Chapter 42
Viewers 4k

Chapter 42 ဇာတ်သိမ်းပိုင်း




၂၀၂၄၊ ဖေဖော်ဝါရီ ၉ရက် ၊ နေသာတယ် 



အခုက မနက် ၂နာရီခွဲ နေပြီ။အစကတော့ ငါ ဒီနေ့အတွက် ဒိုင်ယာရီမရေးတော့ဘူး လုပ်ထားတာ။ဘာကြောင့်လဲဆိုတော့ မနက်ဖြန်ကျရင် အမျိုးတွေဆီကို နှစ်သစ်ကူးဂါရဝပြု သွားဖို့ စောစောထရမှာကြောင့်ပဲ။ငါ စောစောအိပ်ချင်တယ်။ဒါပေမဲ့ အိပ်ရာပေါ်မှာ ဆယ်မိနစ်လောက် ဟိုလှိမ့် ဒီလှိမ့် လုပ်ပြီးမှ ငါ အိပ်မပျော်ဘူးဆိုတာ သိလိုက်ရတယ်။ဒါကြောင့် ငါ ပြန်ထပြီး ဒိုင်ယာရီရေးဖို့ ဆုံးဖြတ်လိုက်ရတယ်။





ငါ့ရဲ့ဖောင်တိန်ကို ကောက်ကိုင်လိုက်ရင်ပဲ ငါ့ခံစားချက်တွေကို ဖော်ပြဖို့ ဘယ်လိုစကားလုံးတွေ သုံးရမလဲဆိုတာ မသိတော့ပြန်ဘူး။





ပျော်ရွှင်တယ်၊ စိတ်လှုပ်ရှားတယ် ၊ကြည်နူးတယ် ၊လှပတယ် ၊အရောင်အသွေးစုံတယ် ... မီးပန်းလေးတွေကို ကြိုက်တယ်၊မီးရှူးမီးပန်းတွေကို သဘောကျတယ်။မနက်စောစော လမ်းတွေပေါ်မှာ မရေမတွက်နိုင်အောင် ထပ်တလဲလဲ ကြားနေရတဲ့ "ပျော်စရာ နှစ်သစ်ပါ"ဆိုတဲ့ နှုတ်ဆက်စကားကို သဘောကျတယ်။ငါက ပွဲအခမ်းအနားတွေ ဆင်နွှဲရတာကို အရမ်းကြိုက်တတ်တဲ့ လူမျိုး မဟုတ်ဘူး။ဒီမတိုင်ခင်က အားလပ်ရက်တွေမှာ ကျင်းပတဲ့ ပွဲအခမ်းအနားတွေမှာ သိပ်ပါဝင်လေ့ရှိတယ်။အိမ်မှာရှိတုန်းက ငါ့မိဘတွေက ငါ့အတွက် မွေးနေ့ပွဲ လုပ်ပေးတယ်။နောက်ပိုင်း ကောလိပ်တက်ချိန်ကျတော့ မွေးနေ့အတွက် စာအိတ်နီတွေ လှမ်းပို့ပေးတယ်။





ဒါပေမဲ့ အခုတော့ ငါ အားလပ်ရက်တိုင်းကို မျှော်နေတတ်ပြီ။





ဒီနှစ် ခရစ်စမတ်က အရမ်းပျော်ခဲ့ရသလို နှစ်သစ်ကူးမှာလည်း အများကြီး ပျော်ခဲ့ရတယ်။အခုတော့ အမှတ်တရတွေအားလုံးအတွက် အချိန်အတိအကျနဲ့ သဲလွန်စလေးတွေ ရှင်းရှင်းလင်းလင်း ချန်ထားနိုင်ခဲ့ပြီ။ငါ့အတွက် ဒိုင်ယာရီ ပြန်ကြည့်ဖို့ မလိုတော့ဘဲ တွေးလိုက်တာနဲ့ တစ်ခါတည်း အရာအားလုံးကို ပြန်မှတ်မိနိုင်ပြီ။အဲ့ဒီခံစားချက်က တစ်မျိုးပဲ။





အခုမတိုင်မီက ဘဝကြီးက အနိမ့်အမြင့် မရှိတဲ့ အရာတစ်ခု ဖြစ်ပြီး ဒီကမ္ဘာကြီးမှာ ရှိတဲ့ လူတိုင်းကလည်း အတက်အကျမရှိတဲ့ သတ္တဝါတွေပဲလို့ ငါ ထင်ထားခဲ့တယ်။ဒီစာကြောင်းကို ငါ ဘယ်လို ရှင်းပြရမလဲ မသိဘူး။နေက အရှေ့က ထွက်ပြီး အနောက်ကို ဝင်သလိုမျိုး၊ ကျောင်းသားတိုင်းက နေ့စဥ် ကျောင်းကို အချိန်မီသွား၊အိမ်မှာ လုပ်ဖို့ အိမ်စာတွေ ပြန်ယူလာ၊အိမ်စာလုပ်ပြီးရင် အိပ်သလိုမျိုး၊လူကြီးတွေက နေ့တိုင်း ကုမ္ပဏီသွားပြီး အလုပ်လုပ်၊ပြီးရင် အိမ်ပြန်လာပြီး ချက်ပြုတ်၊အိမ်အလုပ်လုပ်သလိုမျိုးပဲ။





အခု ဒီစာပိုဒ်ကို ငါ မရေးခင်အထိ ငါ့မှာ ဗြောင်ကျတဲ့ အဆိုးမြင်ဝါဒတစ်ခု ရှိတာ ငါ လုံးဝ မသိခဲ့မိဘူး။ဒါပေမဲ့ အခုတော့ အရာအားလုံးက ပြောင်းလဲသွားပြီ။ ဘဝဆိုတာ မထင်မှတ်မှုတွေ၊ မျှော်လင့်စောင့်စားမှုတွေ ပြည့်နှက်နေတဲ့ ဝင်္ကပါတစ်ခုပဲ။တစ်ခါတစ်လေ ငါ လမ်းဆုံးရောက်သွားရင်တောင်မှ ပြန်လှည့်ပြီး အပြင်ရောက်ဖို့ နောက်လမ်းတစ်ခုကို ဆက်သွားလို့ရသေးတယ်။ဝင်္ကပါခရီးရဲ့ အဆုံးသတ်မှာတော့ ငါသိတဲ့ တစ်စုံတစ်ယောက်က စောင့်နေပေးလိမ့်မယ်။





ငါက ဒိုင်ယာရီထဲမှာ သူ့နာမည်ကို ထည့်ရေးလေ့မရှိဘူး။အရင်တုန်းကတော့ ငါ့ခံစားချက်တွေကို ဖုံးကွယ်ထားချင်လို့ပဲ။အခုကျတော့ သူ ဒိုင်ယာရီကို ဖတ်တဲ့အခါ ငါ ရှက်နေမိမှာ ကြောက်လို့ပဲ။





ဒီနေ့ကတော့ မတူဘူး။ဒီနေ့က နှစ်သစ်ကူးနေ့လေ။





ဒီနေ့က မဲ့တုန်နဲ့ ယန်ရှုမင်တို့ အတွက် အခန်းကဏ္ဍသစ်တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့တဲ့ ၂၀၂၄ ခုနှစ်ရဲ့ နေ့သစ်တစ်နေ့ပဲ။








၂၀၂၄၊ ဖေဖော်ဝါရီ ၉ရက် ၊ နေသာတယ်





ဖွင့်ဟဝန်ခံခြင်း ဗျူရိုဌာန : အမှန်တော့ ကိုယ့်မှာ ဒီည တစ်ညလုံး မင်းကို အိမ်ပြန်မလွှတ်ဘူးဆိုတဲ့ အကြံအစည်တစ်ခု ရှိခဲ့တယ်။ဒါပေမဲ့ ကိုယ် ဒီလို မလုပ်ဖြစ်ခဲ့ပါဘူး။မီးပန်းလေးကို ဝှေ့ယမ်းပြီး ကစားနေတဲ့ မင်းရဲ့ပုံစံလေးက ကလေးတစ်ယောက်နဲ့ တူလွန်းတယ်လေ။ ဒါကို ဖတ်ရင်း ရှက်သွေးဖြာမနေနဲ့။ပြီးတော့ ကိုယ့်ကို ရင်ထဲကနေ တိတ်တိတ်လေး ကျိန်ဆဲ မနေနဲ့ဦး။ကိုယ်က မင်းရှေ့မှာ အမြဲလိုလို လူကြီးလူကောင်း တစ်ယောက်လို ပြုမူနေခဲ့တယ်။ဒါပေမဲ့ မင်းသိထားရမှာကာ အဲ့ဒါတွေအကုန်လုံးက ကိုယ် သရုပ်ဆောင်နေတာ ဆိုတာပဲ။





ကိုယ့်ရည်းစားလေးရေ ၊ပျော်စရာ နှစ်သစ်ပါ။





ကိုယ် တစ်နေ့လုံး မီးရှူးမီးပန်းတွေကို နေရာတော်တော်များများမှာ လိုက်ရှာဝယ်ခဲ့ရတယ်။လွန်ခဲ့တဲ့ နှစ်တွေက မီးရှူးမီးပန်းတွေကို ပိတ်ပင်လိုက်တော့ ပစ္စည်းကောင်းတွေ ရှာဖို့က အခု လုံးဝမလွယ်ခဲ့ဘူး။မီးရှူးမီးပန်း အမျိုးမျိုးကို တစ်စုတစ်စည်းထဲ ဝယ်ဖို့ ကြိုးစားတာက လွယ်ကူတဲ့အလုပ်တော့ မဟုတ်ဘူး။ဒါကြောင့် ဒီအကြောင်းအရာတွေကို ကိုယ် သေသေချာချာ ရေးသားဖော်ပြရမယ်။ကိုယ် အများကြီး အလုပ်ကြိုးစားခဲ့တယ်။ဒါကြောင့် ကိုယ်က နစ်နာကြေး ကောင်းကောင်းရဖို့ ထိုက်တန်ပါတယ်။မင်း ကိုယ့်ကို 'ကောကော' လို့ တစ်ခါခေါ်ဖို့ အကြွေးတင်နေသေးတယ်။နောက်တစ်ကြိမ် အဆင်ပြေရင် ကိုယ်က မဲ့တုန် အဲ့ဒီအကြွေး ပြန်ဆပ်တာကို လိုချင်တယ်။





ဒါက ဖွင့်ဟဝန်ခံခြင်း ဗျူရိုဌာန ဆိုတော့ ဒီနှစ်တစ်နှစ်လုံး အပြည့်အဝ ရိုးသားကြရအောင်။





မင်းက ကိုယ့်ကို အကြိမ်များစွာ မတော်တဆ မေး မေးနေခဲ့တယ်။ကိုယ်က မင်းကို ဘယ်အချိန်မှာ စကြိုက်ခဲ့တာလဲ တဲ့။အရိုးသားဆုံးပြောရရင် ကိုယ် ပြန်ဖြေမလို့ စဥ်းစားနေတုန်း မင်းက စကားလမ်းကြောင်း လွှဲပစ်တတ်တယ်။မင်း ဒါကို အရမ်းနားထောင်ချင်နေတယ် ဆိုတာ ကိုယ် သိပါတယ်။ဒါပေမဲ့ မင်းက များများစားစား ဂရုမထားပါဘူး။မင်းက ဖြစ်လာတဲ့ရလဒ်ကိုပဲ ဂရုထားတတ်လို့ မင်းကို ချော့ရတာ အရမ်းလွယ်ကူတာပဲ။





ကိုယ်က အခြားဘယ်သူကိုမှ တစ်ကြိမ်လေးတောင် မကြိုက်ခဲ့ဖူးဘူး။အထက်တန်းကျောင်းမှာလည်း ငယ်ငယ်လေးနဲ့ ရည်းစားထားဖို့ ကိုယ်မတွေးဖူးသလို၊ ကောလိပ်ရောက်တော့လည်း ကိုယ်နဲ့သင့်တော်မဲ့လူကို မတွေ့ခဲ့ဘူး။ဒါကြောင့် ကိုယ်က တစ်စုံတစ်ယောက်ကို ကြိုက်တယ်ဆိုတဲ့အကြောင်းကို အဓိပ္ပါယ်မဖွင့်တတ်ခဲ့ဘူး။ကိုးကားဖို့အတွက် မင်းရဲ့ ဒိုင်ယာရီထဲမှာ ကိုယ် ရှာကြည့်ခဲ့တယ်။မင်းက အထက်တန်း ဒုတိယနှစ် အားကစားပွဲတော် ကျင်းပတဲ့နေ့မှာ ကိုယ့်ကို စပြီး ကြိုက်ခဲ့တယ်လို့ ယုံကြည်ထားတယ်။မင်းရဲ့ ကြိုက်တယ်ဆိုတာကို အဓိပ္ပါယ်ဖွင့်သလိုမျိုး ကိုယ် လိုက်စဥ်းစားကြည့်ရင်တော့ ဖြစ်နိုင်တာက မင်း နန်ကျင်းတက္ကသိုလ်ကို တက်ဖို့ လာခဲ့တယ်ဆိုတာ ကိုယ် သိသွားတဲ့နေ့မှာပဲ မင်းကို စကြိုက်မိသွားတာ ဖြစ်ရမယ်။





ကိုယ်နဲ့ ကိုယ့်အမေက 'ကံကြမ္မာ' ဆိုတဲ့ အကြောင်းအရာတစ်ခုကို ဆွေးနွေးခဲ့ဖူးတယ်။ကိုယ်က အရမ်းအသက်ငယ်ပြီး တွဲကြတဲ့ဆက်ဆံရေးတစ်ခုကို အချိန်မတန်သေးဘဲ ကံကြမ္မာပါတယ်လို့ တံဆိပ်မကပ်သင့်ဘူးလို့ သူမက တွေးနေတာလေ။ကိုယ်တို့က ကံကြမ္မာပါတယ်လို့ တစ်ခါမှ မတွေးဖူးဘူးဆိုပြီး သူမကို ပြောပြခဲ့တယ်။ကိုယ် လိမ်ပြောလိုက်တာကို ဝန်ခံတယ်။မင်း နန်ကျင်းတက္ကသိုလ်ကို တက်ဖို့ လာခဲ့တယ်ဆိုတာ ကိုယ်သိသွားချိန်မှာ ကိုယ်တို့က ကံကြမ္မာက ဆုံတွေ့ဖို့ ဖန်တီးပေးနေတယ်ဆိုပြီး ကိုယ် အံ့ဩမိခဲ့တယ်။ဒါပေမဲ့ ကိုယ် မင်းရဲ့ ဒိုင်ယာရီကို ဖတ်လိုက်မှပဲ ကိုယ်တို့ကိုဆုံတွေ့ဖို့ ဖန်တီးပေးတာက ကံကြမ္မာမဟုတ်ပဲ မင်းဘက်က ကြိုးစားအားထုတ်ပေးခဲ့တာ ဆိုပြီး ကိုယ် နားလည်သွားခဲ့တယ်။





ကိုယ့်ရည်းစားလေး၊မင်းဘက်က နှစ်ပေါင်းများစွာ ကြိုးစားခဲ့ပြီပါပြီ။ဒီနေရာကစပြီး ကိုယ့်ကိုသာ တာဝန်လွှဲပြောင်းပေးလိုက်တော့။





ပျော်စရာ နှစ်သစ်ပါ။ဒီနှစ်က ကိုယ်တို့ ချစ်သူတွေအဖြစ်နဲ့ ပထမဆုံး တရားဝင် ဖြတ်သန်းရတဲ့ နှစ်တစ်နှစ်ပဲ။





ဖြည်းဖြည်းချင်း အေးအေးဆေးဆေးသွားပြီး မျှော်လင့်ချက်တွေ မြင့်မြင့်ထားရအောင်။ အခုက စပြီး နှစ်တိုင်း နှစ်တိုင်း အတူရှိကြမယ်။





ကိုယ် မင်းကို ချစ်တယ်။ 



The End



TK Team

++++++++

စာရေးသူ၏ မှတ်စု 

အဆုံးသတ်သွားပါပြီ။ ရိုးရှင်းပြီး ချိုမြိန်တဲ့ ဇာတ်လမ်းငယ်လေးပါ။ ငါနဲ့အတူ လိုက်ပါပေးခဲ့လို့ အားလုံးကို ကျေးဇူးတင်ပါတယ်။