Chapter 79
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၇၉)

အကယ်၍ သူသာ အိုဖီလီယာနှင့် ဆက်လက်နေထိုင်မည်ဆိုပါက သူမအပေါ် ခံစားချက်များက အမှန်ပင် နက်ရှိုင်းလာလိမ့်မည်။

ပို၍ နက်ရှိုင်းသွားလျှင် ပြီးဆုံးသွားမည်။အရာအားလုံး အဆုံးသတ်သွားလိမ့်မည်။

ထို့ကြောင့် ဆိုဗက်စ်စတာမှာ အိုဖီလီယာကို ကွာရှင်းရမည်ဖြစ်၏။

သေစမ်း

သူ ဤသို့ တွေးမိလျှင် အိုဖီလီယာ၏စကားများကို လက်ခံလိုက်သင့်သည်။သို့သော် သူ မလုပ်နိုင်ခဲ့။

မင်းသာ ငြိမ်းချမ်းနေမယ်ဆိုရင် ကွာရှင်းမယ်ဆိုတဲ့ အတွေးကို လက်လျှော့လိုက်မယ်လို့ ဆိုလိုတာပေါ့။

ထိုသို့ အသုံးမကျသော စကားတစ်ခုကို သူ ထပ်ပြောလိုက်မိသေးသည်။

၎င်းတို့မှာ အိုဖီလီယာကို ငြိမ်းချမ်းသော ဘဝတစ်ခု ပေးစွမ်းနိုင်ခဲ့လျှင် သူတို့ မကွာရှင်းရလောက်တော့ဟု မျှော်လင့်ထားသဖြင့် ထွက်ပေါ်လာသော စကားများဖြစ်လေသည်။

ထိုစကားများကို ပြောလိုက်မိခြင်းကြောင့် သူနှင့် အိုဖီလီယာမှာ တစ်လမ်းစီ မခွဲခွာရတော့နိုင်ဟု သေးငယ်သော မျှော်လင့်ချက်လေးတစ်ခု သူ့ထံတွင် ဖြစ်ပေါ်လာစေခဲ့သည်။

ဆိုဗက်စ်စတာသည် အိုဖီလီယာနှင့် ခွဲခွာရမည့်လမ်းကို လက်လှမ်းနေဆဲ ဖြစ်သည်။

ထို့ကြောင့် သူ့ခေါင်းထဲတွင် သူတို့ ကွာရှင်းသင့်သည်ဟု တွေးနေပြီး သူ့နှလုံးသားမှာ ထိုသို့ မလုပ်သင့်ဟု ပြောသဖြင့် ဒွိဟများနေပြီး အတွေးများ ဟိုဘက်သည်ဘက် လွန်ဆွဲနေတော့သည်။

ဆိုဗက်စ်စတာသည် သူ့ကိုယ်သူပင် နားမလည်နိုင်တော့ချေ။

"ဟန်နီ"

အိုဖီလီယာ၏အသံကို ကြားရမှသာ ဆိုဗက်စ်စတာမှာ ပြန့်ကြဲနေသောအတွေးစများမှ လွတ်မြောက်လာပြီး အသိစိတ်ပြန်ကပ်သွားရသည်။

"မင်း ကိုယ့်ကို ဘာကြောင့် ခေါ်တာလဲ။"

"ရှင် တစ်ချိန်လုံး ငေးကြောင်ပြီး ရပ်နေလို့လေ၊ဘာဖြစ်တာလဲလို့ ကျွန်မ သိချင်သွားတယ်၊ရှင် အဆင်ပြေရဲ့လား။"

အိုဖီလီယာ ထိုသို့ ပြောနေချိန်တွင် သူမ၏မျက်နှာပေါ်၌ အမှန်ပင် သိသိသာသာ စိုးရိမ်ပူပန်နေသည့် အရိပ်အယောင်များ ရှိနေခဲ့သည်။

ဆိုဗက်စ်စတာသည် သူ့အပေါ် တစ်စုံတစ်ယောက်က စိုးရိမ်ပူပန်ပေးမှုနှင့် အကျွမ်းတဝင် မရှိပေ။

ထို့ကြောင့် ကြောင်တိကြောင်တောင် စကားများသာ ထွက်လာလေသည်။

"ဒါ မင်းအလုပ် မဟုတ်ဘူး။"

ထိုသို့ ပြောပြီးမှ သူ အမှားလုပ်မိမှန်း နားလည်သွားရသည်။

သူ အိုဖီလီယာကို ထိခိုက်သွားစေရန် မရည်ရွယ်ပေ။

သူ အိုဖီလီယာ၏မျက်ဝန်းများထဲကို ကြည့်လိုက်မိသည်။သို့သော်

"အိုး ... ရိုင်းလိုက်တာ။"

အိုဖီလီယာက ပေါ့ပါးသော မျက်နှာထားဖြင့် ပြန်ဖြေသည်။

"ကျွန်မ ဒီလို နေလို့ မရတော့ဘူး။နောက်ဆို ရှင် ရိုင်းရိုင်းစိုင်းစိုင်း ပြန်ဖြေတိုင်း သေချာ မှတ်တမ်းတင်ထားရတော့မယ်။ဒါမှသာ ရှင် ဘယ်လောက် ရိုင်းစိုင်းလဲဆိုတာ ရှင် ပြန်သိရမှာ။"

ဆိုဗက်စ်စတာ ရယ်မောမိလေသည်။

မှန်ပေ၏။

အစကတည်းက အိုဖီလီယာမှာ ထိုသို့ မိန်းမမျိုးသာ ဖြစ်သည်။

သူ ဘာပြောပြော ထိခိုက်နာကျင်သွားခြင်း မရှိဘဲ ပြန်လည်တုံ့ပြန်တတ်သော မိန်းမ။ထိခိုက်ကျိုးကြေလွယ်ခြင်း မရှိဘဲ သန်မာသော မိန်းမ။

ထို့ကြောင့်သာ ဆိုဗက်စ်စတာက အိုဖီလီယာအပေါ် ချစ်ကျွမ်းဝင်မိသွားခြင်း ဖြစ်လေသည်။

ထို့ကြောင့်သာ

ငါ ဂရုတစိုက်ရှိဖို့ လိုအပ်တယ်။

ဆိုဗက်စ်စတာက ချောင်းတစ်ချက် ဟန့်လိုက်ပြီး သူ့ကိုယ်သူ ပြင်ဆင်လိုက်သည်။

"အိုကေ၊အခုက စပြီး ကိုယ့်ဘာသာ ရှောင်ကြဥ်နိုင်ဖို့ ကြိုးစားကြည့်မှာပါ။"

"ထိန်းချုပ်ထားကြည့်လိုက်ပေါ့၊ဟုတ်ပြီလား။ဘယ်သူကများ ဒါကို ယုံကြည်ပေးမလဲဆိုတာ ဘယ်သိနိုင်ပါ့မလဲ။"

အိုဖီလီယာက ဆိုဗက်စ်စတာကို တုပ၍ ပြောလိုက်ပြီး နှုတ်ခမ်းဆူလိုက်လေသည်။

"ကျွန်မ တကယ်ကို ဂရုစိုက်မနေဘူး။"

ဆိုဗက်စ်စတာ ရယ်လိုက်သည်။

ပြီးနောက် သူက အိုဖီလီယာ၏လက်ကို အနည်းငယ် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိသည်။

"အခု သွားကြရအောင်။"

သူ အိုဖီလီယာကို ခေါ်ဆောင်လာလိုက်သည်။

"ကိုယ်တို့ အထဲရောက်သွားရင် ကိုယ်ပြောသမျှ စကားတွေအားလုံးက တကယ့်အမှန်တွေပဲလို့ သဘောထားရမယ်၊အိုကေလား။"

"ရှင်က ဘာတွေ ပြောမှာ မို့လို့လဲ။"

"မေးခွန်းတွေကို ခွင့်မပြုထားဘူးနော်။"

"အိုး ... အာဏာရှင် ဆန်နေလိုက်တာ။"

အိုဖီလီယာက ကျစ်ခနဲ စုတ်သပ်လိုက်သည်။

"အိုကေ၊ကျွန်မ ဘာမှမသိဘဲနဲ့တောင် ဒီကို ရောက်လာပြီးပြီပဲလေ။ဒီတော့ ကျွန်မ ရှင်ပြောတဲ့အတိုင်း လိုက်လုပ်မှာပါ။"

"အိုကေ၊ကောင်းတယ်။"

"ဒါပေမဲ့ ရှင် ကျွန်မကို တစ်ခုခု ထူးဆန်းတာတွေ လုပ်ခိုင်းဖို့တော့ မတောင်းဆိုရဘူးနော်။"

"တစ်ခုခု ထူးဆန်းတာ ဟုတ်လား။"

"တောင်းပန်ခိုင်းတာလိုမျိုး ... တစ်ခုခုပေါ့။"

ဆိုဗက်စ်စတာ မျက်လုံးများကို မှေးကျဥ်းလိုက်သည်။

"သူမကို ဆန်စေ့နဲ့တူတယ်လို့ ပြောထားတာကိုတော့ မင်း တောင်းပန်သင့်တယ်လေ။"

"အာ"

၎င်းက အကျိုးအကြောင်း သင့်ပေသည်။

ထို့ကြောင့် သဘောတူဟန်ဖြင့် အိုဖီလီယာက ခေါင်းငြိမ့်လိုက်သည်။

"ဒါပေမဲ့ ကျန်တာတွေအတွက်တော့ ကျွန်မ သဘောမတူဘူးနော်။မြို့စားမင်းကြီးကတော်က ကျွန်မအပေါ် လုပ်ထားတဲ့ကိစ္စတွေလိုမျိုး။"

အိုဖီလီယာက အသံကို မြှင့်၍ ပြောလိုက်လျှင် ဆိုဗက်စ်စတာ ခေါင်းခါလိုက်သည်။

"မင်း ဘယ်လိုခံစားရလဲ ကိုယ်သိတယ်။ဒီတော့ စိတ်လျှော့ထား။ဒါက မြို့စားမင်းကြီးအိမ်တော်ပဲ။"

"အာ ...ဟုတ်သားပဲ။"

အိုဖီလီယာက အခုမှသာ ဘေးဘီဝဲယာသို့ လိုက်ကြည့်နေလေသည်။

၎င်းမှာ ချစ်စရာကောင်းသလို ရယ်ချင်စရာလည်း ကောင်းနေ၏။

ဆိုဗက်စ်စတာ အသံနိမ့်နိမ့်ဖြင့် ရယ်မောလိုက်မိသည်။

"ဘာပဲဖြစ်ဖြစ်ပါ၊ကိုယ် ပြောသလိုသာ လုပ်။ မင်း သဘောပေါက်လား။"

"အိုကေလေ"

အိုဖီလီယာက ချောချောမွေ့မွေ့ ပြန်ဖြေလျှင် ဆိုဗက်စ်စတာမှာ ကျေနပ်အားရစွာ ပြုံးလိုက်မိပြီး သူမကို ခေါ်ဆောင်သွားခဲ့သည်။

*

"အိုး ... ကြိုဆိုပါတယ်ကွာ။"

မြို့စားမင်းကြီးက ဆိုဗက်စ်စတာနှင့် ကျွန်မကို အားရဝမ်းသာ ကြိုဆိုလေသည်။

ကျွန်မ လမ်းထဲတွင် ကြားခဲ့သည်မှာ ဆိုဗက်စ်စတာသည် ဖိတ်ကြားမှုကို အကြိမ်များစွာ ငြင်းပယ်ခဲ့ပြီး ယခုတစ်ကြိမ်မှသာ လူကိုယ်တိုင် လာရောက်တွေ့ဆုံမည်ဟု မြို့စားမင်းကြီးအား အကြောင်းပြန်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် မြို့စားမင်းကြီးက အင်မတန် သဘောကျနေခဲ့သည်။ကျွန်မ ဒူးညွှတ်ပြီး မြို့စားမင်းကြီးကို ပေါ့ပေါ့ပါးပါး ဂါရဝပြုလိုက်သည်။

"မြို့စားမင်းကြီးကို ဒီလိုမျိုး ထပ်တွေ့ရတာ ဝမ်းသာမိပါတယ်။အရင်တစ်ခါက သင့်လျော်တဲ့ နှုတ်ခွန်းဆက်စကားကို မပြောလိုက်ရဘဲ ကျွန်မတို့ ပြန်သွားခဲ့ရလို့ စိတ်မကောင်း ဖြစ်ရပါတယ်ရှင်။"

မြို့စားမင်းကြီး၏ ကပွဲတွင် ကျွန်မ သူနှင့် နောက်ဆုံးတွေ့ခဲ့ရခြင်းဖြစ်သည်။

ထိုအချိန်က မြို့စားမင်းကြီးကတော်ကို ဆန်စေ့နှင့် တူသည်ဟု ပြောလိုက်မိသဖြင့် ကျွန်မ ကန်ထုတ်ခံလိုက်ရပြံး နှုတ်ဆက်ရန် အချိန်ပင် မရလိုက်ချေ။

ထို့ကြောင့် ကျွန်မ တမင်တကာ ထိုသို့ ထည့်ပြောလိုက်ခြင်း ဖြစ်သည်။

"အိုး ...မြို့စားကြီးကတော်ရေ။"

မြို့စားမင်းကြီးက ကျွန်မကို တောက်ပစွာ ပြုံးပြသည်။

"မင်းက ငါ ထင်ထားတာထက် ပိုပြီး ရင့်ကျက်လာခဲ့တာပါလား။"

သူက ကျွန်မပြောသည်ကို သဘောကျနေပုံရသည်။

"မင်း နေ့တိုင်း နေ့တိုင်း တိုးတက်လာတာကို မြင်ရတော့ ငါ ဝမ်းသာပါတယ်။"

"ကြင်နာမှုနဲ့ စကားတွေအတွက် ကျေးဇူးတင်ပါတယ်ရှင်။"

ကျွန်မ တောက်တောက်ပပ ပြုံးလိုက်ပြီး မြို့စားမင်းကြီးကို နှုတ်ဆက်လိုက်သည်။

မြို့စားမင်းကြီးက ကျွန်မ၏အပြုံးကြောင့် စိတ်ကျေနပ်သွားပုံဖြင့် အားရပါးရ ပြုံးလိုက်ပြီး ကျွန်မတို့ကို လမ်းညွှန်ခေါ်ဆောင်ပေးခဲ့သည်။

"နောက်တစ်ယောက်လဲ မကြာခင် ဆင်းလာပါလိမ့်မယ်။သူမက နေလို့မကောင်းတော့ ပြင်ဆင်ရတာ ကြန့်ကြာနေပုံပါပဲ။"

မဖြစ်နိုင်ပေ။

အလိမ်အညာတစ်ခုသာ ဖြစ်သည်။

သူမ ဆင်းမလာသည်က ကျွန်မကို မမြင်ချင်သောကြောင့်ဖြစ်သည်က သိသာလှ၏။

သူက မျက်တောင်တစ်ချက် မခတ်ပဲ ဘယ်လိုတောင် လိမ်ပြောနိုင်ရတာလဲ။

ထင်ထားသည့်အတိုင်း မြို့စားမင်းကြီးက မြို့စားမင်းကြီးပါပဲဟု ကျွန်မ တွေးမိသည်။

သူက ကျန်းမာရေးအတွက် စိုးရိမ်ပူပန်နေခြင်းကြောင့် အဝေးတွင် နေထိုင်သည်ဟု ဆိုကြသော်လည်း အတိတ်က ဂုဏ်ကျက်သရေမှာ ဆက်လက် တည်ရှိနေမြဲ ဖြစ်သည်။

ထို့ကြောင့် မြို့စားမင်းကြီးနှင့် ရင်းနှီးမှုရှိခြင်းသည် ကျွန်မအတွက် အလွန်ကြီးမားစွာ အကျိုးရှိစေသည်။

ယခုတွင်မက ကွာရှင်းပြီးချိန်အထိ။

ထို့ကြောင့် ကျွန်မ မြို့စားမင်းကြီးကို အနည်းငယ် ပို၍ ရင်းနှီးလာအောင် လုပ်ရမည်ဟု ဆုံးဖြတ်လိုက်၏။

"မြို့စားမင်းကြီးက ပိုပြီးတော့တောင် ကျန်းမာနေသလိုပါပဲ။အခု အသွင်အပြင်က ပိုပြီး ကောင်းလာပါတယ်။"

"အိုး ...တကယ်လား"

မြို့စားမင်းကြီးက သိသာသောအမူအရာဖြင့် ကျွန်မကို ကြည့်လာသည်။

"ငါ ဒီရက်ထဲမှာ အိပ်မရဘူး ဖြစ်နေတာ၊ဒီတော့ ငါ့အသားအရည်က ကြည့်ရမကောင်းလောက်ဘူးလို့ ထင်နေမိတယ်။မင်းက အခုလို ပြောလာတော့ ငါ ဝမ်းသာပါတယ်။"

"တကယ်ပါလား၊ကျွန်မဖြင့် ဘာမှ သတိမထားမိပါဘူးရှင်။မြို့စားမင်းကြီးက ကျန်းမာရေးကို အထူးတလည် ဂရုစိုက်တာကြောင့်သာ ဖြစ်ပါလိမ့်မယ်။"

မြို့စားမင်းကြီးက ကျွန်မ၏စကားများကြောင့် စိတ်ကျေနပ်သွားဟန်ဖြင့် ပခုံးတွန့်လိုက်သည်။ကျွန်မ ပိုပြီးသဘောကျသွားစေမည့် စကားကို ထပ်ထည့်ပြောလိုက်သည်။

"မြို့စားမင်းကြီး အိပ်မပျော်တာကို ကျွန်မ စိုးရိမ်မိပါတယ်။ကျွန်မမှာ ညဘက် ကောင်းကောင်း အိပ်ပျော်စေတဲ့ လက်ဖက်ရည်ကောင်းလေးရှိတာကြောင့် တစ်ယောက်ယောက် လွှတ်ပြီး မြို့စားမင်းကြီးထံ ပို့ပေးလိုက်ပါ့မယ်။ကျွန်မလဲ ဒီရက်ထဲ အဲ့ဒါကို သောက်နေတာပါ၊အရမ်းကောင်းပါတယ်။"

"တကယ်လား"

မြို့စားမင်းကြီး၏မျက်ခုံးများ တွန့်သွားသည်။

"အရင်တစ်ခါလို ထူးဆန်းတဲ့အရာတွေကို မင်း ပို့လာမယ်ဆိုရင်တော့ ..."

"ကျွန်မ အရင်လို မဟုတ်တော့ပါဘူးရှင်။"

ကျွန်မ အလျင်အမြန် ဝင်ပြောလိုက်ရသည်။

"မြို့စားမင်းကြီးကရော အဲ့လို မတွေးမိပါဘူးလား။"

ကျွန်မ ပခုံးတွန့်လိုက်ပြီး မြို့စားမင်းကြီး၏သဘောတူညီမှုကို ရှာဖွေလိုသည့်အနေဖြင့် ပြောလိုက်သည်။ထိုအခါ မြို့စားမင်းကြီးက စိတ်သက်သာရာရသွားသော မျက်နှာထားဖြင့် သူ့ရင်ဘတ်သူ သပ်ချလိုက်၏။

"အိုကေ၊ငါ ဝန်ခံပါတယ်၊မင်း ပြောင်းလဲသွားတယ်။"

သူက ခေါင်းငြိမ့်ပြီး ကျွန်မကို ကြည့်လာသည်။

"မင်း ဘာကြောင့် ပြောင်းလဲသွားရတာလဲ။" 

ထိုမေးခွန်း ထွက်လာနိုင်သည်ကို ကျွန်မ သိသည်။ထိုကြောင့် ကွန်မ ပေါ့ပါးသွက်လက်စွာ ပြန်ဖြေလိုက်သည်။

"မြို့စားမင်းကြီးလဲ ကျွန်မရဲ့ခင်ပွန်းအတိုင်း မေးလာတာပါလားရှင်။"

ကျွန်မ ပြုံး၍ ဆက်ပြောသည်။

"ဒါပေမဲ့ ကျွန်မက အမြဲတမ်း ဒီလိုမျိုးပါပဲ။အရင်က လူတိုင်း နားလည်မှုလွဲနေတယ်လို့ ကျွန်မ ထင်ပါတယ်။"

"နားလည်မှုလွဲတယ် ဟုတ်လား။"

မြို့စားမင်းကြီး၏မျက်နှာပေါ်တွင် လှုပ်လှုပ်ရှားရှား အမူအရာတစ်ခု ဖြစ်သွားခဲ့သည်။

"ဟုတ်လား ... တခြားသူတွေကို ရိုက်နှက်ပြီး သူတို့ကို ငိုယိုသွားအောင် လုပ်ခဲ့တယ်ဆိုတာက နားလည်မှု လွဲတာပဲပေါ့လေ။"

"ဟုတ်ပါတယ်ရှင့်။"

ကျွန်မ အလွယ်တကူ ပြုံး၍ ပြောလိုက်သည်။

"ကျွန်မက အဲ့လိုမျိုး ဘယ်တော့မှ မဖြစ်တော့ပါဘူး။ဒါက တကယ်ကို နားလည်မှု လွဲတာပါ။ကျွန်မ အရမ်းပဲ စိတ်မကောင်းဖြစ်ရပါတယ်။"

"..." 

မြို့စားမင်းကြီးမှာ ကျွန်မကို ပြောစရာစကား မရှိတော့ပုံ ရသည်။

ကျွန်မ ပြောင်းလဲသွားသည်ဆိုသော စကားများကို သူက ပြန်လည်ရုပ်သိမ်းချင်သည်ဟု မဆိုလိုပါ။ထို့ကြောင့် သူက ဆိုဗက်စ်စတာဘက်သို့ လှည့်သွားသည်။

"ငါ မြို့စားကြီးကို သဘောကျတယ်။လှပပြီး ကြင်နာတတ်တဲ့ ဇနီးမယားတစ်ယောက် မင်းဘေးမှာ ရှိနေတာပဲ။"

"ကြင်နာတတ်တယ်လား။"

ဆိုဗက်စ်စတာမှာ ဘာတစ်ခုမှ မသိသည့်အတိုင်း ပြန်မေးလိုက်မိပြီးမှ ခေါင်းငြိမ့်လေသည်။

"အာ ... ဟုတ်ကဲ့၊သူမက ကြင်နာတတ်ပါတယ်၊တကယ်ကို ကောင်းတာပါပဲ။"

၎င်းက ကိုရီးယားစာအုပ်တစ်အုပ်ကို ဖတ်နေရသည်နှင့် တူသည်။

တစ်ခါတစ်လေ သူက ကျွန်မကို အပြန်အလှန် ကစားရန် ပြောသော်လည်း သူကတော့ ဘာမှ မလုပ်ဘဲ ထိုင်ချလိုက်သကဲ့သို့။

အင်း

ကျွန်မ ဆိုဗက်စ်စတာကို လျစ်လျူရှုလိုက်ပြီး မြို့စားမင်းကြီးနှင့် အတူယှဥ်တွဲ၍ လမ်းလျှောက်လာခဲ့သည်။

ပြီးနောက် သိပ်မကြာလိုက်ဘဲ ထမင်းစားခန်းထဲသို့ ရောက်ရှိသွားသည်။

"အိုး ... ရှင် ဒီနေရာကို ရောက်နေတာပဲ။"

ထမင်းစားခန်းထဲတွင် မြို့စားမင်းကြီးကတော် ရှိနေခဲ့သည်။

ထို့အပြင် ကျွန်မကို သေစေနိုင်လောက်သည်အထိ မြို့စားမင်းကြီးကတော်က စူးစိုက်ကြည့်နေလေသည်။

အာ ... သူမက ငါ့ကို အကြည့်နဲ့သတ်ပစ်ချင်နေတာပဲ။

သူမ၏အကြည့်ကို ကျွန်မ ရှောင်လွှဲဖို့ ကြိုးစားရင်း ခေါင်းကို ငုံ့လိုက်မိသည်။

"မဟုတ်ရင်တောင် ရှင် ဆင်းလာအောင် ကျွန်မ တစ်ယောက်ယောက်လွှတ်ပြီး ခေါ်ခိုင်းမလို့ပါပဲ။ မဒမ် အခုလို ဆင်းလာပေးလို့ ကျေးဇူးတင်ပါတယ်ရှင့်။"

"ရပါတယ်။"

မြို့စားမင်းကြီးကတော်က သူမ ထိုအတွက် မကျရှုံးသွားဟူသော မျက်နှာထားဖြင့် ကျွန်မကို ကြည့်နေသည်။

"မြို့စားကြီးကတော်က ကျွန်မကို ဘာတွေ ပြောဖို့ ကြိုးစားနေလဲဆိုတာကို သိချင်လွန်းလို့သာ အောက်ဆင်းလာရတာပဲ။"


TK Team
++++++++