပေလိမ့်မည်။

ထို့ကြောင့် ရွေးချယ်စရာ မရှိဘဲ ခေါင်းငြိမ့်လိုက်ရ၏။

"အိုကေလေ၊ငါ့ကို ဝတ်ပေးတော့။"

"ဟီးဟီး ... ဟုတ်ကဲ့ပါ။"

အိုင်ရင်းက ခေါင်းလောင်းကြိုးကို အကြိမ်များစွာ ဆွဲလိုက်သည်။မကြာမီ အစေခံများက အခန်းထဲသို့ ဝင်လာကြသည်။

"အိုကေ၊ဒီတော့ ..."

အိုင်ရင်းက လက်ခုပ်တီး၍ တောက်ပစွာ ပြုံးလိုက်သည်။

"မဒမ့်ကို အလှဆင်ပေးကြရအောင်။"

အို ... အမ်း 

ကြောက်စရာကောင်းတယ်နော်။

ကျွန်မ အနည်းငယ် ကြောက်နေမိသော်လည်း ကိုယ့်ကိုကိုယ် တည်ငြိမ်စေလိုက်ပြီး သူမတို့ကို ယုံကြည်ထားလိုက်သည်။

*
ရထားလုံး လှုပ်ယမ်းသွားသည်။

သူမ ကောင့်မြို့စားကတော် အမ်ဘာ၏ အိမ်တော်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။

ရထားလုံး အရှိန်လျော့သွားလျှင် ရထားလုံးမောင်းသူက မြင်းကို ငြိမ်သက်သွားအောင် ထိန်းချုပ်လိုက်ပြီး လမ်းလျှောက်လာသံများကို ကြားရသည်။

အိုဖီလီယာက ဂါဝန်ကို နေသားတကျ ပြင်ဆင်ပြီးနောက် ဖြည်းဖြည်းချင်း ထရပ်၍ ရထားလုံးမောင်းသူ ဖွင့်ပေးသော တံခါးမှ အပြင်သို့ ခြေလှမ်းလိုက်သည်။

"ဘုရားရေ ...မြို့စားကြီးကတော်ပါလား။"

ရထားလုံးကို မြင်ပြီးနောက် သူမကို ကြိုဆိုရန် ရောက်လာသော ကောင့်မြို့စားကတော် အမ်ဘာက အော်ဟစ်၍ အိုဖီလီယာဆီသို့ ပြေးလာခဲ့သည်။

ကောင့်မြို့စားကတော်အမ်ဘာသည် အညိုဖျော့ရောင် ဆံနွယ်များဖြင့် အလှလေးတစ်ဦးဖြစ်သည်။

သို့သော် အိုဖီလီယာကို မယှဥ်နိုင်ပေ။

ယနေ့တွင် အိုဖီလီယာသည် ခရမ်းရောင် ပိုးသားပေါ်တွင် ငွေချည်များဖြင့် ပန်းထိုးထားသော ဂါဝန်ကို ဝတ်ထားပြီး ဂါဝန်၏ပခုံးပေါ် စတိုင်ကြောင့် သူမ၏လည်တိုင်နှင့် ပခုံးသားများကို ပေါ်ပေါ်ထင်ထင် ဖော်ပြထား၏။

ထို့အပြင် ဂါဝန်မှာ တင်ပါးနေရာအထိ အတိုင်းသား ကွက်တိကျနေသဖြင့် အိုဖီလီယာ၏ခန္ဓာကိုယ်အလှကို ဖုံးကွယ်ထားခြင်း မရှိဘဲ ပေါ်လွင်နေစေသည်။ 

အားလုံးထက် သာသည်က သူမ၏ရင်ဘတ်အလယ်နေရာတွင် ထိုးထားသော ရင်ထိုးမှာ အစိမ်းရောင် စိန်ပွင့်ကြီးတစ်လုံး ဖြစ်လေသည်။

စိန်များမှာ အလွန်တန်ဖိုးကြီးလှသဖြင့် အိမ်တော်တစ်ခုလုံး ရောင်းချလိုက်လျှင်ပင် ဝယ်နိုင်မည် မဟုတ်ပေ။

ထို့အပြင် နားဆွဲ၊လက်ကောက်၊လက်စွပ်များ အားလုံးမှာလည်း အရည်အသွေးမြင့် ကျောက်မျက်ရတနာများကို လက်ပန်းထိမ်ဖြင့် ပြုလုပ်ထားသည့် လက်ရာများ ဖြစ်ကြသည်။

ထိုနည်းဖြင့် ဝတ်စုံနှင့် ကျောက်မျက်ရတနာများမှာ ၎င်းတို့၏အလှအပကို ကြွားဝါနေခဲ့သော်လည်း အမှန်တကယ်တမ်း အိုဖီလီယာ၏အလှတရားအောက်တွင် မြုပ်သွားကြ၏။

အိုဖီလီယာတွင် ကျောက်မျက်ရွဲသဖွယ် တောက်ပနေသော ငွေဖြူရောင် ဆံနွယ်များရှိသည်။ငွေဖြူရောင်ဆံနွယ်များသည် နေရောင်အောက်တွင် မသိမသာ အရောင်လေးများ ပြောင်းလဲတောက်ပနေသဖြင့် ဖြူဖွေးဝင်းမွတ်သော အသားအရည်ကို ပို၍ ထင်းလာစေ၏။

ထပ်ပေါင်းရလျှင် ကမ္ဘာမြေကြီး တစ်ခုလုံး အပိုင်စားရထားသလို တောက်ပနေသော မြစိမ်းရောင်မျက်ဝန်းများလည်း ရှိသည်။

၎င်းတို့မှာ အလွန်ဆွဲဆောင်ညှို့ယူနိုင်သဖြင့် သူမ၏မျက်လုံးများထဲသို့ ကြည့်မိလျှင်ပင် လွန်စွာ နှစ်သက်ကြည်နူးစရာကောင်းလှသည်။

အိုဖီလီယာရိုင်ဇန်မှာ နှင်းနတ်သမီးလေးတစ်ပါးဟု ခေါ်ဆိုခံရသည်နှင့် ထိုက်တန်လှပါ၏။

ကောင့်မြို့စားကတော်အမ်ဘာမှာ အိုဖီလီယာကို ငေးကြောင်၍ စိုက်ကြည့်နေမိသည်။ 

"ဘာဖြစ်လို့လဲ။"

အိုဖီလီယာက ကောင့်မြို့စားကတော် အမ်ဘာကို ကြည့်၍ မေးလိုက်သည်။

"ကျွန်မကို လမ်းညွှန်ခေါ်ဆောင်ပေးဖို့ ရှင် ထွက်လာတာ မဟုတ်ဘူးလား။"

"အာ... ဟုတ်ကဲ့၊မှန်ပါတယ်၊တွေ့ရတာ ဝမ်းသာပါတယ် မြို့စားကြီးကတော်ရှင့်။"

ကောင့်မြို့စားကတော် အမ်ဘာက ဒူးကို အနည်းငယ် ကွေးညွှတ်၍ သူမကို ဂါရဝပြုသည်။

အိုဖီလီယာက ဂါရဝပြုမှုကို စိတ်အားထက်သန်စွာ လက်ခံလိုက်ပြီး သူမ၏ဘေးသို့ တိုးကပ်လိုက်သည်။

"ကျွန်မ ရှင့်ရဲ့စာကို ကောင်းကောင်းမွန်မွန် လက်ခံရရှိထားပါတယ်။"

အိုဖီလီယာ၏အသံမှာ အလွန်အမင်း စွဲမက်ချင်စရာ ကောင်းလှသည်။

သူမ ထိုအသံကို နားထောင်နေစဥ် ညှို့ယူဖမ်းစားထားနိုင်ရန် လုံလောက်သည်။

ကောင့်မြို့စားကတော် အမ်ဘာသည် ထပ်၍ အိုဖီလီယာကို ငေးကြောင်ကြည့်နေမိပြီးမှ အလျင်အမြန် ခေါင်းခါလိုက်ပြီး အသိစိတ် ပြန်ကပ်သွားပုံရသည်။

"ကျွန်မ အများကြီး စဥ်းစားတွေးတောပြီးမှ ရှင့်ကို ဆက်သွယ်လိုက်တာပါ။ပြီးတော့ အခုလို ကြွရောက်ပေးတဲ့အတွက် ရှင့်ကို အများကြီး ကျေးဇူးတင်ပါတယ်။"

"အင်း ... ဒါက စဥ်းစားပေးဖို့ ထိုက်တန်တာကြောင့်ပါ။"

အိုဖီလီယာ ပြုံးလိုက်သည်။


ထိုအပြုံးမှာ အန္တရာယ် ရှိသည့် ပုံစံပေါက်နေသဖြင့် အခုလေးတင် နှင်းနတ်သမီးလေး ဖြစ်နေသူက နှင်းတောင်တန်းမှ စုန်းမတစ်ဦးနှင့် တူသွားရတော့သည်။

ကောင့်မြို့စားကတော်အမ်ဘာမှာ ပခုံးတွန့်လိုက်မိ၏။

"ဒီမှာ ဘယ်သူတွေ ရောက်နေလဲ။"

"ကောင့်မြို့စားကတော် လီဆာ၊ မားကွစ်မြို့စားကတော် ဟယ်သာနဲ့ မားကွစ်မြို့စားကတော် ရူဘီတို့ပါ။အစောပိုင်း လက်ဖက်ရည်ပါတီ ဖြစ်တာကြောင့် ကျွန်မ လူအများကြီး မဖိတ်ထားခဲ့ပါဘူး။"

ထိုနာမည်များမှာ ကျွန်မအတွက် လုံးဝအသစ် ဖြစ်နေခဲ့သည်။ 

ထိုသူများမှာ နိုင်ငံရေးလောကတွင် လွန်စွာ ထင်ရှားပေါ်လွင်ခြင်း မရှိသူများ ဖြစ်ကြသည်။

ကောင့်မြို့စားကတော် အမ်ဘာသည် ထိုသို့သော လူများကို ရည်ရွယ်ချက်ရှိရှိ ဖိတ်ကြားထားသည်မှာ သိသာသည်ဟု အိုဖီလီယာ တွေးမိသည်။

ဤနေရာတွင် ပြဿနာတစ်စုံတစ်ရာ ဖြစ်ခဲ့လျှင်ပင် နောက်ပြန်လှည့်၍ ပြောနိုင်စွမ်းမရှိသူများကို သူမက ဖိတ်ကြားထားခဲ့သည်။

သူမက ဥာဏ်နီဥာဏ်နက်များ၏။

အိုဖီလီယာမှာ ကောင့်မြို့စားကတော်အမ်ဘာကို စတင်သဘောကျလာခဲ့သည်။

"ကျွန်မ တကယ်ကို မြို့စားကြီးကတော်နဲ့ တွေ့ချင်နေမိတာပါ။"

ကောင့်မြို့စားကတော် အမ်ဘာက အိုဖီလီယာ၏လက်ကို သူမ၏လက်ဖြင့် ချိတ်၍ ပြောလာခဲ့၏။

အိုး ...ရုတ်တရက်ကြီး ထိတွေ့လာပါလား။

အိုဖီလီယာသည် အနည်းငယ်သတိထားနေခဲ့သော်လည်း ယခု သူမ၏လက်ကို ဆွဲထုတ်လိုက်ပါက ရိုင်းစိုင်းရာကျသွားနိုင်သည်ဟု သိသဖြင့် မတတ်သာပါပဲ သည်းခံနေလိုက်ရသည်။

"အင်း ... ဒါကြောင့်"

အိုဖီလီယာသည် ကောင့်မြို့စားကတော် အမ်ဘာကို ကြည့်၍ ပြောလိုက်သည်။

"ရိုးသားပွင့်လင်းကြရအောင်ပါ။"

"ရှင်!"

ကောင့်မြို့စားကတော်က ဘာမှနားမလည်သော မျက်နှာထားဖြင့် အိုဖီလီယာကို ကြည့်လိုက်သည်။

အိုဖီလီယာ ရယ်မောလိုက်၏။

"ရှင် ကျွန်မကို ဘာလုပ်ပေးဖို့ တောင်းဆိုချင်တာလဲ။" 

"..."

ကောင့်မြို့စားကတော်အမ်ဘာက ပါးစပ်ပိတ်ထားသည်။

သို့သော် သူမ၏မျက်လုံးများက ဘေးဘီဝဲယာသို့ လှည့်ပတ်နေသည်ကို အိုဖီလီယာ မြင်နေရသည်။

အိုဖီလီယာက သူမ၏တိတ်ဆိတ်နေမှုကို တည်ငြိမ်စွာ စောင့်ဆိုင်းပေးနေခဲ့သည်။

အတန်ကြာအောင် တိတ်ဆိတ်နေပြီးမှ ကောင့်မြို့စားကတော်အမ်ဘာ၏ပါးစပ်က ဖြည်းဖြည်းချင်း ဖွင့်လာခဲ့သည်။

"ရှင် ကျွန်မအတွက် ဘာတွေ လုပ်ပေးနိုင်ပါသလဲ။"

"ဘယ်လို"

"ကျွန်မကို အတိအကျ ပြောပေးပါ။"

ကောင့်မြို့စားကတော် အမ်ဘာသည် အိုဖီလီယာနှင့် လက်ချင်းချိတ်ထားသော သူမ၏လက်ကို ဆွဲထုတ်၍ မျက်နှာချင်းဆိုင် ရပ်လိုက်သည်။

"ကျွန်မ ရှင့်အတွက် ဘာမဆို လုပ်ပေးနိုင်ပါတယ်၊မြို့စားကြီးကတော် အလိုရှိသမျှကို ကျွန်မ စိတ်နှစ်ပြီး လုပ်ပေးနိုင်ပါတယ်။ဒါ ကျွန်မဘက်က စကားပါ။"

သူမက မေးစေ့ကို မော့၍ အိုဖီလီယာကို ကြည့်လိုက်သည်။

"ဒီတော့ မဒမ်ကရော ကျွန်မအတွက် ဘာလုပ်ပေးနိုင်ပါသလဲ။"

အိုဖီလီယာ ခေါင်းငြိမ့်လိုက်သည်။

"ရှင်က အရမ်းမောက်မာလွန်းတယ်။"

အေးစက်သော စကားများကြောင့် ကောင့်မြို့စားကတော်မှာ မသိလိုက်ပဲ အသက်ရှူအောင့်မိသွားသည်။သို့သော် သူမ နောက်မဆုတ်ခဲ့ပေ။

အိုဖီလီယာ၏နှုတ်ခမ်းများမှာ ပို၍ပင် တွန့်ကွေးသွားခဲ့သည်။သူမ၏ရှေ့တွင်ရှိသူ ဂျူလီယာက အလွန်မောက်မာသည်ဟု အိုဖီလီယာ တွေးမိသွား၏။

သူမက အိုဖီလီယာ၏ဝေဖန်မှုကြောင့် ဖိနှိပ်ခံရသကဲ့သို့ မဖြစ်သွားသဖြင့် လုံလောက်အောင် သန်မာသည်ဟု အကဲဖြတ်ရလိမ့်မည်။

အိုင်ရင်း မှန်လေသည်။

ကောင့်မြို့စားကတော် အမ်ဘာသည် အလွန်ယုံကြည်မှုရှိသူဖြစ်ပြီး အိုဖီလီယာကလည်း သူမကို သဘောကျမိသည်။

"ဒါပေမဲ့ ကျွန်မ သဘောကျပါတယ်။"

အိုဖီလီယာ၏စကားကြောင့် ကောင့်မြို့စားကတော် အမ်ဘာသည် သက်ပြင်းချလိုက်ပြီး အနည်းငယ် စိတ်သက်သာသွားသည့်နှယ် ပခုံးများ ပြေလျော့သွားရသည်။

အိုဖီလီယာက ကောင့်မြို့စားကတော်အမ်ဘာအနားသို့ ခြေတစ်လှမ်း တိုးကပ်လိုက်သည်။

"ကျွန်မလဲ ရှင်လိုချင်တာ ဘာမဆို လုပ်ပေးနိုင်တယ်။"

ပြီးနောက် သူမဆီ လက်ဆန့်လိုက်သည်။

"ဒီတော့ ကျွန်မကို ပြောချေ။"

အေးစက်သော လက်ချောင်းထိပ်များက ကောင့်မြို့စားကတော် အမ်ဘာ၏ပါးပြင်ပေါ်သို့ ထိတွေ့လာခဲ့သည်။

"ရှင် ဘာလိုချင်လဲ။"

ထိုအသံသည် သူမကို အသူတစ်ရာချောက်နက်ထဲသို့ ဆွဲချသွားမည့် နတ်ဆိုးတစ်ကောင်၏တီးတိုးပြောသံနှင့် တူသည်ဟု ကောင့်မြို့စားကတော်အမ်ဘာ တွေးလိုက်မိသည်။

သို့သော် သူမ ကြောက်လန့်နေသည့်တိုင် အိုဖီလီယာကို ငြင်းပယ်၍ မရပေ။ 

အဘယ့်ကြောင့်ဆိုသော် သူမကသာ မြို့စားကြီးကတော် အိုဖီလီယာကို အရင်ဆုံး ကမ်းလှမ်းခဲ့သူ ဖြစ်လေသည်။

ဂလု

ကောင့်မြို့စားကတော် အမ်ဘာက တံတွေးမြိုချလိုက်ပြီး ပါးစပ်ကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။

"ကျွန်မရဲ့ခင်ပွန်း ..."

သူမ အသက်ပြင်းပြင်း ရှူလိုက်သည်။

"ကျွန်မရဲ့ခင်ပွန်းက ကျွန်မအပေါ် ဖောက်ပြန်နေမလားလို့ သိချင်ပါတယ်။"

အိုဖီလီယာ မျက်မှောင်ကြုတ်လိုက်သည်။

ကောင်းပြီလေ၊သူမကို ဒီလိုမျိုး အကြောင်းအရာတွေလည်း တောင်းဆိုလာနိုင်တယ်လို့ ခန့်မှန်းထားပြီးသားပါ။

ဒါပေမဲ့ ပထမဆုံးတစ်ခါတည်းက အချစ်ဇာတ်ခင်းနေတဲ့ကိစ္စတဲ့လား။

သူမ အများကြီး သဘောမတွေ့ပေ။

"ဒီကိစ္စဆို ကျွန်မ လုပ်ပေးဖို့တောင် မလိုအပ်ပါဘူး။ရှင် သတင်းအချက်အလက် အစည်းအရုံးကို စုံစမ်းခိုင်းရုံနဲ့တင် ရပါတယ်။"

မှန်ပေ၏။

ထိုကိစ္စမျိုးမှာ သတင်းအချက်အလက် အစည်းအရုံးကို စုံစမ်းခိုင်းရုံဖြင့်ပင် အစအဆုံး သိရှိနိုင်သော ကိစ္စဖြစ်သည်။

ဒါပေမဲ့ နင်က ငါ့ကို ဒီကိစ္စ လုပ်စေချင်တာလား။

"ကျွန်မရဲ့ခင်ပွန်းနဲ့ မြို့စားကြီးရိုင်ဇန်က ဆက်ဆံရေးမကောင်းကြပါဘူး။"

ဆိုဗက်စ်စတာရဲ့နာမည်က ဒီမှာ ဘာလို့ ပေါ်လာရပြန်တာလဲ။

"ဒါပေမဲ့ သတင်းအချက်အလက် အစည်းအရုံးကို ကျွန်မခင်ပွန်းရဲ့မကောင်းတဲ့ကိစ္စတွေ ပြောပြလိုက်ရင် သူ့အားနည်းချက်ကို မြို့စားကြီးလက်ထဲ ထည့်ပေးလိုက်သလိုပါပဲ။သတင်းအချက်အလက် အစည်းအရုံးကို မြို့စားကြီးက တင်းတင်းကြပ်ကြပ် ချုပ်ကိုင်ထားတာပါ။"

၎င်းကလည်း အဓိပ္ပါယ်ရှိပေသည်။

သို့သော် သူမက အိုဖီလီယာရိုင်ဇန်ဖြစ်သည်။ထို့အပြင် ကောင့်မြို့စားကတော် အမ်ဘာက မြို့စားကြီးကတော်ကို အကူအညီတောင်းနေသည်။

အိုဖီလီယာ နဖူးတွန့်လိုက်မိသည်။

"ဒါဆို ကျွန်မကရော၊ ကျွန်မကို ပြောပြရင် ပိုပြီး အန္တရာယ်များတယ်လို့ ရှင် မထင်ဘူးလား။"

"မဒမ်က မြို့စားကြီးကို ပြန်မပြောပြဘူးလို့ ကျွန်မ ယုံကြည်ပါတယ်။"

"ဘာလို့ အဲ့လို ထင်ရတာလဲ။"

သူမ၏မေးခွန်းကြောင့် ကောင့်မြို့စားကတော် အမ်ဘာက အပြုံးတစ်ပွင့်ဖြင့် ပြန်ဖြေလိုက်သည်။

"ကျွန်မမှာ မဒမ့်အတွက် တစ်စုံတစ်ရာ ရှိနေတာကြောင့်ပါ။"

ဒါကို ကြည့်ပါလား။

အိုဖီလီယာ ပြုံး၍ လက်ပိုက်လိုက်သည်။

"ပထမဆုံး ..."

သူမက တောင်းဆိုမှုကို လက်ခံရန် ဆုံးဖြတ်ချက်ချ၍ ပြောလိုက်သည်။

"ဒီလိုမျိုး အချစ်ဇာတ်လမ်းခင်းနေတဲ့သူလို့ သံသယရှိရှိ နာမည်တပ်ခံရတဲ့သူက သေသင့်တဲ့ လူမျိုး မဟုတ်ဘူးလား။"

ဇနီးဖြစ်သူကို ဤသို့ သံသယများ မြင့်တက်လာစေသည်အထိ လျစ်လျူရှုထားခဲ့ခြင်းက ထိုသူ၏အမှားတစ်ခု ဖြစ်သည်။

"ကျွန်မတို့ သူ့ကို ရိုက်နှက်ရုံနဲ့ မရဘူးမဟုတ်လား။"

ထို့ကြောင့် အိုဖီလီယာက စိတ်ရင်းဖြင့် ပြောလိုက်သည်။

ကောင့်မြို့စားကတော် အမ်ဘာမှာ သူမ၏ခေါင်းကို အမြန်ယမ်းခါလိုက်ရ၏။

"ရှင် အဲ့ဒီလို လုပ်ဖို့မလိုဘူး ...မလိုပါဘူး။"

အိုဖီလီယာ၏လက်များက မည်မျှအစွမ်းထက်ပြီး သန်မာသည်ကို သူမ သိထားသည်။

အားနည်းတဲ့ခင်ပွန်းသည်က အရိုက်အနှက်ခံရပြီး မေ့လဲသွားရင် ...

မရဘူး ... မဖြစ်ဘူး။

"ရိုက်နှက်ပြီး စိတ်အနှောင့်အယှက် ဖြစ်စရာ မလိုပါဘူး၊တတ်နိုင်သမျှ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ လုပ်ပေးပါလားရှင်။"

"သူက ရှင့်အပေါ် ဖောက်ပြန်နေခဲ့ရင်ရော။"

"ဒါက ..."

ကောင့်မြို့စားကတော် အမ်ဘာသည် အောက်နှုတ်ခမ်းကို ပြတ်ထွက်မတတ် ကိုက်ထား၏။

ထို့နောက် သူမက စိတ်ကို ပြင်ဆင်လိုက်ပုံဖြင့် ခေါင်းကို မော့လိုက်သည်။

"ဒီလိုဆို ကျေးဇူးပြုပြီး သူ့ကို ရိုက်ပေးပါ။"

အိုဖီလီယာ ရယ်မောမိသွားသည်။

"အင်း"

သူမက ပြောရင်း ကောင့်မြို့စားကတော် အမ်ဘာ၏လက်ကို ကိုင်လိုက်သည်။

"နောက်ထပ်ဇာတ်လမ်းလေးတွေ နားထောင်ကြရအောင်။"


TK Team
++++++++