Chapter 179
Viewers 49k

💘Chapter 179 

တစ်ဖက်သတ်ယူဆချက်များ



ကွက်ကီး၏ အသံက နူးညံ့လွန်းလှသည်။ ထိုတစ်ခဏတွင် ဝေ့ဟွား ထင်ယောင်ထင်မှား ဖြစ်နေသလားပင် တွေးမိလိုက်၏။ ကွက်ကီးနှုတ်ခမ်းပါးမှ ထွက်လာမှန်း သတိထားမိသွားသောအခါ ဝေ့ဟွား လုံးဝမှင်သက်သွားတော့သည်။ နောက်တစ်စက္ကန့်တွင် သူထိုင်ခုံပေါ်၌ ထခုန်လိုက်သည်။ 


ကျယ်လောင်သည့် “ဘန်း” ဆိုသည့်အသံက ပဲ့တင်ထပ်သွားကာ သူ့ခေါင်းက ကားမျက်နှာကြက်နှင့် ဆောင့်မိသွားလေသည်။ 


သို့သော်လည်း ထိုအခိုက်အတန့်တွင် ဝေ့ဟွား နာကျင်မှုကို မခံစားရချေ။ သူက ကွက်ကီးကိုသာ စိုက်ကြည့်နေမိသည်။ ထို့နောက် ကွက်ကီးအား တတ်နိုင်သမျှ ခွန်အားအားလုံးနှင့် သူကိုယ်ထဲသို့ ဖျစ်ညစ်ထည့်ချင်နေသည့်အလား ရုတ်တရက် ပွေ့ဖက်လာလေသည်။ 


“ရှောင်ချီချီ...မင်း...မင်းကိုယ်နဲ့ တွဲဖို့ သဘောတူလိုက်တာလား...မင်း....မင်း နောက်နေတာတော့ မဟုတ်ပါဘူးနော်” ဝေ့ဟွားက ပျော်ရွှင်မှုကြောင့် ထစ်ထစ်အအဖြင့် ပြောလာသော်လည်း စိုးရိမ်စွာဖြင့် အတည်ပြုလိုက်သေးသည်။ 


ကွက်ကီးက ဝေ့ဟွား၏ ပွေ့ဖက်မှုကြားထဲမှ ခေါင်းညိတ်လိုက်သည်။ “အင်း...တွဲကြရအောင်” ဒီတစ်ကြိမ်တွင်တော့ သူ့အသံက ကျယ်လာကာ ဝေ့ဟွား၏နားထဲသို့ တစ်လုံးချင်း ရှင်းရှင်းလင်းလင်း ပဲ့တင်ထပ်သွားတော့သည်။ 


“ရှောင်ချီချီ...ရှောင်ချီချီ” ဝေ့ဟွား စိတ်လှုပ်ရှားလွန်းနေသောကြောင့် ဘာပြောရမှန်း မသိတော့ချေ။ သူက ကွက်ကီး၏ အမည်ကိုသာ ထပ်ခါထပ်ခါ ခေါ်နေမိသည်။ 


“ကိုယ်နဲ့အတူရှိဖို့ လက်ခံပေးလို့ ကိုယ်...ကိုယ်အရမ်းပျော်တယ်...ကိုယ် ဒီနေ့ကို ဘယ်လောက်ကြာအောင် စောင့်နေခဲ့ရလဲဆိုတာ မင်း...မင်းမသိဘူး” ဝေ့ဟွားက လက်ရှိခံစားချက်များကို သေချာမ‌ဖော်ပြနိုင်ဘဲ ဗလုံးဗထွေးနှင့် ပြောနေလေသည်။ 


ဝေ့ဟွားကိုလက်ခံလိုက်ခြင်းက သူ့ကို ပျော်ရွှင်စေလိမ့်မည်ဟု ကွက်ကီး ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့ချေ။ သူက ကလေးကိုချော့မြူနေသကဲ့သို့ ဝေ့ဟွား၏ ကျောကို ပုတ်ပေးလိုက်သည်။ 


ထိုအချိန်၌ ကွက်ကီး၏နှလုံးသားတွင်လည်း စိတ်လှုပ်ရှားမှု၊ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။ သူ ဝေ့ဟွားကို သဘောကျခဲ့သည့်အချိန်မှစ၍ သူ၏တစ်ဖက်သတ်အချစ်က တကယ်တမ်း ပျော်ရွှင်ဖွယ်အဆုံးသတ်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။ သို့သော်လည်း ကံကြမ္မာက သူ့ဘက်တွင် ရှိနေကာ တစ်ဖက်သတ်အချစ်က ပျော်ရွှင်ဖွယ်အဆုံးသတ်သွားသည်သာမက ဘဝတွင် အဖိုးတန်လက်ဆောင်လေးကိုလည်း ရရှိလိုက်သေးသည်။


ကွက်ကီးကို ရလိုက်ပြီးနောက် ဝေ့ဟွားက သူ၏ပျော်ရွှင်မှုများကို ကမ္ဘာကြီးနှင့် ဝေမျှရန် မစောင့်နိုင်တော့ပေ။ ကွက်ကီးနှင့် နှစ်နာရီကြာအောင် အတူရှိနေပြီးနောက် ဝေ့ဟွားက ချက်ချင်း ဝေ့ချန်ကို ဖုန်းဆက်လိုက်သည်။ 


“ချန်ချန်...ရှောင်ချီချီက ငါနဲ့တွဲဖို့ လက်ခံလိုက်ပြီ...ငါစင်ဂယ်မဟုတ်တော့ဘူး”


Wရှေးဟောင်းမြို့တွင် ရှိနေသည့် ဝေ့ချန်က ဖုန်းကိုင်လိုက်သည်နှင့် ဝေ့ဟွား၏ အပျော်လွန်နေသည့် အသံကို ကြားလိုက်ရသည်။ မမြင်ရဘဲနှင့်တင် ဝေ့ဟွား၏ပျော်ရွှင်နေသည့် အမူအရာကို ပုံဖော်၍ရနေ၏။


“ဂုဏ်ပြုပါတယ်” ဝေ့ချန်က ‌ဝေ့ဟွား၏ တုံ့ပြန်မှုနှင့်ယှဥ်လျှင်တော့ တည်ငြိမ်နေသည်။


“ချန်ချန်...မင်း ဘယ်တော့ပြန်လာမှာလဲ...ပြန်လာတဲ့အချိန်ကျရင် ချန်လီကိုပါခေါ်ပြီး ညစာစားဖို့ လာခဲ့ကွာ” ဝေ့ဟွား၏ အသံက စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေကာ အချိန်အတော်ကြာသည်အထိ တည်ငြိမ်သွားလိမ့်ဦးမည်မဟုတ်ချေ။ 


“ရတယ်” ဝေ့ချန်က ဝေ့ဟွား၏ ဖိတ်ကြားမှုကို လက်ခံလိုက်သည်။ 


ထို့နောက် သူတို့က အခြားကိစ္စများကို ပြောလိုက်ကာ ဖုန်းချလိုက်ကြသည်။ 


ထိုအချိန်တွင် ချန်လီက ရုပ်ပြစာအုပ်ကို ဖတ်နေဆဲဖြစ်သည်။ ဟွမ်ကျန်းကျန်း ရေးဆွဲထားသည့် ဇာတ်လမ်းက အတွဲခြောက်တွဲရှိကာ ချန်လီက နောက်ဆုံးအတွဲသို့ ရောက်နေပြီဖြစ်သည်။ ၎င်းက ချိုမြိန်သည့် အချစ်ဇာတ်လမ်းဖြစ်သည်။ ဇာတ်ကြောင်းတွင် အတက်အကျများရှိသော်လည်း အဓိကဇာတ်ကောင်နှစ်‌ယောက်၏ တစ်ယောက်အပေါ်တစ်ယောက် ထားရှိသည့် ယုံကြည်မှုများက ယိုင်နဲ့မသွားဘဲ တစ်ယောက်ကိုတစ်ယောက် နှလုံးသားတစ်ခုလုံးပုံ၍ ယုံကြည်ကြပြီး ကူညီထောက်ပံ့ပေးကြလေသည်။ 


သေချာသည်ကတော့ ဤစာအုပ်က စိတ်လှုပ်ရှားဖွယ်ကောင်းသည့် ဇာတ်ကြောင်းဖြစ်သည်သာမက အလွန်ပူလောင်သည့် အခန်းများလည်း ပါဝင်သည်။ ချန်လီက ဝေ့ချန်အား ဆက်ဆံပုံ၏ အနေအထားများကို ကိုးကားရာတွင် ထိုရုပ်ပြစာအုပ်ကို တစ်ကြိမ်ထက်မက အသုံးပြုခဲ့သည်။ 


ဝေ့ချန်က ချန်လီ၏ စနောက်မှုများကို အကြိမ်များစွာခံခဲ့ရသော်လည်း အကြိမ်တိုင်းတွင် ချန်လီ၏ခံနိုင်ရည်များကို အထင်သေးခဲ့သည်။ 


ဤအခိုက်အတန့်တွင် ချန်လီက ကောင်းမွန်သည့် ကားမောင်းအရည်အချင်းများရှိသည့် ဇိမ်ခံကားတစ်စီးကို မြင်လိုက်ရသည်။ ချန်လီ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုများဖြင့်တောက်ပသွားတော့သည်။ ဝေ့ချန် ဖုန်းပြောပြီးသည့်အခါ ချန်လီကစာအုပ်ကိုကိုင်၍ ဖိနပ်ပါးများကို စီးကာ ဝေ့ချန်ဆီသို လျှောက်သွားလိုက်သည်။


ချန်လီက ရုပ်ပြစာအုပ်ကိုကိုင်ရင်း လျှောက်လာသည်ကိုမြင်သောအခါ ချန်လီစိတ်ထဲတွင် ဘာရှိနေမှန်း ဝေ့ချန် သိလိုက်သည်။ သူ့ရင်ဘတ်တွင် တင်းကြပ်မှုကို ခံစားလိုက်ရ၏။ ချန်လီက ဤကမ္ဘာသစ်ကို ရှာဖွေတွေ့ရှိသွားပြီး ၎င်း၏ သာယာမှုများကို မြည်းစမ်းလိုက်သည်နှင့် သူက ရဲတင်းလာကာ စိတ်အားထက်သန်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။ သေချာသည်ကတော့ ချန်လီ၏ ကျန်းမာရေးသာ ကောင်းမွန်နေပါက ဝေ့ချန်က သူနှင့် အကြိမ်အနည်းငယ်လောက် ဆက်လုံးထွေးရမည်ကို စိတ်မရှိချေ။ သို့သော်လည်း ပြဿနာက ချန်လီမှာ အားနည်းနေဆဲဖြစ်သည်။ ယခင်တစ်ခေါက်က တစ်ကြိမ်နှင့်တင် သူ သတိလစ်မလိုဖြစ်သွားသေးသည်။ 


ချန်လီ၏ လက်ရှိချို့ယွင်းချက်ကြောင့် ဝေ့ချန်က ချန်လီ၏ ကျန်းမာရေးကို လျစ်လျူရှု၍မနေနိုင်ချေ။သူ တိတ်ဆိတ်စွာနှင့် နာကျင်မှုကို ကြိတ်မှိတ်ခံစားလိုက်မည်။ 


ထို့ကြောင့် ဒီတစ်ခေါက် ချန်လီပြောမလာခင်မှာတင် ဝေ့ချန်ပြောလိုက်၏။ “လီလီ…ပြီးရင် ကိုယ် အစည်းအဝေးရှိသေးတယ်…ကိုယ်နဲ့လိုက်ခဲ့ချင်လား”


ချန်လီ ချက်ချင်း ပြောလိုက်သည်။ “အင်း”


ဝေ့ချန်က ချန်လီကို ဆံပင်များကို ဖွ၍ ပြောလိုက်သည်။ “ကိုယ် စာရွက်စာတမ်းတွေ သွားပြင်လိုက်ဦးမယ်” 


ချန်လီ ခေါင်းညိတ်လိုက်သည်။ 


ဝေ့ချန် အလုပ်လုပ်နေလျှင် ချန်လီ သူ့ကို နှောင့်ယှက်လိမ့်မည်မဟုတ်ကြောင်း သူသိသည်။ ထို့ကြောင့် ချန်လီက တိတ်တဆိတ်နှင့် ရုပ်ပြစာအုပ်များကို သိမ်း၍ တီဗီဖွင့်လိုက်ကာ လိုင်းကို ကလေးလိုင်းသို့ ပြောင်းလိုက်ပြီး ကာတွန်းကားကြည့်ရင်း ဝေ့ချန်နှင့် အပြင်သွားရန် စောင့်နေလိုက်သည်။ 


ဝေ့ချန်က မစ္စတာမော်ရေးနှင့် အစည်းအဝေးလုပ်ရန် စာရွက်စာတမ်းများ ပြင်ဆင်ပြီးနောက် သပ်သပ်ရပ်ရပ် ဝတ်စားလိုက်ကာ နက်ကတိုင်ကို ပြုပြင်ရင်း ချန်လီကို ပြောလိုက်သည်။


 “လီလီ…သွားရအောင်”


“အင်း” ချန်လီက တီဗီကိုပိတ်လိုက်ကာ ဝေ့ချန်ဘေးသို့ သွား၍ လက်တွဲလိုက်ပြီး နွေးထွေးစွာ ပြုံးပြလိုက်သည်။ 


နှစ်ယောက်သား လက်ချင်းတွဲ၍ ထွက်သွားလိုက်ကြသည်။ 


ထိုအချိန်တွင် မစ္စတာမော်ရေးက အခန်းထဲတွင် သူ၏လက်ထောက် ပေးလာသည့် စာရွက်စာတမ်းများကို သေချာ ပြန်ကြည့်နေ၏။ ၎င်းက ဝေ့ဟွား၏ အချက်အလက်များဖြစ်သည်။ မနေ့က အဖြစ်အပျက်ပြီးနောက် မစ္စတာမော်ရေးက သူ့သမီး၏ ဇာတ်လမ်းတွင် ပြဿနာအချို့ရှိနေကြောင်း ခံစားလိုက်ရသည်။ ထို့ကြောင့် သူက လျင်မြန်စွာနှင့် လက်ထောက်အား ဝေ့ဟွား၏ကို နောက်ခံကို စုံစမ်းခိုင်းခဲ့သည်။ ထိုစုံစမ်းမှုအတွင်းတွင် မစ္စတာမော်ရေးက လီနာ၏ “ညစ်ညမ်းမှု” များကို ရှာဖွေတွေ့ရှိခဲ့သည်။ 


ဝေ့ဟွား ယူအက်စ်တွင် ရှိနေချိန်၌ လီနာက ဝေ့ဟွားကို နှောင့်ယှက်ရန် ညစ်ညမ်းသည့်နည်းလမ်းများကို မရေမတွက်နိုင်အောင် အသုံးပြုခဲ့သည်။ ဝေ့ဟွားအနားတွင် တစ်ယောက်ယောက်ပေါ်လာသည်နှင့် သူတို့၏ ဆက်ဆံရေးက ဘာပဲဖြစ်နေပါစေ၊ လီနာကို သူတို့ကို ရှင်းထုတ်ရန် စီစဥ်မြဲဖြစ်၏။ အချို့ပြင်းထန်သည့်ကိစ္စများတွင်ဆိုလျှင် သေဆုံးမှုများဖြစ်ခါနီးပင်ဖြစ်ခဲ့၏။


ဒါက သူ့သမီး လီနာမော်ရေးလား…။


လက်ထဲမှ အချက်အလက်များကိုကြည့်ရင်း မစ္စတာမော်ရေးက ဇာတ်လမ်းတစ်ပုဒ်ကို ဖတ်နေသကဲ့သို့ ခံစားလိုက်ရသည်။ သူ့အရှေ့တွင် နာခံမှုရှိပြီး လိမ္မာသည့်သမီးက နောက်ကွယ်တွင် နတ်ဆိုးတစ်ကောင်ဖြစ်နေသည်ပင်။ မနေ့က လူအများကြီးရှိနေသည့်နေရာတွင် လူတစ်ယောက်အား ဆေးခပ်ရဲသည်မှာ အံ့ဩစရာမကောင်းတော့ပေ။ 


“လီနာမော်ရေး” မစ္စတာမော်ရေး ဒေါသထွက်သွားတော့သည်။ သူက အချက်အလက်များကို ကော်ဖီစားပွဲပေါ်သို့ တင်လိုက်ပြီး လီနာ့ကိုအော်ခေါ်လိုက်သည်။ 


အချိန်အတော်ကြာပြီးနောက် လီနာက အောက်တွင် ဘာမှမပါဘဲ ပိုးသားညအိပ်ဝတ်စုံလေးကိုသာ ဝတ်၍ အခန်းထဲမှထွက်လာလေသည်။ အနောက်တိုင်းသားများက ထိုမြင်ကွင်းမျိုးကို နေသားကျသော်လည်း အခန်းထဲတွင် တရုတ်ဘာသာပြန်များလည်းရှိနေရာ ထိုမြင်ကွင်းကြောင့် သူ့ကို မသက်မသာဖြစ်စေကာ ခေါင်းငုံ့သွားစေသည်။ 


“ပြန်ဝင်ပြီး အဝတ်အစားပြန်လဲလာခဲ့…ပြီးမှ ထွက်လာ” မစ္စတာမော်ရေးက ဒေသတွင်း ဓလေ့ထုံးတမ်းများနှင့် လိုက်လျောညီထွေဖြစ်စေရန် အရေးကြီးကြောင်းကို သိရှိထားပြီး လီနာ၏ လက်ရှိဝတ်စားဆင်ယင်မှုကို ပြင်းပြင်းထန်ထန် မကြိုက်ပေ။ 


လီနာက မစ္စတာမော်ရေး၏ ဒေါသကို ခံစားမိပုံရကာ နာနာခံခံနှင့် အနည်းငယ် ဖော်လွန်းနေသည့် အဝတ်အစားကိုလဲရန် အထဲသို့ ပြန်ဝင်သွားလိုက်သည်။ 


“ထိုင်” မစ္စတာမော်ရေးက မျက်နှာချင်းဆိုင်ရှိ ထိုင်ခုံကို ညွှန်ပြလိုက်သည်။


လီနာ နာနာခံခံနှင့် ထိုင်ချလိုက်သည်။ 


မစ္စတာမော်ရေးက သူရှာတွေ့ထားသည့် အချက်အလက်များကို လီနာအရှေ့သို့ တိုးပေး၍ ပြောလိုက်သည်။ “ကိုယ့်ဘာသာကြည့်ပြီး ငါ့ကိုဘာပြောချင်လဲ စဥ်းစားစမ်း”


လီနာက ဆိုဖာပေါ်တွင် ပျင်းရိစွာ နေနေရင်း မစ္စတာမော်ရေး သူမကိုပေးလာသည့် အချက်အလက်များကို ကြည့်လိုက်သည်။ ထို့နောက် စိုးရိမ်ပူပန်မှုမရှိဘဲ ပြောလာလေသည်။ 


“ဒယ်ဒီ…သမီးက သမီးရဲ့ မင်းသားလေးကို လိုက်ပိုးပန်းနေတာလေ…အဲ့ဒါဘာဖြစ်လို့လဲ”


လီနာ ပြောသည့် စကားများက မှန်သည်ဟု တွေးလိုက်ရင်း မစ္စတာမော်ရေး ခဏလောက် ဆွံ့အသွားသည်။ ထို့နောက် သူ၏လက်ထောက်က မစ္စတာမော်ရေး၏ နားနားသို့ ကပ်၍ တီးတိုးဆိုလာသည်။ 


“ဘော့စ်…ချန်ဖုန်းအုပ်စု၊ ဈေးကွက်မြှင့်တင်ရေးဌာနဒါရိုက်တာဝေ့က တွေ့ချင်နေပါတယ်…အထဲကို ဝင်ခိုင်းလိုက်ရမလား”


ချန်ဖုန်းအုပ်စုရဲ့ ဈေးကွက်မြှင့်တင်ရေးဌာနဒါရိုက်တာ…။ အမှတ်မထင်တွေ့ဆုံသလို ကြိုးကိုင်ခဲ့ပြီး ဝေ့ဟွား၏ကိစ္စများတွင် ပါဝင်ပတ်သက်ခဲ့တဲ့ အဲ့ဒီဝေ့ချန်လား…။


မစ္စတာမော်ရေးသာ ပုံမှန်အတိုင်းပြုမူနေပါက ဝေ့ချန်အပေါ် အထင်အမြင်ကောင်းများမရှိသောကြောင့် သူနှင့်တွေ့ရန် ခွင့်ပြုလိမ့်မည်မဟုတ်ပေ။ သို့သော်လည်း ယခုအခိုက်အတန့်တွင် သူက သူ့သမီးကြောင့် ဒေါသထွက်နေပြီး အာရုံလွှဲပြောင်းရန် လိုနေသောကြောင့် အပြောင်းအလဲတစ်ခုခုလုပ်သည်က ကောင်းလိမ့်မည်ဟု မစ္စတာမော်ရေးဆုံးဖြတ်လိုက်သည်။ သို့မဟုတ်ပါက နောင်တရမည့်အရာတစ်ခုခုလုပ်လိမ့်မည်ကို သူကြောက်မိသည်။ မစ္စတာမော်ရေးက ယူအက်စ်မှာတောင် သူ၏ ဒေါသကြောင့် လူသိများလေသည်။ 


သို့သော်လည်း ဝေ့ချန်အပေါ် မစ္စတာမော်ရေး၏ အထင်အမြင်များက ယခင်ကလောက်မဆိုးတော့ပေ။ အကြောင်းမှာ ဝေ့ချန်က သူ့ကို လွန်ခဲ့သည့် ရက်အနည်းငယ်တွင် မဆက်သွယ်ခဲ့သောကြောင့်ဖြစ်သည်။ ဝေ့ချန်တွင် သူ၏ ဆက်သွယ်နိုင်သည့် အချက်အလက်ရှိသော်ငြား ဝေ့ချန်က သူ့ကို သာမန်နည်းများဖြင့်သာ သူ့ကို တွေ့လာသည့်အချက်က မျှော်လင့်ချက်တစ်ခုကို ဖော်ပြနေသလိုပင်။ 


မစ္စတာမော်ရေးက ကိုယ်နေဟန်ထားကို ပြုပြင်ရင်း ဆိုဖာပေါ်တွင် ထိုင်နေသည့် သူ့သမီးကို ပြောလိုက်သည်။ “ဒီနေ့ကစပြီး ယူအက်စ်ကို ပြန်တဲ့ နှစ်ရက်အတွင်း အပြင်ထွက်ခွင့်မရှိဘူး…တံခါးမှာစောင့်နေဖို့ တစ်ယောက်ယောက်ကို ခိုင်းလိုက်မယ်”


လီနာ စိတ်ညစ်သွားသည်။ သူမ မနေ့ညကမှ လူချောလေးတစ်ယောက်နှင့်တွေ့ဆုံခဲ့ပြီး ဒီနေ့ညတွင် ပျော်ပါးကြရန် စီစဥ်ထား၏။ သူမ ဘယ်လိုလုပ် အိမ်မှာပဲနေနိုင်ပါ့မလဲ…။


“ဒယ်ဒီ…အဲ့လိုလုပ်လို့မရဘူး” လီနာက မစ္စတာမော်ရေး၏ ထွက်ခွာသွားသည်ကိုကြည့်၍ အော်လိုက်သည်။ 


သို့သော်လည်း မစ္စတာမော်ရေးက သူ့သမီးကို ဂရုစိုက်ရန် စိတ်ပိုင်းဖြတ်ထားပြီးပြီဖြစ်သည်။ သူလွယ်လွယ်နှင့် နူးညံ့သွားတော့မည်မဟုတ်ပေ။ 


လီနာက ဒေါသတကြီးဖြင့် လက်ထဲမှ အချက်အလက်များကို ပစ်ပေါက်လိုက်သည်။ 



သူ့ဝန်ထမ်းများ ဝိုင်းရံရင်းဖြင့် မစ္စတာမော်ရေးက ချန်လီနှင့် ဝေ့ချန်တို့ရှိနေသည့် အစည်းအဝေးခန်းသို့ ရောက်လာခဲ့သည်။ ဝေ့ချန်က ထိုလူငယ်လေးအား ခေါ်လာသည်ကို တွေ့သောအခါ ဝေ့ချန်အပေါ်ရှိနေသည့် မစ္စတာမော်ရေး၏ အတွေးအမြင်များမှာ ပိုဆိုးသွားတော့သည်။ 


မစ္စတာမော်ရေး၏မျက်လုံးထဲတွင် လက်ရှိဝေ့ချန်က သေးငယ်သောလှည့်ကွက်များနှင့် မြှောက်ပင့်ပြောဆိုမှုများကို အားကိုးကာ လိမ္မာပါးနပ်ပြီး လှည့်စားတတ်သောသူသာဖြစ်သည်။ ထိုကဲ့သို့သော လူမျိုးက သူလက်တွဲလုပ်ချင်သည့် လူမျိုးမဟုတ်ပေ။ သူက ဝေ့ချန်၏ ကုမ္ပဏီနှင့် ပူးပေါင်းမှုကိုငြင်းဆိုရန်ပင် တွေးနေလိုက်သည်။ 


သူ၏ အတွင်းဘက်တွင်မနှစ်သက်မှုများ ရှိနေသော်လည်း ဒီနေရာသို့ ရောက်နေပြီဆိုသောကြောင့် မစ္စတာမော်ရေးက ဝေ့ချန်တွင် မည်သည့်လှည့်ကွက်များကျန်သေးကြောင်း ကြည့်ချင်သေးသည်။ သူက ယခုအခိုက်အတန့်ကို ဖျော်ဖြေရေးတစ်ခုဟုသာ မှတ်ယူထားလိုက်၏။


“မစ္စတာမော်ရေး…မဂ်လာပါ…ကျွန်တော်က ချန်ဖုန်းအုပ်စုရဲ့ ဈေးကွက်မြှင့်တင်ရေးဒါရိုက်တာ ဝေ့ချန်ပါ” ဝေ့ချန်က သူ၏ လုပ်ငန်းကတ်အား ကမ်းပေးလိုက်သည်။ လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းက ဆွဲဆောင်မှုနှင့် ယုံကြည်ချက်များထုတ်လွှတ်နေသည်။


 “တွေ့ရတာဝမ်းသာပါတယ်”


“မဂ်လာပါ” မစ္စတာမော်ရေးက ဝေ့ချန်ကို ခေါင်းတစ်ချက်ညိတ်ပြ၍သာ တုံ့ပြန်လိုက်လေသည်။ 


“ကျွန်တော်နဲ့ တွေ့ဖို့ အချိန်ပေးတဲ့အတွက် မစ္စတာမော်ရေးကို ကျေးဇူးတင်ပါတယ်…ဒါက တရုတ်ဈေးကွက်မှာ မက်စ်ကို တိုးတက်မြှင့်တင်ပေးဖို့ ကျွန်တော်တို့ ကုမ္ပဏီက ပြင်ဆင်ထားတဲ့ အဆိုပြုချက်ပါ…ကျေးဇူးပြုပြီး ကြည့်ကြည့်ပါဦး” ဝေ့ချန်က ပြောလိုက်ပြီး ဖိုင်ကို မစ္စတာမော်ရေးဆီသို့ ပေးလိုက်သည်။ 


ဝေ့ချန်၏ တိုက်ရိုက်ဆန်သည့် ချဥ်းကပ်ပုံက မစ္စတာမော်ရေးကို အံ့ဩသွားစေသည်။ ဝေ့ချန်က သူ၏ သံသယများကိုဖြေရှင်းရန် Wရှေးဟောင်းမြို့တော်သို့ ဘာကြောင့် ရောက်နေကြောင်း အရင်ရှင်းပြလာလိမ့်မည်ဟု ထင်ထားခဲ့တာဖြစ်သည်။ သို့သော်လည်း ဝေ့ချန်က ထိုသို့လုပ်မလာဘဲ တရုတ်ဈေးကွက်တွင် မက်စ်၏ တိုးတက်မြှင့်တင်ရေး အဆိုပြုချက်အား တင်ပြလာလေသည်။


မစ္စတာမော်ရေး ဝေ့ချန်ကို ခဏလောက် စူးစိုက်ကြည့်လိုက်ပြီးနောက် အကြည့်များကို ဖိုင်ပေါ်သို့ ရွှေ့လိုက်သည်။ ဖတ်ပြီးနောက် ဝေ့ချန်က ထူးချွန်ကြောင်း မစ္စတာမော်ရေးဝန်ခံရပေမည်။ အဆိုပြုချက်က တစ်ကယ်ကို ပြီးပြည့်စုံသည်။ သူသာ ဝေ့ချန်၏ အကျင့်စရိုက်ကို သိမထားခဲ့ပါက ဆက်လက်မဆွေးနွေးတော့ဘဲ ချက်ချင်း လုပ်ပိုင်ခွင့်နှင့် အခြားစာချုပ်များကိုပါ လကမှတ်ထိုးပေးလိုက်မှာဖြစ်သည်။ 


ဝေ့ချန်၏ တရုတ်ဈေးကွက်ကိုနှင့် မက်စ်ကို နားလည်နိုင်စွမ်းက တကယ်ကို ပြောင်မြောက်သည်ကိုတော့ မစ္စတာမော်ရေး အသိအမှတ်ပြုရမည်။ မစ္စတာမော်ရေးပင် အမှားအယွင်းရှာမတွေ့နိုင်သည့် ယခုကဲ့သို့ ချို့ယွင်းချက်မရှိသော အဆိုပြုချက်တစ်ခုကို ဝေ့ချန် ဖန်တီးနိုင်ခဲ့လေသည်။ ထို့အပြင် အနာဂတ်၌ မက်စ်နှင့် ချန်ဖုန်းအုပ်စုအတွက် နှစ်ဖက်စလုံးအကျိုးအမြတ်ရနိုင်သည့် အခြေအနေကိုပင် မျှော်မှန်းထားသေးလေသည်။ 


ဒါပေမယ့် နှမြောဖို့ ကောင်းလွန်းတယ်…


တကယ်ကို နှမြောဖို့ ကောင်းတယ်…။


ဝေ့ချန်၏ အကွက်ချမှုများကြောင့်သာမဟုတ်လျှင် တရုတ်နိုင်ငံသို့ သူ၏ခရီးက အောင်အောင်မြင်မြင် အဆုံးသတ်သွားမှာ ဖြစ်သည်။ 


မစ္စတာမော်ရေးက စိတ်ထဲတွင် သက်ပြင်းချလိုက်ရင်း သူက မရေရာသည့်အရာများကို သည်းမခံနိုင်သည့် လူမျိုးဖြစ်ကြောင်း သတိပေးလိုက်သည်။ ဝေ့ချန်က ဤသို့ ညံ့ဖျင်းသည့် အထင်အမြင်များဖြစ်စေခဲ့သည်ကို သာ အပြစ်တင်ရလိမ့်မည်။ သို့မဟုတ်ပါက အံ့ဩဖွယ်ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်လာနိုင်သည်။ 


“ကျုပ်စဥ်းစားဖို့ အချိန်ယူရလိမ့်မယ်” မစ္စတာမော်ရေးပြောလိုက်သည်။ ကမ်းလှမ်းချက်က ပြီးပြည့်စုံပြီး သူနှင့် ဝေ့ချန်နှင့် လက်တွဲမလုပ်ချင်လျှင်တောင်မှ ချက်ချင်းငြင်းလိုက်၍မဖြစ်ပေ။ 


“ မစ္စတာမော်ရေး…ကျေးဇူးပြုပြီး အချိန်ယူပြီး စဥ်းစားပါ” ဝေ့ချန်ပြန်ပြောလိုက်သည်။ ထို့နောက်သူက ချန်လီ၏ လက်ကိုကိုင်၍ မတ်တပ်ရပ်ကာ မစ္စတာမော်ရေးကို ခေါင်ညိတ်ပြလိုက်သည်။ 


“ဒီနေ့ အချိန်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”


မစ္စတာမော်ရေး အနည်းငယ် ကြောင်အမ်းသွားသည်။ ဝေ့ချန်က ဒီအတိုင်းထွက်သွားတော့မှာလား…။ သူ့ဘေးက လူငယ်လေးကို မိတ်ဆက်မပေးတော့ဘူးလား…။ မစ္စတာမော်ရေးက ထိုလူငယ်လေး၏ ပန်းချီလက်ရာကို ကြိုက်နှစ်သက်ကြောင်း သေချာပြောပြခဲ့ဖူးသည်လေ..။


မစ္စတာမော်ရေး အတွေးများနေစဥ် ဝေ့ချန်က တံခါးဝ၌ ရပ်တန့်လိုက်သည်။ ဝေ့ချန်က နောက်ဆုံးတွင် လူငယ်လေးအား မိတ်ဆက်ပေးတော့မည်ဟု ထင်လိုက်သော်လည်း ထိုအစား ဝေ့ချန်က သူ့ကို စကားတစ်ခွန်းဆိုလာခဲ့သည်။ 


“မစ္စတာမော်ရေး…တစ်ခါတလေကျ မျက်စိနဲ့မြင်နေရတာကပဲ အမှန်တရားမဟုတ်ပါဘူး…ပြီး‌တော့ တစ်ဖက်သတ် ထင်မြင်ချက်တွေကလည်း အမှန်တရားကနေ ပိုပြီးဝေးပါသေးတယ်” 


သို့သော်ငြား ဝေ့ချန်က လူငယ်လေးကို မိတ်ဆက်ပေးမလာဘဲ ထွက်သွားတော့သည်။ 


မစ္စတာမော်ရေးမျက်မှောင်ကြုတ်လိုက်ကာ ဝေ့ချန်၏ စကားလုံးများကို စဥ်းစားနေလိုက်သည်။ 


“ဘော့စ်” သူ၏လက်ထောက်က ထိုအချိန်တွင် အချက်အလက်တစ်ခု ပေးလာသည်။


 “ကျွန်တော်တို့ လူကြီးမင်းဝေ့ဟွားအကြောင်းကို စုံစမ်းခဲ့တုန်းက လူကြီးမင်းဝေ့ချန်နဲ့ လူကြီးမင်းဝေ့ဟွားတို့က ဝမ်းကွဲညီအစ်ကိုတွေဆိုတာ သိခဲ့ရပါတယ်…ဒာကကောင့် ကျွန်တော်တို့ လူကြီးမင်းဝေ့ချန်ရဲ့ နောက်ကြောင်းကိုလည်း စစ်ဆေးခဲ့ပါတယ်…သူနဲ့သူအုပ်စုက တနလ်ာနေ့တုန်းက ဟိုတယ်မှာ အခန်းနှစ်ဆယ်ကျော် ဘိုကင်တင်ခဲ့ပါတယ်…ကြည့်ရတာ အုပ်စုလိုက် ခရီးထွက်တဲ့ပုံပါပဲ…လူကြီးမင်းဝေ့ချန်နဲ့ အတူပါလာတဲ့ လူငယ်လေးက တရားဝင်လက်ထပ်ထားတဲ့ ပါတနာဖြစ်ပြီး အော်တစ်ဇင်ဖြစ်နေတာပါ…အဲ့ဒါကြောင့် လူကြီးမင်းဝေ့ချန်က သူ့ကိုဘေးမှာအမြဲထားပြီး ဂရုစိုက်ပေးနေရတာပါ”


အချက်အလက်များကို နားထောင်ပြီးနောက် မစ္စတာမော်ရေး ဝေ့ချန်၏ စကားများကို ပြန်အမှတ်ရသွားသည်။ 


“တစ်ခါတလေကျ မျက်စိနဲ့မြင်နေရတာကပဲ အမှန်တရားမဟုတ်ပါဘူး…ပြီးတော့ တစ်ဖက်သတ် ထင်မြင်ချက်တွေကလည်း အမှန်တရားကနေ ပိုပြီးဝေးပါသေးတယ်”


သူ့တစ်ဖက်သတ်ယူဆချက်များ၊ မျက်စိဖြင့် မြင်ခဲ့သည်များကြောင့် ဤအရည်အချင်းရှိသည့် လူငယ်လေးကို မတရားစွပ်စွဲမိသွားမှန်း မစ္စတာမော်ရေး သဘောပေါက်သွားရလေသည်။




💘