ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ
အပိုင်း (၇၈)
ဆိုဗက်စ်စတာ ဘာပြောနေသည်ကို ကျွန်မ နားလည်သည်။
ကျွန်မက ဖလဲရ်၏ အစီအစဥ်ကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးပစ်သည်ဟု သူ ထင်နေ၏။
ကျွန်မ ထပ်ပြီး မမျှတသလို ခံစားလာရသည်။
တကယ်ပဲ အဲ့လို မဟုတ်ပါဘူးဆို။
"ဒါက တိုက်ဆိုင်တာပါ၊တိုက်ဆိုင်မှုတစ်ခုပါပဲ၊ တမင်တကာ ရည်ရွယ်တာမျိုး မဟုတ်ဘူး။"
"တကယ်လား"
ဆိုဗက်စ်စတာက မျက်လုံးတစ်ဖက်ကို မှေးလိုက်သည်။
"ဒါဆို ကိုယ် စိတ်ပျက်သွားရပြီ။မင်းက ကောင့်မြို့စားကတော် ဖလဲရ်ကို ဒုက္ခပေးဖို့ ကြိုးစားနေတာပဲဆိုပြီး ထင်ထားခဲ့တာ။"
"ဒါဆို အဲ့လိုမျိုး ကျွန်မ ဒုက္ခပေးလာခဲ့တယ် ဆိုရင်ရော။"
"ကိုယ်က မင်းကို ချီးကျူးပေးမှာပေါ့။"
ကျွန်မ မောပန်းနွမ်းနယ်စွာ သက်ပြင်းချလိုက်မိသည်။
ဆိုဗက်စ်စတာက အမြဲတမ်း ထိုကဲ့သို့ပင် ဖြစ်၏။ကျွန်မကို ထူးဆန်းသော နည်းလမ်းများဖြင့် ချီးကျူးရန် ကြိုးပမ်းတတ်သည်။
"ရှင်က တကယ်ပဲ ထူးဆန်းတယ်ဆိုတာ ရှင် သိရဲ့လား ၊ဟမ်။"
"မထင်မှတ်ဘဲ ဖြစ်သွားတာပါ။"
ဆိုဗက်စ်စတာက ပခုံးတွန့်လိုက်သည်။
ဆိုဗက်စ်စတာ ထိုသို့ လုပ်နေသည်ကို ကြည့်၍ ကျွန်မ နှုတ်ခမ်းဆူလိုက်မိသည်။
"ကျွန်မ နည်းနည်းတော့ စိတ်မကောင်း ဖြစ်မိတယ်။"
"ဘာအတွက်လဲ။"
"နားလည်မှုလွဲတာတွေပဲ ဆက်ဖြစ်နေတာကြောင့်လေ။"
ကျွန်မ စိတ်ရင်းဖြင့် ပြောလိုက်သည်။
"ကျွန်မရဲ့ဂုဏ်သတင်းကို တကယ်ပဲ ပြန်ပြီး မြှင့်တင်ချင်ခဲ့တာ။"
ဆိုဗက်စ်စတာ၏မျက်နှာအမူအရာမှာ ထူးဆန်းစွာ ပြောင်းလဲသွားသည်။
သူက အနည်းငယ် မကျေမနပ် ဖြစ်နေသော မျက်နှာဖြင့် ကျွန်မကို ကြည့်လာသည်။
"မင်း ဒီလို လုပ်ဖို့ လိုလို့လား။"
"အင်း၊ကျွန်မ ဒီလို လုပ်ဖို့ လိုတယ်။"
ကျွန်မ အခိုင်အမာ ပြန်ဖြေလိုက်သည်။
"ဒီလိုလုပ်မှ ကွာရှင်းပြီးတဲ့နောက် ကျွန်မ ဘယ်နေရာရောက်ရောက် ရှင်သန်နိုင်မှာ။"
"ဟား"
ဆိုဗက်စ်စတာ နှာမှုတ်လိုက်သည်။
"အဲ့ဒီ သောက်ကျိုးနည်း ကွာရှင်းတာပဲလား၊မင်း မမောနိုင်သေးဘူးလားကွာ။"
သူက ရုတ်တရက်ကြီး ဘာလို့ ဒီလို ပြောရပြန်တာလဲ။
ကျွန်မ အံ့ဩသွားပြီး ပြန်မေးလိုက်မိသည်။
"ရှင်က ကွာရှင်းဖို့ မတွေးထားဘူး ထင်တယ်၊ဟုတ်တယ်မလား။"
ဆိုဗက်စ်စတာ ပြန်မဖြေပေ။
ထိုတိတ်ဆိတ်မှုက ကျွန်မအတွက် ထူးဆန်းနေသည်။
ဆိုဗက်စ်စတာက ကွာရှင်းရမည်ကို အမှန်တကယ် စိုးရိမ်ကြောင့်ကြနေသဖြင့် ကျွန်မမှာ ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်လာရသည်။
"တကယ်ပဲလား၊အဲ့လိုတော့ မလုပ်လိုက်ပါနဲ့ရှင်။"
ကျွန်မ သူ့လက်မောင်းကို လှမ်းဆွဲ၍ ပြောလိုက်မိသည်။
"ကျွန်မတို့ အစက လုပ်ထားတဲ့ ကတိကို ပြန်သတိရပါဦး။ရှင်က ကျွန်မကို ကွာရှင်းပေးမယ်လို့ ပြောထားတယ်။ကျွန်မကသာ အိမ်ရှေ့စံမင်းသားကို သွေးဆောင်ဖြားယောင်းနိုင်ခဲ့မယ်ဆိုရင် လေ။"
"..."
ဆိုဗက်စ်စတာက ကျွန်မကို ငုံ့ကြည့်သည်။
သူ ဘာတွေ တွေးနေတာလဲ။
ရည်ရွယ်ချက်ကို မျက်ဝန်းပြာများထဲတွင် ဖွက်ထားသည်။ထို့အပြင် ကျွန်မကလည်း သူ့စိတ်ကို ဖတ်နိုင်သည်အထိ မတော်ခဲ့ပါ။
ဘယ်အချိန်ထိ တိတ်ဆိတ်နေဦးမှာလဲ။
ကျွန်မ အနည်းငယ် စတင်ထိတ်လန့်လာချိန်တွင် ဆိုဗက်စ်စတာက ပါးစပ်ဖွင့်လာသည်။
"အင်း၊ကိုယ် သဘောပေါက်ပြီ။"
ထိုသို့ တုံ့ပြန်ပြီးနောက် သူက ကျွန်မ၏လက်ကို ဖယ်လိုက်ပြီး သူ့လက်မောင်းကို ဆွဲထုတ်လိုက်သည်။
"ဒီတော့ ကိုယ်နဲ့ ဝေးဝေးနေ။"
"မဟုတ်ဘူးလေ၊ကျွန်မက ရှင့်ကို လက်နဲ့ထိတာတောင် မကြိုက်တော့ပြန်ဘူးလား။"
ကျွန်မ ဆတ်ခနဲ တုန်လှုပ်သွားပြီး နဖူးကို တွန့်၍ ပြောလိုက်မိသည်။
"ရှင်က အရမ်းလွန်တာပဲ။"
ဆိုဗက်စ်စတာက ကျွန်မကို ငုံ့ကြည့်ပြီး ပြုံးပြသည်။ထို့နောက် သူက နှစ်သိမ့်ပေးလိုသော လေသံဖြင့် ကျွန်မကို ပြောလေသည်။
"မနက်ဖြန်"
"ဘာ"
"မနက်ဖြန် ကိုယ်တို့ မြို့စားမင်းကြီးအိမ်တော်ကို သွားရမယ်။"
၎င်းက မနက်ဖြန်၌ ရောက်လာလိမ့်မည်ကို ကျွန်မ မယုံနိုင်ခဲ့ပေ။
ကျွန်မ ခေါင်းငြိမ့်လိုက်ပြီး ဆိုဗက်စ်စတာ ဆက်ပြောမည့် စကားများကို စောင့်ဆိုင်းနေခဲ့၏။သူက ဆက်ပြောသည်။
"ဒီတော့ အဲ့ဒီသတင်းက သတင်းစာထဲမှာ ခေါင်းကြီးပိုင်း ဖြစ်လာလိမ့်မယ်။ မင်းနဲ့ မြို့စားမင်းကြီးကတော်ကြားမှာ ပြန်ပြီးပြေလည်သွားပြီ ဆိုတဲ့ အကြောင်း။"
ဆိုဗက်စ်စတာ နှုတ်ခမ်းတွန့်လိုက်သည်။
ထို့နောက် သူက ကျွန်မ အကြားချင်ဆုံး စကားတစ်ခုကို ဆက်ပြောလေသည်။
"ဒီတော့ မင်းရဲ့နာမည်ဂုဏ်သတင်းလဲ ပြန်တက်လာလိမ့်မယ်။"
သူက ကျွန်မ၏ဆံပင်ကို ဖွလိုက်ပြန်သည်။
"မင်း ဒါကို စောင့်မျှော်နေလို့ရတယ်။"
ကျွန်မ ထိုကိစ္စကို တကယ်ပင် စောင့်မျှော်လျက်ရှိပြီး နောက်တစ်နေ့တွင် ကျွန်မ ထင်မှတ်မထားသည့် အရာများ ဖြစ်လာတော့သည်။
*
မြို့စားမင်းကြီးအိမ်တော်သို့ သွားရာလမ်းတွင်
ရထားလုံးထဲ၌ ဆိုဗက်စ်စတာက စကားများများ မပြောခဲ့ပေ။
ကျွန်မတွင်လည်း ပြောစရာစကား မရှိ၍ သူ့ကို စကားသွားပြောပြီး မနှောင့်ယှက်ခဲ့ပါ။စကားပြောရမည့်အစား ကျွန်မ အတွေးထဲ နစ်မြောနေခဲ့သည်။
မနေ့က ဆိုဗက်စ်စတာနှင့် ပြောခဲ့သော စကားများကို ပြန်တွေးကြည့်နေမိ၏။အဲ့ဒီ သောက်ကျိုးနည်း ကွာရှင်းတာပဲလား။မင်း မမောနိုင်သေးဘူးလားကွာ။
ထိုသို့ ပြောလာသော ဆိုဗက်စ်စတာက အမှန်တကယ်ပင် ထူးဆန်းနေသည်။
သူက ကျွန်မကို ကွာရှင်းမပေးချင်ဟု ဆိုးရွားသော ခံစားချက်ကြီးတစ်ခု ဖြစ်နေမိသည်။
ဒါဆိုရင် ငါ တကယ်ပဲ ဘာလုပ်သင့်လဲ။
ရုတ်တရက် ကျွန်မ၏မျက်လုံးများ နက်မှောင်သွားရသည်။ကွာရှင်းပြီးနောက် အေးချမ်း၍ သက်တော့သက်သာရှိသော ဘဝတစ်ခုဖြင့် နေထိုင်သွားရန် စီစဥ်ထားသည်။အနာဂတ်တွေ ကိစ္စအများအပြား ဖြစ်ပျက်လာမည် ဖြစ်ရာ ကျွန်မ ဝင်မပါချင်တော့ပေ။
ထို့ကြောင့် ကျွန်မ မြန်မြန် ထွက်သွားနိုင်ရန် ကြိုးစားနေရခြင်း ဖြစ်သည်။
ရှင် ဒီလို လုပ်လို့ မရဘူး။
ကျွန်မ တိကျသော အဖြေတစ်ခု ရသင့်သည်ဟု တွေးမိသည်။
ထို့ကြောင့် ကျွန်မ ဆိုဗက်စ်စတာဘက်သို့ ခေါင်းလှည့်လိုက်သည်။
"ဟန်နီ"
"မရဘူး"
"အာ၊တကယ်ကြီးလား။"
ကျွန်မ ပုန်ကန်ချင်လာသည်။
"ကျွန်မ ဘာပြောမယ်ဆိုတာ ရှင် အရင်ဦးဆုံး နားထောင်ပြီးမှပဲ ရတယ်၊မရဘူး ပြောလို့ မရဘူးလား။"
"အသုံးမဝင်တာတွေ ပြောမဲ့အချိန်တိုင်း မင်း ဒီလိုပြောနေကျပဲလေ။ဒီတော့ မရဘူး၊ပယ်ချတယ်။"
"ဟူး..."
ကျွန်မ ဆံပင်ကို အနောက်ဘက်သို့ သပ်တင်လိုက်မိသည်။လူတစ်ယောက်က ဤမျှ ရိုင်းစိုင်းတတ်သည်လော။
ကျွန်မ အသက်ရှူထုတ်၍ မျက်လုံးများကို ပွတ်သပ်လိုက်သည်၊
"ဒါက တကယ်ကို အရေးကြီးပါတယ်။ဒီတော့ နားထောင်ပေးလေနော်။"
"ဒါပေမဲ့ ကိုယ်မှ နားမထောင်ချင်တာ။"
"ရှင် ဒီလို ဆက်လုပ်နေဦးမှာလား။"
ဆိုဗက်စ်စတာက ရယ်မောပြီး ခေါင်းငြိမ့်လေသည်။ကျွန်မ သူ့ကို ပြောဖို့ လိုအပ်သည်ဟု တွေးမိ၏။
"ကွာရှင်းတာလေ၊ရှင် ဒီလို လုပ်မှာမလား။"
"မင်း ဘာများ ပြောမလဲလို့ ကိုယ် သိချင်နေခဲ့တာ။ဒါပေမဲ့ မင်းက ဒီလို အသုံးမဝင်တဲ့ ကိစ္စတွေကိုပဲ ပြောနေတာပါလား။"
"အသုံးမဝင်တဲ့ကိစ္စဆိုတာ ရှင် ဘာကို ဆိုလိုတာလဲ။"
ကျွန်မ အလွန် စိတ်တိုနေမိသည်။
ကျွန်မ အသက်ပြင်းပြင်း ရှူလိုက်မိလျှင် ဆိုဗက်စ်စတာက လေးနက်သော မျက်နှာထားဖြင့် ကျွန်မကို ကြည့်လာသည်။အချိန်အတော်ကြာသည်အထိ သူ ဘာမှမပြောခဲ့ပေ။ကျွန်မကိုသာ ဒီအတိုင်း ကြည့်နေခဲ့သည်။
သူ ဘာပြောဖို့ ကြိုးစားနေတာလဲ။
ကျွန်မ အကြောင်းပြချက် မရှိဘဲ စိတ်လှုပ်ရှားနေသဖြင့် တံတွေးမြိုချလိုက်မိသည်။
ထို့နောက် ဆိုဗက်စ်စတာက ဖြည်းဖြည်းချင်း ပါးစပ်ဖွင့်လာခဲ့သည်။
"မနေ့ကလဲ ကိုယ် ဒါကို ပြောပြီးပြီလို့ ထင်တယ်။ကိုယ် သဘောပေါက်ပြီလို့လေ။"
"ဘာကိုလဲ"
"ကွာရှင်းတဲ့အကြောင်း"
"တကယ်လား"
"အင်း"
တိကျသော အဖြေတစ်ခု ရပြီးနောက် ကျွန်မ စိတ်သက်သာရာရသွား၏။
ဆိုဗက်စ်စတာသည် ကျွန်မနှင့်သူ၏အိမ်ထောင်ရေးကို ရှေ့ဆက်စရာ ဘာအကြောင်းမှ မရှိနိုင်ပေ။
ကျွန်မ စိတ်ကျေနပ်စွာ ပြုံး၍ ခေါင်းငြိမ့်လိုက်သည်။
"ဒါပေမဲ့ ..."
ထိုအခိုက်အတန့်တွင် ဆိုဗက်စ်စတာက ကျွန်မကို ပြောလာသည်။
"မင်းက ဘာကြောင့် ဒီလောက်အထိ အသည်းအသန် ကွာရှင်းချင်နေရတာလဲ။"
ကျွန်မ ပြန်မဖြေရသေးခင် သူက ဆက်ပြောသည်။
"မင်းက အိမ်ရှေ့စံမင်းသား နောက်ကို လိုက်ဖို့ ကြိုးစားနေတာလား။"
"အဲ့ဒါတော့ သေချာပေါက် မဟုတ်ဘူးပေါ့။"
ကျွန်မ အခိုင်အမာ ပြန်ဖြေလိုက်သည်။ထိုသို့ နားလည်မှုလွဲမှားနေသည်ကို ကျွန်မ ဒီအတိုင်း ထားခဲ့သော်လည်း ယခုအချိန်တွင် အမှန်တကယ် အမှန်ပြင်ပေးချင်လာမိသည်။
ထို့ကြောင့် ကျွန်မ၏စိတ်ထဲတွင် တစ်ချိန်လုံး ရှိနေသော အရာကို ထုတ်ပြောလိုက်၏။
"ကျွန်မ တစ်ယောက်ထဲ အေးဆေး နေချင်ရုံပါပဲ။တိတ်တိတ်ဆိတ်ဆိတ်၊ငြိမ်းငြိမ်းချမ်းချမ်းလေး။"
၎င်းက ကျွန်မ၏အိပ်မက် ဖြစ်သည်။
မူလဝတ္ထုထဲတွင် မပါရှိသည့် အေးချမ်းတည်ငြိမ်၍ ကျန်းမာသောဘဝဖြင့် နေထိုင်ရခြင်း။
အိုး ... ဒါကို တွေးမိတာနဲ့တင် ပျော်ရွှင်ရတယ်။
ကျွန်မ ပြုံးလိုက်သည်။
ဆိုဗက်စ်စတာက ကျွန်မကို ဂရုမစိုက်သည့်ဟန်ဖြင့် ကြည့်လာသည်။
"ဒီတော့ မင်းက အေးအေးချမ်းချမ်းနေပြီးတော့ အိမ်ရှေ့စံမင်းသားရဲ့နောက်ကို လိုက်မှာပေါ့။"
"အဲ့လို လုံးဝ မဟုတ်ပါဘူးဆို!"
ကျွန်မ အော်ဟစ်လိုက်သည်။
"ကျွန်မ အခု အရှင့်သားအနား ကပ်နေရတာက ရှင်နဲ့ ကတိပေးထားတာကြောင့်ပဲ။အဲ့လိုသာ မဟုတ်ရင် ကျွန်မ အရှင့်သားနဲ့ ဆုံတောင်မဆုံချင်ဘူး၊တကယ်ပါဆို။"
ကျွန်မ ဒေါသတကြီးနှင့် ပြောလိုက်သည်။ကျွန်မ သည်လောက်အထိ ပြောဆိုခဲ့သဖြင့် ဗက်စ်စတာ နားလည်နိုင်လိမ့်မည်။
"ကိုယ် မင်းကို မယုံဘူး။"
ဘုရားရေ
ဆိုဗက်စ်စတာ၏နားလည်မှုလွဲခြင်းက ဤမျှ နက်ရှိုင်းနေလိမ့်မည်ဟု ကျွန်မ မယုံနိုင်ခဲ့ပေ။
ငါ ဘာလုပ်ရမလဲ။
ငါ့မျက်စိရှေ့မှာ အနာဂတ်က မှောင်မည်းနေတာပဲ။
"မင်းက အိမ်ရှေ့စံမင်းသားကို လိုက်ရင်း ဘာတွေလုပ်ခဲ့တယ်ဆိုတာ ပြန်တွေးကြည့်ဦးလေ။မင်းက သူ့အပေါ် ခံစားချက်မရှိပါဘူးလို့ စကားလေး တစ်ခွန်း၊နှစ်ခွန်းနဲ့ ပြောနေတာကို ကိုယ်က ယုံကြည်မယ်လို့များ မင်းထင်နေလား။"
"မဟုတ်ဘူး၊တကယ်ကို အမှန်အတိုင်း ပြောနေတာပါ။"
ကျွန်မ နဖူးကို ထိတွေ့လိုက်မိသည်။ခေါင်းကိုက်လာသဖြင့် ဘာမှ ဆက်မရှင်းပြချင်တော့ပေ။
"ဟား ... ကျွန်မ မသိဘူး၊ဘာမှ မသိဘူး။ဘာပဲဖြစ်ဖြစ် ကျွန်မရဲ့ရပ်တည်မှုကို ပြောပြပြီးပြီ။ကျွန်မ ကွာရှင်းပြီးတော့ အေးချမ်းပျော်ရွှင်တဲ့ဘဝနဲ့ပဲ နေချင်တယ်!"
ဆိုဗက်စ်စတာ၏အမူအရာမှာ ထူးခြားစွာ ပြောင်းလဲသွား၏။
"အခုရော မင်း အေးအေးချမ်းချမ်း ဘဝနဲ့ မနေရလို့လား။"
"တကယ်မှ မဟုတ်ပဲ၊ အခုထိ ဖြစ်ပျက်ခဲ့ပြီးသားကိစ္စတွေ အများကြီး ရှိနေခဲ့ပြီ။"
"ဘာတွေများ ဖြစ်ပျက်ခဲ့လို့လဲ။"
သူက တကယ်ပင် ဘာတစ်ခုမှ မသိသည့်အတိုင်း ပြောလာခဲ့သည်။ကျွန််မ ဆွံ့အသွားရပြီး အနည်းငယ် စိတ်တိုနေသော လေသံဖြင့် ပြန်ပြောလိုက်မိသည်။
"ကျွန်မက နိုင်ငံရေးကြိုးဝိုင်းစင်မြင့်ထဲမှာ ပိတ်မိနေပြီးသား။ကျွန်မ ဒီလိုကိစ္စတွေကို မုန်းတယ်။ဘာတစ်ခုမှ မသိရဘဲနဲ့ ရှင်သန်ချင်ရုံလေးပဲ။"
"တွေးကြည့်မှပဲ မင်းက နိုင်ငံရေးနဲ့ပတ်သက်ပြီး တော်ပါတယ်။"
"ဒီလိုလုပ်နိုင်ဖို့ ကျွန်မရဲ့ခွန်အားတွေ အကုန်လုံးကို ညှစ်ထုတ်ထားရတာ။ခက်ခဲလွန်းတယ်။"
ကျွန်မ၏စကားများကြောင့် ဆိုဗက်စ်စတာက ကျွန်မကို ကြည့်လာသည်။
"ဒီတော့ ..."
သူက ဖြည်းဖြည်းချင်း ဆက်ပြောသည်။
"မင်းသာ ငြိမ်းချမ်းနေမယ်ဆိုရင် ကွာရှင်းမယ်ဆိုတဲ့ အတွေးကို လက်လျှော့လိုက်မယ်လို့ ဆိုလိုတာပေါ့။"
"ရှင်က ဒီလိုမျိုး တွေးမိတာလား။"
"အင်း၊ကိုယ် အဲ့လို တွေးမိတယ်။"
ကျွန်မတော့ ထိုသို့ မတွေးမိပါ။
ထိုသို့ ပြောလိုက်ချင်သော်လည်း ဆိုဗက်စ်စတာ၏မျက်နှာထားမှာ အလွန်ကြောက်စရာကောင်းနေသဖြင့် ကျွန်မ မပြောနိုင်ခဲ့ပေ။
"ပထမဆုံး ကိုယ် သဘောပေါက်ပြီ။"
ကျွန်မ သူ့မျက်လုံးများကို ဖြည်းညှင်းစွာ ကြည့်လိုက်မိသည်။
"ရှင် ကျွန်မကို ကွာရှင်းမှာလား။"
"ကိုယ် သဘောပေါက်ပြီလို့ ဘယ်နှစ်ကြိမ် ပြောနေရဦးမှာလဲ။"
"ရှင် ဘာကို စိတ်တိုနေတာလဲ။ကျွန်မလဲ သိဖို့လိုတယ်လေ။"
ဟွန့်
ကျွန်မ နှာမှုတ်လိုက်ပြီး ခေါင်းကို တစ်ဖက် လှည့်ပစ်လိုက်သည်။ထိုအခါ ဆိုဗက်စ်စတာက ရယ်မောလေသည်။
"မင်းက ဒီလိုမျိုး ထူးဆန်းတဲ့သူပဲ။"
ကျွန်မ ပြောမဲ့ဟာကို ရှင်က ဘာလို့ ပြောနေရတာလဲ။
ကျွန်မ ဆွံ့အသွားရပြီး ပါးစပ်အဟောင်းသား ဖြစ်သွားရတော့သည်။
*
ရထားလုံး ရပ်တန့်သွားချိန်တွင် ဆိုဗက်စ်စတာက အရင်ဆုံး ဆင်းလိုက်သည်။
ထို့နောက် သူက အိုဖီလီယာဆီသို့ လက်ကမ်းပေးလိုက်သည်။သဘာဝကျစွာဖြင့် သူမက သူ့လက်ကို ဆွဲလိုက်သည်။
အိုဖီလီယာ၏လက်များက အလွန်နူးညံ့သည်ဟု ဆိုဗက်စ်စတာတွေးလိုက်မိသည်။ထို့အပြင် အလွန်လှပသည်။
သေစမ်း
ဒါက သူ တစ်ချိန်လုံး တွေးနေတာ ဒါအကုန်ပဲလား။
ဆိုဗက်စ်စတာက ခေါင်းကို တစ်ဖက်လှည့်၍ စုတ်တစ်ချက် သပ်လိုက်သည်။
ကွာရှင်းတာလေ၊ရှင် ဒီလို လုပ်မှာမလား။
ရှင် ကျွန်မကို ကွာရှင်းမှာလား။
သူ့စကားကို သူမ ယုံကြည်လာအောင် အကြိမ်ဘယ်လောက်များများ ဖြေပေးရမည်နည်း။
ဆိုဗက်စ်စတာ နှုတ်ခမ်းကို တင်းတင်းကိုက်ထားမိသည်။
သူ အိုဖီလီယာကို ကွာရှင်းရန် စဥ်းစားနေခဲ့သည်။
မဟုတ်ဘူး၊သူတို့ ကွာရှင်းရမယ်။
TK Team
++++++++