ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ
အပိုင်း (၈၀)
အိုး ...
သူမက အခိုင်အမာ ဆုံးဖြတ်ချက် ချပြီးမှ ကျွန်မကို တွေ့ရန် ဆင်းလာခဲ့ပုံ ရသည်။
သူမက ကျွန်မကို အလွန်မုန်းတီးမှန်း သိသော်လည်း ထိုသို့ ရွံရှာမုန်းတီးနေမှုကို ဗလာသက်သက် မြင်လိုက်ရချိန်တွင် ကျွန်မ ခံစားချက်မကောင်းတော့ပေ။
ကျွန်မ အနည်းငယ် ညည်းညူလိုက်ပြီး ပခုံးများကို ညွှတ်ထားလိုက်သည်။
ဆိုဗက်စ်စတာက ကျွန်မ၏ကျောပေါ်သို့ သူ့လက်ကို တင်လိုက်၏။
"ဒါ့အပြင် ကျွန်တော့်ဇနီးက မြို့စားမင်းကြီးကတော်အတွက် လက်ဆောင်တစ်ခု ပြင်ဆင်ထားပါသေးတယ်။"
"လက်ဆောင်လား။"
မြို့စားမင်းကြီးကတော်နှင့်အတူ ကျွန်မလည်း လိုက်တွေးမိလိုက်သည်။
လက်ဆောင်က ဘာများလဲ။ရှင် ကျွန်မကို ဘာလို့ မပြောရတာလဲ။
မြို့စားမင်းကြီးကတော်က ဆိုဗက်စ်စတာကို မသိမသာ စိုက်ကြည့်နေသည့်တိုင် သူက စိတ်မရှိပေ။
လက်ဆောင်သေတ္တာကို ယူလာရန် လူတစ်ယောက်ကို အမိန့်ပေးလိုက်၏။
"ကျွန်တော် ဒါကို မြင်လိုက်တာကတော့ ဘာမှ များများစားစား မဟုတ်ရပါဘူး။ဒါပေမဲ့ ဒီထဲမှာ ကျွန်တော့်ဇနီးဖြစ်သူရဲ့ စိတ်ရင်းအမှန် ပါပါတယ်။ဒီတော့ ကျေးဇူးပြုပြီး ဒါကို လက်ခံပေးပါ။"
ဆိုဗက်စ်စတာက ထိုသို့ပြောရင်း ကျွန်မ၏ပခုံးဘေးကို တစ်ချက်ပုတ်လိုက်သည်။
အာ
ကျွန်မ ခေါင်းငုံ့ထားမိသည်။
"ဟုတ်ပါတယ်၊မြို့စားမင်းကြီးကတော်ရှင့်။ကျေးဇူးပြုပြီး ဒါလေးကို လက်ခံပေးပါရှင်။"
မြို့စားမင်းကြီးကတော်က အလိုမကျသော မျက်နှာဖြစ်နေသည့်တိုင် ဆက်လက်ငြင်းပယ်လိုခြင်း မရှိပုံရ၏။
ထို့ကြောင့် လက်ဆောင်သေတ္တာကိုင်ထားသောလူကို ကျွန်မ အချက်ပြလိုက်သည်။
"ယူလာခဲ့ချေ။"
လက်ဆောင်သေတ္တာကို မြို့စားမင်းကြီးကတော်၏အရှေ့တွင် ချထားလိုက်၏။
မြို့စားမင်းကြီးကတော်က ကျွန်မကို တစ်ချက်ကြည့်လိုက်ပြီးမှ ဖြည်းညှင်းစွာ လက်လှမ်း၍ လက်ဆောင်သေတ္တာကို ဖွင့်လိုက်သည်။
သေတ္တာထဲတွင် ဘာပါသည်ကို ကျွန်မလည်း မသိလေရာ လည်ပင်းကို ဆန့်၍ သေတ္တာထဲသို့ လှမ်းကြည့်လိုက်သည်။
သေတ္တာအတွင်း၌
"မှန်တစ်ချပ်လား"
ကျောက်မျက်များဖြင့် စီခြယ်အလှဆင်ထားသော မှန်တစ်ချပ်ဖြစ်လေသည်။
ဒါက ဘာလဲ။
သူမကို ဆန်စေ့နဲ့တူတယ်ဆိုပြီး ငါ သူမကို စော်ကားပြောဆိုခဲ့တာ အတော်လေး ကြာခဲ့ပြီ။ဒါပေမဲ့ သူက သူမကို မှန်တစ်ချပ် ပေးလိုက်တယ်။
ဒါကလဲ စော်ကားနည်းတစ်မျိုးပဲ မဟုတ်ဘူးလား။
ကျွန်မ ထိုသို့ တွေးတောနေစဥ် ...
"အမှန်တော့ ကျွန်တော့်ဇနီးက မြို့စားမင်းကြီးကတော်ကို တကယ်ပဲ မနာလိုဖြစ်နေခဲ့တာပါ။"
ဒီလို အဓိပ္ပါယ်မရှိတာက ဘာလဲ။
ကျွန်မ မှင်တက်နေသော မျက်နှာထားဖြင့် ဆိုဗက်စ်စတာကို ကြည့်လိုက်မိသည်။
သို့သော် ဆိုဗက်စ်စတာက ကျွန်မဘက်သို့ ပြန်လှည့်မကြည့်ဘဲ စကားဆက်ပြောနေခဲ့၏။
"အဲ့ဒီအသားအရည်က ဆန်လို ချောမွတ်လှပါတယ်တဲ့ ခင်ဗျ။"
"..."
မြို့စားမင်းကြီးကတော်မှာ ဝေခွဲမရဖြစ်နေသော အမူအရာဖြင့် ကျွန်မကို ကြည့်လာလေသည်။
ငါ ဘယ်လို ပြောသင့်လဲ။
ကျွန်မ၏ဦးနှောက်ကို အလျင်အမြန် အလုပ်ပေးလိုက်ရသည်။
"ရှက်ရွံ့မိပေမဲ့ ဒါက အမှန်ပါပဲရှင်။ရှင့်ရဲ့ လှပတဲ့အသားအရည်ကို ကျွန်မ မနာလိုဖြစ်မိတာကြောင့် မကောင်းတဲ့စကားကို ပြောမိသွားတာပါ။"
"ရှင်က ကျွန်မကို ယုံစေချင်နေတာလား။"
ရှင် မယုံချင်ရင်လဲ မယုံနဲ့ပေါ့။ကျွန်မလဲ မယုံနိုင်ဘူး ဖြစ်နေတာပဲလေ။
ထိုသို့ ပြောလိုက်ပါက ရန်ပွဲ ဖြစ်သွားရလိမ့်မည်။ထို့ကြောင့် ကျွန်မ ရွေးချယ်စရာ မရှိဘဲ တည်ငြိမ်စွာ ပါးစပ်ပိတ်ထားရ၏။
"အမှန်ပါပဲ၊မြို့စားမင်းကြီးကတော်နဲ့ ဆုံပြီးကတည်းက ကျွန်တော့်ဇနီးဆို မှန်ရှေ့မှာပဲ အမြဲရောက်နေတော့တာဗျာ။"
"တကယ်လား"
"သူမ ဆိုးဆိုးရွားရွား ပြောဆိုခဲ့တဲ့ ခင်ဗျားရဲ့အသားအရည်လိုမျိုး ဆင်တူတဲ့ အသားအရည်ကို လိုချင်နေလို့သာ နေ့တိုင်း မှန်ကြည့်နေရတယ်လို့ ကျွန်တော် တွေးမိတယ်။ ဒီတော့ ကျွန်တော့်ရဲ့တောင်းပန်မှုကို ဖော်ပြတဲ့ လက်ဆောင်တစ်ခုပါ။ခင်ဗျား ဒါကို လက်ခံလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ဒီမှန်ကို ကျွန်တော့်ဇနီးကိုယ်တိုင် ဒီဇိုင်းဆွဲထားပေးခဲ့တာပါ။"
ဝါး
စကားတွေက သွက်လက်ချက်ချာနေပါလား။
ကျွန်မ ဘာမှမသိသည့်အတိုင်း ဆိုဗက်စ်စတာကို ကြည့်နေပြီးမှ အလျင်အမြန် ခေါင်းငြိမ့်ပြီး ပြောလိုက်ရသည်။
"ဟုတ်ကဲ့၊မှန်ပါတယ်ရှင့်၊ဒါက ကျွန်မကိုယ်တိုင် ဒီဇိုင်းဆွဲထားခဲ့တဲ့ မှန်လေးပါ။မြို့စားမင်းကြီးကတော်က ဒါလေးကို သဘောကျမယ်လို့ မျှော်လင့်ပါတယ်ရှင်။"
"..."
မြို့စားမင်းကြီးကတော်က ဘာမှထပ်မပြောဘဲ မှန်ကိုသာ ကြည့်နေခဲ့သည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုမှန်မှာ အလွန်တန်ဖိုးကြီးပုံ ပေါ်သည်။
မြှုပ်နှံထားသော ကျောက်မျက်များမှာ စိန်များ ဖြစ်နေသောကြောင့်တည်း။
ထိုအရာကို ရောင်းချလိုက်လျှင် အိမ်တစ်လုံး ဝယ်နိုင်သည်အထိ သင့်တင့်သည့် တန်ကြေးကို ရရှိလိမ့်မည်။
ဆိုဗက်စ်စတာက ထိုအတွက် ပိုက်ဆံအချို့ သုံးလိုက်ရပုံပင်။
ထင်ထားသည့်အတိုင်း ကျွန်မ၏ခင်ပွန်းမှာ အလွန်အံ့အားသင့်ဖွယ် ကောင်းသည်။
"ပြီးတော့..."
ဆိုဗက်စ်စတာသည် အစေခံ ညွှန်ပြပေးသော ခုံတစ်လုံးတွင် ထိုင်ချလိုက်၏။ကျွန်မလည်း သူ့ဘေးတွင် ဝင်ထိုင်လိုက်ရသည်။ထို့နောက် ဆိုဗက်စ်စတာက ပြောသည်။
"မကြာသေးခင်က အမဲလိုက်ပြိုင်ပွဲမှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စကို ခင်ဗျား ကြားမိသေးလား။"
မြို့စားမင်းကြီး၏မျက်လုံးများက ကျဥ်းမြောင်းသွားသည်။
"မင်း ဘာတွေ ပြောနေတာလဲ။"
"ကျွန်တော်က ဘာမှ မဟုတ်လောက်ဘူးလို့ ထင်ထားပေမဲ့ ထူးဆန်းနေတယ်ဗျ။ကျွန်တော် စောင့်ကြည့်နေခဲ့ချိန်မှာ တစ်ခုခု ကြီးကြီးမားမား ဖြစ်လာလို့ပဲ။"
ဆိုဗက်စ်စတာက ဆက်ပြောသည်။
"ကောင့်မြို့စားကတော်ဖလဲရ်က ကာဘန်ပန်းနဲ့ လုပ်ထားတဲ့ရေမွှေးကို ယူလာခဲ့တယ်လေ။ဒါကို မြို့စားမင်းကြီးကတော် သိနေမယ်လို့တော့ ကျွန်တော် မထင်ပါဘူး။ကာဘန်ပန်းအနံ့အကြောင်းကို သိတဲ့သူလောက်ပဲ သိကြတာလေ။"
"ဟုတ်ပါတယ်၊ဒါက ဘာဖြစ်လို့ပါလဲ။"
မြို့စားမင်းကြီးကတော်က ဖြေလျှင် ဆိုဗက်စ်စတာ ပြုံးလိုက်သည်။
"အဲ့ဒီရေမွှေးပုလင်းက ကျွန်တော့်ဇနီးရဲ့အနားမှာ ကျကွဲသွားတယ်လို့ ကျွန်တော် သိရပါတယ်။"
"အမှန်ပဲ၊မတော်တဆ အမှားလုပ်မိတာပါရှင်။"
"ဟုတ်ကဲ့၊ဒါပေမဲ့ဗျာ ..."
ဆိုဗက်စ်စတာက လေးနက်သော မျက်နှာထားတစ်ခုကို တမင်တကာ ပြုလုပ်လိုက်သည်။
"ဒါက သူမဘေးနားမှာ ရှိတဲ့ လေဒီငယ်လေးကို ထိခိုက်သွားစေခဲ့တာကြောင့် ပြဿနာတစ်ခု ဖြစ်သွားပါတယ်။"
"ထိခိုက်သွားစေတယ် ဟုတ်လား။"
မြို့စားမင်းကြီးကတော်က တအံ့တဩဖြင့် မေးလေသည်။ဆိုဗက်စ်စတာ ခေါင်းငြိမ့်ပြလိုက်သည်။
"ခင်ဗျား လေဒီငယ်လေးဂျက်စမင်ကို သိပါသလား။"
ဘာလို့ ဒီနေရာမှာ ဂျက်စမင်ရဲ့နာမည်က ပါလာရတာလဲ။
ကျွန်မ အံ့ဩသွားပြီး ဆိုဗက်စ်စတာကို ကြည့်လိုက်မိသည်။
သို့သော် ဆိုဗက်စ်စတာက ပေါ့ပါးစွာ ဆက်ပြောနေခဲ့သည်။
"လေဒီငယ်လေးက လမ်းပျောက်ပြီး တောအုပ်ထဲ ရောက်သွားပါတယ်။ဒါပေမဲ့ ကာဘန်ပန်းအနံ့ကြောင့် ဆွဲဆောင်ခံလိုက်ရတဲ့ ဘီလူးတွေက သူမဆီ အပြေးအလွှား ရောက်လာခဲ့ပြီးတော့ အများကြီး ဒုက္ခရောက်လုနီးပါး ဖြစ်သွားရတာပါ။"
"ဘုရားရေ"
မြို့စားမင်းကြီးက အော်လိုက်သည်။
"အန္တရာယ်များတဲ့ အရာပါလား။"
"မှန်ပါတယ်၊အတော်လေး အန္တရာယ်များတာပါ။"
ဆိုဗက်စ်စတာက ကျွန်မ၏လက်ကို စားပွဲခုံအောက်မှတစ်ဆင့် လှမ်း၍ ကိုင်လိုက်သည်။
ထိုအမူအရာ၏ အဓိပ္ပါယ်မှာ သူ ဂျက်စမင်နှင့် စကားပြောထားပြီးဖြစ်၍ ကျွန်မကို မစိုးရိမ်ပါရန် ပြောနေသကဲ့သို့ပင်။
ငါတောင် မသိလိုက်ရဘဲ သူက ဂျက်စမင်နဲ့ ဘယ်အချိန်မှာ စကားသွားပြောလိုက်ရတာလဲ။
ကျွန်မ အနည်းငယ် အံ့အားသင့်စွာဖြင့် ဆိုဗက်စ်စတာကို ကြည့်လိုက်မိသည်။
"ဒါကြောင့် ကျွန်တော် ကောင့်မြို့စားကတော်ဖလဲရ်ကို တရားစွဲဖို့ စဥ်းစားထားပါတယ်။"
ဆိုဗက်စ်စတာက မြို့စားမင်းကြီးကတော်ကို ကြည့်၍ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
"မြို့စားမင်းကြီးကတော်က တရားစွဲဆိုခံရတဲ့အထဲ ပါစရာအကြောင်းပြချက် မရှိတာကြောင့် ကျွန်တော် ဒီကိစ္စကို သေချာဂရုတစိုက် လုပ်ဆောင်ပေးမှာပါ။"
ထိုအခါမှသာ မြို့စားမင်းကြီးကတော်၏ပခုံးများမှာ လျော့ကျသွား၏။သူမက ဆိုဗက်စ်စတာ၏အကြည့်ကို ရှောင်ရှားရန် ကြိုးစားသည့်အနေဖြင့် ချောင်းဆိုးလိုက်သည်။
"အမှန်ပါပဲ၊အဲ့ဒီအချိန်က ကျွန်မ ဖလဲရ်နဲ့အတူ ရှိနေရုံသက်သက်ပါ၊ ဒါက သူမရဲ့ရေမွှေး ဟုတ်၊မဟုတ် မသိခဲ့ဘူး။"
"ကျွန်တော် သိပါတယ်။"
ဆိုဗက်စ်စတာက နှုတ်ခမ်းတွန့်လိုက်သည်။
"ကျွန်တော် ကြားခဲ့တာတစ်ခုက ဒီရေမွှေးကို မြို့စားမင်းကြီးကတော် ဝယ်ခဲ့တယ် ဆိုတာပါ။"
"ဘာ"
မြို့စားမင်းကြီး၏မျက်လုံးများ ပြူးကျယ်သွားသည်။
"ဒါ အမှန်ပဲလား၊မြို့စားမင်းကြီးကတော်။"
သူက နောက်လှည့်လိုက်ပြီး မြို့စားမင်းကြီးကတော်ကို မေးလေသည်။မြို့စားမင်းကြီးကတော်၏မျက်နှာမှာ သွေးဆုတ်ဖြူရော်သွား၏။
"မ ...မဖြစ်နိုင်တာ၊ အ...အမှန် မဟုတ်ပါဘူး။"
ရှင်က ဘာလို့ မဟုတ်ဘူးလို့ ပြောနေရတာလဲ။
ဒါက အမှန်ပဲဟာကို။
မြို့စားမင်းကြီးကတော်က ကျွန်မကို ဒုက္ခပေးရန်အတွက် ထိုရေမွှေးကို ယူလာခဲ့ခြင်း ဖြစ်သည်။
သူမ ခံစားရသည်ထက် ပို၍ ပြန်လည်ပေးဆပ်စေရမည်ဟု တစ်ခါက မြို့စားမင်းကြီးကတော်၏ ပါးစပ်မှ ထုတ်ပြောခဲ့ဖူးသည်။
ထို့အပြင် ဖလဲရ်သည် ထိုကိစ္စများကို သူမဘာသာ တစ်ယောက်တည်း လုပ်နိုင်မည့်သူ မဟုတ်ပေ။
သူမက တခြားသူများ၏ အကူအညီဖြင့်သာ အမြဲတမ်း ရှင်သန်နေထိုင်ခဲ့သည်။
မူလဇာတ်ကြောင်းတွင်လည်း ထိုသို့ ဖြစ်ရပ်အချို့ အကြိမ်များစွာ ပေါ်ပေါက်ခဲ့ပြီး ယခုအထိလည်း ထိုသို့ ဖြစ်နေဆဲပင်။
ဖလဲရ်သည် သူမ ဒုက္ခရောက်နေချိန်တွင် သူမဘေးနားရှိ လူများ၏ဩဇာအာဏာကို ချေးငှားအသုံးပြုလေ့ ရှိသည်။
ထို့ကြောင့် မြို့စားမင်းကြီးကတော်မှာ ကြံရာပါတစ်ယောက် ဖြစ်သည်က သေချာသည်။
သို့သော် ယခုအချိန်တွင် မြို့စားမင်းကြီးကတော်ကို ကျွန်မဘက်သို့ ပါလာအောင် လုပ်ရမည်ဟု တွေးမိသည်။
"ဟုတ်ပါတယ်၊အဲ့ဒါက မမှန်ပါဘူးရှင်။"
ထို့ကြောင့် ကျွန်မ နူးညံ့စွာ ပြုံး၍ မြို့စားမင်းကြီးကတော်ကို ပြောလိုက်သည်။
"ကောင့်မြို့စားကတော်ဖလဲရ်က ဒီရေမွှေးကို သူမဘာသာ ဝယ်လာတယ်လို့ ပြောခဲ့တာပါ။"
သူမ ထိုကဲ့သို့ လုံးဝမပြောခဲ့ချေ။
သို့သော် မြို့စားမင်းကြီးကတော်ကို ကျွန်မဘက် ရောက်လာစေချင်သောကြောင့် ကျွန်မ ထိုသို့ ပြောလိုက်ရ၏။
မြို့စားမင်းကြီးကတော်က ကျွန်မ၏စကားကြောင့် အံ့ဩသွားရသကဲ့သို့ ကျွန်မကို မျက်လုံးပြူး မျက်ဆန်ပြူးနှင့် ကြည့်လာသည်။
ကျွန်မ ပေါ့ပါးစွာ ပြုံးပြလိုက်သည်။
"မြို့စားမင်းကြီးကတော်က ဘာတစ်ခုမှ မလုပ်ခဲ့ပါဘူး။ဒီတော့ ဟန်နီရယ်၊သူတို့ မြို့စားမင်းကြီးမိသားစုကို ဆွဲထည့်လို့မရအောင် ရှင်ကပဲ သေချာ ဂရုစိုက်ပေးမယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။"
"ဒီလိုလား"
ဆိုဗက်စ်စတာက သိသိသာသာ စိတ်တိုနေသော သဘောထားဖြင့် ဆက်ပြောသည်။
"ဒါဆို ဒီလိုမျိုး ကောလာဟာလတွေ ထွက်အောင် လုပ်နေတဲ့သူကို ကိုယ်တို့ ဖမ်းဆီးရမှာပဲ။ဒါက ကောင့်မြို့စားကတော်ဖလဲရ်ဆီက ထွက်လာတဲ့စကားလဲ ဖြစ်နိုင်တယ်။ဒါပေမဲ့ ကိုယ်တို့ သေချာ စုံစမ်းကြည့်ရလိမ့်မယ်။"
သူ့စကားကြောင့် မြို့စားမင်းကြီးကတော်၏မျက်လုံးများမှာ အနည်းငယ် လှုပ်ခတ်သွားရ၏။
သူမ ထိခိုက်သွားမည်ကို စိုးရိမ်နေပုံရ၏။
ကျွန်မ သူမကို စိတ်အေးသွားအောင် လုပ်ပေးသင့်သည်ဟု တွေးလိုက်မိသည်။
"မှန်ပါတယ်၊ဒါပေမဲ့ ကျေးဇူးပြုပြီး မြို့စားမင်းကြီးကတော်ကို ဖယ်ထားပေးပါ။မြို့စားမင်းကြီးကတော်က တကယ်ကို အပြစ်မရှိတာကြောင့်ပါ၊ဟုတ်တယ်မလား မြို့စားမင်းကြီးကတော်ရှင့်။"
မြို့စားမင်းကြီးကတော်မှာ ကယ်တင်ရှင်နှင့် တွေ့လိုက်ရသော မျက်နှာဖြင့် ကျွန်မကို ကြည့်လာ၏။
"အမှန်ပါပဲ၊ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်မ ဘာတစ်ခုမှ မလုပ်ခဲ့ပါဘူး။"
သူမက ကျွန်မ၏လက်ကို လှမ်းဆွဲလိုက်သည်။
"ရှင် ဒါကို သိလို့ ကျွန်မ ဝမ်းသာပါတယ်၊ကျေးဇူးပါ။"
သူမက သက်ပြင်းချ၍ ပြောသည်။ကျွန်မ ပြုံးလိုက်ပြီး သူမ၏လက်ကို ဆုပ်ကိုင်လိုက်၏။
"ဟုတ်တာပေါ့၊ကျွန်မက မြို့စားမင်းကြီးကတော်ကို အသိအမှတ်ပြုရမှာပေါ့၊ကျွန်မဘေးမှာ ဒီလိုမျိုး လုပ်နိုင်တဲ့သူ တစ်ခြား ဘယ်သူများ ရှိသေးလို့လဲ။"
ကျွန်မ မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်သည်။
"အနာဂတ်မှာလဲ ကောင့်မြို့စားကတော် ဖလဲရ်နဲ့ ပတ်သက်တဲ့ ကိစ္စတွေ အများကြီး ရှိလာနိုင်ပါတယ်။ဒီတော့ ..."
မြို့စားမင်းကြီးကတော်က အောက်နှုတ်ခမ်းကို အနည်းငယ် ကိုက်ထားမိသည်။
"ရှင် ဘာပြောဖို့ ကြိုးစားနေတယ်ဆိုတာ ကျွန်မ နားလည်ပါတယ်။"
သူမသာ ဖလဲရ်နှင့် ဆက်နေလျှင် သူမ ဆိုးဆိုးရွားရွား ထိခိုက်လာနိုင်သည်ဟု ကျွန်မ ပြောရန် လုပ်နေခြင်း ဖြစ်သည်။သို့သော် သူမက နားလည်နေပုံ ရ၏။
ကျွန်မ ပြုံးလိုက်သော်လည်း ဆန့်ကျင်ဘက်တွင် မြို့စားမင်းကြီးကတော်၏မျက်နှာက မည်းမှောင်နေသည်။
သို့သော် သူမသည် ရာထူးအာဏာကို စေ့စေ့စပ်စပ် ဆုပ်ကိုင်ထားသူတစ်ယောက် ဖြစ်၏။ထို့ကြောင့် ...
"ကျွန်မ မကြာခဏ ရှင့်ကို လာတွေ့ပါမယ်။"
သူမက ထိုသို့ ပြောလာသည်။
ကျွန်မ ထပ်ပြုံးလိုက်ပြီး မြို့စားမင်းကြီးကတော်၏လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။
"ဂုဏ်ယူစရာပါပဲ မြို့စားမင်းကြီးကတော်ရှင့်။"
ကျွန်မတို့ရှိရာသို့ အစေခံများက စားစရာများ တစ်ခုပြီး တစ်ခု စတင်သယ်ဆောင်လာပေးကြသည်။
"ကဲ... လာ၊စားစရာတွေ ရောက်ပြီ၊အားရပါးရ စားကြ။"
မြို့စားမင်းကြီးက အားရပါးရ ပြုံးလိုက်ပြီး ရှန်ပိန်တစ်ခွက်ကို မလိုက်သည်။
"တစ်ခွက်လောက် သောက်လိုက်ရအောင်။ဒီနေ့က ငါ့ဇနီးနဲ့ မင်းရဲ့ဇနီးက ဒရာမာဆန်ဆန် ပြန်လည်ပေါင်းစည်းသွားတဲ့နေ့လေ။"
မြို့စားမင်းကြီး၏စကားကြောင့် လူတိုင်းက ရယ်မောလိုက်ကြသည်။ထို့နောက် ထမင်းစားဝိုင်းရှိ လေထုမှာ အလွန်သက်တောင့်သက်သာ ဖြစ်ရသည်အထိ ကောင်းမွန်သွားခဲ့သည်။
မြို့စားမင်းကြီးကတော်က ကျွန်မအပေါ် ပို၍ ဂရုစိုက်လာသည်ကလည်း သဘာဝကျပေ၏။
*
"ရှင့်ကို ကျေးဇူးတင်ပါတယ်။"
အိမ်တော်အပြန် ရထားလုံးပေါ်၌ ကျွန်မ ဆိုဗက်စ်စတာကို ပြောလိုက်သည်။
"ရှင့်ကို ကျေးဇူးတင်ရမှာပါ၊ကျွန်မနဲ့ မြို့စားမင်းကြီးကတော် ပြန်လည်သင့်မြတ်နိုင်ခဲ့ပြီ။ဒီလို ဖြစ်လာလိမ့်မယ်လို့ ကျွန်မ တကယ် မသိခဲ့ဘူး။"
"ကိုယ် ဘာပြောခဲ့လဲ။"
ဆိုဗက်စ်စတာက မျက်နှာထက်တွင် အောင်ပွဲရလာသော အမူအရာတစ်ခုဖြင့် ပြော၏။
"ကိုယ့်ကို ယုံကြည်ပါလို့ ကိုယ် ပြောခဲ့တယ် မဟုတ်လား။"
သူက ကျီစယ်လိုဟန် မျက်နှာဖြင့် ရယ်မောလာခဲ့သည်။
"အမှန်ပဲ၊အခုကစပြီး ကျွန်မ ရှင့်ကို ယုံကြည်ရမယ်။"
ကျွန်မ ပြောသည့်စကားကို ဆိုဗက်စ်စတာက သဘောကျနေခဲ့ပုံပင်။သူက ရင်းနှီးဖော်ရွေသော အပြုံးလေးတစ်ခုဖြင့် ခေါင်းငြိမ့်လိုက်သည်။
ပြီးနောက် အနည်းငယ် ကသိကအောက် ဖြစ်စရာကောင်းအောင် တိတ်ဆိတ်သွားရသည်။
ငါ တခြား ဘာပြောသင့်လဲ။
ကျွန်မ ဟိုကြည့်သည်ကြည့် လုပ်လိုက်လျှင် ကျွန်မဘေးတွင် သတင်းစာတစ်စောင်ကို တွေ့ရသည်။
"ဒါက ဒီနေ့ သတင်းစာလား။"
"အာ ... အဲ့ဒါလား"
ဆိုဗက်စ်စတာက အေးဆေးစွာ ပြန်ဖြေသည်။
"ရထားလုံးမောင်းတဲ့သူ ယူလာပေးတာ နေမယ်။ကိုယ်တောင် အခုထိ မဖတ်ကြည့်ရသေးဘူး။"
"ကျွန်မ အရင် ဖတ်လိုက်ဦးမယ်။"
ကျွန်မ သတင်းစာကို ယူလိုက်သည်။
"ဒီတော့ ခေါင်းကြီးပိုင်းက ..."
ကျွန်မ မျက်လုံးများကို မှေးကျဥ်းလိုက်သည်။
"<အိမ်ရှေ့စံမင်းသားက နောက်ထပ် အိမ်ထောင်သည် အမျိုးသမီးတစ်ယောက်ကို ထိခဲ့၊ဒါက အဆင်ပြေပါ့မလား> ဆိုပဲ။မဟုတ်သေးပါဘူး၊နေဦး၊ ထပ်ပြီးတော့လား ... ။"
ဒါက ဘာကို ဆိုလိုတာလဲ။
ကျွန်မ သတင်းအကြောင်းအရာကို မြန်မြန်ဆန်ဆန် ဖတ်ကြည့်လိုက်သည်။
သတင်းအကြောင်းအရာထဲတွင် ...
"ကျွန်မရဲ့နာမည်ကို ထည့်ရေးထားတာလား။"
အိုဖီလီယာ
ထိုနာမည်လေးလုံးမှာ ထင်းထင်းကြီး ပါဝင်နေ၏။
TK Team
++++++++