Chapter 41
ယခုနှစ်တွင် မဲ့တုန်၏ ဖုန်းမှာ အထူးတလည် လှုပ်ရှားသက်ဝင်နေခဲ့သည်။
ကျောင်းသားဟောင်း ပြန်လည်တွေ့ဆုံပွဲ တက်ရောက်ပြီးနောက် အထက်တန်းကျောင်း အတန်းဖော်များ၏ group chat ကို အအေးနန်းဆောင်ထဲမှ သူ ထုတ်လိုက်တော့သည်။ယခုတွင် ထို group မှ စာ တစ်စောင်ပြီး တစ်စောင် ဝင်လာချိန်တိုင်း မဲ့တုန်၏ဖုန်းက အသံထွက်နေတော့သည်။ညသန်းခေါင် ရောက်ခါနီးသည်နှင့်အမျှ group ထဲတွင် စာအိတ်နီများ ကြဲခြင်းက ရပ်တန့်သည် မရှိတော့ပေ။မဲ့တုန်က တက်တက်ကြွကြွဖြင့် လိုက်ကောက်သည့်အပြင် သူတို့ကိုလည်း ပြန်ကြဲချပေးသည်။ အဆုံးသတ်တွင် သူ့ account ကို စစ်ဆေးလိုက်ရာ ယွမ် ၂၀၀ ရောက်သည်အထိ လျော့နည်းသွားသည်ကို တွေ့လိုက်ရသည်။
အမှန်တကယ်တွင် မဲ့တုန်သည် ငွေကြေးအပေါ် သိပ်အာရုံ မရှိတတ်ပေ။သို့သော် ဒီအကြိမ်တွင် ထိုငွေများက ယန်ရှုမင် သူ့ WeChat wallet ထဲကို နေ့လည်က လွှဲပေးထားသည် ဖြစ်ရာ အနည်းငယ် နှမြောတွန့်တို သွားတော့သည်။
အဆောင် group chat တစ်ခုလုံးကလည်း ဆူညံပြီး ယောက်ယက်ခတ်နေခဲ့သည်။
ဒုတိယမျိုးဆက် သူဌေးသားဖြစ်သူ ဝူကျီမော့သည် နှစ်သစ်ကူး မုန့်ဖိုး အများအပြားရရှိခဲ့သည်။သူက ယွမ်၂၀၀ စီပါသည့် စာအိတ်နီနှစ်အိတ်ကို group ထဲတွင် ရက်ရက်ရောရော ပို့လိုက်ပြီး သူ့မုန့်ဖိုးများကို သုံးစွဲလိုက်သည်။အဆောင် group chat တွင် လူလေးယောက်သာ ရှိပြီး၊မဲ့တုန်မှ လွဲ၍ ကျန်နှစ်ယောက်မှာ စကရင်တစ်ခုလုံးအပြည့် ဖြစ်သည်အထိ 'အဖေ'ဟု ခေါ်နေကြသည်။
မဲ့တုန်မှာ နည်းနည်း ကသိကအောက် ဖြစ်သွားသည်။ယောကျ်ားလေးတွေက အချင်းချင်း 'အဖေ' ဟု အပျော်သဘောဖြင့် ခေါ်ကြသည်မှာ သာမန်ပင်ဖြစ်သော်လည်း သူကတော့ ထို့သို့ မလုပ်တတ်ပေ။သူက ဝူကျီမော့၏ စာအိတ်ကို လက်ခံလိုက်ပြီး စာတစ်စောင် ပို့လိုက်သည်။
မဲ့ဇီ : " ငါ မင်းကို အဲ့ဒီလို မခေါ်ဘူး ဆိုရင် ... ငါ ပိုက်ဆံ ပြန်ပေးသင့်လား။"
ဝူကျီမော့ : "မင်း ငါ့ကို အဲ့လို မခေါ်ချင်ရင် 'ကော' လို့ ခေါ်လေ။"
မဲ့ဇီ : ">_<"
မဲ့ဇီ : "ငါ မင်းကို ပြန်ပေးမယ်။"
ဝူကျီမော့ : "ငါက မင်းကို စတာပါကွာ။စာအိတ်နီကို ပြန်ပေးရတယ်ဆိုတာ မရှိဘူး။"
မဲ့တုန် : "ငါလည်း တစ်အိတ်လောက် ပို့ချင်သားပဲ။ဒါပေမဲ့ မင်းတို့ကောင်တွေက ငါ့ကို အဲ့ဒီလိုကြီး ခေါ်မှာ ကြောက်လို့။"
တုချွမ် : "မင်းသဘောပဲလေ။မင်းသာ ပို့လိုက်၊ ငါတို့ ဘာတစ်လုံးမှ မပြောဘဲ ဒီတိုင်း လက်ခံလိုက်မယ်။ မစိုးရိမ်နေနဲ့။"
မဲ့တုန်က ယွမ် ၂၀၀ ပါသော စာအိတ်နီတစ်လုံး ပို့လိုက်သည်။သေချာပေါက်ပင်။groupထဲတွင် မည်သူကမှ စကားမပြောပေ။
မဲ့တုန် : "ခဏနေဦး၊ချက်ချင်းကြီး ဘာလို့ တိတ်ဆိတ်သွားကြတာလဲ။"
လျိုဟယ်ဝေ့ : "ငါတို့ စကားတစ်လုံးမှ မပြောဘဲ လက်ခံလိုက်မယ်လို့ သဘောတူထားတာ မဟုတ်ဘူးလား။"
တုချွမ် : "ငါ သဘောပေါက်ပြီ။ ယန်ကောက မင်းအတွက် အစမ်းတွဲကြည့်မဲ့ကာလဆိုပြီး လုပ်ခဲ့တာကို မအံ့ဩတော့ပါဘူး အာ။ မဲ့ဇီ ၊မင်းကို စနောက်ရတာ တကယ် ပျော်ဖို့ကောင်းတယ်။"
မဲ့တုန် : "..."
မဲ့တုန်တွင် အခြားသူများနှင့် ရောရောထွေးထွေး နေသည့် အတွေ့အကြုံက မရှိသလောက် နည်းပါးသည်။ယောကျ်ားလေးများ နောက်ပြောင် ဆော့ကစားနေကြချိန်တွင် ပုံမှန်အားဖြင့် ဘာအကန့်အသတ်မှ မရှိပေ။သူအနေဖြင့် လုံးလုံးလျားလျား ပါဝင်စနောက်ခြင်းမရှိသော်လည်း တစ်ပိုင်းတစ်စလေး ဝင်ဝင်ပြောရသည်ကပင် သူ့ကို ပျော်ရွှင်စေသည်။
ထိုသို့ စကားဝင်ပြောနေစဥ် မဲ့တုန်၏ နှုတ်ခမ်းထောင့်လေးများ အောက်ပြန်မကျတဲ့အထိ ကွေးတက်နေသည်ကို မြင်လျှင် ယန်ရှုမင်က သူ ဘာကြောင့် ပြုံးနေရသလဲဟု မေးမြန်းသည်။
မဲ့တုန်က သူတို့စကားပြောကြသည်ကို ယန်ရှုမင်ထံ အကျဥ်းချုပ်၍ ပြောပြလိုက်သည်။ယန်ရှုမင်က ကားစတီယာရင်ကို လက်ဖြင့် ထိန်း၍ ရှေ့က မီးနီကို စောင့်ဆိုင်းရင်း ထသွားထလာ မှတ်ချက်ဝင်ပေးလိုက်၏။
"အို့ ၊ယွမ် ၂၀၀ တန် စာအိတ်နီတစ်အိတ်ကြောင့် မင်းကို 'အဖေ' လို့ ခေါ်မဲ့လူ ရှိတယ်ပေါ့။ မဲ့တုန်၊ မင်း ကိုယ့်ဆီကနေ စာအိတ်နီ အကြီးကြီး ရထားတာပဲ။ ကိုယ့်ကို 'ကော' လို့ ခေါ်မယ်ဆိုရင် ဘယ်လိုလဲ။"
မဲ့တုန် မျက်လုံးပြူးသွားသည်။ယန်ရှုမင် ထိုသို့ စကားမျိုးကို ပြောမည်ဟု သူ လုံးဝမထင်ခဲ့ပေ။
"မရဘူး ၊ ကျွန်တော် သူတို့ကိုလည်း အဲ့လို မခေါ်ခဲ့ဘူးလေ ..."
ယန်ရှုမင်က အရှက်အကြောက် ကင်းမဲ့သော်လည်း တည်ကြည်နေသော ပုံစံဖြင့်
"အမ်း ၊ ကိုယ်က အဲ့ဒါလေးတစ်ခုပဲ ကြားချင်တာကို။ ယွမ် ၅၀၀၀ နဲ့ မလုံလောက်ဘူးပေါ့။ ဒါဆို မင်း ကြိုက်တဲ့ ပမာဏတစ်ခု ပြော။"
မဲ့တုန်၏ နားရွက်ဖျားများ နီရဲလာပြီး သူ့ဖုန်းကိုလည်း အသားကုန် ဖျစ်ညှစ်ထားမိသည်။သူက ဝူကျီမော့၏ စာအိတ်ကို ပြန်ပေးရန် ဆန္ဒရှိသော်လည်း ယန်ရှုမင် ငွေလွှဲထားသည်ကို ပြန်ပေးရန်တော့ အနည်းငယ် အင်တင်တင် ဖြစ်နေမိသည်။စိတ်ထဲတွင် ဟိုဘက် သည်ဘက် လွန်ဆွဲပြီးမှ သူက ခြင်တစ်ကောင်၏အသံ နီးနီး၊ တိုးဖွသော လေသံဖြင့် ခေါ်လိုက်သည်။
"... ဟမ် ဟမ်"
ယန်ရှုမင် သူ့ကို လှည့်ကြည့်လိုက်သည်။
"ဘာပြောတာ"
မဲ့တုန်က မတ်မတ်ထိုင်ပြီး ပြောလိုက်သည်။
"ကျွန်တော် ခေါ်ပြီးပြီ။"
ယန်ရှုမင် ခေါင်းငြိမ့်လိုက်သည်။
"တကယ်လား။ ဆောင်းရာသီရောက်နေပေမဲ့ ကားထဲမှာ ခြင်တွေ ရှိနေတုန်းပဲ။"
မဲ့တုန် ရှက်သွေးဖြာသွားတော့သည်။သူ့အတွက် 'ကောကော' ဟု နှစ်လုံးဆင့် ခေါ်ရသည်က ပိုခက်ခဲနေခဲ့သဖြင့် 'ယန်ကော' ဟု ခေါ်ရန်သာ သူ ရွေးချယ်လိုက်သည်။ဒီတစ်ကြိမ်တွင် သူ့အတွက် ခေါ်ရသည်က ပိုလွယ်ကူသွားပြီး၊ 'ယန်ကော'ဟု သဘာဝကျပြီး ကြည်လင်သော အသံဖြင့် သူ ခေါ်လိုက်သည်။
မီးပွိုင့်က နီရာမှ စိမ်းသွားသဖြင့် ယန်ရှုမင်က အလိုမကျ ဖြစ်သွားပြီး ပြန်ပြောလာသည်။
"အို့၊ ကိုယ် ငယ်ငယ်လေးနဲ့ တကယ့် ခေါင်းဆောင်တစ်ယောက်ဖြစ်နေခဲ့ပြီ ထင်တယ်။"
မဲ့တုန် လည်ချောင်းရှင်းလိုက်သည်။
"ခင်ဗျားကို ကျောင်းသားသမဂ္ဂမှာလည်း ဒီလိုပဲ ခေါ်ကြတာ မဟုတ်ဘူးလား။"
ယန်ရှုမင်က မေးသည်။
"မင်းက ကျောင်းသားသမဂ္ဂက လူလား။"
မဲ့တုန် ပြန်ဖြေလိုက်သည်။
"မဟုတ်ဘူး"
ယန်ရှုမင် ခေါင်းငြိမ့်လိုက်သည်။
"ဒါဆို မင်းက ကိုယ့်ကို ဘာကြောင့် သူတို့လို လိုက်ခေါ်ရတာလဲ။"
မဲ့တုန် : "အာ"
အဆိုပါ 'ကောကော' ဟု ခေါ်သံသည် ခရီးဆုံးရောက်သည်အထိ တစ်လမ်းလုံး ထွက်မလာခဲ့ချေ။ မဲ့တုန်မှာ အရမ်းရှက်နေသဖြင့် လမ်းတစ်လျှောက်လုံး အ ချင်ယောင် ဆောင်နေခဲ့သည်။
သူတို့နှစ်ယောက် မြို့ဆင်ခြေဖုံးအရပ်သို့ ရောက်လာခဲ့သည်။ယနေ့တွင် ထိုနေရာက ခြောက်ကပ်မနေဘဲ မီးပန်းဖောက်နေသည့် လူအနည်းငယ် ရှိနေသည်။ယန်ရှုမင်က မီးရှူးမီးပန်းများကို ကားနောက်ခန်းအပြည့် တင်လာခဲ့သည်။အရွယ်အစား ကြီးမားသောမီးရှူးမီးပန်းဘူးများနှင့် ကလေးများအတွက် ထူးထူးဆန်းဆန်း ပြုလုပ်ထားသည့် အသေးစားဆိုဒ်များ သာမက မီးပန်းလေးတွေပါ ယူလာခဲ့သည်။ကားနောက်ခန်းထဲရှိ ပစ္စည်းများ အားလုံးကုန်သည်အထိ ယူထုတ်ရန် ငါးမိနစ်ကြာခဲ့သည်။
မဲ့တုန်က လက်ထဲတွင် မီးပန်းလေးတစ်ခုကို ကိုင်ရင်း မေးလိုက်သည်။
"ခင်ဗျား ဒါကို ဘာလို့ ဝယ်လာတာလဲ အာ။ဒီလိုအရာမျိုး ရွေးချယ်တဲ့လူကို ကျွန်တော် မတွေ့ဖြစ်တာ နှစ်တွေအတော် ကြာပြီ။"
ယန်ရှုမင်က စောစောစီးစီး ကြိုတင်ပြင်ဆင်ထားသည့် လေတိုက်သည့်ဒဏ်ကို ခံနိုင်သည့် မီးခြစ်ကို ထုတ်ယူလိုက်ပြီး မဲ့တုန်၏ လက်ထဲက မီးပန်းလေးကို မီးညှိပေးလိုက်သည်။
"မင်း ဒါကို မကြိုက်ဘူးလား။"
မီးပန်းထိပ်ဖျားကို မီးညှိလိုက်သည်နှင့် တလက်လက်တောက်ပနေသော အဝါရောင် ကြယ်ကလေးများက မီးပန်းလေး၏ပတ်ပတ်လည်တွင် ထွက်ပေါ်လာခဲ့သည်။မဲ့တုန်၏ မျက်လုံးထဲတွင်လည်း မီးရောင်တဖျတ်ဖျတ်က ရောင်ပြန်ဟပ်နေ၏။သူက ပျော်ရွှင်စွာ ပြုံးလိုက်ပြီး လက်ထဲရှိ မီးပန်းလေးကို ဝှေ့ယမ်းလိုက်တော့သည်။
"ကြိုက်တာပေါ့။ ကျွန်တော် ကလေးအရွယ်တုန်းက ဒီမီးပန်းလေးတွေနဲ့ အမြဲဆော့နေကြပဲ။ အသက်ကြီးလာထဲက ကျွန်တော် မဆော့ဖြစ်တော့တာ တော်တော်ကြာခဲ့ပြီ။"
ယန်ရှုမင်က သူ့ကို ညင်သာစွာ မေးလိုက်သည်။
"မင်း ကြိုက်တယ်ဆိုပြီး ဘာဖြစ်လို့ နောက်ထပ် မဆော့ဖြစ်တော့တာလဲ။"
မဲ့တုန် ပြန်ဖြေလိုက်သည်။
"ကျွန်တော် ဒီလိုမျိုး တစ်ခါမှ မတွေးမိသလိုပဲ။ကျွန်တော်တို့ ကြီးပြင်းရင့်ကျက်လာတဲ့အခါမှာ တစ်ချို့အရာတွေကို နောက်မှ ချန်ထားခဲ့သင့်တယ်လို့ ခံစားရလို့ ဖြစ်မယ်။"
ယန်ရှုမင်က သူ့ကို နောက်ထပ် မီးပန်းတစ်ခု ကမ်းပေးသည်။သူ့အသံက နူးညံ့၍ နေသည်။
"မင်းအနေနဲ့ တစ်ချို့အရာတွေကို နောက်မှ ချန်ထားခဲ့စရာ မလိုသလို၊ကြီးပြင်းရင့်ကျက်လာဖို့လည်း မလိုပါဘူး၊ မဲ့တုန်။"
ညသန်းခေါင်ယံနှင့် ပို၍ နီးကပ်လာသည်နှင့်အမျှ မြို့ဆင်ခြေဖုံးအရပ်တွင် ပို၍ လူစည်ကားလာခဲ့သည်။
မီးရှူးမီးပန်း ဖောက်ရန် လာကြသော လူများက တစ်ယောက်ပြီး တစ်ယောက် အော်နေကြသလို မဲ့တုန်လည်း ခြွင်းချက်မဟုတ်ခဲ့ပေ။သူ့ဖုန်းကို စိတ်လှုပ်ရှားစွာဖြင့် ဆုပ်ကိုင်၍ တိကျသော အချိန်နာရီပြသမှုကို ဖွင့်လိုက်ပြီး 23:58:49 ဆိုသည့် ဂဏန်းများ ရေတွက်သည်ကို ကြည့်နေခဲ့သည်။သူ့ ခန္ဓာကိုယ် တစ်ခုလုံးတွင်လည်း ထူးဆန်းစွာဖြင့် မရိုးမရွ ခံစားနေရသည်။သူ့လည်ချောင်းက တင်းကြပ်နေသည့်တိုင် လေးထောင့်မြေကွက်လပ်၏ အလယ်တွင် ရှိသော ယန်ရှုမင်ထံသို့ မရ ရအောင် လှမ်းအော်လိုက်သေးသည်။
"တစ်မိနစ်ပဲ ကျန်တော့တယ်။ နောက်ဆုံး ဆယ်စက္ကန့်ပဲ ကျန်ရင် ကျွန်တော် လိုက်ရေတွက်ပေးမယ်။မီးစာကို မီးညှိပြီးတာနဲ့ ဖြစ်နိုင်သမျှ မြန်မြန်ပြေးလာဖို့ သတိထားနော်။"
မဲ့တုန်၏ လက်များတွင် ဖုန်း၂လုံး ကိုင်ထားခဲ့သည်။ယန်ရှုမင်၏ဖုန်းမှ အချိန်ရေတွက်သည်ကို ကြည့်ရင်း သူ့ဖုန်းကတော့ အခုကတည်းက မှတ်တမ်းတင်ဗီဒီယို ရိုက်ကူးနေခဲ့သည်။သူ့ကိုယ်သူ အသက်ပြင်းပြင်း ရှုခိုင်းလိုက်ရသည်။သူ ဘာဖြစ်လို့ ဒီလောက်အထိ စိတ်လှုပ်ရှားနေမှန်း မသိပေ။ဖုန်းမှ တစ်ဆင့် ယန်ရှုမင်က မီးပန်းများဘေးတွင် ဆောင့်ကြောင့်ထိုင်နေသည်ကို လှမ်းကြည့်ရင်း အချိန်တွေက တဖြည်းဖြည်း နှေးကွေးသွားသည်ဟု သူ ရုတ်တရက် ခံစားမိလိုက်သည်။
ဒါက ဘယ်အချိန်မှာ ဖြစ်လာခဲ့တာလဲ။
မနှစ်ကဆို သူနဲ့ ယန်ရှုမင်က လုံးဝမသိတဲ့ သူစိမ်းတွေ မဟုတ်လား။အို့ ၊မှန်တာပေါ့၊ မနှစ်ကလေ။
မနှစ်က ဒီအချိန် မဲ့တုန် ဘာလုပ်နေခဲ့လဲ။
*
မနှစ်က နှစ်သစ်ကူးအကြိုနေ့တွင် မဲ့တုန်တို့ မိသားစုသည် အကြီးဆုံးအဒေါ်တို့ မိသားစုနှင့်အတူ မီးပန်းများ ဖောက်ခဲ့ကြသည်။
မီးရှူးမီးပန်းများကို မီးညှိရသူက အကြီးဆုံးအစ်ကို ဖြစ်သည်။စီးကရက် သောက်နေရင်းဖြင့် သူ့အစ်ကိုကြီးသည် အချိန်ရေတွက်နေသည့်အချိန်တွင် သောက်လက်စ စီးကရက်ကို လက်ချောင်းများကြားတွင် ညှပ်၍၊ မီးပန်းများကို စီးကရက်မီးဖြင့် မီးညှိရန် စောင့်နေခဲ့သည်။သူ့လက်များက အေးစက်နီရဲနေပြီး ထိန်းမရအောင် တုန်ယင်နေခဲ့သည်။
ထိုစဥ်က မဲ့တုန်သည် အချိန်ရေတွက်ရန် တာဝန်ကျခဲ့သည်။သန်းခေါင်အချိန် ရောက်ရန် ၂မိနစ်သာ လိုတော့သည်။သူက ဖုန်းစကရင်ကို ငေးကြည့်ရင်း မမျှော်လင့်ဘဲ အာရုံပျံ့လွင့်သွားပြီး ယန်ရှုမင်အကြောင်း တွေးနေမိသည်။
ထိုအချိန်က ယန်ရှုမင်သည် ဒုတိယနှစ် တက်ရောက်နေခဲ့သည်။နောက်ဆုံးစာမေးပွဲ ဖြေနေချိန်တွင် မဲ့တုန်သည် ယန်ရှုမင်၏ စာမေးပွဲအချိန်ဇယားကို ရှာတွေ့ခဲ့သဖြင့် ယန်ရှုမင်က သူ့ထက် သုံးရက် နောက်ကျပြီးမှ စာမေးပွဲပြီးမည်ကို သူ သိခဲ့ရသည်။
ထို့ကြောင့် မဲ့တုန်သည် စာမေးပွဲဖြေပြီးသော်လည်း အဆောင်တွင် နောက်ထပ် သုံးရက် ဆက်နေပြီး ယန်ရှုမင်နှင့်အတူ အိမ်ပြန်ချင်ခဲ့သည်။ မှန်ပါသည်။ ထိုအချိန်က အိမ်အတူပြန်ခြင်းဆိုသည်က နှစ်ယောက်လုံး အိမ်ပြန်ကြသည့်နေ့က တစ်ရက်တည်း ဖြစ်ခြင်းကို ဆိုလိုသည်။သူက ယန်ရှုမင် ဘယ်ရထားလက်မှတ် ဝယ်ထားသည်ကို မသိပေ။ထို့ကြောင့် သဘာဝကျစွာနဲ့ ယန်ရှုမင်နှင့် အတူခရီးသွားနိုင်သည့် အခွင့်အရေး သူ့မှာ မရှိခဲ့ပေ။
မဲ့တုန်သည် ယန်ရှုမင်တို့ မိသားစု မီးရှူးမီးပန်းတွေ ဖောက်နေမလား၊ဒါမှမဟုတ် သူတို့အိမ်တွင် ထိုသို့ လုပ်တတ်သည့် ထုံးစံ ရှိ၊မရှိ သိချင်နေခဲ့သည်။ထိုအချိန်တွင် ယန်ရှုမင်က အိပ်ပျော်နေသည်လည်း ဖြစ်နိုင်သည်။
သူ နည်းနည်း နောင်တရတယ်။သူ၊အထက်တန်းကျောင်း ပထမနှစ်၊ဒုတိယနှစ်နဲ့ တက္ကသိုလ် ပထမနှစ်အထိ ၊သုံးနှစ်တိတိ ယန်ရှုမင်နဲ့ ကျောင်းနေဖက်တွေ ဖြစ်ခဲ့တာကို။ယန်ရှုမင်ကို WeChat မှာ add ဖို့ အခွင့်အရေး ဘယ်လောက်တောင် ရခဲ့လဲ။သူ့မှာ ယန်ရှုမင်ရဲ့ WeChat သာရှိခဲ့ရင် အနည်းဆုံးတော့ သူ့ဆီ 'ပျော်စရာနှစ်သစ်ကူးပါ' လို့ စာပို့လို့တော့ ရမှာပဲ။
"မဲ့ဇီ၊ မင်း အချိန်ရေတွက်တာကို ကြည့်နေရဲ့လား။ငါ စီးကရက်သောက်လို့ ကုန်တော့မယ် ၊အခုထိ ဘာလို့ မစသေးတာလဲ။"
သူ့အစ်ကိုကြီးက ရုတ်တရက် လှမ်းအော်သည်။
မဲ့တုန်သည် လက်ရှိကာလသို့ ပြန်ရောက်လာပြီး အချိန်ရေတွက်သည်ကို ကမန်းကတမ်း ကြည့်လိုက်သည်။ သူ အလန့်တကြား ဖြစ်နေပြီး စကားပင် ထစ်အနေခဲ့သည်။
"အား အား ၊ အစ်ကိုကြီး ၊ အစ်ကိုကြီး ၊ 4 ... 3... 2...1 "
*
23:59:29
မဲ့တုန်သည် သူ၏ စိတ်လှုပ်ရှားမှုကို ဘေးဖယ်ရန် သေချာ အားစိုက်ထုတ်ရင်း သူ့နှုတ်ခမ်းများက အလွန်ချစ်စရာကောင်းသော အပြုံးလေးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။ဘဝက သူ့ကို ချိုမြိန်သော အခိုက်အတန့်လေးများ ပေးခဲ့ပြီးသား ဖြစ်သည်။ဒီနှစ်တွင် သူက ယန်ရှုမင်နဲ့အတူ မီးပန်းဖောက်ခွင့် ရခဲ့ပြီဖြစ်သည်။ သူက လှမ်းအော်လိုက်သည်။
"တစ်မိနစ်တောင် မကျန်တော့ဘူး၊ ပြေးဖို့ အဆင်သင့် လုပ်ထားနော်။"
ယန်ရှုမင်က ခေါင်းလှည့်၍ "အိုကေ"ဟု ပြန်ပြောသည်ကို ဗီဒီယို ရိုက်ကူးနေသည်မှ တစ်ဆင့် မြင်နေရသည်။ မဲ့တုန်က ပြုံးလိုက်ပြီး ယန်ရှုမင်ကို ကြည့်နေရင်း မျက်စိထောင့်ဘက်ကနေ အချိန်ရေတွက်သည်ကို မနည်းကြည့်နေရသည်။ ထိုအခိုက်အတန့်တွင် သူ့နှလုံးသားက အရိုင်းဆန်စွာ ခုန်ပေါက်နေပြီး စည်းချက်ကလည်း စက္ကန့်များ တဖြတ်ဖြတ် ပြောင်းလဲနေသည်နှင့် အတူတူဖြစ်နေသဖြင့် ပရမ်းပတာတွေ ဖြစ်နေ၏။ မဲ့တုန် အသက်ဝဝ ရှူလိုက်သည်။
"ယန်ရှုမင်"
"တစ်ဆယ်"
"ကိုး"
"ကျွန်တော် နည်းနည်း စိတ်လှုပ်ရှားနေလို့။ခင် ... ခင်ဗျား ပြေးလာဖို့ သတိရနော်၊ အိုကေလား။ သေချာ ဂရုစိုက်နော်။"
"ငါး"
"အား အား အား အား ၊ သုံး"
"နှစ်"
"တစ်"
"ပျော်ရွှင်စရာ နှစ်သစ်ကူးပါ ယန်ရှုမင်။"
မီးရှုးမီးပန်း အရောင်စုံက ညကောင်းကင်တွင် လှပစွာ ပေါက်ကွဲသွားသည်။သို့သော် မဲ့တုန်၏ ဖုန်းက မီးပန်းများ တက်သွားသည့်အတူ လိုက်ပြီး ရိုက်ကူးမနေခဲပေ။သူ့၏ ကိုယ်ပိုင် စိတ်ဆန္ဒရှိရာကို စူးစိုက်ရိုက်ကူးနေမိသည်။သူက မီးပန်းများကို မရေမတွက်နိုင်အောင် မြင်ဖူးပြီးသားဖြစ်သည်။သို့သော် သူ့ဆီ ဦးတည်၍ တရွေ့ရွေ့နီးကပ်လာသော ယန်ရှုမင်ကို မြင်တွေ့ရခြင်းမှာ အတော်လေးရှားပါးသည့် မြင်ကွင်းဖြစ်သည်။ယန်ရှုမင်က ကင်မရာနဲ့ ပိုနီးကပ်လာသဖြင့် ထိုသူ၏ ချုပ်တည်းထားသည့် ရယ်သံတစ်ခုကိုပါ အသံဖမ်းထားပြီးသား ဖြစ်သွားသည်။ယန်ရှုမင်က ဖုန်းကို လက်လှမ်းလိုက်ပြီး ကင်မရာ၏ တည်နေရာကို သူ့ဘာသာ ချိန်ညှိလိုက်ရင်း ပြောလိုက်သည်။
"မင်း ဗီဒီယို ရိုက်တဲ့နေရာက မှားနေတယ်။"
ထို့နောက် နာခံစွာဖြင့် မဲ့တုန်က ကောင်းကင်ရှိ မီးရှူးမီးပန်းများဆီသို့ ကင်မရာကို ချိန်ထားပြီး ညကောင်းကင်၏ အနက်ရောင် ကင်းဗတ််စ ပေါ်တွင် အရောင်အသွေးစုံစွာ ပေါက်ကွဲနေသော မီးပန်းများကို ရိုက်ကူးနေခဲ့သည်။
"ပျော်စရာ နှစ်သစ်ပါ"
မဲ့တုန် ထိုစကားကို တိုးတိုးလေး ပြောလိုက်သည်။
ထိုစကားလုံးများ ထွက်ကျလာသည်နှင့် အနောက်မှ လက်တစ်ဖက်က မဲ့တုန်၏ခေါင်းကို ဆွဲလှည့်လိုက်ပြီး သူ မသိလိုက်ခင်ပဲ အနမ်းခံလိုက်ရပါ၏။သူ့လက်များက မငြိမ်မသက်ဖြစ်သွားသဖြင့် ရိုက်ကူးနေသော ဖုန်းကင်မရာကလည်း ဦးတည်ချက်မှ အတော်လေး ရွဲ့စောင်းသွားတော့သည်။
"ပျော်ရွှင်စရာ နှစ်သစ်ကူးပါ၊ ကိုယ့်ရည်းစားလေး။"
တစ်စုံတစ်ယောက်က သူ့နားသို့ ကပ်ရင်း ပြောလာခဲ့ပါသည်။
TK Team
++++++++