Chapter 59
Viewers 9k

>ဇာတ်လိုက်လား? ငါ သူ့ကို မလိုချင်ဘူး > အခန်း ၅၉


အချိန်ခဏအကြာတွင် ရထားသည် ၎င်း၏ ဦးတည်ရာသို့ ရောက်ရှိလာခဲ့သည်။ သူတို့သည် လူစည်ကားသော လမ်းအလယ်တွင် ရှိနေကြပြီး ပတ်ဝန်းကျင်မှာ အနည်းငယ် ဆူညံနေသည်။

"ကိုယ့် လက်ကိုတွဲလိုက်"

လူနာသည် အန်းသန့်စ်၏လက်ကိုတွဲကာ ရထားပေါ်မှဆင်းလာခဲ့သည်။ သူမတို့သည် လူ့စွမ်းအားအရင်းအမြစ်ရုံးခန်းထဲသို့ ဝင်သွားခဲ့သည်။

ထို့နောက် မြေပြင်ပေါ်တွင် ဝပ်ကာ တောင်းဆိုနေသော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။

"ဘယ်အလုပ်ပဲလုပ်ရလုပ်ရ! လစာက ပျမ်းမျှထက် ပိုနေသရွေ့အဆင်ပြေပါတယ်။ ကျေးဇူးပြုပြီး ကျွန်မကိုအသုံးပြုပေးပါ!"

"မရဘူး။သူတို့က အသုံးမပြုဘူးလို့ ပြောခဲ့တယ်လေ! သူတို့က ဒီလစာနဲ့ အမျိုးသမီးတွေကို အလုပ်ခန့်မှာမဟုတ်ဘူး!"

"ကျေး...ကျေးဇူးပြုပြီး! ကျွန်မ ကိုယ်စား စကားလေးတစ်ခွန်းလောက် ပြောပေးရင် အသုံးဝင်လောက်မှာပါ။ ကျွန်မအမေ နေမကောင်းဘူး။ကျွန်မ သူ့ဆေး တွေအတွက် တကယ် ပိုက်ဆံလိုနေလို့ပါ!"

"ငါ ဘယ်နှစ်ခါပြောရမှာလဲ! အဲ့ဒါက အလုပ်မဖြစ်ဘူး!"

ရုံးဝန်ထမ်းသည် ထိုအမျိုးသမီးကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေပုံရသဖြင့် လူနာသည် အာရုံစိုက်မှုရရှိရန် လည်ချောင်းကို ရှင်းလင်းလိုက်သည်။

"အဟမ်း။ ကြည့်ရတာ အလုပ်ရှုပ်နေတဲ့ပုံပဲ။ ကျွန်မက အစေခံတွေ ရှာဖို့လာခဲ့တာပါ"

"အိုး ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော် မင်းကိုချက်ချင်းကူညီပါ့မယ်။ မင်း! ထွက်သွားစမ်း!"

ထိုသူက အမျိုးသမီးကို မောင်းထုတ်ရန် ကြိုးစားလိုက်သည်နှင့် သူမသည် လူနာ၏ ဂါဝန်စကို ရုတ်တရက် ဆုပ်ကိုင်လာခဲ့သည်။

"သခင်မလေး! အစေခံတွေရှာနေတာဆိုရင် ကျေးဇူးပြုပြီး ကျွန်မကို ခေါ်သွားပေးပါ။ ကျွန်မက သန်မာပါတယ်။ ထင်းကို ကောင်းကောင်းခုတ်နိုင်ပါတယ်။ နွားတင်းကုပ်တွေကိုလည်း သန့်ရှင်းရေးလုပ်နိုင်ပါတယ်"

သူမ၏ သန်မာပါတယ်ဟူသော ပြောဆိုချက်က မမှားသည်မှာ ထင်ရှားသည်။ အဘယ်ကြောင့်ဆိုသော် ဝန်ထမ်းက သူမကို မည်မျှပင် ခက်ခက်ခဲခဲ အဝေးကိုဆွဲခွာနေပါစေ သူမကို ဆွဲထုတ်နိုင်ခြင်းမရှိပေ။

လူနာ၏ ဂါဝန်ကို ဖြဲဆုတ်လုနီးပါး ဆုပ်ကိုင်ထားပြီး နောက်ဆုံးတွင် အန်းသန့်စ်သည် လူနာအား အမျိုးသမီးထံမှ ဆွဲထုတ်နိုင်ခဲ့သည်။

"ကိုယ်တို့ဘာလုပ်ကြမလဲ။သူမကို ဒီတိုင်းထားမှာလား"

လူနာသည် ထိုအမျိုးသမီး၏ စိတ်ပျက်အားငယ်နေသော မျက်လုံးများကို ခဏတာငေးကြည့်ရင်း ခေါင်းငုံ့လိုက်သည်။

"ဟင့်အင်း သူမက သန်မာတယ်၊ ထင်းကို ကောင်းကောင်းခုတ်နိုင်တယ်၊ နွားတင်းကုပ်တွေကိုလည်း သန့်ရှင်းရေးလုပ်နိုင်တယ်တဲ့။ ဒါကြောင့် အနည်းဆုံးတော့ ကျွန်မတို့ သူမကို ခေါ်ထုတ်သင့်တယ်။ဘာပဲဖြစ်ဖြစ် ကျွန်မတို့ ဒီကို အစေခံတွေ ရှာဖို့ လာတာပဲမလား"

ဒါ အကြောင်းပြချက် သက်သက်သာဖြစ်သော်လည်း လူနာသည် ဖျားနာနေသောမိခင်၏ဆေးအတွက် ပိုက်ဆံလိုအပ်နေသော ထိုအမျိုးသမီး၏တောင်းဆိုမှုကို ဒီတိုင်းလျစ်လျူမရှုနိုင်ပေ။

"တကယ်တော့ ကျွန်မတို့က မြင်းလှည်းထိန်းကို ရှာနေတာ။နင် ရထားမောင်းတတ်လား"

"… ရထားလား။ကျွန်မ... အရင်က မမောင်းဖူးပေမယ့် မြန်မြန် သင်ယူနိုင်တယ်!"

သူမသည် အန်းသန့်စ်ကို အတည်ပြုသလိုမျိုး ကြည့်လာတာကြောင့် အန်းသန့်စ်လည်း သူမဘာလို့ ဒီလို ပြုမူနေတာလဲဟူသော စကားများ ပျောက်ဆုံးသွားရကာ ပခုံးသာတွန့်ပြလိုက်တော့သည်။

"ကောင်းပြီ။ အလုပ်ဆိုတာက သင်ယူလို့ရတယ်။ ကျွန်မ လိုအပ်တဲ့အရာကရိုးရှင်းတယ်။ ဒုက္ခမဖြစ်စေရဘူး။ လူတိုင်းနဲ့ ပေါင်းသင်းဆက်ဆံနိုင်ရမယ်။ပြီးတော့ ကျွန်မအပေါ် လျှို့ဝှက်ချက်တွေ မထားနဲ့။ အဲ့ဒါကိုလုပ်နိုင်ရင် ကျွန်မကို ချက်ချင်းအလုပ်ခန့်မယ်"

"…!"

ဒီလို ရိုးရှင်းသော အခြေအနေတောင်းဆိုချက်များဖြင့် ချက်ချင်း အလုပ်ခန့်ရန် ကမ်းလှမ်းလာတာကြောင့် အမျိုးသမီး၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

လွန်ခဲ့သည့်အခိုက်အတန့်ကအထိ သူမကို မောင်းထုတ်ရန် ကြိုးစားနေခဲ့သော ဝန်ထမ်းက မည်သို့ပင်ဆိုစေကာမူ သူမကို အကြံပြုထောက်ခံဟန် အသံပြုလာခဲ့သည်။

"ကျွန်တော် သူမကို အကြံပြုပါတယ်။ခင်ဗျားတို့က ရွေးချယ်မှုကောင်းတစ်ခု လုပ်ခဲ့ကြတာပဲ!"

"…"

ပူနေတုန်း သံပူထိုးရသည်။ ဒါမှသာ မြို့တော်မှာ သူတို့၏ လုပ်ငန်းကို ဆက်လက်လုပ်နိုင်မှာဖြစ်သည်။

လူနာက အလွယ်တကူလက်ခံပြီး အခြားအစေခံများအတွက် အကြံပြုချက်များကို တောင်းခံခဲ့လိုက်သည်။

"ကျွန်မတို့ စုစုပေါင်း ဆယ့်ငါးယောက် လိုချင်ပါတယ်။ကျေးဇူးပြုပြီး စာရိတ္တကောင်းတဲ့သူတွေကိုသာ အကြံပြုပေးပါ။ သဘောထားတစ်ခုကွဲလွဲတာနဲ့ ကရုဏာမရှိ ပယ်ချမှာပါ။ ကျွန်မအိမ်မှာ အင်တာဗျူးလုပ်ပါမယ်"

"နားလည်ပါပြီ! စိတ်မပူပါနဲ့၊ ဒီလိုလူတွေတော်တော်များများ ကျွန်တော်သိပါတယ်။ ဒါနဲ့ ခန့်မှန်းလစာလေးကရော ဘယ်လိုရှိလဲဗျ…"

"ရွှေ ၅ စ"

ပုံမှန် ပျမ်းမျှလစာ၏ နှစ်ဆဖြစ်နေသော လစာကြောင့် ခေတ္တမျှ တိတ်ဆိတ်သွားခဲ့သည်။

"အဲဒါက ကျွန်မ သူတို့ကို ကြိုးကြိုးစားစား အလုပ်လုပ်ခိုင်းမှာမို့လို့ပါ။ ပြင်ဆင်ထားလိုက်ပါ။ ကျွန်မက ကြောက်စရာကောင်းတဲ့ သခင်နော်။ အစေခံတွေရဲ့ အရိုးတွေကို ဖောက်ထုတ်ပစ်မှာ။အရင်က အစေခံဆယ်ယောက်ကျော်လောက် ငိုယိုပြီး ထွက်ပြေးသွားတယ်။ အလုပ်မလုပ်နိုင်ရင် ကျွန်မလည်း ကရုဏာပြမှာမဟုတ်ဘူး"

သူမ၏စကားများကြောင့် အန်းသန့်စ်သည် လူနာ၏ ခြိမ်းခြောက်နိုင်စွမ်း မရှိသော မျက်နှာကိုကြည့်ကာ ကျိတ်ရယ်လိုက်သော်လည်း ထိုအမျိုးသမီးက လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။

* * *

လူ့စွမ်းအားအရင်းအမြစ်ရုံးသို့ လာပြီးသောနေ့မှစကာ လူတော်တော်များများသည် မြင့်မားသောလစာကြောင့် လူတွေ့စစ်ဆေးရန် တန်းစီနေခဲ့ကြသည်။

ထို့အပြင် အရည်အချင်းထက် စာရိတ္တကို အလေးထားသည်ဆိုသောအချက် လူအများကို ဆွဲဆောင်နိုင်ခဲ့သည်။

ထို့အပြင် မြို့တော်တွင် အရွယ်ရောက်ခြင်းအခမ်းအနားကျင်းပပြီးနောက် ကောလာဟလအသစ်များ ထွက်ပေါ်လာခဲ့သည်။ လူနာ၏ လူသိများသောအတိတ်သည် မယုံကြည်နိုင်စရာ နားလည်မှုလွဲမှားတာများသာဖြစ်ကြောင်း ကောလဟာလများထွက်ပေါ်ခဲ့သည်။

ကောလာဟလများသည် အလွန်လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး အရင်တစ်ခေါက်ကတရားစီရင်ရေးနှင့်မတူကာ ရပ်တန့်ရန် မဖြစ်နိုင်ပေ။

အဲ့ဒါကြောင့်ပဲ ဖယ်ဆန်သည် ဒေါသပိုထွက်ခဲ့သည်။

"သေစမ်း သေစမ်း! ဒီလို ကောလဟာလတွေက သောက်ကျိုးနည်း ဘယ်လိုဖြစ်ပြီးပျံ့သွားရတာလဲ"

ခွမ်း!

နံရံကိုကန်ထွက်ပြီး ကွဲအက်သွားသော အဆင်တန်ဆာကို စိုက်ကြည့်ရင်း အိမ်‌တော်ထိန်းသည် တိတ်တဆိတ်သက်ပြင်း ချလိုက်သည်။

လူနာပဲလ်ကို စွဲလမ်းမှု ရပ်သွားတာတော့ ကောင်းပေမယ့် ဖယ်ဆန်သည် တစ်နေ့ထက်တစ်ခြား မြို့စားကြီးထက်ပင် ပိုရက်စက်လာတာကြောင့် မကြောက်လန့်ရသော နေ့ရက်ဆိုတာ မရှိတော့ချေ။

"ကျွန်တော် တောင်းပန်ပါတယ်။ တရားစီရင်ရေး တက်ရောက်တဲ့သူတွေကို ကျွန်တော်တို့ နှုတ်ပိတ်ခဲ့ပေမယ့် ဘယ်ရွန်ပဲလ်ကိုယ်တိုင်ကိုက နေရာတိုင်းမှာ တွေ့သမျှလူကိုလိုက်ပြောနေခဲ့လို့ပါ"

ရှိပြီးသား အဖြစ်မှန်ကို ဖုံးကွယ်ဖို့က မလွယ်ကူပေ။ အထောက်အထားမရှိပါက အခြားကောလာဟလများလိုပဲ ဖျောက်ပစ်နိုင်သော်လည်း တရားရုံးတွင် စီရင်ချက်ချခံရပြီးကတည်းက ၎င်းကို ပိတ်ဆို့ရန် နည်းလမ်းမရှိတော့ပေ။

"ဒါဆိုရင်တောင်မှ လူနာပဲလ် ပါးစပ်ကို ရအောင်ပိတ်ထားသင့်တယ်!"

အိမ်တော်ထိန်းသည် မဖြစ်နိုင်သောတာဝန်ကို ပြောလာသော ဖယ်ဆန်အား တိတ်တဆိတ် ဦးညွှတ်ပြလိုက်သည်။မိမိကိုယ်မိမိ ညှင်းဆဲပြီး စည်းကပ်တင်းကျပ်သူများကို နှိုးဆော်မိခြင်းကြောင့် အသက်ရှုကြပ်လာရသည်။

သခင်လေးဖယ်ဆန်သာ ဘယ်ရွန်မြို့စားကို မဖမ်းချုပ်ခဲ့ဘူးဆိုရင် - မဟုတ်ဘူး၊ သူသာ ဝန်ခံစာကို မပို့ခဲ့ဘူးဆိုရင် ဒီလိုဖြစ်လာစရာအကြောင်းမရှိဘူး။ 

ဒါပေမယ့် သူ အဲ့သလို မပြောနိုင်တာကြောင့် အိမ်တော်ထိန်းသည် ဖယ်ဆန်၏ ဒေါသများကို တိတ်တဆိတ် သည်းခံခဲ့သည်။ ၎င်းသည် မကြာသေးမီကစ ထပ်တလဲလဲ ဖြစ်ခဲ့သောအရာ ဖြစ်တာကြောင့် အံ့သြစရာတော့မဟုတ်ပေ။

ထို့အပြင် အချိန်အနည်းငယ်စောင့်ဆိုင်းပါက တစ်စုံတစ်ယောက်သည် ဖယ်ဆန် ၏ပါးစပ်ကို ပိတ်ဖို့ပေါ်လာတော့မည်ဖြစ်သည်။သူ၏ အမျက်ဒေါသကို နူးညံ့သောနှလုံးသားဖြင့် တစိုက်မတ်မတ် ခံယူမည့်တစ်စုံတစ်ယောက်ဖြစ်သည်။

"သခင်လေး ဖယ်ဆန်!"

ထင်ထားသည့်အတိုင်း သိပ်မကြာခင်မှာပင် ဆိုင်ယာသည် ဖယ်ဆန်၏ရုံးခန်းသို့ ရောက်လာခဲ့သည်။ သူမသည် ခါတိုင်းလိုပဲ လှပတောက်ပြောင်စွာ ဆင်ယင်ပြင်ဆင်ထားပြီး ဒေါသကြီးနေသော ဖယ်ဆန်ကို ဖက်တွယ်လာခဲ့သည်။

" လေဒီ ဆိုင်ယာ "

ထိုနောက် ဖယ်ဆန်၏ဒေါသက တစ်ထစ်ချ ငြိမ်သက်သွားခဲ့သည်။ လူနာကဲ့သို့ သူမအား စွဲလမ်းမှုမရှိသော်လည်း ဆိုင်ယာသည် ဖယ်ဆန်၏နှလုံးသားကို ဖမ်းစားနိုင်ခဲ့သည်။

ထိုကျေးဇူးကြောင့် ဖယ်ဆန်သည် ငြိမ်သက်သွားပြီး အိမ်တော်ထိန်းလည်း သူတို့ကို နှုတ်ဆက်ကာ ရုံးခန်းထဲမှ ထွက်လာခဲ့သည်။

သူတို့နှစ်ကိုယ်တည်းရှိသည်နှင့် ဆိုင်ယာက ဖယ်ဆန်၏ပါးကို ညင်သာစွာ နမ်းလိုက်သည်။ မကြာသေးမီက သူ၏ ဒေါသကြောင့် အနည်းငယ် ပူနေခဲ့သည်။

"အလုပ် အဆင်ပြေရဲ့လား"

"အင်း..ကိုယ် အန်းတဲရိစ့်မားချက်ဂိုဏ်းက စီးပွားရေးလုပ်ဖော်ကိုင်ဖက်အချို့ကို မကြာခင် လွှဲပြောင်းယူနိုင်တော့မယ့်ပုံပဲ"

ဖယ်ဆန်က သူဖြေရှင်းခဲ့သော စာရွက်စာတမ်းတချို့အား သူမကို ပြလိုက်သည်။

"ဒါတွေအားလုံးအတွက် မင်းကိုကျေးဇူးတင်ရတယ် ကိုယ့်လေဒီ။ မင်းနဲ့ရင်းနှီးတဲ့ မားကွစ်မိသားစုကို မင်း ဆက်သွယ်ခဲ့တယ်မလား"

"အဲဒါက ဘာမှ မများပါဘူးရယ်။ သခင်လေးဖယ်ဆန်ရဲ့ အခြေအနေတွေကို ကောင်းကောင်းကိုင်တွယ်နိုင်တဲ့ကျေးဇူးကေညာင့်သာ အောင်မြင်တဲ့ သဘောတူညီချက်တစ်ခုလုပ်နိုင်တာ"

"ဒါဆိုတောင်မှ မင်း မကူညီခဲ့ရင် ကိုယ့်အတွက် တော်တော်ခက်လိမ့်မှာ"

သူမ၏ အကူအညီက အသိအမှတ်ပြုခံရတာကြောင့် ဆိုင်ယာ၏ မျက်လုံးများက တလက်လက်တောက်ပနေခဲ့သည်။ အခြေအနေက အရင်ကထက် ပိုအန္တရာယ်များသော်လည်း သူက သူမတစ်ယောက်ထဲကိုကြည့်နေတာကို မြင်ရတာနဲ့တင် ကျေနပ်မိသည်။

"ကျွန်မ ဒီထက့်ပိုပြီးကူညီပါ့မယ်။ လိုရင်ပြောသာပြောလိုက်နော်"

ဖယ်ဆန်က သူမအနားမှာရှိနေပြီး သူမကိုဒီလိုပဲကြည့်နေမယ်ဆိုရင် သူမဘာမဆိုလုပ်မှာဖြစ်သည်။ ထို့နောက် သူမက သူ့နဖူးကို ဖျတ်ခနဲနမ်းပြီး ပြုံးလိုက်သည်။

"ဒါဆို ဒီအချိန်အတွင်း ကြုံခဲ့ရတဲ့ အပေးအယူတွေအားလုံးကို ကိုယ်တို့ဆီ ပြန်လိုချင်တယ်။ ကိုယ်တို့ အများကြီး ချို့တဲ့နေသေးတယ်။ ကိုယ် အန်းတဲရိစ်မားချက်ဂိုဏ်းကို တတ်နိုင်သမျှ အထီးကျန်စေချင်တယ်"

သူ့အရင်က နူးညံ့သိမ်မွေ့မှုများ ပျောက်ကွယ်သွားခဲ့ပြီး အခုချိန်မှာတော့ ကြောက်စရာကောင်းသော အပြုံးတစ်ခုသာ ရှိနေခဲ့သော်လည်း အဆင်ပြေပါသည်။ ဆိုင်ယာအတွက်မူ ဖယ်ဆန် သူမအနားမှာ ရှိနေတာနဲ့တငါ လုံလောက်ပေသည်။

"ရှင့်အတွက် ကျွန်လုပ်ပေးမယ်"

* * *

ရက်အနည်းငယ်အတွင်း လူနာသည် အင်တာဗျူးများကို ချောချောမွေ့မွေ့ပြုလုပ်ခဲ့ပြီး သူမနှစ်သက်သောသူကို အလုပ်ခန့်ခဲ့သည်။

"ဘယ်လိုလဲ။သူတို့ကို ကျေနပ်ကြရဲ့လား"

လူနာ၏မေးမြန်းမှုကို တုံ့ပြန်သည့်အနေဖြင့် အမ်မာသည် ကျေနပ်သောမျက်နှာပြုကာ ဖြေကြားလာခဲ့သည်။

"ဟုတ်ကဲ့။ သူတို့က အဆင်ပြေမယ့်ပုံပဲ"

"လော်ရာရော"

"ကျွန်မရောပဲ။ သူတို့က ကြင်နာပြီး ကြည့်ကောင်းကြတယ်။ သူတို့ရဲ့ အတွေ့အကြုံက တော်တော်လေးကောင်းတယ်။သူတို့က သေချာပေါက် ကျွန်မတို့ ကူညီပေးနိုင်လိမ့်မယ်"

အမ်မာ နှင့် လော်ရာတို့ကလည်း သူတို့၏ ထင်မြင်ချက်များကို ပေးခဲ့ကြသည်။ ဆယ်နှစ်ယောက်မြောက် အင်တာဗျူးအောင်သော သူ၏အမည်ကို ချရေးပြီး လူနာသည် အင်တာဗျူးသူများကို ထပ်မံပေးပို့ရန် မလိုအပ်ကြောင်း ပြောသော စာတစ်စောင်ကို ရေးသားခဲ့လိုက်သည်။

မူလက သူတို့သည် ဆယ့်ငါးဦးကို ငှားရမ်းရန် စီစဉ်ခဲ့သော်လည်း ယခင်က အလုပ်ထုတ်ခံခဲ့ရသော အစေခံများနှင့် စာချုပ်ဖျက်သိမ်းခြင်းဆိုင်ရာ ဆက်သွယ်ပြောဆိုမှုများ ပြုလုပ်ပြီးနောက်တွင် သူတို့ထဲမှ သုံးဦးကို ပြန်လည်ခန့်အပ်ခဲ့သည်။

ဒါပေါ့ သူတို့မှာ ကောင်းမွန်သော စွမ်းဆောင်ရည်တွေရှိနေတာကြောင့်တော့ မဟုတ်ပေ။သူတို့လည်း အမ်မာကဲ့သို့ပင် အနိုင်ကျင့်ခံခဲ့ရပြီး အလွန်ကြောက်လန့်ကာ ဘာမှ မပြောနိုင်ခဲ့သောကြောင့် သူတို့ကို အနည်းနှင့်အများ ပြန်လည်လက်ခံခဲ့ခြင်း ဖြစ်သည်။

ကံကောင်းစွာဖြင့် သူတို့ထဲ၌ တစ်ယောက်သည် လူနာ၏စိတ်ကို ဖြေလျှော့ပေးနိုင်အောင် ဥယျာဉ်မှူးတစ်ဦးပါနေခဲ့သည်။

"ဒါကို လူ့စွမ်းအားအရင်းအမြစ်ရုံးကို ပို့ပေးပါ"

"ဟုတ်ကဲ့ပါ သခင်မလေး"

အစေခံသည် စာကိုယူ၍ ရုံးခန်းမှ ထွက်သွားခဲ့သည်။ လူနာသည် ပျော့ပျောင်းသော ဆိုဖာပေါ်တွင် လှဲလျောင်းလိုက်ပြီး ငြိမ်သက်ခြင်းကို သာယာစွာ ခံစားလိုက်သည်။ အလွန်ကျေနပ်စရာကောင်းသော နေ့တစ်နေ့ဖြစ်ခဲ့သည်။

ကောက်ကျစ်စဉ်းခဲသော အိမ်တော်ထိန်း နှင့် အစေခံများကို ကိုင်တွယ်ပြီးနောက်တွင် အမ်မ်ာ နှင့် လော်ရာတို့သည် အပြုံးများကို ပြန်လည်ရရှိခဲ့ကြသည်။ လူကောင်းများနှင့် တွေ့ဆုံကာ နားလည်မှုလွဲမှားခြင်းများကို ရှင်းလင်းပြောဆိုမှုများက ပျံ့နှံ့သွားပြီးနောက် အိမ်ကြီးမှာပဲ ကပ်တွယ်နေတော့မည်ဟု ထင်ရသော အန်းသန့်စ်သည်လည်း မြင်းငှားပြီးနောက် စံအိမ်ကြီးမှ ထွက်ခွာသွားခဲ့သည်။

ဒီ့ထက်ပိုပြီး ဘယ်ဟာမှ ပျော်စရာမကောင်းနိုင်ဘူး။

'ခါတိုင်းလိုပဲ စစ်ဆေးစရာ စာရွက်စာတမ်းတွေ အများကြီးရှိသေးတယ်... ဒါပေမယ့်လည်း ဒါက အေးချမ်းပြီး ပျော်စရာကောင်းနိုင်တယ်မလား'

သူမသည် မူရင်းဇာတ်လမ်းတွင် မုန်းတီးခံရသော ဇာတ်ကောင်ဖြစ်သည်။

ညံ့ဖျင်းသောအားဖြင့် ဖယ်ဆန်ကို တိုက်ခိုက်ခဲ့သော အန်းသန့်စ်ကမှ ဖုန်မှုန့်လောက် သေးငယ်သည့် စာနာမှုအနည်းငယ်ကို ရရှိခဲ့သေးသည်။ သို့သော် လူနာကတော့ မတူပေ။ အချစ်ဝတ္ထုများ၌ ဇာတ်လိုက်စုံတွဲ၏အချစ်ကို ဝင်ရောက်စွက်ဖက်ရန်ကြိုးစားသော ဇာတ်ပို့ဇာတ်ကောင်သည် တကယ့်ဗီလိန်ထက် ပိုပြီးမုန်းတီးခံရသည်။

အဲဒါကြောင့် သူမဇာတ်ရုပ်က ကြီးကြီးမားမားမဟုတ်ခဲ့သော်လည်း အဆုံးအထိ မုန်းတီးစရာကောင်းခံရသည် ဒဏ္ဍာရီတောင်တွင်စရာကောင်းလှသည်။

စာရေးသူကတောင်မှ လူနာကိုမုန်းတီးနေပုံရသည်။သူမအတွက် ကိစ္စတစ်ခုပြီးချိန် 'အာ? အခုအဆင်ပြေသွားပြီလား' လို့တွေးလိုက်ချိန်တိုင်း အကျပ်အတည်းနောက်တစ်ခုက ချက်ချင်းရောက်လာခဲ့သည်။

'အခုကလည်း အတိအကျကိုအဲ့အချိန်ပဲ'

"သခင်မလေး!"

ကံဆိုးမှုနှင့် အကျပ်အတည်းကာလနှင့်အတူ အော်ဟစ်သံတစ်ခုက ပဲ့တင်ထပ်လာခဲ့သည်။

"သခင်မလေး! စာတစ်စောင်ရောက်လာပါတယ်"

"…!"

ထိုကဲ့သို့ အဓိပ္ပါယ်မဲ့သော အတွေးများနှင့်အတူ လော်ရာ၏ တံခါး ခေါက်လာသံကို ကြားလိုက်ရပြီး စာရောက်လာကြောင်းကြားလိုက်သည်။ အလဟသ စိတ်ကူးယဉ်နေသော လူနာသည် သူမ၏ အံ့အားသင့်နေသော နှလုံးသားကို တွန်းထုတ်လိုက်ပြီး စာပေးလာပို့သူက်ု မေးလိုက်သည်။

"ဝင်လာခဲ့ပါ။ ဘယ်သူက ပို့လိုက်တာလဲ"

"လေဒီရို့စ်မယ်ရီက ပို့လိုက်တာ သခင်မလေး"

ရို့စ်မယ်ရီထံမှ စာဖြစ်ပါက အန္တရာယ်ရှိနိုင်ချေ သုညသာဖြစ်သည်။ လူနာ သိသောသူတွေထဲ သူမသည် အန္တရာယ်အကင်းဆုံးနှင့် အကူအညီအပေးနိုင်ဆုံးသူဖြစ်သည်။

လူနာသည် စိတ်သက်သာရာရစွာဖြင့် စာကိုဆုတ်ဖြဲကာ အကြောင်းအရာကို ဖြည်းညှင်းစွာဖတ်လိုက်သည်။ သူမ ဘယ်လိုနေလဲ။ အိမ်ကြီးကို လာလည်ရင်ရော အဆင်ပြေလားမေးထားပြီး စာက ထိုသို့စလာခဲ့သည်။

"သူမ အမြဲလာနေတာပဲကို... ဘာလို့ စာနဲ့ ခွင့်ပြုချက်တောင်းနေတာပါလိမ့်"

ရို့စ်မယ်ရီသည် သူမ မကြိုက်ရင်တောင် မှလာမှာဖြစ်သည်။ ဒါပေမယ့် ဒါက သူမကို မကြိုက်ဘူးလို့ မဆိုပေ။ သူမသည် ရို့စ်မယ်ရီ၏ လည်ပတ်မှုကို အမြဲကြိုဆိုပေသည်။ သူမက လူနာ၏ တစ်ဦးတည်းသော သူငယ်ချင်းသာဖြစ်သည်။

ထို့နောက် လော်ရာက အပြုံးကြီးကြီးဖြင့် မေးလာခဲ့သည်။

"သခင်မလေးရို့စ်မယ်ရီက လာလည်နေတာတဲ့လား"

တုန့်ပြန်သည့်အနေနှင် လူနာသည် စာကို ဆက်ဖတ်ကာ ပြန်ဖြေလိုက်သည်။

"ဟုတ်တယ်။ သူမက သူမမိဘတွေနဲ့ပါအတူ လာချင်နေတယ်။ ဒါကြောင့် ခွင့်ပြုချက်တောင်းတာတဲ့..."

"...သူမမိဘတွေရောလား"

"…?"

သူမ ခဏလောက် အေးခဲသွားခဲ့သည်။

ခဏနေပါဦး ဘာဖြစ်တယ်...သူမ‌မိဘတွေ ဟုတ်လား!

TK Team