Chapter 178
Viewers 49k

💘Chapter 178 

တွဲကြရအောင်...။



ကျိုးကြောင်းဆီလျော်မှုကင်းမဲ့သည့်ည ကုန်ဆုံးသွားပြီး နောက်တစ်နေ့ ဝေ့ဟွားနိုးလာသည့်အချိန်၌ ကွက်ကီးနှင့် ဘီစကစ်လေးတို့ မရှိတော့ပေ။ သူနှင့် ဆက်ဆံရေးတစ်ခုရှိပြီးနောက် သူ့ကိုရှောင်ရန် ကွက်ကီးက ဘီစကစ်လေးကို ခေါ်၍ မြို့တော်သို့ ပြန်သွားတာဖြစ်လိမ့်မည်ဟု ဝေ့ဟွားတွေးလိုက်မိသည်။ 


ဝေ့ဟွားက အိပ်ရာမှထကာ အနည်းငယ်မူးနောက်နေသည့် ခေါင်းကိုကိုင်ရင်း ဤအခြေအနေနှင့် ရင်းနှီးနေသလို ခံစားနေရသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်က သူ ယူအက်စ်သို့သွားရန် ပြင်ဆင်နေသည့်အချိန်ကလိုပင်။ သူ့အခန်းဖော်က နှုတ်ဆက်သည့်အထိမ်းအမှတ်ဖြင့် သူ့ကို အတင်းအကြပ်တိုက်ခဲ့ရာ ထိုညက သူမူးသွားခဲ့သည်။  


ထိုညမတိုင်ခင်က အရက်မှာ မှားယွင်းသည့်ကိစ္စများကို ဖြစ်စေကြောင်းကို မယုံခဲ့ချေ။ သို့သော်လည်း ထိုညပြီး‌နောက် ဝေ့ဟွားက အရက်မှာ တကယ်မှားယွင်းသည့်ကိစ္စများကို ဖြစ်ပျက်စေကြောင်း သေချာ နားလည်သွားရတော့သည်။ 


လေယာဥ်လွတ်သွားသည်သာမက သူ တစ်ယောက်ယောက်နှင့်လည်း အိပ်လိုက်မိသည်။ 


ဘာကြောင့် လွန်ခဲ့သည့်နှစ်အနည်းငယ်က ထိုပူလောင်သည့်ညအား ပြန်အမှတ်ရမိလဲ သူမသိသော်လည်း ထိုညပြီးနောက်တစ်နေ့တွင် သူက သူနှင့်အတူအိပ်ခဲ့သည့်သူ၏ အရှက်ခွဲခြင်းခံလိုက်ရသည်။ သူက ကုတင်ဘေးရှိ စားပွဲပေါ်တွင် ပိုက်ဆံအထပ်လိုက်တင်ထားခဲ့၏။ မသိလျှင် ဝေ့ဟွားကပဲ ငှားရမ်းလာသည့် ပြည့်တန်ဆာကဲ့သို့ပင်။


အရက်က တကယ်တမ်း ကိစ္စများစွာကို ဖြစ်ပျက်စေသည်ပင်။ 


ထိုအချိန်ကဝေ့ဟွား သူ့ကိုယ်သူ အကြိမ်ကြိမ် ဆူပူကြိမ်းမောင်းမိသည်။ ထိုညက အတူအိပ်ခဲ့မိသည့် လူက မည်သူဖြစ်ကြောင်းကိုတော့ သူမမှတ်မိတော့ပေ။ ပြန်သတိရရန် ကြိုးစားသည့်အချိန်တိုင်း ဝေဝါးဝါး ပုံရိပ်ကလေးပဲ ပေါ်လာကာ ယောက်ျားတစ်ယောက်ဖြစ်မှန်းကိုသာ သိရသည်။ 


ဝေ့ဟွား ထိုကိစ္စကို ဆက်မတွေးခဲ့ပေ။ နောက်ဆုံးတော့လည်း ၎င်းက ယောက်ျားတစ်ယောက်ဖြစ်ကာ အကျိုးဆက်များအဖြစ် သူတာဝန်ယူစရာလည်းမရှိချေ။ သူက တာဝန်မယူတတ်သည့်လူဖြစ်သောကြောင့် မဟုတ်ပေ။ ထိုလူက ပိုက်ဆံအထပ်လိုက်ပေးသွားလေသည်။ ၎င်းမှာ နောက်ထပ် တွေ့ဆုံမှုမျိုးမလ်ုချင်သည့် သဘောဖြစ်ကာ ဝေ့ဟွားက ထိုပူလောင်ခဲ့သည့် ညအကြောင်း ထပ်ကိုင်ဆုပ်မထားတော့ချေ။ 


သို့သော်လည်း သူကြိုက်နှစ်သက်သည့် သူနှင့်ဆက်ဆံမှုရှိခဲ့ပြီး နောက်တစ်နေ့မနက်ခင်းတွင် ဘာကြောင့် လွန်ခဲ့သည့် နှစ်အနည်းငယ်က ပူလောင်သည့်ညကို ပြန်တွေးမိနေလဲ ဝေ့ဟွားနားမလည်နိုင်ချေ။ 


ဝေ့ဟွားက အတိတ်ကို ပြန်တွေးနေခြင်းမှ ခေါင်းခါလိုက်ရင်း ပြတင်းပေါက်အပြင်ကိုကြည့်လိုက်သည်။ အမြန်ရထားက မြန်မြန်လေးခုတ်မောင်းနေကာ အပြင်ဘက်ရှိ မြင်ကွင်းများကို မမြင်နိုင်ခင်မှာပင် ရထားက လိုဏ်ဂူထဲသို့ ဝင်သွားလေသည်။ 


ဝေ့ဟွား၏ အမြန်ရထားက ဘူတာရုံ၌ ရပ်သွားသည့်အခါ ညသန်းခေါင်ပင် ရောက်နေပြီဖြစ်သည်။ 


ဝေ့ဟွားက ဘူတာရုံမှ ထွက်လာပြီး တက္ကစီငှားလိုက်ကာ ကွက်ကီး၏ လိပ်စာအတိုင်း သွားလိုက်သည်။ သူ၏ စိုးရိမ်မှုများက အချိန်ကုန်သည်နှင့်အမျှ ကြီးထွားလာသော်လည်း ကွက်ကီးနှင့် နီးကပ်လာပြီဟု တွေးလိုက်ရင်း ဝေ့ဟွား မစိုးရိမ်တော့ချေ။ သို့သော် အနည်းငယ်တော့ ကြောက်နေသေး၏။


သူကြောက်ရွံ့နေသည်မှာ အကြောင်းအရင်းမရှိမဟုတ်ချေ။ ထိုအချိန်တွင် ဝေ့ဟွား၏ နှလုံးသားက လည်ချောင်းထဲမှ ခုန်ထွက်လာမတတ်ဖြစ်နေသည်။ သူက တက္ကစီ၏ နောက်ခန်းတွင် ထိုင်နေရင်း ဂဏာမငြိမ်နိုင်ဖြစ်နေလေသည်။ 


ကွက်ကီးနေသည့် ဗီလာသို့ ရောက်ရန် နာရီဝက်လောက် မောင်းလိုက်ရသည်။ ထိုနေရာက လုံခြုံရေးအစောင့်က တင်းကြပ်လေသည်။ ဝေ့ဟွားက သူစိမ်းဖြစ်သောကြောင့် အထဲသို့ ဝင်ခွင့်မရဘဲ အစောင့်များ၏ တားဆီးခြင်းကို ခံရလေသည်။ 


ဝေ့ဟွားက လမ်းမီးများသာလင်းနေပြီး မီးမှိန်မှိန်လေးသာ လင်းနေသည့် နေရာကိုကြည့်လိုက်သော်လည်း ကွက်ကီး၏ ဖုန်းမခေါ်လိုက်ပေ။ ထိုအစား သူက ထိုအိမ်ရာအပြင်ဘက်တွင် မနက်မိုးလင်းသည်အထိ စောင့်နေလိုက်သည်။ 


ဝေ့ဟွားက အထဲသို့ အဝင်မခံရသော်လည်း အပြင်ဘက်တွင် ရှိနေသေးသည်ကို မြင်သောအခါ လုံခြုံရေးအစောင့်က သူ့ကို သံသယဝင်လာပြီး စောင့်ကြည့်နေတော့သည်။ 


ဝေ့ဟွားက လုံခြုံရေးအစောင့်၏ သတိထားစောင့်ကြည့်နေမှုကို ဂရုမစိုက်ဘဲ ထိုင်ရန် တစ်နေရာရှာလိုက်ကာ တိတ်ဆိတ်စွာဖြင့် မနက်ခင်းရောက်လာမည့်အချိန်ကို စောင့်နေလိုက်သည်။


 နွေဦးညဘက်တွင် လေပြေအေးများက တိုက်ခတ်နေကာ ဝေ့ဟွားက နွေးနွေးထွေးထွေး ဝတ်မလာခဲ့ရချေ။ လေပြေများက သူ့ကို အေးစေသောကြောင့် သူမနေနိုင်ဘဲ အကြိမ်အနည်းငယ်လောက် သမ်းဝေမိသည်။ 


လုံခြုံရေးအစောင့်က ဆက်မကြည့်နေနိုင်တော့ဘဲ လက်ထဲတွင် ကာကွယ်ရေး ကိရိယာများကို ကိုင်၍ လုံခြုံရေးအခန်းထဲမှ ထွက်လာလေသည်။ သူမေးလိုက်၏။ 


“ဘာလုပ်ဖို့ ကြံနေတာလဲ...တစ်ယောက်ယောက်ကို ရှာနေတာဆိုရင်လည်း ဖုန်းဆက်ပြီး ဆင်းတွေ့ခိုင်းလိုက်လေ...အဲ့လိုမှမဟုတ်ရင်...ထွက်သွားတော့”


ဝေ့ဟွားက သမ်းဝေလိုက်ကာ လုံခြုံရေးအစောင့်ကို မျက်နှာမူ၍ အပြုံးလေးနှင့် ပြောလိုက်သည်။ 


“စိတ်မပူပါနဲ့...လုံခြုံရေးဦးလေးကြီးရယ်...ကျွန်တော် ဘာမှလုပ်ဖို့ စိတ်ကူးမရှိပါဘူး...ကျွန်တော့်မိန်းမကို လာရှာရုံတင်ပါ...သူက စိတ်ဆိုးပြီး မိဘအိမ်ကိုပြန်သွားလို့...နောက်ကျနေပြီဆိုတော့ သူနဲ့ သူမိသားစုကို မနှောင့်ယှက်ချင်တော့ဘူးလေ...မနက်ကျမှပဲ ဖုန်းဆက်ခေါ်လိုက်တော့မယ်”


လုံခြုံရေးအစောင့်ကြီးက ဝေ့ဟွား၏စကားလုံးများကို မယုံသော်လည်း ‌ဝေ့ဟွားက အရည်အ‌သွေးမြင့်သည့် အဝတ်အစားများကို ဝတ်ဆင်ထားသည်ကို ကြည့်ရင်း လူဆိုးတစ်ယောက်တော့ မဟုတ်နိုင်ဟု တွေးလိုက်သည်။ ထို့ကြောင့် သူက လုံခြုံရေးအခန်းထဲသို့ ပြန်ဝင်သွားကာ စောင်အပါးတစ်ထည်ယူလာ၍ ဝေ့ဟွား၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။ ထို့နောက် ပြောလာ၏။ “ဒါ‌လေးနဲ့ ထွေးထား...ညဘက်က အေးတယ်...အအေးမပတ်စေနဲ့”


“ကျေးဇူးတင်ပါတယ်...လုံခြုံရေးဦးလေးကြီး” ဝေ့ဟွားက စောင်ကိုယူရင်း ပြောလိုက်၏။ “ဦးလေးက တကယ်ကို ကြင်နာတာပဲ”


“မင်းရဲ့မိန်းမကို ဂရုစိုက်မှန်း ငါမြင်နေရတယ်လေ” လုံခြုံရေးအစောင့်တွင်လည်း မိန်းမရှိသောကြောင့် အနည်းငယ် စိတ်မ‌ကောင်းဖြစ်သွားသည်။ 


“ဇနီးမယားတွေကို တန်ဖိုးထားသင့်တယ်...ဘယ်သူ့အပြစ်ပဲဖြစ်နေပါစေ...ကိုယ်ကအရင်စတောင်းပန်ရင် ဘာကိစ္စမှ ဖြစ်မလာဘူးပဲ”


“အဲ့ဒါမှန်တယ်” ဝေ့ဟွားက သ‌ဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။ 


လုံခြုံရေးအစောင့်က သူ့တာဝန်ကို ထမ်းဆောင်ရင်း ဝေ့ဟွားနှင့် စကားအနည်းငယ် ပြောပြီးနောက် လုံခြုံရေးအခန်းသို့ ပြန်သွားလိုက်သည်။ သို့သော်လည်း အန္တရာယ်ရှိသည့် တစ်စုံတရာကို လုပ်မည်စိုး၍ သူက ဝေ့ဟွားကို ကြည့်နေသေး၏။


ဝေ့ဟွားက ဆိုးဝါးသည်ပုံံစံမဟုတ်သည်မှာ မှန်သော်လည်း “စာအုပ်တစ်အုပ်ကို အဖုံးတင်ကြည့်၍ ဆုံးဖြတ်၍ မရ” ဆိုသည့် ဆိုရိုးစကားလည်း ရှိသည်မဟုတ်လား..။ 


မည်သူမှ စကားမပြောတော့သည့်အခါ ဝေ့ဟွားက ထောင့်လေးတွင် စောင်လေးခြုံရင်း တိတ်တဆိတ် ထိုင်နေလိုက်သည်။ နွေဦးည၏ အအေးဓာတ်က တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားလေသည်။ 


ဒီညက ဝေ့ဟွားအတွက် ယုံချင်စရာမကောင်းလောက်အောင် ရှည်လျားနေလေသည်။ သို့သော်လည်း သူအိပ်မရချေ။ သူ့နှလုံးသားက အခုန်မြန်နေဆဲဖြစ်ပြီး သူတွေးနိုင်သည့်တစ်ခုတည်းက ကွက်ကီးသာဖြစ်သည်။ ၎င်းက ဂဏာမငြိမ်သည့် စိုးရိမ်မှုဖြစ်သော်လည်း မျက်နှာတွင် အပြုံးတစ်ခုကို ဖြစ်ပေါ်စေလေသည်။ 


ညက တဖြည်းဖြည်း ကုန်လွန်လာခဲ့ပြီး အရုဏ်တက်၏ ရောင်ခြည်တန်းများက စတင်ကျရောက်လာကာ နေ့သစ်တစ်ရက်သို့ ရောက်ရှိလာကြောင်း အချက်ပြနေ၏။


ဝေ့ဟွားက တစ်ညလုံး ထိုင်နေခြင်းကြောင့် ထုံကျင်နေသည့် ခြေထောက်များကို ပုတ်ခါလိုက်ပြီး စောင်ပါးလေးကို လုံခြုံရေးအခန်းဆီသို့ ပြန်ပေးလိုက်သည်။ ထို့နောက် သူက အိမ်ရာဝင်ပေါ်ကအရှေ့တွင် အရှေ့နှင့် အနောက်လျှောက်နေပြီး စိတ်လှုပ်ရှားနေမှုနှင့် စိုးရိမ်မှုများကို ခံစားနေရသည်။ 


...


ထိုအချိန်တွင် ရှန့်မိသားစုအိမ်ရာ၌...။


ပုံမှန် မနက်ခင်းနောက်ကျသည်အထိ အိပ်တတ်သည့် ကွက်ကီးက ဒီနေ့တွင် အစောကြီးနိုးလာခဲ့သည်။ အိပ်မက်ထဲသို့ ဝင်ရောက်နှောင့်ယှက်နေသည့် ဝေ့ဟွားကြောင့် ကွက်ကီးကောင်းကောင်းအိပ်မရခဲ့ချေ။ ဝေ့ဟွားက သူ၏ ကောလိပ်ကျောင်းသားပုံစံဖြစ်နေပြီး အနည်းငယ်ရင့်ကျက်ကာ တက်ကြွသည့်ပုံစံဖြင့် ပေါ်လာခဲ့၏။ သို့သော် ပြောင်းလဲမသွားသည်က သူ့မျက်နှာပေါ်မှ တောက်ပနေသည့် အပြုံးဖြစ်ပြီး နေရောင်ခြည်လေးလိုပင် ကွက်ကီးအား အတွင်းရောအပြင်ပါ နွေးထွေးမှုကို ခံစားရစေသည်။ 


ကွက်ကီးက ခေါင်းခါလိုက်ရင်း စိတ်ထဲမှ မသင့်တော်သည့် ပုံရိပ်များကို ခါထုတ်ရန် ကြိုးစားလိုက်သည်။ သူက အိပ်ရာမှ ထလိုက်ရင်း ‌ရေအေးဖြင့် မျက်နှာသစ်လိုက်ကာ စိတ်ကို ကြည်လင်စေလိုက်၏။


အဝတ်အစားလဲပြီးနောက် ကွက်ကီးက အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ဘီစကစ်လေးနှင့် ရှန့်ကျားချီတို့က ထမင်းစားပွဲတွင် မနက်စားစားနေကြသည်။ 


“ဒီနေ့ ဘာလို့ အစောကြီး ထလာတာလဲ…” မီးဖိုခန်းတွင်ရှိနေသည့် ရှန့်ကျားချီက ကွက်ကီးကိုမြင်သောအခါ အနည်းငယ် အံ့ဩသွား၏။


“မောနင်း…ဖေဖေ” ဘီစကစ်လေးက နွားနို့သောက်နေရင်း ကွက်ကီးကို နှုတ်ဆက်လာသည်။ သူ့အသံလေးမှာ ချိုမြိန်ပြီး နူးညံ့နေ၏။


ကွက်ကီးက လျှောက်သွားလိုက်ပြီး ဘီစကစ်လေး၏ ဆံပင်များကို ဖွလိုက်သည်။ “မောနင်း…ဘီစကစ်လေး” ထို့နောက် သူက ရှန့်ကျားချီ၏ မေးခွန်းကို ဖြေလိုက်သည်။ “မနေ့ညက စောစောအိပ်လိုက်တယ်လေ” တကယ်ကိုလည်း သူမနေ့ညက ပြန်ရောက်သည်နှင့် ကုတင်ပေါ်သို့ တက်၍ စောစောအိပ်လိုက်တာဖြစ်သည်။ သို့သော်လည်း သူဘယ်အချိန်အိပ်ပျော်သွားသည်ကိုတော့ အတိအကျမသိချေ။ 


ရှန့်ကျားချီက သူ့ကို သံသယမဝင်ဘဲ ရိုးရိုးရှင်းရှင်းမေးလာသည်။ “ဒီနေ့ ဘီစကစ်လေးကို မူကြိုဆီ ခေါ်သွားပေးလို့ရမလား….ငါ ဒီနေ့မနက် အစည်းအဝေးရှိလို့”


ကွက်ကီးက ခေါင်းညိတ်၍ ပြောလိုက်သည်။ “ဟုတ်ကဲ့”


မိသားစုက တညီတညာဖြင့် မနက်စာစားပြီးနောက် ကွက်ကီးက ဘီစကစ်လေး၏ ကျောပိုးအိတ်လေးကို သယ်ရန် ပြင်လိုက်သည်။ မနက်စာစားခြင်းနှင့် ကျောပိုးအိတ်လွယ်သည့် အချိန်အတောအတွင်း ကွက်ကီးက တစ်ခုခုကို စောင့်နေသည့်အလား သူ၏ နာရီကို အဆက်မပြတ်ကြည့်နေလေသည်။


ရှန့်ကျားချီက ထိုအပြုအမူကို မြင်သော်လည်း ဘာမှမပြောဘဲနေလိုက်သည်။ ကြည့်ရသည်မှာ သူ့သား၏ နွေဦးက ရောက်လာပြီထင်သည်။


ဘီစကစ်လေးလည်း သတိထားမိ၏။ ကွက်ကီး သူ့ကို ချီလိုက်ချိန်တွင် သူက ကွက်ကီ’၏ နားနားသို့ တိုးကပ်သွား၍ တီးတိုးပြောလိုက်သည်။ “ဖေဖေ…ဦးဦးဝေ့ကို စောင့်နေတာလား” 


ပြောပြီးနောက် ဘီစကစ်လေးက ရွှတ်နောက်နောက် အပြုံးလေးကိုပင် ပေးလိုက်သေးသည်။ 


ကွက်ကီးက ဘီစကစ်လေး၏ ခေါင်းကိုပုတ်၍ ပြောလိုက်၏။ “ကလေးတွေက ဒါမျိုးတွေကို နားမလည်ဘူး” သို့သော်လည်း သူ့အကြည့်များက တစ်ခုခုကို ရှောင်ဖယ်နေပုံရပြီး ဘီစကစ်လေး၏ စကားကြောင့် လူမိသွားသည်မှာ သိသာလွန်းလှသည်။ 


ရှန့်ကျားချီက သားအဖနှစ်ယောက်ကြားမှ အပြန်အလှန်ဆက်ဆံပုံများကို တစ်ချက်ကြည့်၍ ပြုံးလိုက်ကာ အိမ်တော်ထိန်းဆီမှ အိတ်ကိုယူ၍ အလုပ်သွားလိုက်သည်။ 


ရှန့်ကျားချီ ထွက်သွားပြီး သိပ်မကြာခင်တွင် ကွက်ကီးက အချိန်ကျလာမှန်း သတိထားမိသွားသည်။ သူက ဘီစကစ်လေးကို ချလိုက်ကာ မူကြိုသို့လိုက်ပို့ရန် ကားဂိုဒေါင်သို့သွားလိုက်သည်။ 


ကားက အိမ်ရာ၏ ဝင်ပေါက်ကို ဖြတ်သည့်အချိန်၌ မျက်စိလျင်သည့် ဘီစကစ်လေးက ဝေ့ဟွားရပ်နေသည်ကို မြင်လိုက်လေသည်။ သူက မြန်မြန်လေး ပြောလိုက်၏။


 “ဖေဖေ…ဟိုမှာ ဦးဦးဝေ့ရယ်”


ကြားပြီးနောက် ကွက်ကီးက ဘရိတ်ကို ချက်ချင်းနင်းလိုက်လေသည်။ အီနားရှားသဘောတရားကြောင့် သူ့ခန္ဓာကိုယ်က အရှေ့သို့ပင် ကိုင်းညွှတ်သွားသည်။ ဤအခိုက်အတန့်ကို သူဂရုမစိုက်ဘဲ မနေနိုင်ချေ။ သူ့အကြည့်များက ဝေ့ဟွားအပေါ်တွင်သာ မြဲမြံနေ၏။


သူတကယ် ရောက်လာခဲ့တယ်…။


၎င်းက ကွက်ကီးစိတ်ထဲသို့ ဝင်ရောက်လာသည့် ပထမဆုံးအတွေးဖြစ်ပြီး သူမဖော်ပြနိုင်သည့် ခံစားချက်များ ဝင်ရောက်လာတော့သည်။ ပျော်ရွှင်မှုဟုထင်ရသော်လည်း စိတ်လှုပ်ရှားမှုများလည်း ရောနှောပါဝင်နေသည်။ 


ဝေ့ဟွားတွင်လည်း တယ်လီပယ်သီရှိသည်ဟု ဆိုရမလိုပင်။ ကွက်ကီးက အပြင်ဘက်မှ အထဲကိုမမြင်ရသသည့် မှန်ပြတင်းများကာထားသောကားကိုမောင်းလာပြီး ထိုကားမှာလည်း သူ ယခင်က မမောင်းဖူးသည့် ကားဖြစ်သည့်တိုင် ဝေ့ဟွားက အထဲတွင် ကွက်ကီးနှင့် ဘီစကစ်လေးတို့ရှိနေကြောင်း ချက်ချင်း သိလိုက်သည်။ 


သူက မနေ့ညမှ သူ့ကို စောင်ပါးလေးပေးခဲ့သည့် လုံခြုံရေးအစောင့်အား ပြောလိုက်သည်။ “ကျွန်တော့်မိန်းမ ထွက်လာပြီ…သူ့ကိုအိမ်ပြန်ခေါ်သွားတော့မယ်…ကျွန်တော်နောက်မှ သေချာ ကျေးဇူးတင်ပါ့မယ်”


လုံခြုံရေးအစောင့်က သူ့ကို လက်ပြ၍ ပြောလာသည်။ “မိန်းမကို မြန်မြန်သွားခေါ်တော့…အဲ့ဒါက ပိုအရေးကြီးတယ်”


ဝေ့ဟွားက ကွက်ကီး၏ ကားဆီသို့ သွား၍ ပြတင်းမှန်ကို ခေါက်လိုက်သည်။ ကွက်ကီးက ပြတင်းမှန်ကို ချလိုက်သောအခါ ဝေ့ဟွားက ချက်ချင်းပြုံး၍ ပြောလိုက်သည်။ “ရှောင်ချီချီ…ကိုယ်ရောက်ပြီ”


“ကားပေါ်အရင်တက်” ဒီအချိန်တွင် အိမ်ရာဝင်ပေါက်၌ ပိတ်ရပ်နေခြင်းက အချိန်ကောင်းတော့မဟုတ်ပေ။ ကွက်ကီးက ဝေ့ဟွားကို ကားပေါ်တက်ရန် အမူအရာပြကာ ရှင်းပြသည်ကို နောက်မှလုပ်ရန်ဖော်ပြလိုက်၏။


သို့သော်လည်း ကားစတီယာရင်ကို ကိုင်ထားသည့် ကွက်ကီး၏ လက်များ အနည်းငယ် တုန်ယင်နေသည်ကိုတော့ မည်သူမှ သတိမထားမိကြချေ။ ဝေ့ဟွားက နာနာခံခံဖြင့် ကားထဲသို့ ဝင်လိုက်သည်။ သူ ဘီစကစ်လေးကို မြင်သည့်အခါ နှုတ်ဆက်လိုက်၏။ “မောနင်း…ဘီစကစ်လေး” 


“မောနင်း…ဦးဦးဝေ့…မုတ်ဆိတ်မွေးတွေတောင် ထွက်လာပြီနော်” ဘီစကစ်လေးက အသစ်အဆန်းတစ်ခုခုကို မြင်လိုက်သည့်အလား တခစ်ခစ်ရယ်၍ ပြောလာသည်။ 


“ထိကြည့်ချင်လား…ဘီစကစ်လေး” ဝေ့ဟွားက သူ့မျက်နှာပေါ်ရှိ မုတ်ဆိတ်မွေးများကိုသုံး၍ ဘီစကစ်လေး၏ မျက်နှာကို ကလိထိုးရန် ဟန်ဆောင်ကာ အရှေ့သို့ တိုးလာလိုက်သည်။ ဘီစကစ်လေးက သူ့မျက်နှာကို သူ၏ ပြည့်ဖောင်းနေသည့် လက်များဖြင့် ကာကွယ်ရင်း ရယ်မောလာတော့သည်။ 


ကွက်ကီးက အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် သူ့အတွင်း၌ ဖြစ်ပေါ်လာသည့် နားမလည်နိုင်သော ခံစားချက်များ ငြိမ်သက်သွားစေရန် အကြိမ်ပေါင်းများစွာ ရှူထုတ်လိုက်သည်။ ထိုမှသာ သူ ဘီစကစ်လေးကို မူကြိုသို့ လိုက်ပို့ရန် ကားစက်နှိုးနိုင်တော့သည်။ 


လမ်းခရီးတစ်လျှောက်တွင် ငှက်ကုလားအုတ်က မိမိကိုယ်မိမိ ကွယ်ဝှက်သကဲ့သို့ ကွက်ကီးက ဝေ့ဟွားနှင့် စကားပြောရန် ရှောင်ဖယ်နေလေသည်။ 


ဝေ့ဟွားက သူ့ကို ဖိအားမပေးလိုက်ဘဲ ထိုအစား အနောက်ခုံမှနေ၍ ဘီစကစ်လေးနှင့်သာ စကားပြောနေလိုက်သည်။ 


ကွက်ကီးအတွက် ထိုဆယ်မိနစ်ကျော်ကျော်လေးက တစ်သက်တာလိုခံစားနေရသော်လည်း နောက်ဆုံးတွင် ဘီစကစ်လေး တက်ရောက်သည့် မူကြိုကျောင်းသို့ ရောက်လာခဲ့လေသည်။ 


သူတို့က ကားထဲမှ ထွက်လာကြကာ ဘီစကစ်လေးကို မူကြိုကျောင်းထဲသို့ လိုက်ပို့လိုက်သည်။ သို့သော်လည်း ဘီစကစ်လေးက အဝင်ဝတွင်ရပ်က ဝေ့ဟွားကို လက်ပြလိုက်ကာ အောက်ငုံ့ခိုင်းလိုက်သည်။ 


ဝေ့ဟွားက ဘီစကစ်လေး၏ ဆိုလိုရင်းကို နားလည်လိုက်ပြီး သူ့ဆီသို့ ကိုင်းချလိုက်သည်။ ဘီစကစ်လေးက ကွက်ကီးကိုကြည့်ပြီးနောက် ကွက်ကီးမကြားနိုင်အောင် ဝေ့ဟွားအား တစ်ခုခု တီးတိုးပြောလိုက်သည်။ 


ဘီစကစ်လေးပြောသည်ကို ကြားသောအခါ ဝေ့ဟွား၏မျက်လုံးများက ချက်ချင်း တောက်ပသွားကာ မျက်နှာပေါ်မှ ကြွက်သားများက အသက်ဝင်လာတော့သည်။ 


“တကယ်လား” ဝေ့ဟွားက မယုံနိုင်ဘဲ နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။ 


ဘီစကစ်လေးက ခေါင်းညိတ်ပြီး ပြောလာ၏။ “ဦးဦးဝေ့…ကြိုးစားရမယ်နော်”


“သေချာပေါက်ပဲပေါ့” ဝေ့ဟွားက မျက်လုံးများ တွန့်ကွေးသည်အထိ ပြောလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ ကွက်ကီးသာ ရှိမနေပါက ဝေ့ဟွားက ပျော်ရွှင်မှုကြောင့် ထခုန်မိလိမ့်မည်ပင်။ 


ကွက်ကီးက ဘေးတွင် ရပ်နေရင်း ဘီစကစ်နှင့် ဝေ့ဟွားကြားထဲမှ အပြန်အလှန်ဆက်ဆံမှုများကို ကြည့်နေရင်း ဖော်မပြနိုင်သည့် ခံစားချက်များ ထိုးတက်လာတော့သည်။ သူက လျင်မြန်စွာဖြင့် ကားဆီသို့ လှည့်ထွက်လာလိုက်သည်။ 


သူ့အဖေနှင့် ဦးဦးဝေ့တို့ကို နှုတ်ဆက်လိုက်ပြီးနောက် ဘီစကစ်လေးက မူကြိုကျောင်းထဲသို့ ပျော်ရွှင်စွာဖြင့် ဝင်သွားတော့သည်။ မကြာခင်တွင် သူအဖေနောက်တစ်ယောက် ထပ်ရတော့ပေမည်။ 


ဝေ့ဟွားက ခရီးသည်ထိုင်ခုံတွင်‌ နေရာဝင်ယူလိုက်ပြီး အတွေးထဲတွင် နစ်နေသည့် ကွက်ကီးက အပြင်ဘက်သို့ ကြည့်နေကာ စိတ်ထဲတွင် ဘာရှိနေလဲ မသိရချေ။ ဝေ့ဟွားလည်း တိတ်ဆိတ်နေကာ ကွက်ကီး၏ သူ့အကြိုက်နှင့် တစ်ထပ်တည်းကျသည့် ဘေးဘက်မျက်နှာလေးကိုသာကြည့်နေလိုက်သည်။ ကွက်ကီးက သူ့အတွက် သေချာ ထုဆစ်ထားသလိုပင်။ 


“ရှောင်ချီချီ…” ဝေ့ဟွားက ရုတ်တရက် ကွက်ကီး အနားသို့ တိုးလာကာ ညင်ညင်သာသာလေးခေါ်လိုက်သည်။ ဝေ့ဟွား၏ ရုတ်တရက် တိုးကပ်လာမှုကြောင့် ကွက်ကီးက အံ့ဩစွာဖြင့် ကြည့်လာ၏။


“ရှောင်ချီချီ…တနေ့ညက ဖြစ်ခဲ့တာတွေအတွက် ကိုယ်နောင်တမရဘူး” ဝေ့ဟွားက ရုတ်တရက် လေးနက်သည့် အမူအရာဖြစ်သွားသည်။ 


“တနေ့ည” အကြောင်းကို ပြောလိုက်ခြင်းက ကွက်ကီး၏ မျက်နှာကို နီရဲသွားစေပြီး ဘာပြောရမှန်းမသိတော့ချေ။ 


“ရှောင်ချီချီ…ကိုယ်မင်းကို သဘောကျနေခဲ့တာကြာပြီ…ပြီးတော့ အဲ့ဒါကို သိပ်မကြာခင်ကပဲ မင်းကို သေချာပြောပြခဲ့ပြီးပြီ…” ဝေ့ဟွားက ကွက်ကီး၏လက်ကိုကိုင်၍ လေးနက်သည့် ဝန်ခံမှုကို လုပ်လာလေသည်။


 “အဲ့ဒါကြောင့် ကိုယ်နဲ့ အတူရှိပေး…တနေ့ညက ဘာတွေပဲဖြစ်ခဲ့ပါစေ၊ ကိုယ်မင်းရဲ့ ဘဝတစ်ခုလုံးကို တာဝန်ယူပေးပါ့မယ်”


ဝေ့ဟွား၏ထင်မှတ်မထားသည့် ဝန်ခံမှုက ကွက်ကီး၏ ပြောစရာစကားမဲ့သွားစေသည်။ သူက ဝေ့ဟွားကို ကြည့်နေပြီး သူ့လက်မှ ဝေ့ဟွားလက်၏အပူငွေ့ကို ခံစားကာ နှလုံးသားထဲအထိ အရည်ပျော်တော့မလိုပင် ဖြစ်နေတော့သည်။ 


ကွက်ကီးက အတွေးထဲတွင်နစ်မျောနေပြီး သူ၏ဝန်ခံချက်အား တုံ့ပြန်မလာသည်ကိုတွေ့သောအခါ ဝေ့ဟွား စိတ်ပူလာတော့သည်။ သူက ဝှက်ဖဲကို ဆွဲထုတ်လိုက်တော့သည်။


“ရှောင်ချီချီ...ခုဏက ဘီစကစ်လေး ကိုယ့်ကိုဘာပြောလိုက်တာလဲ သိလား” ဝေ့ဟွားက ပိုနီးကပ်အောင် တိုးလာလိုက်ရင်း နူးညံ့စွာ ပြောလိုက်သည်။ သူတို့၏ နှုတ်ခမ်းများကြားတွင် တစ်လက်မသာခြားတော့ကာ လှုပ်ရှားမှုသေးသေးလေးကပင် သူတို့ကို ထိကပ်သွားစေနိုင်သည်။ 


“ဘာလဲ” ကွက်ကီးက ဘာဖြစ်နေမှန်း သဘောမပေါက်သေးချေ။ သူ၏ အာရုံများက နီးကပ်နေသည့် မျက်နှာကြောင့် ဆွဲဆောင်ခံနေရသည်။ 


“ဘီစကစ်လေးကပြောတယ်....” ဝေ့ဟွားက ရပ်လိုက်ကာ ကွက်ကီး၏ နှုတ်ခမ်းများကို ကြည့်လိုက်ပြီးမှ ဆက်ပြောလိုက်သည်။ “သူကပြောတယ်...ကိုယ် ဒီနေ့ မင်းကို လာတွေ့တာနဲ့ မင်း ကိုယ်နဲ့အတူရှိပေးမယ်လို့ ကတိပေးထားတယ်တဲ့...ဟုတ်လား”


“ဟင်” ကွက်ကီးက အခြေအနေကို မဖမ်းဆုပ်နိုင်သေးဘဲ မျက်နှာတွင် ရှုပ်ထွေးမှုများ ပြသလာသည်။ 


“စကားတွေကို ပြန်ရုတ်သိမ်းတော့မလို့လား” ဝေ့

ဟွား စနောက်လိုက်သည်။ သူ့အသံက အနည်းငယ် ညှို့ငင်နေကာ ဆွဲဆောင်မှု ရှိလှသည်။ 


ထိုအချိန်တွင် ကွက်ကီးက ခေါင်းညိတ်၍ တိုးညင်းစွာ ပြောလိုက်သည်။


 “ကောင်းပြီ...ဒါဆိုလည်း တွဲကြရအောင်”


💘